ကွနု်ပ်နှင့် တက္ကသိုလ်ဝင်ခွင့် 🖊 နီကိုရဲ
ကျွန်ုပ်နှင့် တက္ကသိုလ်၀င်ခွင့်
•••••••••••••••••••••••••••••
နီကိုရဲ
အခုအချိန်ကတော့ ကျွန်တော့်အတွက် အဲဒီတုန်းက စကားနဲ့ပြောရရင် ပတ်၀န်းကျင်မှာရော အိမ်နီးနားချင်းတွေအတွက်ရော ဟော့ရှော့ဖြစ်နေတဲ့အချိန်ပါ။
ဖြစ်ဆို ကျွန်တော်က ၁၀ တန်းအောင်ထားတဲ့ ကောင်ကိုး။
ကျွန်တော်တို့ခေတ်တုန်းက ၁၀ တန်းအောင်ဖို့ ဆိုတာ လူ့ပြည်က ဒုတိယအပ်တစ်စင်းနဲ့ ဗြဟ္မာပြည်က ဒုတိယအပ်တစ်စင်း ထိတွေ့ခြင်းပါ။ အဲဒီလောက်အထိကို ခက်ခဲပါတယ်။ ကျွန်တော်တို့ ပတ်၀န်းကျင်နဲ့ အမျိုးတွေထဲမှာ ကျွန်တော်တစ်ယောက်ပဲ အောင်ပါတယ်။ ကျွန်တော်တို့
ရပ်ကွက်အတွင်းပိုင်းက ခင်ဌေး၀င်း အောင် တယ်။ ဒါပဲ။
ခင်ဌေး၀င်းကတော့ ၁၀ တန်းအောင်တဲ့အတွက်ဆိုပြီး အုန်းနို့ခေါက်ဆွဲတွေ ဘာတွေကျေွးတယ်။ သူ့သူငယ်ချင်းတွေထဲက အောင်တဲ့သူတွေလာတယ်။ အိမ်နီးနားချင်းထဲက ၁၀ တန်းကျောင်းသားမရှိတဲ့ အိမ်တွေကလာတယ်။ ခင်ဌေး၀င်းခမျာ အဲဒီနေ့က ကံဆိုးချင်တော့ အုန်းနို့ခေါက်ဆွဲ ကျေွးတဲ့နေ့မှာ လာတဲ့လူတွေကို အပြေးအလွှား ဧည့်ခံရင်းက သုံးထစ်ပဲရှိတဲ့ သူ့အိမ် ရှေ့လှေကားနဲ့ ဒေါက်ဖိနပ်ငြိပြီး မှောက်လျက်ချော်လဲလို့ နဖူးကွဲသွားတယ်။ ကျွန်တော်လည်း အောင်တဲ့လူချင်းဆိုတော့ ရောက်သွားတယ်။ သူနဲ့ ကျွန်တော်က တစ်ကျောင်းတည်း မဟုတ်ပေမယ့် တစ်နှစ်တည်းအောင်တာ မဟုတ်လား။ သူက အထက (၁) သင်္ဃန်းကျွန်းကပါ။
သမီးကလေး တစ်ယောက်တည်းမို့ ဖူးဖူးမှုတ်ပြီး မိဘတွေက နေရာတကာ အကဲပိုလွန်းတာရယ် ၁၀ တန်းအောင်တာကို ကြွားလုံး အရမ်းထုတ်ပြီး အုန်းနို့ခေါက်ဆွဲကျေွးတာတွေရယ်ကို အမြင်ကတ်နေကြတဲ့ ပတ်၀န်းကျင်က ၁၀ တန်းကျတဲ့ ကျောင်းသားတွေက ဒီလို စာချိုးကြပါတယ်။
ကြွားလုံးဆင်တဲ့
အုန်းနို.ခေါက်ဆွဲ
ပဲများများနဲ.
အသားနည်းနည်း
လှေကားရင်း
ဖိနပ်ချိတ်လဲ
ခင်ဌေးဝင်း
ငယ်ထိပ်ကွဲ
ဟဲဟဲဟဲ….ဟဲဟဲဟဲ။
အဲဒီစာချိုးကို ညဘက်ခင်ဌေး၀င်းအိမ်ရှေ့မှာ သွားအော်ကြလို့ ခင်ဌေး၀င်းမိဘတွေက သူတို့ကို အရှက်တကွဲ အကျိုးနည်းဖြစ်အောင် လုပ်ပါတယ်ဆိုပြီး ရပ်ကွက်ကောင်စီနဲ့ ရဲစခန်းကိုတိုင်လို့ တော်တော်ကြီးကို ပြဿနာ ရှုပ်ထွေးသွားကြပါသေးတယ်။ အော်တဲ့ ကောင်တွေ ၃ နာရီလောက် အချုပ်ခံလိုက်ရတယ်။
အဲဒီပြဿနာကြောင့်လားတော့ မသိဘူး။ ၁၀ တန်းအောင်တဲ့ သူတွေဟာ
ကျွန်တော်တို့ရပ်ကွက်ထဲမှာ လူအမြင်ကတ်စရာ ဖြစ်သွားတယ်။ တစ်ရပ်ကွက်လုံးမှာကလည်း သူနဲ့ကျွန်တော် နှစ်ယောက် တည်းဆိုတော့ ကျွန်တော်က ကြားကအချောင်ခံရပါတယ်။ လူတွေက ကျွန်တော့်ကိုတွေ့ရင် ''မင်းရော အုန်းနို့ခေါက်ဆွဲ မကျေွးဘူးလားကွ'' လို့ ခပ်လှောင်လှောင်မျက်နှာမျိုးနဲ့ မေးကြပါတယ်။ ကျွန်တော်လည်း ဘာမှပြန်မပြောပါဘူး။ ''၁၀ တန်းအောင်တာလေးများဗျာ ဘာလုပ်ရမှာလဲ အလကားဗျာ ဒါမျိုးတွေ ကျွန်တော် ဝါသနာမပါဘူး'' စသဖြင့် ခပ်ဖော့ဖော့ပဲ ဖြေရတယ်။
ဒီ့အရင်နှစ်တွေကဆို ၁၀ တန်းအောင်တဲ့ကောင်ဆိုတာ ရင်ကော့ခေါင်းမော့နဲ့ နေရတာပါ။ ၁၀ တန်းကျတဲ့ ကောင်ကသာ မျက်နှာငယ်ကလေးနဲ့နေရတာ ကျွန်တော်အသိပဲ။ ကျွန်တော်လည်း ခံစားခဲ့ဖူးတာကိုး။ ဟော... ကျွန်တော်အောင်တဲ့ နှစ်လည်းကျရော ၁၀ တန်းအောင်တာကပဲ ရှက်စရာကောင်းသလိုလို ဘာလိုလိုနဲ့။ ၁၀ တန်းကျတဲ့ လူတွေဘက် အားသာနေပြန်ရော..။
ပတ်၀န်းကျင်က ၁၀ တန်း ကျောင်းသားအပေါင်းအသင်းတွေက ကျွန်တော် လက်ဖက်ရည်ဆိုင်ထိုင်ရင် ခပ်ထေ့ထေ့ပြုံးတဲ့ ကောင်က ပြုံးကြတယ်။ တချို့ကလည်း
"၁၀ တန်း အောင်တဲ့ကျောင်းသားကွနော်၊ ကောင်းကောင်းဖျော်ပေး ဘာမှတ်လဲ'' လို့ အသံနဲ့ ရိသဲ့သဲ့ ပြောကြတယ်။ တကယ်ဆို ခင်ဌေး၀င်းနဲ့ ကျွန်တော် ဘာဆိုင် လို့လဲဗျာ။ လူတွေဟာ တော်တော်စဉ်းစားရကျပ်တဲ့ သတ္တဝါမျိုးဆိုတာ ကျွန်တော်စပြီး သတိထားမိလာတယ်။
ကျွန်တော့်မှာ ၁၀ တန်းအောင်လို့ ရင်ကော့ချင်စိတ်ကလေး မရှိဘူးလို့ ကျွန်တော်ပြောတာမဟုတ်ပါဘူး။ ပုထုဇဉ်ပဲဗျာ။ တစ်နှစ် လုံးအပင်ပန်းခံထားရတဲ့ အောင်မြင်မှုကိုတော့ အရသာခံချင်တာပေါ့။ ဒါပေမဲ့ ခင်ဌေး၀င်းလို ပတ်၀န်းကျင်က အမြင်ကတ်လောက်အောင် ကြွားဝါတာမျိုး၊ ၀ကလေးရှိရုံနဲ့ တစ်၀ိတည်း ၀ိနေတာမျိုး မဟုတ်တာ တော့ အမှန်ပါပဲ။
"ဒီနှစ် ကျွန်တော် ၁၀ တန်းအောင်တယ်ဗျာ''
အဲဒီလောက်ပဲ ပြောချင်တာပါ။ ကျွန်တော်ကျတဲ့ နှစ်တုန်းကလို ''ကြိုးစားကွာ။ မိဘတွေလည်း သနားဦး၊ ၁၀ တန်းတော့ အောင်ထားမှကွ၊ နို့မို့ဆို လူတောထဲမှာ မင်း အမြဲအောက်ကျနေမှာ...'' စသည်ဖြင့် စကားတွေကိုပြောဖို့ စိတ်ကူးမရှိတာအမှန်ပါပဲ။ ဒါပေမယ့် ... ဒီနှစ်ကျမှ ရိုးရိုးစကားလေးတစ်ခွန်းကိုတောင် ကျွန်တော့်ကို လူတွေက ပြောခွင့်မပေးကြဘူး။ ကျွန်တော့် အလှည့်ရောက်မှ လွဲရတယ်လို့။ ဒီ... နှစ်သုံးလုံးလုံးနဲ့များအောင်ရင် ၀ိုင်းတောင် ရိုက်ကြမလား မပြောတတ်ဘူး။
ကျွန်တော့်မှာ အားလုံးကို သည်းခံနေရတာပါပဲ။ ၁၀ တန်း အောင်ရင် မင်းတို့လူကြီးဖြစ်ပြီဆိုတာ ဟုတ်များ ဟုတ်သလား မဆိုနိုင်ဘူး။
ဒီကြားထဲ ခင်ဌေး၀င်းကတစ်မျိုး။ ကျွန်တော့်ကိုတွေ့တာနဲ့ လက်ဖက်ရည်ဆိုင်ထဲ အတင်း၀င်ထိုင်၊ စကားတွေပြော။
ရယ်မော... လက်ဖက်ရည်တွေတိုက်၊ ဘေးကကောင်တွေက မျက်စောင်းတခဲခဲ... ကျွန်တော့်မှာ ပဲလှော်ကြား ဆားညှပ်တော့တာပဲ။
သူပြောတဲ့စကားတွေကလည်း အထူးအဆန်းတော့ မဟုတ်ပါဘူး။ အမှတ်စာရင်းထုတ်ဖို့။ တက္ကသိုလ်၀င်ခွင့် လျှောက်လွှာယူဖို့၊ ဒေသန္တရမှာ ဆေးသွားစစ်ဖို့... စသည်ဖြင့် ၁၀တန်းအောင်သူတွေ လုပ်လေ့လုပ်ထရှိတဲ့ ကိစ္စတွေပါပဲ။ ဒါပေမဲ့ ပတ်၀န်းကျင်က သူ့ကို အမြင်ကတ်နေမှန်း သိလေတော့ သူကလည်း ဘာမဟုတ်တဲ့ စကားတွေကိုပဲ အသံကျယ်လိုက်၊ ဆံပင်ကိုခါလိုက်... ရယ်လိုက်မောလိုက်၊ မဲ့မဲ့ရွဲ့ရွဲ့ပြောလိုက်နဲ့ စတဲ့ မိန်းမမာယာတွေ ထည့်လိုက်တော့ ကျွန်တော့်မှာ ပဲလှော်ကြားက ဆားစစ်စစ်ကို ဖြစ်တာပေါ့ဗျာ။
ဒီတော့ ခင်ဌေး၀င်းကိုတွေ့ရင် ကျွန်တော် ရှောင်တန်ရှောင် ပုန်းတန်ပုန်း ရှောင်လို့ပုန်းလို့မရရင်တော့ ၀ဋ်ခံရတော့တာပါပဲ။
ကျဆုံးခြင်းမှာသာ ဒုက္ခရှိတာမဟုတ်ဘဲ အောင်မြင်ခြင်းမှာလည်း ဒုက္ခရှိတယ်ဆိုတာ ကျွန်တော် ရေရေလည်လည် သိသွားခဲ့ တယ်။
အဲ... ၁၀ တန်းအောင်တယ်ဆိုတာကလည်း တော်တော်လေးကို အလုပ်ရှုပ်တာခင်ဗျာ။ အထက်မှာ ပြောပြီးခဲ့တဲ့ တက္ကသိုလ် ၀င်ခွင့်ရဖို့ ကိစ္စတွေအပြင် ၁၀ တန်းအောင်ကြောင်း ကျောင်းက ထောက်ခံစာယူပြီး GTI ဖြေတာတို့၊ နတ်မောက်၀င်ခွင့်ဖြေတာတို့ စာရင်းပညာဖြေတာတို့ စသည်ဖြင့် လုပ်ရပါသေးတယ်။ ဒါတောင်မှ ... အခုခတ်လို ဂျပန်၊ အင်္ဂလိပ်စာသင်တန်းတွေ မရှိတာ တော်သေးတယ်။ ဗိုလ်လောင်းကတော့ ကျွန်တော်နဲ့ မဖြစ်ဘူးလေ။ အရပ်က ၅ ပေ မပြည့်တပြည့်၊ ကိုယ်အလေးချိန်က ပေါင် ၆၀ ကျော်ဆိုတော့ တစ်ခုသက်သာသွားတာပေါ့။
ဒီပြဿနာတွေက ၁၀ တန်းအောင်ပြီး ခင်ဌေး၀င်းကြောင့် ကျွန်တော်ရတဲ့ ပြဿနာပါ။ ဒုတိယပြဿနာ ရှိသေးတယ်ဗျို့။
ဒုတိယကောင်မလေးက 'မူယာကြည်' ဆိုတဲ့ ကောင်မလေး ပါ။
မူယာကြည်က လှတယ်လို့ပြောရင်လည်း ရပါတယ်။ မလှဘူး ဆိုတဲ့ဘက်က ငြင်းမယ်ဆိုရင်လည်း စကားလုံး ကောင်းကောင်းနဲ့ ငြင်းတတ်ရင် ကိုယ့်လူနိုင်မှာပါ။ သူကတော့ သူ့ကိုယ်သူ လှတယ်လို့ပဲ ထင်မှာပေါ့ဗျာ။ ကိုယ့်ကိုယ်ကို မလှဘူးလို့ထင်တဲ့ မိန်းကလေးက လည်း အရှားသားဆို ရှိမှမရှိဘဲ မဟုတ်လား။
သူနဲ့ ကျွန်တော်နဲ့က မနှစ်က ကျောင်းအတူသွားဖက်ပါ။ ကျောင်းအတူသွားဖက်ဆိုလို့
တစ်ကျောင်းတည်းလို့ မထင်ပါနဲ့။ သူက အထက (၁) ကပါပဲ။ ကျွန်တော်ကလည်း အထက (၃) ဆိုတော့ ပြည်သာယာလမ်းမကြီးမှာ လမ်းလျှောက်ကြတဲ့အခါ ဇ၀နထိပ်အထိ အတူလျှောက်ရတတ်ပါတယ်။ ဇ၀နလမ်းဆုံမှာ သူ့အဖော်တွေတွေ့ရင် သူက အဖော်တွေနဲ့အတူ အထက (၁) ကို ဇ၀နရပ်ကွက်ထဲကနေ ဖြတ်လျှောက်သွားတတ်တယ်။ အဖော်တွေ ဘာတွေမတွေ့တဲ့နေ့၊ ဒါမှမဟုတ် စကားမပြတ်တဲ့ နေ့တွေဆိုရင်တော့ ဇ၀နမှတ်တိုင်ကနေ ဘုရားလမ်းအထိ
ကားအတူစီးရတတ်ပါတယ်။
သူ့အဖော်တွေနဲ့တွေ့ရင် ဒါမှမဟုတ် သူဆင်းရမယ့် မှတ်တိုင် ရောက်ရင် သူက ကျွန်တော့်ကို နှုတ်မဆက်ဘူးခင်ဗျ။ တစ်ချက်ပြုံးပြ ပြီး ထွက်သွားတာပဲ။ သိတဲ့အတိုင်း သူက ၉ တန်းအောင်၊ နှစ်တက်။ ကျွန်တော်က ၁၀ တန်းကျဆိုတော့ သူပြောတဲ့စကားထဲမှာ ကျွန်တော့် ကို ခပ်နှိမ်နှိမ် ပြောတာတွေတောင် ပါပါတယ်။ ကျွန်တော်က
သူ့ကို စိတ်လည်းမဆိုးပါဘူး။ စိတ်လည်းမ၀င်စားပါဘူး။ ကျွန်တော်က အဲဒီအချိန်မှာ အတန်းထဲက မြတ်မိုလ်က ကြိုက်နေတာကိုး...။
သူနဲ့ကျွန်တော် ကျောင်းသွားဖော် ဖြစ်နေတာကလည်း ကျွန်တော်ကသူ့ကို စောင့်နေလို့၊ သူကကျွန်တော့်ကို စောင့်နေလို့ အဲဒီလိုမဟုတ်ပါဘူး။ ဒီလမ်းကို ဒီအချိန်လျှောက်ရမယ့် လူချင်း တွေ့ကြတဲ့သဘောပဲရှိတာပါ။ တစ်ခါတလေ သူရှေ့က လျှောက်နေတာ
တွေ့ပေမယ့် ကျွန်တော်က လှမ်းမခါ်ဘဲ လျှောက်တာပါပဲ။ သူက တွေ့သွားရင်တော့ ကျွန်တော်မီလာအောင် ရပ်စောင့်တတ်ပါတယ်။ မတွေ့ရင်လည်း သူ့လမ်းသူ သွားတာပါပဲ။ ကျွန်တော်က ရှေ့ရောက် နေရင်လည်း တစ်ခါတလေ သူကလှမ်းခေါ်တတ်ပါတယ်။ တစ်ခါ တလေလည်း သူက ဇောတိကလမ်းက အထွက်၊ ကျွန်တော်က ပြည် သာယာလမ်းပေါ်အထွက် ဆုံတတ်ပါတယ်။ အတူလမ်းလျှောက်ရင်း မနက်ခင်း
စံပယ်ပန်းတစ်ထွေးကြီးနဲ့ ဈေးသည်ကိုတွေ့လို့ သူလှမ်း ခေါ်ပြီး၀ယ်တဲ့အခါမျိုးမှာတော့ ကျွန်တော်က လူမှုရေးအရ စောင့်ပေး ရတာတွေ ဘာတွေ ရှိတာပေါ့ကိုယ့်လူရာ...။
ဒါပေမဲ့... ကျွန်တော် အဲဒီကောင်မလေးကို လုံး၀မကြိုက်ဘူးဆိုတာတော့ ကျိန်ပြီးပြောပါရစေရဲ့ဗျာ။ ကျိန်တယ်ဆိုလို့ ကျွန်တော့် သူငယ်ချင်း သခေါကျိန်သလိုတော့ မဟုတ်ဘူးနော်။ ကျွန်တော်တို့က သခေါကို
ကောင်မလေးတစ်ယောက်နဲ့ ၀ိုင်းစတော့ သခေါက ကျိန် တယ်။
"ငါ အဲဒီကောင်မလေးကို မကြိုက်တာတကယ်ပါ။ ငါ့စကားမှန်ရင် အဲဒီကောင်မလေးက ငါ့ကို ပြန်ကြိုက်ရပါစေရဲ့''
တဲ့။ ကျွန်တော်က မူယာကြည်ကို တကယ်မကြိုက်တာပါ။
ဘုရားစူး။ ၁၀ တန်းကျ။ စာရေးဆရာ မဖြစ်ရပါစေနဲ့။
အဲဒီလိုနဲ့ မူယာကြည်နဲ့ကျွန်တော် ၁၀ ရက်လောက် မတွေ့ ကြဘူးခင်ဗျ။ ကျွန်တော်လည်း ဒီလိုပါပဲ။
ကျွန်တော့်လမ်း ကျွန်တော် သွားတာပေါ့။ ဘာမှသတိမထားမိပါဘူး။ ရင်ထဲမှာမှ မရှိပဲ။ တစ်နေ့တော့ မူယာကြည်က နောက်ကနေ လှမ်းခေါ်တယ်။ ဒီတော့လည်း ကျွန်တော်စောင့်နေလိုက်တာပါပဲ။ သူက ကျွန်တော် နဲ့အတူ လမ်းလျှောက်ရင်း ကျွန်တော့်ကိုပြောတယ်။
"ငါ...တမင် ဒီဘက်လမ်းက မလာတာသိလား''
သူက ကျွန်တော့်ထက် ၂ နှစ်လောက် ငယ်ပေမယ့် ၁၀ တန်း အချင်းချင်းဆိုတဲ့သဘောနဲ့လား မသိဘူး။ ကျွန်တော့်ကို နင်နဲ့ငါနဲ့ ပြောတတ်တယ်။ အသက်ကွာပေမယ့် ဝါတူတယ် ဆိုတဲ့သဘောပဲ။
"ဟုတ်လား''
"ဟုတ်တယ် အဲဒါ နင့်ကြောင့်ပဲ''
ကျွန်တော် နည်းနည်းအံ့သြသွားတယ်။ သူ့စကားက အဆက်အစပ်မှ မရှိတာကိုး။
"ဘာဖြစ်လို့လဲဟ''
"လူတွေကပြောတယ်။ နင်နဲ့ငါ
ဖြစ်နေတယ်တဲ့။ အမေက အဲဒီစကားကြားပြီး ငါ့ကိုဆူလို့ ငါ့မှာ ရှင်းလိုက်ရတာ အမောပဲ''
ကျွန်တော် တော်တော်စိတ်ညစ်သွားပါတယ်။ သူ့ကို ငဲ့ကြည့် တော့ ကျွန်တော့်ကို မျက်လုံးထောင့်ကပ်ပြီး ခိုးကြည့်တာတွေ့တယ်။ ဒါ ရေလာမြောင်းပေးစကား မဟုတ်ပါဘူး။ ကျွန်တော့်ပုံက မိန်းကလေးက စရလောက်အောင် အမိစားထဲကမှမဟုတ်တာ။ ဒါ အသားလိုလို့ အရိုး တောင်းတဲ့စကားပါ။ ကျွန်တော်ကသာ ချစ်တယ်ပြောကြည့်ပါလား။ စိတ်ကစားနေတဲ့ သူ့မာနနဲ့ ကျွန်တော့်ကို လှလှပပ အပြစ်ပေးမှာ။ ပြီးတော့ ပတ်၀န်းကျင်မှာ သူ့မာနအတွက် ကျွန်တော်က သားကောင် ဖြစ်ရဦးမှာ...။
"အေးလေ ... ငါက မိန်းကလေးဆိုတော့ ငါပဲခံရတာ ပေါ့''
"ဒါဆိုလည်းဟိုဘက်လမ်းကပဲသွားပေါ့ဟာ.. မဟုတ်ဘဲနဲ့ ငါလည်း အပြောမခံချင်ပါဘူး''
"သွားမှာပါ... အဲဒါကို နင်သိအောင် လာပြောတာ''
ကျွန်တော်တို့ ဇ၀နလမ်းဆုံရောက်တဲ့အထိ ဘာစကားမှ မပြောဖြစ်တော့ပါဘူး။ မူယာကြည်ကလည်း အဖော်တွေ မတွေ့ဘဲနဲ့ ကျွန်တော်နဲ့ လမ်းခွဲသွားပါတယ်။ နောက်နေ့ကျတော့ ကျွန်တော် ကလည်း သူနဲ့မဆုံရအောင် အားထုတ်တာ မရှိပါဘူး။ ပုံမှန်ထနေ ကျအချိန်ထပြီး သွားနေကျလမ်ကို သွားတာပါပဲ။ သူနဲ့ ဆုံချင်လည်း ဆုံတတ်ပါတယ်။ ဆုံလည်း အေးဆေးပါပဲ။
သူကလည်း အဲဒီ အကြောင်းနောက်ထပ် ဘာမှမပြောတော့ဘူးကိုး...။
ကျွန်တော် ၁၀ တန်းအောင်တော့ သူ့ကို မေ့နေခဲ့တယ်။
နောက်မှသိရတော့ မူယာကြည် ၁၀ တန်းကျတယ်တဲ့။ သတင်းတစ်ခုအပြင် ကျွန်တော်ဘယ်လိုမှ မခံစားရပါဘူး။ ဒီလိုနဲ့ကျွန်တော် တစ်နေ့ GTI ဖြေဖို့ ကျူရှင်စတက်ရတော့ အရင် အထက ကျောင်းတက်ရတဲ့ အချိန်ပဲ အိမ်ကထွက်ရတယ်။ မူယာကြည်နဲ့ ကျွန်တော်
ပြည်သာယာလမ်းပေါ်မှာ ဘွားခနဲ သွားဆုံကြပါတယ်။ ကျွန်တော်လည်း မတွေ့တာကြာတာနဲ့ ပြုံးပြပြီး နှုတ်ဆက်လိုက်တယ်။
"ကျောင်းသွားမလို့လား''
မူယာကြည်က ဖျပ်ဆိုတစ်ဖက်လှည့်သွားတယ်။
"ကျောင်းမသွားလို့ ဘယ်ကိုသွားရမှာလဲ''
ရုတ်တရက် တုံ့ပြန်မှုကြောင့် ကျွန်တော်လည်း ဘာပြန်ပြောရမှန်းမသိဘူး။ မူယာကြည်က
မျက်စောင်းထိုးပြီး ရှေ့က ခပ်သွက်သွက် ထွက်သွားတယ်။ ကျွန်တော်လည်း လှမ်းမခေါ်မိပါဘူး။ ဘာပြောရမှန်းမှ မသိတာ။ ဇ၀နကွေ့ကို သူကွေ့သွားပြီးမှ ကျွန်တော့်အတွေးထဲ ရှင်းသွားတယ်။ သူ့ကို ရိတယ် ထင်သွားတာကိုး....။
နောက်တစ်ကြိမ် ထပ်ဆုံတာက အထက (၁) နံဘေးက စိန် ကဖေးမှာပါ။ ကျွန်တော် ပျားတုပ်၊ သခေါနဲ့ ဘယ်သန်တို့ ပန်စရာဓာတ်ပုံတိုက်မှာ ဓာတ်ပုံတွေရွေး၊ GTI ဖောင်မှာကပ်ရင်း ဘယ်အမှတ်နဲ့ ဘယ်မေဂျာ ရနိုင်တယ်ဆိုတာတွေ ဆွေးနွေးနေတာပါ။ ကိုယ့် အမှတ်နဲ့ အမြင့်ဆုံးဘယ်မေဂျာ ရနိုင်မလဲပေါ့လေ။ အမှတ်မီပြီး မလျှောက်မိရင် ခံရမှာကိုး။
"ငါကတော့ ဘူမိဗေဒကစပြီး အကုန်ဖြည့်မှာပဲ''
သခေါရဲ့ စကားကို ပျားတုပ်ကလည်း ထောက်ခံတယ်။ ကျွန်တော်ကတော့ ဒီလိုမဟုတ်ဘူး။ ကျွန်တော့် အမှတ် ၃၅၈ မှတ်ဟာ ဘူမိဗေဒကို မမီဘူးဆိုတာ ကျွန်တော်သိတယ်။ ရူပဗေဒ၊ ဓာတု ဗေဒ၊ သချၤာတစ်ခုခုတော့၀င်မယ်။ ဒါပေမဲ့ ကျွန်တော်က အဲဒီ ဘာသာရပ်တွေကို ၁၀ တန်းမှာ သင်ပြီးသား၊ အနည်းအကျဉ်း သိပြီးသား၊ ကျွန်တော့်အမှတ်လည်း မီ၊ သင်လည်း မသင်ဖူးတဲ့ ဘာသာရပ်တွေက ရုက္ခဗေဒနဲ့ သတ္တဗေဒပါ။
ကျွန်တော်တို့ ၈၃-၈၄ ခုနှစ်တုန်းက ၁၀ တန်းမှာ ရုက္ခနဲ့ သတ္တ မပြဌာန်းသေးပါဘူး။ အဲဒါဘာတွေလဲ... ဘယ်လိုလဲဆိုတာကို ကျွန်တော် စိတ်၀င်စားနေတယ်။
"ငါကတော့ သိပြီးသား သင်ပြီးသား ဘာသာတွေ သိပ် စိတ်မ၀င်စားဘူးကွာ၊ ငါမသင်ဖူးသေးတဲ့ ရုက္ခနဲ့ သတ္တပဲ သင်ကြည့် ချင်တယ်။ သင်ပြီး သိပြီးသားတွေ ဘာလုပ်မှာလဲ။ ဒါပဲလျှောက်မယ်''
"အမလေး သိပ်သိ သိပ်တတ်နေပါလား။ သိပ်သိ သိပ်တတ်နေရင် D တွေဘာတွေ ထွက်ပါလား။
ရတော့ဖြင့် အမှတ်က လေးရာမကျော်ဘဲနဲ့များ.... ဒီမှာ ၁၀တန်းကို အမှတ်ဖွတ်ချီးနဲ့ အောင်တာ ထက်စာရင် မအောင်တာက ပိုအခွင့်အရေးရှိတယ် မှတ်ထား''
လှည့်ကြည့်တော့ မူယာကြည်။ ဘယ်တုန်းက ကျွန်တော်တို့ ဘေးချင်းကပ်ခုံမှာ ထိုင်နေတာလဲ ကျွန်တော်မသိပါဘူး။ သူနဲ့အတူ ထိုင်နေတဲ့ သူငယ်ချင်းတွေကလည်း ကျွန်တော့်ကို ကြောင်စီစီနဲ့ ၀ိုင်းကြည့်နေကြတယ်။
"၁၀ တန်းအောင်တာလောက်တော့ လုံး၀အထင်မကြီးဘူး လာလုပ်မနေနဲ့''
"ဟေ့ မင်း ဘာစကားပြောတာလဲ၊ ဘယ်သူ့ကိုပြောတာလဲ၊ မင်း ၁၀ တန်းကို အောင်အောင်ပဲ ဖြေကြည့်စမ်းပါဦး''
"ဟေ့ကောင် သခေါ နေစမ်းကွာ...''
၁၀ တန်းအောင်တာကို Professor လောက် ထင်နေတဲ့ သခေါရဲ့ တုံ့ပြန်မှုကို ကျွန်တော် ကမန်းကတန်း ၀င်တားရတယ်။
"စောင့်ကြည့်လိုက်ပေါ့။ ငါတို့က Professional မ၀င်တဲ့ အမှတ်ကလေးလောက်နဲ့ ဘ၀ကို ဘယ်တော့မှ မစဘူးမှတ်ထား''
ကျွန်တော် သခေါကို ထပ်မပြောဖို့
လှမ်းတားရင်း ဆိုင်ထဲက ထွက်လာရတယ်။ ဆိုင်အပြင်ရောက်မှ မူယာကြည့်အကြောင်း သခေါ ကို ရှင်းပြရတယ်။
"ဒါ... တမင်သက်သက် မိန်းမဆန်တာပဲကွ''
"အေးလေ... သူက မိန်းကလေးပဲဟာ''
"ဟေ့ကောင်... စာကလေး စကားကို မကတ်နဲ့ ငါက အတည်ပြောတာ။ မင်းနဲ့နှစ်ယောက်တည်းက ကိစ္စမရှိဘူးကွ။ အခု ဟာက ငါတို့ပါတယ်။ ငါတို့က ၁၀ တန်းအောင်ပြီးသား စော်ကားခွင့်မရှိဘူး''
"ကဲပါ သူငယ်ချင်းရယ်။ အောင်ပြီးသားလူက မအောင်သေး တဲ့လူကို သွားပြိုင်လို့ ဘာအကျိုးထူးမှာလဲ''
ဒီတော့မှ သခေါလည်း နည်းနည်းကျေနပ်သွားတယ်။
နောက်တစ်လလောက်အကြာမှာ ထပ်တွေ့တာက မူယာကြည် နဲ့ မဟုတ်ပါဘူး။ မူယာကြည်ရဲ့ အမေကြီးနဲ့ပါ။ ကျွန်တော်က GTI ၀င်ခွင့် စာမေးပွဲဖြေဖို့အထွက် သူက
သင်္ဃန်းကျွန်းဈေးက ပြန်အလာပါ။ အဘွားကြီးကတွေ့တာနဲ့ ကျွန်တော့်လက်ကို လှမ်းဆွဲ တယ်။
"အမလေး... မောင်ရဲ၀င်းရေ။ မင်းကို တွေ့ချင်နေတာနဲ့ အတော်ပဲကွဲ့''
ကျွန်တော်လည်း တော်တော်လန့်သွားတယ်။ အဘွားကြီး ပုံစံက ပြုံးပြုံးရွှင်ရွှင်နဲ့မို့သာ တော်ရော့တယ်။ အဘွားကြီးက လက်က ဆွဲလာတဲ့ ဈေးခြင်းတောင်းကြီးကိုချပြီး ကျွန်တော့် လက်မောင်းကို ဖျစ်ညှစ်ထားတယ်။
"ကျေးဇူးတင်လိုက်တာ မောင်ရဲ၀င်းရယ်။ လူဆိုတာ မခံ ချင်စိတ်ရှိမှ ကြိုးစားတာမဟုတ်လား။ မင်းပြောလိုက်တာ လုပ်လိုက် တာတွေက သိပ်ကောင်းတယ်ကွဲ့။ အန်တီတို့ ပြောဆို ဆုံးမနေရင် တောင် မူယာက ဒီလောက်စာကို ကြိုးစားမှာ မဟုတ်ဘူး။ ကျေးဇူးပါပဲ ကွယ်''
"ခင်ဗျာ...''
"အခုဆို အန်တီ့ သမီးကလေ မနက်ဆို လေးနာရီထ၊ ကျောင်းက ပြန်တာနဲ့ ထမင်းစားပြီး စာအုပ်တန်းကိုင်တာပဲ။ ပြောစရာ မလိုဘူး။ စာမှစာပဲ''
"ဟုတ်ကဲ့ ခင်ဗျ''
"မင်းနဲ့ ဆုံတာတွေ မင်းပြောလွှတ်လိုက်တာတွေ၊ အန်တီ တို့ကို ငိုကြီးချက်မနဲ့ ပြောပြတယ်။ သူ့အစ်ကိုတွေကတော့ မင်းကို စိတ်ဆိုးပြီး ထိုးမယ်ကြိတ်မယ်တောင် ဖြစ်ကြသေးတာ။ အန်တီက တားရတာပေါ့ကွယ်''
"ခင်ဗျာ...''
"သူတို့က သားရဲ့စေတနာကို နားမလည်ကြလို့ပါ။ အန်တီက သမီးမသိအောင် သားရဲ့စေတနာကို ရှင်းပြရတယ်။ အခုမှ သူတို့ နှမလေးကိုကြည့်ပြီး သူတို့လည်း သဘောပေါက်သွားပါတယ်။ သမီး က သူ့စာကြည့်စားပွဲရှေ့မှာ စာကိုရေးထားတာ... ဘာတဲ့...''
အဘွားကြီးက ကျေနပ်ကြည်နူးနေတဲ့မျက်နှာ၊ အပြုံးနှုတ်ခမ်းနဲ့ အေ၀းကိုငေးကြည့်ရင်း စဉ်းစားနေတယ်။ ကျွန်တော်က သူ့အစ်ကို တွေက စိတ်ဆိုးပြီး ထိုးမယ်ကြိတ်မယ်
ဆိုတဲ့ အသံကိုပဲ ကြားနေ တယ်။ ဘာဖြစ်နေမှန်းကို မသိဘူး။
"သြော်...သိပြီ။ လူတစ်ယောက်ကို လက်စား ချေရန်တဲ့ ... ခေါင်းစဉ်က''
"ဘုရား... ဘုရား...''
"အောက်မှာ ရေးထားတာက လူငယ်တစ်ယောက်၏ ဘ၀ တွင် သစ်လွင်တောက်ပသော အနာဂတ်တစ်ခုရှိကို ရှိရမည်။
ပုံ... မူယာကြည်တဲ့''
"ဟုတ်...ဟုတ်ကဲ့ ကောင်းပါတယ်''
"အေးကွယ် သားရယ်...သားရဲ့ ကျေးဇူးပါပဲ...အခုဆို သူက ဆရာ၀န်မှ ဆရာ၀န်တဲ့...နောင်တွေ့လည်း ဆုံးမပါဦးကွယ်''
အဘွားကြီးက တော်တော်လေးတဲ့ ဈေးခြင်းတောင်းကြီးကို ပေါ့ပေါ့ကလေးကောက်မပြီး ထွက်သွားတော့ ကျွန်တော် ထူပူပြီးကျန်ခဲ့တယ်။ အဲဒီနေ့က GTI စာမေးပွဲကို ဘယ်လို ဖြေမိမှန်းတောင်မသိဘူး။ ကျွန်တော့်စိတ်က သူ့အစ်ကိုတွေက မင်းကို စိတ်ဆိုးပြီး ထိုးမယ်၊ ကြိတ်မယ်ဖြစ်ကြတာဆိုတဲ့ စကားဆီကိုပဲ ရောက်နေတယ်။
ကျွန်တော် နောက်ကို မူယာကြည်တို့ လမ်းဘက် မသွားဖို့ ဆုံးဖြတ်လိုက်တယ်။
ဟုတ်တယ်လေ သူ့မှာ အစ်ကိုကလေးယောက်တောင်။ ဗလ တွေကလည်း တောင့်သလား မမေးနဲ့။ ကျွန်တော်လိုကောင်ဆို တစ်ချက်ပဲ။
📂 📂 📂
ကျွန်တော် တက္ကသိုလ်၀င်ခွင့်ဆိုတဲ့ စာရွက်အညိုကြီးပေါ်မှာ စာလုံးမည်းကြီးနဲ့ ရိုက်ထားတဲ့ စာအိတ်ကြီးကို
လွယ်အိတ်ထဲ ထည့်ပြီး ထွက်လာခဲ့တယ်။
ကျွန်တော့်အစီအစဉ်က တာမွေဈေးမှာဆင်းပြီး ကော်လံ လည်ကတုံး ၃-ထည်နဲ့ ပုဆိုး ၃-ထည်လောက်၀ယ်မယ်။ ကုန်တိုက် (၂) မှာ သွား၀ယ်ရင်၂၅-ကျပ်လောက် သက်သာပေမယ့် လမ်းက မကြုံတော့ဘူး။ အဲဒီက တစ်ဆင့် ဆေး(၁) လိပ်ခုံးမှာ ကျွန်တော့် Form ကိုတင်မယ်ပေါ့။ ဟိုကောင်တွေနဲ့လည်း အဲဒီမှာပဲဆုံဖို့ ချိန်းထားတာပါ။
တာမွေးဈေးရောက်တော့ လည်ကတုံးအကျႌက
ကျွန်တော် ထင်ထားတာထက် ၂၀ လောက်များနေလို့ ဆစ်လိုက်ရတာ။ ပုဆိုးကတော့ မဆိုးပါဘူး။ ဒါ ကျွန်တော် ပထမနှစ်အတွက် ကြိုတင်ပြင်ဆင် တာလေ။
အကျႌ ၃ ထည်နဲ့ ပုဆိုး ၃ ထည်ကို လွယ်အိတ်ထဲ ထည့်လိုက် တော့ ကျွန်တော့်တက္ကသိုလ်၀င်ခွင့် စာအိတ်ကြီးက မဆန့်တော့ဘူး။ အတင်း ထိုးကြိတ်ထည့်ရင်တော့ ရပါတယ်။ ဒါပေမဲ့ ကျွန်တော်က တက္ကသိုလ်၀င်ခွင့် စာအိတ်ကိုလည်း မကြေစေချင်ဘူး။ အခုမှ ၀ယ်လာတဲ့ အကျႌနဲ့ ပုဆိုးအသစ်ကိုလည်း မကြေစေချင်ဘူး။ ဒါနဲ့ပဲ ၀င်ခွင့် စာအိတ်ကို ကိုင်ထားလိုက်တယ်။
လာတဲ့ကားလေးတွေက ကျပ်လိုက်တာဗျာ။ သုံး လေးစီး လွတ်သွားတော့ ကျွန်တော် ချိန်းထားတာ လွဲသွားမှာ စိုးရိမ်လာတယ်။ ဒါနဲ့ နောက်ရောက်လာတဲ့ ကားတစ်စင်းကို အတင်းတိုးတော့ အတွယ် အတာပဲရတယ်။
တစ်ဖက်က တွယ်...တစ်ဖက်က စာအိတ်ကြီး
ကိုင်လို့ ခြေတစ်ဖက်ပဲမိတဲ့ဘ၀၊ ကျလိုက်ရင် တက္ကသိုလ်နဲ့ ေ၀းရောပဲ။ ဒါနဲ့ ကျွန်တော်လည်း ချိုင်းတွေကြားက အတင်းတိုးပြီး ဦးခေါင်းကို ကားလေးထဲထည့်ရတယ်။ မရဘူးခင်ဗျ။ ကျပ်နေတဲ့ လူတွေရဲ့ ဘယ်ညာ ယိမ်းနေတဲ့ လူတွေရဲ့ ဘယ်ညာယိမ်းနေတဲ့ ချိုင်းတွေရဲ့ ညပ်သိပ်မှုကို ကျွန်တော့်ခေါင်းက မတိုးနိုင်ဘူး။
လက်သေးသေးကလေးကလည်း လက်အံသေလှပြီ။ အဲဒါ နဲ့ ကျွန်တော့်ဘယ်ဘက်လက်က စာအိတ်ကို အတင်း ထိုးထည့်ရင်း ''ခဏကိုင်ပေးပါဗျာ... ခဏကိုင်ပေးကြပါဗျာ" လို့ပြောရတယ်။ အော်ရတယ်၊ ကျွန်တော့် စာအိတ်ကို ယူသွားတာ ခံစားလိုက်ရတော့မှ ကျွန်တော် ၀မ်းသာအားရ လက်တစ်ဖက်က ထိန်းစရာရှာရတယ်။ နို့မဟုတ်ရင် မလွယ်ဘူး။
တာမွေကနေ ကျောင်းမြောင်းဈေးမှတ်တိုင်ကို ရပ်တော့ လူတော်တော်များများ ဆင်းကြပါတယ်။ ကျွန်တော်လည်း
လက်ကလေးနှစ်ဖက်ကို ဆန့်ပြီး တဖျောက်ဖျောက်နဲ့ အညောင်းဖြေတုန်း ... ကားလေးထဲက ဆင်းလာတဲ့ မူယာကြည့်ကို တွေ့ရတယ်။ လက်ထဲမှာ ကျွန်တော့် စာအိတ်ကြီးကိုကိုင်လို့။
"ဒီမှာ... နင်ငါ့ကို စော်ကားနေတာ သိပ်များပြီ ရဲ၀င်း သိလား... အေး နင့်ကိုယ်နင် သိပ်ပြီး အထင်ကြီး မနေနဲ့၊ ငါ့ အပေါင်း အသင်းတွေရှေ့မှာ ငါ့ကို
တမင်ရွေးပြီး ဒါလာပေးတာမဟုတ်လား''
"ဟာ...မဟုတ်ဘူး မူယာကြည်... ငါ နင်မှန်း မသိ''
"လုပ်မနေနဲ့ ရိုးရိုးတက္ကသိုလ်၀င်ခွင့်လောက်ကို လုံး၀ အထင် မကြီးဘူးသိလား။ ဘယ်သွားမလို့လဲ မေးဦးမလား။ နင်လို ဘာမဟုတ်တာလေးကို သိပ်အထင်ကြီးနေတဲ့ လူမျိုးတွေကို ပညာပေးဖို့ ကျူရှင် လာတာ သိပြီလား... ရော့...ရော့''
မူယာကြည်က ၀င်ခွင့်စာအိတ်ကြီးနဲ့ ကျွန်တော့် ရင်ဘတ်ကို နှစ်ချက်ရိုက်၊ စာအိတ်ကြီးကို ပစ်ချပြီး လှည့်ထွက်သွားပါတယ်။ သူ့ နောက်ကလိုက်သွားတဲ့ ကောင်မလေး ၃ ယောက်ကလည်း ကျွန်တော့်ကို မျက်စောင်းထိုးသွားကြတယ်။
ကားကမထွက်ပဲ ကျွန်တော်တို့ရန်ပွဲကို ရပ်ပြီးငေးနေကြ တယ်။ ကျွန်တော်လည်း ပူထူပြီး ကားပေါ်တက်ထိုင်၊ လွယ်အိတ်ကို ပေါင်ပေါ်တင်... စာအိတ်ကြီးကို ရင်ဘတ်မှာ ကပ်ထားရတယ်။ ကားပေါ်ကလူတွေက ကျွန်တော့်ကို နားမလည်တော့
စာအိတ်အညိုကြီးကို ကြည့်ကြတယ်။ သိချင်စိတ် တော်တော်ကြီးတဲ့ လူကြီးတစ်ယောက်က...
"တက္ကသိုလ်၀င်ခွင့် ဆိုပါလား...ဘာလဲ...မင်းက ဒီစာ အိတ်နဲ့ ရည်းစားစာပေးတာလား''
"ဟာ...မဟုတ်ပါဘူးဗျာ''
"ကျွန်တော်လည်း မသိဘူးခင်ဗျ''
ကျွန်တော့် အဖြေကြောင့် ကားတစ်စင်းလုံးက ကျွန်တော့်ကို အူကြောင်ကြောင်နဲ့ ၀ိုင်းကြည့်ကြတယ်။ အနေရ ကျပ်လိုက်တာ မပြောပါနဲ့တော့။ ဒီလိုမှန်းသိရင်
ဒီစာအိတ်ကို လွယ်အိတ်ထဲထည့်ပြီး အကျႌတွေကို ကိုင်ပါတယ်။
ကျွန်တော်လည်း မွှန်ထူပြီး စိတ်ကဘာမှ သတိမရှိတော့တာ နဲ့ လွယ်အိတ်ထဲက အကျႌတွေကိုထုတ်။ စာအိတ်ကြီးကိုထည့်။ အကျႌ တွေကို ရင်မှာပိုက်မိတယ်။ လူတွေက ကျွန်တော် လုပ်သမျှ လိုက် ကြည့်နေကြပြန်ရော။ ကျွန်တော် ဘယ်သူ့ကိုမှ မျက်၀န်းချင်း မဆုံမိ အောင် သတိထားပြီး စိတ်ကျပ်ကိုယ်ကျပ်နဲ့ ကားကိုစီးခဲ့ရတယ်။
ဒုက္ခ ရောက်လိုက်တာဗျာ။ လူကို မောရောပဲ။
ကျွန်တော်က မူယာကြည်တို့ အိမ်ဘက်ကို လုံး၀ခြေဦး မလှည့် တော့ပါဘူး။ ကျွန်တော် ပထမနှစ်စတက်တော့မှ သတင်းတစ်ခုကြားတယ်။ မူယာကြည် ယောကျ်ားနောက် လိုက်သွားပြီတဲ့။ ရင်ထဲကို ပေါ့သွားတာပဲ။
အဲဒီသတင်းအမှန်ပဲလို့ သိလိုက်ရတဲ့နေ့မှာ ကျွန်တော် မူယာ ကြည်တို့အိမ်ရှိတဲ့ လမ်းထိပ်က လက်ဖက်ရည်ဆိုင်မှာ စထိုင်ပါတယ်။ ဟုတ်တယ်လေ...အဲဒီဆိုင်က အကျရည်ကောင်းတယ်။ ပဲပလာတာ ကောင်းတယ်၊ ကျွန်တော်သိပ်ကြိုက်တဲ့ စိုင်းထီးဆိုင် သီချင်းတွေကိုလည်း ဆောင်းဘောက်(စ်) အကောင်းစားနဲ့ အမြဲဖွင့် ပေးတတ်တာကိုး။
နီကိုရဲ
Copied from a pdf document uploaded on Scribd.
စလေ ငနော့
Comments
Post a Comment