ဤလူ့ပြည် ဒုတိယပိုင်းဇာတ်သိမ်း 🖊 သော်တာဆွေ
ဤလူ့ပြည် (ဒုတိယပိုင်းဇာတ်သိမ်း)
•••••••••••••••••••••••••••••••••••••
သော်တာဆွေ
(အဲဒါဟာ ရှေးခေတ် ဒဂုန်မဂ္ဂဇင်းကြီးထဲမှာပါတဲ့ ရှေးရိုး လေးချိုးမျိုးပေါ့။)
(၄)
သမီးရည်းစားမှ လင်မယားသို့
မောင်စိန်မြိုင်၏ မိဘများသည်လည်းကောင်း၊ မအေးခ၏ မိဘများသည် လည်းကောင်း ရွာတွင် ဆင်းရဲသား လက်လုပ်လက်စားများ ဖြစ်ကြ၏။ သူတို့ နှစ်ဦး မင်္ဂလာဆောင်ဖို့မှာ ချက်ချင်းကြီး လွယ်လွယ်ကူကူ
မဖြစ်နိုင်သေးပေ။ နှစ်ဖက်မိဘ သဘောတူရဦးမည်။ မောင်စိန်မြိုင်ဘက်က သတို့သမီးကို သူနှင့် ထိုက်ထိုက်တန်တန်လေး တောင်းရမ်းယူဖို့ ငွေကြေးလိုသေးသည်။
ထို့ကြောင့် မောင်စိန်မြိုင်သည် လူကြီးမိဘတို့
နှစ်သက်သဘောကျအောင် လိမ်လိမ်မာမာ နေရသည်။
ငွေကြေးရအောင် (သူသည် အေးခနှင့် သမီးရည်းစား ဖြစ်ပြီးနောက် လယ်ကို ကောင်းစွာလုပ်နိုင်ပြီမို့) လယ်ပိုင်ရှင်များအိမ်မှာ သူရင်းငှားလုပ်ရသည်။ မိုးတွင်းရော ဆောင်းတွင်းပါ 'ကျည်ဝင်' လုပ်ခစပါး တင်း ၈၀ ရ၍ သုံးနှစ်မျှ သူလုပ်လိုက်တော့ အသုံး
အစားဆင်ခြင်ခြင်းဖြင့် ငွေ ၃ဝဝိ မျှ စုမိလေ၏။
ထိုအချိန်က ငွေ ၃ဝဝိ ကို သူတို့ ရွာတွေမှာ ၃
ပိဿာဟု ခေါ်ကြ၍ တောက ဆင်းရဲသားအဖို့
သိပ်နည်းလှသော ပမာဏ မဟုတ်ချေ။ သည်တော့ မောင်စိန်မြိုင် အသက် ၂၄ နှစ် ရှိပြီမို့ သူ့မိဘအား မအေးခမိဘများထံသို့ သွား၍ ကြောင်းလမ်းစေလေသည်။
ထိုအချိန်၌ မောင်စိန်မြိုင်သည် အလုပ်အကိုင်ကောင်းသည်။ ရိုးရိုးသားသားရှိသည်။ ရပ်ရွာ သာရေး နာရေး
ကိစ္စတွေမှာ တက်တက်ကြွကြွရှိသည်။ နို့ပြီး လူလည်း ထက်ထက်မြက်မြက်ရှိ၍ ကာလသား ခေါင်းဆောင်ဖြစ်သည်။ မအေးခမိဘများဘက်က
သဘောတူလိုက်ကာ မင်္ဂလာရက် သတ်မှတ်လိုက်လေသည်။
လက်ဖက်ထုပ်ထိုးသည်
ကျေးရွာများတွင် ထိုခေတ်က ပုံနှိပ်ဖိတ်စာများ
လုပ်လေ့မရှိကြသေးဘဲ ဆီဆားနှမ်းပါသော
လက်ဖက်ကို ငှက်ပျောရွက်နှင့် အထုပ်ကလေးများ ထုပ်ကာ ဖိတ်လိုသော အိမ်များကို တစ်ထုပ်စီ လိုက်ဝေလျက် ဒါ ဘယ်သူနှင့်ဘယ်သူ ဘယ်နေ့ မင်္ဂလာဆောင်ပါဟု နှုတ်ဖြင့် ဖိတ်ကြားခဲ့သည်။ ယင်းကို စိန်မြိုင်နှင့် အေးခ လက်ဖက်ထုပ် ထိုးသည်ဟု ခေါ်သည်။
မောင်စိန်မြိုင်မှာ ရှိသော ငွေ ၃ဝဝိ နှင့် မင်္ဂလာခန်းဝင်ပစ္စည်း ဝယ်ရမှာမို့ မိမိအတွက် သတို့သား အဝတ်အစား ဝယ်ရမှာနှင့် ရနိုင်မည်ထင်ရသည့် မင်္ဂလာလက်ဖွဲ့ကြေး မှန်းဆ၍ သူတို့ မင်္ဂလာဆောင်မှာ ဘာကျွေးမလဲ စဉ်းစားရလေသည်။
လယ်ပိုင်ရှင် လူချမ်းသာတို့၏ မင်္ဂလာဆောင်အလှူတို့မှာဆိုလျှင် ထိုခေတ်က ပေါင်မုန့်အုန်းနို့ဆမ်း ကျွေးကြသည်။ ရွာသားတွေက အားကြီးကြိုက်။ ယခုတော့ မောင်စိန်မြိုင်တို့ ဒါမျိုး စိတ်မကူးနိုင်၊ ကောက်ညှင်းပေါင်းနှင့် ဆီထမင်းသာ စဉ်းစားနိုင်လေရာ နောက်ဆုံး၌ တို့ ရွာသားတွေ ကောက်ညှင်းပေါင်းတော့ စားနေကျမို့ ရိုးနေသည်။ ပိုက်ဆံနည်းနည်းတော့ ပိုကုန်မည် ဖြစ်ပေမင့် ဆီထမင်းပဲ ကြက်သွန်ကြော်လေး နိုင်နိုင်နှင့် ကျွေးရန် ဆုံးဖြတ်ချက်ချလိုက်ကြလေ၏။
ကျေးရွာမင်္ဂလာဆောင်တို့မှာ သတို့သမီးအိမ်တွင် ကျင်းပလေ့ရှိကြ၍ မအေးခတို့ အိမ်ရှေ့မှာ မင်္ဂလာမဏ္႑ပ် ထိုးသည်။ ဧည့်ပရိသတ်က ရပ်ဝေးရပ်နီးရှိသည်မို့ မင်္ဂလာအချိန်ကို ဘယ်နှနာရီမှ ဘယ်နှနာရီဟု မကန့်သတ်ပါ။ နံနက်နေထွက်ကတည်းက ရောက်လာသူတို့ကို စတင်ကျွေးမွေးသည်။ ကောင်းညှင်းပေါင်းဆီထမင်း ဆိုသည်မှာ ကျေးရွာသားတို့အဖို့ သွားရည်စာမျှဖြစ်၍ ရပ်ဝေးက လာသူတို့အတွက်
ထမင်းဟင်းများ ချက်ကြရသေးသည်။ ဒါကိုတော့ ကျောက်ဖရုံသီးနှင့် အမဲသားရေသောက်၊ ငါးပိကြော်၊ ပဲတီချဉ်သုတ်၊ အမဲသား မစားသူအဖို့ အခြားဟင်းချိုတစ်ခု။
သတို့သားကတော့ သတို့သမီးအိမ်သို့ နံနက် ၉ နာရီလောက်မှ လူပျိုရံများနှင့်လာရ၏။ ဤအခါမှာ သတို့သမီးဘက်က အမျိုးသမီးကြီးများက အိမ်ပေါက်ဝမှ
ဆီးကြိုကာ
“ဆင်ပါလား၊ မြင်းပါလား”
မေး၍ သတို့သားဘက်က လူကြီးလုပ်သူက
“ဆင်ပါတယ်၊ မြင်းပါတယ်”
“စိန်ပါလား ရွှေပါလား”
“စိန်ပါတယ် ရွှေပါတယ်"
အနှီသို့ စကားဆိုပြီးကြမှ အိမ်ထဲဝင်ရသည်။
ထို့နောက် ကန်တော့ထွက်၊ ဘိသိက်ဆရာက
ဘိသိက်ပေး၍ မင်္ဂလာပွဲပြီးသော် သတို့သားသည် လူပျိုရံများနှင့်အတူ အိမ်သို့ပြန်။
ညသူငယ်အိပ်ဆိတ်ချိန်လောက်မှ သတို့သမီးအိမ်သို့ ပြန်ပို့၍ အိပ်ခန်းအပ်ရသည်။ ထိုပို့သူများ ပြန်သွားတော့မှ သတို့သမီးအိမ် ဆိတ်ငြိမ်သွားလေသတည်း။
ဤကား မောင်စိန်မြိုင် ရည်းစားထားခဲ့၍
အိမ်ထောင်ကျခဲ့ပုံ၊ သုံးနှစ်သုံးမိုး ကတိသစ္စာတွေ ထားပြီးကြရာမှ မင်္ဂလာဆောင်ကိစ္စ ပြီးသည်အထိ။
ဟော ယခု ကိုစိန်မြိုင် ဒုတိယမိန်းမ ရလိုက်ပုံကား...
လွန်ခဲ့သည့် အခန်းတွင် ဖော်ပြခဲ့သည့်အတိုင်း ရုပ်ရှင်တစ်ပွဲ အတူကြည့်ပြီးသည်နောက် မကြင်စွမ်အိမ် ရောက်သွားသည်တွင် ကိုစိန်မြိုင်သည် အိမ်ရှေ့ခန်းရှိ
သူ့အိပ်ရာ ဝင်တော့မည်အပြု မကြင်စွမ်၏ အခန်းတံခါးသည် ညင်ညင်သာသာလေး ပြန်ပွင့်လာ၍ ကိုစိန်မြိုင် လှမ်းကြည့်လိုက်တော့ အတွင်းက မီးရောင်စိမ်းလဲ့လဲတွင် မကြင်စွမ်ခေါင်းတစ်လုံး ပြူလာလျက်
မျက်နှာက ပြုံးစိစိနှင့် ကိုစိန်မြိုင်အား မျက်စိကလေးတစ်ဖက် မှိတ်ပြပြီး လက်ညှိုးကလေးလှုပ်၍ ခေါ်လိုက်လေသည်။
ယင်း မကြင်စွမ်၏ လက်ညှိုးကလေး
တစ်ချက်လှုပ်၍ ကွေးလိုက်ခြင်းသည် စင်စစ်အားဖြင့် အသံတိတ်ကိရိယာ တပ်ထားသော သေနတ်မောင်းခလုတ်ကို ည လူသူကင်းမဲ့သော အချိန်ကောင်းတွင်
ပစ်ကွင်းအား တည့်တည့်ကြီးချိန်၍ ဖြုတ်လိုက်ခြင်းတည်း။
ဘာသေနတ်နည်း။ ဘာကျည်ဆန် ထွက်သွားသနည်း။
ကျွန်ုပ်တို့ သူတို့ အခန်းကို ပြန်ကြည့်ကြစို့။
(၅)
အိုး... မောင်စိန်မြိုင် အတိတ်ဟောင်း ပြန်ပြောင်းနေတာနဲ့ ကျုပ်တို့ နောက်ကျသွားပြီဗျို့။ မနက် လင်းအားကြီးအချိန် ရောက်သွားပြီကော။ ထိုအချိန်မှာ
မကြင်စွမ်အိပ်ခန်း ခုတင်ကြီးပေါ်မှာ မကြင်စွမ်
တစ်ယောက်တည်း ရှိတော့တယ်ဗျ။ ကိုစိန်မြိုင်
ဘယ်ရောက်သွားသလဲ။ အလဲ့လဲ့ ဘသားချော
ညဥ့်ဦးက ဟိုအဒေါ်ကြီး သူ့အတွက် ပြင်ပေးထားတဲ့ အိမ်ရှေ့ခန်းက အိပ်ရာထဲမှာ အစန့်သားပါကလား။
လင်းကြက်တွေဆော် အရှေ့ပြုဗ္ဗာက ရောင်နီပျို့လာပြီ။ သည်တော့ မကြင်စွမ် အဒေါ်ကြီး အိပ်ရာက ထလာသည်။ အိမ်ရှေ့ခန်းက ခြင်ထောင်ထဲမှာ အရပ်ရှည်တဲ့ ကိုစိန်မြိုင်ခြေထောက်က ဖောင်းထွက်နေတာမြင်ရသည်။
သည်နောက် မကြာမီ မကြင်စွမ် သူ့အခန်းထဲက ထွက်လာတယ်။ အင်္ကျီလျော့ရဲရဲကို ကြယ်သီးတပ် ရင်း
ကိုစိန်မြိုင်ခြင်ထောင်နား ရောက်တော့...
“မောင်ကြီး နိုးပြီလား အိပ်တုန်းလား”
“ဪ... နိုးပါပြီ မကြင်စွမ်”
“ညက အိပ်ကောင်းလား အိပ်ပျော်လား”
“အိပ်ကောင်းပါတယ် အိပ်ပျော်ပါတယ်ဗျာ”
“အိပ်ရေးကော ဝရဲ့လား၊ ပြန်နှပ်ချင်နှပ်ဦးလေ''
“မလိုပါဘူး၊ အိပ်ရေးဝနေပါပြီ"
“ဟုတ်ရဲ့လား ကျွန်မတို့ ရုပ်ရှင်ကပြန်တော့ ၁၁ နာရီထိုးတာပဲ"
“ကျွန်တော်က အိပ်ရာထဲဝင်ဝင်ချင်း ပျော်သွားတာဗျ”
“ဟုတ်လား၊ ကျွန်မလဲ တုံးလုံးလှဲလိုက်တာနဲ့ ပျော်သွားတာပဲ''
အဒေါ်ကြီးသည် အိမ်သန့်ရှင်းနေ၏
ကိုစိန်မြိုင် ခြင်ထောင်ပြင်ထွက်ပြီးသောအခါ မကြင်စွမ်က သူ့အိပ်ရာကို သိမ်းရင်း အဒေါ်ကြီးအား...
“ဒေါ်ဒါရေ တံမြက်စည်း ကျွန်မလှည်းထား
လိုက်ပါ့ မယ်၊ လက်ဖက်ရည်နဲ့ မုန့် သွားဝယ်ချေပါ၊ မောင်ကြီး ဘာမုန့် စားမလဲ၊ ပေါင်မုန့်ထောပတ်သုတ်လား၊ နံပြားနဲ့ မလိုင်လား”
“အို... ဘာဖြစ်ဖြစ်ပေါ့”
“ဒေါ်ဒေါ်ရေ နှစ်မျိုးစလုံးသာ ဝယ်ခဲ့”
အဒေါ်ကြီးက အိမ်ပေါ်ကဆင်းသွားသောအခါ၌
သူတို့ နှစ်ယောက် ပွေ့ဖက်လိုက်ကြသည်။
“ကိုမြိုင် ရေချိုးလိုက်ရင်ကောင်းမယ် ပြန်လန်းဆန်းသွားမယ်"
“ရေလဲပုဆိုး ရှိလို့ လား”
“မလိုပါဘူး၊ အကြင်တို့ ရေချိုးခန်း လုံပါတယ်
အကြင်လဲချိုးမယ်၊ လာ.. လာ အဒေါ်ကြီး ပြန်မလာခင် ပြီးသွားအောင်”
နာရီဝက်ကျော်သောအခါ သူတို့ မုန့်များ လက်ဖက်ရည်များ စားသောက်ပြီးကြပြီ။ မကြင်စွမ်သည် ထမင်းဆိုင်အတွက် အမဲသားငါးများဝယ်ရန် အဒေါ်ကြီးအား ပိုက်ဆံပေး၍ လွှတ်လိုက်၏။ တောင်းတွေခြင်းတွေနှင့် အဒေါ်ကြီးသည် နေ့စဉ် လာကြိုနေကျ လန်ချားပေါ် တက်သွားသည်၌ မကြင်စွမ်သည် အိမ်ရှေ့တံခါး မင်းတုပ်ချလိုက်ပြီး
အပြေးကလေးခုန်ပေါက်လာကာ ကိုစိန်မြိုင့်ပေါင်ပေါ် စွေ့ခနဲ တက်ထိုင်၍ လည်ပင်းယီးလေးခိုလျက် ချစ်ရေးကြွယ်ကြသည်။
ဗိုက်စူစူ ခြေတံလက်တံတိုတို အသားအရေပျော့စိစိဖြင့်
ဖားပြုတ်ကိုယ်နှင့်တူသော တရုတ်အိုကြီးနှင့်
အချစ်မပါဘဲ ပေါင်းဖက်ခဲ့ရသော မကြင်စွမ်သည် ရင်အုပ်ကားကား ခါးကျင်ကျင်နှင့် အသားအရေ မာကျောသော တောသားကိုစိန်မြိုင်ကို အားရလှချေသည်။
“ကိုမြိုင့် လက်မောင်း ကြွက်သားကြီးတွေက သိပ်အားရှိတာပဲ၊ အကြင့်ကို ပွေ့ချီသွားပြီး အိပ်ရာထဲ ပို့ကွာ”
မကြင်စွမ်ဂေဟာသည် ဆင်းရဲသားအိမ်
ခပ်ငယ်ငယ်ဖြစ်သော်လည်း သူ့အိပ်ခန်းထဲက စက်ရာခုတင်ကြီးကား တရုတ်လူချမ်းသာကြီး စည်းစိမ်ခံသွားသည်ဖြစ်ရာ မွေ့ရာထူထူ၊ အိပ်ရာခင်း လှလှကြီးနှင့် ခေါင်းအုံးများကလည်း အိစက်ပါပေသည်။
ကိုစိန်မြိုင်သည် ဒါမျိုး တစ်ခါမျှ စိတ်ကူးမထည့်ခဲ့ဖူးပါ။ မအေးခနှင့် သူတို့ တောရွာဆင်းရဲသားဘဝ မွေ့ရာခုတင်မရှိဘဲ အိပ်ခန်းကျဉ်းကျဉ်းလေးထဲမှာ
စောင်ခြင်ထောင် မည်းညစ်ညစ်တွေ ခေါင်းအုံး
မာခေါက်ခေါက်နှင့် သားသမီးတွေနှင့် ရောနှောကာ ဝက်သိုက်လို အိပ်စက်ခဲ့ ရသည်။ ယခု အိစက်ညက်ညောလှသော မကြင်စွမ်၏ ဖဲမွေ့ရာပေါ်ရောက်တော့...
ထို့ပြင် မအေးခက တောသူမရိုးရိုးအအ၊ မကြင်စွမ်က ပညာစုံသော တရုတ်လူချမ်းသာကြီးထံမှ နည်းနာရလိုက်သော အပြုအစုနပ်တဲ့ တစ်ခုလပ်မ၊ ယင်းသည်ပင် တောကမောင်ကြီး မခွာနိုင်ပြီ ဖြစ်သွားကာ
ကိုစိန်မြိုင်နှင့် မကြင်စွမ်တို့ တိတ်တိတ်ပုန်း ညား
ကြလေသတည်း။
သို့သော် တိတ်တိတ်ပုန်း ဆိုသည်မှာ လောကဖြစ်စဉ်၌ အဆုံးသတ်မဟုတ်ချေ။ တိတ်တိတ်ပုန်းသည် ပေါ်ပေါက်ခြင်း၏ အဖူးအငုံမျှဖြစ်၏။ ယင်းအဖူးအငုံသည် အခန့်မသင့်၍ နွမ်းကြွေ၍ သွားလျှင် သွားမည်။ သို့မဟုတ်လျှင် ပွင့်အာခြင်းဖြင့် ပေါ်ပေါက်ရပေလိမ့်မည်။ ယခု ကိုစိန်မြိုင်နှင့် မကြင်စွမ်တို့၏ တိတ်တိတ်ပုန်းဖူးငုံသည် မနွမ်းမကြွေ လန်းဆန်းသည်ထက် လန်းဆန်းလာခဲ့လေရာ နောက်ဆုံး၌ စွင့်စွင့်အာအာကြီး ပွင့်လေသတည်း။
ယင်းသို့ဖြင့် နှစ်ဖက်စလုံး၏ ပတ်ဝန်းကျင်က
သိလာကြသောအခါ မကြင်စွမ်ဘက်ကတော့ လင်ငယ်မယားငယ်နေတာ မဆန်းသော မြို့ပေါ်တွင်လည်း ဖြစ်ပြန်၊ မကြင်စွမ်ကိုယ်တိုင်ကလည်း ယခင်က တရုတ်ကြီးတယောက်၏ အမြှောင်မယားလည်း ဖြစ်ခဲ့သဖြင့် သူ့ဘက်က ဘာမျှ အကြောင်းမထူးလှသော်လည်း တစ်လင်တစ်မယားမှ ဖောက်ပြန်ခြင်းကို
အလွန် အရေးထားသော ကျေးတောသား
ကိုစိန်မြိုင်ဘက်မှာ ပြဿနာကြီး တက်ရပါတော့၏။
ဆွေမျိုး လူကြီးများက...
“မောင်စိန်မြိုင်ရေ တို့ ကြားတာ ဟုတ်သလားကွာ၊ သားကြီးမယားကြီးနဲ့ ဟာပဲ၊ ရပ်တန်းက ရပ်လကွာ”
ကိုစိန်မြိုင့်မယား မအေးခက...
“ဆွေမျိုးသားချင်းတွေထဲမှာ ကျုပ်ရှက်လှပြီ၊ တော့်ဟာတော် ဖြတ်နိုင်ရင်ဖြတ်၊ မဖြတ်နိုင်ရင် ဒီက အပြီးဆင်းသွားပါ"
ကိုစိန်မြိုင်သည် မယားနှစ်ယောက်အကြား တစ်ဖက်ဖက် ရွေးရတော့မည်။ မကြင်စွမ်ဘက်ကလည်း “ကိုမြိုင့်မယားကြီးသာ ပြတ်နိုင်မယ်ဆိုရင် အကြင်ကတော့ ဝမ်းသာအားရပေါ့၊ အိမ်မှာ အပြီးအပိုင်သာ လာနေပါတော့ အချစ်ရယ်”
ဤနေရာတွင် စာဖတ်သူသည် ကိုစိန်မြိုင်နေရာတွင် ဝင်၍ စဉ်းစားပေရော့...။
ကိုယ်ကာယ သက်သာမှု၊ သာယာမှု ကြည့်လိုက်စမ်း။ တောကမယားနှင့် ပေါင်းနေခြင်းသည် တောနေပြီး
တောအလုပ်လုပ်၍ တောစားစား၊ တောဝတ်ဝတ်နေရသည်။ မြို့သူမကြင်စွမ်နှင့်ဆိုပါက မြို့နေနေ၊ မြို့စားစား၊ မြို့ဝတ်ဝတ်၊ ဟော အလုပ်ကလည်း
ဘာမျှပင်ပင်ပန်းပန်း လုပ်စရာမလို။ မသကာ ထမင်းဆိုင်မှာ ကူညီရရုံပဲပေါ့။ နို့ပြီး အေးခနှင့် မကြင်စွမ်ရုပ်ရည်နှင့် အရွယ်ချင်းကကော ကြည့်လိုက်စမ်း၊ မင်းသမီးနှင့် အပျိုတော်ကြီးပေတကား။
သို့နှင့် ကိုစိန်မြိုင်သည် တောရိပ်မြုံမှ မြို့သို့
ခိုလှုံခဲ့သတည်း။
(၆)
စင်စစ် ဘဝ၏ အကောင်းအဆိုး၊ အကြောင်းအကျိုးသည် တစ်သမတ်တည်း မရှိပေ။ အခြေအနေ အချိန်အခါအလျောက် ပြောင်းလဲလျက်သာ ရှိချေသည်။
ကိုစိန်မြိုင် မကြင်စွမ်ဆီရောက်စမှာ သေသေချာချာကြီး ထူးခြားသွားလေသည်။ အနေ၏ ကောင်းခြင်း၊ အစား၏ ကောင်းခြင်း၊ အတွေ့၏ ထူးခြားခြင်း၊ အလုပ်၏ သက်သာခြင်း။
တောမှာနေစဉ် ကိုစိန်မြိုင်သည် နံနက်စောစောမှာ လက်ဖက်ရည်ကြမ်းနှင့် ထမင်းကြမ်းနှင့် ပဲပြုတ်နှင့်။
ဒါတောင်မှ သိပ်မှန်လှသည်မဟုတ်။ ယခုမကြင်စွမ်ဆီမှာ လက်ဖက်ရည်အချိုနှင့် ပေါင်မုန့်၊ သို့မဟုတ် နံပြား ထောပတ်သုတ်၊ ယိုသုတ်နှင့်။ ထမင်းစားရာမှာကား
အထူးပြောစရာမရှိပြီ။ တောမှာ နေတုန်းက ငါးပိရည် တို့စရာသာ အခြေခံထားခဲ့ရသော
ကိုစိန်မြိုင်မှာ ယခုသူ့မယားက ထမင်းဆိုင်ဆိုတော့ သားငါးဟင်းမျိုးစုံကို ကြိုက်ရာ သဘောရှိကရောဟိ။
နို့ပြီး ထမင်းဆိုင်ဗာဟီရ ကူညီရတာကော တောက လယ်သမားတစ်ယောက်အဖို့ ဆန်အိတ်ကြီးထမ်းနေရာမှ မှို့ခေါင်းအုံး
မ, ရသည်မျှ။
ယင်း၌ ကိုစိန်မြိုင်စိတ်တွင် အာဂပါးစပ်၊ လူဖြစ်ကျိုး နပ်လေခြင်း၊ ငါလိုလူ ဇဗ္ဗူရှိသေးရဲ့လား။
သို့သော် အနေအစား၏ ကောင်းခြင်း မကောင်းခြင်း။ အလုပ်၏ သက်သာခြင်း မသက်သာခြင်းသည် ယတိပြတ် ရှိသည်မဟုတ်။ အချိန်ကာလနှင့် အလေ့အကျင့်ပေါ်မှာသာ တည်လေသည်။
ဆီဦးထောပတ်ချည်း စားနေရသူသည် ဒါချည်းစားနေရတော့ ငါးပိရည်ချည်း စားနေရသူနှင့် မထူး တော့ပြီ။ မှို့ခေါင်းအုံးချည်း မ, နေရသူသည် ဒါချည်း မ, နေရတော့ ဆန်အိတ်ချည်းထမ်းနေရသူနှင့် မထူးတော့ပြီ။
ငါးပိချည်း စားနေရသူသည် ဆီဦးထောပတ်ကို
တစ်နပ်နှစ်နပ်မျှ စားလိုက်ရတော့ အောင်မယ်လေး ကောင်းလှချည့်၊ ဆန်အိတ်ချည်း ထမ်းနေရသူသည် မှို့ခေါင်းအုံး မ, ရတော့ အောင်မလေး သက်သာလှချည့်။ သို့သော် ထာဝစဉ်ဖြစ်လာတော့
အတ္တသဘောမှာ ခြားနားမှုမရှိတော့ပြီ။ တာဝန်ဟာ တာဝန်ပဲ။ အစာဟာ အစာပဲ။
စင်စစ်တော့ လူတိုင်းသည် တစ်နေ့စာ အစာစားခြင်းနှင့် တစ်နေ့တာဝန် ထမ်းဆောင်ရခြင်းနှင့် တစ်ညတာ အိပ်စက်ပြီး နောက်တစ်နေ့မနက်မှာ မနေ့ကအတိုင်း ပြန်စရခြင်းပဲ မဟုတ်ပါလား။ ဒါကြောင့် ဘဝစက်ဝိုင်း ချာချာလည်လို့ ဆိုကြ။
ကိုစိန်မြိုင်သည် မကြင်စွမ်ဆီရောက်ပြီး တစ်နှစ်ကနှစ်နှစ်၊ နှစ်နှစ်မှသုံးနှစ် မြောက်သည်၌ သူ့ကိုယ်သူ သုံးသပ်၍ ဤသဘောတရားကို စဉ်းစားမိလာတော့သည်။ သည်တော့ သူဝမ်းနည်းစ ပြုလေပြီ။
ကြည့်စမ်း သူ့ဘဝ ပြောင်းလဲလာတဲ့
အခြေအနေကို။ ယခင် တောမှာနေစဉ်က ရွာ၏
ကာလသား ခေါင်းဆောင်၊ ရွာ၏ တီးဝိုင်းခေါင်းဆောင်၊ ရွာ၏ သာရေးနာရေးဟူသမျှ သူမပါလျှင်မပြီး၊ သူက
ရှေ့တန်းမှ ခေါင်းဆောင်ရသည်။ လူငယ်များအပေါ်မှာ စီမံခန့်ခွဲရသည်။
ယခု မြို့ရောက်တော့ မကြင်စွမ်၏ ထမင်းဆိုင်မှာ စားပွဲထိုးမျှပါတကား။ မြို့ပေါ်တွင် မည်သူကမျှ သူ့အား
လူရာမသွင်းသည့်အပြင် အချို့က “တရုတ်ကြီး
အမြှောင် မယားဟောင်းရဲ့ အကောင်၊ တောသား” တဲ့။ ဂုဏ်သိက္ခာချင်း ဘာဆိုင်တော့သနည်း။
မိမိဇာတိကျေးရွာက လူများကလည်း မိမိအား အထင်မကြီးတော့ပြီ။ အပြစ်မဲ့ သော မယားအား
သစ္စာဖောက်သူ၊ လူမမည် သားသမီးလေးတွေ
မျက်နှာမျှ မထောက်သူဟု ယူဆကြပြီ ဟူ၍
သူ့အမြင်နှင့်သူ စီရင်ချက်ချမိလေပြီ။ စင်စစ်တော့ ဖြစ်စခဏတွင်သာ သူ့အား ဤသို့ ဆိုသူက ဆိုကြမည်မှန်သော်လည်း အဘယ်သူသည် တစ်စုံတစ်ယောက်၏ အမှုကို အသို့လျှင် နှစ်ရှည်လများ စဉ်းစားနေနိုင်ပါအံ့နည်း။ သို့ သော် အပြစ်ရှင်ကိုယ်တိုင်မှာကား ထာဝစဉ် မေ့ပျောက်မရနိုင်တော့ပေ။ ယင်းသည်ပင် ကိုယ့်အပြစ် ကိုယ်ခံရသည် မည်ပါ၏။
ထို့ကြောင့် ကိုစိန်မြိုင် ရွာသို့ ကောင်းကောင်းမသွားဝံ့တော့ချေ။ တစ်ခါတစ်ရံ မလွဲမရှောင်သာ၍ ရောက်သွားသည်မှ ဟိုလူ့ရွံ့ရွံ့၊ သည်လူ့ရွံ့ရွံ့ ရှိုးတိုးရှန့်တန့်။ မြို့ပေါ်သို့ ခေတ္တခဏ ရောက်လာ ကြသော
ကိုယ့်ရွာသားများကိုလည်း မတော်တဆတွေ့မှ ရဲရဲမကြည့်ဝံ့။ အထူးသဖြင့် သူ့မယားဘက်မှ ဆွေမျိုးများနှင့် ရပ်ရွာမှ လူကြီးသူမများကို ရှောင်လေသည်။
မအေးခကား သူ့အား ဖြစ်စကလွမ်းဆွေးခြင်းကို
နာကြည်းခြင်းဖြင့် ပြည်ဖုံးကား ချလိုက်သည်။ သားသမီးများအား “နင်တို့ အဖေ မရှိတော့ပြီ” ဟု ကိစ္စဖြတ်လိုက်သည်။ တစ်စတစ်စ စိတ်ဒုက္ခ ရောက်ရသူက ကိုစိန်မြိုင်။
ယင်းသို့ ကိုစိန်မြိုင် နေခဲ့ရသည်မှာ တဖြည်းဖြည်း ငါးနှစ်မှ ဆယ်နှစ်၊ ဆယ်နှစ်မှ အနှစ်နှစ်ဆယ် ချဉ်းခဲ၍
သူ့ အသက်လည်း ၆ဝ ကပ်ခဲ့ချေပြီ။
အထူးသဖြင့် ကိုစိန်မြိုင် တွေးမိတိုင်းရင်နာရသည်မှာ
သူ့သားသမီးလေးများ ဖြစ်ကြသော ဇာတိပ်ဖိုနှင့်
ဇာတိပ်မတို့သည် သူ့အား ဖခင်ဟူ၍
အသိအမှတ်မပြု။ ယခုဆိုလျှင် အသက် ၃၀ ကျော်ကြ၍ သူတို့ အိမ်ထောင်များကျပြီး သားသမီးတွေနှင့် ဖြစ်လာနေကြလေပြီ။
တကယ်တမ်း သူ၏ နောက်အိမ်ထောင် မကြင်စွမ်က ကလေးမွေးမယ်ဆိုလျှင် ကိုစိန်မြိုင်မှာ အစားထိုးစရာရ၍ ဤမျှ စိတ်မထိခိုက်တန်ရာ။ ယခုမူ သားသမီးမလိုချင်
ခြေတော်သာတင်လိုသော တရုတ် လူချမ်းသာကြီး၏ အမြှောင်မယားဖြစ်ခဲ့ဖူးသူ မကြင်စွမ်မှာ သားသမီး ထွန်းကားရန် အကြောင်း မရှိတော့ချေ။
ဇာတိပ်ဖိုနှင့် ဇာတိပ်မတို့သည် တစ်ခါတစ်ရံ ဈေးသို့ လာကြပြီဆိုလျှင် လိုက်လံချောင်းကြည့်လေ့ရှိသော
ကိုစိန်မြိုင်၏ အဖြစ်ကို မကြင်စွမ်သိ၍ သူ ကလေးမမွေးနိုင်သည့်အတွက် အလွန်ဝမ်းနည်းကြောင်း၊ ချစ်လင်အား ပြောကြားပါ၏။ သူ့အား
သူ့မိဘလက်ထဲက ငွေနှင့်ယူခဲ့သော တရုတ်အိုကြီးကို နာကြည်းမိသည်။ သားသမီးကို ငွေနှင့်လဲလေ့ရှိသော
သူတို့ လူမျိုးတွေ ဓလေ့ကိုလည်း စက်ဆုပ် ရွံရှာ၏။
စင်စစ်တော့ မကြင်စွမ်အဖို့ ကိုစိန်မြိုင်သာလျှင် အချစ်ဦး ချစ်လင်ပါတည်း။ အစစအရာရာ ကိုစိန်မြိုင်စိတ်ကြိုက် လိုက်ပါသည်။ ကိုမြိုင်
ကိုမြိုင်နှင့် နာမည်အဖျားဆွတ်ကလေး ခေါ်ပါသည်။ သို့သော် ကိုစိန်မြိုင်အဖို့တွင်ကား လောက၌ ယောက်ျားတစ်ယောက်သည် မယားတစ်ယောက်၏ အချစ်ကို ရရုံ၊ အစားကောင်းကောင်း စားရရုံ၊ အနေကောင်း နေရရုံ၊ အဝတ်ကောင်းကောင်း ဝတ်ရရုံနှင့် လူ့ဘဝ လူ့တာဝန်သည် ပြည့်စုံပါလေရောလား
ဟူသော မေးခွန်း၏ အဖြေကို ကိုစိန်မြိုင်သည်
သူ့အသက် တစ်နှစ်ထက်တစ်နှစ် ကြီးကြီးလာသည်နှင့်အမျှ သိသည်ထက် သိသိလာခဲ့လေပြီ။
စင်စစ်တော့ ကိုစိန်မြိုင်သည် မဖောက်ပြားခဲ့ဘဲ
မိမိပထမအိမ်ထောင်နှင့် မိမိရွာမှာသာ
ဖြစ်ခဲ့ချေလျှင် ယခုအသက် ၆၀ လောက်မှာ သားသမီးတွေ မြေးတွေ ပြည့်ပြည့်စုံစုံနှင့် ကျေးရွာလူကြီး ဖြစ်နေကာ သာသနာဘာသာအကျိုး၊ ရပ်ရွာအကျိုးကို
သယ်ပိုးခဲ့၊ သယ်ပိုးဆဲ ဖြစ်နေပေမည်။ ငယ်စဉ်ကပင် ရပ်ရွာ ကာလသားခေါင်းဖြစ်ခဲ့ရာ ယခုဆိုလျှင် လူကြီးတစ်ယောက်အနေနှင့် တစ်ရွာလုံး၏ ရိုသေလေးစားခြင်းကို ခံရပေမည်။
ယခုမူကား ဘာမျှ လူတစ်ယောက်အနေနှင့် မထင်ရှားဘဲ သည်လင်သည်မယား တစ်ဝမ်းတစ်ခါးအတွက် ထမင်းဆိုင်ကို လုံးပမ်းနေရရာ နေ့စဉ် မိမိအလုပ်မှာ အိမ်တွင် သားခုတ်၊ ငါးခုတ်။ ဆိုင်မှာ ဆိုလျှင်...
“ကြက်သားရမယ်၊ ဝက်သားရမယ်၊ အမဲသားရမယ်၊ ဆိတ်ကလီဇာရမယ်”
"ကြောင်သားကော မရဘူးလားဗျ''
တစ်နေ့သ၌ ကိုစိန်မြိုင်သည် သူ့ထမင်းဆိုင်တွင် သူ့တာဝန်အတိုင်း ဟင်းအမည်တွေ ကြွေးကြော်၍ ဈေးခေါ်နေစဉ် အထက်ပါအတိုင်း မဟုတ်မဟတ် ကြားဖြတ်မေးခြင်းခံရ၍ ထိုလူဘက် လှည့်ကြည့်လိုက်တော့ သူ ရုတ်တရက် ဝမ်းသာအားရဖြစ်သွားကာ...
“ဟာ... မောင်ကျော်အေးပါလား မင်းဘယ်တုန်းက ရောက်တာလဲ”
“အခုပဲ မီးရထားက ဆင်းလာခဲ့ တာ၊
အိမ်ကဟာတွေတော့ မြင်းရထားတစ်စီးနဲ့ ရွာကိုသွားနှင့်ကြပြီ၊ ကျွန်တော်ကတော့ ဒီမြို့ထဲမှာ ဖိတ်စာတွေ ပေးစရာရှိသေးတာနဲ့၊ ရော့ ဟောဒါက ခင်ဗျားဖို့”
ကတ်ထူစက္ကူချောနှင့် ရန်ကုန်မြို့ နာမည်ကြီး ဝင်းမောက်ပုံနှိပ်တိုက်မှ ကျကျနန ရိုက်ခဲ့ သော ရှင်ပြု တရားတော်နာ ဖိတ်စာတခုကို ကိုစိန်မြိုင်လက်ထဲ ထည့်သည်။
“ခင်ဗျားကြီး ဆက်ဆက်လာရမယ်နော်”
မောင်ကျော်အေးဆိုသည်မှာ အသက် ၄ဝ ကျော် ရှိချေပြီ။ ဇာတိက ကိုစိန်မြိုင်တို့ ရွာသာကုန်းသား
ဖြစ်သည်။ သူ့မိဘများက လယ်ပိုင်ရှင်နှင့် ငွေကြေးချမ်းသာ၍ ခေတ်ပညာကို ပေါက်မြောက်အောင် သင်နိုင်ခဲ့သဖြင့် ရန်ကုန်မြို့မှာ ရာထူးကြီးနှင့် နေထိုင်ခဲ့ရာ ယခု ဇာတိကိုပြန်၍ သူ့သားသမီးများ ရှင်ပြုနားသမင်္ဂလာ ဆင်ယင်ကျင်းပမည်။
ရွာမှာနေကြစဉ်က မောင်ကျော်အေးနှင့် ကိုစိန်မြိုင်သည် အင်မတန် ခင်မင်ကြသည်။ အသက် ၂ဝ ကွာ လူကြီးနှင့်လူငယ်ပင် ဖြစ်သော်လည်း ကာလသားသဘာဝအလျောက် သူငယ်ချင်းလို နေခဲ့ကြသည်။
ကိုစိန်မြိုင်အိမ်သည် မောင်ကျော်အေး၏ စား
အိမ်သောက်အိမ် ဖြစ်ခဲ့သည်။ ငွေကြေးရွှင်သူ
မောင်ကျော်အေးက ကြက်သားဘဲသား
ဝယ်ချက်၍လည်းကောင်း၊ ညည သူတို့ကျေးရွာသဘာဝအလျောက် ကြောင်လိုက်၍လည်းကောင်း ထန်းရည်များနှင့် ပျော်ပွဲစားလေ့ရှိခဲ့ ကြသည်။
ထို့ကြောင့် မောင်ကျော်အေးက
ဖော်ပြခဲ့သည့်အတိုင်း “ကြောင်သားကော မရဘူးလားဗျ” ဟု မေးလိုက်သည်၌ သူတို့ နှစ်ယောက်စလုံးပင် ရှေးဟောင်းပြန်ပြောင်း သတိရကြကုန်သည်။ သူတို့နှစ်ယောက်စလုံးပင် ကြောင်သား အလွန်ကြိုက်ကြ၍ အခြားလူထောင်၍ ရသောကြောင်ကိုလည်း ပိဿာချိန် ကြက်သားဈေးပေး၍ မောင်ကျော်အေးက ဝယ်ချက်စေ၏။
ထို့ပြင် သူတို့ နှစ်ယောက် နောက်တစ်ခု တူတာရှိသေးသည်။ ကိုစိန်မြိုင် မကြင်စွမ်နှင့် ညား၍ ရွာမှ ထွက်ခဲ့သည်နှင့် မောင်ကျော်အေး ၁၀ တန်းအောင်၍ ရန်ကုန်တက္ကသိုလ် ရောက်ခဲ့သည်မှာ တစ်နှစ်တည်း ဖြစ်လျက် မောင်ကျော်သည် ဘီအေအောင်၍ ရန်ကုန်မှာပဲ အလုပ်ရ၊ အိမ်ထောင်ကျခဲ့ ပြီးနောက်
တစ်နှစ်လျှင် တစ်ခေါက် နှစ်ခေါက် သူ့မိဘရပ်ထံ ရွာသို့ ပြန်လေတိုင်း မြို့ပေါ်ရှိ ကိုစိန်မြိုင်၏ ထမင်းဆိုင်မှာ သူဝင်၍ နှုတ်ဆက်လေ့ရှိသဖြင့် ငယ်စဉ်က သူတို့ ခင်မင်မှုမှာ ယခု အသက် ၄၀ နှင့် ၆၀ တိုင်ကျအောင် ပြောင်းလဲမှုမရှိခဲ့ချေ။
ထို့ကြောင့် မောင်ကျော်အေးသည် ကိုစိန်မြိုင်ဆိုင်မှာ သူစားချင်တာတွေ စားသောက်ပြီးနောက်...
“ကဲ.. ဒီဖိတ်စာတွေ လျှောက်ပေးစရာလဲ ရှိသေးတယ်၊ ကျွန်တော်သွားမယ် ကိုစိန်မြိုင်၊ ခင်ဗျား ကျွန်တော့်အလှူကို ဆက်ဆက်လာဖြစ်အောင် လာနော်၊ ကျွန်တော့်သဘောတော့ မကြင် စွမ်ပါ
လိုက်စေချင်တယ်”
“ဟယ်... ငါတော့ ဘယ်လိုက်လို့ ဖြစ်မလဲ၊ ဒီထမင်းဆိုင် ပိတ်လို့ မဖြစ်ဘူး၊ နေ့စဉ်စားတဲ့ ဖောက် သည်တွေနဲ့”
“ကောင်းပြီဗျာ ကိုစိန်မြိုင်တော့ ခင်ဗျား လွှတ်ဖြစ်အောင် လွှတ်ပါ”
ထို့ကြောင့် ကိုစိန်မြိုင်သည် အစက ဖော်ပြခဲ့သည့်အတိုင်း... သြော် သူ့ အသက် ၆၀ ရှိနေပြီပဲ။ ဦးစိန်မြိုင်လို့ ရေးသင့်သပေါ့။ ဟုတ်ကဲ့။
ဆိုက်ကားပေါ်က ဦးစိန်မြိုင်သည် ထိုရွာနားသို့ နီးလာလေလေနှင့် မျက်နှာမှာလည်း တဖြည်းဖြည်း ရွှင်ပျမှု ကင်းလာသည်။ အထူးသဖြင့် သူယခု သူများ၏ သားရှင်ပြုလာရင်း သူ့စိတ်ထဲ ထိခိုက်လှသည်မှာ သူ့သားသူ ရှင်မပြုလိုက်ရခြင်း ဖြစ်ပေသည်။ ဗုဒ္ဓဘာသာ မြန်မာလူမျိုးတို့ မှာ သားယောက်ျားလေး မွေးဖွား၍ ကိုယ့်သားကိုယ် ရှင်ပြုလိုက်ရခြင်းသည်
လူဖြစ်ကျိုးနပ်သော အကြောင်းကြီးတစ်ချက် ဖြစ်ပေသည်။
သရက်ကုက္ကို ဝါးပင်တွေဝိုင်းပါလို့
ရွက်အုပ်ညို ဆင်ဝေမှိုင်းချေတော့
မြင်လေတိုင်း သာပ ကြည်နူးဖွယ်။
ကဗျာဝါသနာပါသော မောင်ကျော်အေး ၉ တန်းက ကိုစိန်မြိုင်တို့ တီးဝိုင်းမှာဆိုဖို့ သူတို့ရွာအကြောင်း လေးချိုးကို ရေးပေးသည်။
ကိုစိန်မြိုင်သည် ယခုဤတစ်ပိုဒ်သာ မှတ်မိတော့၏။ တကယ်ပဲ သူတို့ သာယာကုန်းမှာ သရက်ပင်တွေ
ကုက္ကိုပင်တွေ၊ ဝါးရုံတွေ ဝိုင်း၍ စိမ်းစိမ်းညိုညို
စိုစိုပြည်ပြည်နှင့်။ ကြည့်ရှု၍ပသာဒမှာ ကြည်နူးဖွယ် ကောင်းပါ၏။ သို့သော် ဦးစိန်မြိုင်မှာကား မကြည်နူးနိုင်တော့ပါ။
တာရိုးမှ ရွာကိုဝင်ရန် တောင်ပေါက်မြောက်ပေါက်ရှိရာ ယခု မြို့မှလာသူသည် မြောက်ပေါက်မှ ဝင်ရချေမည်။ ထို့ ကြောင့် ဆိုက်ကားသမားသည်
ဤနေရာရောက်သည်၌ လမ်းဘေးချိုးဆင်း
လိုက်သည်ရှိသော် ဦးစိန်မြိုင်သည် အလန့်တထိတ်နှင့် ဆိုက်ကားသမားလက် ဆွဲကိုင်လိုက်ပြီး...
“ဟေ့.. ဒီဘက်က မဝင်နဲ့ကွ”
“ဘာလို့လဲ ဘကြီး၊ ဦးတိုးကြွယ်သား ကိုကျော်အေး အလှူ သွားမှာမဟုတ်လား၊ ဒီဘက်ပေါက်က နီးတာပေါ့ဗျာ၊ ဟိုဘက်ကဆို ဒီဘက်အများကြီး ပြန်လာနေရဦးမှာ”
“မဟုတ်ဘူးကွ၊ ငါ ဟိုတောင်ပိုင်း အရင်ဝင်စရာရှိသေးလို့''
“ဪ...ဟုတ်လား”
ဆိုပြီး ဆိုက်ကားသမား ရှေ့ဆက်နင်း၏။
စင်စစ် ဦးစိန်မြိုင်မှာ တောင်ပိုင်း၌ ဘယ်သူ့အိမ်မှ ဝင်စရာမရှိ၊ ဤမြောက်ဘက်ပေါက်မှ ဝင်ခဲ့သော်
သူ့မယားဟောင်း ဒေါ်အေးခနှင့် သူတို့ ဆွေမျိုးတွေ အိမ်များရှေ့ဖြတ်ရမှာ ဖြစ်သောကြောင့်တည်း။
ကြည့်စမ်း ဟိုတုန်းကဆိုလျှင် ရွာတွင် အရဲရင့်ဆုံးသော ကာလသားခေါင်းကြီး။
“ရပ်မိရပ်ဖ လူကြီးလူကောင်းများကို ကန်တော့ပါရဲ့ ခင်ဗျာ၊ ဟေ့... လူမိုက်ဆိုရင်တော့ ထွက်ခဲ့
ဗိုလ်မထားဘူး”
ဟု ကြွေးကြော်ခဲ့ ဖူးပါ၏။
ယခုကား ရွာထဲရောက်လာသော် မည်သည့် အိမ်ကိုမျှ ရဲရဲမကြည့်ဝံ၊ မည်သူ့ကိုမျှ အသံမပြုဝံ၊ အမြုပ်ကီး အမြီးကုပ်၍သာ ဆိုက်ကားပေါ်မှာ ပါလာခဲ့ သည်။
အလှူအိမ်ရှေ့ရောက်သော် ဆိုက်ကားသမားသည် ချွေးသံရွှဲရွှဲနှင့် ထိုးရပ်လိုက်ပြီး
“ဘကြီး တောင်ပိုင်းမှာ ဝင်စရာ ရှိသေးတယ်ဆိုပြီး ဘယ်သူ့အိမ်မှ မဝင်ခဲ့ပါလား”
ဟု မေးသော် သူ့ရင်ထဲတွင် ဒိတ်ခနဲပင် ဖြစ်သွားလျက်...
“အေး.. ဟုတ်ပါရဲ့ ငါမေ့သွားလို့ ကွာ၊ နောက်ပြီးတော့မှပဲ သွားတော့မယ်”
ဟု ဆိုပြီး ဆိုက်ကားခပေး၍
ဆေးလိပ်ထုပ်ပိုက်ကာ အလှူမဏ္႑ပ်ထဲ ဝင်ခဲ့၏။
ဤစဉ်မှာလည်း သူ့ရင်ထဲ တထိတ်ထိတ်ပင်။
မျက်လုံးပေါင်းများစွာက သူ့ကို ကြည့်နေကြလိမ့်မည် ထင်၏။ စင်စစ်သော်ကား သူရွာမှခွာခဲ့သည်မှာ အနှစ် ၂၀ ကျော်ပြီမို့ အသက်အစိတ်သုံးဆယ်လောက် လူငယ်တွေက
သူ့အား မသိကြတော့ပြီ။ သူ့ကို သိကြသူ ရွယ်တူနှင့်၊ မတိမ်းမယိမ်း လူများစွာတို့ လည်း သေပျောက်ကြကုန်ပြီ။
ရန်ကုန်တွင် အနှစ် ၂၀ ကျော်ခဲ့ပြီဖြစ်၍ မြို့သား
မြို့ဟန် ရနေပြီဖြစ်သော မောင်ကျော်အေးသည် မြို့ထုံးစံအတိုင်း အလှူမဏ္ဌပ်ဝမှ ဆီးကြိုလျက် လာလာသမျှလူ နှုတ်ဆက်လျက်ရှိရာ...
“ဟ... ကိုစိန်မြိုင်ကြီး၊ ခင်ဗျား ကျွန်တော် အစောကြီးကတည်းက မျှော်နေတာ၊ နောက်ကျလှပါလားဗျ”
“အာ... ဆိုင်ဖွင့်တာ ကူညီ လုပ်ပေးခဲ့ရသေးတယ်ကွ ရော့ရော့"
ဟု သူ့လက်ထဲက အလှူကူ ဆေးလိပ်ထုတ် ပေးတော့ မောင်ကျော်အေးက
“အား ဒီလိုဆို .ခင်ဗျားနဲ့ ကျွန်တော် နတ်ပြည်မှာလဲ အတူ ဆုံကြဦးမှာပေါ့ နော် ... ဟား”
အလှူရှင်ကိုကျော်အေး ပျော်နိုင်သော်လည်း အပြစ်ရှိခဲ့သူ ဦးစိန်မြိုင်မှာ မရွှင်ပျနိုင်ပါ။ မဏ္ဏပ်ထဲ ရောက်၍ ဘယ်နေရာတွင် ထိုင်ရမည်မသိဘဲ ကြောင်တောင်တောင် ဖြစ်နေရာ သံဃာစင်ပေါ်မှ အသက် ၈၀ ကျော် ကိုကျော်အေးအဖ ဦးတိုးကြွယ်က
“ဟေး… မောင်စိန်မြိုင် ဒီကိုလာကွာ”
ဟု ခေါ်တော့မှ မိမိအသက် ၆၀ အရွယ်သည် သံဃာစင်ပေါ်မှာ ထိုင်ရမည်မှန်း သတိရလျက် အဘိုးကြီးအနီး ရောက်တော့...
“ဦး နေကောင်းရဲ့ လား”
“အေးကွာ သိပ်ကောင်းလှတယ်တော့ မဟုတ်ပါဘူး၊ အသက်က ထောက်လာတော့ တစ်နေ့ ရွှေ၊ တစ်နေ့ငွေဆိုသလိုပေါ့ ကွာ၊ ကဲ လာ တက်၊ ဟောဟိုမှာ မင်းသူငယ်ချင်း ဖိုးမှီတို့၊ ဖိုးနန်းတို့ ရှိလေ ရဲ့"
ဦးဖိုးမှီ နှင့် ဦးဖိုးနန်းက ဤအသံကြားတော့ လက်ဖက်ရည်ဝိုင်းမှ လှည့်ကြည့်လျက်...
“အား.. စိန်ကြီးက မောင်ကျော်အေးအလှူတော့
လာသကိုးကွာ။ လာဟေ့ ထိုင်လကွာ၊ ရော့သောက် လက်ဖက်ရည်”
ဟု ဦးဖိုးမှီက ပန်းကန်ထဲ ငှဲ့ပေး၏။
ဦးစိန်မြိုင်အပြုံးမှာ လျော့ရဲရဲရှိလှသည်။ သူ့အား မင်း သားမယား ပစ်သွားတာ မကောင်းဘူး၊ ဘာညာ ပြောလိမ့်မည်လားဟု ရင်တထိတ်ထိတ်နေသည်။ သို့သော် ဦးဖိုးမှီနှင့် ဦးဖိုးနန်းတို့သည် ခေတ္တမျှ ကြာသောအခါ၌ သူ့အား ရှိသည်ဟူ၍မျှ အမှတ်ထင်မထားတော့ဘဲ သူတို့ အလုပ်ကိစ္စအကြောင်း၊ ခြံအကြောင်း၊ နွားအကြောင်းများသာ
ပြောဆိုနေကြပေတော့သည်။ ယင်း၌ ဦးစိန်မြိုင်သည် သူ့ဘာသာသူ တွေးတောစဉ်းစားနေတော့၏။ သူ
စဉ်းစားမိသည်မှာလည်း အခြားမဟုတ်ပေ။ ဤကျေးတောရွာသားများ၏ ဓလေ့ထုံးစံတည်း။ ယင်းကျေးတောသားတို့သည် လင်ငယ်မယားငယ်နေဖို့ ဝေးဘိတောင်း။ မယားသေလင်သေ၍ နောက်အိမ်ထောင်ပြုခဲလှသည်။ မုဆိုးဖို၊ မုဆိုးမဘဝနှင့် သွားလေသူကို သစ္စာစောင့်သောဂုဏ်နှင့် နေတတ်ကြသည်။ မောင်ကျော်အေးအဖ ဦးတိုးကယ်ဆိုလျှင် သူ့ဇနီးဒေါ်ခင်မြ ဆုံးတော့ သူ့ အသက်
ဘာရှိသေးသနည်း။ ၄၀ ကျော်လေးမျှ။ ဥစ္စာပေါရုပ်ချော မြို့ကမိန်းမများပင် သူ့ကို
စပ်လိုက်ကြသေးသည်။ သို့ သော် ဦးတိုးကြွယ်သည် နောက်ထပ် အိမ်ထောင်ပြုဖို့ စိတ်ကူးမထည့်တော့ဘဲ ယခုတိုင် သူ့ဇနီးအတွက် နှစ်စဉ် သပိတ်သွတ်လျက် အသက်ရှင်နေလေ၏။
ယင်းကို တွေးမိတော့ ဦးစိန်မြိုင်မှာ သူ့ကိုယ်သူ ရှက်လှချေတကား။ ထို့ပြင် သူ့ဇနီးဟောင်း ဒေါ်အေးခလည်း သူစွန့်ခွာသွားသော်လည်း
နောက်အိမ်ထောင်မပြုဘဲ သားသမီးများနှင့် ဖြစ်သလို လုပ်ကိုင်စားသောက်ခဲ့နေရာ ဟော အခုပင် အလှူအိမ်ခေါင်းရင်းက တလင်းထဲက ထမင်းချက်ရုံမှ ဒေါ်အေးခအသံ။
ရွှေအိုးစည် စလွယ်သိုင်းနဲ့
ဘယ်ကိုင်းလို့ ညာကိုယိုင်
ဗောင်းစကမြိုင်၊
သိကြားကိုပြိုင်
မော်နိုင်မယ့် မောင်ထွေး
လက်သီးကို ပြင်ရုံမျှနဲ့
ကိုရင့်ဗုံ အိုးစည်ကြီးရယ်
ဟည်းလှတယ်လေး။
ငယ်စဉ်က အကဝါသနာပါခဲ့သော ဒေါ်အေးခသည် ၆၀ နီး အဘွားကြီး ဖြစ်သော်လည်း ထမင်းချက်ရုံ အတွင်းဝယ်
လူငယ်များ၏ အိုးစည်ဝိုင်းနှင့် သီချင်းဆိုကာ ကလျက်ရှိလေ၏။
ဦးစိန်မြိုင်၏ စိတ်ဝယ် ဒေါ်အေးခက သူ့အား
စောင်းမြောင်း အရွဲ့တိုက်လေသလား၊ သို့သော် ဒေါ်အေးခသည် သူရောက်နေမှန်းမှ မသိပေ။
သူ့ဘာသာသူ ကာလသား ကာလသမီးတသိုက်နှင့် ပျော်ပါးနေခြင်း ဖြစ်ပေသည်။ စင်စစ် ဤအလှူမှာ
လူအားလုံး ပျော်နေကြသည်။ ဦးစိန်မြိုင်
တစ်ယောက်သာ ကိုယ့်လိပ်ပြာ ကိုယ်မလုံမိခြင်း။
ဟို ငယ်စဉ်တုန်းကဆိုလျှင် အပျိုမအေးခက “ကိုရင့်ဗုံ အိုးစည်ကြီးရယ် ဟည်းလှတယ်လေး” ဟု ဆိုပြီးသောအခါ ကိုစိန်မြိုင်က “ဟည်းမှာပေါ့ ပျိုလေးဆွေ ပိတောက်ဝါ ပျို့နဖူးမှာ ထူးတဲ့လို့ဝေ” ဟု ဆိုလိုက်လေသည်။
ဤအကြောင်း ပြန်စဉ်းစားမိတော့ ဦးစိန်မြိုင်မှာ
ငိုချင်၍ပင် လာလေသည်။ တကယ်ဆိုလျှင်
ဟို ယခင်တုန်းက သည်လို ရပ်ရွာသာရေးနာရေး
ကိစ္စတို့မှာ မိမိက ကာလသားများကို ခေါင်းဆောင်၍ မအေးခက အမျိုးသမီးများကို စီမံသူဖြစ်သည်။
ဟော ယခုတော့ မိမိဘာမျှ မဟုတ်တော့ပါလား။ ရပ်ရွာအရေး၊ ဘာသာအရေးနှင့် အဝေးကြီး ဝေး၌ ရပုံ။ အို ကိုယ့်သားသမီးလေးတွေကို ကိုယ် လုပ်မကျွေးခဲ့ရပါတကား။
ယင်းသည့်အခိုက်ဝယ် သံဃာစင်ခေါင်းရင်းပိုင်း လူကြီးဝိုင်းမှ ဓမ္မသဝန၊ ဓမ္မဒေသနာတရား ဆွေးနွေးကြရာ အောင်မြင်ရင့်ကျက်သော အသံနှင့် ပုဂ္ဂိုလ်ကြီးတစ်ယောက် ပြောလိုက်သောစကားသည် ဦးစိန်မြိုင်၏ ဘေးကို ပိဿာလေးနှင့် ပစ်လိုက်သကဲ့သို့
ရှိဘိ၏။ မိမိကိုများ တမင်ရည်ရွယ်၍
ပြောလေသလားဟု တိတ်တခိုးကြည့်မိတော့ ဤလူကြီးသည် တခြားရွာက။ မိမိကလည်း မသိ၊ မိမိကို သိဖို့လည်း ဝေးဘိတောင်း။ ကိုယ့်ဟာကိုယ် စိတ်မလုံခြင်းသာ။ ဤအခိုက် ဦးဖိုးနန်းနှင့် ဦးဖိုးမှီတို့လည်း ပြုံးလိုက်သဖြင့် ဦးစိန်မြိုင်မှာ ရုတ်တရက်ထပြီး တစ်ချိုးတည်း သုတ်ခြေတင်ချင်တော့သည်။ သို့သော် ဤပုံဤနည်းပြု၍ အဘယ်မှာလျှင်
သင့်လျော်အံ့နည်း။ ထို့ ကြောင့် သူ ကြိတ်မှိတ်နေရ။
ထိုမှ မကြာမီ ထမင်းစားရန် နံပါတ်ပြားလေးတွေ
တစ်ပြားစီလာပေးပြီး နံပါတ်ပြားရသူများ ထမင်းစား ကြွတော်မူကြပါ” ဟု ဖိတ်ခေါ်တော့ သံဃာစင်ပေါ်မှ လူတွေ တစုတစ်ပြုံကြီး ထမင်းစားရုံသို့ လာခဲ့ကြသည်။ ဦးစိန်မြိုင်သည် ထမင်းပွဲပြင်ပေးနေသော ဒေါ်အေးခနှင့် မျက်စိချင်း မဆုံမိအောင် ဝင်ရသည်။ သူ ဟိုဟိုသည်သည် မကြည့်ဝံ့ပါ။ စကားလည်း မပြောရဲပါ။ ထမင်းလည်း ကောင်းစွာ မစားနိုင်ပါ။ ခုခေတ် တောရွာအလှူတွေမှာ ကျွေးနိုင်ခဲလှသော ငါးဟင်းချို၊ ငရုတ်သီးထောင့်ကြော်နှင့်မို့
ရွာသားတွေ စားလိုက်ကြတာ တစ်ယောက် ထမင်းသုံးလေးပန်းကန်၊ ဦးစိန်မြိုင်ကား တစ်ပန်းကန်မျှ မကုန်နိုင်သေး။ ဤတွင် တတိယမြောက် ထမင်းပန်းကန်ထည့်သည့် ဦးဖိုးမှီက...
“ဟ... စိန်ကြီး၊ အစားသေးလှချည်လားကွ
ဦးဖိုးနန်း “သူက မြို့သားဖြစ်သွားပြီ၊ တို့လို တောစားမစားနိုင်တော့ဘူးကွ၊ နို့ပြီး သူ့မိန်းမက
ထမင်းဆိုင်ဆိုတော့ နေ့တိုင်း အကောင်းချည်း စားနေရတာကွာ၊ ဒီငါးခြောက်ထောင်းဟင်းမျိုး
ဘယ်မြိန်တော့မလဲကွ”
ဤစကားသည်လည်း မှန်၏။ ထို့ပြင် ဦးစိန်မြိုင်မှာ ပိဿာလေးနှင့် ဘေးအထုလည်း ခံထားရ၏။ ထို့ကြောင့် သူ ထမင်းကောင်းစွာ မစားနိုင်ပါ။ တစ်ပန်းကန်မျှ ကောင်းစွာ မကုန်နိုင်ဘဲ အခြားသူများနှင့် ထမင်းဝိုင်းထဲမှ ထခ့ဲပြီးနောက် တစ်ယောက်တည်း အပေါ့စွန့်ရန် နောက်ဖေးသို့ ထွက်ခဲ့၏။
သူ သံဃာစင်ပေါ်သို့ ပြန်မတက်လိုပြီ။
သူ၏ ထွက်ပေါက်ကို ကောက်ရိုးပုံဘေး အခင်းသွားရင်း စဉ်းစားမိလေပြီ။ ဤရွာသည် တာရိုးနှင့် တောင်ဖျားမြောက်ဖျား ဆက်၍ လေးကိုင်းသဖွယ် နေလေရာ ယခု အလှူအိမ်နောက်ဖေးပေါက်က
ထွက်လိုက်သော် လယ်ဆယ့်လေးငါးကွက်မျှ
ဖြတ်လိုက်ရုံနှင့် တာလမ်းမရောက်၍ ဆိုက်ကားမြင်းလှည်း ရနိုင်သည်။ ဟုတ်ပြီ ဦးစိန်မြိုင်သည် အပေါ့စွန့်ပြီးလျှင်ပြီးချင်း နောက်ကြောင်းပြန်မကြည့်တော့ဘဲ တစ်မျိုးတည်း သုတ်ခြေတင်ခဲ့တော့၏။
စင်စစ် ဤရှုခင်းကို ကြည့်မည်ဆိုလျှင် နွေရာသီနေပူပြင်းပြင်း ရိုးပြတ်လယ်ကွင်း ထီးထီး၌ အသက် ၆၀ လောက်
လူကြီးတစ်ယောက်သည် တစ်ကိုယ်တည်း
အမြန်လျှောက်နေသည်ကိုသာ မြင်ရမည် ဖြစ်သော်လည်း ထိုပုဂ္ဂိုလ် ဦးစိန်မြိုင်၏ စိတ်တွင်ကား ထိုသို့ မဟုတ်။ မျက်စိပေါင်းများစွာသည် သူ့ကို ဝိုင်းဝန်းကြည့်ရှုနေကြလျက် သူ့နှုတ်မှလည်း...
“ကျွန်တော် တိရစာၦန်ပါဗျ၊ ကျွန်တော် တိရစာၦန်ပါဗျ”
ဟု သံကုန်အော်ဟစ်၍ တအား ထွက်ပြေးနေရသည်ဟု ခံစားနေရလေ၏။
အကြောင်းမှာ သံဃာစင်ပေါ်တွင် သူ့အား ပိဿာလေးနှင့် ဘေးထုလိုက်ပုံမှာ လူငယ်တစ်ယောက်က
“လောကမှာ စားဝတ်နေရေးသည် အဓိကပဲဗျ၊ ကောင်းကောင်းဝတ်၊ ကောင်းကောင်းစား၊ ပြီးတော့ ကိုယ့်ချစ်သူနဲ့ ကောင်းကောင်း နေရရင် လူ့ပြည်မှာ ဘာလိုသေးလဲဗျာ”
ဟု ဆိုလိုက်သည်ကို လူကြီး အသံက
“ဘယ်ဟုတ်ဦးမလဲကွ၊ လူဆိုတာ
လူ့ဝတ္တရားရှိရ၊ သိရတယ်၊ မိဘဝတ္တရား၊ သားသမီးဝတ္တရား၊ ရပ်ရွာတာဝန်၊ ဘာသာသာသနာကိစ္စ၊ ဒါတွေကို ဆောင်ရွက်နိုင်မှ လူ၊ အိပ်ခြင်း၊ စားခြင်း၊ မေထုန်မှီဝဲခြင်း သုံးမျိုးလောက်ပဲ သိတယ်ဆိုရင် တိရစာၦန်လို့ မြတ်စွာဘုရားက ဟောတော်မူခဲ့တယ်ကွယ့်”
ဤစကားသည် ဦးစိန်မြိုင်အတွက် သွေးပွက်ပွက်ထွက်အောင် မှန်လိုက်လေစွ။ စင်စစ် ပြန်စဉ်းစားလိုက်တော့ သူ ရွာက မယားမအေးခကို ပစ်ပြီး မြို့က မကြင်စွမ်ကို ယူသောအခါ သူ့စိတ်၌ ဖြစ်ပေါ်ခဲ့သည်မှာ ထမင်းဆိုင်မို့ ဟင်းကောင်းကောင်း စားရမယ်၊ မြို့မှာမို့ ကောင်းကောင်းဝတ်၊ ကောင်းကောင်းနေရမယ်၊ နို့ပြီး မကြင်စွမ်ကလည်း ဖြူဖြူဖွေးဖွေး ရေဆေးငါးကြီး၊ ကလေးများ မွေးပြီးပြီဖြစ်သော တောသူမ မိအေးခနှင့် ဘာမျှမဆိုင်။ ရွှေနဲ့ ခဲ လဲရသည့် ပုံပမာတကား။
ယင်းသည်ပင်လျှင် အိပ်ခြင်း၊ စားခြင်း၊ မေထုန်မှီဝဲခြင်း သုံးမျိုးပဲ အကျုံးဝင်သည် မဟုတ်ပါလား။ ထို့ကြောင့် ဦးစိန်မြိုင်စိတ်ဝယ် မျက်စိပေါင်းမြောက်မြားစွာသည် သူ့ကို ဝိုင်းကြည့်ရှုနေကြလျက် သူ့နှုတ်မှ
“ကျွန်တော် တိရစာၦန်ပါဗျ၊ ကျွန်တော် အဟိတ်တိရစာၧန်ပါဗျ”
ဟု လက်နှစ်ဖက်နှင့် နားထင်အုပ်ကာ တအားအော်ဟစ်ပြေးနေသည်ဟု သူ့စိတ်မှာ ခံစားရခြင်း ဖြစ်လေသတည်း။ ။
သော်တာဆွေ
စာရိုက် - စလေ ငနော့
Comments
Post a Comment