ဤလူ့ပြည် ပထမပိုင်း 🖊 သော်တာဆွေ


ဤလူ့ပြည် (ပထမပိုင်း)
••••••••••••••••••••••••••••


သော်တာဆွေ


(၁)


မြို့မှ ၃ မိုင်မျှကွာသော တောရွာသား ရှင်ပြုအလှူတစ်ခုသို့ အလှူကူရန် ၁၀ ပြားတန် ဆေးပေါ့လိပ် အလတ်စား ၃၀၀ ထုပ်ကို ပိုက်လျက် ဆိုက်ကားနှင့် လာခဲ့သော ကိုစိန်မြိုင်သည် ပိုးလုံချည်နှင့် သက္ကလပ်အင်္ကျီနှင့် တောက်တောက်ပြောင်ပြောင် ဖြစ်သော်လည်း သူ့စိတ်က မတောက်ပြောင်ပေ။ ထိုရွာနား နီးလာလေလေ သူ့ရင်ထဲ တင်းကျပ်လာလေလေနှင့် မျက်နှာလည်း ရွှင်ပျခြင်း ကင်းလာသည်။


စင်စစ် ဤရွာသည် မိမိဇာတိဖြစ်၍ ယခုနေသောမြို့မှာ ပဝတၳိဖြစ်ပါသည်။ တောမှမြို့သို့ ရောက်ခဲ့သည်မှာလည်း အနှစ် ၂၀ ကျော်ခဲ့ပြီ။ သို့သော် သူ တောမှမြို့သို့ ပြောင်းရွှေ့သွားခြင်းသည် ကောင်းသော ပြောင်းရွှေ့သွားခြင်း မဟုတ်ခဲ့။ ရွာမှ ငယ်ကချစ်၍ လက်ထပ်ထိမ်းမြားခဲ့သော မယားကို ပစ်ပြီး မြိုမှ တစ်ခုလပ် ထမင်းသည် မိန်းမတစ်ယောက်နှင့် ပေါင်းသင်းနေခြင်း ဖြစ်ပါသည်။


မူလအစကတော့ သူ့လိုတောသားက ဤလို မြို့သူမ ရခြင်းသည် အင်မတန်တော်လှသည်ဟု

အောက်မေ့ခဲ့သည်။ သူနှင့် သောက်ဖော်စားဖက်များက "ဖိုးစွံ" ဟု ချီးမွမ်းခဲ့ကြသည်။


ကိုစိန်မြိုင်သည် ရွာမှာ နေစဉ်က ကာလသားခေါင်းဆောင် ဖြစ်သည်။ လူက ထက်ထက်မြက်မြက်လည်း ရှိသည်။ သူကိုယ်တိုင်က ဘာမျှ မည်မည်ရရ တီးမှုတ်တတ်သည် မဟုတ်သော်လည်း ရွာ၌

တည်ထောင်ထားသော တီးဝိုင်းအဖွဲ့၏ ခေါင်းဆောင်ဖြစ်သည်။


သူတို့ ရွာမှာ ပုလွေမှုတ်ကောင်းသူ၊ တယောထိုး

ကောင်းသူ၊ ဘင်ဂျိုတီးကောင်းသူ၊ ပတ္တလား

မောင်းဆိုင်း ကောင်းသူများ ပေါ်ပေါက်ခဲ့၍ "သာယာကုန်းတီးဝိုင်း” ဟု နာမည်ကောင်းလျက် မြို့ပေါ်က

အလှူမင်္ဂလာပွဲများသို့ပင် သွားရောက်တီးရသည်။


ထိုစဉ်က ဘိုင်စကုပ်ရုပ်ရှင်တို့သည်

အသံတိတ်ဖြစ်ရာ ရုပ်ရှင်ရုံများကလည်း သူတို့ တီးဝိုင်းကို ငှားရမ်းကြသေးသည်။ သည်ပွဲမျိုးတွေမှာ ကိုစိန်မြိုင်က တီးဝိုင်းခေါင်းဆောင်။ သူမပါလျှင် မပြီးချေ။ ထို့ကြောင့် ကိုစိန်မြိုင်သည် ရွာသာမက မြို့ပေါ်ပါ ပေါက်ရောက်သူ ဖြစ်လေသည်။


ကိုစိန်မြိုင်တွင် လယ်ပိုင်မြေပိုင်မရှိခဲ့။ သို့သော်

သူသည် ဆံပင်ညှပ်တတ်၍ ရွာမှာ ဆံပင်ညှပ်ဆိုင်ကလေး ဖွင့်ထားခြင်းဖြင့်လည်းကောင်း၊ လင်မယားနှစ်ယောက် ကောက်စိုက်ချိန် ကောက်နုတ်ချိန်တို့၌ တက်ညီလက်ညီ လုပ်ကြခြင်းဖြင့်လည်းကောင်း ဝမ်းစာဖူဖူလုံလုံနှင့် ချောင်ချောင်လည်လည် စားသောက်နိုင်ကြသည်။


နွေရာသီ ကျေးတောသားများ အားလပ်သောရက်များတွင်

(စိန်မြိုင်ဆံသ) ဟု ဆိုင်းဘုတ်ချိတ်ထား သော

သူတို့အိမ် ခြေတံရှည်အောက်ထပ်မှာ ကာလသားများ စုရုံးကြသည်။ ဓာတ်ပြားများမှ သီချင်းသစ် ပေါ်လာလျှင် တီးဝိုင်းသမားများက သီချင်းသစ် တက်ကြသည်။ အချို့က ထိုခေတ်တွင် ခေတ်စားသော

ဖဲတစ်ထုပ်နှင့် ခုနှစ်ချပ်ပိုကာဒေါင်းကြသည်။

တစ်ခါတစ်ရံ မင်္ဂလာဆောင် တစ်ခုခုမှ တီးဝိုင်းခရလျှင် ထန်းရည်၊ အရက်၊ ကြက်သားဟင်းများနှင့် ပျော်ပွဲစားကြသည်။


ကိုစိန်မြိုင်မိန်းမ မအေးခကလည်း ကာလသားများနှင့် လိုက်လျောညီထွေ နေတတ်၍ ကာလသမီးဟု ဆိုရမည်။ ရွာမှာ ခေါင်းဆောင်၍ ကာလသမီးများအား မအေးခက

ဦးစီးသည်။ ထို့ပြင် မအေးခသည် ကောက်စိုက်အသင်း ခေါင်းဆောင်လည်းဖြစ်၍ သူ့ကို ကျေးရွာဓလေ့ ခေါင်သူကြီးဟု ခေါ်ကြသည်။


လယ်ပိုင်ရှင်တို့သည် သူ့လယ်ပျိုးကြဲရက်သိလျှင်

စိုက်ရက်လည်း သိပြီဖြစ်၍ ကိုယ့်အပိုင်းက

ခေါင်သူကြီးထံမှာ ဘယ်နေ့ဘယ်ရက် ကောက်စိုက်မ ဘယ်လောက်လိုချင်ပါသည်ဟူ၍ ကြိုတင် ချိန်းဆိုရသည်။ သည်တော့ ခေါင်သူကြီးမအေးခက ဘယ်နေ့

ဘယ်သူ့လယ် ကောက်စိုက် ဘယ်နှယောက်ဟု

ဘုတ်အုပ်နှင့် မှတ်သားလိုက်သည်။ အနှီသို့လျှင်

သူတို့လင်မယားသည် ရွာမှာ တွင်ကျယ်သူများ

ဖြစ်ခဲ့ကြပါသည်။


ကိုစိန်မြိုင်နှင့် မအေးခတို့သည် တစ်ရွာတည်းမွေး၊ တစ်မြေတည်းနေ၊ တစ်ရေတည်းသောက်များ ဖြစ်ခဲ့ကြ၍ သူတို့ငယ်စဉ်က သမီးရည်းစားများ

ဖြစ်ခဲ့ကြပြီး ကိုစိန်မြိုင် အသက် ၂၄ နှစ်၊ မအေးခ ၂၃ နှစ်တွင် လက်ထပ်လိုက်ကြကာ ဇာတိပ်ဖို၊ ဇာတိပ်မ မည်သော သားသမီးနှစ်ယောက် ပေါက်ဖွား ခဲ့ကြသည်။

အကြီးကောင်လေးမှာ ငယ်စဉ်က မကြာခဏ မမာလျှင် ဇာတိပ္ပိုလ်သီးကို သွေးတိုက်ရ၊ သွေးလိမ်းရ ဖြစ်၍ ဇာတိပ်ဖိုဟု နာမည်တွင်ခဲ့ရာမှ နောက် သမီးလေး မွေးတော့ ဇာတိပ်မဖြစ်သွားပေတော့သည်။ ဤကား ကျေးရွာကလေးများ နာမည်မှည့်တတ်ပုံတည်း။ မြို့မှာလို ဘာမျှ ကွန်ညွန့် မနေတတ်ကြ။ အဆင်သင့်ရာ တိုက်ဆိုင်ရာ ဆွဲလွဲ မှည့်လိုက်ကြသည်။ ပညတ်ဓာတ်ပါလေရကား ဤဇာတိပ်ဖို၊ ဇာတိပ်မ မောင်နှမလေး

နှစ်ယောက်မှာ ငယ်စဉ်က ညိုညိုလုံးလုံးလေးတွေနှင့်

ချစ်စရာ ကောင်းကြ ပါ၏။ ယင်းသို့လျှင်

ကိုစိန်မြိုင်တို့ အိမ်ထောင်သည် သားသမီးတစ်စုံနှင့် ပျော်ပျော်ပါးပါး နေခဲ့ရာမှ ဇာတိပ်ဖို ဆယ့်သုံးလေးနှစ်သား အရွယ်လောက်၌ ကိုစိန်မြိုင်က ဖောက်ပြား

ပါလေတော့၏။


(၂)


ကိုစိန်မြိုင်တို့ ရွာ၌ ဘုန်းကြီးကျောင်း ဝတ်လှည့်ရှိသည်။ ဝတ်လှည့်ဆိုသည်မှာ ဝါတွင်းရက် ဥပုသ်နေ့များ၌ ဘုရား ဝေယျာဝစ္စ၊ ကျောင်းဝေယျာဝစ္စအတွက် ရွာသားကြီးငယ်တွေက ဝတ်ဖြူစင်ကြယ်ကိုဝတ်၍ အနီးအပါးက

ကျေးရွာများကို လျှောက်ပြီး အလှူခံရသည်။ 

တစ်ယောက်စီတန်းပြီး သွားရလေရာ ရှေ့ပိုင်းက လူကြီးများ ပိုက်ဆံခံသည့်ဖလားနှင့်၊ မောင်းထမ်းနှင့်၊ ကြေးစည်ထမ်းနှင့် ခရုသင်းမှုတ်သူ နှင့်။ အလယ်က

လူလတ်များ ဆန်လောင်းလိုသူ၊ သစ်သီးပန်းမန် လောင်းလိုသူတို့အတွက် တောင်း၊ ခံတောင်း အထမ်းများနှင့်။ နောက်ပိုင်းက လူငယ်များတီးဝိုင်း။


ဖော်ပြခဲ့သည့်အတိုင်း ကိုစိန်မြိုင်တို့၏ ရွာသာကုန်းတီးဝိုင်းသည် လူကြိုက်များသည်နှင့် လူတို့သည် ဤနေ့ဤဝတ်အသင်း လာမည်ကို ကြိုတင်သိထားပြီး မျှော်လင့်နေကြလျက် အခြားရွာက ဝတ်အသင်းတွေထက်ပင် ရွာသာကုန်းဝတ်အသင်းက အလှူငွေ

အလှူပစ္စည်း ပိုပြီးရတတ်လေသည်။ တစ်ခါတစ်ရံမှာ ဝတ်တစ်သင်းလုံးကို အကျွေးအမွေးနှင့် ဒါနပြုသည်များပင်ရှိ၏။


ယင်းသို့ ထွက်ရာ၌ တောပတ်၊ မြို့ပတ်ဟူ၍ နှစ်မျိုးရှိလေသည်။ တောပတ်ဟူသည်မှာ ရွာသာကုန်းမှ တောင်ဘက်ကျေးရွာများသို့ အသွားအပြန် နေ့ဝက်ခရီး (မနက် ၇ နာရီလောက်ထွက်၊ ၁၂ နာရီ

တစ်ချက်လောက် ပြန်ရောက်) ထွက်လေသည်။


မြို့ပတ်မှာ သူတို့ ရွာမြောက်ဘက်ရှိ ၃ မိုင်မျှ ဝေးသော မြို့သို့ အရောက်သွားခြင်း ဖြစ်သည်။

ဤမြို့ပတ်တွေမှာ ကိုစိန်မြိုင်နှင့် သူ၏

နောက်အိမ်ထောင် ပြုမည့် မကြင်စွမ်တို့ ငြိကြခြင်း ဖြစ်ပေသည်။


သူတို့ ဝတ်အသင်းသည် ထိုမြို့သို့ နံနက် ၉ နာရီ ၁၀ နာရီလောက်၌ ရောက်လေ့ရှိရာ ဥပါသကာများသာ ဈေးရုံထဲ လျှောက်အလှူခံကြပြီး ကျန်လူများမှာ နာရီဝက်မျှ နားကြလျက် ဈေးဝယ်ခြင်း၊ မုန့်ပဲသွားရည်စာ

စားခြင်းများ ပြုကြသည်။


မကြင်စွမ်သည် နာမည်ကြည့်ရုံနှင့် တရုတ်ကပြားမမှန်း သိကြပါပြီ။ ထို့ အပြင် ချမ်းသာသော တရုတ်ကြီးတစ်ယောက်၏ အမြှောင်မယားလည်း ဖြစ်ခဲ့ဖူးသည်။ သို့သော်လည်း သူ့အသက် ၃၀ လောက် ရောက်သည်၌ အမြှောင်မယားငယ်ထွတ်ထွတ်ကိုသာ အသုံးပြုလိုသူတို့၏ ဆန္ဒမှ အရွယ် ကျော်လွန်ပြီဖြစ်၍ တရုတ်ကြီးက တရင်းတနှီးစာ ပေးလိုက်ခြင်းဖြင့် အချက်အပြုတ် ဝါသနာပါသော မကြင်စွမ်သည် ဈေးထဲမှာ ဆိုင်တစ်နေရာယူ၍ ထမင်းဆိုင်ထွက်သည်။

သူ့ထမင်းဆိုင်မှာ အဖော် အဒေါ်တစ်ယောက်နှင့် ဟင်းလျာမျိုးစုံအပြင် ထမင်းသုပ်၊ တို့ဟူး၊ ဘယာကြော်သုပ်များပါ

ရောင်းချသည်။


မကြင်စွမ်သည် အသက် ၃၀ ကျော်၍

အမြှောင်ကတော်ကျပင် ဖြစ်သော်လည်း အသားအရေ စိုစိုပြည်ပြည် ဝဝလင်လင်နှင့် ထမင်းဆိုင်တွင် ဖြီးလိမ်းပြင်ဆင်ထားသော် ကိုစိန်မြိုင်တို့ တောသားမျက်စိတွင် အောင်မယ်လေး ဖြူဖြူဖွေးဖွေး ရေဆေးငါးကြီးပေါ့။ မကြင်စွမ် ထမင်းဆိုင်ဖွင့်ပြီး မကြာမီ သူတို့ချင်း ဖောက်သည်ဖြစ်ကြတော့ ကိုစိန်မြိုင်မှာ အသက် ၃၀ ကျော်ပြီး ၄၀ နီးနေချေပြီ။ မူလက သူတို့ချင်း ဤမျှထိ ရည်မှန်းချက် မရှိကြချေ။ ဈေးသည်နှင့် ဖောက်သည်မိတ်ဆွေမျှသာ။ တစ်ညသ၌ မြို့မရုပ်ရှင်ရုံတွင် အလွန်လူကြိုက်များသော ဇာတ်ကားတစ်ကား ပြရာ ရုပ်ရှင်ရုံရှေ့၌ သူတို့နှစ်ယောက် တွေ့ကြ၍ ကိုစိန်မြိုင်က...


“အောင်မယ်.. မကြင်စွမ် ရုပ်ရှင်ကြည့်မလို့လား”


“ဟုတ်ကဲ့ ရှင်၊ ဒါပေမယ့် တစ်မူးတန်း မတိုးနိုင်ဘူး၊ တစ်မတ်တန်းက လက်မှတ်ကုန်ပြီတဲ့"


“ဒါဖြင့် ငါးမူးတန်းက ကြည့်ပေါ့ဗျာ”


"ဒီလောက်များများကြီးတော့ အကုန်မခံချင်ဘူးရှင်၊ နောက်ညများမှပဲ ကြည့်တော့မယ်”


ဤတွင် ကိုစိန်မြိုင်က... 


“ပိုက်ဆံကုန်စရာမလိုပါဘူး၊ လာပါ

ကျွန်တော်နဲ့လိုက်ခဲ့ပါ” 


ဟု ဦးဆောင်သွားတော့ မကြင်စွမ် လိုက်သွားလေရာ အပေါက်စောင့်က

ကိုစိန်မြိုင်အား လက်မှတ်မတောင်းရုံ သာမက ခင်မင်လေးစားစွာ နှုတ်ဆက်လိုက်သဖြင့် မကြင်စွမ်စိတ်ထဲတွင် မိမိက ဝတ်လှည့်သမား သာမန်တောသားလောက်

သဘောထားခဲ့သော ကိုစိန်မြိုင်အပေါ် စဉ်းစားစရာ ဖြစ်လာသည်။


ဤခေတ်၌ ခရိုင်ရှိ မြို့ကလေးတို့ ၏ ရုပ်ရှင်ရုံများမှာ တစ်မူးတန်း၊ တစ်မတ်တန်း၊ ငါးမူးတန်းဟူ၍ ရှိသည်။ တစ်မူးတန်းမှာ ရှေ့ဆုံးမှ ဖျာပေါ်ထိုင်ရသည်။ တစ်မတ်တန်းမှာ နောက်က ခုံတန်းလျား ရှည်ကြီးပေါ်

ထိုင်ရသည်။ ငါးမူးတန်းမှာ အပေါ်ထပ်တွင် ကုလားထိုင် အသီးသီးနှင့် ထိုင်ရ၍ ငွေကြေးချမ်းသာသူများအတွက် အထက်တန်းပေတည်း။


မကြင်စွမ်ကိုယ်တိုင် သူ့ပိုက်ဆံနှင့် ဤအတန်းမှကြည့်ရန် မရည်ရွယ်ခဲ့ဖူးပါ။ ဤခေတ်က ဟင်းတစ်ခွက် တစ်ပဲ၊ ထမင်းတစ်ခါပြင် နှစ်ပြား၊ ငါးပိရည်၊ တို့စရာနှင့် ဟင်းရည်သောက်က အလကား အဝစား တစ်မူး ရောင်းသော ထမင်းသည်သည် ရုပ်ရှင်ရုံကို ငါးမူးတန်းကြီးက မကြည့်နိုင်ပါ။ ယခု မိမိက

သာမန်တောသား ဆင်းရဲသားဟု ယူဆခဲ့သော

ကိုစိန်မြိုင်က သူ့အား ဤငါးမူးတန်းကြီးက 

ခေါ်ပြလေတော့ အံသြမိသည်။ အာဂလူပါလား၊ ထို့ပြင် ဟိုယခင် ကိုစိန်မြိုင်အား များသောအားဖြင့် သူမြင်ရသည်မှာ ဝတ်လှည့်လာရင်းမို့ ပုဆိုးဖြူအကျီဖြူနှင့်

ဝါတွင်း မိုးရာသီလည်း ဖြစ်သောကြောင့်

ကိုစိန်မြိုင်အသားရောင်မှာ လယ်ထဲရွံ့ထဲ ဆင်းရသဖြင့် တမန်းနှစ်ရောင် ညိုပြောင်ပြောင် ဖြစ်နေသည်။ ယခုမူ ဘိုကေကို ပြောင်ပြောင်ဖြီးလျက် ပိုးလုံချည်နှင့် အပေါ်ဖုံး

အင်္ကျီအညိုနှင့်။ သူ့အသား နဂိုရောင်ကလည်း အသားလတ်ပဲ။ နို့ပြီး အရပ်ကလဲ ထောင်ထောင်မောင်းမောင်း၊ ရင်အုပ်ကျယ်ကျယ်နှင့်။

တောသားပေမယ့် လူချောလူခန့်ကြီးပါကလားဟု

သူ့တရုတ်လင်ဟောင်းကြီးနှင့် ဝေးကွာခဲ့သည်မှာ အတော်ကြာခဲ့ပြီဖြစ်သော တစ်ခုလပ်မမကြင်စွမ် စိတ်ဝင်စားမိလေ၏။


သူတို့ ရုပ်ရှင်ရုံအပေါ်ထပ် ရောက်ကြသောအခါ ထုံးစံအတိုင်း ဤငါးမူးတန်းက လူခပ်နည်းနည်းပဲ။


ကိုစိန်မြိုင်သည် မကြင်စွမ်အား ရုံလက်ယာဘက်ထောင့်နားရှိ တီးဝိုင်းအနီးသို့

ခေါ်သွားပြီး ကုလားထိုင်တစ်လုံးမှာ ထိုင်စေသည်။ သူကတော့ မထိုင်သေးဘဲ တီးဝိုင်းဆီ ခေတ္တမျှသွားပြီးမှ ပြန်လာကာ မကြင်စွမ်နံဘေးမှာ ထိုင်လျက် ယခုတီးဝိုင်းမှာ မိမိတို့ ရွာမှ မိမိခေါင်းဆောင်သော တီးဝိုင်းဖြစ်ကြောင်း ပြောပြသည်။ ဤမှ မကြင်စွမ်သည် ကိုစိန်မြိုင်က သူ့အား ဤငါးမူးတန်းမှ ပြနိုင်ကြောင်း နားလည်သွားသည်။


“နောက်ပြမယ့်ဇာတ်ကားတွေ ကြည့်ချင်ရင်လဲ

လာပါဗျ၊ ခုတလောတော့ ဒီရုံမှာ ကျွန်တော်တို့ တီးဝိုင်းချည်းပဲ”


ကိုစိန်မြိုင်က ဖိတ်ခေါ်တော့ မကြင်စွမ်က


“ကျေးဇူးတင်ပါတယ် မောင်ကြီးရယ်၊ ဒါပေမယ့် အားနာစရာကြီး”


မောင်လေး၊ မောင်ကြီး၊ ဦးကြီး၊ ဘကြီးတို့မှာ မြို့ဈေးသည်မများက အရွယ်လိုက်၍ ခေါ်ကြခြင်း။


“အို.. ဘာ အားနာစရာလဲဗျာ၊ ကျုပ်က ပိုက်ဆံတစ်ပြားမှ ကုန်ရတာလဲမဟုတ်ဘဲ”


“မောင်ကြီးတို့က ဒီလိုပဲ လူပိုတွေ ခေါ်နိုင်သလား”


“ခေါ်နိုင်ပါတယ်ဗျ၊ ဒီရုံပိုင်ရှင်က ကျုပ်တို့ ကို ချော့ထားရတာပါ၊ ကျုပ်တို့ တီးဝိုင်းခအပြင် ကျုပ်ကို ပိုလိုတစ်ဘူး တစ်ဘူး ညတိုင်း ပေးသေးတယ်”


ဟု ပြောပြီး ကိုစိန်မြိုင်သည် သူ့အိတ်ထဲက

ပိုလိုစီးကရက်ဘူးကိုထုတ်၍ ထမင်းဆိုင်တွင်

တစ်ခါတစ်ရံ စီးကရက် သောက်နေတတ်သော

မကြင်စွမ်အား တစ်လိပ်ပေးလိုက်၍ သူလည်းတစ်လိပ် နှစ်ယောက်အတူ မီးညိုသောက်လိုက်ကြလေသည်။


ထို့ နောက် ဝီစီမှုတ်၍ ရုံတွင်း မီးများအားလုံး

မှိတ်ပြီး ရုပ်ရှင်ပြသဖြင့် သူတို့ စကားပြတ်သွားကြတော့သည်။


တီးဝိုင်းဆရာတို့ သည် ရုပ်ရှင်ဇာတ်လမ်းအလိုက် ကြည့်၍

တီးကြရသည်။ လွမ်းခန်းဆိုလျှင် အလွမ်းတီးလုံး၊ ချစ်ခန်းကြိုက်ခန်းဆိုလျှင် အချစ်သီချင်းများ၊ ထိုးခန်းကြိတ်ခန်းဆိုလျှင် နောင်ဂျိန်။


“နင်လား- ငါလား တကယ်လားဆိုတော့ ထိုးလိုက်၊ ကြိတ်လိုက်၊ ရိုက်လိုက်၊ ပုတ်လိုက် ဟေ ဟေ”


ယခု ဇာတ်လမ်းနှင့် တီးသွားကား မြိုင်ကြပါပေသည်။ မကြင်စွမ်သည် စိတ်ကြိုက်တွေ့လျက်ရှိ၏။

ကိုစိန်မြိုင်မူကား သူ့တီးဝိုင်းက တေးသွားတွေလည်း ကြားနေကျ။ သည်ဇာတ်ကားလည်း ပြကတည်းက ညတိုင်း ကြည့်ပြီးနေပြီမို့ ရုပ်ရှင်တွင် စိတ်မဝင်စားတော့ဘဲ သူ့နံဘေးက တရုတ်ကပြားမ ဖြူဖြူဖွေးဖွေး ရေဆေးငါးကြီးကိုသာ...။


ကိုစိန်မြိုင်အဖို့ မြို့သူမလှလှတစ်ယောက်နှင့် နီးနီးကပ်ကပ် ထိုင်ဖူးသည်မှာ

ထိုမြို့သူမကိုယ်က မွှေးရနံ့သည်လည်း ကျေးတောသူမတွေကိုယ်က သနပ်ခါးရနံ့များထက်

သူ့စိတ်ဝယ် ထူးခြားနေသည်။


ရုပ်ရှင်ပြီး၍ မီးများဖွင့်လိုက်ကာ ထိုင်ရာမှ

ထကြသောအခါ မကြင်စွမ်က...


“မောင်ကြီးတို့ ညတွင်းချင်းပဲ ရွာကို ပြန်ကြသလား"


“ပြန်တဲ့ အခါလဲ ပြန်တယ်၊ မြို့က အသိမိတ်ဆွေ အိမ်မှာ အိပ်တဲ့အခါလဲ အိပ်ကြတယ်”


“ဒါဖြင့် ကျွန်မတို့ အိမ်မှာလဲ တည်းချင်တဲ့အခါ

တည်းရအောင် အခု ကျွန်မတို့အိမ် လိုက်ကြည့်ပါလားရှင်"


ကိုစိန်မြိုင်စိတ်ထဲဝယ် မမျှော်လင့်တာပင် ဖြစ်နေရကား သွက်လက်စွာဖြင့်...


“အဆင်သင့်ပါပဲ၊ ကျွန်တော်ကလဲ မကြင်စွမ် တစ်ယောက်တည်းမို့  အိမ်လိုက်ပို့မယ် စိတ်ကူးနေတာနဲ့”


သို့ဖြင့် ရုံပြင်ရောက်သောအခါ မကြင်စွမ်က လန်ချားတစ်စီးကို ခေါ်လိုက်၍ တက်ထိုင်သောအခါ ကိုစိန်မြိုင်မှာ သူပါတက်ရန် မဝံ့မရဲ ဖြစ်နေသည်၌

မကြင်စွမ်က... 


“အို လာလေ” 


ဟု ဆိုလိုက်သော မကြင်စွမ်၏ အာခေါင်ခြစ်ကာ အားမလိုအားမရသံလေးနှင့် ပြောဟန်ဆိုဟန်မှာ ကိုစိန်မြိုင်အား “အ ရန်ကော၊ န ရန်ကော၊ ဘာကြောင်နေတာလဲ ဘယ်သူ့ ဂရုစိုက်ရမှာတုံး၊ သွက်သွက်လက်လက်

တက်တာမဟုတ်ဘူး” ဟု ဒေါမာန်ကလေးနှင့် ရန်တွေ့သော အဓိပ္ပာယ် ပေါ်နေသည်။ ထို့ကြောင့် ကိုစိန်မြိုင်သည် ရဲဝံ့ လာကာ မကြင်စွမ်နံဘေးသို့ စွေ ့ခနဲ တက်ထိုင်လိုက်သည်၌ မကြင်စွမ်က “စီးတားဂျောင်း” ဟု ဆိုလိုက်၍ လန်ချားကုလားသည် သူတို့

စုံတွဲကို ဆွဲဆောင်ပြေးလေ၏။


တောသားကိုစိန်မြိုင်မှာ ဤသို့သော သူစိမ်းတစ်ရံဆံမိန်းမနှင့် နီးနီးကပ်ကပ် မတွေ့ထိဖူး၍ သူ့ရင်မှာ တထိတ်ထိတ်ဖြင့် စိတ်မလုံသလို ဖြစ်နေသော်လည်း

ရုပ်ရှင်အဖြုတ်တွင် ဆိုင်သိမ်းသူသိမ်းနှင့်

ကိုယ့်အိမ်ကိုယ်ပြန်ကြသော သူတို့ နှစ်ယောက်အား မည်သူမျှ သတိပြုမိကြမည် မဟုတ်ချေ။


လန်ချားသည် ဘာကျယ်သနည်း။ 

နှစ်ယောက်ထိုင်ဖြစ်ရုံ ရှိလေရာ ကိုစိန်မြိုင်နှင့်

မကြင်စွမ်တို့၏ ကိုယ်နှစ်ခုသည် ထိထိမိမိ။

မကြင်စွမ်၏ တင်ပဆုံကြီး တအိအိနေသည်မှာ

ကိုစိန်မြိုင်အား ပီတိ စိမ့်စေလေ၏။


တစ်သက်မှာ တစ်ခါကြုံ ရတနာပုံဆိုက်တဲ့ တောသားပေါ့။


ဤတောမြို့ကလေး၏ ဓာတ်မီးတိုင်တို့သည်

တစ်တိုင်နှင့်တစ်တိုင် အဝေးကြီး။ နို့ပြီး မီးအားကလည်း ဖယောင်းတိုင် ၄ဝ မျှ ရှိ၍ ဓာတ်တိုင်အောက်ရောက်မှ အလင်းရောင်ရ၏။ နို့ပြီး ထိုနေ့သည် ကိုစိန်မြိုင်အဖို့ မှတ်မှတ်ရရ လကွယ်နေ့ဖြစ်ရာ ကောင်းကင်မှာ စန္ဒာမယ်မရှိ။ သူ၏ရွှေရံ ငွေကြယ်ပျံတို့သာ ပြာမောင်းသောဝေဟင်တွင် ပြိုးတိုးပြောက်တောက် ပိုးထိုးပေါက်တွေကဲ့သို့

ရှိနေ၏။


သူတို့ နှစ်ယောက်သည် အတွေ့ကိုယ်စီ၊ အတွေးကိုယ်စီနှင့် လန်ချားကုလား ဆွဲပြေး၍ ဓာတ်တိုင်သုံးတိုင် ကျော်သည့်တိုင်အောင် တစ်ယောက်တစ်ယောက် ဘာမျှ မပြောမိကြသေး။ တောသား ကိုစိန်မြိုင်သည်

ဘာပြောရမည်လဲမသိ။ ဓာတ်တိုင် ၄ တိုင် ကျော်တော့မှ မြို့သူ မကြင်စွမ်က စကားစ၏။


“မောင်ကြီး အသက်ဘယ်လောက် ရှိပြီလဲဟင်”


“၃၉ နှစ် ၄၀ နီးပြီပေါ့”


“ကျွန်မက ၃၂ နှစ်၊ မောင်ကြီးက ၄ဝ နီးနေပြီ ဆိုပေမယ့် အသားအရေတွေက သိပ်မာကျောတာပဲနော်” 


ဟု ကိုစိန်မြိုင့် လက်မောင်းကြွက်သားများကို ဖျစ်ညှစ်၍ပြော၏။ သည်တစ်ခါမှာတော့

ကိုစိန်မြိုင်သည် တောသားပေမယ့် နားလည်ပြီ။

သူကလည်း မကြင်စွမ်၏ လက်ကိုကိုင်ကာ...


“မကြင်စွမ်ကလဲ အသက် ၃၂ နှစ် ဆိုပေမယ့် တောရွာက အပျိုလေးတွေထက် နုနယ်တာပဲ၊ အသားအရေတွေက ထွေးအိလို့”


“တကယ်ပဲလားရှင့်”


“အဟုတ်ပြောတာပါ”


တစ်ယောက်လက် တစ်ယောက် မလွှတ်ကြဘဲ

ကြည်နူးနေကြ၏။ တအောင့်လောက်ကြာတော့

မကြင်စွမ်က...


“မောင်ကြီး တောမှာ ဘာလုပ်သလဲ၊ လယ်ပိုင်ရှိလား”


“မရှိပါဘူး၊ သူများလယ်မှာ ပျိုးနုတ် ကောက်ရိတ် လုပ်ရတာပေါ့”


“တောမှာ အသက်မွေးရတာ သိပ်ပင်ပန်းတယ်နော်”


“တောသားဆိုတာ သိပ်ပင်ပန်းတာပေါ့ မကြင်စွမ်ရယ်”


“မောင်ကြီး မြို့မှာ မနေချင်ဘူးလား"


“ဟာ... သိပ်နေချင်တာပေါ့”


လန်ချားကုလားသည် ယနေ့အဖို့ နောက်ဆုံး

ပိုက်ဆံအတွက် အိမ်ပြန်လည်း အိပ်ချင်ပြီမို့ အမြန် ပြေးလျက်ရှိ၏။ တောမြို့မို့ ကတ္တရာစေးမရှိသော ကျောက်ခဲလမ်းက မကောင်းပါ။ ချိုင်ခွက်တွေ၊ ကမူတွေနှင့် လန်ချားကိုယ်ထည်သည် လှုပ်ယမ်းဆောင့်ခုန်လျက်ရှိရာ အပေါ်က တူစုံမောင်မယ်တို့မှာ လှုပ်လေမြုပ်လေ ကိုရွှေတုတ်ရေဖြစ်ကာ 

နောက်ဆုံး မကြင်စွမ်က...


“မောင်ကြီး ခုည ကျွန်မတို့ အိမ်မှာပဲ အိပ်ပါလား”


“အိပ်စရာနေရာ ရှိရဲ့လား”


“ရှိသမှ အကျယ်ကြီး” 


ဟု ပြောပြီး တစ်ခဏ၌ မကြင်စွမ်က လန်ချားကုလားအား “ဘားယားရပ်ခိုး”

ဘယ်ဘက်ဘေးရပ်ဟု ပြောလိုက်၍ လန်ချားကုလားသည် သွပ်မိုး ထရံကာနှင့် အဆင့်ခါးစောင်း လောက် မြင့်သော သုံးပင်နှစ်ခန်း အိမ်ကလေးရှေ့တွင် ရပ်လိုက်လေသည်။


နှစ်ယောက်သားဆင်းကြပြီး မကြင်စွမ်က ကုလားအား ပိုက်ဆံတစ်မူး ပေးလိုက်သည်။ ကုလားသည် ဝမ်းသာအားရ ဆလံပေးပြီး လန်ချားဆွဲသွားတော့ မကြင်စွမ်က ကိုစိန်မြိုင်လက်ကိုဆွဲကာ အိမ်ရှေ့ သုံးထစ်သော လှေကားမှ တက်ခဲ့ကြသည်။


အိမ်ထဲမှာ မီးကလေးမှိန်မှိန်ရှိရာ မကြင်စွမ်က တံခါးကို ခေါက်လိုက်တော့ မီးသည် ပို၍လင်းလာပြီး မကြင်စွမ်နှင့်

ထမင်းဆိုင်မှာ အတူရောင်းသော ဒေါ်ကြီးက တံခါးဖွင့်ပေးသည်၌ မကြင်စွမ်က ကိုစိန်မြိုင့်လက် လွှတ်လိုက်ပြီး


“ဟောဒီမှာ ဧည့်သည်ပါလာတယ် ဒေါ်ဒေါ်ရဲ့ သူ့သိလား”


အဒေါ်ကြီးက 


“အာ သိတာပေါ့၊ တို့ဆိုင်မှာ

ထမင်းသုပ်စားနေကျ ဝတ်လှည့်ဆရာပဲ၊ အခု

ဝတ်ဖြူစင်ကြယ်နဲ့ မဟုတ်၊ စတိုင်ကျကျ ဝတ်လို့ ပါလား၊ ဘယ်က တွေ့ လာကြလဲ”


“ရုပ်ရှင်ရုံကရှင့်၊ ကျွန်မက တစ်မူးတန်း၊ တစ်မတ်တန်း မတိုးနိုင်လို့ ပြန်မယ်လုပ်နေတုန်း သူနဲ့ တွေ့ပြီး ငါးမူးတန်းက ခေါ်ပြတယ်ရှင့်၊ ခုည သူ့ရွာ မပြန်နိုင်တော့ဘူး၊ ဒီမှာ အိပ်မလို့ လိုက်လာ ခဲ့ တာ၊ ဒီအိမ်ရှေ့ခန်းမှာပဲ သူ့ကို အိပ်ရာပြင်ပေးလိုက်ပါ ဒေါ်ဒေါ်” 


ဆိုပြီး ကိုစိန်မြိုင်အား ကုလားထိုင်ကို

ညွှန်ပြ၍ 


“မောင်ကြီးထိုင်ပါရှင့်၊ အပေါ်အင်္ကျီချွတ်ပါ၊

ပေး ကျွန်မကို” 


ဆိုပြီး ကိုစိန်မြိုင့်အကျီယူကာ၊ ချိတ်မှာ သွားချိတ်၏။ ထို့နောက် မကြင်စွမ်သည် 

သူ့အခန်းထဲ ဝင်သွားသည်။


အဒေါ်ကြီးသည် အိမ်ရှေ့ခန်း ဘုရားစင်ရှေ့မှာ

သင်ဖြူးတစ်ချပ်ခင်း၊ ခေါင်းအုံးတစ်လုံး၊

စောင်တစ်ထည်ချပြီး တစ်ယောက်အိပ်ခြင်ထောင်ငယ် ထောင်ပေး၏။ ကိုစိန်မြိုင်ကား ကုလားထိုင်ပေါ်

ငုတ်တုတ်ထိုင်ကာ စီးကရက်သောက်နေ၏။


အဒေါ်ကြီး အိပ်ရာခင်းပြီးသောအခါ၌ 

မကြင်စွမ်သည် ထဘီရင်လျားနှင့် သူ့အခန်းထဲမှ ပြန်ထွက်လာ၏။ သနပ်ခါးရေကျဲလည်း လူးထားသည်။

သူ့ထဘီသည် ပိုးတွန့်ပါးပါး အဟောင်း လေးဖြစ်ရာ ဖြူဖွေးသော အသားစိုင်တို့သည် ပြည့်ဖောင်း အိစက်နေ၏။


“ကဲ.... ဒေါ်ဒေါ် ပြန်အိပ်တော့” ဆိုသောအခါ၌ အဒေါ်ကြီးသည် သူ့အခန်းထဲသို့ ဝင်သွားသည်။


မကြင်စွမ်သည် အိမ်ရှေ့တံခါးပိတ်၊ ကိုစိန်မြိုင့်အိပ်ရာကို ခြင်ထောင်ချ၊ သင်ဖြူးနှုတ်ခမ်းနှင့် အစ လုံအောင်ဖိ၊ 

ထို့နောက် ဧည့်ခန်းမီးအိမ်ကို လင်းတယ်ဆိုရုံလေး မှိန်လိုက်ပြီး...


"ကဲ... မောင်ကြီးလဲ အိပ်ပေတော့'' 


ဟု ဆိုကာ သူ့အခန်းထဲ သူပြန်ဝင်သွားပြီး တံခါးကို ပိတ်လိုက်သည်။


ကိုစိန်မြိုင်သည် မြင်ရုံတင် မကြင်ရဘဲ ရင်အုံတွင် တမင်ဆွသွားသော ယဉ်စစ မကြင်စွမ်၏ ရူပံကို တသလျက် သက်ပြင်းကြီး တစ်ချက်ချလိုက်ပြီး ရှပ်အင်္ကျီကိုချွတ်ကာ သူ့အိပ်ရာထဲ ဝင်တော့မည်အပြု

မကြင်စွမ်၏ တံခါးသည် ညင်ညင်သာသာလေး

ပွင့်လာ၍ ကိုစိန်မြိုင် လှမ်းကြည့်လိုက်တော့

အတွင်းက မီးရောင်စိမ်းလဲ့လဲ လေးတွင် မကြင်စွမ်၏ ခေါင်းတစ်လုံးပြူလာလျက် ပြုံးစိစိနှင့် ကိုစိန်မြိုင်အား မျက်စိကလေး တစ်ဖက်မှိတ်ပြပြီး လက်ညှိုးကလေးလှုပ်၍

ခေါ်လိုက်လေသည်။


(၃)


တောဓလေ့ဘာသာ စံပယ်ဖူးတွေနဲ့

ချောမွေ့ကညာ အရွယ်ထူးရယ်က

ဇောခွေ့စရာ ချယ်လယ်ဖြူးပါလို့

မဝယ်ဘူး (မယ့်အပင်က) မယ်ခူးပါလို့ ပန်ဆင်တယ်


အေးခအပျိုပေါက် ဆံတောက်ကြီး ကားကားနဲ့

နားရွက်နောက်ကောက်လို့၊ သူ့ ဆံရစ်မှာ

သူ့အပင်သူခူးလို့ သီထားတဲ့ စံပယ်ဖူးတွေကို ပန်ထားသည်။


အဲသည်တုန်းက မအေးခ အလှသွေးကြွယ်သပေါ့ ။


မောင်စိန်မြိုင်ဟာ ရှင်လူထွက်ကတည်းက မအေးခကို မျက်စိကျခဲ့ သည်။

ရှေးယခင်ကတည်းက တောရွာတွေ ရှင်ပြုတာဟာ အသက် ဆယ့်လေးငါးခြောက်နှစ်သားမှ သင်္ကန်းတောင်းတွေ၊ ပုတီးစိပ်တွေတတ်၊ ရှင်ကျင့်ဝတ်တွေ လိုက်နာနိုင်မှ ပြုလေ့ပြုထရှိကြပါတယ်။ ကဲ... ရှင်လူပထွက်ဟေ့ဆိုရင် လူပျိုပေါက် လောက်လောက်လားလား ဖြစ်တော့တာပဲ၊ အဲသည်အခါမှာ လယ်ထွန်ကို နောက်လိုက်သင်ရပြီ။


ကျေးတောရွာတွေထုံးစံမှာ လူပျိုတွေ အပျိုတွေ

တစ်ယောက်တစ်ယောက် မျက်စိကျသော်လည်း

သူတို့ချင်းမပြီး၊ ကြားက အောင်သွယ်ရှိမှ ဖြစ်ကြသည်။ မောင်စိန်မြိုင်သည် မအေးခကို ကြိုက်ပြီ ဆိုတော့ သူတို့ အပိုင်းက အောင်သွယ်ကျော် ဒေါ်စိန်မြကို ကပ်ရသည်။


“မစိန်မြ ခင်ဗျား ကျွန်တော့ အေးခကို ပြောပေးဗျာ”


“ဟဲ… အေးခက နှင့်ကြိုက်ပုံ ပေါ်လို့ လား”


“ကိုသာမြတ်တို့ မင်္ဂလာဆောင်တုန်းက သူနဲ့ ကျွန်တော် ခဏခဏ မျက်စိချင်းဆုံတယ်''


“အောင်မယ်လေး ကောင်မလေးကလဲ ခုမှ

ဆံတောက်ကလေးရှိသေးတယ်၊ ဆံပင် အုပ်လုံးသွင်းသေးတာ မဟုတ်ဘူး၊ နို့ပြီး မင်းက

လယ်ထွန်နောက်လိုက် ရှိသေးတာ”


“အေးလေ ဒါတော့ဟုတ်ပါတယ်၊ သူလဲ အုပ်လုံးသွင်းမှ ကျွန်တော်လဲ ထွန်တစ်တုံးနိုင်မှ ယူကြမှာပေါ့”


“ဒါဖြင့် အခုဘာလို့ အရင်လိုနေလဲ”


“သူများ ဦးမသွားအောင်ပေါ့ဗျ၊ အေးခက

လှတယ်မဟုတ်လား၊ ပေတူးတို့ သာအေးတို့ကလဲ ချိန်နေကြတယ်”


“ဒါဖြင့် အေးခကို ငါတီးခေါက်ကြည့်လိုက်ဦးမယ်လေ”


“ကျွန်တော့်အတွက် သာသာထိုးထိုးလေး လုပ်ဗျာ၊ ခင်ဗျားက ဒါမျိုးမှာ အပြောကောင်းပါတယ်”


“အေးပါဟယ်... ငါကြိုးစားပါ့မယ်”


ဒေါ်စိန်မြဆီက ဆောင်ရွက်ပေးပါ့မယ်ဟု စကားရကတည်းက မောင်စိန်မြိုင်မှာ စတင်ပျော်ရွှင်ခဲ့လေသည်။


အေးသည် ဆံပင်ကောင်း၏။ ဆံရစ်ဆံတောက်နှင့် မြွေဟောက်ပါးပျဉ်းလို ဆံထုံးကြီးက အခြား အပျိုများထက် ထူးခြားနေပေသည်။ မောင်စိန်မြိုင်သည် 

ဒေါ်စိန်မြကို ပြောခိုင်းပြီးနောက် အေးခတို့ အိမ်ရှေ့မှာလည်း ညဉ့်အချိန် လျှောက်ပြန်သံပေး လုပ်ရ၏။


ဆံရစ်ဆံတောက်ကလေးဟာဟာမို့

အပြစ်မထောက်သေးပါဘူး

ချစ်အညှောက်သွေးတွေ ဝင်ကာစွက်ပါလို့

ခင်ကညာကိုလေ ကြင်နာချက်ကယ်ကြောင့်

တွေးကွယ်ကကြွယ်။


ယင်းသို့ လျှင် မောင်စိန်မြိုင်သည် သူ့အောင်သွယ်တော် ဒေါ်စိန်မြအိမ်မှာ ထင်းခွဲရေခပ် လုပ်ပေးရခြင်း၊

ဟင်းသီးဟင်းရွက်များ ခူးဆွတ်ပေးရခြင်း၊

လယ်ထဲချောင်းထဲမှ ဖားငါးရလျှင် ပေးကမ်းရခြင်းတို့ဖြင့် တစ်နှစ်မျှကြာတော့ဖြင့် အေးခနှင့် အရေးလှပေတော့၏။


ပထမဦးဆုံးတွေ့ရတော့ သနပ်ကုန်းရွာ ဘုရားပွဲညမှာပေါ့။ တာလမ်းနဲ့ တစ်ခေါ်လောက်ဝေးတဲ့

လယ်ကွင်းကြီးထဲမှာ ဇာတ်စင်ကြီးထိုးလို့။ ခြေထိုးကောင်းတဲ့ အောင်မောင်းကြီးဇာတ်။ ရပ်ဝေးကဆို လာလိုက်တဲ့ လှည်းတွေကလည်း နည်းတာမဟုတ်ပါဘူး။ အဲသည်ပွဲကို ဒေါ်စိန်မြဟာ အေးခကို ကိုမြချောတို့ လှည်းနဲ့ ခေါ်သွားမယ်။ မောင်စိန်မြိုင် မင်းလဲ ရွာထဲက တစ်ယောက်ယောက်လှည်းနဲ့ လိုက်ခဲ့ကွယ်။ ဟိုကျ ငါကြည့်စီစဉ်မယ်ဆိုလို့

မောင်စိန်မြိုင်ဟာ သူ့သူငယ်ချင်း မောင်ချစ်ရတို့

လှည်းနဲ့ လိုက်ခဲ့ တယ်။ ပွဲခင်းရောက်တော့

သူတို့ လှည်းများဟာ တစ်ရွာတည်းကမို့ လှည်းချင်း ယှဉ်ပြီး ထိုးလိုက်ကြတယ်။

အဲသည်မှာ မောင်စိန်မြိုင်နဲ့ မအေးခတို့

ဟိုဘက်လှည်းပေါ် သည်ဘက်လှည်းပေါ်ကနေပြီး တစ်ယောက်နဲ့ တစ်ယောက် မျက်စိကစားကြတယ်။ 

လပြည့်နေညမို့ လမင်းကြီးကလည်း ထိန်ထိန် သာလို့၊ မကြာမီ ပွဲစထွက်ပါရော။ ဆိုင်းသံကလည်း ဟည်းပေါ့ ဗျာ။ ထိုခေတ်က ဇာတ်ပွဲတွေမှာ ရှေ့ပိုင်းက လူဘိုင်စကုပ် ပြကြတယ်။


ဘိုင်စကုပ်ကို တစ်မျိုးထွင်ကာ

ရေးသားစီစဉ်တာ

ဒါရိုက်တာနဲ့ ဇာတ်လိုက်ဆိုတာ

အမျိုးမျိုးပါဝင်တာ


အဲသည်တုန်းက သီချင်းဗျ။


အဲသည်အချိန်မှာ အောင်မောင်းကြီးဟာ ပျိုရွယ်တုန်းပဲ။ ထိုခေတ်က ဇာတ်မင်းသားဆိုတာ ဆံကေသာ အရှည်ထားရတာ။ ဘိုင်စကုပ်မှာဆိုတော့ ခေတ်မင်းသားများ ဇာတ်လိုက်လုပ်ရမှာမို့ ကိုအောင်မောင်းဟာ သူ့ဆံပင်ကို

ဘိုကေလိုခွဲ၊ နောက်ဘက်ဖြန့်ချပြီး ရှပ်အင်္ကျီထဲ သွင်းထားလိုက်တော့ ဟိုတုန်းက ရုပ်ရှင်မင်းသားတွေ ခေတ်စားတဲ့ နောက်လှန်ဆံတောက်ပေါ့ ဗျ။ အဲ... ဟိုတုန်းက လူဘိုင်စကုပ်ဆိုတာ ထိုးခန်းကြိတ်ခန်းနဲ့ ဓားခုတ်ခန်းတွေပါတဲ့ ထိုးဇာတ်ကလေး၊ ချစ်ခန်း ကြိုက်ခန်း လွမ်းခန်းတွေလည်း ပါတယ်။

သည်နေရာမှာ မောင်စိန်မြိုင်နဲ့ မအေးခဟာ လွမ်းလျှင်အတူတူ၊ လူပြက်ပွဲကျလို့ ရယ်ကြတယ်ဆိုလည်း တစ်ယောက်မျက်နှာတစ်ယောက် တိတ်တခိုး

ကြည့်ကြလို့ ချစ်စခင်စကြင်နာစဟာ သိပ်ပြီး စိတ်တက်ကြွသပေါ့။


အဲသည် ဘိုင်စကုတ်လည်း ပြီးရော ပြည်ဖုံးကား

ချလိုက်တော့ “ခေတ္တရပ်ဆိုင်း ဟတ်ဗဒိုင်း” ဆိုတဲ့ စာတန်းကြီး ပေါ်လာလို့ ရွှေပွဲလာတို့ ပွဲဈေးစား၊ နောက်ဖေးနောက်ဖီ သွားကြပေါ့ ဗျာ။ အဲသည်အခါမှ ဒေါ်စိန်မြနဲ့ မအေးခတို့ လှည်းပေါ်က ဆင်းကြပြီး သည့်ပြင်လူတွေနှင့် ခွဲကာ နှစ်ယောက်တည်း တာလမ်းပေါ် တက်သွားပြီး ပွဲခင်းနဲ့ ခပ်ဝေးဝေး ကုက္ကိုပင်ကြီးများဆီ လျှောက်ကြတယ်။


မောင်ချစ်ရက “ဟေ့ စိန်မြိုင် လိုက်ကွ၊ လိုက်ကွ” လို့ တွန်းပေးတော့ မောင်စိန်မြိုင်ဟာ ရင်တဒိတ်ဒိတ်နဲ့ လိုက်သွားတယ်။

အမျိုးသမီးနှစ်ယောက် လူရှင်းတဲ့ နေရာအရောက်မှာ လမ်းဘေးဆင်းပြီး ကုက္ကိုပင်ကြီးတစ်ခုအောက် ထိုင်တော့ သူအသာနေလိုက်ပြီး ပြန်ထကာ ထဘီတွေ

ပြင်ဝတ်ပြီးကြတော့မှ သူ အနား ချဉ်းကပ်သွားတော့ ဒေါ်စိန်မြကြီးက ခပ်ဝေးဝေး လျှောက်သွားပြီး ရှောင်ပေးတယ်။ 

သူတို့ နှစ်ယောက်တည်းကျန်တော့ မောင်စိန်မြိုင်ဟာ ဘာစကားပြောရမလဲ မသိဘူး။ သူ့ရင်ထဲ တဒိတ်ဒိတ်သာ ခုန်နေပြီး တံတွေးခဏခဏ မျိုချနေရတယ်။ တော်တော်ကြာတော့မှ သူအရဲစွန့်ပြီး...


“အေး.. အေး.. အေးခ”


“ဘာလဲ”


“နင့် ဒေါ်စိန်မြကြီးက ဘာပြောလဲ”


“ဘာမှ မပြောပါလား”


“ဟယ်... ငါသူ့ပြောခိုင်းထားတယ်"


“ဘာပြောခိုင်းထားလဲ”


“နင့်... နင့်… နင့်ကို ငါ... ငါ ချစ်တယ်လို့”


“အဲဒါတော့ သူပြောသားပဲ”


“ဒါဖြင့် နင့်သဘောကရော ဘယ်လိုလဲဟင်”


“ငယ်ကြပါသေးတယ်"


“ဟယ်... ငါ အခု အသက် ၂၁ နှစ် ရှိနေပြီ”


“ယောက်ျားဆိုတာ အသက် အစိပ်လောက်မှ

အိမ်ထောင်ပြုသင့်တာတဲ့”


“ကဲ... ငါ အသက် အစိတ်ရောက်တော့ နင်ပြုမလားဟင်”


"ဒါတော့ လူကြီးမိဘတွေ သဘောပဲ”


“နင် ငါ့ကို ချစ်ပါဟယ်၊ ငါတော့ သိပ်ချစ်တာပဲ”


ပြောရင်း ဤစဉ်မှ မောင်ချစ်ရ သင်ကြားပေး

လိုက်တာတွေ သူသတိရ၍ အေးခလက် လှမ်း

ကိုင်လိုက်တော့ အေးခက...

“ဟယ်... ဒီလို မလုပ်နဲ့ ဦးဟယ်” ဆိုပြီး လက်ကိုရုန်း၍ ''ဒေါ်စိန်မြကြီးရေ ပြန်လာတော့'' ဟု ဆိုလိုက်ရာ မောင်စိန်မြိုင်က လူချင်းပြန်ခွာလိုက်ရသည်။


ဒေါ်စိန်မြ အနီးရောက်လာတော့...


“ဟေ့... မောင်စိန်မြိုင်၊ တို့ကို ပွဲဈေးတန်းမှာ ဘာကျွေးမလဲကွ”


“စားချင်တာ ကျွေးမှာပေါ့ ဗျာ” 


ဆိုပြီး သူတို့ ပွဲဈေးတန်းသွားကြ၏။ ဤမှ မောင်စိန်မြိုင်နှင့် မအေးခတို့ သမီးရည်းစား ဖြစ်သွားကြသတည်း။


အဲသည်လို သမီးရည်းစား ဖြစ်သွားကြတော့လည်း မညားခင်မှာ စိတ်ချရသေးတာ မဟုတ်သေးဘူး။

ဒါကြောင့်... (ဟင်း.….. လေးချိုးတော့ မတော်တဆနဲ့ နှစ်ပိုဒ်ရေးမိနေပြီ၊ အဆုံးမသတ်လို့ မဖြစ်ဘူး၊ နေလည်း

မနေနိုင်တော့ဘူး၊ ကဲ... တတိယအပိုဒ် ချလိုက်မယ်။)


ပျိုဖြူဖြူ ထွားစင်ညက်ရယ်က

နှစ်ကိုယ်တူ မညားခင်ရက်မှာဖြင့်

မလိုသူ ကြားဝင်လို့ ဖျက်တောင်မှ

မှားအင်မဖက်ပါနဲ့ ယဉ်ကညာရယ်

ခင်ပါတယ် မင်ပါတယ် ကြင်နာပါကွယ့် မောင့်ချစ်ဦး။

မောင့်သက်ထား မောင့်ချစ်သဲ။


(စတၳပိုဒ်က ဘာကာရန်လာမယ် မသိသေးလို့ဗျို့။)


တောရွာတို့မည်သည် အကြင်မိန်းကလေးနှင့်

အကြင်ယောက်ျားကလေး သမီးရည်းစား ဖြစ်သွားပြီဆိုလျှင် တစ်ရွာလုံး သိသွားကြသည်။


“သနပ်ကုန်းရွာ ဘုရားပွဲတုန်းက စိန်မြိုင်နဲ့ အေးခတို့ ဒေါ်စိန်မြကြီးနဲ့အတူ ပွဲဈေးစားကြသတဲ့''


“ဒါဖြင့် ဟုတ်ပြီပေါ့ကွာ၊ ဒေါ်စိန်မြတို့ လှော်လိုက်ရင် ကိစ္စချောတာချည်းပဲ”


“ဟေ့... ဒီမှာ တို့အေးခက စိန်မြိုင်နဲ့ ဖြစ်သွားပြီတဲ့”


“ဒါ... ဘာဖြစ်လဲ၊ ညည်းက မနာလိုလို့လား”


“ကောင်မဖြင့် ပြောရော့မယ်၊ ဝမ်းသာပါတယ်ဟယ်၊ သူတို့ နှစ်ယောက် လိုက်သားပဲ”


“ဟေ့... ပေတူးရေ စိန်မြိုင်နဲ့ အေးခနဲ့ စွံသွားပြီတဲ့ကွ”


“မင်းနဲ့ငါ ကျန်ရစ်ဖြစ်တာပေါ့ သာအေးရာ”


“ကိစ္စမရှိပါဘူး၊ ရွာထဲမယ် အပျိုတွေ မျိုးဆက်မပြတ် ရှိပါတယ်''


ထိုသို့ သတင်းထွက်လာသောအခါ မိန်းကလေးဘက်က စိုးရိမ်စိတ် ဝင်လာရတော့သည်။ အကြောင်း မှာ တောရွာတို့တွင် သမီးရည်းစားဖြစ်သွားပြီးမှ ပျက်သွားရသည် ဆိုလျှင် မိန်းကလေးဘက်က နစ်နာ တော့သည်။ ကာလသားများကလည်း “ဟာ... ဒီကောင်မ ဟိုအရင်

ဘယ်သူနဲ့ ဖြစ်ဖူးပြီးသားကြီးကွ” ဟု ဈေးကျသွားသည့် စကားမျိုးကို ဆိုတော့မည်။ အထူးသဖြင့် ဟိုယခင် မိမိအား ပိုးခဲ့၍ ငြင်းဆန်လိုက်သူများက သာပြီး အမနာပပြောကြလိမ့်မည်။ ပေတူးတို့ သာအေးတို့လို အကောင်တွေ။


ထို့ကြောင့် အေးခက ဒေါ်စိန်မြအား...


“ဒီမှာ... ရှင့်လူ စိတ်ချရရဲ့လားတော့်''


“မောင်စိန်မြိုင် လူကောင်းလေးပါကွယ်”


“ကောင်းပါမှပဲ သတင်းကတော့ ထွက်သွားပြီ၊ 

သူသာ သစ္စာမဲ့ရင်ဖြင့် ကျွန်မ တံတွေးခွက်

ပက်လက်မျောရမှာပဲ၊ အဲဒါဆို ရှင်ကြီးကြောင့်”


“မဟုတ်နိုင်တာအေ၊ ညည်းမလဲ ပူရန်ကော''


“ဪ.. မိန်းကလေးဘက်ကဆိုတော့ ဒီလိုပဲတွေးပြီး စိုးရိမ်ရတာပေါ့၊ သူ့လဲ ပြောလိုက်ပါ သစ္စာ ရှိပါလို့”


"ဟဲ့... ဒါကတော့ အခုချိန်မှာ နင်တို့ ချင်း ပြောရမှာ”


“သူနဲ့ ဘယ်မှာတွေ့လို့ ပြောရမှာတုံး”


“ဒါက ငါ့တာဝန် ငါစီမံပေးရမှာပေါ့”


“ကိုကြီးစိန်နဲ့ မအေးကြည်တို့ တုန်းကလို အခန်းထဲမှာ ခေါ်တွေ့ပေးတာမျိုးတော့ မလုပ်နဲ့”


“ငါက ဒီအစားထဲက မဟုတ်ပါဘူးဟဲ့၊ ဒီမှာ

ငါစိတ်ကူးရတာက ကူကြီးဘုရားလေ၊ နေရာလဲ

ကောင်းတယ်၊ လူလဲရှင်းတယ်၊ ဘုရားရှေ့မှာ နင်တို့ သစ္စာပြုနိုင်တာပေါ့၊ ငါက မလှမ်းမကမ်းက နေမယ်လေ”


အေးခက မလှုပ်မယှက် တုံဏှိဘာဝေ။


“ကဲ.... ဒါဖြင့် ကောင်မ၊ နက်ဖြန်ညနေ ကူကြီးတောထဲ ဟင်းရွက်ခူး သွားရအောင်လို့ ငါလာခေါ်မယ်”


ကူကြီးဘုရား၊ ကူကြီးတော ဆိုသည်မှာ သူတို့ ရွာက မိုင်ဝက်မျှလောက်ပဲ ဝေးသည်။ ဒေါ်စိန်မြသည် အေးခဆီမှ ပြန်လာသောအခါ လမ်းတွင်တွေ့ရသော မောင်စိန်မြိုင်၏ တူလေးအား...


“ဟေ့... နင့်ဦးလေးကို ငါကမှာတယ်လို့ ပြောလိုက်စမ်းကွယ့်”


မောင်စိန်မြိုင်သည် အောင်သွယ်ကျော်ဆီက

အမှာစကားကြားတယ်ဆိုပဲ ဒုန်းဆောင့်၍ လာခဲ့တော့သည်။


“ဘာလဲဗျ ဒေါ်စိန်မြ”


“မင်းအတွက်ပါကွာ၊ မင်း ကောင်မလေးနဲ့ မတွေ့ချင်ဘူးလား”


“ဟာ.... ဘယ့်နှယ်ပြောလိုက်ပါလိမ့်၊ အဲဒီ ချိန်းတဲ့ အချိန်မှာ တခြားတစ်နေရာက ရွှေထုပ်စိန်ထုပ်တွေ ရမယ်ဆိုရင်တောင် ကျွန်တော်မသွားဘူး”


“ကောင်းပြီ ဒါဖြင့် ငါ မင်းတို့ချင်း တွေ့ရအောင် စီမံပေးလိုက်မယ်၊ မင်း ငါ့ဘာပေးမလဲ”


“လိုချင်တာပြော၊ ကောင်းကင်က ဓူဝံကြယ် ဆွတ်ပေးရဦးမလား ဟဲ ဟဲ”


“ဒီလောက် မြင့်မြင့်ကြီးလဲ မင်း မတက်ခိုင်းချင်ပါဘူး၊ ဟောဒီ ငါ့အိမ်နံဘေးက အုန်းပင်တက်ပြီး အုန်းသီးပဲ ခူးပေးပါကွာ၊ နှစ်နိုင်ရင့်နေပြီကွ၊ ကြိုးနဲ့ ဆွဲချပေး”


ထို့ကြောင့် မောင်စိန်မြိုင်သည် ခါးတောင်းမြှောင်အောင်ကျိုက်ကာ ဓားမတိုနှင့် ကြိုးခွေ ခါးမှာထိုး၍ အုန်းပင်ပေါ်သို့ လျားခနဲ လျားခနဲ ပေါင်တံထိုး၍ တက်သွားလေ၏။


နောက်နေ့ ညနေမှာ ဒေါ်စိန်မြ စီမံပေးသည့်အတိုင်း မောင်စိန်မြိုင်နှင့် မအေးခတို့ ကူကြီးဘုရားမှာ သစ္စာပြုကြရပါသည်။ ဆင်းတုတော်ကြီး ရှေ့မှောက် အခြားမည်သူမှလည်း မရှိ၊ ဒေါ်စိန်မြက တောထဲ ဟင်းရွက်လျှောက်ခူးနေသဖြင့် သူတို့သည်

တစ်ယောက်လက် တစ်ယောက်ကိုင်ကာ ကြည်နူးကြသည်။


အချိန်အတန်အသင့် ကြာသည်၌ ဒေါ်စိန်မြက တောထဲမှ လှမ်း၍ခေါ်သံ ကြားရသည်။


“ဟေး... သဏ္ဌာန်လုပ် သရုပ်နဲ့ တူအောင် ငါအေးခကို အိမ်ကခေါ်လာတဲ့ စကားနဲ့လဲ ညီအောင် ဒီမှာ ဟင်းရွက်လာခူးကြဦးဟေ့၊ ဟင်းရွက်ခူးရင်းလဲ ပြောချင်တာ ပြောဖြစ်တာပေါ့”


ထို့ကြောင့် မောင်စိန်မြိုင်နှင့် မအေးခတို့သည် တောထဲ ဟင်းရွက်ခူးကြလေသည်။ အုံးမောင်ညွှန့်၊ ခတ်ချိုညွန့်၊

ကင်ပလင်းရွက်တွေ၊ ငါးပိရည်တို့ လို့ ကောင်း။


ကဲ.... မောင်စိန်မြိုင်နဲ့ မအေးခတို့ လည်း

အဆင်ပြေကြပြီမို့ သူတို့ အတွက် ဖွဲ့ထားသော

ကျွန်တော့ လေးချိုးကို တစ်ပိုဒ်စီ ပေါင်း

လိုက်ပါတော့နော်။


တောဓလေ့ဘာသာ စံပယ်ဖူးတွေနဲ့

ချောမွေ့ကညာ အရွယ်ထူးရယ်က

ဇောခွေ့စရာ ချယ်လယ်ဖြူးပါလို့

မဝယ်ဘူး (မယ့်အပင်က) မယ်ခူးပါလို့

ပန်ဆင်တယ်။


ဪ... ဆံရစ်ဆံတောက်ကလေးဟာဟာမို့

အပြစ်မထောက်သေးပါဘူး

ချစ်အညှောက်သွေးတွေ ဝင်ကာစွက်ပါလို့

ခင်ကညာကိုလေ ကြင်နာချက်ကယ်ကြောင့် တွေးကွယ်ကကြွယ်။


ပျိုဖြူဖြူ၊ ထွားစင်ညက်ရယ်က

နှစ်ကိုယ်တူ မညားခင်ရက်မှာဖြင့်

မလိုသူ ကြားဝင်လို့ ဖျက်တောင်မှ

မှားအင်မဖက်ပါနဲ့ ယဉ်ကညာရယ်

ခင့်ပါတယ် မင်ပါတယ် ကြင်နာပါကွယ့် မောင့်ချစ်ဦး

မောင့်သက်ထား မောင့်ချစ်သဲ။


ကောင်းလှပါပြီရှင်

နှောင်းကာလမကြာမီ နှစ်ကိုယ်ကြင်တော့

ဟိုယခင် အပျိုစင်တုန်းကလိုပ

ကိုအစဉ် ချိုရွှင်ပြုံးပါနော့

သက်ဆုံးတိုင် ဆုမွန်တောင်းပါလို့

ချစ်တာ မေတ္တာမှာ သစ္စာလောင်းကာပ

ပေါင်းကြစို့ လား။ ။


(အဲဒါဟာ ရှေးခေတ် ဒဂုန်မဂ္ဂဇင်းကြီးထဲမှာပါတဲ့ ရှေးရိုး လေးချိုးမျိုးပေါ့။)

ဆက်ရန်...

စာရိုက် - စလေ ငနော့




Comments

Popular posts from this blog

ငရဲဆိုတာ ဂျိုနဲ့လား 🖋 ဟံသာဝတီ ဦးဝင်းတင်

ဘာလဲဟဲ့... လူ့ငရဲ (မိတ်ဆက်) 🖋 ဟံသာဝတီ ဦးဝင်းတင်

ပုံစံခွက်ထဲက နိုင်ငံရေးမုန်တိုင်း (၁) 🖋 ဟံသာဝတီ ဦးဝင်းတင်