ပီကာဆို၏ ပဉ္စလက်မီးအိမ်၊ နှနှစ်သိန်းတန်ထမင်းပွဲနှင့် မိုးကောင်း 🖊 ြမြသန်းတင့်


ပီကာဆို၏ ပဉ္စလက်မီးအိမ်၊
•••••••••••••••••••••••••••••••
နှစ်သိန်းတန်ထမင်းပွဲနှင့် မိုးကောင်း
•••••••••••••••••••••••••••••••••••

မြသန်းတင့်

(၁)

ကျောက်ဖြူသား စားပွဲတစ်လုံးပေါ်မှာ
အူဟောင်းလောင်း ထွက်ကျနေတဲ့
စက္ကူကတ်ပြား သူတောင်းစားတစ်ယောက်
ဘူတာရုံ ပလက်ဖောင်းတစ်ခုပေါ်က ဆေးလိပ်ပြာများ
ရုပ်ပုံလွှာတစ်ခုရဲ့ ရုပ်ပုံလွှာ။

နံနက်လင်းတော့ မီးရထားသည် မဲဇာကိုကျော်လာပြီ။ နှင်းမှုန်ထုကြီးအောက်တွင် မဲဇာဘူတာရုံလေးကို ရေးရေးသာ မြင်ရသည်။ ရထားသည် ဥဩသံတတူတူဖြင့် နှင်းထုထဲတွင် ခပ်ဖြည်းဖြည်းခုတ်နေရသည်။ နံနက် ၇ နာရီကျော်သည့်တိုင် နေခြည်ကိုမမြင်ရသေး။ ''ရထားယဉ်သာ၊ နေစကြာလည်း၊ ရောင်ဝါမထွန်း၊ ချမ်းရှာလွန်း၍'' ဆိုသည့် လက်၀ဲသုန္ဒရ၏ မဲဇာတောင်ခြေရတုကို သတိရမိသည်။ နေချမ်းသည်ကိုဆိုလိုသလော၊ လူချမ်းသည်ကို ဆိုလိုသလောဟု တစ်ခါက မြန်မာပညာရှိများ အငြင်းပွားခဲ့သည်ကိုပြေး၍ သတိ်ရသည်။ နေချမ်းမချမ်းကိုမူ ကျွန်တော်မသိ။ လူကမှု ခိုက်ခိုက်တုန်နေပြီ။ ကချင်ပြည်နယ်က ဆောင်းသည် အရိုးကွဲမတတ် စိမ့်အေးနေသည်။

ရထားတစ်စင်းလုံး လူတွေပြည့်နေသည်။ မနေ့ညနေ မန္တလေးက ထွက်လာကတည်းက မြစ်ကြီးနား အဆန်ရထားသည် ၀န်နှင့်အား မမျှအောင်ဖြစ်နေသည်။ ကျွန်တော်တို့ စီးသည့်တွဲက အထက်တန်းတွဲ။ အထက်တန်းတွဲကို ကျွန်တော်တို့ မစီးချင်။ အထက်တန်းတွဲက သက်သောင့်သက်သာ ရှိသည့်တိုင် သီးသန့်ဖြစ်လွန်းသည်။ ခရီးသွားရသည့် အရသာကို တင်းပြည့်ကျပ်ပြည့် မခံစားရ။ လူတွေနှင့် မတွေ့ရ။ သီးသန့်ဆန်လွန်းသည်။ သို့ရာတွင် ကျွန်တော်တို့ကို ဖိတ်ကြားသူများက အထက်တန်းလက်မှတ် ယူထားကြသည်။ အမျိုးသမီးတွေပါသဖြင့် သူတို့ကိုလည်း ငဲ့ညှာရသည်။ ထို့ကြောင့် သူတို့အစီအစဉ်တိုင်း ကျွန်တော်တို့ လိုက်ခဲ့ရသည်။ ကိုယ့်အစီအစဉ်ဖြင့် သွားရသည့် ခရီးမဟုတ်။ အိမ်သည်၏ အစီအစဉ်ဖြင့် သွားရသည့် ခရီးဖြစ်သည်။ ကိုယ်ကဧည့်သည်။ သူကအိမ်သည်။

ဧည့်သည်က ကျွန်တော်တို့တစ်သိုက်။ အိမ်သည်က မိုးကောင်းစာဆိုတော်နေ့ ကျင်းပရေးကော်မတီ။

ကချင်ပြည်နယ်ကို ၁၉၆၀ ခုနှစ်က ကျွန်တော် နောက်ဆုံးရောက်ခဲ့သည်။ ထိုစဉ်က ဒဂုန်တာရာနှင့် နှစ်ယောက်တည်း။ မိုးညှင်း၊ နမ္မား၊ ဘီလူးမြို့၊ မြစ်ကြီးနား၊ မြစ်ကြီးနားမှ ဗန်းမော်သို့ မော်တော်ကားဖြင့် လာကြသည်။ မြစ်ကြီးနားနှင့် ဗန်းမော်နယ်စပ်နားလုံတွင် မော်တော်ကား ခေတ္တရပ်တော့ ကျွန်တော်တို့နှစ်ယောက် လျှောက်ကြည့်ကြသည်။ နှစ်ခရိုင်နယ်ခြား တံတားပျက်နေသဖြင့် မော်တော်ကားက ဘေးမှကွေ့မောင်းစဉ် ကျွန်တော်တို့က ခြေကျင်ဆင်းလျှောက်ကြသည်။

''ဒါ ကျွန်တော်တို့ နယ်ခြားပေါ့။ ဟိုဘက်က တောင်တန်းဟာ တရုတ်ပြည်ဘက်ကပဲ။ ဘယ်လောက်မှ မေ၀းဘူး။ တစ်မိုင်လောက်ပဲ ေ၀းတယ်။''

မိုးညှင်းမှ ကိုသန်းအောင်က ပြောပြသည်။ ထိုစဉ်က တရုတ်မြန်မာ နယ်ခြားသတ်မှတ်ရေး အောင်မြင်ပြီးစီးသည့် မြန်မာကိုယ်စားလှယ် အဖွဲ့ကြီးတစ်ဖွဲ့ တရုတ်ပြည်ရောက်နေသည်။ နယ်ချဲ့လက်ထက်က ကျန်ခဲ့သည့် အမွေဆိုးကို ကျွန်တော်တို့ နှစ်နိုင်ငံ ချစ်ကြည်ရင်းနှီးစွာ ဖြေရှင်းနိုင်သဖြင့် နှစ်နိုင်ငံပြည်သူများ လန်းဆန်းနေကြသည်။

နားလုံကိုကျော်လျှင် တာပင်မြို့ကိုကူးသည့် မြစ်ကူးတံတား။ ရေက ကြည်စိမ်းနေသလောက် ရေစီးသန်သည်။ စိမ့်အေးနေသည်။ ဗန်းမောက်ရောက်တော့ ဗန်မောက်ဈေးကို ၀င်ကြည့်ကြသည်။ ကချင်၊ ရှမ်း၊ ရ၀မ်၊ ယောယဉ်လူမျိုးစုံနေသည်။ မုန့်ညင်းချဉ်၊ စွမ်တန်၊ ဆီတို့ဟူး၊ ကချင်အရက်၊ တစ်ဈေးလုံး။ နာမည်ကြီးသည့် ရေပူစမ်းကို သွားချင်သော်လည်း သွားချိန်မရတော့။ ဗန်မော်မှ ကသာသို့ သငေ်္ဘာဖြင့်စုန်ကြသည်။ နာမည်ကျော် ပထမမြစ်ကျဉ်းနှင့် ဒုတိယမြစ်ကျဉ်းကို ဖြတ်ကြသည်။ သငေ်္ဘာကလေးက မြစ်ထဲတွင် သေးသေးကလေး။ ဖရဲသီးခွံကလေး မျောနေသည်နှင့်တူသည်။ ကမ်းပါးကြီးတွေက ပေနှစ်ရာကျော် သုံးရာနီးပါး မြင့်လိမ့်မည် ထင်သည်။ ကျောက်သားကမ်းပါး ဖြူဖြူနီနီတွေ။ နွယ်များက မြွေကြီးများ တွားတက်နေသည့်ပမာ တွဲတွဲကျလျက်။ ငယ်ငယ်က ဖတ်ဖူးသည့် ဆရာကြီး ရွှေဥဒေါင်းတို့ ဆရာကြီးမဟာဆွေတို့၏ ကချင်ပြည်နယ်နောက်ခံ ၀တၳုများကို ပြေး၍သတိရသည်။ သငေ်္ဘာက ထီးချိုင့်၊ ရွှေကူစသည့်မြို့များတွင် မဆိုက်။ ထီးချိုင့်ဆိပ်ကမ်းက သောင်ပြင်ကြီးထိုးနေသည်။ သောင်ပြင်အဆုံး တောအုပ်ညိုညိုထဲမှ သွပ်မိုးဖွေးဖွေးနှင့် အိမ်များကိုမြင်ရသည်။ စစ်မဖြစ်ခင်က တိုးတက်ရေးမဂ္ဂဇင်းတွင် အမြဲတမ်းစာရေးသည့် ထီးချိုင့်နတ်စိုးဆိုသည့် စာရေးဆရာကို ပြေး၍အမှတ်ရသည်။ လူချင်းမတွေ့ဖူး။ စာရေးသည်ကိုလည်း မတွေ့တော့။ ရှိမှရှိပါသေး၏လော မဆိုနိုင်။

ကသာမှတစ်ဖန် နဘားလမ်းသို့ ပြန်ထွက်ကာ မန္တလေးသို့ရထားစီးကြသည်။

ထိုစဉ်က ခရီးသည်က ကျွန်တော်နှင့် ဒဂုန်တာရာ နှစ်ယော်ကတည်း။ ၁၉၆၀ ခုနှစ်။

ယခုခရီးက လေးယောက်။ ခင်ဆွေဦး၊ ယု၀တီ ရွှေဝါစိန်၊ မောင်သွေးသစ်နှင့် ကျွန်တော်။ ၁၉၇၅ခုနှစ်။

ဆယ်ငါးနှစ်ကြီးများတောင် ကွာခြားသွားပြီ။ ဆယ့်ငါးနှစ်ဆိုသည်မှာ သမိုင်းအမြင်ဖြင့်ကြည့်လျှင် ဘာမျှမကြာလိုက်။ လူ့ဘ၀၏ သက်တမ်းဖြင့် တိုင်းလျှင်မူ မျိုးဆက်တစ်ဆက်နီးပါး ကြာသွားပြီ။ အရင်တစ်ခေါက် ကျွန်တော်တို့သွားတုန်းက ၁၀ နှစ်ရွယ်သည် ယခု ၂၅ နှစ်ရှိရော့မည်။ ထိုခရီးမှ အပြန်တွင် ၀တုတိုနှစ်ပုဒ် ငွေတာရီမဂ္ဂဇင်းတွင် ကျွန်တော်ရေးခဲ့သည်။ တစ်ပုဒ်က ''မနော်'' ဆိုသည့် ဆယ်နှစ်ရွယ် ကချင်လေးတစ်ယောက်အကြောင်းဖြစ်သည်။ ကချင်ပြည်နယ် စာစောင်မှ ခင်လေးမြင့်၏ ဆောင်းပါးအချက်အလက်အချို့နှင့် ကျွန်တော် သွားကြည့်ခဲ့သည့် မြစ်ကြီးနား ကချင်အမျိုးသား မိဘမဲ့ကလေးများကျောင်းမှ ကျောင်းသားလေး တစ်ယောက်၏အကြောင်းကို စပ်ဟပ်ရေးထားခြင်းဖြစ်သည်။ ကချင်အမျိုးသား ကလေးအမည်က မနော်။

မိဘမဲ့ကျောင်းသို့ မရောက်ခင် ကျေးရွာကျောင်းတွင် ကျောင်းနေခဲ့ဖူးသည်။ ကျွန်တော်က သူတို့ရွာတွင် ကျောင်းရှိ မရှိမေးသည်။ သူက မရှိ၊ တခြားရွာက ကျောင်းကို လာတက်ရသည်ဟု ပြောပြ၏။ ဘယ်လောက် ေ၀းသလဲ။

''နီးနီးလေးပါ။ တောင်ဆယ်လုံးလောက် ကျော်လိုက်ရင် ရောက်တာပဲ''

မနော်က ဖြေသည်။ မနော်၏စကားသည် ကျွန်တော်နားတွင် စွဲနေသည်။ တောင်ဆယ်လုံးကို ကျော်၍ ကျောင်းတက်ရသည့်ခရီးက နည်းသည်ခရီးမဟုတ်။ အသွားအပြန် တောင်အလုံးနှစ်ဆယ်ကို ကျော်ရသည်။ တောင်ကြီးတွေကလည်း အမြင့်ကြီးတွေ။ တစ်နေ့ ကိစ္စမဟုတ်။ သူ့ကြည့်တော့ ဆယ်နှစ်ရွယ် သူငယ်ကလေး။

ကျွန်တော်သည် မနော်ကိုကြည့်၍ မောခဲ့ရသည်။ ယခုလောက်ဆိုလျှင် မနော်တစ်ယောက် ဘယ်ရောက်နေပြီနည်း။ အသက်အစိတ်လောက် ရှိတော့မည်။ မနော်၏ညီမလေးတွေကော။ မနော်လို တောင်ဆယ်လုံးကျော် ကျောင်းတက်နေဆဲလောဟု ကျွန်တော်တွေးနေမိသည်။

နောက်၀တုတစ်ပုဒ်မှာ ''တံလျှပ်ပါတကား'' ဆိုသည့် ၀တၳုတိုဖြစ်၍ ငွေတာရီမဂ္ဂဇင်းမှာပင် ရေးခဲ့သည်။ ဗန်းမော်တွင် ကျွန်တော်တို့နှစ်ယောက် တရုတ်ပျော်ပွဲစားရုံတစ်ရုံ၏ တည်းခိုခန်းတွင် တည်းကြသည်။ တည်းခိုခန်းခ တစ်နေ့မှ နှစ်ကျပ်။ အစားအသောက်ကိုမူ အောက်ထပ်တွင် သပ်သပ်မှာစားရသည်။ တစ်နေ့ညနေ အောက်ထပ်ဆင်း ကျွန်တော်တို့ ထမင်းစားနေစဉ် လူတစ်ယောက် ကျွန်တော့်ကို လာနှုတ်ဆက်သည်။ စစ်ပြီးစ တက္ကသိုလ်တုန်းက ကျွန်တော်နှင့် ကျောင်းဆောင်တစ်ခုထဲတွင် နေခဲ့သူ၊ အရေးပိုင်သား။ သူ့နာမည်က ပီတာလေးမောင်။ ကျောင်းတွင် မော်တော်ကား ထား၍စီးသည်။ အင်းလျားနှင့် (သီရိ) ဧည့်ခန်းဆောင်များမှ ညနေဆည်းဆာများသည် သူ့ရယ်သံများဖြင့် ပဲ့တင်ထပ်နေကျ။ ဘုတ်ကလပ်တစ်၀ိုက်မှ တောရိပ်ညိုညိုများသည် သူ့တီးတိုးသံများကို ကြားနေကျ။ လရောင်ပြက်သည့် နွေညများတွင် လမ်းထောင့်အုတ်တံတားဆီမှ လျှပ်စစ်ဂစ်တာသံကို ကြားရမြဲ။ ''ဂျူဒီနဲ့ ချိန်းတဲ့နေ့'' ဟူသော အမေရိကန် အဆိုအကရုပ်ရှင်ထဲမှ သီချင်းကို သူတီးနေကျ။ ဘာမျှ လိုလေသေးမရှိ။ မော်တော်ကား၊ အနောက်နိုင်ငံ၀တ်စုံ အကောင်းစား၊ လျှပ်စစ်ဂီတ၊ အင်းလျားသူနှင့် (   ) သူတို့၏ မျက်၀န်းပြာပြာနှင့် အပြုံးလဲ့လဲ့ ၀န်းရံလျက်။ ဘာမျှ ပူပင်ကြောင့်ကြစရာမလိုသည့် မကြောင့်ကြကိုယ်တော်လေး။ ချစ်စရာ မင်းသားလေးတစ်ပါး။

နောက် မည်သို့ ဖြစ်သွားသည်မသိ။ ကျောင်းသားတစ်ယောက်၏ ပစ္စည်းကို ခိုးမှုဖြင့် ကျောင်းထုတ်ခံလိုက်ရသည်။ ထိုစဉ်ကစ၍ သူနှင့် မတွေ့တော့။ ၁၉၅၀ ခုနှစ်လောက်က ကွဲသွားကြသည်မှာ ၁၉၆၀ ခု ဗန်းမော်ရောက်မှ ပြန်တွေ့ကြသည်။ မကြောင့်ကြ ကိုယ်တော်လေး မဟုတ်တော့။ ချစ်စရာ မင်းသားလေးတစ်ပါး မဟုတ်တော့။ (စာအုပ်ထဲမှာ ဒီနေရာမှာ စာလုံးတွေ ပျက်နေလို့ မမြင်ရဘူး __________ _________ ________)

ရှမ်းကချင်မ တစ်ယောက်နှင့်ရကာ ဗန်းမော်တွင် သောင်တင်နေသည်။ ပတ်စာခွာသူ၊ ဖျာသိမ်းသူ၊ သေတ္တာမှောက်သူ ဖြစ်နေပြီ။ သူကိုကြည့်၍ စိတ်မကောင်းစရာ လောကဓံကို ရေးချင်သဖြင့် ''တံလျှပ်ပါတကား''ကို ကျွန်တော်ရေးခဲ့သည်။ ခပ်ဆင်ဆင်တူသော ဆွန်မားဆက်မွန်၏ ၀တၳုတိုကလေး တစ်ပုဒ်ကိုလည်း ဖတ်ခဲ့ဖူးသည်။

ယခု ''တံလျှပ်ပါတကား''မှ ကျွန်တော်ဇာတ်လိုက်ပီတာ တစ်ယောက်ကော ဘယ်ရောက်နေပြီမသိ။ ဘိန်းစားဘ၀မှ ဘိန်းဖြူသမားဖြစ်နေပြီလော။

(၂)

ညက ရထားပေါ်တွင် တစ်ညလုံးအိပ်မပျော်။ ရထားသည် မြောက်ဘက် တောင်ကုန်းဒေသသို့ ဆန်တက်လာသည်နှင့်အမျှ အအေးဓာတ်က ကဲသည်။ ကျွန်တော်တို့တွင် အိပ်ရာလိပ် မပါကြ။ မည်သူမျှ ကောင်းကောင်း အိပ်မပျော်။ ချမ်းချမ်းဖြင့် စင်ပေါ်တွင် ကွေးလိုက်ကြသည်။ ကွေး၍ညောင်းလျှင် (ဒီနေရာမှာလည်း စာလုံးတွေ မမြင်ရပါ)။

နံနက်တွင် အိပ်မရတော့သဖြင့် ကျွန်တော်တွင်ပါလာသည့် ပြင်သစ်ကဗျာဆရာ ပရေးဗား၏ လက်ရွေးစင်ကဗျာစာအုပ်ထဲမှ ကဗျာတစ်ပုဒ်ကို ကောက်ဖတ်သည်။ ကဗျာအမည်က''ပီကာဆို၏ ပဉ္စလက်မီးအိမ်''

ကျောက်ဖြူသား စားပွဲတစ်လုံးပေါ်မှာ

အူဟောင်းလောင်း ထွက်ကျနေတဲ့

စက္ကုကတ်ပြား သူတောင်းစားတစ်ယောက်

ဘူတာရုံပလက်ဖောင်းတစ်ခုပေါ်က ဆေးလိပ်ပြာများ

ရုပ်ပုံလွှာတစ်ခုရဲ့ ရုပ်ပုံလွှာ။

ပရေားဗားကို ပြင်သစ်ကဗျာ၏ ပီကာဆိုဟု ေ၀ဖန်ရေးသမားများက ခေါ်ကြသည်။ ပီကာဆို၏ ပန်းချီကားများတွင် အင်ပရက်ရှင်နစ်ဇင်းနှင့် သရုပ်မှန်လွန်ဝါဒသို့ ရောယှက်နေသလို သူ့ကဗျာတွင်လည်း ထိုဝါဒနှစ်ခုပေါင်းထားသည်။ သူ့ကဗျာကို ဖတ်ရခြင်းက ပီကာဆို၏ ပန်းချီကားကိုကြည့်ရသည်နှင့်တူသည်။ ပဋိပက္ခဖြစ်နေသည့် အရာများသည် တစ်ခုကိုတစ်ခု တိုက်ခိုက်နေကြပြီးနောက် လွင့်စဉ်ေ၀းကွာ သွားကြသည်။ နိမိတ်ပုံတွေ၊ အရုပ်တွေက သဘာ၀မဟုတ်ဘဲ သဘာ၀ထက်လွန်ကဲနေကြသည်။ အမြင်အာရုံကိုဖမ်းပြီး နိမိတ်ပုံများအဖြစ် သုံးသွားကြသည်။

သူရေးပြသည့် ရုပ်ပုံထဲက ပဋိပက္ခများကိုကြည့်ပါ။ ကျောက်ဖြူသားစားပွဲကြီးက ခံ့ညား၀င်လက်နေသည်။ သို့ရာတွင် ထိုစားပွဲပေါ်တွင် ရှိနေသူက သူတောင်းစား။ သူတောင်းစားမှ တကယ့်သူတောင်းစား မဟုတ်။ စက္ကုကတ်ပြား သူတောင်းစားနှင့် အူဟောင်းလောင်းထွက်နေခြင်း၊ ကျောက်ဖြူစားပွဲနှင့် သူတောင်းစား ဘာဆိုင်သနည်း။ စက္ကူကတ်ပြား သူတောင်းစားရုပ်က မည်သို့ဟောင်းလောင်း ထွက်ကျနိုင်မည်နည်း။

မဖြစ်နိုင်သည့် အရာနှစ်ခု ပေါင်းစပ်ပေးထားသည်။

ရထားသံသည် တောင်ကမ်းပါးယံတွင် ပဲ့တင်ထပ်နေသည်။ တောတွေ၊ တောင်တွေ၊ လျှိုမြောင်တွေ၊ ချိုင့်၀ှမ်းတွေကို ဖြတ်လာသည်။ နောက်ဆုံးကျတော့ မိုးညှင်း နမ္မားလွင်ပြင်သို့ ရောက်လာ၏။ မိုးညှင်းတွင် အကြာကြီး ရထားဆိုက်သည်။ ဘာကြောင့်ဟူ၍တော့ မသိ။ မြစ်ကြီးနားရထားသည် အစုန်ရောအဆန်ပါ မိုးညှင်းတွင် အကြာကြီး ဆိုက်တတ်သည်ဟု ပြောကြသည်။ ကျွန်တော်သည် မိုးညှင်း ဘူတာရုံကိုကြည့်ရင်း သော်တာဆွေ၏ ''ဆန်ဆုံစား ကံကုန်သွား''၀တၳုထဲမှ စစ်ပြီးကာလ မှောင်ခိုဆန်ကုန်သည်မလေး မသူကို သွား၍ သတိရနေသည်။ ယခုလည်း မိုးညှင်းဘူတာရုံ ပလက်ဖောင်းပေါ်တွင် မှောင်ခိုသည်မလေးတွေ လူးလာခတ်နေကြသည်။ သော်တာဆွေ၏ ဇာတ်လိုက်မ မသူက ဆန်မှောင်ခိုကူးသည်။ မိုးညှင်းဘူတာရုံ ပလက်ဖောင်းတွင် ကျွန်တော်မြင်လိုက်သည့် မှောင်ခိုသည်မလေးများကကော ဘာပစ္စည်းများကို မှောင်ခိုကြသနည်း။

ပရေးဗား ပြောသလို ဘူတာရုံပလက်ဖောင်း တစ်ခုပေါ်မှ ဆေးလိပ်ပြာမှုန့် ကလေးများလော။

မိုးညှင်းရောက်တော့ မိုးကောင်းစာဆိုတော်နေ့ ကော်မတီမှ ကိုစိန်လွင် လာကြိုသည်။ အသားညိုညို၊ ခပ်တောင့်တောင့် နှုတ်ခမ်းမွေးကားကား၊ အသက်သုံးဆယ်လောက်သာ ရှိဦးမည်။ မြက်ဦးထုပ်ဖြူကို ဆောင်းထားပြီး ပခုံးတွင် ကချင်လွယ်အိတ်တစ်လုံး လွယ်ထားသည်။ ညိုမှောင်သော မျက်နှာပေါ်မှ သူ့မျက်လုံးများက တဖိတ်ဖိတ်လက်နေကြသည်။ စကားပြောလျှင် ပီပီသသဖြင့် တစ်လုံးချင်း လေးလေးပြောတတ်သည်။ သူက လူနှစ်ယောက်နှင့် မိတ်ဆက်ပေးသည်။ တစ်ယောက်ကဖြူဖြူ၀၀ ရှမ်းသွေးပါပုံရသည်။ အခြားတစ်ယောက်က ပိန်ပိန်ပါးပါး၊ အရပ်ပြတ်ပြတ်၊ နှစ်ယောက်စလုံး အသက်သုံးဆယ်ထက် ကျော်ပုံမရကြသေး။

''ဟောဒါ ဟိုပင် အထကက ကျောင်းဆရာ ဦးသန်းအောင်'' ခပ်၀၀လူကို လက်ညှိုးထိုးပြသည်။

''ဟောဒါက အမှုထမ်း ကိုလှရွှေ၊ သူတို့နှစ်ယောက်စလုံး ဟိုပင်ကချည်းပဲ။ ဟိုပင် စာဆိုတော်နေ့ အတွက် လုံးပန်းကြသူတွေပါ''

ကျွန်တော်က သူတို့ကို လက်ဆွဲနှုတ်ဆက်သည်။ စာဆိုတော်ပွဲသည် အမျိုးသား အနုပညာပွဲသဘင် တစ်ရပ်ဖြစ်နေပြီ။ အလုပ်သမားတွေ၊ လယ်သမားတွေ၊ ကျောင်းသားတွေ၊ အမှုထမ်းတွေ၊ လူငယ်တွေက အမျိုးသားစာဆိုတော်ပွဲသဘင်ကို ကြိုဆိုကြသည်။ စာရေးသူများ ကိုဖိတ်၊ စာရေးသူများ၏ ဟောပြောချက်များကို နားထောင်ကြသည်။ သူတို့၏ ထင်မြင်ချက်များကို ပြောကြသည်။ ေ၀ဖန်ရေး လုပ်ကြသည်။ သူတို့ဘ၀ကို ထင်ဟပ်သည့် စာပေများကို ရေးသားပြုစုဖို့ တိုက်တွန်းကြသည်။ အကြံဉာဏ်ပေးကြသည်။ စာဖတ်သူ၏ အကြံဉာဏ်ကို နားထောင်ရမည်။ သူတို့သည် စာရေးသူတို့၏ ဆရာများ မဟုတ်လော။

''တွေ့ရတာ ၀မ်းသာပါတယ်ဗျာ။ ဟိုပင် စာဆိုတော်ပွဲက မိုးကောင်းမှ အပြန်ကျမှ လုပ်မှာနော်''

ကျွန်တော်က မေးသည်။ ဦးသန်းအောင်နှင့် ကိုလှရွှေသည် တစ်ယေက်မျက်နှာကို တစ်ယောက်ကြည့်နေကြသည်။ သူတို့အမူ အရာများက ပြောသင့်မပြောသင့် ချိန်ဆနေဟန်။ ပြောရမည်ကို ၀န်လေးသည့်ဟန်။ သူတို့နှစ်ယောက်သည် ကိုစိ်န်လွင်ကို ငေးကြည့်နေကြသည်။ ကိုစိန်လွင်က တဟားဟား ရယ်နေသည်။

''ဟုတ်တယ်၊ အပြန်မှ လုပ်မှာ။ ဟိုပင်မြို့အဖို့ ပထမဆုံး အကြိမ်စာဆိုတော်ပွဲမို့လို့ တစ်မြို့လုံးက အားခဲနေကြတယ်။ အားတက်သရောရှိကြတယ်။ မြို့သူမြို့သားတွေကလည်း တို့မြို့တော့ မြို့အင်္ဂါနဲ့ပြည့်စုံပြီဆိုပြီး ၀မ်းပန်းတသာနဲ့ ဆရာတို့ကိုမျှော်နေကြတယ်။ ဆရာတို့ကို ကြိုဖို့ စည်နော်အဖွဲ့တွေ၊ ကချင်ယိမ်းတွေ၊ ရှမ်းယိမ်း၊ တွေလည်းတိုက်ပြီးပြီ၊ ယိမ်းအဖွဲ့တွေနဲ့ ဘူတာရုံကို လာကြိုဖို့ပြင်ထားကြတယ်။''

အလိုလေး ခမ်းနားလှပါတကား။ စာရေးဆရာအဖြစ်ဖြင့် မြို့တကာ နယ်တကာ ရောက်ဖူးပြီ။ ဤသို့ တလေးတစား တခမ်းတနားကြိုသည့်မြို့ကို တစ်ခါမျှမတွေ့ဘူးသေး။

''သိပ်ခမ်းခမ်းနားနားတွေ မလုပ်ပါနဲ့ဗျာ။ ငွေကုန်လူပန်း ဖြစ်ပါ့မယ်။ စာရေးဆရာဆိုတာ ပြည်သူထဲကလာပြီး ပြည်သူထဲမှာ နေရတဲ့လူတွေပဲ။ ဘာဖြစ်လို့ သူတို့ကို ခမ်းခမ်းနားနား ကြိုဆိုရမှာလဲ။ တော်တော်ကြာ အကြိုမခံစဖူး ခံရလို့ ၀မ်းတော်တွေ လားကုန်ပါဦးမယ်''

ကျွန်တော်က ပြောသည်။ ကိုစိန်လွင်က သူ့ထုံစံအတိုင်း တဟားဟားရယ်သည်။ ကိုစိန်လွင်ရယ်တော့ ဦးသန်းအောင်တို့ ကိုလှရွှေတို့ မျက်နှာကလည်း ပြုံးယောင်သန်းလာသည်။ သို့ရာတွင် သူတို့အပြုံးက မချိသည့်အပြုံး။ မသက်မသာ အပြုံး။

အမှန်တော့ ဟိုပင်တွင် စာပေဟောပြောပွဲလုပ်ခွင့်မရ။

မိုးညှင်းမှ ရထားထွက်တော့ ဟိုပင်က စာဆိုတော် ကော်မတီ၀င်များလည်း လိုက်လာကြသည်။ သူတို့က စာရေးသူများနှင့် တွေ့ချင်သည်။ စာပေေ၀ဖန်ရေး လုပ်ချင်သည်။ ကျောင်းသားကျောင်းသူ များကလည်း မိုးကောင်းဟောပြောပွဲများသို့ ခေါက်ပြန်ရထားဖြင့် လာ၍ နားထောင်ကြမည်ဟု ပြောပြသည်။

မိုးကောင်းကို ရထားဆိုက်တော့ စာဆိုတော် ကော်မတီ၀င်များက လာကြိုကြသည်။ ပါတီယူနစ် ဥက္ကဋ္ဌဗိုလ်ကြီး မင်းအောင်နှင့်ဇနီး၊ တရားရေးကော်မတီဥက္ကဋ္ဌ ဦးတင်ဦး၊ ဒေါ်စောကြည်၊ ဒေါ်တင်တင်၊ ဒေါ်စမ်းစမ်းရည် စသူတို့ပါသည်။ အမျိုးသမီးစာရေးဆရာတွေ ပါလာသဖြင့် အမျိုးသမီးများ လာကြိုခြင်းဖြစ်ပုံ ရသည်။ ကိုကျော်မြင့်၊ ဖရိုလာစသည့် လူငယ်တွေလည်းပါသည်။

မိုးကောင်းက ကာမိုင်း ဖားကန့် လမ်းခွဲဖြစ်သည်။ ဖားကန့်ကျောက်စိမ်းတွင်းသို့ သွားလျှင် မိုးကောင်းကို ဖြတ်ရသည်။ ဆိုင်ရာတို့က ကျောက်စိမ်းတူးသူများကို အရေးယူအပြစ်ပေး နေသည့်တိုင် ကျောက်သမားကို ရှောင်၍ မလွတ်။ ကျောက်စိမ်းတွင်းသို့ သွားသူကလည်း လူမျိုးစုံနေသည်။ မြန်မာ၊ ကချင်၊ ရှမ်း၊ တရုတ်။ ကျောက်အောင်၍ ပြန်လာသူလည်းရှိသည်။ မိုးကောင်းက ကုန်ဈေးနှုန်းသည် ရန်ကုန်နှင့် ဘာမျှမကွာ။ ကျွန်တော်တို့ရောက်စဉ်က ခရမ်းချဉ်သီး တစ်ဆယ်သားကို လေးကျပ်ဈေးဖြစ်နေသည်။

''ကျောက်စိမ်းသမားတွေရဲ့ ကောင်းမှုပေါ့ဆရာရယ်။ မြို့ခံလူတွေကတော့ လှိမ့်ခံနေရတာပေါ့'' ဟု ကိုစိန်လွင်က ပြောပြသည်။

အနယ်နယ်မှ ကျော်ကသမားများသည် မိုးကောင်း၀န်ကျင်သို့ ၀င်လာကြသည်။ ကျောက်စိမ်းတွင်းသို့ ရိက္ခာသယ်ကြသည်။ သူတို့က ရရာဈေးပေး၍ ၀ယ်ကြသဖြင့် မိုးကောင်းက ကုန်ဈေးနှုန်းသည် ရန်ကုန်ဈေးနှုန်းနှင့် အပြေးပြိုင်နေသည်။

ကျွန်တော်တို့ကို ကားဖြင့် မြို့ထဲသို့ခေါ်သွားကာ ဦးစိန်၊ ဒေါ်သိုက်တို့တိုက်နောက်မှ သီးသန့်အဆောင်တွင် သပ်သပ်နေရာချပေးသည်။ အဆောင်က ကျယ်သည်။ ကျွန်တော်တို့ကို စောင့်ရှောက်ကူညီရန် ကိုကျော်မြင့်နှင့် ထဲ့ပေးထားသည်။

ကိုကျော်မြင့်နှင့် ဖရိုလာဆိုသည့် လူငယ်နှစ်ယောက်အကြောင်းကို ပြောရဦးမည်။

နှစ်ယောက်စလုံး အသက် ၂၅ နှစ်၊ ၃၀ ကြားလောက်တွင် ရှိကြဦးမည်။ နှစ်ယောက်စလုံး စာပေစိတ် ထက်သန်ကြသည်။ စာအုပ်ဆိုလျှင် အငမ်းမရ ဖတ်ကြသည်။ စာပေလုပ်ငန်း လုပ်ရမည်ဆိုလျှင် သားမေ့ မယားမေ့ လုပ်ကြသည်။ အပင်ပန်း ခံနိုင်ကြသည်။ အိပ်ရေးပျက်လျှင် ဂရုမစိုက်၊ ကျွန်တော်တို့နှင့် တစ်ညလုံး စကားပြောသည့်တိုင် သူတို့နှစ်ယောက်မှာ ပင်ပန်းနွမ်းနယ်ဟန် မရှိ။ စကား၀ိုင်းပြီး၍ ကျွန်တော်တို့က အိပ်သည့်အခါ သူတို့နှစ်ယောက်မှာ အိပ်ချိန်မရကြ။ ဟောပြောပွဲအတွက် လံှု့ဆော်ရေးစသည့် တာ၀န်များကို ဆက်လုပ်ကြရသည်။ မိုးကောင်းမြို့ကလေးတွင် ဤမျှ စာဖတ်ပရိသတ်ပေါ၍ ဤမျှထက်သန်သည့် လူငယ်ကလေးတွေကို တွေ့ရသည်မှာ အံဩဖို့ပင် ကောင်းသေးသည်။ ကျွန်တော်ရောက်ဖူးသမျှ ပြည်မမှ မြို့ငယ်ကလေးများတွင် ဤမျှလောက် စာဖတ်ပရိသတ်များ၍ ဤမျှလောက် စာပေစိတ် ထက်သန်ကြမည့် မြို့ငယ်မျိုး ရှားပေလိမ့်မည်ဟု ကျွန်တော်ထင်သည်။

ညနေငါးနာရီထိုးတော့ ကိုစိန်လွင်နှင့် ကိုတင်ဦး နောက်တစ်ခေါက် ​ရောက်လာကြသည်။ ကျွန်တော်တို့တွင် အနွေးထည် လုံလောက်စွာ မပါ၊ ရန်ကုန်တွင်၀တ်သည့် အနွေးထည်သည် မိုးကောင်းက ဆောင်းကို မတားဆီးနိုင်။

''ကဲဆရာတို့ ဒါ၀တ်ကြ။ ဆရာတို့ အနွေးထည်နဲ့ မဖြစ်ဘူး''

ကိုတင်ဦးက သူယူလာသည့် ဂရိတ်ကုတ်နှစ်ထည်ကိုပေးသည်။ ဦးတင်ဦးကား အုပ်ချုပ်ရေးဘက်မှ ပြောင်းလာသည့် အရာရှိဖြစ်သည်။ ယခု တရားရေးကော်မတီတွင် ဥက္ကဋ္ဌလုပ်နေသည်။ အရာရှိနှင့်မတူ။ လူငယ်တွေနှင့် လိုက်လိုက်လျောလျောနေတတ်သည်။ ဂီတ ဝါသနာပါသည်။ သပ်သပ်ယပ်ယပ် ၀တ်စားတတ်သည်။ စေ့စပ်သေချာသည်။ ကျွန်တော်တို့ကို ပေးသည့် သူ့ ဂရိတ်ကုတ်အင်္ကီျတွင် ဂိုယာနံ့သင်းနေသည်။

''ဒီနေ့ညတော့ ဆရာတို့ကို ထူးထူးဆန်းဆန်း ထမင်းကျွေးရမယ်။ အဲဒီအိမ်က ထမင်းစားဖိတ်ထားတယ်။ ဆရာတွေလာရင် ထမင်းစားကြွခဲ့ကြပါတဲ့''

''ဘာထူးထူးဆန်းဆန်း ထမင်းပွဲလဲဗျ။ ရိုးရာအစားအသောက်လား''

ကိုစိန်လွင်က သူ့ထုံးစံအတိုင်း တဟဲဟဲရယ်ရင်း

''မဟုတ်ပါဘူးဆရာ၊ ဆရာတို့ကို ကျွေးမှာက နှစ်သိန်းတန်ထမင်းပွဲ၊ နှစ်သိန်းတန် ထမင်းပွဲ''

ကိုစိန်လွင်က ကျွန်တော်တို့ကို နောက်ပြောသည်ဟု ထင်မိသည်။ သို့ရာတွင် နောက်ပြောင်ပြောခြင်း မဟုတ်။ ထမင်းပွဲက သူပြောသည့်အတိုင်း တကယ့်နှစ်သိန်းတန်ထမင်းပွဲ။

ကျွန်တော်တို့သည် မြို့ပတ်လမ်းအတိုင်း လျှောက်လာခဲ့ကြသည်။ လမ်းတွင် ဥဒဟို သွားလာနေသူများ တွေ့ရသည်။ အချို့က အပြန်၊ အချို့က အသွား။ လူမျိုးစုံ အရွယ်မျိုးစုံ။

''လူတွေက များလှချည်လားဗျ၊ ဘာရှိလို့လဲ''

''ေဩာ် ကျွန်တော် ပြောပါကောလား ဆရာရဲ့၊ အဲဒါ နှစ်သိန်းတန် ထမင်းပွဲက ပြန်လာကြတာ။ တချို့က သွားနေကြတာ၊ ကျွန်တော်တို့လိုပေါ့''

''ဟေ့လူ၊ ခင်ဗျားတကယ်ပြောနေတာလား''

ကိုစိန်လွင်က တဟားဟားရယ်ပြန်သည်။

''တကယ်ပေါ့ဆရာရဲ့။ ကျွန်တော်တို့ဆီမှာ လောပန်းတစ်ယောက်ရှိတယ်။ မြန်မာပြည်ပေါက် တရုတ်အမျိုးသားပဲ။ မိုးကောင်းသားဆိုပါတော့။ မိုးကောင်းမှာပဲမွေးပြီး မိုးကောင်းမှာပဲ ကြီးပြင်းလာတာ။ သူ့မိဘတွေ လက်ထက်ကတည်းက ပိုက်ဆံရှိတယ်။ ခု သူ့ဆွေမျိုးမိဘတွေ ကွယ်လွန်တဲ့ အထိမ်းအမှတ်နဲ့ သူတို့ရိုးရာအရ ထမင်းကျွေးတယ်။ တရုတ်စတုဒီသာဆိုပါတော့ ဆရာရယ်။ ဆယ်ရက်တိုင်တိုင် ထမင်းကျွေးတယ်။ လာစားချင်တဲ့လူ စားနိုင်တယ်။ ရှိရှိသမျှ ကလေးလူကြီးအကုန် လူမျိုးမရွေး ဘာသာမရွေး ဖိတ်တယ်။ တစ်မြို့လုံးကို အလျှံပယ်ကျွေးတယ်။ ကြိုက်သလောက်စား၊ အသောက်ကြိုက်တတ်ရင်လည်း ကြိုက်သလောက်သောက် ဘာမှတော့မဖြစ်စေနဲ့ပေါ့။ အဲဒီလိုကျွေးတာ တစ်နေ့ကို နှစ်သောင်းကုန်တယ်။ ဆယ်ရက်ကျွေးတော့ နှစ်သိန်းပေါ့ဆရာရယ်။ ဟိုကျရင် ဘာကျွေးတယ်ဆိုတာ ဆရာတွေ့လိမ့်မယ်။ ဒီနေ့နောက်ဆုံးရက်ပဲ''

မိုးကောင်းအရှေ့ပိုင်းအရပ်က တံတိုင်းကာထားသည့် အိမ်၀ိုင်းကြီးရှေ့တွင် မဏ္႑ပ်ကြီး ဟီးနေသည်။ မဏ္႑ပ်ကြီးထဲတွင် လူအပြည့်။

အိမ်ရှင်လောပန်းက အသက် သိပ်မကြီးသေး။ အလွန်ဆုံးရှိမှ အသက်အစိတ်ကျော်ကျော် လူငယ်တစ်ယောက်ဖြစ်သည်။ ကျွန်တော်တိို့ကို ကိုယ်တိုင်ထွက်ကြိုကာ နေရာချပေးသည်။ ရမ်အရက်သောက်ချင်လျှင် ရမ်အရက်ရသည်။ ခေါင်ရည်ကြိုက်လျှင် ခေါင်ရည်ရသည်။ တရုတ်လက်ဖက်ခြောက်နှင့် စော်ဘွားနှုတ်ခမ်းမွေး လက်ဖက်ခြောက် ရောခတ်ထားသည့် ရေနွေးကြမ်း ကြိုက်လျှင် ရေနွေးကြမ်း ရသည်။

ဟင်းတွေကိုကြည့်ပါဦး။ ပြည်ကြီးငါး၊ ပြည်ကြီးမျှော့၊ မှိုခြောက်၊ ငှက်သိုက်ဟင်းချို၊ ငါးမန်းတောင်ဟင်းချိုနှင့် ကျွန်တော် အမျိုးအမည်မသိသော တရုတ်ဟင်းခွက်ပေါင်း များစွာပါသည်။ ထမင်းပန်းကန်ပင် ချစရာမရှိ။ အချိုပွဲတော့လည်း လိုက်ချိ၊ တရုတ်ဇီးသီးနှင့် ကျွန်တော်မသိသော အချိုပွဲမျိုးစုံ၊ အချိုပွဲကလည်း စားပွဲတစ်လုံနှင့်အပြည့်။

ကျွန်တော်တို့ကိုသာ ဤသို့ကျွေးသည်မဟုတ်။ လာသမျှ လူတိုင်းကို ဆူကြုံနိမ့်မြင့်မရွေး ဤသို့ကျွေးသည်။ ကိုစိန်လွင်ပြောသည့်အတိုင်း နှစ်သိန်းတန် ထမင်ပွဲဆိုသည်မှာ ဟုတ်လောက်သည်။ ဆယ်ရက်တိုင်တိုင် စတုဒီသာကျွေးပွဲကြီးဖြစ်သည်။

ကျွန်တော်တို့ ထမင်းစားပြီး၍ အချိုပွဲမြည်းနေစဉ် မဏ္႑ပ်နောက်ဖေးမှ ဆူဆူညံညံအသံ ကြားရသည်။ လှမ်းကြည်လိုက်တော့ သူတောင်းစားနှစ်ယောက် ပုံးထဲတွင် စွန့်ပစ်ထားသည့် အကြွင်းအကျန်များကို လုစားနေကြသည်။ ဧည့်ခံသူတစ်ယောက်က သူတောင်းစား တစ်ယောက်ကို မောင်းထုတ်နေသည်။ တစ်ယောက်က ပုံးထဲက အကြွင်းအကျန်များကို လုနေကြသည်။ ဧည့်ခံသူတစ်ယောက်က သူတောင်းစား တစ်ယောက်ကို မောင်းထုတ်နေသည်။ တစ်ယောက်က ပုံးထဲက အကြွင်းအကျန်ကို လုယက်မနေဘဲ အကောင်းကိုသာ ယူဖို့ခေါ်နေသည်။ လောပန်းက နှစ်သိန်းတန်ထမင်းကို ကျွေးနေစဉ် သူတောင်းစားက အမှိုက်ပုံးတွင် လုယက်ရှာဖွေလျက်။ ဧည့်ခံနှစ်ယောက်အနက် တစ်ယောက်က သူတောင်းစားများကို မောင်းထုတ်ပြီး တစ်ယောက်က ဖိတ်ခေါ်သည်။

ပဋိပက္ခဖြစ်နေသည့် ရုပ်ပုံလွှာကို ကျွန်တော်ငေးကြည့်နေသည်။ ထောင့်တစ်ထောင့်တွင် လူတစ်ယောက်က ရမ်တစ်လုံးကို ဖွင့်၍ ရေမရောဘဲ မော့နေသည်။ ထိုလူကို ကျွန်တော်အံ့တဩ ငေးကြည့်နေသည်။ ပုလင်းသုံးပုံတစ်ပုံလောက်ကျတော့ ရပ်လိုက်သည်။ လူက ထောင်ထောင်မောင်းမောင်း။ ဗလကောင်းကောင်း၊ ရီေ၀သည့် မျက်လုံးအစုံဖြင့် ပရိသတ်ကို ကြည့်သည်။ စားပွဲတွင် သူတစ်ယောက်တည်းသာ ရှိသည်။ ခဏကြာတော့ နောက်ထပ် မော့ပြန်သည်။ နောက်တစ်ကြိမ် လှမ်းကြည်လိုက်တော့ ပုလင်းတစ်၀က်ခန့် ကျန်သေးသည်။

ကျွန်တော်သည် သူ့အစား စိုးရိမ်နေသည်။ ရမ်ပုလင်းတစ်၀က်ကို ရေမရောဘဲ တစ်ထိုင်တည်း သောက်သူကို ငေးကြည့်နေမိသည်။ ဤတစ်ပုလင်း အကုန်သောက်လျှင် ဒုက္ခ၊ ကျွန်တော် ရင်တမမဖြင့် ကြည့်နေသည်။ နောက်ထပ်မော့သည်။ သို့ရာတွင် သိပ်မသောက်နိုင်တော့။ တစ်ငုံနှစ်ငုံသောက်ပြီး ပုလင်းကို ပြန်ချထားရင်း ခေါင်းငိုက်စိုက် ကျနေသည်။ သူ့ခေါင်းကို ရမ်းနေသည်။

မီးတွေ လင်းစပြုပြီ။

ကျွန်တော်တို့ အိမ်ရှင်လောပန်းကိုနှုတ်ဆတ်၍ ပြန်ခဲ့ကြသည်။


(၃)

''မိုးကောင်းကတော့ တကယ့်မိုးကောင်းပဲဗျာ''

''ဘာလဲဆရာရဲ့၊ ဆရာ့စကားက အရင်းမရှိ အဖျားမရှိ။ ဆိုးတာလား ကောင်းတာလား''

ကိုစိန်လွင်က မေးသည်။

''ဆိုးတယ်ကောင်းတယ်လို့ ကျွန်တော်မပြောလိုပါဘူး။ အဆိုးအကောင်း အလင်းမှောင်ဆိုတာ နေရာတကာမှာ ရှိတာချည်းပါပဲ။ ဘယ်နေရာ ဘယ်ဌာန ဘယ်အရာ ဘယ်၀တၳုမှာပဲဖြစ်ဖြစ် အလင်းနဲ့အမှောင်ဆိုတဲ့ ဆန့်ကျင်ဘက်ဟာ ရှိကြတာပါပဲ။ ဒါပေမဲ့ မိုးကောင်းကတော့ အလင်းနဲ့ အမှောင် ဆန့်ကျင်ဘက်ကို ဖော်ပြတဲ့နေရာမှာ တော်တော်ထင်ရှားတဲ့မြို့ ဆိုပါတော့''

''ဒါဖြင့် ဘယ်ဟာတွေကလင်းပြီး ဘယ်ဟာတွေက မှောင်သလဲ''

ကိုစိန်လွင်က ကျွန်တော်ကို စိုက်ကြည့်နေသည်။

''လူငယ်တွေ၊ မြို့ခံပုဂ္ဂိုလ်တွေ စာပေစိတ် ထက်သန်တာ၊ တတ်ကြွတာ၊  ဧည့်၀တ်ကျေပွန်ကြတာ၊ လှိုက်လှဲပျူငှာရှိကြတာ၊ စာဖတ်ပရိတ်သတ် စာပေအဆင့်အတန်းမြင့်တာ၊ ရိုးသားကြတာ၊ ဒါတွေဟာအလင်းပဲ''

''ဒါဖြင့်အမှောင်ကကော''

''အင်း အမှောင်ကတော့'' 

ကျွန်တော်က အတန်ကြာစဉ်းစားနေသည်။
 
''အမှောင်ကတော့ နယ်စုံကလူတွေ ရောက်လာပြီး မကောင်းတဲ့အကျင့်တွေ အလေ့အထတွေ ပြန့်ပွားလာတာ သိပ်ချမ်းသာသူက ချမ်းသာပြီး ဆင်းရဲနေသူက ဆင်းရဲနေတာ၊ မြို့ကလေးနဲ့ မလိုက်အောင် ကုန်ဈေးနှုန်းတွေကြီးတာ''

ကျွန်တော် ဆေးလိပ်ကို မီးညှိသည်။

''အလာတုန်းက ရထားပေါ်မှာ ပရေးဗားဆိုတဲ့ ပြင်သစ်ကဗျာဆရာတစ်ယောက်ရဲ့ ကဗျာတစ်ပုဒ်ကို ဖတ်လာတယ်။ ကဗျာနာမည်က ''ပီကာဆိုရဲ့ ပဉ္စလက်မီးအိမ်''တဲ့။ ပီကာဆိုရဲ့ ပန်းချီကားတစ်ကားကို ကြည့်ရသလို ဆန့်ကျင်ဘက်တွေနဲ့ပြည့်နေတဲ့ ရှုခင်းတစ်ခုကို ကဗျာဆရာက ကဗျာဖွဲ့ထားတာ။ သူ့ကဗျာတစ်ပုဒ်လုံးဟာ ဆန့်ကျင်ဘက် ရှုခင်းတွေကို နိမိတ်ပုံတွေနဲ့ ဖွဲ့ထားတာ။ ဒါကြောင့်မို့ သူကဗျာကို ''ပီကာဆိုရဲ့ ပဉ္စလက်မီးအိမ်''လို့ နာမည်ပေးထားတယ်။ ခု ကျွန်တော်ရုတ်တရက် လှစ်ခနဲမြင်လိုက်ရတဲ့ မိုးကောင်းဟာလည်း အဲဒီ ပရေးဗားရဲ့ ''ပီကာဆိုရဲ့ ပဉ္စလက်မီးအိမ်''ကို ဖတ်ရသလိုပဲ။ ဆန့်ကျင်ဘက်တွေ၊ ပဋိပက္ခတွေ ကွာခြားမှုတွေ၊ ၀ိရောဓိတွေနဲ့ ြွပမ်းနေရတယ်''

ကျွန်တော်က ပရေးဗား၏ ''ပီကာဆို၏ ပဉ္စလက်မီးအိမ်''အကြောင်းကို ပြောပြကာ တစ်ပိုင်းတစ်စကို ရွတ်ပြသည်။

ရပ်နေတဲ့ နာရီချိန်သီးရဲ့ အလေးချိန်နဲ့
သူရဲ့ ပျောက်ဆုံးသွားတဲ့ ခဏငယ်များ
...... ဆန်ကိတ်မုန့် တစ်ခုပေါ်က
မာလာဂါစပျစ်သီး တစ်လုံးရဲ့ အံ့စရာ တစေၦ
အလွမ်းနာကို ၀ိုင်အရက်နီ တကျိုက်ကျိုက်နဲ့
သတ်ပစ်ရင်း ငုပ်ဆင်းသွားတဲ့ လူတစ်ယောက်
ဖယောင်းတိုင်တစ်ထုပ်ရဲ့
မျက်စိကျိန်းစေတဲ့ အလင်းရောင်များ

''စကားလုံးတွေကတော့ လှသားပဲ။ ဒါပေမယ့် အဓိပ္ပာယ်ကဘာတဲ့''

ဦးတင်ဦးက ၀င်မေးသည်။

''ပရေးဗားက စပိန်ပြည်တွင်းစစ်ကိုမြင်ပြီး ဘယ်လိုခံစားချက်မျိုးနဲ့ ရေးခဲ့တယ်လို့တော့ ကျွန်တော် မပြောတတ်ဘူး။ မိုးကောင်းအလာ လမ်းတစ်လျှော်ကမှာ မြင်ခဲ့တဲ့ ရှုခင်းတွေကိုမြင်တော့ အဲဒီ ကဗျာလေးကို အမှတ်ရနေတယ်။ ရထားလမ်းတစ်လျှောက် လူငယ်တွေ လုံမငယ်တွေ အရောင်းအ၀ယ် လုပ်နေကြတယ်။ သူတို့ဘ၀ဟာ ရပ်နေတဲ့ နာရီ ချိန်သီးကြီးလိုပဲ။ မဟုတ်တဲ့ အတွေးအခေါ်တွေ၊ အမူအကျင့်တွေ ၀င်ပြီးရှေ့တိုးတက်မှု  မရှိတော့ဘဲ ရပ်သွားကြတယ်။ ပျက်စီးနေတဲ့ လူငယ်လေးတွေ ခင်ဗျားလည်းတွေ့ဘူးတယ် မဟုတ်လား။ နာရီချိန်သီးက ရပ်နေတော့ ဆက်မသွာတော့ဘူး။ အချိန်ထဲမှာ အစိတ်အပိုင်းအဖြစ် ပါ၀င်နေတဲ့ လူငယ်ကလေးတွေကို ကျွန်တော်တို့အစား ပြန်မရကြတော့ဘူး။ ကုန်ဆုံးသွားကြရတယ်။ ပျက်စီးတဲ့ လူငယ်ကလေးတွေရဲ့ ဘ၀ဟာလည်း ပြန်ပြီးအစားပြန်မရကြတော့ဘူး။ အလဟဿ ကုန်လွန်သွားကြရတယ်။ ကိန်မုန့်တစ်လုံးပေါ်က စပျစ်သီးဟာ စားလို့တော့ကောင်းပါရဲ့၊ ဒါပေမယ့် အဲဒီစပျစ်သီးက တစေၦချောက်ပြသလို ပြူးပြူးကြီးဖြစ်နေကြတယ်။ ကျန်တဲ့လူတွေကတော့ မွဲလို့ငတ်လို့။ စောစောက ရမ်ပုလင်းကို မော့နေတဲ့ လူကိုကြည့်ရတာကလည်း အချစ်နာကျလို့ သောက်နေသလိုပဲ။ အလွမ်းနာကို ရမ်အရက်နဲ့့ သတ်ရင်း ရမ်အရက်ထဲမှာ ရေတိမ်နစ်သွားရတော့မယ်။ ဒီအမှောင်တွေ မညီမျှမှုတွေကို ဖယ်ရှားမယ့် ဖယောင်းတိုင်မီးရောင်ဟာ ဘယ်တော့များ ထွန်းညှိတော့မှာလည်း။ ဒီဖယောင်းတိုင်ကို ထွန်းညှိဖို့ရာဟာ ရိုးသားတဲ့၊ ကြိုးစားတဲ့၊ တက်ကြွတဲ့ မိုးကောင်းလူငယ်တွေရဲ့ တာ၀န်ပဲလို့ ကျွန်တော်ထင်တယ်။ အေးလေ ဒါက ပရေးဗားရဲ့ ကဗျာကို ကျွန်တော်ဘာသာ ကျွန်တော် ဆွဲဆက်စပ်ပြီး အဓိပ္ပာယ် ပြန်ကြည့်တာပါ။ မှန်ချင်မှလည်း မှန်ပေမှာပေါ့''

လမ်းမီးပွင့်များသည် နှင်းမှုန်ထုကြီးကို ဖောက်၍ လက်နေကြသည်။

(၄)

နောက်တနေ့နံနက်တွင် ကျွန်တော်သူငယ်ချင်း ကိုကိုကြီးက စပါးအ၀ယ်ဒိုင်ကို လိုက်ကြည့်ဖို့ ဖိတ်သည်။ ကိုကိုကြီးနှင့် ကျွန်တော်က မြိုင်မြို့သားတွေ တစ်ကျောင်းတည်းနေခဲ့သည့် ငယ်သူငယ်ချင်း။ ကျွန်တော်နှင့် ကွဲသွားသည်မှာ ကြာလှပြီ။ အနှစ်အစိတ် ကျော်လောက်ရှိတော့မည်။ ယခုမှ ပြန်တွေ့ကြခြင်းဖြစ်သည်။ သူက မိုးကောင်းကုန်သွယ်ရေး ကော်ပိုရေးရှင်း အမှတ်၁ တွင် မန်နေဂျာဖြစ်နေသည်။ ကျွန်တော်တို့ကို လယ်သမားတွေနှင့် တွေ့စေချင်သည်။ စပါးဒိုင်က မိုးကောင်းနှင့် ရှစ်မိုင်ေ၀းသည့် မန်ရွက်ဆိုသည့်ရွာ ဖြစ်သည်။ ကျွန်တော်က လယ်သမားများထဲ သိချင်သမျှကို မေးသည်။ သို့ရာတွင် သူတို့က ကျွန်တော်တို့ကို စကားကောင်းကောင်း မပြောရဲ။ မပွင့်တပွင့်သာ ပြောကြသည်။ ကိုကိုကြီးက သိသမျှဖြေရန်၊ ပြောလိုသည်ကို လွတ်လွတ်လပ်လပ်ပြောရန် တိုက်တွန်းသော်လည်း မဖြေကြ။

''မင်းတို့ အရာရှိတွေပါလားလို့ လယ်သမားတွေက တို့ကို စကားကောင်းကောင်း မပြောတာထင်တယ်''

ကျွန်တော်က ကိုကိုကြီးကို လှမ်းပြောသည်။ ကိုကိုကြီးက တဟားဟားရယ်ကာ

''မဟုတ်ပါဘူးကွ။ ပြောချင်ရာကို လွတ်လွတ်လပ်လပ်ပြောကြလို့ မင်းတို့ရှေ့မှာတင် ငါကိုယ်တိုင်ပြောတာပဲ။ သူတို့မှ မပြောတာ ငါဘယ်တတ်နိုင်မလဲ။ ခက်တာက လယ်သမားဟာ သိပ်ရိုးတယ်ကွ။ ခု ဒီရွာကလယ်သမားကလည်း ဒီလိုပါပဲ။ တောနဲ့မြို့ဆိုတာ ပဋိပက္ခရှိတာပဲ။ လီနင်ပြောသလိုပေါ့ကွ''

ကိုကိုကြီးက လီနင်ကို ကိုးကားနေသည်။

''တောသားက ရိုးသားတယ်။ မြို့သားက ဆန်းပြားတယ်။ တောသားက အဖိနှိပ်ခံ၊ မြို့သားက ဖိနှိပ်သူ။ တောသားက မြို့သားကို မယုံဘူး။ မြို့သားကတော့ တောသားကို အထင်သေးတယ်။ ငုံ့ကြည့်တယ်။ ဒါဟာ မြို့နဲ့တောရဲ့ ပဋိပက္ခတွေကို ဖော်ပြတဲ့သဏ္ဌာန်တွေ မဟုတ်လားကွ။ ခု မင်တို့က မြို့သား၊ ခဏတဖြုတ်လာပြီး သူတို့ဆီကို လာလေ့လာတယ်။ အပျင်းပြေ လာတဲ့သဘောလောက်ပဲရှိတယ် မဟုတ်လား။ ဒီတော့ သူတို့က မင်းတို့လို မြို့သားကို ဘယ်ယုံပါမလဲ။ ရင်ထဲရှိတာ ဘယ်ဖွင့်ပြောမလဲ။ လယ်သမားရဲ့ ရင်ထဲက အသံကို မင်တို့တကယ်နားထောင်ချင်ရင် ခဏတဖြုတ် အပျင်းပြေသဘော မလာနဲ့။ ခြောက်လတန်သည် တစ်နှစ်တန်သည်လာပြီး လယ်သမားတွေနဲ့ အတူလာစား၊ အတူလာနေ၊ အတူလာအလုပ်လုပ်။ အဲဒီလိုဆိုရင် မင်းတို့ကို မြို့သားတွေကို လယ်သမားတွေက ယုံလာလိမ့်မယ်။ အဲဒီအခါမှာ လယ်သမားရဲ့ တကယ်အသံကို ကြားရလိမ့်မယ်''

မန်နေဂျာက ကျွန်တော်ကို သင်တန်းပေးနေပြီ။

''ငါတို့ကလည်း သဘောပေါက်ပါတယ်ကွာ။ ဒါပေမဲ့ အကြောင်းကြောင်းကြောင့် လယ်သမားတွေကြားထဲမှာ လာမနေနိုင်သေးပေမဲ့ အနည်းဆုံးလာနေချိန်စိတ်၊ လာရကောင်းမှန်းသိတဲ့ စိတ်တော့ရှိကြပါတယ်။ လာဖို့လည်း ကြိုးစားနေကြပါတယ်။ လယ်သမားတွေထဲ လာရကောင်းမှန်းမသိတဲ့ စာရေးဆရာတွေ ရှိကောင်းရှိပေမဲ့၊ လာရကောင်းမှန်းသိတဲ့ စာရေးဆရာတွေက အများစုပါ။ ဒါကိုတော့ မင်တို့သိစေချင်တယ်''

ကျွန်တော့် ထုချေချက်က အားမကောင်း။ ခွန်အားမရှိ။ မိုးကြိုးပစ် ထန်းလက်ကာသည့် သဘောလောက်ရှိနေသည်။
နေ့လည် ၁၂ နာရီတွင် ယဉ်စီနီမာရုပ်ရှင်ရုံတွင် ဟောပြောပွဲကျင်းပသည်။ သဘာပတိအဖြစ် ကော်မတီဥက္ကဋ္ဌ ဦတင်ဦးက ဆောင်ရွက်ပြီး အခမ်းနားမှုးအဖြစ် ဒေါ်စမ်းစမ်းရည်က ဆောင်ရွက်သည်။ တစိမ့်စိမ့် အေးနေသည့်ကြားက ပရိသတ်က ဇွဲကောင်းကောင်းဖြင့် နားထောင်ကြသည်။ ညကျတော့ မြို့လယ်ဓမ္မာရုံတွင် ဆွေးနွေးပွဲလုပ်သည်။ မိုကောင်း စာပေဝါသနာရှင်များသာမက စာရေးဆရာမာန်မြင့် ဦးဆောင်သည့် မြစ်ကြီးနားမှ လူငယ်များလည်း ရောက်လာကြသည်။ ဆွေးနွေးပွဲက အသက်ပါသည်။ စာပေပြသနာများကို ပွင့်ပွင့်လင်းလင်း ဆွေးနွေးကြသည်။ သူတို့တင်ပြသည့် ပြသနာများမှာ

(၁) အမျိုးသမီးစာရေးဆရာများသည် စိတ်ကူးယဉ် ၀တ္တုများ၊ အချစ်၀တၳုများကို အရေးများကြောင်း ပြည်သူ အကျိုးပြု စာပေများကို ရေးဖို့လိုကြောင်း။

(၂) နိုင်ငံခြားစုံထောက် ၀တၳုဘာသာပြန်၊ မှီငြမ်းပြု၀တၳုများ များနေကြောင်း၊ စုံထောက်၀တၳုများ လျှို့၀ှက်သည်းဖိုများ၊ ဖောင်းပွနေကြောင်း။

(၃) စာရေးဆရာတွေ စာဆိုတော်မှ ပြန်ကြလျှင် တကယ်ပြသနာတွေကို မရေးကြဘဲ အပေါ်ယံလောက်ကိုသာ ရေးကြကြောင်း။

(၄) စာရေးဆရာများသည် ထုတ်ေ၀ရေး အပိုင်းကို လျစ်လျူမရှုသင့်ကြောင်း၊ စာရေးဆရာတွေ လျစ်လျူရှုသဖြင့် အချို့စာအုပ်များ မသပ်မရပ် ထွက်လာသည်ထင်ကြောင်း။

(၅) စာအုပ်တွေကို နယ်သို့မပို့ကြကြောင်း၊ ရန်ကုန်တွင် ကုန်သည့်စာအုပ်ဆိုလျှင် ရန်ကုန်တွင် အကုန်ဖြန့်ကြောင်း၊ ရန်ကုန်တွင် ရောင်းမကုန်သည့် စာအုပ်မျိုးမှ နယ်သို့ပို့တတ်ကြောင်း နယ်ကစာဖတ်ပရိသတ်မှာ ဖတ်ချင်လျက်နှင့် မဖတ်ရကြောင်း။

(၆) ကဗျာစာအုပ်များ ဘာကြောင့်မထွက်သလဲ။

(၇) တက္ကသိုလ် ကျောင်းသားတွေကိုသာ ဇာတ်လိုက်ထား မရေးသင့်ကြောင်း။

(၈) ၀တၳုတွင် ဇာတ်လမ်းနှင့် ဇာတ်ဆောင်စရိုက် ဘယ်သင်းက အဓိကကျသလဲ။

(၉) လူ့သဘာ၀ ဝါဒဆိုတာဘာလဲ၊ ဂေါ်ဂီရဲ့ ''အောက်ဆုံးအလွှာ''ပြဇာတ်ဟာ လူ့သဘာ၀ဝါဒနဲ့
ဆန့်ကျင်တယ်ဆိုတာ ဟုတ်သလား။

(၁၀) တော်လှန်ကဗျာ တော်လှန်စာပေ ဆိုတာဘာလဲ။ ကိုယ့်ဘာသာ နာမည်ပေးထားတာလား။ သူများက ပေးထားတာလား။

(၁၁) လူငယ်တွေ ဖတ်ချင်တဲ့ တတ်ကြွတဲ့ စာပေမျိုးတွေကို မရေးကြတော့ဘူးလား မရေးနိုင်ကြတော့ဘူးလား။

ဤသည်တို့မှာ မိုးကောင်းက တင်ပြလိုက်သည့် စာပေပြသနာများဖြစ်သည်။ ဆွေးနွေးပွဲကို ၁နာရီတွင် ရုပ်သိမ်းကြသည်။

နောက်တစ်နေ့နံနက်တွင် ကျွန်တော်တို့အဖွဲ့ နမ္မတီးသို့ ထွက်ခဲ့ကြသည်။ နမ္မတီးမြို့က မိုးကောင်းထက် လှသည်။ သန့်ရှင်းသည်။ လမ်းကြီးတွေကလည်း အကျယ်ကြီးတွေ။ တစ်ဖက်တစ်ချက်တွင် တောင်တန်းကြီးတွေ ၀ိုင်းရံနေသည်။ နာမည်ကျော်လီဒိုလမ်းသည် နမ္မတီးမှ ဖြတ်သွားသည်။ ကျွန်တော်တို့ နားချိန်မရကြ။ နံနက် ၁၀နာရီတွင် နမ္မတီးရောက်ပြီး နေ့လယ် ၁၂နာရီတွင် ဟောပြောပွဲလုပ်သည်။ ကော်မတီဥက္ကဋ္ဌ ဦလှအောင်၊ အခမ်းအနားမှုးက ဒေါ်အေးကြူ။
နမ္မတီးတွင် ခင်ဆွေဦး တရားဟောနေခိုက် ကျွန်တော်တို့ အပြင်ထွက်၍ လက်ဖက်ရည်သောက်ကြသည်။ ရုံထဲက အေးသဖြင့်အပြင်ထွက်၍ နေပူဆာလုံကြခြင်းဖြစ်သည်။
ထိုစဉ်ရုံထဲမှ ရုတ်ရုတ်သဲသဲအသံကို ကျွန်တော်တို့ကြားရသည်။

''ရှင် တက်လာချင်တယ်ဆိုရင် လာပါ။ ကျွန်မ ဆင်းပေးပါ့မယ်''

ခင်ဆွေဦး၏အသံက အသံချဲ့စက်မှ ပေါ်လာသည်။ ပရိသတ်ထဲက တစ်ယောက်ယောက်နှင့် ခင်ဆွေဦး အပြန်အလှန်ပြောနေခြင်းဖြစ်သည်။ ပရိသတ်ထဲမှ ပြောသံကိုမှု မကြားရ။ အသံချဲ့စက်ရှေ့တွင် ရပ်နေသည့် ခင်ဆွေဦးအသံကိုသာ ကြားနေရသည်။

''ရပါတယ်။ ကျွန်မ ဆင်းပြီး နားထောင်ပါ့မယ်။ ရှင်တက်ပြောပါ''

တစ်ခုခု အဆင်မပြေသည့်ကိစ္စ ပေါ်နေပြီ။ ကျွန်တော်တို့ အလန့်တကြား ရုံထဲသို့ ပြေး၀င်ခဲ့ကြသည်။ ရုံထဲရောက်တော့မှ အဖြစ်မှန်ကို သိရသည်။ ပရိသတ်ထဲတွင် ပါလာသည့် အမျိုးသမီးတစ်ယောက်က ''သူလည်း စာရေးဆရာ'' ဟု ဆိုသည်။ ''သူ့ရင်ထဲတွင် ပြောစရာတွေရှိသည်။ ပြောခွင့်ပေးပါ'' ဟု တောင်းဆိုသည်။ ရန်ကုန်က စာရေးဆရာတွေ ပြောသည့် စကားကို နားမထောင်လို၊ သူ့တွင် ပြောစရာတွေ ရင်နှင့်အပြည့်ရှိသည်။ ထို့ကြောင့် သူပြောမည်ဟု ရှေ့သို့ ထွက်လာသည်။ စင်နားရောက်နေပြီ။ လက်စသတ်တော့ ထိုအမျိုးသမီးက စိတ်နောက်နေသည့် အမျိုးသမီးတဦး။

ဤတွင်မှ ကျွန်တော်တို့ စိတ်အေးသွားရသည်။ စာဆိုတော်ကော်မတီ၀င်များက စိတ်နောက်နေသည့် အမျိုးသမီးကို ချော့မော့ခေါ်ထုတ်၍ သွားကြသည်။
စိတ်နောက်နေသည့် အမျိုသမီးက သူ့တွင်ပြောစရာတွေ ရင်နှင့်အပြည့်ရှိသည်ဟု ဆိုသည်။ လွမ်းရေးအကြောင်းလော၊ ၀မ်းရေးအကြောင်းလော၊ ပြည်ထဲရေးအကြောင်းလော။ ဤသည်ကိုမူ သူသာလျှင် သိလိမ့်မည်။

ပန်းခြံတစ်ခုထဲမှာ
စုတ်ပြတ်နေတဲ့ သံပတ် အပြုံးကိုပြုံး
အိပ်ငိုက်နေတဲ့ ကလေးငယ်တစ်ယောက်ကို
ရင်မှာပွေ့ပြီး
ညစ်ပတ်တဲ့ ဗလာခြေထောက်နဲ့ မြေကြီးကို
ကုတ်ခြစ်ရင်း
ကလေးအဖေရဲ့ အရိပ်နဲ့မေ့လျော့နေတဲ့
သူ့ပုံပန်းသဏ္ဌာန်ကို
အစပြန်ဖော်နေတဲ့
စိတ်ပျက်ဖွယ် အရူးမငယ်တစ်ယောက်
အ၀တ်စုတ်နဲ့ ထွေးထားတဲ့
မွေးကင်းစ ကလေးငယ်ကို
လမ်းသွားလမ်းလာတွေ လိုက်ပေးနေလေရဲ့။

ပရေးဗား၏ ''ပီကာဆိုရဲ့ ပဉ္စလက်မီးအိမ်'' မှ စာပိုဒ်ကို ကျွန်တော်ပြန်၍ သတိရသည်။ သူ့ကဗျာထဲတွင် အရူးမတစ်ယောက် ကလေးလေးကို ပွေ့၍ ပန်းခြံထဲတွင် ထိုင်နေသည်။ သူ့အပြုံးက ပြုံးနေကျ အပြုံး။ သံပတ်ပေးထားသည့်နှယ်။ အသက်မပါသည့် အပြုံး။ ညစ်ပတ်သည့် ခြေထောက်များဖြင့် မြေကြီးကို ခြစ်နေသည်။ အလကား ခြစ်နေခြင်းမဟုတ်။ ဤကလေးအဖေ၏ပုံကို အစဖော်နေခြင်းဖြစ်သည်။ ဤကလေးငယ်ကို မည်သူနှင့်ရမှန်းမသိ။ မေ့နေပြီ။ ကလေးအဖေ၏ရုပ်ကို ပြန်စဉ်းစားသည်။ ရုပ်မပေါ်တော့။ ထို့ကြောင့် မြေကြီးကို ခြေထောက်ဖြင့် ခြစ်နေသည်။ ဤသည်ကို ပရေးဗားက ခြေထောက်ဖြင့် မြေကြီးခြစ်ရင်း ကလေးအဖေ၏ရုပ်လုံးကို မှန်း၍ ခြစ်ကြည့်နေသည်ဟု ဆိုလိုက်သည်။

နမ္မတီးက စိတ်နောက်နေသည့် အမျိုးသမီး၏ ရင်ထဲတွင် ပြောစရာစကားများစွာ ရှိနေသည်ဆိုလျှင် မည်သည့်စကားမျိုးနည်း။ ကျွန်တော်မသိ။ ''ပီကာဆိုရဲ့ ပဉ္စလက်မီးအိမ်'' ကဗျာထဲက အရူးမလိုမေ့လျော့၍ ရုပ်မမှတ်မိတော့သည့် သူ့ချစ်သူအကြောင်းလော ၀မ်းရေးလော၊ တိုင်းရေးပြည်ရေးလော။

ဟောပြောပွဲပြီးတော့ ကျွန်တော်တို့ တည်းခိုရာ သကြားစက်တည်းခိုရိ်ပ်သာသို့ ပြန်လာကြသည်။ မန်နေဂျာအိမ်ကို တည်းခိုရိပ်သာလုပ်ထားခြင်းဖြစ်သည်။ တိုက်က တစ်ထပ်တိုက်၊ အိပ်ခန်းတွေက အများကြီး။ ရေချိုးခန်း၊ ထမင်းစားခန်း၊ ၀ရန်တာမှကြည့်လျှင် တည်းခိုရိပ်သာ ဘေးတွင် စီနေသည့် နမ္မတီးချောင်းနှင့် မှိုင်းနေသည့် ရွှေတောင်ကို မြင်ရသည်။ မီးရထားလမ်း တစ်ဖက်က လွယ်ဂျယ်တောင်တန်း၊ ကောက်ကွေ့တောင်တန်းနှင့် ထင်းရှူးတောင်တန်းတို့ကိုလည်း
မြင်ရသည်။ စာရေးဖို့ အနားယူဖို့ ကောင်းသည့်နေရာဖြစ်သည်။
ညတွင် တင်းနစ်ကွင်းထဲ၌ နမ္မတီးစာဆိုတော် ကော်မတီက ကျွန်တော်တို့ကို ဧည့်ခံပွဲကျင်းပသည်။
တင်းနစ်ကွင်းတွင် မီးမောင်းထိုးကာ ကချင်ထောင်ကာအက၊ ရှမ်းအိုးစည်ယိမ်း၊ ကြပ်ကွပ်အက စသည်တို့ဖြင့် ဧည့်ခံသည်။
ကပြသူအားလုံး ကျောင်းသူများ ကျေးလက်လူငယ်များ ဖြစ်ကြသည်။ သူတို့ နာမည်ကလေးတွေက ချစ်စရာ။
ကပွဲပြီးတော့ အေးလှပြီ။ ကျွန်တော်တို့က မီးပုံကြီးနားထိုင်နေသဖြင့် နွေးသည့်တိုင် ပွဲကသည့် ကလေးတွေနှင့် ပွဲကြည့်ပရိသတ် အေးနေပြီ။ ထို့ကြောင့်ပွဲကို စောစောသိမ်းပြီး မောမောနှင့် အိပ်ကြသည်။

မနက်လင်းတော့ နမ္မတီးမြို့ပြင်ဘက် လီဒိုလမ်းမကြီးပေါ်သို့ လမ်းလျှောက်ကြသည်။ လမ်းဘေးတွင် မုန်ညင်းခင်းများက အပွင့်တွေဝါနေသည်။ လီဒိုလမ်းက စစ်အတွင်းက ဖောက်ခဲ့သည့် နာမည်ကျော်လမ်းမကြီး။ ဒုတိယ ကမ်ဘာစစ်ကြီးအတွင်းက အမေရိကန် ဗိုလ်ချုပ် စတီး၀ဲလ်က ချန်ကေရှိတ်တပ်များကို အိန္ဒိတွင်ခေါ်၍ လေ့ကျင့်ပေးသည်။ အပြန်တွင် ချန်ကေရှိတ်တပ်များကို တရုပ်ပြည်သို့ ပြန်ပို့သည်။ ချန်ကေရှိတ်နှင့် အမေရိကန် ဗိုလ်ချုပ် စတီး၀ဲလ်တို့ (ဒီမှာလည်း စာလုံးတွေ ပျောက်နေတယ်)ကွဲကာ စတီး၀ဲလ် ပြန်သွားရသည့် ကိစ္စတွင် လီဒိုလမ်း ကိစ္စလည်းပါသည်။

ကျွန်တော်သည် သမိုင်းကြောင်းအရ အရေးကြီးသည့် လီဒိုလမ်းမကြီးကို ငေးကြည့်မိသည်။ စစ်အတွင်းက စစ်ကားတွေ ဥဒဟို ဖြတ်နေကြမည်ဖြစ်သော်လည်း ယခုမူ မော်တော်ကား တစ်စင်းမျှ မတွေ့ရ။ နမ္မတီး၊ ချောင်းတံတားကို ကျော်ပြီးနောက် လီဒိုလမ်းမကြီးအတိုင်း လျှောက်လာခဲ့ကြသည်။ တစ်မိုင်ကျော်လောက် လျှောက်မိတော့ ကံလှကျေးရွာ ကလေးသို့ ရောက်သည်။ ကံလှဈေးတွင် ကချင်တွေ၊ ရှမ်းတွေ၊ ယောယဉ်တွေ ဈေးရောင်းနေကြသည်။ ကျွန်တော်တို့သည် ကံလှဈေးသို့ လျှောက်ကြည့်ကြသည်။

''အရင်တစ်ခေါက် ကျွန်တော်ရောက်တုန်းက ဒီလမ်းမကြီးပေါ်မှာ တွေ့ခဲ့တာကို ကဗျာစပ်ထားတယ်''

''ေဩာ် ငါးသေးသေးလေး သုံးကောင်
 လမ်းလယ်ကောင်မှာ တွေ့ရ
 လုကောက်ကြရင်း
 အစာလုပွဲကြီးဖြစ်သတဲ့။
 ငါးမရသွားတဲ့ကလေးရဲ့ ရုပ်ပုံလွှာ
 ရင်မှာ ထင်ဟပ်
 နာကျင်စပ်ပြီ
 ငါးသည် ကျောက်စိမ်းရတနာ တမျှလော''

မောင်သွေးသစ်က ''လီဒိုလမ်းမကြီးပေါ်က ငါးသေးသေးလေးသုံးကောင်'' ဆိုသည့် သူ့ကဗျာကို ရွတ်ပြသည်။ လီဒိုလမ်းမပေါ်တွင် ငါးသေးလေးလေးသုံးကောင် ကျကျန်နေရစ်သည်။ ချောင်းထဲမှ ဖမ်းလာသည့် တံငါသည်က ကံလှဈေးသို့အသွားတွင် ကျကျန်ခဲ့ခြင်းဖြစ်သည်။ ကလေးသုံးယောက် ငါးလေးသုံးကောင်ကို လုကြသည့်ပုံကို ဖွဲထားသည့် ကဗျာလေးဖြစ်သည်။ ရသပါသည်။
ကံလှဈေးမှအပြန် ဦးတင်ဦးတွင် သေနတ်ပါလာသည်။ သူ့ သေနတ်က ၉ မီလီမီတာ ပစ္စတို။ လီဒိုလမ်းမကြီးပေါ်မှနေပြီး လမ်းဘေးတောင်ယာထဲက သစ်ငုတ်တိုတစ်ခုကို ချိန်၍ သေနတ်ပစ် လက်တည့်စမ်းကြသည်။ ကျွန်တော်နှင့် မောင်သွေးသစ် သေနတ်ပစ်ပြိုင်ကြသည်။ တစ်ယောက်ကို သုံးချက်စီပစ်သည်။ မောင်သွေးသစ်က သစ်ငုတ်ကိုပစ်သည်။ နှစ်ချက်လွဲ၍ တစ်ချက်မှန်သည်။ ကျွန်တော် အလှည့်ရောက်တော့ ကျွန်တော်ပစ်သည်။ ပထမအချက် ကျည်မထွက်။ ဂျမ်းဖြစ်နေသည်။ နောက်တစ်ချက်ပစ်သည်။ ထို့အတူ နောက်တစ်ချက်ပစ်သည်။ ထိုနည်းလည်းကောင်း။

ကျွန်တော် လက်လျှော့ပြီ။ ကျွန်တော်လက်သည် သေနတ်ကိုင်၍ မရဟန်တကား။
နမ္မတီးသကြားစက်ကို လျှောက်ကြည့်ကြသည်။ သကြားစက် အင်ဂျင်နီယာချုပ် ဦးသာထွန်းက လှည်းပေါ်မှ ကြံချောင်းများ စက်ထဲသို့ သွင်းသည်ကအစ သကြားထွက်လာသည့်အထိ စက်ခန်းများကို လိုက်ပြကာ သကြားထုတ်လုပ်ရေးဖြစ်စဉ်ကို ရှင်းပြသည်။ အမြဲတမ်း အလုပ်သမား ၃၅၀ ရှိ၍ ယာယီအလုပ်သမား ၈၀၀ ရှိသည်။ အနည်းဆုံး တစ်နေ့လျှင် သကြားတန်ချိန် ၅၀၀ ထွက်၍ အများဆုံးတန်ချိန်မှာ ၇၅၀ ထွက်သည်ဟု ဆိုသည်။

(၅)

သကြားစက်မှ အပြန်တွင် ထမင်းခပ်သုတ်သုတ်စား၍ ထုပ်ပိုးကာ ဘူတာသို့ ထွက်ခဲ့ကြသည်။ မြစ်ကြီးနားအစုန်က ၁၁ နာရီတွင် ရောက်မည်။ ထိုရထားဖြင့် ကျွန်တော်တို့ ဆားမှော်သို့ လိုက်ရမည်။
နာရီပြန်တစ်ချက်လောက်မှ ရောက်လာသည်။ ဆားမှော်သွားမည့်အဖွဲ့က တစ်စုတစ်ေ၀းကြီး။ ကျွန်တော်တို့ လေးယောက်၊ မိုးကောင်းမှ ဦးတင်ဦးနှင့် ကိုကျော်မြင့်၊ ဒေါ်စမ်းစမ်းရည်၊ မိမိကြီး သန်းသန်းအုန်း စသူတို့ ပါလာကြသည်။ ဆားမှော်ရောက်တော့ ညနေ ၅ နာရီ ထိုးနေပြီ။ ဘူတာရုံတွင် အိုးစည်ဗုံမောင်းတွေဖြင့် လာကြိုကြသည်။ ကချင်ယိမ်းတွေ၊ ရှမ်းအိုးစည်တွေလည်း ပါသည်။ မီးရထားကြီးတစ်စင်းလုံးမှ ခရီးသည်များက ကျွန်တော်တို့ကို အထူးအဆန်းသဖွယ် ၀ိုင်းကြည့်ကြသည်။ အိုးစည်ဗုံမောင်းတွေ၊ ယိမ်းအဖွဲ့တွေနှင့် လာကြိုသည်ဆိုတော့ ကျွန်တော်တို့ကို ဘယ်လိုလူစားတွေ ထင်မည်မသိ။

ဆားမှော်သကြားစက်ထဲက တည်းခိုရိပ်သာတွင် ကျွန်တော်တို့ကို နေရာချပေးသည်။ ညကျတော့ ကချင်လူငယ်၊ လုံမငယ်များက ကချင်သီချင်းဆို၍ ဂစ်တာတီးပြသည်။ ရယ်ဂျီနာစော၊ ဖော်ဒီကော၊ ဖဝါကိုင်၊ ဂျိုင်ဝါလှ၊ မောင်ေ၀ချမ်း စသည့် ကချင်လုံငယ် လုံမငယ်များဖြစ်သည်။ သူတို့ ကချင်သီချင်းက ခေတ်ပေါ်စတီရီယို အလိုက်ဖြစ်သည်။ ကလေးများက အဆိုအတီး တော်ကြသည်။

အနုပညာ ကလေးရွယ်ကို ချော့သိပ်နေတဲ့
အစိမ်းရောင် သစ်သားဂစ်တာတစ်လက်
၀န်စည်စလယ် အပြည့်သယ်လာတဲ့
မီးရထား လက်မှတ်တစ်စောင်
သဘာ၀ ရှုမျှော်ခင်းတစ်ခုကို
ဖျက်ဆီးနေတဲ့ မျက်နှာတစ်ခုကို
ဖယ်ပစ်လိုက်တဲ့
လက်တစ်ဖက်။

''ပီကာဆိုရဲ့ ပဉ္စလက်မီးအိမ်'' ကဗျာမှ စာပိုဒ်များကို ကျွန်တော် သတိရလာသည်။ ကျွန်တော့် ၀န်စည်စလယ်ကို မနိုင်မနင်းသယ်လာရသည့် မီးရထားလက်မှတ်တစ်စောင်။ ဆားမှော်ပြီးလျှင် ပင်းဘောသို့ ကူးရဦးမည်။
နောက်တစ်နေ့ ဆားမှော်သကြားစက် မူလတန်းကျောင်းတွင် ဟောပြောပွဲလုပ်သည်။ သိပ်မပြောနိုင်ကြ။ ဆားမှော်က မိုးကောင်း နမ္မတီးတို့ထက် ချမ်းသည်။ ဟောရင်း ခိုက်ခိုက်တုန် နေကြဖြင့် ဟောပြောပွဲကို ခပ်မြန်မြန် သိမ်းကြသည်။ ရထားကလည်း လာနေပြီ။ ဆားမှော် သကြားစက်မှ အလုပ်သမားများက ကျွန်တော်တို့နှင့် တွေ့ချင်ကြသည်။ စကားပြောချင်ကြသည်။ သို့ရာတွင် အချိန်မရတော့။

မြစ်ကြီးနားအစုန်ဖြင့် ပင်းဘောသို့ လိုက်ခဲ့ကြသည်။ ခဏနားပြီး ညတွင် ဆွေးနွေးပွဲလုပ်ကြသည်။ ပင်းဘောဆွေးနွေးပွဲကလည်း အသက်ပါသည်။
ပင်းဘောက ရွာကြီး။ ပန်းဘောဟူသော ရှမ်းဘာသာမှ ဆင်းသက်သည်ဟု ဆိုသည်။ လျှော်ပေါသည့် လွင်ပြင်ဟု အဓိပ္ပာယ်တွင်ကြောင်း သိရသည်။ လျှော်ပေါသည် မပေါသည်ကိုမူ မပြောတတ်။ သို့ရာတွင် ပင်းဘောသားများသည် ရွာနှင့်မလိုက်အောင် စာပေစိတ် ထက်သန်ကြသည်။ ပင်းဘော ရောက်သည့်ညက စာပေဆွေးနွေးပွဲကို ကျွန်တော်မမေ့နိုင်။ ည၇နာရီလောက်ကစသည့် ဆွေးနွေးပွဲသည် နာရီပြန်တစ်ချက်ခွဲမှ ပြီးသည်။ သို့တိုင်အောင် လူငယ်များက မကျေနပ်ကြ။ ဆက်ဆွေးနွေးချင်ကြသည်။ ခရီးပန်းလာသော ကျွန်တော်တို့ကို အားနာသဖြင့် ဤမျှလောက်ဖြင့် ပြီးကြခြင်းဖြစ်သည်။

သူတို့တင်ပြသည့် စာပေပြသနာမှာ

(၁) ကာရန်မဲ့ပြသနာကို ဘယ်လိုသဘောထားသလဲ။

(၂) စာအုပ်ဈေးနှုန်းတွေကို လျှော့မချနိုင်တော့ဘူးလား။

(၃) သရုပ်ဖော်ဝါဒနဲ့ သရုပ်မှန်ဝါဒ ဘာခြားသလဲ။

(၄) စာရေးဆရာတွေ လူထုထဲဆင်းသလား၊ ဘယ်လောက်ကြာကြာ ဆင်းသလဲ။

(၅) လူမျိုးစုတွေအကြောင်း စာရေးဆရာတွေ လေ့လာကြရဲ့လား။

စသည့် စာပေအထွေထွေပြသနာများနှင့် ကျွန်တော်တို့ တစ်ဦးချင်းစီ၏ စာများနှင့် ပက်သက်သည့် မေးခွန်းများဖြစ်သည်။
နောက်တစ်နေ့ နံနက်တွင် ပင်းဘော ဟောပြောပွဲလုပ်သည်။ အသက် ၇၀ ကျော် လယ်သမား အဘိုးကြီးတွေလည်း လာနားထောင်ကြသည်။ မိုးကောင်းက ချမ်းသာသလောက် ပင်းဘောက ဆင်းရဲသည်။ လယ်သမားတွေ၊ ကြံသမားတွေ၊ တောင်သူတွေများသည်။

ညနေကျတော့ ကျွန်တော်တို့ လမ်းခွဲကြသည်။ ဦးတင်ဦး၊ ဖရိုလာ၊ ဦးကျော်မြင့်၊ ဒေါ်စမ်းစမ်းရည် သန်းသန်းအုန်း၊ မိမိကြီး တို့က မိုးကောင်းသို့ပြန်။ ကျွန်တော်တို့က မြစ်ကြီးနားရထားဖြင့် မန္တလေးသို့ လိုက်ရမည်။ မိုးကောင်းသားတစ်ပိုင်း ဖြစ်နေသည့် မောင်သွေးသစ်နှင့် ကိုစိန်လွင်တို့က ကျွန်တော်တို့ကို ဟိုပင်အထိ လိုက်ပို့သည်။
ဟိုပင်ရောက်တော့ ဆရာဦးသန်းအောင်၊ ကိုလှရွှေနှင့် ကျောင်းသားများ၊ လူငယ်များက ကျွန်တော်တို့ကို ဘူတာရုံတွင် လာ၍ကြိုနေကြသည်။ ကျွန်တော်တို့က ဟိုပင်လက်ဆောင် မယူရက်။ ဟိုပင်တွင် ကျွန်တော်တို့က တာ၀န်မကျေ။ ကျွန်တော်တို့ ဟောပြောခွင့်မရ။ ကျွန်တော်တို့ တာ၀န်မကျေသည့်မြို့မှ လက်ဆောင်ကို ကျွန်တော်တို့ မယူချင်။ သို့ရာတွင် သူတို့က အတင်းပေးကြသည်။

ရထားသည် အောက်သို့စုန်သည်။ ဟိုပင်မီးရောင်လက်လက်သည် တဖြည်းဖြည်း မှုန်၍မှုန်၍ သွားပြီ။ ခဏကြာလျှင် အမှောင်ထုကြီးသာ ကြီးစိုးကျန်ရစ်ခဲ့သည်။
ကျွန်တော်သည် ပရေးဗား၏ ကဗျာတစ်ပိုင်းတစ်စကို ရွတ်နေသည်။

အတွေးအခေါ်တွေဟာ
အခန်းတံခါးနားက သူတို့နေရာဖြစ်တဲ့
ပေါင်မုန့်တွေ၊ ဖိနပ်တွေနားကို
ပြန်ရောက်ကုန်ကြတယ်။
အတွေးအခေါ်တွေဟာ
မျက်လှည့်နောက်ကို ပါသွားကြတယ်
အငွေ့ဖြစ်ကုန်တယ်
အကြောတွေ သေကုန်ကြတယ်။
ခံစားချက်ကင်းတဲ့ ကမ်ဘာကြီးတစ်ခု
ဆွေးနွေးပြလို့မရ၊ ရှင်းပြလို့မရတဲ့ ကမ်ဘာကြီးတစ်ခု
စစ်မှန်ခြင်းလည်းရှိ၊ မစစ်မှန်ခြင်းလည်းရှိတဲ့
ကြောက်ဖွယ်လည်းကောင်း၊ ရယ်ဖွယ်လည်းကောင်းတဲ့
ညည့်ယံလည်းရှိ၊ နေ့ခင်းလည်းရှိတဲ့
ဖြစ်ရိုးဖြစ်စဉ်လည်းဟုတ်၊ ဖြစ်ရိုးဖြစ်စဉ်လည်း မဟုတ်တဲ့
ငရဲပြည်လိုလှတဲ့
ကမ်ဘာကြီးတစ်ခု။

ရထားသည် ညအမှောင်ထဲတွင် တရိပ်ရိပ်ခုတ်နေသည်။ ကျွန်တော်သည် ပရေးဗား၏ ကဗျာကို အမှတ်ရနေသည်။ မိုးကောင်းခရီးတစ်ထောက်သည် ကျွန်တော်တို့အဖို့ ''ပီကာဆို၏ ပဉ္စလက်မီးအိမ်'' ကို ဖတ်သည်နှင့် အတူတူ။

မြသန်းတင့်

Copied from Mgkodigest Blogspot. Thanks to the blogger.

စလေ ငနော့



Comments

Popular posts from this blog

ငရဲဆိုတာ ဂျိုနဲ့လား 🖋 ဟံသာဝတီ ဦးဝင်းတင်

ဘာလဲဟဲ့... လူ့ငရဲ (မိတ်ဆက်) 🖋 ဟံသာဝတီ ဦးဝင်းတင်

ပုံစံခွက်ထဲက နိုင်ငံရေးမုန်တိုင်း (၁) 🖋 ဟံသာဝတီ ဦးဝင်းတင်