တစ်ခါတုန်းက ပတ်ဝန်းကျင် 🖊 အောင်သင်း

တစ်ခါတုန်းက ပတ်ဝန်းကျင်
•••••••••••••••••••••••••••

အောင်သင်း

အနော်ရထာလမ်းမကြီးအတိုင်း လျှောက်လာစဉ် ၃၅ လမ်းထဲက ရယ်ရယ်မောမော စကားပြောပြီး ထွက်လာကြသည့် အမျိုးသမီးတစ်စုထဲတွင် ခင်မေညွန့်ကို လှမ်းမြင်လိုက်မိသည်။ ဝန်ကြီးဌာနတစ်ခု၏ ဝတ်စုံများ ဝတ်ထားရသည်ကို ထောက်၍ သူလည်း အလုပ်ကိုင်နှင့် ဌာနန္တရနှင့် ဖြစ်နေကြောင်း သိသာပါသည်။

* * *

ခင်မေညွန့်ကို ကျွန်တော်စပြီး သတိထားမိလိုက်တော့ သူက ဝိဇ္ဇာသိပ္ပံတက္ကသိုလ်တွင် ဒုတိယနှစ်။ အသားခပ်လတ်လတ်၊ အသားလတ်လတ်ဟု ဆိုရစေကာမူ အညိုဘက်သို့ အနည်းငယ်လုသည်ဟု ဆိုရမည်ထင်သည်။ ကိုယ်လုံးကိုယ်ပေါက် လှသည်။ မျက်နာက ချောလှသည်ဟု မဆိုနိုင်စေကာမူ ကြည်လင်ရွှန်းပသည်။ သွေးသားသန့်စင်လျက် တင်းတင်းပြည့်ပြည့် ရှိလှသော မျက်နှာတွင် ဖြူစင်ညီညာသော သွားကလေးများသည် သူမ၏အပြုံးကို ထပ်ဆင့်တောက်ပစေသည်။ ဒုတိယနှစ်ကျောင်းသူများအလယ်တွင် 'စန်း' ကောင်းလှသည့် မိန်းကလေးတစ်ယောက်ဖြစ်သည်။

ခက်သည်က ဒုတိယနှစ်။

ခက်သည်က ဒုတိယနှစ်ဟု ကျွန်တော်ဆိုလိုက်သည်။ စာကတော့ ခက်သည်မဟုတ်ပါ။ ခက်သည်က ကျောင်းသားများနှင့် ဆရာများ ခက်ကြရခြင်းဖြစ်သည်။ ကျွန်တော့်အတွေ့အကြုံအရ ပြောလိုက်ရခြင်းပါ။

အားလုံးသိကြသည့်အတိုင်း ဝိဇ္ဇာသိပ္ပံတက္ကသိုလ်တွင် များသောအားဖြင့် ဘွဲ့ရသည့်တိုင်အောင်ဆိုလျှင် လေးနှစ် နေကြရသည်။ ပထမနှစ်ကျောင်းသားများကို ထိန်းသိမ်းရသည်မှာ အလွန်လွယ်ကူသည်။ သူတို့အဖို့ ယခုမှ တက္ကသိုလ်ကျောင်းသားဖြစ်လာကြသည်။ မြင်သမျှ သူတို့ထက် အတန်ကြီး ဝါရင့်များသာ ဖြစ်ကြသည်။ နယ်ပယ်သစ်ရောက်လာစ ဖြစ်နေတော့ မရွံ့မရဲကလေးတွေ ဖြစ်နေကြရသည်။

အဲ - ဒုတိယနှစ်သို့ ရောက်လိုက်ပြီဆိုတော့ သူတို့နောက်က ရောက်လာသည့် ကျောင်းသားသစ် ပထမနှစ်ကလေးများအား အပေါ်စီးက ကြည့်လို့ရလာပြီ။ သူတို့ကိုယ်သူတို့ တက္ကသိုလ်ကျောင်းသားပဲဟူသော ယုံကြည်မှုလည်း တစ်ခဲနက် ဝင်လာကြပြီ။ ယုံကြည်လာတော့ 'အားစမ်း' ချင်လာသည်။ ဟိုဟာလေး၊ ဒီဟာလေးတွေ လုပ်ကြည့်ချင်တတ်သည်။ ပထမနှစ် ကျောင်းသားသစ်ဘဝတုန်းက အတန်းထဲ ဆရာ ဝင်လာလျှင် တန်းမြင့်ကျောင်းတုန်းကလို ယောင်ယောင်ယမ်းယမ်း မတ်တပ်ရပ်ပြီး 'မင်္ဂလာပါ ဆရာ' လုပ်တော့မလိုလို အမူအရာမျိုးတွေ လုံးဝပျောက်သွားပြီ။ သူတို့ကိုယ်သူတို့ ယုံကြည်မှုက ပြည့်နေရုံမျှမက နည်းနည်းလေး ပိုလျှံနေတတ်သည်။ ထို့ကြောင့် ဆရာများအဖို့ ထိန်းသိမ်းရတာ အခက်တွေ့ပါသည်။ သတိ အလွန်ထားရသည့်အချိန် ဖြစ်သည်။

တတိယနှစ်သို့ ရောက်သွားပြန်တော့ နည်းနည်းလေး အနည်ထိုင်သွားပြီ။ အသက်ကလည်း တစ်နှစ်ရင့်လာခဲ့ပြီ။ ဂုဏ်ထူးတန်း ဝင်ချင်တာကလေးတွေ၊ ဘာလေးတွေကလည်း ရှိလာပြီ။ ငြိမ်စပြုလာပြီ။ အဲ - စတုတၴနှစ်သို့ ရောက်ပြီဆိုလျှင်တော့ ဘဝရှေ့ရေးကိုလည်း တွေးကြရပြီ။ ကျောင်းကထွက်လျှင် ဘာလုပ်မလဲ၊ ကိုယ့်ဘဝကို ဘယ်လိုဖန်တီးရမလဲဆိုသည့် အတွေးများက သူတို့ခေါင်းထဲတွင် ပတ်ချာလည်နေပြီ။ ထိုအတွေးပေါင်းစုံအနက် ပျော်စရာ၊ မက်မောစရာကောင်းလှသည် ကျောင်းသားဘဝကြီးကို စွန်လွှတ်ကြရတော့မည်။ ချစ်သော ကံ့ကော်တောနှင့် ပိတောက်လမ်းတို့မှ စခန်းသိမ်းကြရတော့မည်ဆိုသည့် အတွေးက သူတို့နှလုံးသားကို အနာကျင်စေဆုံးဖြစ်သည်ဟု ဆိုသင့်သည်။ ထို့ကြောင့် ချင့်ချင့်တွေးတွေး၊ နင့်နင့်ဆွေးဆွေး ဖြစ်နေသည့် စတုတၴနှစ် ကျောင်းသားများကို ဆရာ၊ ဆရာမများက ဘာမျှအထူးထိန်းသိမ်းနေရာ မလိုတော့ပြီ။ သူတို့ လူလားမြောက်နေကြပြီ။

ဒုတိယနှစ် ကျောင်းသားများကို ဆရာက ထိန်းသိမ်းရခက်ကြောင်း ကျွန်တော်ဆိုခဲ့ပါသည်။ ကျောင်းသားများအတွက်လည်း အလွန်ခက်ပါသည်။ စက်ဘီးသွက်သွက်လက်လက် စီးတတ်စ၊ မော်တော်ကား ကျင်ကျင်လည်လည် မောင်းတတ်စတွင် အတင့်ရဲတတ်သလို သူတို့သည်လည်း ပတ်ဝန်းကျင်အသစ်တွင် အတင့်ရဲချင်ကြသည်။ ကျယ်ပြောလာသည့် အပေါင်းအသင်းအသစ်တို့နှင့် စွန့်စွန့်စားစားကလေး လုပ်ချင်ကြသည်။ စွန့်စားရင်းက စွန့်လွှတ်ကြရသည်ကိုလည်း ကြုံတတ်ကြသည်။ စွန့်စားလိုက်သည်က စိတ်ဓာတ်၊ စွန့်လွတ်လိုက်ရသည်က စာရိတ္တ။

အများနည်းတူ ခင်မေညွှန့်သည်လည်း အပေါင်းအသင်းနယ်ပယ်ကလေး ကျယ်လာခဲ့သည်။ အပေါင်းအသင်းများကြားတွင် ရယ်ရယ်မောမော ပျော်ပျော်ပါးပါး တွေ့နေရတတ်သည်။ နောက်ပိုင်းတွင် ကျောင်းခဏခဏပျက်သည်ဟု ထင်သည်။ ကျွန်တော်နှင့်လည်း ရင်းရင်းနှီးနှီး ရှိလှသည်မဟုတ်သောကြောင့် ထူးထူးခြားခြားကြီးတော့ဖြင့် သတိမထားမိလှပါ။ သို့သော် သတိထားမိလောက်စရာ ဖြစ်လာရသည်က သူ့သတင်းများဖြစ်သည်။

'မင်းနား တစ်ထောင်' ဟူသော စကားရှိသည်။ ကျောင်းဆရာ၏ နားကလည်း တစ်ထောင်မရှိတောင် တစ်ရာလောက်တော့ ရှိလိမ့်မည်ပေါ့။ ကျောင်သားတပည့်၊ ကျောင်းသူတပည့်တို့ထံမှ သူ့သတင်းကို ကြားလာရခြင်းဖြစ်သည်။

ခင်မေညွှန့်၏ ယောက်ျားလေး အပေါင်းအသင်းများက ကောင်းလှသည်မဟုတ်။ ရိုးရိုးမကောင်းတာမျိုး မဟုတ်။ မူးယစ်ဆေးဝါး လက်တည့်စမ်း စွန့်စားနေကြသူများဖြစ်သည်။ ကျွန်တော် စိတ်မကောင်း။ သို့သော်လည်း သူ့ကိုခေါ်ပြီး ပြောဖို့၊ သတိပေးဖို့ဆိုသည်ကလည်း ကိုယ်နှင့်ရင်းနှီးလှသည်မဟုတ်။ ထို့ပြင် သူ့ကိုပင် အတန်းထဲ၌ မတွေ့ရသည်မှာ ကြာပြီ။ တစ်ခါတစ်ရံ တွေ့လိုက်မြင်လိုက်ရပြန်သည်ကလည်း အတန်းထဲတွင်မဟုတ်။

"ဆရာ ခင်မေညွန့်ကို တွေ့ရင် သတိထားကြည့်ပါလား။ အရင်က အသားအရေမျိုးမှ မဟုတ်တော့တာကို''

သူတို့ပြောလိုက်မှ ကျွန်တော် သတိပြုမိလိုက်သည်။ မျက်နှာလည်း ချောင်ကျသွားသည်။ အသားအရေလည်း နည်းနည်း ခြောက်သွားသည်။ ထို့ပြင် မျက်နှာလည်း ညှိုးညုှိုးငယ်ငယ်ရှိသည်ဟု ကျွန်တော်ထင်မိသည်။

တပည့်များ၏ ပြောစကားအရ သူ့ဖခင်မှာ အတော်လေးမြင့်သော အရာရှိကြီးတစ်ယောက် ဖြစ်သည်။ ဒီမိန်းကလေး၏ စိတ်ရင်း အလွန်ဖြူသည်။ အပေါင်းအသင်းအပေါ်လည်း အလွန် ရက်ရက်ရောရောရှိလှသည်ဟု ဆိုပါသည်။ အပေါင်းအသင်း မိန်းကလေးတွေကလည်း သူ့ကို အလွန်ခင်မင်ကြဟန် ရှိသည်။ သို့သော် ယခုအခါတွင်တော့ဖြင့် သူတို့မိန်းကလေးချင်းသည်လည်း မလှမ်းမကမ်းသို့ မသိမသာ ခွာသွားကြဟန်ရှိသည်။ ပင်ကိုအားဖြင့် အသိဉာဏ်သွက်လက်ထက်မြက်သော မိန်းကလေးဖြစ်သည့်အတိုင်း သူ့ဘဝဟောင်း၊ ဘဝကောင်းကလေးကို နှမြောခြင်း ဖြစ်ပါလိမ့်မည်။ ထိုကြောင့် သူ့မျက်နာ ညှိုးညှိုးငယ်ငယ် ဖြစ်ကောင်းဖြစ်ပါလိမ့်မည်။

သို့နှင့် တတိယနှစ် ရောက်ပြီး သိပ်မကြာခင်မှာပင် ခင်မေညွှန့်တစ်ယောက် ပျောက်သွားတော့သည်။ ကျွန်တော်ကိုယ်တိုင်က သတိထားမိလိုက်သည်ဟုတ် ကျောင်းသားများပြောပြလိုက်လို့သာ သိလိုက်ခြင်းဖြစ်သည် သူ့အိမ်က တခြားတက္ကသိုလ်တခုသို့ ပြောင်းပို့လိုက်သည်ဆိုပဲ။ ကျွန်တော်ထင်ပါသည်။ သူကိုယ်တိုင်လည်း လိုလိုလားလား ဖြစ်ပါလိမ့်မည်။ ''အင်း...ဝန်းကျင်သစ်မှာ စိတ်သစ်လူသစ်ဖြစ်ပါစေတော့'' ဟု ခင်မေညွန့်အတွက် တွေးလိုက်မိပြီး တပည့်တွေကိုလည်း ပြောလိုက်မိပါသည်။

"မင်းတို့ပြောတဲ့အတိုင်းဆိုရင် ခင်မေညွှန့်ဟာ အလွန်ချစ်စရာကောင်းတဲ့ မိန်းကလေးပဲကွ။ အပေါင်းအသင်းကြောင့် ဖြစ်ကြရတာ။ ခုမှ စကားစပ်မိလာလို့ ပြောလိုက်ရဦးမယ်။ တစ်ခါမှာ ရှင်အာနန္ဒာက ဘုရားကို လျှောက်ထားဘူးတယ်။ 'အရှင်ဘုရား မဂ်ဖိုလ်ရရာရကြောင်းမှာ မိတ်ကောင်းဆွေကောင်း၊ အပေါင်းအသင်းဟာလည်း တစ်စိတ်တစ်ဒေသအားဖြင့် အရေးကြီးသည်ဟု ထင်မိပါသည်ဘုရား' ပေါ့။ ဒီတော့ ဘုရားရှင်က ဘယ်လိုမိန့်မယ်ထင်သလဲ 'အာနန္ဒာ ဤသို့မဆိုလင့် အာနန္ဒာ၊ ဤသို့မဆိုလင့်' လို့ သုံးကြိမ်တိတိ မြစ်တယ်။ ငါ့မှာ ဖတ်နေရင်းက အရှင်အာနန္ဒာရဲ့ စကားမှားသွားလို့ ဘုရားက 'မြစ်' လိုက်တာလားလို့ အောက်မေ့တယ်။ မဟုတ်ဘူး။ 'အာနန္ဒာ - ဤသို့မဆိုလင့် မိတ်ကောင်းဆွေကောင်း၊ ခင်ပွန်းကောင်းတို့ကြောင့် အလုံးစုံပြည့်စေနိုင်၏' လို့ မိန့်တော်မူတယ်။ ခင်မေညွန့်လည်း ပတ်ဝန်းကျင်အသစ်မှာ အပေါင်းအသင်းကောင်းနဲ့ တွေ့လောက်ပါရဲ့ကွာ''

* * *

၃၅ လမ်းထဲက ခင်မေညွန့်ကို တွေ့လိုက်ရတော့ အသက်ကလေး အတန်ငယ်ကြီးလာသောကြောင့် မျက်နာလေး အတန်ရင့်သွားသည်မှအပ စိုပြည်ရွှန်းပနေဆဲ ကြည်လင်ထက်မြက်နေမြဲ ဖြစ်ပါသည်။

ရယ်ရယ်မောမော သူတို့ချင်းစကားပြောနေဆဲ ကျွန်တော်နှင့် မျက်လုံးချင်း ထပ်ခနဲဆိုင်လိုက်မိတော့ သူ့မျက်နှာလေး ချက်ချင်း တစ်မျိုးဖြစ်သွားလိုက်ပြီး အရယ်အမောမပျက် တစ်ဖက်သို့ လှည့်သွားပါသည်။ ကျွန်တော် ရုတ်တရက် အံ့အားသင့်သွားမိသည်မှာ အမှန်ဖြစ်ပါသည်။ ကျောင်းသားကျောင်းသူဘဝက မရင်းနှီးလှစေဦးတော့ ဆရာတစ်ယောက်ကို ပြန်တွေ့လိုက်လျှင် အူယားဖားယား နှုတ်ဆက်ကြမြဲ ဖြစ်ပါသည်။ ခင်မေညွန့်ကတော့ နှုတ်ဆက်ချင်ဟန်မတူပါ။ သူ့ဘဝဟောင်းကြီးကို နှုတ်ဆက်ခွဲခွာခဲ့ပြီးပြီ မဟုတ်ပါလား။ ကျွန်တော် ခင်မေညွှန့်အတွက် ဝမ်းသာမိပါသည်။

ေဩာ်... တစ်ခါတုန်းက တပည့်မကလေး။


ဆရာအောင်သင်းရဲ့ 'တစ်ခါတုန်းက တပည့်တွေ' (PDF) စာအုပ်စာမျက်နှာ ၅၃ - ၆၀ ကနေ ကိုယ်တိုင်စာရိုက်ကူးယူပြီး မျှဝေပါတယ်။

စလေ ငနော့

Comments

Popular posts from this blog

ငရဲဆိုတာ ဂျိုနဲ့လား 🖋 ဟံသာဝတီ ဦးဝင်းတင်

ဘာလဲဟဲ့... လူ့ငရဲ (မိတ်ဆက်) 🖋 ဟံသာဝတီ ဦးဝင်းတင်

ပုံစံခွက်ထဲက နိုင်ငံရေးမုန်တိုင်း (၁) 🖋 ဟံသာဝတီ ဦးဝင်းတင်