ဆင်းရဲချမ်းသာစိတ်ကူး 🖋 မောင်သာချို
စိတ်ကူးချိုချို စာအုပ်တိုက်က ၂၀၁၉၊ ဇွန်လမှာ ပထမအကြိမ် ထုတ်ဝေထားတဲ့ ဆရာမောင်သာချိုရဲ့ ''စိတ်ကူးစိတ်သန်း'' စာအုပ်သစ်ထဲက စာရေးဆရာရဲ့ အမှာစာနဲ့ ပထမဆုံး ဆောင်းပါး(အက်ဆေး)ကလေးကို ကိုယ်တိုင်စာရိုက်ပြီး တင်ပေးလိုက်ပါတယ်။ အမြည်းသဘော တင်ပေးတာဖြစ်ပြီး တအုပ်လုံးကိုတော့ လောလောဆယ် ရိုက်တင်ပေးဦးမှာ မဟုတ်ပါ။ ဆရာမောင်သာချိုက ကျနော့်ကို သည်ပေ့ဂ်ျမှာ သူ့စာတွေ ကူးတင်ဖို့ရာ နှုတ်အားဖြင့် ခွင့်ပြုထားပြီးဖြစ်ပေမယ့် ထုတ်ဝေသူဖက်ကို ပြန်ကြည့်ရတဲ့ သဘောပါ။ သည်စာအုပ်က ဆိုင်တွေမှာ လက်လှမ်းတမီ ဝယ်လို့ရနိုင်သေးတာမို့ စာအုပ်ဝယ်ဖို့ရာ လက်လှမ်းမီသူတွေအနေနဲ့ ဆရာ့စာအုပ်ကို ဆိုင်က ဝယ်ဖတ်ကြဖို့ တိုက်တွန်းလိုက်ပါတယ်။ စာအုပ်တန်ဖိုး ၂၂၀၀ ကျပ်သာ ဖြစ်ပါတယ်။
နောက်ရက်တွေမှာ ထွက်ရှိပြီးတာ ကြာပြီဖြစ်တဲ့ ဆရာ့စာအုပ်ကလေးတွေထဲက စာတွေကို (အွန်လိုင်းပေါ်မှာ မရှိသေးတာတွေကို ကိုယ်တိုင်စာရိုက်၊ ဝက်ဘ်ဆိုက်တွေမှာ သူများစာရိုက်ပြီးသား ရှိတာတွေကို ကော်ပီမိတ္တူနဲ့) ကူးယူပြီး တင်ပေးသွားပါမယ်။
အဒ်မင်ငနော့
🍀 🍀 🍀 🍀 🍀
စိတ်ကူးစိတ်သန်းစကား
မောင်သာချို
အိုင်ဒီယာ (Idea) မဂ္ဂဇင်းတွင် ရေးသားခဲ့သည့် စာအတိုအထွာ ဟိုမရောက်သည်မရောက်များကို စုစည်းကာ ''စိတ်ကူး'' အမည်ဖြင့် ''စိတ်ကူးချိုချို'' က စာတစ်အုပ် ထုတ်ဝေခဲ့ပြီး ဖြစ်ပါသည်။ ထို့နောက် ဆက်၍လည်း အိုင်ဒီယာ (Idea) ၌ ရေးနေဖြစ်ခဲ့ရာ ယခု ထိုဆက်ရေးဖြစ်သည့် စိတ်ကူးများကို စာတစ်အုပ်ဖြစ် ထပ်၍ စုစည်းဖြစ်ပါသည်။
မြန်မာဘာသာစကား၌ စိတ်ကူးကို စိတ်သန်းနှင့်လည်း တွဲ၍ သုံးလေ့ရှိပါသည်။ စိတ်ကူးစိတ်သန်းတဲ့။ ကူးသန်းဆိုသည်က တစ်နေရာမှ တစ်နေရာသို့ သွားလာသည့်သဘော။ စိတ်က ထိုသို့ ဟိုထွက်သည်ဝင် သွားလာကူးသန်းတတ်လေသတဲ့။
သို့ပါ၍ ယခင်စာအုပ် ''စိတ်ကူး'' ကို ဆက်ကာ ယခုစာအုပ်ကို ''စိတ်ကူးစိတ်သန်း'' ဟု အမည်ပေးလိုက်ပါသည်။ စိတ်တို့ ကူးသန်းနိုင်ကြပါစေသော်။
မောင်သာချို
🍀 🍀 🍀 🍀 🍀
ဆင်းရဲချမ်းသာ စိတ်ကူး
*******************
မောင်သာချို
(၁)
ဆင်းရဲချင်သလား၊ ချမ်းသာချင်သလားဆိုတဲ့ မေးခွန်းကို အမေးခံရပြီလို့ ဆိုပါတော့။ လူတိုင်းလူတိုင်း ဖြေချလိုက်မယ့် အဖြေက ရှင်းရှင်းကလေး။ ဘယ်သူမှ ဆင်းရဲချင်တယ်လို့ အဖြေမပေးဘူး စိတ်ချ။ ချမ်းသာချင်တယ်လို့ပဲ လူတိုင်းကိုယ်စီက အဖြေပေးကြမှာ။ ကမ္ဘာပေါ်မှာ ကြိုးစားတယ်ဆိုတဲ့ လူတိုင်းဟာ ဘယ်သူကမှ တစ်နေ့ ငါ ဆင်းရဲသားဖြစ်စေရမယ်ဆိုတဲ့ စိတ်နဲ့ ကြိုးစားနေတယ်ဆိုတဲ့လူ တစ်ယောက်မှမရှိဘူး။ ငါချမ်းသာစေရမယ်ဆိုတဲ့ စိတ်နဲ့ ကြိုးစားရုန်းကန်နေတဲ့ သူတွေချည်းပဲ။
ဒါပေမဲ့ သိပ်ပြီးဆင်းလွန်းတဲ့ ဘဝ၊ သိပ်ပြီးချမ်းသာလွန်းတဲ့ ဘဝမျိုးတွေကျပြန်တော့လည်း လူဖြစ်ရတာ မတန်သလို၊ အဓိပ္ပါယ်မရှိသလိုကြီးပဲ။
အမေရိကန်စာရေးဆရာကြီး ဂျက်လန်ဒန် (Jack London) ရဲ့ စာအုပ်တစ်အုပ် ရှိတယ်။ ''The People of the Abyss'' ဆိုတာ။ အသူတစ်ရာနက်တဲ့ ချောက်ကမ်းပါးကြီးထဲက လူသားများ လို့ဆိုတဲ့ စာအုပ်ပေါ့။ မြန်မာလိုတောင် ဘာသာပြန်ရှိသေးရဲ့။ အဲသည့်အထဲက အောက်ဆုံးအလွှာ အလုပ်သမားတွေကို ဂျက်လန်ဒန်က စားသောက်ဆိုင်ကြီးထဲ ခေါ်သွားပြီး ကြိုက်ရာ သုံးဆောင်ကြဖို့ ခွင့်ပေးတဲ့အခါ သူတို့ ဝမ်းသာအားရ မှာကြတာက ပေါင်မုန့်နဲ့ ကော်ဖီကြမ်းဆိုလား။ အဲသည့်အပြင် ဘာမှ မမှာတတ်ကြဘူးတဲ့။ စားလည်း မစားဖူးဘူးတဲ့။ ပိုက်ဆံတွေ ပုံချပေးထားပြီး ကြိုက်တာစားစမ်း ဆိုတာတောင်မှ လောကမှာ အကောင်းဆုံး စားစရာ၊ အကောင်းဆုံး သောက်စရာ ဘာရှိလို့ရှိမှန်း မသိကြရရှာတဲ့ ဘဝတွေတဲ့။ နိမ့်ကျဆင်းရဲလွန်းတာမျိုးကျတော့လည်း အလိုမရှိအပ်ဘူးပေါ့။
ဒါဆို ချမ်းသာလွန်းတာကျတော့ရော။ စာရေးဆရာကြီးသော်တာဆွေက မိုးကုတ်မြမောင်ဆိုတဲ့ မိုးကုတ်က ပတ္တမြားသူဌေးကြီး ဦးမြမောင်အကြောင်းကို စာတွေရေးဖူးပါတယ်။ ''ငွေကိုလေလိုသုံးသူ'' ဆိုတဲ့ခေါင်းစဉ်နဲ့တောင် ရေးဖူးသေးတဲ့ဥစ္စာ။ ရေလိုသုံးတာ မဟုတ်ဘူးတဲ့။ ရေက ခပ်နေရသေးတယ်တဲ့။ လေလို သုံးတာတဲ့။ ဘာမှ အားမစိုက်ရဘဲ၊ ဘာမှလုပ်စရာမလိုဘဲ သုံးချင်သလို သုံးတာတဲ့။ ကြိုက်သလိုစား၊ ကြိုက်သလိုသွား၊ ကြိုက်သလိုနား၊ ကြိုက်သလိုသုံး၊ ကြိုက်သလိုဖြုန်း၊ ကြိုက်သလိုကဲ၊ ကြိုက်သလိုသည်း။ တစ်ရက်တော့ မိုးကုတ်ဦးမြမောင်က ဆရာသော်တာဆွေ ရှေ့မှာ ငိုတယ်ဆိုတာပါပဲ။ ဆရာသော်တာဆွေရဲ့ ဘဝက အဓိပ္ပါယ်ရှိလို့တဲ့။ သူက ဘာမှအဓိပ္ပါယ်မရှိဘူးတဲ့။ သူ ဘာလုပ်ရမှန်းလည်း မသိဘူးတဲ့။ အဓိပါယ်ရှိရှိလေးနဲ့ ဘယ်လိုနေရရင် ကောင်းမလဲဆိုတာလည်း မတွေးတတ်ဘူးတဲ့။ ဝမ်းနည်းပြီး ရှိုက်လို့ရှိုက်လို့ကို ငိုနေလိုက်တာတဲ့။ အဲသည်လိုမျိုးကျတော့လည်း ပိုက်ဆံတွေချမ်းသာလွန်းပြီး ဘာမှမဟုတ်သလိုဘဲနော်။ ကမ္ဘာပေါ်က ဆင်းရဲသား သန်း ၃၆၀၀ ပိုင်တာနဲ့ ကမ္ဘာ့သူဌေးကြီး ရှစ်ယောက်ပိုင်တာနဲ့ အတူတူပဲလို့ဆိုတဲ့ ၂၀၁၇ ခုနှစ် ဆွစ်ဇာလန်မှာ လုပ်တဲ့ ညီလာခံရဲ့ အဆိုအတိုင်း ဆိုရရင် အဲသည့်သူဌေးကြီးရှစ်ယောက်ကရော ဘဝကို ပျော်ရွှင်ကျေနပ်နေကြသလား သိချင်လိုက်တာ။ အကောင်းဆုံး မော်တော်ကား၊ အကောင်းဆုံး နာရီ၊ အကောင်းဆုံး ဝီစကီ၊ အကောင်းဆုံး စံအိမ်တော်တွေပေါ်မှာ ဘဝဟာ ပျော်စရာကောင်းပါစ။
ကျွန်တော်ကတော့ ဆင်းရဲလွန်းတာလည်း မကြိုက်၊ ချမ်းသာလွန်းတာလည်း မကြိုက်သလိုပဲ။
(၂)
ကျွန်တော်က လူလတ်တန်းစားလို့ခေါ်တဲ့ Middle class ကို ပိုကြိုက်တယ်။ လူလတ်တန်းစားတွေက လူလောကကြီးကို ဖွံ့ဖြိုးတိုးတက်စေတာလို့ ဆိုတာကိုး။
သိပ်ဆင်းရဲလွန်း၊ သိပ်ချမ်းသာလွန်းတဲ့သူတွေဟာ စာမဖတ်ဘူး။ မဖတ်နိုင်ဘူး။ သီချင်းအရသာကို မခံစားဘူး။ မခံစားနိုင်ဘူး။ ရုပ်ရှင်ကောင်းကောင်း၊ ပြဇာတ်ကောင်းကောင်း၊ ပန်းချီကားကောင်းကောင်းတွေကို အရသာခံပြီး မကြည့်ဘူး။ မကြည့်တတ်ဘူး။ ဒါမှမဟုတ် ကြည့်ချိန်မရဘူး။ ပညာရေးတို့၊ နိုင်ငံရေးတို့လို လုပ်ငန်းဆောင်တာတွေမှာလဲ ဆင်းရဲလွန်းသူတို့၊ ချမ်းသာလွန်းသူတို့ဟာ သိပ်ပြီး နှစ်နှစ်မြှုပ်မြှုပ်ကြီး လုပ်နိုင်ခဲကြပါတယ်။
ယေဘုယျပြောရရင် လူလတ်တန်းစားတွေကပဲ ကမ္ဘာကြီးကို ဖွံ့ထွားစည်ပင်လာအောင် လုပ်ခဲ့ကြတာပါ။
လူလတ်တန်းစားဆိုလို့ သူ့ကို ဖွင့်ဆိုတာတွေကလည်း များလိုက်တာ။
တစ်နေ့ဝင်ငွေ နှစ်ဒေါ်လာကနေ လေးဒေါ်လာကြားကို Lower middle class တဲ့။ လေးဒေါ်လာနဲ့ ၁၀ ဒေါ်လာကြား ဝင်တဲ့သူတွေကိုတော့ Middle class တဲ့။ ၁၀ ဒေါ်လာနဲ့ ဒေါ်လာ ၂၀ ကြား ဝင်တဲ့သူတွေကိုကျတော့ Upper middle class တဲ့။
တစ်လဝင်ငွေ ဒေါ်လာ ၄၇၀ ကနေ ၉၂၀ ကြားရှိပြီး တီဗွီ၊ ဗွီစီဒီ၊ ရေခဲသေတ္တာ၊ အဝတ်လျှော်စက်၊ မိုက်ကရိုဝေ့ဖ်မီးဖို၊ ခရက်ဒစ်ကတ် (credit card) တွေနဲ့ ကျင်လည်သူကိုမှ လူလတ်တန်းစားလို့ ဆိုသူတွေကလည်း ရှိပါရဲ့။
ဘာပဲဖြစ်ဖြစ် ကျွန်တော်ကတော့ လူလတ်တန်းစားပဲ ဖြစ်ချင်ပါတယ်။ သိပ်လည်း မမွဲ၊ သိပ်လည်း မချမ်းသာ၊ စာလေးလည်း ဖတ်လိုက်၊ သီချင်းလေးလည်း နားထောင်လိုက်၊ ရုပ်ရှင်လေးလည်း ကြည့်လိုက်၊ သင့်တင့်လျောက်ပတ်တဲ့ စားစရာ သောက်စရာတွေနဲ့၊ မော်တော်ကားကလေးနဲ့၊ သာရေးနာရေးကိစ္စတွေနဲ့ နေရတဲ့ဘဝမျိုးကိုပဲ တောင့်တမိတာပါ။
စာဖတ်သူကရော ဘယ်လိုမျိုး ဖြစ်ချင်ပါလိမ့်။ လက်နဲ့ထိလိုက်သမျှ ရွှေဖြစ်တဲ့ ဘဝမျိုးလား။ လူတွေနဲ့အတူ လူတန်းစေ့ ထိတွေ့ဆက်စပ် ရှင်သန်နေရတဲ့ ဘဝမျိုးလား။ သေချာတာက သိပ်ပြီးဆင်းရဲလွန်းတဲ့ ဘဝမျိုးကိုဖြင့် ဘယ်သူကမှ တောင့်တလိမ့်မယ် မဟုတ်ဘူးဆိုတာပါ။
မေ၊ ၂၀၀၇၊ Idea မဂ္ဂဇင်း။
စာရိုက်တင်ဆက်သူ
Comments
Post a Comment