ထဘီသင်ခန်းစာ 🖋 အောင်သင်း

ထဘီသင်ခန်းစာ
**************

အောင်သင်း

မိဖြူနှင့် မိမူတို့နှစ်ယောက် ကျွန်တော့်အခန်းထဲ  ဝင်လာလိုက်တော့ သူတို့နှစ်ယောက်လုံး ချွေးတပြိုက်ပြိုက်နှင့် ဟောဟဲဆိုက်နေကြပါသည်။ ဘာမျှ မပြောနိုင်သေးဘဲ သူတို့လက်ထဲတွင် ပါလာသော အထုပ်ကလေးတွေကို အခန်းထောင့်ရှိ စားပွဲကလေးပေါ်သို့ သွားထားလိုက်ပြီး ကျွန်တော့်ရေတကောင်းကို ယူ၍ရေနှစ်ခွက်စီလောက်  ဆင့်သောက်လိုက်ကြသည်။ ကျွန်တော့်အဖို့ ဘာမှမဆန်းတော့။ သည်ရေတကောင်းမှာ ရေကုန်နေသည်ကို တွေ့လိုက်လျှင် 
သူတို့တွေပဲ ဆေးကြောပြီး ထည့်ပေးကြပါသည်။ ရေစစ်ကလေး ဟောင်းနေသည်ကို တွေ့လိုက်ရင်လည်း သူတို့တစ်တွေပဲ မှတ်မှတ်ရရ အသစ်ဝယ်လာတတ်ကြသည်။  ပြီးတော့ သူတို့တစ်တွေပဲ သည်ရေကို လာလာသောက်တတ်ကြသည်။ သူတို့ ရေသောက်လို့ အားရသွားကြပြန်သောအခါ တဟောဟဲဟဲ လုပ်နေရင်းကပင် ပိုင်စိုးပိုင်နင်း ပန်ကာကို ဖွင့်လိုက်ကြပြီးနောက် 'အမယ်လေးလေး မောလိုက်တာ' ဆိုပဲ။

သည်တော့ ကျွန်တော့်မှာလည်း မနေနိုင်တော့ဘဲ လက်ထဲက ဖတ်လက်စစာအုပ်ကို ချထားလိုက်ပြီးနောက် -

"ကဲ... နင်တို့နှစ်ယောက် ဘာဖြစ်လာကြပြန်တုံး။  ရည်းစားစကားလိုက်ပြောလို့ ထွက်ပြေးလာကြသလား'' ဟု ရယ်မောပြီး မေးလိုက်ပါသည်။

နှစ်ယောက်သား ရယ်လိုက်ကြပြီး မိဖြူက -

"ဆရာကလဲ မဟုတ်တာ။  ရည်းစားစကားလိုက်ပြောတာကို ထွက်ပြေးရမှာလား။  ရည်းစားစကားအပြောခံရတယ်ဆိုတာ မိန်းကလေးတစ်ယောက်အဖို့  မင်္ဂလာတစ်ပါးမဟုတ်လား။  ရည်းစားစကား အပြောမခံရမှာကိုတောင် စိုးရိမ်နေကြရတာ။  အခုလဲ ရည်းစားစကား အပြောခံရပါမယ့် အရေး လုံးပန်းနေကြရလို့ မောနေတာ ဆရာရေ့''

"ဟေ... ရည်းစားစကား အပြောခံရဖို့အရေး လုံးပမ်းနေကြသေးတယ်။ ဟုတ်လား၊ ငါဖြင့် ကြားကြားဖူးပေါင်ဗျာ။ နင်တို့ကျမှပဲ''

သည်တော့မှ မိမူက ရယ်မောပြီး -

"စိန်ဂျွန်းဈေးက ပြန်လာတာဆရာရေ့။ 
မိဖြူ ထဘီတစ်ထည် ဝယ်ချင်လို့တဲ့။ အဲဒါနဲ့ ကျွန်မက အဖော်လိုက်သွားရတာ။ သတိရလို့ ဆရာ့ဖို့တောင် မြေပဲလှော်ထုပ် ဝယ်လာခဲ့သေးတယ်၊ ဟောဒီမှာ။ မောလိုက်တာ ဆရာရယ်။ လူကို ဟောဟဲလိုက်နေတာပဲ။  ဆရာတပည့် မိဖြူကလဲ ဇီဇာကြောင်လိုက်တာ မပြောပါနဲ့တော့။ စိန်ဂျွန်းဈေးတစ်ခုလုံး ပတ်ပြီးလျှောက်လိုက်ရတာ ဒူးတွေတောင် ချောင်လာတယ်''

"ထဘီလေးတထည် ဝယ်တာများဟယ်၊  နင်တို့မှာ ဒီလောက်တောင် အပင်ပန်းခံနေရသလား။ ကိုယ်ကြိုက်တာ တွေ့ရင် ကောက်ပြီး ဝယ်လိုက်ပေါ့။ ဒါကိုများ အပင်ပန်း ဒီလောက်ခံနေရတယ်လို့''

"အံမာ... ဆရာ့နှယ် ပြောတော့ လွယ်လိုက်တာ''

"ဟဲ့ - ဘာများ ခက်နေလိုလဲ မိဖြူရဲ့။ ငါတို့ဖြင့် ခက်တယ်မထင်ပေါင်ဗျာ။ ငါတို့လဲ လုံချည်တို့ ဘာတို့ ဝယ်ခဲ့ဖူးပါတယ်။ နင်တို့လောက်ပဲ ပင်ပင်ပန်းပန်း ခဲရာခဲဆစ် လုပ်နေရပါဘူး''

"ဆရာတို့ ယောက်ျားလေးနဲ့ တူမလား ဆရာရဲ့။ ကျွန်မတို့ ထဘီဆိုတာ ဆရာတို့ ပုဆိုးလိုဟာမျိုးမှ မဟုတ်ဘဲ ပုဆိုးဆိုတာမျိုးက အရောင်ရယ်၊ အကွက်ကျဲ၊ အကွက်သေးရယ် ဒါလောက်ပဲရှိတာ။ ဒီထက်ပိုလို့ဆိုရင် ချောသလား၊ ကြမ်းသလား၊ ထူသလား၊ ပါးသလား ဒါလောက်ပဲ ရှိတော့မပေါ့''

"အမယ်... ကဲကဲ ဆိုစမ်းပါဦး။  နင်တို့ ထဘီကကော ဘာတွေများ ပိုနေသေးလို့လဲ''

"ပိုလိုက်သမှ အများကြီး။ ထဘီဆိုတာက အပွင့်တွေ၊ အခက်တွေ၊ အရွက်တွေ ရုပ်စုံအကောင်ပလောင်တွေ၊ ဆေးရောင်တွေ၊  အသားတွေ ရွေးလိုက်ရတာ၊ နည်းရော့လား။  နောက်ပြီး ရိုးနေပြီလား၊ ဆန်းသလား အဲဒါတွေကလည်းရှိသေးတယ်။ နောက်ပြီး...''

"ဟယ် - မကုန်သေးဘူးလား''

"ဘယ်ကုန်ဦးမှာလဲ ဆရာရဲ့။ ကိုယ့်မှာ ရှိပြီးသား အရောင်တွေ၊ အဆင်တွေနဲ့ ကွဲရဲ့လား။ ဆင်တူနေသလား။ ကိုယ့်မှာရှိတဲ့ လက်ကိုင်အိတ်တို့၊ အင်္ကျီတို့နဲ့ အဆင်ပြေရဲ့လား။ အင်္ကျီ ဘယ်နှထည်လောက်နဲ့ ဝတ်နိုင်သလဲ။ ပွဲနေပွဲထိုင်ထိအောင် ဝတ်နိုင်သလား။ နေ့ပွဲဝတ်လား၊  ညပွဲ မီးရောင်နဲ့ဆိုရင်...''

သူ့စကားမဆုံးခင် ကျွန်တော်က ရယ်မောပြီး -

"ကဲကဲ တော်ပါတော့ မိဖြူရယ်။  နင်တို့ ထဘီဝယ်တဲ့လုပ်ငန်း အလွန်ကြီးကျယ်ကြောင်း သဘောပေါက်ပါပြီ''

"အမယ် ဒါတောင် ထဘီသင်ခန်းစာအစပဲ ရှိသေးတယ်။ ထဘီသင်ခန်းစာ နိဒါန်း...''

ကျွန်တော် ဟက်ဟက်ပက်ပက် ရယ်လိုက်မိပါသည်။ သူတို့နှစ်ယောက်စလုံးလည်း ရောပြီး ရယ်မောကြပါသည်။

"အဲဒါနဲ့ မိမူက အတိုင်ပင်ခံ အကြံပေးအရာရှိအဖြစ် ထဘီအော်ပရေးရှင်းကြီးအတွက် စိန်ဂျွန်းဈေးကို လိုက်သွားရတယ်ဆိုပါတော့''

ကျွန်တော့်မျက်စိတွင် မိဖြူနှင့်မိမူ  နှစ်ယောက်သား ဟိုဆိုင်ဝင်လိုက်၊ ဒီဆိုင်ထွက်လိုက်၊  ဟိုလုံချည်စကို ကိုင်ကြည့်လိုက်၊ ဒီလုံချည်စကို ကိုယ်နှင့်ကပ်ကြည့်လိုက် လုပ်နေကြပုံကို မြင်ယောင်ကြည့်လိုက်မိပါသည်။ ပြီးမှ -

"အဆင်အသွေး ရွေးတယ်ပဲထားပါဦးတော့ဟယ်... နှစ်ဆိုင်သုံးဆိုင်ထက် ပိုပြီး ရွေးစရာလိုမယ် မထင်ပါဘူး။ စိန်ဂျွန်းဈေးတစ်ခုလုံးပဲ လျှောက်ပြီး ပတ်နေရသလား''

"ဈေးကလဲ ကွာသေးတာကို ဆရာရဲ့။ ဒီတော့ တစ်ဆိုင်ပြီးတစ်ဆိုင် ဝင်ပြီး စနည်းနာ  ဈေးဆစ်ကြရတာပေါ့''

"အင်း... နောက်ဆုံးမယ် ဈေးဘယ်လောက် သက်သာလာခဲ့သလဲ ပြောစမ်းပါဦး''

သူတို့နှစ်ယောက်သား ပြိုင်တူ ရယ်လိုက်ကြပြီး -

"ဟဲဟဲ သုံးကျပ်ခွဲ''

ကျွန်တော်လည်း နှစ်ခြိုက်စွာရယ်လိုက်ပြီး -

"သုံးကျပ်ခွဲ သက်သာလိုက်တာ သံပုရာရည်နှစ်ခွက်တောင် သောက်ယူလိုက်ကြရအောင် ပင်ပန်းသွားကြတယ်ဆိုပါတော့''

"နန်းကြီးနှစ်ပွဲတောင် ပါလိုက်သေး...''

သူတို့ရော ကျွန်တော်ပါ ရယ်မောမိကြပါသည်။

ထိုသို့ ရယ်မောနေရင်းပင် မကြာသေးမီက ကြုံခဲ့သော ဖြစ်ရပ်ကလေးတစ်ခုကိုလည်း ဖျတ်ခနဲပြန်ပြီး သတိရလိုက်ပြန်ပါသည်။ ရုတ်တရက်တော့ ကျွန်တော် ခပ်ငေးငေး  ဖြစ်သွားလိုက်မိပါလိမ့်မည် ထင်သည်။ နောက်တော့လည်း သူတို့ကိုကြည့်ပြီး အနည်းငယ်ပြုံးလိုက်မိယောင် ဖြစ်သွားသည် ထင်ပါသည်။ ထို့ကြောင့် မိဖြူက -

"ဘာပြုံးတာလဲ ဆရာရဲ့၊  ဆရာ ပြုံးနေပုံကလဲ တစ်မျိုးကြီးပဲ''

"ဩော်... သတိရလိုက်လို့ပါ''

"ဘာသတိရမိတာလဲ ဆရာကလဲ  ဘာမှန်းလဲ မသိဘူး''

"ဩော်... နင်တို့ ထဘီတစ်ထည်ရွေးကြပုံကို တွေ့လို့ သတိရမိတာကလေးတစ်ခုရှိလို့ပါ''

သူတို့နှစ်ယောက်စလုံး ကျွန်တော့်ကို ကြောင်စီစီကြည့်နေကြပါသည်။ ကျွန်တော်က ရုတ်တရက် မျက်နှာပိုးသတ်လိုက်ပြီး -

"ဒါထက် နင်တို့ကို စကားမစပ် တစ်ခုမေးရဦးမယ်။ ငါတို့ ဟိုအရင်တစ်ပတ် ပဲခူးကို လေ့လာရေးခရီး ပျော်ပွဲစားထွက်ကြတုန်းက လိုက်လာတဲ့ ဟိုဘူမိဗေဒက ကောင်ကလေးနဲ့ တို့ဆီက စမ်းစမ်းနဲ့ ကြိုက်သွားကြပလား''

သူတို့နှစ်ယောက်လုံး တစ်ယောက်မျက်နှာ တစ်ယောက် ကြည့်လိုက်ကြပါသည်။ ပြီးမှ မိမူက မိဖြူဘက်လှည့်ပြီး -

"ဆရာပြောတာ ဟုတ်တယ်ဟဲ့။  စမ်းစမ်းနဲ့အဲဒီလူနဲ့ ကြည်သွားကြပြီတဲ့တော့။ ငါ့ကို နွဲ့နွဲ့က ပြောတယ်။ ဆရာက သိပ်မျက်စိရှင်တာပဲ''

"ငါက မျက်စိရှင်တာ မဟုတ်ပေါင်ဗျာ။ သူတို့က ငါ့မျက်စိအောက်မှာ လာပြီး ရှင်နေကြလို့သာ  မြင်လိုက်ရတာပါ''

"ကဲ - ထားလိုက်ပါတော့ ဆရာရယ်။  သူတို့ချင်းကြိုက်သွားကြတာနဲ့ ကျွန်မတို့ ထဘီဝယ်တာ ဘာများဆိုင်လို့ ဆရာက သွားပြီးသတိရတာလဲ ကျွန်မဖြင့် ဘာအဆက်အစပ်မှ ရှာမတွေ့ဘူး''

ကျွန်တော်က ရုတ်တရက် ဘာမှမပြောသေးဘဲ ခဏ ဆိုင်းထားလိုက်ပါသည်။ ကျွန်တော့်စကားကို သူတို့စိတ်ဝင်စားအောင် ဖန်တီးနေခြင်းမဟုတ်ပါ။ ကျွန်တော်ကိုယ်တိုင်ကကိုပဲ ဘာက စပြီး ပြောလိုက်ရမှန်း မသိသောကြောင့် ဖြစ်ပါသည်။

"အခု ငါပြောမှာတွေကို ဘယ်သူမှ ပြန်မပြောပါနဲ့။ ဘာကြောင့်ရယ်တော့ မဟုတ်ပါဘူး။ နင်တို့ဝမ်းထဲမှာပဲ ထားကြပါ''

ကျွန်တော်က လေသံခပ်အေးအေးနှင့်  အစပြုလိုက်သောကြောင့် သူတို့နှစ်ယောက်လည်း  တည်တည်ကလေး ဖြစ်သွားကြပါသည်။

"ဒီလိုပါ၊ စမ်းစမ်းဟာ အဲဒီကောင်လေးကို အဲဒီနေ့ရောက်မှပဲ တွေ့ဖူးတယ်ဆိုတာကတော့ သိသာပါတယ်။ ငါတို့အားလုံးရဲ့ မျက်စိအောက်မှာပဲ မဟုတ်လား...။ ကောင်လေးက စမ်းစမ်းကို စိတ်ဝင်စားယောင် ပြနေတာကိုလဲ သိသာပါတယ်။ စမ်းစမ်းကိုယ်တိုင်ကလည်း ကျေနပ်တဲ့
လက္ခဏာကို တွေ့ကြရသားပဲ။ အဲဒီနောက်မှာတော့ အဆောင်တွေ ဘာတွေကို သွားပြီး လည်ကြမှာတွေ၊  စကားပြောကြမှာတွေကို မှန်းလို့ရနိုင်တာပေါ့။ ခုတော့ နင်တို့ ပြောကြတဲ့ စကားကြောင့် သူတို့ချင်း ကြိုက်သွားကြပြီလို့ ငါသိလိုက်ရပြီ။  သေချာပြန်ပြီး စဉ်းစားလိုက်ရင် စမ်းစမ်းဟာ ကောင်လေးရဲ့ စိတ်နေစရိုက်၊ သူ့မိဘတွေရဲ့ စရိုက်တွေ၊ ဆွေမျိုးအသိုင်းအဝန်း ပတ်ဝန်းကျင်ဆိုတာတွေကို ဘာဆိုဘာမှ ကောင်းကောင်းသိဦးမှာ မဟုတ်သေးဘူး''

"နင်တို့မိန်းကလေးတွေဟာ တစ်ခါတလေ တော်တော့်ကို အံ့ဩဖို့ ကောင်းတယ်။ 
အေးလေ ယောက်ျားလေးတွေလဲ ဒီလိုပဲ ရှိမှာပါပဲ။ ထားပါတော့၊ အခုပြောနေတာက နင်တို့ထဘီဝယ်တာနဲ့ ပတ်သက်ပြီး သတိရလာတာမို့ နင်တို့မိန်းကလေးတွေအကြောင်းကိုပဲ ပြောလိုက်ပါတော့မယ်။ စမ်းစမ်းကြိုက်လိုက်ပုံ မြန်လွန်းတာကို သွားပြီးသတိရမိတာက ဒီလိုပါ''

မိဖြူက မိမူဘက်သို့ ရုတ်တရက် လှည့်ကြည့်လိုက်ပြီး -

"ဟုတ်တယ်နော် သူတို့ကြိုက်သွားလိုက်တာ သိပ်မြန်တာပဲ''

ကျွန်တော်က စကားကို ဆက်လိုက်ပါသည်

"နင်တို့နှစ်ယောက် ခုနက ထဘီဝယ်တာမှာ ဇီဇာကြောင်တဲ့ ကိစ္စကြားလိုက်ရတော့  မိန်းကလေးတွေဟာ ကိုယ်တစ်သက်လုံးပေါင်းဖို့ ခင်ပွန်းလောင်းလျာအဖြစ် ရည်းစားရွေးတဲ့အခါမှာ ထဘ်ီရွေးသလောက်မှ ရွေးကြပါလေရဲ့လားလို့ အောက်မေ့လာမိတယ်။ နင်တို့ပဲ ပြောတယ်မဟုတ်လား။  ဒီအဆင်နဲ့ကိုယ်နဲ့ လိုက်မှ လိုက်ပါ့မလားဆိုတာကို တွက်ရသေးတယ်ဆို။ ရည်းစားရွေးတာကျတော့ သူ့စရိုက်နဲ့ ကိုယ့်စိတ်နေ သဘာဝ အဆင်ပြေနိုင်ပါ့မလားဆိုတာမျိုးကို စိတ်ရှည်လက်ရှည်မှ စဉ်းစားကြပါရဲ့လားလို့ ဆိုတာမျိုးပေါ့။ ထဘ်ီလေးတစ်ထည် ဝယ်လိုက်တာကျတော့ ကိုယ့်မှာရှိပြီးသား အင်္ကျီတွေ၊ လက်ကိုင်အိတ်ဆိုတာမျိုးတွေနဲ့ လိုက်မှလိုက်ပါ့မလားဆိုတာမျိုးကို တွေးတယ်။  ရည်းစားထားလိုက်တာကျတော့ သူနဲ့ ငါ့မိဘဆွေးမျိုးအသိုင်းအဝန်းနဲ့ အဆင်ပြေနိုင်ပါ့မလား ဆိုတာမျိုးကို ထည့်ပြီး စိတ်ရှည်လက်ရှည် စဉ်းစားပါလေရဲ့လားဆိုတာကို သွားပြီး တွေးလိုက်မိလို့ ပြောပြတာပါ''

သူတို့နှစ်ယောက်လုံး ခဏလောက် ငိုင်သွားကြပါသည်။ သူတို့လည်း  စဉ်းစားနေကြပုံ ပေါ်ပါသည်။ အတော်လေးကြာမှ မိဖြူက သူ့သူငယ်ချင်းမိမူကို ပြောလိုက်ပုံမျိုးနှင့် ''ဆရာပြောတာ ဟုတ်တယ်နော်'' ဟု ပြောလိုက်ပါသည်။

"ကဲ... သွားတော့မယ်ဆရာ။  ဟောဒီမှာ ဆရာ့အတွက် မြေပဲလှော်ထုပ်၊ ထဘီသင်ခန်းစာ အဲလေ - ဟိုလင်ရွေးနည်းသင်ခန်းစာအတွက် ကန်တော့ကြေးပေါ့ ဆရာ။ ကျမတို့ ရည်းစားထားရင်တော့ ထဘီရွေးသလိုကို သေချာရွေးပြီး ထားတော့မယ်။ အင်း... ဒါပေမဲ့ ခုထက်ထိ ရည်းစားစကားလိုက်ပြောမယ့်လူက မပေါ်လာသေးတာက ခက်တယ်''

ကျွန်တော်တို့အားလုံး ရယ်လိုက်မိကြပြန်ပါသည်။

* * *

လွန်ခဲ့သော ၄ - နှစ်ခန့်က မိဖြူကို ဆူးလေဘုရားလမ်းမကြီးတွင် တွေ့လိုက်ရပါသည်။ သူလည်း ခုတော့ဖြင့် ဝဝဖိုင့်ဖိုင့်နှင့် ဧရာမမိန်းမကြီးတယောက် ဖြစ်နေပါပြီ။ သူ့ဘေးတွင်လည်း သူ့ခင်ပွန်း ဖြစ်ဟန်တူသော အမျိုးသားတစ်ယောက် ပါလာပါသည်။

ဧရာမမိန်းမကြီးဖြစ်နေသော မိဖြူသည် ကျွန်တော့်ကို တွေ့လိုက်ရသောအခါ တကယ့်ကျောင်းသူကလေးတစ်ယောက်လို မြူးမြူးရွှင်ရွှင် ပြန်ဖြစ်သွားလျက် ကျွန်တော့်လက်ကို ဆွဲကိုင်တဲ့ပြီး -

"ဝမ်းသာလိုက်တာ ဆရာရယ်။  ဆရာ့စာတွေကိုဖတ်ပြီး အလွမ်းဖြေနေရတာ။ အဲဒါ ငါတို့ဆရာပဲလို့ ကြွားရတာလဲအမော။  သူက ကျွန်မအမျိုးသားပေါ့ အဟဲဟဲ  ဆရာပြောသလို ထဘီရွေးသလိုရွေးပြီး ယူထားတဲ့ ယောက်ျားလေ''

သူက ပြောပြီး ရယ်လိုက်ပါသေးသည်။ ကျွန်တော်က ပြောတုန်းက ပြောခဲ့သော်လည်း ထိုအခါတွင် ရုတ်တရက်သတိမရမိပါ။ ထို့ကြောင့် ခပ်ကြောင်ကြောင်ဖြစ်နေသည်ကို ကြည့်လိုက်ရင်း မိဖြူက -

"ဟော - ဆရာကတော့ လုပ်ပြီ။  ကိုယ်ပြောခဲ့တာ ကိုယ်ပြန်မေ့နေပြန်ပြီ။ ကျွန်မနဲ့ မိမူနဲ့ စိန်ဂျွန်းဈေးက ထဘီဝယ်ပြီး ပြန်လာတော့ ဆရာပြောပြခဲ့တာလေ'' ဟု အစချီပြီး ဇာတ်ကြောင်းလှန်လိုက်တော့မှ ပြန်လည်သတိရပြီး သူ့ခင်ပွန်းကို အားတုံ့အားနာ လှမ်းပြီး ကြည့်လိုက်မိပါသည်။ သူ့အမျိုးသားက သဘောကောင်းပုံရပါသည်။  ကျွန်တော်အားနာနေသည်ကို ရိပ်မိဟန်နှင့် -

"ဖြူက ဆရာ့အကြောင်းကို ခဏခဏပြောပါတယ် ဆရာ။  ကျွန်တော်ကိုယ်တိုင်ကလည်း ဆရာ့စာဖတ်ပရိသတ်ပါ။ ဆရာ့ဓာတ်ပုံ ဖြူ့ဆီမှာ မြင်ဖူးတယ်။ မဂ္ဂဇင်းတွေမှာလဲ တွေ့ဖူးတယ်။  အရင်နှစ်က ရန်ကုန်ကို ရောက်လာတော့လဲ ၂၇ - လမ်းမှာလား မသိဘူး။ ဆရာ့စာပေဟောပြောပွဲကို တွေ့လို့ လာပြီး နားထောင်ခဲ့ပါသေးတယ်။ ဒါကြောင့် ဆရာ့ကိုမြင်မြင်ချင်း မှတ်မိပါတယ်''

"အခုတောင် ဖြူက  ဆရာ့ကိုမြင်တာ မဟုတ်ပါဘူး။ ကျွန်တော်က မြင်လိုက်လို့ 'ဟိုမှာ ဆရာ ဆရာ' လို့ ကျွန်တော်က ပြရတာပါ။ ဆရာပြောလိုက်တဲ့ ထဘီသင်ခန်းစာကိုလည်း ဖြူက ပြန်ပြောဖူးလို့ ကျွန်တော်ကြားဖူးနေတာ ကြာလှပါပြီ။ ဒါပေမဲ့ ဆရာတပည့်မက ဆိုးတယ်ဆရာ။ သူစိတ်တိုင်းကျတာ တစ်ခုခုကို တွေ့လိုက်ရင် ကျွန်တော့်ကိုချီးကျူးပုံက 'ဒါမှ ဖြူတို့မောင် ထဘီရွေးသလို ရထားတဲ့ ချစ်လင်' တဲ့။ ကျွန်တော့်မှာ ဝမ်းသာရမလိုလို အောင့်ရမလိုလို ခံနေရတယ် ဆရာ။  အဲဒါနဲ့ သူ့ကို ပြောရတယ်။ 'တို့နှစ်ယောက်ချင်းမှာသာ မင်းတို့ဆရာရဲ့ သင်ခန်းစာနဲ့ ချီးကျူးပါ။  လူကြားထဲတော့ဖြင့် မလုပ်လိုက်ပါနဲ့' လို့ တောင်းပန်ထားရတယ်''

"လူကြားထဲမှာ ပြောပါ့မလား ဆရာရဲ့။  ဆရာဦးအောင်သင်း တပည့်ပဲ ဒီလောက်တော့မညံ့ပါဘူး။ ဟုတ်ဘူးလားဆရာ''

မိဖြူ၏ ဟန်ပန်မှာ တကယ့်ကျောင်းသူကလေးဟန် ဖြစ်နေပါသည်။ သူ့ခင်ပွန်းကပင်ဆက်၍ -

"ပြောသာပြောရတယ် ဆရာရေ့။  ကျွန်တော်တို့သမီးကလေးတစ်ယောက် ရထားပြီးလို့ ကျောင်းတောင်သွားနေပြီ။  ဒီသမီးလေး ကြီး လာပြန်ရင်လည်း ဆရာ့ထဘီသင်ခန်းစာကို လက်ဆင့်ကမ်းရဦးမှာပဲ ဆရာရေ့''

ဩော်... တစ်ခါတုန်းက တပည့်တွေ။

ဆရာအောင်သင်းရဲ့ 'တစ်ခါတုန်းက တပည့်တွေ' စာအုပ် (pdf) စာမျက်နှာ ၁၁ - ၂၂ ကနေ ကိုယ်တိုင် စာရိုက်ကူးယူပြီး မျှဝေပါတယ်။

စလေ ငနော့

Comments

Popular posts from this blog

ငရဲဆိုတာ ဂျိုနဲ့လား 🖋 ဟံသာဝတီ ဦးဝင်းတင်

ဘာလဲဟဲ့... လူ့ငရဲ (မိတ်ဆက်) 🖋 ဟံသာဝတီ ဦးဝင်းတင်

ပုံစံခွက်ထဲက နိုင်ငံရေးမုန်တိုင်း (၁) 🖋 ဟံသာဝတီ ဦးဝင်းတင်