ဘိုလ်မျောက်ဒင် 🖋 မင်းလူ

ဘိုလ်မျောက်ဒင် 
***************

မင်းလူ

တကယ်လို့ သူကြီးသမီးနဲ့သာ ဆက်နွယ်ပက်သက်မှုမရှိခဲ့ဘူးဆိုလျှင် မောင်မျောက်ဒင်အနေဖြင့် ဒီအခြေအနေမျိုးကို 
ရောက်ရှိလာခဲ့မည်မဟုတ်ချေ။ အမှန်တော့ မောင်မျောက်ဒင်မှာ လူရိုးလူအေးလေးသာဖြစ်၏။ မိဘများကွယ်လွန်ပြီးနောက်
ကျန်ရှိသော လယ်ကလေးငါးဧကနှင့်ရိုးသားစွာ လုပ်ကိုင်စားသောက်နေသူဖြစ်၏။ အလုပ်ကို ကြိုးစားလုပ်မည်၊
ရပ်ရေးရွာရေးတတ်စွမ်းသမျှ ဝင်ရောက်ကူညီမည်ဆိုသောကိစ္စကလွဲလျှင် တခြားဘာမှဝါသနာမပါ။ အချစ်ရေး၊ 
အိမ်ထောင်ရေးကိုလည်း စိတ်မဝင်စား။

သူကစိတ်မဝင်စားသော်လည်း သူ့ကိုစိတ်ဝင်စားနေသူတော့ရှိသည်။ သူကြီးသမီး မစံမေပင်ဖြစ်၏။ သူကမျောက်ဒင်ကို 
တစ်ဘက်သတ်မေတ္တာရှိနေသည်။ အခွင့်အရေးတွေ အမျိုးမျိုးပေးသည်။ မျောက်ဒင်က ဝေးဝေးကရှောင်သည်။ 
သူကိုယ်တိုင်က အချစ်နှင့်ကင်းကင်း နေလိုသောကြောင့်တစ်ကြောင်း၊ အဆင့်အတန်းချင်း ကွာခြားလှသောကြောင့် 
ဖြစ်၏။ ထိုအခြေအနေတွင် ကြားလူတစ်ယောက် ပေါ်ပေါက်လာသည်။ တဘက်ရွာမှ ဆန်စက်ပိုင်ရှင်၏ သားက မစံမေကို သဘောကျနေသည်။ လူကြီးချင်းကလည်း ကျေနပ်သည်။ ထို့ကြောင့် မစံမေကို အမျိုးမျိုးဖျောင်းဖျနားချကြသည်။ 
မစံမေကလည်း ခါးခါးသီးသီးငြင်းသည်။ မျောက်ဒင်မှမျောက်ဒင်ဖြစ်နေ၏။

ထိုအခါ ဓနရှင်တို့ထုံးစံအတိုင်း မျောက်ဒင်အပေါ်အကောက်ကြံဖို့ အကွက်ချောင်းနေကြလေသည်။ စက်ပိုင်သား၏
တပည့်များက မကြာခဏဆိုသလို ရန်စပြီး ပြဿနာရှာသည်။ မျောက်ဒင်က အမြဲတမ်းအလျှော့ပေးပြီး ရှောင်ထွက်သည်။
တစ်ခါတော့ စက်ပိုင်သားအုပ်စုနှင့် လမ်းကျဉ်းကလေးမှာ ထိပ်တိုက်တိုးလေသည်။ ဘယ်လိုမှ တိမ်းလို့မရတော့။ သူတို့ 
လမ်းကိုပိတ်ဆို့ပြီးး ရပ်နေသည်။ မျောက်ဒင်က

"လမ်းဖယ်ပေးပါဗျာ၊ ကျွန်တော်သွားပါရစေ"

"ရတယ်၊ ငါတို့ရှေ့ကနေ လေးဘက်ထောက်ပြီး သွားမယ်ဆိုရင်ဖယ်ပေးမယ်"

"ကျွန်တော်ခေါင်းငုံ့ပြီး သွားပါ့မယ်၊ ဒီလောက်ဆိုကျေနပ်ပါ"

"မရဘူးကွ၊ လေးဘက်မထောက်ချင်ရင် ခွေးလို ဝပ်ပြီးသွား"

ဒါတော့ တရားလွန်လာပြီ။ မျောက်ဒင်သည် ပြဿနာမဖြစ်ချင်သောကြောင့် တောင်းပန်နေခြင်းဖြစ်၏။ 
သတ္တိနည်းလို့တော့ မဟုတ်။ ထို့ကြောင့်

"ဒါဆိုလဲ ပြီးရောပေါ့"

ဟုပြောရင်း ရှေ့သို့ တည့်တည့်ကြီးတိုးဝင်လိုက်သည်။ စက်ပိုင်သားက သူ့ရင်ဘတ်ကို ဆောင့်တွန်းသည်။ 
နောက်ကိုတစ်ချက်ယိုင်သွားပြီးမှ ရှေ့ကိုတစ်လှမ်းတိုးပြန်သည်။ စက်ပိုင်သားက နောက်ကျောမှ ဝှက်ကွယ်ထားသော 
လက်ကိုထုတ်လိုက်သည်။ ဓါးမြှောင်တစ်ချောင်း လက်ပြန်ကိုင်ထားရာမှ လှမ်းတွတ်လိုက်သည်။ မျောက်ဒင်က နောက်ကို 
ခုန်ရှောင်လိုက်၏။ စက်ပိုင်သားက ရှေ့တိုးလာပြီး ဓါးမြှောင်ကိုမြှောက်လိုက်သည်။ ထိုအချိန်တွင်မျောက်ဒင်၏ လက်သီးက
စက်ပိုင်သား၏မေးရိုးဆီသို့ ဝင်သွားသည်။ ခွပ်ခနဲ။

မျောက်ဒင်သည် ရန်မဖြစ်ဖူးပါ။ လူတစ်ယောက်ကို လက်သီးနဲ့ တစ်ခါမှမထိုးခဲ့ဖူးပါ။ သူ့လက်သီး ဒီလောက်
ပြင်းကြောင်းကိုလည်း အရင်က မသိခဲ့ပါ။ စက်ပိုင်သားသည် နောက်သို့နှစ်ပေလောက်လန်ထွက်ပြီးမှ မြေပေါ်သို့ 
ဗိုင်းခနဲ လဲကျသွားသည်။ ပြန်မထနိုင်တော့။ တစ်ချက်ထဲနဲ့သတိလစ်သွားပြီ။ သူ့တပည့်သတ္တိခဲတွေလည်း 
ထွက်ပြေးသွားကြသည်။ ညရောက်တော့ မျောက်ဒင်ကို လာဖမ်းကြသည်။ ပြီးတော့ သူကြီးအိမ်အောက်ထပ်ရှိ 
အချုပ်ခန်းထဲမှာ ထိပ်တုံးခတ်ထားလိုက်၏။ စက်ပိုင်သားမှာ အထိုးခံရလို့ နောက်ပြန်လဲကျသွားစဉ်က ကျောက်ခဲနှင့် 
ဆောင့်မိပြီးနောက် နောက်စေ့ထိသွားသည်။ ဒဏ်ရာက သိပ်ကြီးတာမဟုတ်။ ပေါက်သွားရုံလောက်ပဲ။ သို့ရာတွင် သူက 
ပတ်တီးကြီးစည်းပြီး အိပ်ရာထဲမှာ လဲနေသည်။ မျောက်ဒင်က ဝါးရင်းတုတ်နှင့် ရိုက်ပါသည်ဟု ဆိုသည်။ ပြီးတော့ဓားနဲ့လဲ 
တွတ်သေးသတဲ့။ အမှုကြီးအောင်လုပ်တာပေါ့။ 

ဒီလောက်နှင့် မကျေနပ်နိုင်သေးဘဲ သူကြီးရဲ့တပည့်တွေက မျောက်ဒင်၏အိမ်မှာ သွားရှာတော့ ဆေးခြောက်တွေ
တွေ့တယ်ဆိုပြီး တစ်မှုထပ်တိုးလိုက်ပြန်၏။ ညသန်းခေါင်ကျော်အချိန်လောက်တွင် အချုပ်ခန်းထဲသို့  လူတစ်ယောက်
ဝင်လာသည်။ ထိုအချိန်တွင် မျောက်ဒင်က အိပ်ပျော်နေတုန်းဖြစ်၏။ ညဦးပိုင်းတုန်းက ရေဆာသဖြင့် တောင်းမိ၏။ 
ထိုရေကို သောက်ပြီးနောက် အလွန်အမင်းအိပ်ငိုက်လာပြီး အိပ်ပျော်သွားသည်။ အမှန်မှာ ရေထဲမှာ အိပ်ဆေးခတ်ပြီး
တိုက်ခဲ့ခြင်းဖြစ်၏။ သူအိပ်ပျော်နေတုန်းမှာ ဓားမြှောင်၏လက်ကိုင်အရိုးကိုလက်ထဲထည့်ဆုပ်စေပြီး
လက်ဗွေရာထင်အောင်လုပ်ခဲ့ကြသည်။

"ကိုမျောက်ဒင်၊ ကိုမျောက်ဒင်.."

အတင်းလှုပ်နှိုးတော့ နိုးလာသည်။

"ဟင်..မစံမေ၊ ဘာလာလုပ်တာလဲ"

"ကိုမျောက်ဒင်ကို လာကယ်တာ"

မစံမေက ထိပ်တုံးက သော့ကိုဖွင့်ပေးသည်။

"ကဲ ကိုမျောက်ဒင်၊ မြန်မြန်ပြေးပေတော့"

"ပြေးလို့ဘယ်ဖြစ်မလဲ၊ ကျွန်တော် ဝရမ်းပြေးဖြစ်သွားမှာပေါ့၊ ပြီးတော့ ကျွန်တော့်မှာမှ အပြစ်မရှိဘဲ"

"ရှင် ဘာသိလို့လဲ၊ သူတို့က အားလုံးအကွက်ကျကျ စီစဉ်ထားပြီးပြီ"

ဆိုပြီး အမှုတွေ ဆင်ထားပုံကို ပြောပြသည်။ ငွေပေးပြီးသက်သေလိုက်ခိုင်းဖို့လည်း စီစဉ်ပြီးပြီ။ ဘယ်လိုမှ လွတ်ဖို့
လမ်းမမြင်။ 

"မနက်ကျရင် ကိုမျောက်ဒင်ကို မြို့ထဲက ရဲဌာနာကို ပို့ကြလိမ့်မယ်၊ သုံးနှစ် ဒါမှမဟုတ် ငါးနှစ်တော့ ထောင်ကျမှာပဲလို့ ပြောနေသံကြားတယ်၊ အဖေကိုယ်တိုင်က သူတို့လူဖြစ်နေတာ၊ ကိုမျောက်ဒင် ပြေးမှဖြစ်မယ်"

မစံမေအတွက်ကတော့ ဘာမှထူးမှာမဟုတ်။ မျောက်ဒင်ထောင်ကျသွားလည်း ဝေးရမှာပဲ။ ထွက်ပြေး
လွတ်မြောက်သွားလည်း စက်ပိုင်သားနဲ့လက်ထပ်ရတော့မှာပဲ။ သူ့အတွက် ရွေးစရာလမ်းမရှိမယ့်တူတူ 
မျောက်ဒင်လွတ်မြောက်သွားမယ်ဆိုလျှင် ဖြေသာသေးသည်။ ထို့ကြောင့်

" ကဲ...လူတွေ မနိုးခင်မြန်မြန်ပြေးပါတော့၊ ညောင်ပင်လမ်းဆုံမှာ မောင်မောင်စနေမြင်းနဲ့စောင့်နေလိမ့်မယ်၊ 
မြစ်ဆိပ်ရောက်ရင် မြင်းကိုပုတ်ပြီး ပြန်လွှတ်လိုက်၊ သူ့ဘာသာပြန်လာတတ်တယ်၊ ပြီးတော့ ဟောဒီဓားမြှောင်ကိုလဲ 
ယူသွား၊ ဒါက အရေးကြီးတဲ့သက်သေခံပစ္စည်းဖြစ်နေတယ်"

ဟုပြောပြီး ဓားမြှောင်ကိုပေးသည်။ ခုကျမှ သူ့အပေါ် မစံမေထားရှိသော စေတနာမေတ္တာမှာ သာမန်မျှမဟုတ်ကြောင်း 
မျောက်ဒင်နားလည်လာသည်။ မစံမေပေါ်မှာလည်း ဂရုဏာသက်ဝင်လာမိသည်။ သို့ရာတွင် အခါနှောင်းခဲ့ပြီ။

မောင်မောင်စနေသည် မျောက်ဒင်ဆီမှာ လယ်ကူလီအဖြစ်လာရောက်လုပ်ကိုင်နေသူဖြစ်၏။ လူဖလံကလေး
ဖြစ်သော်လည်း သတ္တိကမသေးလှ။ လက်ရဲဇက်ရဲရှိသည်။ မျောက်ဒင်ကလည်း တစ်ယောက်တည်းသမားဖြစ်သောကြောင့် 
မောင်မောင်စနေကအတူလာနေပြီး ချက်ပြုတ်ကျွေးမွေး၊ ခြေဆုပ်လက်နယ်ပြုပေးသဖြင့် တပည့်ရင်းလိုဖြစ်နေသည်။

"ကဲ...မင်းလဲ မိုးမလင်းခင် ရွာအရောက်ပြန်ပေတော့"

မြစ်ဆိပ်ကိုရောက်တော့ မျောက်ဒင်ကပြောသည်။

"ကျွန်တော်လဲ ဆရာနဲ့အတူလိုက်ခဲ့မယ်"

"ဟာ... ဘယ်ဖြစ်မလဲ၊ ငါက ဝရမ်းပြေး၊ မင်းပါ ဒုက္ခရောက်လိမ့်မယ်"

"ဘာထူးမှာလဲ၊ ဆရာထွက်ပြေးသွားပြီဆိုရင် သူတို့က ကျွန်တော့်ကို ဖမ်းပြီးစစ်ကြမှာပေါ့၊ ကြံရာပါဆိုပြီး ဒုက္ခပေးမှာ သေချာတယ်၊ ပြီးတော့ ဆရာမရှိတော့ဘူးဆိုရင် ကျွန်တော်လဲ ဘာမှလုပ်ကိုင်စားတတ်မှာမဟုတ်ဘူး ငတ်မှာပဲ၊ 
ကျွန်တော်ဟာ ဆရာ့အရိပ်ကိုခိုနေရတာပါ၊ သေအတူရှင်မကွာ နေသွားဖို့ပဲရှိတယ်"

သူပြောတာမှန်နေသဖြင့် တစ်ခါတည်း ခေါ်သွားဖို့ ဆုံးဖြတ်လိုက်ရသည်။
    
မြစ်တစ်ဘက်ကမ်းကို ကူးပြီးနောက် ဆက်လျှောက်ကြရသည်။ အင်းဝမရောက်ခင် ရွာငယ်လေးတစ်ရွာကိုဖြတ်ရသည်။ 
အခြေအနေက ဘာမှန်းမသိသဖြင့် ရွာထဲက ဖြတ်မလျှောက်ရဲ။ တစ်ညလုံး ပြေးရလွှားရ၊ လှော်ရခတ်ရ၊ တမနက်လုံးလည်း 
လမ်းလျှောက်လာရသဖြင့် ပင်ပန်းလာသည်။ မနေ့က ညနေကတည်းက ဘာမှမစားရသေးသဖြင့်လည်း
အလွန်ဆာလောင်နေကြသည်။ အချုပ်ခန်းထဲကနေ တန်းထွက်လာရသဖြင့် ငွေလည်း သိပ်မပါလာ။ သွားကာနီးမှာ 
မစံမေက ချွေးခံအိတ်ထဲမှာ ကမန်းကတန်းထုတ်ပေးလိုက်သော ကျပ်ပြားတစ်ပြားသာ မျောက်ဒင်ဆီမှာရှိသည်။ 
မောင်မောင်စနေက မူးစေ့တစ်စေ့ပါလာသည်။ ငွေရှိသည့်တိုင် ဝယ်စားစရာဆိုင်မရှိ။

ရွာထိပ်နားမှာ တဲကလေးတစ်လုံးကို တွေ့သည်။ မောင်မောင်စနေက

"ကဲ.. ဒီအိမ်ကိုပဲ ဝင်ကြရအောင်၊ မျက်နှာကို မမှတ်မိအောင် ပုဝါစည်းသွားမှဖြစ်မယ်"

"ဟင်..ဒါဆို ငါတို့ဟာ လူဆိုးဓားပြတွေနဲ့ တူနေတော့မပေါ့"

"ဒါဆိုလဲ မထူးတော့ပါဘူးဆရာရယ်၊ စားစရာအပြင် ငွေပါရအောင်လုပ်ကြတာပေါ့၊ ကျွန်တော်တို့လဲ ငွေလိုနေတာပဲမဟုတ်လား"

မောင်မောင်စနေက မျက်နှာကိုပဝါစည်းပြီး တဲအိမ်ဆီထွက်သွားသည်။ မျောက်ဒင်မှာ အတန်ကြာအောင် 
တုံ့ဆိုင်းနေပြီးမှ မျက်နှာကိုပဝါစည်းပြီး တဲထဲသို့ လိုက်ဝင်သွားသည်။
    
မိန်းမကြီးတစ်ယောက်နှင့် မိန်းကလေးတစ်ယောက်တို့သည် ထိတ်လန့်သော အမူအရာများဖြင့် 
မြေပေါ်မှာ ဆောင့်ကြောင့်ထိုင်နေကြသည်။ မောင်မောင်စနေက ဓားမြှောင်ကို ကိုင်မြှောက်၍မိုးထားရင်း...

"ကဲ.. ကြာတယ်ဗျာ၊ အသက်မသေချင်ရင် စားစရာရော၊ ပိုက်ဆံရော ရှိတာအကုန်ထုတ်"

မိန်းမကြီးက လက်အုပ်ချီတော့မလို ပုံစံမျိုးဖြင့်

"ဘုရားစူးရပါစေ့မောင်ရယ်၊ ပိုက်ဆပ်တော့ တစ်ပြားမှမရှိပါဘူး၊ စားစရာတောင် အမင်းကြမ်းနဲ့ ပုန်းရည်ကြီး 
အကပ်အသပ်ပဲရှိပါတော့တယ်"

မိန်းကလေးကလည်း

"ဟုတ်ပါတယ်တော်၊ ကျွန်မတို့မှာ ပဲနုတ်တဲ့ရာသီမရောက်သေးလို့အလုပ်အကိုင်ကလဲ မရှိပါဘူး၊ နေ့စဉ်နေ့တိုင်း 
ပုန်းရည်ကြီးနဲ့ပဲ စားနေရလို့ အသားအရေတောင် ပုန်းရည်ကြီးရောင်ဖြစ်နေပါပြီ၊ လူတွေကလဲ ကျွန်မနာမည်ကို 
နုနုရည်လို့မခေါ်ကြတော့ဘဲ ပုန်းပုန်းရည်လို့တောင် ခေါ်နေကြပါပြီ"

မျောက်ဒင်က မိန်းကလေးကို အကဲခတ်ကြည့်လိုက်သည်။ သူပြောသလိုပဲ ပုန်းရည်ကြီးသာ နေ့တိုင်းမစားရဘဲ 
စားကောင်းသောက်ဖွယ်စားရလျှင် အသားအရေ စိမ်းညက်ညက်ဖြစ်နိုင်သည်။ မျက်လုံးမျက်ခုံးကောင်းကောင်း၊ 
သွားတက်ကလေးနဲ့၊ ပြင်လိုက်ဆင်လိုက်လျှင် ကွမ်းတောင်ကိုင်ဖြစ်နိုင်မယ့်ရုပ်ရည်မျိုး။ အသံကလေးကလည်း 
ကရုဏာသက်စရာကောင်းသည်။

မျောက်ဒင်သည် အစကတည်းက အစားအသောက်တောင်းဖို့သာ စိတ်ကူးရှိသည်။ မောင်မောင်စနေက 
ဓားမြှောင်ကြီးဝင့်နေလို့သာ ယောင်ကြောင်ပြီး ရပ်နေမိခြင်းဖြစ်သည်။ ထို့ကြောင့်

"သူတို့ အမှန်အတိုင်းပြောနေတာပါကွာ၊ ကဲ ကဲ... ထမင်းနဲ့ ပုန်းရည်ကြီးသာ ထုပ်ပြီးယူခဲ့စမ်းပါ"

ဟုပြောလိုက်ရသည်။ ထမင်းထုပ်ယူပြီး ပြန်ထွက်ခါနီးတွင် တစ်ခုသွားတွေးမိလိုက်၏။ နောက်ဆုံးလက်ကျန် 
ပုန်းရည်ကြီးလေးတောင် မိမိတို့ ယူသွားလျှင် ရှေ့လျှောက် ဒီသားအမိဘာနဲ့စားကြမလဲ။ သနားစိတ် ဝင်လာသောကြောင့် အိတ်ထဲက တစ်ပြားတည်းသော ကျပ်ပြားစေ့ကို ထုတ်၍ ပစ်ပေးလိုက်ပြီး

"ထမင်းဖိုးလို့ သဘောထားပြီး ယူလိုက်ပါဗျာ"

ဟုပြောလိုက်သည် နုနုရည်ဆိုသော မိန်းကလေးက တအံ့တဩဖြစ်သွားပြီး ကျေးဇူးတင်ရန်မျက်လုံးရွဲကြီးများဖြင့် 
လှမ်းကြည့်သည်။ မျောက်ဒင်၏ စိတ်ထဲတွင် ဒီမိန်းကလေးနှင့် နောက်တစ်ကြိမ်တစ်နေရာရာမှာ ပြန်ဆုံရလိမ့်ဦးမည်ဟု ထင်မှတ်လိုက်မိ၏။

"ဆရာလုပ်တာနဲ့ သူတို့ဆီက တစ်ပြားမှမရတဲ့အပြင် မရှိမဲ့ရှိမဲ့ ကျပ်ပြားကလေးတောင် ပါသွားပြီ၊ အခုဆိုရင် 
ကျွန်တော်တို့မှာ ပိုက်ဆံတစ်မူးပဲ ကျန်တော့တယ်၊ အဲဒါကလဲ ဧရာဝတီကိုကူးဖို့ လှေခပေးလိုက်ရင် ကုန်ပြီ၊ 
ရှေ့လျှောက် ဘယ်လိုစခန်းသွားကြမလဲ"

"ကြုံရာအလုပ်တစ်ခုခု ဝင်လုပ်ကြတာပေါ့ကွာ"
    
"ကျွန်တော်က ဝရမ်းပြေးဖြစ်နေပြီနော်၊ မန္တလေးက တစ်ဆင့်ရန်ကုန်ထိဆင်းပြီး ကိုယ်ရောင်ဖျောက်နေမှ ဖြစ်မှာ 
အဲဒီအတွက်စရိတ်စကကလဲ လိုသေးတယ်၊ ဒီဘဝရောက်မှတော့ မထူးတော့ပါဘူးဆရာရယ်၊ သူတော်ကောင်း 
မလုပ်ချင်ပါနဲ့တော့၊ ကံကြမ္မာက လူဆိုးဖြစ်အောင်တွန်းပို့နေပြီပဲ၊ ကျွန်တော် စီစဉ်တဲ့အတိုင်းသာလုပ်ပါတော့"

ထိုစဉ် မော်တော်ဆိုင်ကယ်တစ်စင်း မောင်းလာတာ လှမ်းမြင်ရသည်။ မောင်မောင်စနေက

"ကံကောင်းချင်တော့ သားကောင်က အဆင်သင့်ဝင်လာတာပဲ၊ အင်း...ဒီလိုဇနပုဒ်မှာ ဆိုင်ကယ်စီးနိုင်တယ်
ဆိုတော့ သူဌေးသားဖြစ်မှာပဲ၊ ကဲ...မျက်နှာကို ပုဝါစည်းထားပေးတော့ဆရာ"

မျောက်ဒင်မှာ မဟန့်တားနိုင်ခင်မှာပင် ဆိုင်ကယ်က ခပ်လှမ်းလှမ်းရောက်လာသည်။ မောင်မောင်စနေက ဓားမြှောင်ကို
ဝင့်ပြီး လမ်းပိတ်ထားလိုက်သဖြင့် မျောက်ဒင်လည်း ပုဝါအမြန်စည်းလိုက်ရသည်။ တိုက်တိုက်ဆိုင်ဆိုင်ပဲ ဆိုင်ကယ်
စီးလာသူမှာ စက်ပိုင်သားဖြစ်နေ၏။ မထူးတော့သဖြင့် မောင်မောင်စနေက ဓားမြှောင်နှင့် ချိန်ပြီး

"လတ်စသတ်တော့၊ အဲလေ အသက်မသေချင်ရင် ရှိတာအကုန်ထုတ်"    

စက်ပိုင်သားမှာ အုပ်စုနဲ့သာ ကျယ်ရဲသူဖြစ်၏။ တကယ်တမ်းတော့ သတ္တိရှိသူမဟုတ်သဖြင့် ပိုက်ဆံအိတ်ကို 
အလွယ်တကူထုတ်ပေးသည်။ မောင်မောင်စနေက လက်စွပ်၊ ဆွဲကြိုး၊ ရွှေလက်ကြယ်သီး၊ စိန်ပေါက်ကြယ်သီးတွေပါ 
ဖြုတ်ခိုင်းသည်။ ထိုအချိန်တွင် ကမန်းကတန်း ချည်လိုက်ရသဖြင့် လျော့လျဲလျဲဖြစ်နေသော မျောက်ဒင်၏ မျက်နှာပေါ်မှ 
ပုဝါလျောကျသွားသည်။ စက်ပိုင်သားမှာ တအံ့တဩဖြစ်ပြီး

"ဟင်...မင်း..မင်း"

မထူးတော့ပြီမို့ မျောက်ဒင်က ပင့်လက်သီးတစ်လုံး ပစ်သွင်းလိုက်ရသည်။ ဟိုတစ်ခါလိုပဲ စက်ပိုင်သား တစ်ချက်ထဲနဲ့ 
မှောက်သွား၏။
    
နောက်ငါးနှစ်ခန့်ကြာသောအခါ...

ဗြိတိသျှကိုလိုနီခေတ် ရန်ကုန်မြို့တော်ကြီးမှာ သန့်ရှင်းသပ်ရပ်တည်ငြိမ်အေးချမ်းပြီး ကြက်ပျံမကျ စည်ကားလှသည်ဟု 
အဆိုရှိ၏။ နေ့အချိန်မှာတော့ ဟုတ်ကောင်း ဟုတ်ပါလိမ့်မည်။ ညပိုင်းဆိုလျှင်လည်း ဖြစ်နိုင်ပါသည်။ ညဥ့်နက်ပိုင်းကျတော့...
ရန်ကုန်မြို့၏ နေရာအများစုမှာ တိတ်ဆိတ်ငြိမ်သက်လျက်ရှိ၏။ လူသွားလူလာမရှိတော့ဘဲ ခြောက်ကပ်ရှင်းလင်းနေသည်။ 
ရန်ကုန်အနောက်ပိုင်း တရုတ်တန်းတဝိုက်မှလွဲ၍...။
ထိုနေရာမှာတော့ ဟိုတယ်များ၊ ပျော်ပွဲစားရုံများ၊ လောင်းကစားဝိုင်းများနှင့်စည်ကားနေသည်။ ငွေကြေးသုံးစွဲနိုင်သူများ၊ 
အပျော်အပါး ဝါသနာပါသူများ၊ လောင်းကစားသမားများ၊ ဝိုင်းဂျပိုးများ၊ ဟိုတယ်မယ်များ၊ ကျက်စားရာအရပ်ဖြစ်၏။ 
ငွေရွှင်သောနေရာဖြစ်သောကြောင့် မိုက်ကြေးခွဲမည့်သူ၊ လောင်းကစားဝိုင်းမှနိုင်လာသူကို လမ်းကဖြတ်လုမည့်
သူတွေလည်း ပေါများလှသည်။

ထိုနေရာတစ်ကြောတွင် မင်းမူနေကြသူတွေကတော့ ညဘုရင်များဖြစ်ကြသော လမ်းမတော်မြတ်ခိုင်၊ ပုဏ္ဏား ဟိန်းလတ်၊ ပန်ကာမောင်မျိုးတို့ဖြစ်ကြ၏။ ထို့အတူ ရန်ကုန်အရှေ့ပိုင်းမှာလည်း ညောင်တန်းလူမိုက် သံလက်သီး မျိုးမြင့်ညိမ်းတို့ညီအစ်ကိုတွေ၊ ကမ်းနားတစ်ဝိုက်မှာကျတော့ ဓားချစ်ဝင်းမောင် စသည်ဖြင့်သူ့အပိုင်းနှင့်သူ 
ကြီးစိုးနေကြသည်။ ရန်ကုန်မြို့၏ ညဥ့်နက်ပိုင်းအုပ်ချုပ်ရေးကို သူတို့လူစုက လွှဲပြောင်းရယူထားသလိုဖြစ်နေ၏။
ဒီလိုကာလမျိုးမှာပင် သူတို့နှင့်အပြိုင် နာမည်တစ်ခုက ထင်ပေါ်ကျော်ကြားလာခဲ့လေသည်။

"ဘိုလ်မျောက်ဒင်"

သူကတစ်မူခြားနားသည်။ ဟိုလူစုလို ရုပ်ကြမ်းကြီးတွေမျိုးမဟုတ်။ လူပုံခပ်သွယ်သွယ်၊ ဆံပင်ကို ကော့စမစ်တစ်နှင့် 
ပြောင်လက်ပိပြားနေအောင်တိုက်ထားသည်။ ရွှေကိုင်းမျက်မှန်၊ အယ်လ်ပါကားတိုက်ပုံ၊ ဘန်ကောက်လုံချည်တို့ 
ဆင်မြန်းထားသဖြင့် ရုတ်တရက် ကြည့်လျှင် ဘိုင်စကုပ်မင်းသားခင်မောင်ရင်လား ထင်ရလောက်အောင် ချောမောခန့်ညားနေသည်။

ထို့ပြင် သူကဟိုလူတွေလို လူမိုက်တွေအပေါ် ဗိုလ်ကျပြီးဆက်ကြေး ကောက်စားနေတာမျိုးလည်းမဟုတ်။ ပွဲရုံကြီးတစ်ရုံကို 
ခမ်းခမ်းနားနားတည်ထောင်ဖွင့်လှစ်ထားသည်။ တကယ်တော့ ဒါကဟန်ပြပဲ။ နောက်ကွယ်မှာကျတော့ လျှို့ဝှက်ဂိုဏ်းကြီး 
တစ်ဂိုဏ်းကို ဦးဆောင်နေသူဖြစ်၏။ ပွဲရုံအလုပ်သမားများမှာ သူ၏ဂိုဏ်းဝင်တပည့်များဖြစ်ကြ၏။ ထိုသူများမှာ ပွဲရုံထဲမှာဆိုလျှင် တကယ့်အလုပ်သမားတွေအတိုင်းပဲ။ အလွန်မှင်သေသည်။ လုပ်ငန်းကြီးလုပ်ပြီဆိုမှ ပရော်ဖက်ရှင်နယ်အဖြစ် 
ပြောင်းလဲသွားကြခြင်းဖြစ်၏။

ဘိုလ်မျောက်ဒင်က အလုပ်လုပ်ရာမှာ အလွန်သတိထားသည်။ စံနစ်တကျ အကွက်ချစီစဉ်တတ်သည်။ ခြေရာလက်ရာ
သဲလွန်စမကျန်အောင် အထူးဂရုစိုက်သည်။ သူ့တပည့်တွေကလည်း ဒီလိုကိစ္စမှာ
ကျွမ်းကျင်တဲ့လက်ရွေးစင်တွေချည်းပဲ။ သူကတော်ရုံကိစ္စတွေကို လက်ရှောင်သည်။ အကွက်ကောင်းကို 
စိတ်ရှည်လက်ရှည်စောင့်ပြီး အချီကြီးကျမှ အပိုင်ကြံသည်။ အဘက်ဘက်က ထောင့်စေ့အောင် ကြိုတင်စီမံထားသဖြင့် 
အမြဲတမ်း အောင်မြင်တာချည်းပဲ ဖြစ်၏။ မထင်မှတ်တဲ့အချိန်မှာ မထင်မှတ်တဲ့ပုံစံဖြင့် ဝင်တတ်သဖြင့် ခံရသူများမှာ 
အငိုက်မိသွားတတ်သည်။ စတီးဘရားသား အထူးကိုယ်စားလှယ် မင်းတိုင်ပင်အမတ် ဆာမိုးသူအိမ်ကို ဝင်စီးတုန်းက
ဆိုလျှင် ဓားပြတိုက်နေမှန်းတောင် ရုတ်တရက်မရိပ်မိလိုက်ဘဲ မီးခံသေတ္တာဖွင့်ခိုင်းထားတော့မှပင် သိရတော့သည်ဆို၏။

ဘိုလ်မျောက်ဒင်တို့အဖွဲ့သည် တစ်ကြိမ်မြိုးမြိုးမြက်မြက်ရပြီးလျှင် လအတော်ကြာအောင် ငြိမ်ချက်သားကောင်းနေလေ့
ရှိသည်။ ထိုအတောအတွင်း နောက်ထပ်ကြံစည်မည့် နေရာကိုရွေးချယ်ပြီးအချိန်ယူလေ့လာ စီစဉ်တတ်သည်။
ယခုရက်ပိုင်းတွင်လည်း သတင်းစာတိုင်းမှာ မျက်နှာဖုံးသတင်းအဖြစ် အထူးအသားပေးဖော်ပြနေကြတာကတော့ 
'စိန်ကလျာ ရွှေဆိုင်' အနုကြမ်းစီးခံရသော ကိစ္စပင်ဖြစ်၏။ လူတိုင်းကလည်း ဒီအကြောင်းကိုပဲ ပြောနေကြသည်။ 
သတင်းစာတွေလည်းစောင်ရေတိုးရိုက်ရသဖြင့် ဓားပြများကိုပင် ကျေးဇူးတင်ရမလိုဖြစ်နေ၏။ နေ့ခင်းကြောင်တောင်ကြီး 
တခြားရွှေဝယ်သူတွေပါ ရှိနေတဲ့ကြားက ပိပိရိရိလုယက်သွားခြင်းဖြစ်၏။ (သူတို့အကွက်ချဆောင်ရွက်သွားပုံမှာ 
ပညာသားပါလွန်းလှသဖြင့် အခြားဒုစရိုက်သမားများ အတုခိုးကုန်ကြမည်ကို စိုးရိမ်းရသဖြင့် ဤနေရာတွင် 
အသေးစိတ်မဖော်ပြနိုင်သည်ကို ခွင့်လွှတ်တော်မူကြပါရန်။)

ထိုလုယက်မှုမှာ ဘိုလ်မျောက်ဒင်တို့အဖွဲ့၏ လက်ချက်ဖြစ်ကြောင်း စီအိုင်ဒီအဖွဲ့က ရိပ်မိသည်။ သို့ရာတွင် မသင်္ကာစရာ 
သဲလွန်စ တစ်ခုတစ်လေကိုတောင် ရှာ၍မရသောကြောင့် အောင့်သက်သက်နှင့်ပင် အံတကြိတ်ကြိတ်ဖြစ်နေကြရ၏။
ဒါတွင်မကသေး။ ပုလိပ်မင်းကြီး မစ္စတာဂျော်နီငြိမ်း (S.A.M.T) ၏ ရုံးခန်းအတွင်းရှိ ပြောင်လက်တောက်ပနေသော 
စားပွဲကြီးရှေ့တွင် ခပ်ရို့ရို့ ခပ်ကုပ်ကုပ်ကလေး ထိုင်နေသူမှာ စီအိုင်ဒီမှ ဝန်ထောက်မင်း ဦးစောချစ် (L.T. T) ဖြစ်၏။ 
ပုလိပ်မင်းကြီးမှာ အလွန်ဒေါသဖြစ်နေပုံရသည်။ ယနေ့ထုတ် မြန်မာ့အလင်းတန်းသတင်းစာကို ဦးစောချစ်ရှေ့သို့ 
ဆောင့်ကြီးအောင့်ကြီးပစ်ချပေးလိုက်ပြီး-

"DA-KO-MAUNG-MIN-BA-PYAW-CHIN-THE-LE"
(ဒါကို မောင်မင်း ဘာပြောချင်သလဲ)
ဟုမေးလိုက်သည်။ သတင်းစာမျက်နှာဖုံးတွင် စိန်ကလျာရွှေဆိုင် အနုကြမ်းအစီးခံရသောတင်းနှင့် ဘေးချင်းယှဉ်လျက်တွင် 
ဝန်ထောက်မင်း ဦးစောချစ်နှင့် ဘိုလ်မျောက်ဒင်တို့ လက်ဆွဲနှုတ်ဆက်နေကြသော ဓာတ်ပုံကို ထည့်သွင်းဖော်ပြထားသည်။ 
ဘိုလ်မျောက်ဒင်က စီအိုင်ဒီအဖွဲ့ကို အိတ်ထဲထည့်ထားသောကြောင့် အနုကြမ်းစီးမှုတရားခံမပေါ်ဘဲ ဖြစ်နေသလိုလို 
ဦးစောချစ်ကပဲ မသိချင်ယောင်ဆောင်ပြီး ဖုံးဖိပေးထားသလို ထင်ယောင်ထင်မှားဖြစ်အောင် သတင်းစာမှ ကလိလိုက်ခြင်း
ဖြစ်၏။ အမှန်မှာ ဘိုလ်မျောက်ဒင်က အခင်းဖြစ်ပွားနေချိန်တွင် ဦးစောချစ်နှင့်အတူ ရှိနေပါသည်ဟု 'အယ်လီဘိုင်' 
ပြချင်သောကြောင့် တမင်ပြုလုပ်လိုက်ခြင်းဖြစ်၏။ ဧည့်ခံပွဲတစ်ခုမှာ ဦးစောချစ်ထိုင်နေသော စားပွဲဆီသို့ ဘိုလ်မျောက်ဒင်
ရောက်ရှိလာပြီး 'ဟဲလို...ဦးစောချစ်' ဟု နှုတ်ဆက်ရင်း လက်ကမ်းပေးလိုက်သည်။ 

ဦးစောချစ်မှာရုတ်တရက်မို့ ယောင်ပြီးလက်ဆွဲနှုတ်ဆက်လိုက်မိ၏။ သတင်းထောက်တွေကလည်း အလွန်လျင်သည်။ 
ဒါမျိုး အကွက်ကောင်း ချောင်းနေသူများဖြစ်သောကြောင့် ဖျတ်ခနဲ ဓာတ်ပုံရိုက်ယူထားလိုက်၏။ ထိုဓာတ်ပုံကို
ကွက်တိအသုံးချလိုက်ကြခြင်းဖြစ်၏။ ခုတော့ ပုလိပ်မင်းကြီးက ဖြေရှင်းချက်တောင်းနေပြီ။

"ဒီလိုရှိပါတယ် မင်းကြီး၊ သူကစပြီး လာပြီးနှုတ်ဆက်တော့...."

"SHUT UP"

ပုလိပ်မင်းကြီးက စကားဖြတ်၍ ဟောက်လိုက်ပြီးနောက်-

"MYAUK-DIN-KO-AH-MYAN-SONE-ME-AUNG-PHAN-BA-DA-BE"
(မျောက်ဒင်ကိုအမြန်ဆုံးမိအောင်ဖမ်းပါ ဒါပဲ)

ဝန်ထောက်မင်းဦးစောချစ်မှာ အတော်ပင် အကျပ်အတည်းဖြစ်နေရ၏။ သူတို့စီအိုင်ဒီအနေဖြင့် လူတစ်ယောက်ကို 
သက်သေအထောက်အထားမရှိဘဲ ဖမ်းလို့မရ။ မျောက်ဒင်တို့အဖွဲ့ကလည်း နည်းနည်းမှ အစွန်းမထွက်။ ထို့အပြင် 
ဘိုလ်မျောက်ဒင်သည် အထက်တန်းလွှာ မျက်နှာကြီးအသိုင်းအဝိုင်းမှာ ဝင်ဆန့်သူဖြစ်၏။ အမှားအယွင်း 
အတိမ်းအစောင်း ဖြစ်လို့မရ။ ဘိုလ်မျောက်ဒင်ကို မဖမ်းနိုင်ပြန်လျှင်လည်း ရတောင့်ရခဲ ချီးမြှင့်ခံထားရသော 
L. T. T ဘွဲ့ထူးကလေး ပြန်ရုတ်သိမ်းခံရလျှင် ခက်မည်။

အစဉ်းစားရကျပ်နေတုန်းမှာ နာမည်တစ်ခုကိုဖျတ်ခနဲသတိရလိုက်သည်။
"စုံထောက်အင်စပက်တော် အောင်ကျော်တိုး"
ခုတလော စီအိုင်ဒီလောကမှာ နာမည်ထွက်လာသူဖြစ်၏။ 
မနှစ်ကအထိ အိုင်ပီအဆင့်သာရှိသေးသည်။ စိန်ဘာဘူသူဌေးအငဲ၏  အိမ်ကိုဝင်ရောက်ခိုးယူခဲ့သော 
ဖောက်ထွင်းဝိဇ္ဇာဇော်ပိုင်ကို လက်ရဖမ်းနိုင်သောကြောင့် စုံထောက်အင်စပက်တော်အဖြစ် ရာထူးတိုးပေးခြင်း
ခံရသူဖြစ်၏။ ထိုစဉ်က သက်သေခံပစ္စည်းမရှိသဖြင့် အမှုတည်ဆောက်ဖို့ အခက်အခဲတွေ့နေရသေးသည်။ 
နောက်တော့မှ သတင်းကွင်းဆက်အတိုင်း လိုက်စုံစမ်းပြီး ဇော်ပိုင်နှင့်စေ့စပ်ထားသော မီမီအမည်ရှိ 
မိန်းကလေး၏အိမ်တွင် သွားဝှက်ထားသည့် ခိုးရာပါပစ္စည်းများကို ဖော်ထုတ်သိမ်းဆည်းမိခြင်းဖြစ်၏။

အောင်ကျော်တိုးသည် မှုခင်းတွေ တစ်ခုပြီးတစ်ခု ဖော်ထုတ်ရင်း လက်စွမ်းပြနေသည်။ အခုလတ်တလောတွင်လည်း 
လော်ကယ်ရထားပေါ်၊ ဘတ်စ်ကားပေါ်၊ ဓာတ်ရထားပေါ်၊ ကူးတို့သင်္ဘောပေါ်တွေမှာ ကျက်စားနေသော နာမည်ကြီး 
ခါးပိုက်နှိုက်တစ်ကိုယ်တော် ခမ်းလှိုင်ကို ဖမ်းဆီးနှိမ်နင်းနိုင်သဖြင့် အမှုထမ်းကောင်းလက်မှတ်ကို ပူပူနွေးနွေး 
ရရှိထားသေးသည်။ ထို့ကြောင့် အင်စပက်တော်အောင်ကျော်တိုးကို မိမိနှင့် အမြန်ဆုံးလာတွေ့ရန် ဆင့်ခေါ်လိုက်သည်။ 
သို့ရာတွင် အောင်ကျော်တိုးက ချက်ချင်းရောက်မလာ။ သုံးရက်လောက်ကြာမှ လာတွေ့သည်။ ပမာမခန့်
လုပ်ရကောင်းလားဆိုပြီး ဝန်ထောက်မင်း ဦးစောချစ်ဒေါသဖြစ်နေသဖြင့်
    
"ဒါကဘာသဘောလဲ၊ မင်းငါ့ကို မလေးမစားလုပ်တာလား၊ နယ်ပြောင်းခံချင်လို့လား"

မြင်မြင်ချင်း စွတ်ဟောက်တော့သည်။

"မဟုတ်ပါဘူး ဝန်ထောက်မင်း"

"ဒါဆိုဘာကြောင့် ချက်ချင်းမလာရသလဲ"

"ကွမ်းခြံကုန်းဘက် သွားနေရလို့ပါ"

"ဘာကိစ္စသွားတာလဲ"

"အဲဒီနယ်ဘက်မှာ သောင်းကျန်းနေတဲ့ လက်မရွံ့ ငခါးနောက်ကိုလိုက်နေရလို့"

"ငခါးကိုဖမ်းမိဖို့အတွက် ဆားပုလင်းဂျက်သာချိုကိုလွှဲပေးလိုက်၊ မင်းကိုငါ အထူးတာဝန်တစ်ခုပေးစရာရှိတယ်"

"ဂျက်သာချိုက ဆပ်စပင်းရှင်း ထိနေတယ်လေ ဝန်မင်း"

ဆားပုလင်း ဂျက်သာချိုမှာ လူတော်တစ်ယောက်ဖြစ်၏။ သို့ရာတွင် ဂါတ်တဲမှာ ဘယ်တော့မှမရှိဘဲ 
ထန်းရည်တောထဲချည်း ရောက်နေတတ်သည်။ ခရိုင်ရာဇဝတ်ဝန် နယ်လှည့်စစ်ဆေးရာမှာ မိသွားသဖြင့် 
ဆပ်စပင်းရှင်း အချခံထားရခြင်းဖြစ်၏။ ဝန်ထောက်မင်းဦးစောချစ်က

"ကိစ္စမရှိပါဘူး၊ ငခါးကို ဖမ်းပေးရင် အပြစ်ကို ခွင့်လွှတ်မယ်လို့ပြောလိုက်"

"ဘိုလ်မျောက်ဒင်ကိုတစ်လအတွင်းမှာ မဖြစ်ဖြစ်တဲ့နည်းနဲ့ ဖမ်းပေးရမယ်"

"ဗျာ၊ ဒါ..ဒါတော့မလွယ်ဘူးထင်တယ်၊ ဘိုလ်မျောက်ဒင်က နန်းရင်းဝန်ကြီးနဲ့တောင်..."

"ရှပ်တပ်၊ သစ်စ်အစ်စ်မိုင်အော်ဒါ"

"ယက်စ်ဆား"

ဗြဟ္မာ့ဥက္ခောင်းကို မိမိပခုံးပေါ် တင်ပေးလိုက်ခြင်းဖြစ်ကြောင်း အောင်ကျော်တိုးသိလိုက်ပြီ။ သို့ရာတွင် 
ဘာမှမတတ်နိုင်။ တစ်နည်းနည်းနဲ့ ဖြစ်အောင်လုပ်ဖို့ပဲ ရှိတော့သည်။ ဘိုလ်မျောက်ဒင်ကိုဖမ်းဖို့ကိစ္စမှာ 
သိပ်လွယ်ကူလှတာမဟုတ်။ သူကသိပ်လျင်သည်။ မျက်နှာကြီးအသိုင်းအဝိုင်းမှာလည်း ဝင်ဆံ့သူ
ဖြစ်သောကြောင့် အဆက်အသွယ်ကောင်းသည်။ သူ့ကို မရရအောင်ဖမ်းဖို့ ပုလိပ်မင်းကြီးက 
အမိန့်ထုတ်လိုက်ပြီဆိုတာ တစ်နည်းနည်းနဲ့ သတင်းရသွားလိမ့်မည်။

မှန်သည်။ ဘိုလ်မျောက်ဒင်တို့အဖွဲ့သည် ထိုရက်များအတွင်းဘာလှုပ်ရှားမှုမှမရှိဘဲ သေသေဝပ်ဝပ်ရှိနေသည်။ 
ဒါတွင်မက အလှူအတန်းတွေတောင် လုပ်လိုက်သေးသည်။ ဂုဏ်သရေရှိ အထက်တန်းလွှာ အသိုင်းအဝိုင်းကို 
ဖိတ်ကြား၍ နာမည်ကျော် ပန်တျာမြနှောင်းညိုအငြိမ့်အဖွဲ့ကို ငှားပြီး ဧည့်ခံသည်။ ဘိုလ်မျောက်ဒင်က 
မြနှောင်းညို၏ဖေးဘရိတ်ဖြစ်သော 'အသည်းပန်းမှာ ဆူးတွေနဲ့ရယ်' သီချင်းကို ပွဲတောင်းပြီး ရွှေဒင်္ဂါးတစ်ပြား ဆုချလိုက်သေးသည်။ 

သဲလွန်စတစ်ခုခုများ ရလေမလားဆိုသော မျှော်လင့်ချက်ဖြင့် ထိုအလှူပွဲသို့ အင်စပက်တော်အောင်ကျော်တိုး 
ရောက်သွားခဲ့သေးသည်။ ဘိုလ်မျောက်ဒင်က မှင်သေသေ လာရောက်နှုတ်ဆက်ရင်း
 
"အချိန်တွေကလဲ 
အကုန်မြန်လိုက်တာဗျာ၊ တစ်လဆိုတာ ခဏလေးလို့ထင်ရတယ်နော်"

ဟု ရိသွားသေးသည်။
အောင်ကျော်တိုးမှာ အတော်ခံပြင်းသွားသည်။ ဟုတ်လည်းဟုတ်သည်။ သူ့အတွက် အချိန်သိပ်မရှိတော့။ 
ဝန်ထောက်မင်း ဦးစောထွန်းက ဘိုလ်မျောက်ဒင်ကို ဖမ်းဖို့ အချိန်တစ်လပေးထားခဲ့ရာမှာ ခုပဲ ရက်သတ္တ
သုံးပတ်ကျော်လာခဲ့ပြီ။ အချိန်စေ့လို့မှ မျောက်ဒင်ကိုမဖမ်းနိုင်ခဲ့လျှင် နယ်စွန်နယ်ဖျားကိုလွင့်ရတော့မည်။ 
ထို့ကြောင့် မဖြစ်ဖြစ်တဲ့နည်းနဲ့အမှုတစ်ခုခု ဆင်မှဖြစ်မည်ဟု ဆုံးဖြတ်လိုက်သည်။

ကံကောင်းချင်တော့ နောက်တစ်နေ့မှာပဲ သူ့ရုံးခန်းသို့ လူတစ်ယောက်ရောက်ရှိလာပြီး အမှုတစ်ခုကို 
တိုင်ကြားလေသည်။ ထိုသူမှာ သီဟရတနာပုံနှိပ်တိုက်ပိုင်ရှင် မောင်သိမ်းစိုးဆိုသူဖြစ်၏။ သူ၏အဘွားဖြစ်သူ
ချန်ထားရစ်ခဲ့သော အမွေဆိုင်စိန်လက်စွပ်ကြီး လုယက်ခံရသောကြောင့် လာရောက်အမှုဖွင့်တိုင်ကြားရခြင်း
ဖြစ်လေသည်။ အင်စပက်တော်အောင်ကျော်တိုးမှာ အကွက်ကောင်းရသွားသည်။ အခွင့်အရေးကို လက်လွတ်မခံတော့ဘဲ မောင်သိမ်းစိုးကို နမိတ်ပြမေးခွန်းများဖြင့်သိမ်းသွင်းပြီးနောက် ထိုကိစ္စလက်သည်တရားခံမှာ 
ဘိုလ်မျောက်ဒင်တို့အဖွဲ့ဖြစ်ကြောင်း ကောက်ချက်ဆွဲလိုက်တော့သည်။

ထို့နောက်အချိန်ဆွဲမနေတော့ဘဲ ဘိုလ်မျောက်ဒင်ကို သွားရောက်ဖမ်းဆီးလေသည်။ ဘိုလ်မျောက်ဒင်က 
အရေးမစိုက်သောပုံစံဖြင့်

"အိုင်ဆေး အင်စပက်တာ၊ ကျုပ်လို လူကုံထံတစ်ယောက်က ဒီဘာမဟုတ်တဲ့ စိန်လက်စွပ်လေးတစ်ကွင်းကြောင့် 
အစစ်ဆေးခံရမယ်ဆိုရင် ယုတ္တိတန်ပါ့မလား၊ လူရယ်စရာဖြစ်နေအုံးမယ်၊ ကြည့်လဲလုပ်ပါဦးဆရာကြီးရယ်"

"စိန်လက်စွပ်ကလေးမဟုတ်ဘူးဗျ၊ လက်စွပ်ကြီး၊ လက်စွပ်ကြီး၊ ရတီနှစ်ဆယ်ရှိတဲ့ ဆိုမာလီစိန်လုံးကြီးနဲ့
လုပ်ထားတာ၊ ဒီလိုစိန်လက်စွပ်မျိုးဟာ မိုးကုတ်ဒေါ်သက်ဆွေဆီမှာတစ်ကွင်း၊ စမ်းချောင်းသူဌေး 
ဒေါ်ခင်ဝင်းသစ်ဆီမှာတစ်ကွင်း၊ မြန်မာပြည်မှာ စုစုပေါင်းမှ သုံးကွင်းထဲရှိတာဗျ၊ နှယ်နှယ်ရရမဟုတ်ဘူး"

"ထားပါတော့လေ၊ ဒါနဲ့မေးပါရစေအုံး၊ အဲဒီသိမ်းစိုးဆိုတဲ့လူက ကျုပ်ကိုလက်ညှိုးထိုးတာနဲ့ပဲ ခင်ဗျားက
ဖမ်းရရောလား၊ တကယ်လို့သူက ဘုရင်ခံကိုစွပ်စွဲမယ်ဆိုရင်ကော၊ ခင်ဗျားဘယ့်နှယ်လုပ်မတုန်း"

"ဥပဒေကိုချိုးဖောက်လို့ကတော့ ဘယ်သူ့ဖြစ်ဖြစ်ဖမ်းရမှာပဲ၊ ဂျူတီးအစ်စ်ဂျူတီး"

ဘိုလ်မျောက်ဒင်က မခန့်လေးစားဟန်ဖြင့် ပခုံးတစ်ချက်တွန့်လိုက်သည်။ အင်စပက်တော်အောင်ကျော်တိုးက 

"ဗဲရီးဆောရီး ဦးမျောက်ဒင်၊ ယူအာအန်ဒါအရက်စ်၊ သို့သော် ဦးမျောက်ဒင်ရဲ့ ဂုဏ်သိက္ခာကိုလေးစားသောအားဖြင့် 
အချုပ်ခန်းထဲမှာတော့ ထည့်မထားပါဘူး၊ ကျွန်တော့်အိမ်မှာပဲ ခေါ်ထားပြီး စစ်ဆေးမှာပါ၊ ဧည့်သည်တစ်ယောက်လို 
သဘောထားပြီးပြုစုပါ့မယ်၊ အဲ..အနားမှာ ပုလိပ်ဆာဂျင်တစ်ယောက်အမြဲ စောင့်နေတာကိုတော့ နည်းနည်း
သည်းခံလိုက်ပေါ့ဗျာ၊ လက်စ်ဂိုး"

စုံထောက်အင်စပက်တော် ဦးအောင်ကျော်တိုး၏အိမ်မှာ ခြံဝင်းကလေးတစ်ခုအတွင်းရှိ သပ်ရပ်သော တိုက်ခံအိမ်ကလေးဖြစ်၏။ အိမ်ခြေအနည်းငယ်သာရှိသော လမ်းတစ်လမ်းအတွင်းတည်ရှိသဖြင့် တိတ်ဆိတ်သည်။

"ကဲ..သက်တောင့်သက်သာ နေနိုင်ပါတယ်၊ ခင်ဗျားအတွက်အခန်းတစ်ခန်းလဲ စီစဉ်ပေးထားပါတယ်၊ 
လောလောဆယ်တော့ ဧည့်ခန်းမှာ ထိုင်ပြီးအနားယူလိုက်ပါဦး၊ ကော်ဖီလေးဘာလေးသောက်ကြတာပေါ့"

အောင်ကျော်တိုးက ကုလားထိုင်ကို ညွှန်ပြရင်းပြောသည်။ ထိုစဉ်တွင် အိမ်အတွင်းခန်းထဲမှ အမျိုးသမီးတစ်ယောက်
ထွက်လာပြီး

"ကိုကိုတိုးပြန်လာပြီလား၊ အော်..ဧည့်သည်လဲပါလာတာကိုး"

ဘိုလ်မျောက်ဒင်သည် မှင်မောင်းကောင်းသူဖြစ်သည့်တိုင် အမျိုးသမီးကိုမြင်သောအခါ ရုတ်တရက်အံ့အားသင့်သွားရ၏။ 
ရွာမှထွက်ပြေးလာခဲ့ပြီးနောက် အင်းဝနားမှာ ပထမဆုံးဝင်ရောက်ဓားပြတိုက်ခဲ့သော အိမ်ကလေးမှ အမျိုးသမီး။ 
ဆင်းရဲလွန်းသဖြင့် ပုန်းရည်ကြီးတစ်မျိုးတည်းနဲ့သာ ထမင်းစားနေရပါသည်ဆိုသူ။ ခုတော့ အရာရှိကတော်ဘဝဖြင့် 
တသွေးတမွေးဖြစ်နေပြီ။ မိမိကိုတော့ မှတ်မိလိမ့်မည်မဟုတ်။ ဟိုတုန်းက မျက်နှာကို ပဝါစည်းထားခဲ့သည်။

အောင်ကျော်တိုးကတော့ သူ့မိန်းမလှလွန်းလို့ ဘိုလ်မျောက်ဒင် အံ့ဩသွားတာထင်ပြီး ဂုဏ်ယူနေဟန်ဖြင့်

"နုရေ၊ ဟောဒါ ဦးမျောက်ဒင်ပဲ၊ ကြားဖူးမှာပေါ့၊ ကိုကိုတို့အိမ်မှာ အလုပ်ကိစ္စနဲ့ ရက်အတော်ကြာနေရလိမ့်မယ်၊ 
အဲ... ဦးမျောက်ဒင် ဟောဒါကတော့ ကျွန်တော့်ဇနီးချောပါပဲ၊ နုနုရည်(အင်းဝ) ကလောင်နာမည်နဲ့ ဝတ္ထုလေး
ဘာလေးရေးပါတယ်"

ဘိုလ်မျောက်ဒင်က-

"အော်... ဟုတ်ကဲ့၊ ဒဂုန်မဂ္ဂဇင်းထဲမှာ ဟောဒီကနှမကြီးရေးတဲ့ အိုးလေးလှုပ်ပါဦးမြင်စေချင်သည်ဆိုတဲ့ 
ဝတ္ထုဖတ်ဖူးပါတယ်၊ သိပ်ကောင်းတဲ့အရေးအသားပါပဲ"

နုနုရည်မှာ အတော်ကျေနပ်သွားပြီး သွားတက်ကလေးပေါ်အောင်ပြုံးလိုက်သည်။ အောင်ကျော်တိုးကလည်း

"ကျွန်တော့်မိန်းမက ဟင်းချက်လဲကောင်းတယ်ဗျ၊ ဦးမျောက်ဒင်ကို ဟင်းကောင်းကောင်း ချက်ကျွေးပါလိမ့်မယ်"

ဘိုလ်မျောက်ဒင်က-

"ဟင်းကောင်းကောင်းတွေ မလိုပါဘူးခင်ဗျာ၊ ကျွန်တော်က ပုန်းရည်ကြီးသုပ် တစ်ခွက်ရရင်လဲ စားလို့ဖြစ်ပါတယ်"

ဟုပြောပြီး နုနုရည်ကို တစ်ချက်စိုက်ကြည့်လိုက်သည်။ နုနုရည်ကတွေခနဲဖြစ်သွား၏။ ဒီအသံကိုကြားဖူးတယ်၊ 
ဒီမျက်လုံးတွေကိုလည်း မြင်ဖူးသလိုလိုပဲ ဟုလည်းတွေးလိုက်မိ၏။

သူ့အတွက်ပေးထားသော အခန်းကလေးထဲမှာ စာဖတ်နေစဉ်အပြင်မှ စကားပြောနေသံများကို ကြားရသည်။ 

နုနုရည်က အခန်းဝမှာစောင့်နေသော ပုလိပ်ဆာဂျင်ကိုလှမ်းပြောသည်။ 

"ဆာဂျင် စောကြည်ဖြူ၊ ဦးမျောက်ဒင်ကို အိမ်ရှေ့ခန်းထဲ ခဏခေါ်ခဲ့ပေးပါ"

"မဖြစ်ဘူးထင်တယ်ဆရာကတော်၊ အင်စပက်တာက အခန်းပြင်မထွက်စေနဲ့လို့ မှာသွားပါတယ်"

"ကျွန်မတာဝန်ယူပါတယ်၊ ဒီမှာကိစ္စလေးတစ်ခုရှိလို့"

ဆာဂျင်စောကြည်ဖြူက အခန်းတံခါးလာဖွင့်ပြီး

"ဆရာကတော်က ခေါ်ခိုင်းတယ်"

ဟုပြောပြီး ဧည့်ခန်းဆီခေါ်သွားသည်။


"ကျွန်တော် ဘာအကူအညီပေးရမလဲ"

ဘိုလ်မျောက်ဒင်က မေးသည်။ နုနုရည်က

"ဟောဒီနှဲက အသံကပ်နေတယ်၊ မှုတ်လို့မရဘူး၊ နားလည်ရင် တဆိတ်လောက်ကြည့်ပေးစမ်းပါ"

ဆိုပြီး နှဲကြီးတစ်လက်ကိုကမ်းပေးသည်။ 

"ဟာဗျာ၊ စန္ဒရားအသံညှိခိုင်းတယ်ဆို တော်သေးတယ်"

"စန္ဒရားမဝယ်နိုင်သေးဘူး၊ ကိုကိုတိုးက ပတ္တလားတီး၊ ကျွန်မကနှဲမှုတ်၊ ကျွန်မတို့က အဆိုအတီး ဝါသနာပါတယ်"

"အဲ...ဒီဟာကြီးကတော့...."

ပြောပြီးမှ တစ်စုံတစ်ခုအကြံရသွားပြီး

"အဲလေ၊ တတ်သလောက် မှတ်သလောက် စမ်းကြည့်ပေးပါ့မယ်"

နှဲ၏လျှာခင်ကို ဖြုတ်ပြီး ဟိုခေါက်ဒီခေါက်လုပ်သည်။ ပြန်မှုတ်ကြည့်တော့ အသံထွက်လာသည်။

"လျှာခင်ကပ်နေတာပါ၊ နည်းနည်း စမ်းမှုတ်ကြည့်မယ်နော်"

"ဟုတ်ကဲ့"

ဘိုလ်မျောက်ဒင်က နှဲအသံစမ်းသလိုလုပ်ရင်း သံတိုသံရှည်မျိုးစုံကို မှုတ်လိုက်သည်။ အမှန်မှာ မော့စ်ခေါ် ကြေးနန်း သင်္ကေတများဖြင့် သတင်းပို့လိုက်ခြင်းပင်ဖြစ်၏။

"တော်-တီး-တော်-တီး-တော်..."
(ဒစ်...ဒါ..ဒစ်..ဒါ...ဒစ်...)
(ငါ့ကိုလာကယ်၊ မော်တော်ကားတစ်စီးနဲ့ အသင့်စောင့်နေ)

ခြံဝင်းအပြင်ဘက် ခပ်လှမ်းလှမ်းမှာ မုန့်လက်ဆောင်းသည် ယောင်ဆောင်ရင်း အသင့်စောင့်ကြည့်အကဲခတ်နေသူမှာ 
ဘိုလ်မျောက်ဒင်၏ လက်စွဲတပည့်ကျော် မောင်မောင်စနေပင်ဖြစ်လေ၏။

အခန်းရှေ့မှာ တစ်ချိန်လုံးစောင့်ကြည့်နေသော ပုလိပ်ဆာဂျင် စောကြည်ဖြူကို မသိမသာအကဲခတ်ကြည့်သည်။ 
အရပ်အမောင်းကိုယ်လုံးကိုယ်ထည်က မိမိထက်အပုံကြီးသာသည်။ ကြံ့ခိုင်တောင့်တင်းပုံလည်းရသည်။ ခါးမှာ 
ခြောက်လုံးပြူးချိတ်ထားသည်။ နံပါတ်တုတ်ကိုလည်း မချတမ်းကိုင်ထားသေးသည်။ လူချင်းယှဉ်ပြီး ထိုးသတ်ဖို့တော့ 
မလွယ်။ တစ်ခုတော့ရှိသည်။ သူ့မျက်နှာက နီစပ်စပ်ဖြစ်နေသည်။ ယမကာသမားဖြစ်ပုံရသည်။ 
ညနေလေးနာရီကျော်လာသောအခါ ခြေတုန်လက်တုန်ဖြစ်စပြုလာသည်။ အချိန်တန်လို့ မသောက်ရသဖြင့် 
ဂဏှာမငြိမ်ဖြစ်လာတာ။

ဒါအကွက်ကောင်းပဲ၊ ညနေငါးနာရီခွဲလောက်ဆိုလျှင် အောင်ကျော်တိုးပြန်လာတော့မည်။ အချိန်ရှိတုန်း 
မြန်မြန်လုပ်မှဖြစ်မည်။ ဖန်ခွက်ထဲကို ရေတစ်ဝက်လောက်ထည့်၊ အသင့်ပါလာသော ဆေးပြားကိုထည့်ဖျော်လိုက်
သောအခါ ပယင်းရောင်ဖြစ်သွားသည်။ အနံ့အရသာက ရမ်အတိုင်းပဲ၊ သို့ရာတွင် အရက်တော့မဟုတ်။ အိပ်ဆေးသာ
ဖြစ်၏။

"ဗျို့ဆာဂျင်၊ ပင်ပန်းနေပြီလား၊ တစ်ခွက်လောက်ချလိုက်ပါလား"

ဖန်ခွက်ကို မြှောက်ပြရင်း မေးလိုက်သည်။ ဆာဂျင်စောကြည်ဖြူ၏မျက်လုံးများ အရောင်လက်သွားသည်။ 

ပြီးမှဣနြေ္ဒဆည်လိုက်ပြီး

"မဖြစ်ပါဘူးဗျာ၊ ဂျူတီချိန်ကြီး..."

"တစ်ခွက်လောက်နဲ့တော့ ဘာမှမဖြစ်ပါဘူးဗျာ၊ ဂျမေကာရမ်နော်၊ အိုင်စီအက်စ်ဦးဇော်မြင့်ဆီက လက်ဆောင်ရထားတာ၊ သိပ်မွှေးတယ်၊ ဒါမျိုးသောက်ရခဲတယ်နော...."

ဟုပြောရင်း ဖန်ခွက်ကို မျက်နှာနား ဝေ့ဝဲပြလိုက်သည်။ ရမ်အနံ့က သင်းခနဲပြန့်လွင့်သွား၏။ ဆာဂျင်မှာ တံတွေးတောင်
ယောင်ပြီး မျိုချမိ၏။

"ကဲ..လုပ်ပါဗျာ၊ အားမနာပါနဲ့"

ဖန်ခွက်ကို အတင်းထိုးပေးသောအခါ ဆာဂျင်လည်း ဟန်မဆောင်နိုင်တော့ဘဲ လှမ်းယူလိုက်သည်။ 

ဘယ်လောက်ဆာနေသလဲမသိ။ တစ်ကျိုက်တည်း မော့သောက်ချလိုက်၏။

"အား..ထိတယ်ဗျ"

ဟုပြောသည်။ ငါးမိနစ်လောက်လည်းနေရော မျက်လုံးတွေစင်းလာပြီး

"ခင်ဗျား..ခင်ဗျား...ဘာတွေထည့်...ထည့်...ထည့်..."

စကားကိုတောင်ဆုံးအောင်မပြောနိုင်ဘဲ ခွေကျသွားသည်။ ပိုပြီးစိတ်ချသွားရအောင် လက်ကိုင်ပဝါမှာ 
ကလိုရိုဖောင်းအရည်ဆွတ်ပြီး နှာခေါင်းပေါ်အုပ်ပေးလိုက်၏။ ထိုစဉ် ဘိုလ်မျောက်ဒင် အတွက်သံပုရာရည်
ဖျော်ပြီးလာပို့သော နုနုရည်က 

"ဟင်..ဒါက ဘယ်လိုဖြစ်တာလဲ၊ ရှင် သူ့ကို..သူ့ကို.."

ဘိုလ်မျောက်ဒင်လည်း အချိန်ဆိုင်းမနေတော့ဘဲ နုနုရည်ကို ဖမ်းချုပ်ကိုင်လိုက်ပြီး လက်ထဲမှာအဆင်သင့်ရှိနေသော 
ကလိုရိုဖောင်းလက်ကိုင်ပဝါဖြင့် နှာခေါင်းပေါ်ဖိထားလိုက်သည်။ နုနုရည်မှာ ရုန်းကန်ရင်းက သူ့စိတ်ထဲမှာ 
ရုတ်တရက်လျှပ်စစ်မီးပျက်သွားသည် ဟုထင်လိုက်မိပြီး မှောင်အတိကျသွားလေသည်။

နှစ်နှစ်ခြိုက်ခြိုက် အိပ်မောကျသွားသည်ဟု ထင်ရ၏။ အိပ်ရာကနိုးလာတော့ ကိုယ့်အိမ်မှာမဟုတ်ဘဲ 
တဲကလေးတစ်လုံးအတွင်းမှာ ရောက်နေကြောင်းတွေ့လိုက်ရသည်။ ဘေးမှာ ဝါးခြမ်းပြားစိပ်စိပ်
ကာထားသော ပြတင်းပေါက်ရှိသည်။ အပြင်ကိုလှမ်းကြည့်တော့ တောတန်းနှင့် တောင်ကုန်းတွေပဲမြင်ရသည်။ 
ဘာဖြစ်နေတာလဲ သေသေချာချာပြန်စဉ်းစားကြည့်တော့မှ သဘောပေါက်သွားသည်။ ဘိုလ်မျောက်ဒင်က မိမိကို 
ဓားစာခံအဖြစ်ဖမ်းခေါ်လာခဲ့ခြင်းဖြစ်၏။ တံခါးပေါက်ဆီ ပြေးသွားပြီး တွန်းဖွင့်သည်။ အပြင်ကနေသော့ခတ်ထားပုံရ၏။ 
တဘုန်းဘုန်းထုတော့ ခဏအကြာမှာ တံခါးပွင့်လာပြီး ဘိုလ်မျောက်ဒင်ဝင်လာသည်။

"နိုးပြီလား၊ အိပ်ရေးဝရဲ့လားခင်ဗျာ"

"ရှင်..ဒါဘာလုပ်တာလဲ"

"ခွင့်လွှတ်ပါဗျာ၊ ဒီလိုမှမလုပ်ရင်မဖြစ်လို့ပါ"

"ကိုကိုတိုး စိတ်ပူနေလိမ့်မယ်"

"ဒါတော့အမှန်ပဲ၊ သူစိတ်ပူအောင် တမင်လုပ်ရတာပါ"

"ကိုကိုတိုးသာ ရှင့်ကိုမိရင် အမှုန့်ကြိတ်ပစ်လိမ့်မယ်၊ သိရဲ့လား"

"တယ်လဲစွာပါကလား၊ ပုန်းရည်ကြီးမလေးရဲ့"

"ဘာပြောတယ်၊ ရှင်ကျွန်မကို ဘယ့်နှယ်ခေါ်လိုက်တာတုန်း"

ဟုပြောရင်းတစ်ချက်တွေခနဲဖြစ်သွား၏။ ဘိုလ်မျောက်ဒင်ကပြုံးလိုက်ပြီး

"လွန်ခဲ့တဲ့ ငါးနှစ်ခြောက်နှစ်လောက်တုန်းက အင်းဝနားကရွာလေးတစ်ရွာမှာလေ၊ ထမင်းကြမ်းတစ်ခဲနဲ့ ပုန်းရည်ကြီးလေး တစ်ကော်စာလောက်ကို ကျပ်ပြားတစ်ပြား
တောင်ပေးပြီး လဲယူသွားတဲ့ လူတစ်ယောက်ကို မှတ်မိသေးလား"

ဟုပြောပြီး မျက်နှာအောက်ပိုင်းကို ပဝါစည်းပြလိုက်သည်။ နုနုရည်မှာ တအံ့တဩဖြစ်သွားသည်။ 
ဟယ်..သူပါလား။ ဒါကြောင့် ဒီအသံကို ကြားဖူး၊ ဒီမျက်လုံးကိုမြင်ဖူးတယ်လို့ထင်ခဲ့မိတာကိုး။ 
တစ်ပြိုင်နက်ထဲမှာပင်လက်ရှိ မိမိအခြေအနေကိုလည်း သဘောပေါက်လိုက်သည်။ 
တင်းလို့မရ။ အသနားခံမှဖြစ်မည်။ 

ထို့ကြောင့်

"အစ်ကိုကြီးဟာ သူတော်ကောင်းဖြစ်ရက်သားနဲ့ ဘာဖြစ်လို့ဒုစရိုက်အလုပ်ကို လုပ်ချင်ရတာလဲဟင်"

"အခြေအနေကတွန်းပို့လိုက်လို့ပေါ့၊ မြေရှင်ယာရှင်စနစ်ဆိုးရဲ့ သားကောင်ဖြစ်ခဲ့ရတယ်ဆိုပါတော့"

"ကျွန်မကိုအိမ်ပြန်ပို့ပေးပါလားဟင်.."

"ပို့ပေးချင်ပါတယ်၊ ဒီလိုလုပ်လေ၊ မနုအနေနဲ့ ဦးအောင်ကျော်တိုးဆီကို စာတစ်စောင်ရေးလိုက်ပေါ့၊ ကျွန်တော့်ကို 
စွဲဆိုထားတဲ့အမှုကို ပြန်ရုတ်သိမ်းပေးရင် မနုကိုလည်း အိမ်ပြန်ပို့ပေးမယ်လို့"

"ကိုကိုတိုးက လက်ခံနိုင်မယ်မထင်ဘူး၊ သူက ဥပဒေကိုသိပ်လေးစားတာ"

"ဒီတစ်နည်းပဲရှိတာပဲလေ၊ ဘာလဲ ဒီမှာပဲ တစ်သက်လုံးနေချင်လို့လား"

"အို...မနေချင်ပါဘူး၊ ဘယ်မှာလဲ စာရွက်နဲ့ဖောင်တိန်ပေး"

နုနုရည်ရေးပေးသောစာမှာ စုစုပေါင်းဆယ့်ငါးမျက်နှာရှိ၏။ လိုရင်းကနည်းနည်း၊ ကိုကိုတိုးကို 
ဘယ်လောက်လွမ်းဆွတ်သတိရကြောင်း၊ အမြန်ဆုံးလာခေါ်စေလိုကြောင်းက အများကြီး
ရေးထားသည်။ တစ်နည်းတော့ကောင်းသည်။ ဒီစာကိုဖတ်ပြီးလျှင် အင်စပက်တော်အောင်ကျော်တိုး 
တစ်ယောက် တင်းမခံနိုင်တော့ဘဲ အပေးအယူလုပ်ဖို့အကြောင်းပြန်လာရမည်ဟု ကျိန်းသေတွက်ထားသည်။

သို့ရာတွင် စာပို့ပြီးရက်သတ္တနှစ်ပတ်ခန့်ကြာသည်အထိ ဘာအကြောင်းပြန်ကြားချက်မှမရ။ အောင်ကျော်တိုးသည် 
ဥပဒေကို အလွန်လေးစားသူဖြစ်သည်ဟု နုနုရည်ပြောတော  မှန်နေပြီလားမသိ။ ထိုအတောအတွင်း ပြဿနာ
တစ်ခုဖြစ်လာ၏။ တပည့်ကျော်မောင်မောင်စနေ၏ မိန်းမခင်စောဦးက လာရောက်တိုင်တန်းခြင်းဖြစ်၏။ ခင်စောဦးမှာ 
အရင်ကကြည့်မြင်တိုင် ဆင်မလိုက်ဈေးမှာ ဝက်သားရောင်းသည်။ မောင်မောင်စနေက ဝက်သားသွားသွားဝယ်ရင်းက 
ငြိသွားကြပြီး လက်ထပ်လိုက်ကြခြင်းဖြစ်၏။ ခင်စောဦးသည် အလွန်စွာပြီး သတ္တိလည်းရှိသူဖြစ်သောကြောင့် အားကိုးရသည်။ 
အဖွဲ့အတွက် အိုးသူကြီးတာဝန်ကို ယူထားသည်။ 
    
"ဟိုမိန်းမကို မြန်မြန်ပြန်ပို့လိုက်ရင် ကောင်းမယ်ထင်တယ် ဆရာကြီး"

ဟုသူကပြောသည်။ ဘိုလ်မျောက်ဒင်က 

"ဘာဖြစ်လို့လဲ"

"သူက အင်မတန်အစားပုပ်တယ်၊ ကျွန်မချက်တဲ့ဟင်းရဲ့သုံးပုံတစ်ပုံလောက်က သူစားတာနဲ့ကုန်တာပဲ"

"ဟုတ်တယ်၊ ဆရာကြီး သူ့ကိုကောင်းကောင်းကျွေးရမယ်၊ ဝအောင်ကျွေးရမယ်ဆိုလို့ လိုက်လျောထားရတာ၊ အဲဒါသူက 
တစ်နေ့ကို ထမင်းငါးထပ်လောက်စားတယ်၊ တစ်ခါစားရင်လဲ သုံးပန်းကန်အနည်းဆုံးပဲ၊ ဒါနဲ့တောင် အားမရသေးဘဲ 
ညဘက်ဆာတယ်ဆိုပြီး ခေါက်ဆွဲပြုတ်လုပ်ခိုင်းသေးတယ်"
    
တကယ်တော့ ခင်စောဦးကလည်း အစားပုပ်တာပဲ။ ချက်ရင်းပြုတ်ရင်း ဟင်းမြည်းသလိုလိုနဲ့ နှိုက်နှိုက်စားတာ မနည်းလှ။ 
ခုတော့ နုနုရည်ကြောင့် သူလျှော့စားနေရတာကို မကျေမနပ်ဖြစ်နေပုံရသည်။

"မနက်ဆိုရင်လဲ ဆရာကြီးအတွက်သိမ်းထားတဲ့ ဘီစကွတ်တွေ၊ ကိတ်ခြောက်တွေ ထုတ်ထုတ်ကျွေးရတာကုန်တော့မယ်၊ 
ကြာရင်စခန်းအတွက် ရိက္ခာပြတ်သွားမှာတောင် စိုးရိမ်ရတယ်"

တမင်ချဲ့ကားပြောနေသလားမသိဟု တွေးနေတုန်းမောင်မောင်စနေရောက်လာပြီး သူ့မိန်းမဘက်က ထောက်ခံပြီး
ပြောပြန်သည်။
    
"ဟုတ်တယ်ဆရာကြီး၊ နေ့လယ်နေ့ခင်းကျရင်လဲ အဆာပြေစားမလို့ဆိုပြီး ဒန်ပေါက်၊ ကော်ပြန့်စိမ်း၊ ရေခဲမုန့်၊ ဖာလူဒါ
သွားဝယ်ပေးစမ်းပါဆိုတာက ရှိသေးတယ်၊ ဒီတောထဲတောင်ထဲမှာ ဘယ်နားသွားဝယ်ရမှာလဲ၊ ဝယ်လို့မရဘူးပြောပြန်ရင်လည်း 
သီချင်းဆိုတော့တာပဲ"

"သီချင်းဆိုတယ် ဟုတ်လား"

"ဟုတ်တယ်၊ ပါးစပ်အငြိမ်မနေနိုင်တဲ့ ရောဂါရှိတယ်ထင်တယ်"

"တစ်ခုခုစားရင်လဲစားရ၊ မဟုတ်ရင်လဲ တွေ့ကရာတွေလျှောက်ပြော၊ ပြီးရင် သီချင်းအော်ဆို 
သူ့အသံက တော်တော်ဆိုးပါတယ် ဆရာကြီးရယ်"
    
လင်မယားနှစ်ယောက်ပေါင်းပြီး အတိုင်အဖောက်ညီညီလာလုပ်နေတာလား တွေးနေတုန်း ဦးရွှေမင်းသား
ရောက်လာသည်။ သူကအသက်ကြီးပြီဖြစ်သောကြောင့် ပင်ပင်ပန်းပန်း မလုပ်ခိုင်းတော့ဘဲ ခြံစောင့်ကြီးအဖြစ်သာ 
နေစေခဲ့ခြင်းဖြစ်၏။ လောလောဆယ်နုနုရည်၏တဲမှာ ညစောင့်အဖြစ်တာဝန်ပေးထား၏။ 

"ကျွန်တော်အလုပ်ထွက်ပြီး သာကေတမှာပဲ ပြန်နေပါရစေတော့ ဆရာကြီးရယ်"

ဟု ဦးရွှေမင်းသားကတောင်းပန်သည်။

"ဘယ်လိုဖြစ်ရတာလဲဗျာ၊ အစတုန်းကတော့ လူအိုရုံပို့ပေးပါ့မယ်ဆိုတာတောင် ကျွန်တော်နဲ့ပဲ ရာသက်ပန်နေပါရစေဆို"

"သူ့အသံနားထောင်ရတာထက်စာရင် ဝက်သတ်ရုံမှာသွားနေရတာကမှ နားခံသာပါဦးမယ်ဆရာရယ်"

"ဒီလောက်တောင် ဆိုးလို့လားဗျာ"

"ကျွန်တော်လည်း ဂီတသမားပါပဲဆရာ၊ ကျွန်တော့်တစ်သက်မှာ ဒီလောက်အော်ဂလီဆန်စရာ ကောင်းတဲ့အသံမျိုး
မကြားဖူးပါဘူး၊ သံစဉ်ကလည်းမမှန်၊ စာသားတွေကလည်း ကပေါက်တိ ကပေါက်ချာနဲ့"

စဉ်းစားစရာတော့ ဖြစ်လာပြီ။ ဦးရွှေမင်းသားကလည်း သီချင်းဆိုတာ ဝါသနာပါသည်။ တကယ်ဆိုလျှင် 
သူ့အသံကလည်း ပြာတာတာနဲ့အတော်ဆိုးတာပဲ။ ပုဇွန်တောင်၊ အိုးဖိုဘက်မှာ ညဘက် ဂျာနာဂျိုလိုက်ရောင်းသော 
ကုလားအဘိုးကြီး၏အသံမျိုးဖြစ်၏။ သူသီချင်းဆိုမလို့ မယ်ဒလင်ကို ကောက်ကိုင်ပြီးအသံစမ်းလိုက်တာနဲ့ 
အနီးအနားမှာရှိတဲ့လူတွေ အကြောင်းအမျိုးမျိုးပြပြီး ရှောင်ထွက်ပြေးကုန်ကြတော့တာပဲ။ အခုတော့ သူကိုယ်တိုင်ကတောင် 
နုနုရည်၏အသံကို နားမခံသာပါလို့ ပြောလာရတယ်ဆိုတော့-

"ဆရာကြီးမယုံရင် ကိုယ်တိုင်လိုက်နားထောင်ကြည့်ပါ၊ ဒီအချိန်လောက်ဆိုရင် သူသီချင်းဆိုနေကျပဲ"

ဦးရွှေမင်းသားက တိုက်တွန်းနေသဖြင့် လိုက်သွားသည်။ တဲနားသို့ရောက်သောအချိန်မှာပင် မီးသတ်ကားဥဩဆွဲသံ
ကြားရသဖြင့်လန့်သွားမိ၏။  ဘယ့်နှယ်တောထဲမှာ မီးသတ်ကားကဟု ကြောင်တောင်တောင်ဖြစ်သွားပြီးမှ အဖြစ်မှန်ကို
သဘောပေါက်သွားသည်။ နုနုရည်သီချင်းစဆိုဖို့အတွက် ခြေဆင်းအဖြစ် ညည်းလိုက်ခြင်းသာဖြစ်၏။ ထို့နောက် 
သီချင်းစဆိုသည်။

"....ရာသီချိန်ဘွေ၊ နေမိန္ဓရ...ဝါခေါင်လပေမို့ တမ်းတပါသည်၊ ဂိန်ရာသီတော်သလင်းမှာဖြင့် ဖော်ကင်းကြပါလို့ 
ခွေးတွေကအူသည်..၊ ဆီမီးဖိုင်နယ် ထိန်ဝါလင်းလို့ သီတင်းကျွတ်တော့မည်၊ အော်..သီတင်းကျွတ်တော့မည်၊ 
တန်ဆောင်မုန်းမှာ ယောင်ထုံးကြပါစို့၊ ရှက်လှပါပြီ ဆယ့်နှစ်လရာသီ၊ ရှိပြီမောင်ရဲ့မေ့ကာနေသလား ရက်စက်လေ 
အား...ဟား...သည်၊ အော်...ကိုကိုတိုး ကိုကိုတိုး၊ နုကလေးကို မေ့များမေ့နေပြီလားကွယ်...."

သူ့အသံသည် နားထဲသို့ စူးစူးရှရှဝင်ရောက်လာသဖြင့် နားဖာချေးတွေတောင် တုန်ခါသွားပြီး တဂျစ်ဂျစ်မြည်နေ၏။ 
သစ်ပင်ပေါ်မှာနားနေသော ကျီးကန်းများ လန့်ဖျပ်ပြီး ထပျံသွားကြသည်။ မြေတွင်းထဲမှ ကြွက်များ၊ ဖားများထွက်လာပြီး 
တောထဲဝင်ပြေးကြသည်။ ဘိုလ်မျောက်ဒင်မှာ နားကိုပိတ်ပြီး ထိုနေရာမှ အမြန်ခွာပြေးရသည်။ အတန်ကြာတဲ့အထိ 
နားထဲမှာ အူပြီး လေမုန်တိုင်းတိုက်သံမျိုးတွေကြားနေရသည်။ ဆယ်မိနစ်လောက်ကြာမှ ပုံမှန်ပြန်ဖြစ်သည်။

"ဆရာကြီးမျက်မြင်ကိုယ်တွေ့ပဲ၊ ကြာရင် အဖွဲ့သားတွေ  အားလုံးထွက်ပြေးကုန်လိမ့်မယ်"

ဟုမောင်မောင်စနေကပြောသည်။ ကြာလျှင် ခက်တော့မည်။ ထို့ကြောင့် အင်စပက်တော်အောင်ကျော်တိုး၏ 
အခြေအနေကို သွားရောက်စနည်းနာရန် စေလွှတ်လိုက်ရ၏။ နှစ်ရက်အကြာမှာ မောင်မောင်စနေ ပြန်ရောက်လာသည်။ 

"ကျွန်တော်တို့တော့ အလှည့်စားခံလိုက်ရပြီ ဆရာကြီး"

ဟု  ခရီးရောက်မဆိုက် ပြောသည်။ ဖြစ်ပုံမှာ-

တကယ်တော့ အင်စပက်တော်အောင်ကျော်တိုးသည်လည်း နုနုရည်၏ဒဏ်ကို  မရှုမလှခံနေရသူပင်ဖြစ်၏။ 
နုနုရည်အပျိုဘဝတုန်းက ငတ်ခဲ့သမျှ အောင်ကျော်တိုးနှင့် လက်ထပ်ပြီးနောက်အတိုးချပြီး နင်းကန်စားလေတော့သည်။ 
အိမ်မှာနေ့စဉ်ဟင်းကောင်းတွေချက်စားရုံနှင့် အားမရပဲ ညစဉ်ညတိုင်းလိုလို မဂိုလမ်း (ယခု ရွှေဘုံသာ)နှင့် 
တရုတ်တန်းဘက်သွားပြီး ပလာတာ၊ ပန်းသေးခေါက်ဆွဲ၊ ဘဲကင်၊ ဆီချက် စသည်တို့ တဝတပြဲစားတတ်သည်။ 
အောင်ကျော်တိုး အလုပ်ကပြန်လာလျှင်လည်း ဘာဝယ်ခဲ့ပါ၊ ညာဝယ်ခဲ့ပါ မှာသေးသည်။ ဒါနဲ့တွင် အားမရဘဲ 
အိမ်ရှေ့က ဖြတ်သွားသမျှ ဈေးသည်တွေကိုခေါ်ပြီး ဝယ်စားတတ်သေးသည်။ အောင်ကျော်တိုးခမျာ 
ရတဲ့လခနဲ့မလောက်ငတော့သဖြင့် ရွှေကြယ်သီး၊ လက်ပတ်နာရီ၊ ဘန်ကောက်လုံချည်စသည်တို့ကို ကြောင်နှစ်ကောင်
အပေါင်ဆိုင်သို့ မကြာခဏပို့ထားရရှာသည်။

အောင်ကျော်တိုးသည် အဆိုအတီးဝါသနာပါသူလည်းဖြစ်၏။ ညနေတိုင်ကျလျှင် ဝါသနာတူဂီတသမားများကို 
အိမ်သို့ဖိတ်ပြီး ဆိုကြတီးကြသည်။ ဒီအခါမှာလည်း နုနုရည်ကအတင်းဝင်ပြီးသီချင်းဆိုသည်။ ကီးကလည်းမမှန်၊ 
စည်းဝါးလည်းမကိုက်၊ အသံကလည်း ကြောင်သဖြင့် အားလုံးစိတ်ညစ်ကြရ၏။ ပြီးတော့ သူ့အသံကြားလျှင် 
အိမ်နီးနားချင်းမှ ကလေးတွေ လန့်ပြီးအော်ငိုကြသဖြင့် ပြဿနာဖြစ်ရသည်။ အိမ်ကိုခဲပေါက်ခံရတာလည်း မကြာခဏပဲ။    
အောင်ကျော်တိုးမှာ နုနုရည်ကို အတော်စိတ်ကုန်နေသည်။ ဒီကြားထဲမှာ နှဲမှုတ်သင်ပါမယ်လုပ်နေသေးသည်။ ထို့ကြောင့် 
နုနုရည်ကို ပ,ထုတ်ဖို့စိတ်ကူးနေတုန်း ဘိုလ်မျောက်ဒင်ကိုဖမ်းဖို့ အမိန့်ညွှန်ကြားချက်ကိုရရှိသည်။

"ဒါနဲ့တစ်ချက်ခုတ် နှစ်ချက်ပြတ်ဆိုပြီး စိန်လက်စွပ်အမှုနဲ့ ဆရာ့ကိုဖမ်း၊ အိမ်ကိုခေါ်ထား၊ ဆရာကြီး နုနုရည်ကိုခေါ်ပြီး
ထွက်ပြေး၊ အဲဒီလိုဖြစ်အောင် အကွက်ဆင်လွှတ်လိုက်တာ၊ အောင်ကျော်တိုးက သူ့မိန်းမကို ဘယ်တော့မှ 
လာပြန်ခေါ်တော့မှာ မဟုတ်ဘူး"

အဲဒါမှတကယ့်ပြဿနာပဲ။ ဆက်ခေါ်ထားလျှင်လည်း တပည့်တွေအကုန် ထွက်ပြေးတော့မည်။ ပြန်ပို့တော့လည်း 
ဘိုလ်မျောက်ဒင် သိက္ခာကျတော့မည်။ 

"အောင်ကျော်တိုးအနေနဲ့ သူ့မိန်းမကို လာမခေါ်ဘဲ မနေနိုင်အောင်တစ်နည်းနည်းနဲ့ ဖြားယောင်းသွေးဆောင်ရတော့မှာပဲ"

မောင်မောင်စနေက

"ဒီကိစ္စ ကျွန်တော့်တာဝန်ထားလိုက်ပါ၊ ကျွန်တော်နဲ့အရင်ကအလုပ်တွဲလုပ်ဖူးတဲ့ အတ္တကျော်တို့ကို အကူအညီတောင်းရမယ်"

"သူတို့ကဘယ်သူတွေလဲ"

"ရွှေထုပ်ချပြီး လိမ်စားနေတဲ့လင်မယားပါ၊ ရုပ်ကလေးတွေသနားကမားနဲ့ အပြောအဆိုလည်း ညက်တော့ အောင်ကျော်တိုးကို 
ယုံလောက်အောင်ပြောပြီး မျှားခေါ်လို့ရမယ်ထင်တယ်"

"ဒါဆိုမင်းပဲကြည့်စီစဉ်လိုက်တော့"

အောင်ကျော်တိုးသည် အတော်ဇိမ်ကျနေ၏။ ညနေတိုင်ကျပြီဆိုလျှင် သူ၏ဂီတမိတ်ဆွေများဖြစ်ကြသော 
ဒုံမင်းခင်မောင်ကြီး၊ နှဲနိုင်ဇော်၊ ဘာဂျာသားစိုး စသူတို့နှင့်အတူ သီဆိုတီးမှုတ်ကြသည်။ အာခြောက်လာသောအခါ 
ဝီစကီလေး ပက်ထည့်လိုက်ကြသည်။ အနှောင့်အယှက်ကင်းကင်း အပျော်ကြီးပျော်နေကြ၏။ နုနုရည်ဆိုတာ 
မေ့တောင်မေ့နေသည်။  ဒီလိုနဲ့ တစ်နေ့မှာတော့ သူ့ထံရုပ်ရည်ခပ်သန့်သန့် လင်မယားနှစ်ယောက် ရောက်ရှိလာလေသည်။ 

"ကျွန်တော်တို့က လက်တွဲဖော်ရုပ်ရှင်ကုမ္ပဏီကပါ"

ဟုယောက်ျားလုပ်သူကပြောသည်။

"အော်...ဟုတ်ကဲ့၊ ဘာကိစ္စများရှိလို့ပါလဲ"

မိန်းမဖြစ်သူက

"ဆရာမနုနုရည်အင်းဝနဲ့တွေ့ချင်လို့ပါ"

"သူက အင်းဝကို ခဏပြန်သွားပါတယ်၊ ပြောစရာရှိရင် ကျွန်တော့်ကို ပြောနိုင်ပါတယ်"

"ဟုတ်ကဲ့ ဒီလိုပါ၊ ကျွန်တော်တို့ကုမ္ပဏီက ဆရာမနုနုရည်ရဲ့ ထမိန်ကလေးတစ်ထည်ဆိုတဲ့ ဝတ္ထုကို ရုပ်ရှင်ရိုက်ဖို့ 
ဝယ်ချင်လို့ပါ"

"ဟင်..ဟုတ်လား"

"ဟုတ်ပါတယ်၊ ဒါတွင်မကဘူး၊ အဲဒီဇာတ်ကားမှာ ဆရာမကိုယ်တိုင် ခေါင်းဆောင်မင်းသမီးအဖြစ် ပါဝင်သရုပ်ဆောင်ဖို့လဲ 
ကမ်းလှမ်းချင်ပါတယ် "

"ခင်ဗျာ"

"ဟုတ်ပါတယ်၊ ဒီဇာတ်လမ်းက ဆရာမကိုယ်တိုင်သရုပ်ဆောင်မှ စရိုက်မှန်မှာလေ၊ ကာရိုက်တာကလဲ ကွက်တိပဲ၊ 
ဇာတ်သိမ်းခန်းမှာ ငါးကြီးကိုဖမ်းမိလို့ပျော်ပြီး ရေထဲကနေ ကမ်းပေါ်ကို ပြေးတက်လာတဲ့အခန်းဆိုရင် တကယ့်
အကယ်ဒမီရှော့ပဲ"

"အဲ...အဲဒီတော့"

"ဆရာမကို အမြန်ဆုံးတွေ့ချင်ပါတယ်၊ ဘယ်တော့ပြန်လာမှာလဲ"

"ဟိုဒင်း... အင်း... တစ်ပတ်လောက်နေရင် ပြန်လာမှာပါ"

"ဒါဆို နောက်အပတ်လာခဲ့ပါ့မယ်၊ အဲဒီကျမှ ဝတ္ထုဖိုးငွေရော သရုပ်ဆောင်ခ စရန်ငွေရောပေးပါ့မယ်"

လက်တွဲဖော်လင်မယားပြန်သွားကြသောအခါ အောင်ကျော်တိုးမှာ အပျော်ကြီးပျော်ပြီး စိတ်ကူးတွေယဉ်နေလေသည်။ 
နုနုရည်တော့ ရုပ်ရှင်မင်းသမီးဖြစ်တော့မည်။ အောင်မြင်မှာကျိမ်းသေသည်။ အကယ်ဒမီရမှာလည်း သေချာသည်။ 
ဇာတ်ကားတွေအများကြီးရိုက်ရပြီး ဝင်ငွေတွေသောက်သောက်လဲရတော့မည်။ ထိုအခါကျလျှင် အလုပ်ကထွက်မည်။ 
စတူဒီဘေကာကားကြီးဝယ်စီးမည်။ ညနေတိုင်း စကော့ဝီစကီသောက်မည်။ စတန့်မင်းသားကျော်ဟိုးနှင့် ကျော်တိုးဆိုပြီး 
နာမည်ကြီးလာမည်။ မယားငယ်ယူ...အဲ..ဒါတော့ မဖြစ်သေးဘူး။ နောက်မှကြည့်လုပ်။ ခုလောလောဆယ် 
အရေးကြီးနေတာကတော့ နုနုရည်ကို အမြန်ဆုံးပြန်ခေါ်ဖို့ပင်ဖြစ်၏။ ထို့ကြောင့် ဘိုလ်မျောက်ဒင်၏ ကမ်းလှမ်းချက်ကို 
လက်ခံမည်ဟု အကြောင်းပြန်ကြားလိုက်၏။
    
ချိန်းဆိုထားတဲ့အတိုင်း စုံထောက်အင်စပက်တော် အောင်ကျော်တိုးကို မောင်မောင်စနေက တောင်ခြေမှာ
သွားစောင့်ပြီးခေါ်လာခဲ့သည်။ စခန်းကိုရောက်လာသောအခါ နုနုရည်သည် အောင်ကျော်တိုးကိုပြေးဖက်ပြီး

"ကိုကိုတိုး၊ ကိုကိုတိုး လိုက်လာတယ်နော်၊ နုကိုပစ်ထားလိုက်ပြီလို့ အောက်မေ့နေတာ၊ လွမ်းလိုက်တာကွယ်"

"ကိုကိုတိုးလည်း လွမ်းတာပါပဲ၊ စက္ကန့်နဲ့အမျှ သတိရနေပါတယ်"

ဘိုလ်မျောက်ဒင်က အလွမ်းသယ်ခန်းကို စိတ်မရှည်နိုင်တော့ဘဲ လိုရင်းကို ဝင်ပြောလိုက်သည်။ 

"ကဲ... အိုင်ဆေး ဦးအောင်ကျော်တိုး၊ ကျွန်တော့်ကို စွပ်စွဲထားတဲ့အမှုနဲ့ပက်သတ်ပြီး ဘယ်လိုရုပ်သိမ်းပေးမလဲ
ဆိုတာသာပြောပါ"

အောင်ကျော်တိုးက

"အဲဒီအမှုကပြီးသွားပါပြီဗျ၊ စွပ်စွဲချက်ကလည်း အလိုအလျောက်ပျက်ပြယ်သွားပြီ"

"ဟင်..ဘယ်လိုဖြစ်တာလဲ"

"လက်စွပ်က တကယ်လုယက်ခံရတာမှမဟုတ်ဘဲ သီဟရတနာပုံနှိပ်တိုက်က သိမ်းစိုးလူလည်ကျတာပဲ၊ 
တကယ်ကတော့ သူကမြင်းလောင်းဖို့ ပိုက်ဆံမရှိတာနဲ့ လက်စွပ်ကို သွားပေါင်ပြီး ခင်ဗျားကိုလွှဲချလိုက်တာ"

"တော်တော်ရှုပ်တဲ့လူပဲ"

"ဒါတွင်မကသေးဘူး၊ သိမ်းစိုးဆိုတဲ့ကောင်က လက်စွပ်အတုတစ်ကွင်းထပ်လုပ်ပြီး မန္တလေးမှာ သွားပေါင်သေးတယ်၊ 
ဟိုမှာရှိတဲ့ ငြိမ်းချမ်းခေါ် ညိုပုရဲ့အကူအညီနဲ့ပေါ့၊ အဲဒီညိုပုဆိုတဲ့အကောင်ကလဲ ခြေစလက်နရှိတယ်၊ သူ့အမေ 
အမြတ်တနိုးသိမ်းထားတဲ့ သူ့အဖေရဲ့ ပက်ကားဖောင်တိန်ကနစ်ကိုဖြုတ်ခိုးပြီး ရောင်းစားခဲ့ဖူးတယ်၊ 
ပက်ကားဆိုတော့ ၂၁ကာရက်ရှိတာကိုး"

"အပေါင်ခံတဲ့သူက စိန်အတုမှန်းမသိဘူးလား"

"ဒီကောင်တွေကလူလည်တွေလေ၊ မှုန်ကြီးခေါ်ထွန်းဦးဆီမှာ သွားပေါင်တာ၊ သူကမျက်စိတော်တော်မှုန်ရှာတာကိုး၊ 
အမယ်သူကလည်း လူပါးနော်၊ စိန်အစစ် ဟုတ်မဟုတ် သိရအောင် စားပွဲပေါ်ခင်းထားတဲ့ မှန်ပေါ်ခြစ်ကြည့်သေးတယ်၊
အဲဒီအချိန်မှာ ညိုပုက အဆင်သင့်ယူသွားတဲ့ လချေးပြားကို အောက်က မသိမသာထိုးခံပေးလိုက်တော့ ဂျစ်ခနဲ
ဖြစ်သွားတာပေါ့၊ ထွန်းဦးကလဲ စိန်ကကောင်းလွန်းလို့ မှန်စတွေတောင် ပဲ့ထွက်သွားတာထင်ပြီး  အပေါင်ခံလိုက်တာပဲ၊ 
ခုတော့ အဲဒီအမှုကိုလဲ မန္တလေးစီအိုင်ဒီက အိုင်အိုရိုးကွန့်က ဖေါ်ထုတ်လိုက်နိုင်ပါပြီ"

"လက်စွပ်အစစ်ကကော..."

"ရန်ကင်းက စိန်ပွဲစား ဒေါ်လမင်းအိမ်ဆီမှာ ရောင်းပေးဖို့အပ်ထားတာ၊ ဒါလဲ ပြန်သိမ်းလို့ရပါပြီ"

"မောင်သိမ်းစိုးကကော ဘာဖြစ်သွားလဲ"

"ဝတ္တရားနှောင့်ယှက်မှုနဲ့ကြိမ်ဒဏ်ဆယ်ချက် အပြစ်ပေးခံလိုက်ရတယ်၊ ကဲကဲ..အဲဒီအမှုကလဲ ပိတ်သွားပြီ၊ ခင်ဗျားကိုလဲ 
အရေးယူစရာအကြောင်းမရှိတော့ဘူး၊ ဒီတော့ ကျွန်တော့်မိန်းမကိုပြန်ခေါ်သွားလို့ရပြီလား"

"ရပါတယ်၊ မြန်မြန်သာ ပြန်ခေါ်သွားပါဗျာ"
    
"ဒီလိုလုပ်လို့ ဘယ်ဖြစ်မလဲ ဆရာကြီးရဲ့"

တပည့်ကျော် မောင်မောင်စနေက ဝင်ပြီး တစ်စခန်းထလေသည်။ 

"ဆရာကြီးတို့ နှစ်ယောက်စလုံးက ကိုယ့်နယ်ပယ်မှာတော့ နာမည်ကျော်ထိပ်သီးတွေချည်းပဲ၊ ဒီလိုပုဂ္ဂိုလ်နှစ်ယောက် 
ထိပ်တိုက်တွေ့ဆုံမှုမှာ ခုလိုပဲ ဘာမှမထူးခြားဘဲပြီးသွားမယ်ဆိုရင် ရာဇဝင်ရိုင်းသွားမှာပေါ့၊ အားပြိုင်မှုတစ်ခုခုတော့ 
ရှိသင့်တယ်"

ဂုဏ်သိက္ခာအရဆိုလျှင် သူပြောတာ သဘာဝကျနေသည်။ ထို့ကြောင့်

"ကောင်းပြီ၊ ဘယ်လိုယှဉ်ပြိုင်မလဲ"

အောင်ကျော်တိုးကမေးသည်။ 

ဘိုလ်မျောက်ဒင်က

"သေနတ်ချင်းယှဉ်ပစ်မလား"

"အို...မလုပ်ပါနဲ့၊ သေကုန်ရင်ခက်ပါ့မယ်"

နုနုရည်ကတားသည်။ အောင်ကျော်တိုးက

"နှဲပြိုင်မှုတ်မယ်"

"ဟာဗျာ၊ တောထဲမှာ ဘယ်ကနှဲ ရှိမှာလဲ"

မောင်မောင်စနေကပင် ဝင်၍အကြံပေးသည်။

"ဒီလိုလုပ်ပါလား၊ ဆရာတို့ကလက်ကိုင်ပဝါတွေကို စားပွဲပေါ်တင်ထား၊ ဆရာမနုနုရည်မျက်စိကို  အဝတ်နဲ့စည်းပြီး 
တစ်ထည်ကိုရွေး၊ လက်ကိုင်ပဝါပိုင်ရှင်က အနိုင်ရတယ်လို့သတ်မှတ်ပေါ့"

"ဒါပဲရှိတော့တာပေါ့"

နုနုရည်၏မျက်လုံးများပေါ်မှအုပ်ပြီး အဝတ်နှင့် စည်းလိုက်သည်။ အောင်ကျော်တိုးနှင့် ဘိုလ်မျောက်ဒင်တို့က 
လက်ကိုင်ပဝါများကို အသီးသီးပစ်ချလိုက်ကြသည်။

"ကဲ..စပြီးရွေးပေတော့"

နုနုရည်၏လက်သည် စားပွဲပေါ်မှ ဟိုဟိုသည်သည်ရွေ့လျားရင်းလိုက်စမ်းနေသည်။ အားလုံးရင်တထိတ်ထိတ်
စောင့်ကြည့်နေကြသည်။ နုနုရည်၏လက်က ညာဘက်ယွန်းယွန်းသို့
တဖြည်းဖြည်းတွားသွားနေသည်။ ဘိုလ်မျောက်ဒင်၏ လက်ကိုင်ပဝါဆီရောက်တော့မည်။ 

ဘိုလ်မျောက်ဒင်မျက်လုံးပြူးသွားပြီး 'အဟမ်း'ဟုချောင်းဟန့်သတိပေးလိုက်သည်။ နုနုရည်က သူ့လက်ကိုင်ပဝါကို
ဆုပ်ကိုင်လိုက်သည်။ ဆွဲယူမည်ပြုပြီးမှ ပြန်လွှတ်ချလိုက်၏။ ဘိုလ်မျောက်ဒင်အသံထွက်အောင်ပင် သက်ပြင်းချမိသည်။ 
ထို့နောက်နုနုရည်၏လက်သည် ဘယ်ဘက်သို့ ရွေ့သွားပြန်သည်။ အောင်ကျော်တိုး၏လက်ကိုင်ပဝါကို ထိမိ၏။ 
ကိုင်တွယ်ပွတ်သပ်ကြည့်သည်။ ဆတ်ခနဲ ဆွဲယူလိုက်ပြီး

"ဒါပဲ"

ဟုပြောရင်း မျက်နှာပေါ်ကအဝတ်စကို ဆွဲဖြုတ်လိုက်သည်။ အောင်ကျော်တိုးက နုနုရည်ကိုဆွဲဖက်လိုက်ပြီး 

"ကိုကိုတိုးရဲ့လက်ကိုင်ပဝါမှန်း ဘယ့်နှယ်သိတာလဲ"

ဟုမေးသည်။ နုနုရည်က

"သိတာပေါ့၊ ကိုကိုတိုးဟာ ဘယ်သန်ဆိုတော့ လက်ကိုင်ပဝါကို ဘယ်ဘက်မှာထားလိမ့်မယ်လို့ခန့်မှန်းမိတယ်၊ 
ပြီးတော့လဲ ကိုကိုတိုးက လက်ကိုင်ပဝါထဲကို နှပ်ချေးညှစ်ထည့်တတ်တယ်မဟုတ်လား၊ စေးကပ်ကပ်ဖြစ်နေတာကို
စမ်းမိကထဲက ကိုကိုတိုးဟာပဲဆိုတာ သိသွားတာပေါ့"

"ဟာ....စုံထောက်ကတော်လို့မပြောရဘူး၊ တော်လိုက်တာ"

ဘိုလ်မျောက်ဒင်မှာချီးမွမ်းခန်းကိုနားကြားပြင်းကပ်လာတာကတစ်ကြောင်း၊ နုနုရည်စိတ်ပြောင်းသွားမှာ 
စိုးရိမ်တာကတစ်ကြောင်းကြောင့်

"ကဲ...ဦးအောင်ကျော်တိုး၊ ခင်ဗျားသွားနိုင်ပြီမဟုတ်လား၊ သူ့ကိုခေါ်ပြီးအမြန်ဆုံးပြန်ပေတော့...အချိန်မရှိဘူး"

ဟုအတင်းနှင်လွှတ်သည်။ ဒါတောင်မှ နုနုရည်က တောင်ခြေရောက်အောင် အဝေးကြီးသွားရမှာ လမ်းမှာဆာနေမယ်၊ 
ဗိုက်ဖြည့်သွားမှဆိုပြီး ထမင်းတွေ တဝတပြဲစားသွားသေးသည်။

တကယ်ဆိုလျှင်
'ဘိုလ်မျောက်ဒင် တစ်ကိုယ်တည်းမှာ အရူးကြီးပမာဖြစ်ခါဇာတ်သိမ်းပြီ' ဆိုပြီးအလွမ်းလေးနဲ့အဆုံးသတ်ရမှာလေ။ 
ခုတော့ ဒီလိုမဟုတ်။ စခန်းတစ်ခုလုံး လွတ်ပြီ ကျွတ်ပြီဆိုပြီး အလွန်ပျော်ရွှင်နေကြသည်။ ညဘက်ကျတော့ မီးပုံပွဲ
ကျင်းပပြီး အောင်ပွဲခံစားကြသောက်ကြသေးသည်။ ဦးရွှေမင်းသားက မယ်ဒလင်တီးပြီး
'အန္တရာယ်ကင်း' သီချင်းအော်ဆိုတာကိုတောင် ကန့်ကွက်မယ့်သူမရှိ။
    
စုံထောက်အင်စပက်တော် အောင်ကျော်တိုးခမျာမှာတော့ လက်တွဲဖော် ရုပ်ရှင်ကုမ္ပဏီကဆိုသော လင်မယားကို 
လာနိုးလာနိုးမျှော်လိုက်ရတာ၊ တစ်ပတ်နေလို့လည်းမလာ၊ တစ်လကြာလည်းပေါ်မလာ။ သုံးလေးငါးလကြာတဲ့အထိ 
အရိပ်အယောင်တောင်မမြင်ရတော့။ ဒီကြားထဲမှာ နုနုရည်ကလည်း တောထဲမှာနေတုန်းက အစားအသောက်ဆင်းရဲလို့
ဆိုပြီး အတိုးချစားလိုက်တာ ကိုယ်အလေးချိန် ပေါင်သုံးဆယ်လောက်တိုးပြီး ဝတုတ်ပြဲကြီးဖြစ်လာသည်။ 
အောင်ကျော်တိုး၏လက်စွပ်၊ ရွှေကြယ်သီးစသည်တို့မှာလည်း ကြောင်နှစ်ကောင်၊ ကံ့ကော်ဝိုင်းယူ၊ 
အတိုးချိုချိုစသောအပေါင်ဆိုင်များသို့ တစ်လှည့်စီပို့နေရလေသည်။

ဒီလိုနဲ့ခြောက်လခန့်ကြာသွားသည်။ တစ်ရက်မှာတော့ အသားဖြူဖြူအစဉ်အမြဲသွားဖြဲပြီး ပြုံးရယ်နေတတ်သော 
လူရွယ်တစ်ယောက်သည် သူတို့အိမ်သို့ရောက်ရှိလာပြီး

"ကျွန်တော်က နာမည်ကျော်ရုပ်ရှင်ဒါရိုက်တာ ချိုတူးဇော်ပါ"

ဟုသူ့ကိုယ်သူမိတ်ဆက်သည်။ ဒီနာမည်တစ်ခါမျှမကြားဖူးသော်လည်း

"အော်...ကြွပါ...ကြွပါ"

ဟုခရီးဦးကြိုပြုလိုက်ပြီး

"ဘာကိစ္စများပါလိမ့်"

ဟုမေးရင်း ဟိုလင်မယားလိုများဖြစ်နေမလားဟု အကဲခတ်ရသေးသည်။ လူပုံကတော့ ဟုတ်မလိုလိုပဲ။ ချိုတူးဇော်ဆိုသူက

"ဒီလိုပါ၊ ကျွန်တော့်ရဲ့မိတ်ဆွေ 'ဆားတစ်တို့' ရုပ်ရှင်ကုမ္ပဏီက ဒီကဆရာမနုနုရည်ရေးတဲ့ ပြုံး၍လည်းကန်တော့ခံတော်မူပါ၊ 
ရယ်၍လည်းကန်တော့ခံတော်မူပါဆိုတဲ့ ဝတ္ထုကို ရုပ်ရှင်ရိုက်ဖို့ဝယ်ချင်တယ်ဆိုလို့ လာခဲ့တာပါ၊ သဘောတူမယ်ဆိုရင် 
စရန်ငွေတစ်ခါထဲပေးခဲ့ပါ့မယ်"

ဒီတစ်ခါတော့ သေချာပြီဟု ဝမ်းသာသွားပြီး

"ရပါတယ်၊ ရပါတယ်၊ ဒါနဲ့မင်းသမီးငှားဖို့ကော အစီအစဉ်ရှိသေးသလား"

ဟုအောင်ကျော်တိုးကမေးတော့ ချိုတူးဇော်က

"မင်းသမီးတော့မငှားပါဘူး၊ မင်းသားပဲ ငှားချင်တာပါ"

"ဗျာ"

"ဟုတ်ပါတယ်၊ အစကတော့ ကျွန်တော်ကိုယ်တိုင်မင်းသာလုပ်မလို့ပါပဲ၊ အခုတော့ ဆရာနဲ့ပိုပြီးလိုက်ဖက်မယ်ထင်လို့၊ 
အဲဒါ ဆရာအောင်ကျော်တိုးအနေနဲ့ အဓိကနေရာက ပါဝင်သရုပ်ဆောင်ပေးဖို့ မေတ္တာရပ်ခံပါတယ်"

အောင်ကျော်တိုးမှာ ထခုန်မိမတတ် ဝမ်းသာသွားပြီး

"သိပ်ကောင်းတဲ့စိတ်ကူးပါပဲ၊ ဒါနဲ့ကျွန်တော် ဘယ်ဇာတ်ရုပ်နေရာက ပါဝင်သရုပ်ဆောင်ရမှာလဲဟင်"

"မိန်းမလျာဒေစီဂျိန်း"
    
အောင်ကျော်တိုးမှာ အခုမှ တကယ်ပင်ထခုန်မိလေ၏။ အကယ်ဒမီရှော့ပါပဲ။

မင်းလူ

ကလျာမဂ္ဂဇင်း၊ 
စက်တင်ဘာ၊ ၂၀၁၀။

'မင်းလူ၏အနုပညာရပ်ဝန်း' ပေ့ဂ်ျရဲ့ Facebook note နှစ်ခုကနေ ကူးယူပါတယ်။ ပေ့ဂ်ျကို ကျေးဇူးတင်ပါတယ်။

စလေ ငနော့ 


Comments

Popular posts from this blog

ငရဲဆိုတာ ဂျိုနဲ့လား 🖋 ဟံသာဝတီ ဦးဝင်းတင်

ဘာလဲဟဲ့... လူ့ငရဲ (မိတ်ဆက်) 🖋 ဟံသာဝတီ ဦးဝင်းတင်

ပုံစံခွက်ထဲက နိုင်ငံရေးမုန်တိုင်း (၁) 🖋 ဟံသာဝတီ ဦးဝင်းတင်