အပင်ကို ပျိုးတာလား အညွန့်ကို ချိုးတာလား 🖋 မောင်သာချိ
အပင်ကို ပျိုးတာလား အညွန့်ကို ချိုးတာလား
*******************************
မောင်သာချို
-တစ်-
တစ်ခါက နှစ်မိုင် မရှိတရှိ ရှည်လျားသည့် ကတ္တရာလမ်းမပေါ်မှာ မိန်းကလေးတစ်ယောက် ဒဏ်ရာအနာတရတွေဖြင့် လျှောက်လှမ်းနေခဲ့ဖူးပါသည်။ ပါးပြင်ပေါ်မှာ မျက်ရည်ပေါက်ကြီးတွေက တစ်ပေါက်ချင်း တစ်ပေါက်ချင်း လိမ့်ကျလို့။ မချိမဆန့် လိမ်းကျံလာခဲ့ပုံရသည့် သနပ်ခါးတွေက မျက်ရည်ပေါက်တွေကြားမှာ ကွက်တိကွက်ကြား။ လွယ်အိတ်ကို မနိုင်မနင်း လွယ်ကာ မလှမ်းချင့်လှမ်းချင် လှမ်းနေရှာသည့် သည်သမီးငယ်ကလေးရဲ့ ခြေလှမ်းတွေဟာ ဘယ်လောက်များ နာကျင်နေခဲ့ရှာလေမလဲ။ ဟုတ်ပါတယ်။ ၇ တန်းကျောင်းသူ အရွယ်ဆိုတော့ သမီးငယ်လေးပဲပေါ့။ သည်သမီးငယ်လေးကို ပြစ်ဒဏ်ချမှတ်လိုက်သူတွေက သူ့မိဘနှစ်ပါးတဲ့။ အော် ... ရက်စက်လွန်းရာ ကျမနေဘူးလား။
-နှစ်-
ပြစ်ဒဏ်ချမှတ်လိုက်ရခြင်းက လပတ်စာမေးပွဲတွင် အမှတ်နည်းသွားမှု အဆင့်နိမ့်ကျသွားမှုတို့ကြောင့်ဟု ဆိုပါသည်။ သည်သမီးလေးက စာမေးပွဲတိုင်းတွင် အမြဲ အဆင့် ၁။ သို့သော် သည်တစ်ပတ်မှာ အမှတ်ကလေး နည်းနည်းလျော့သွားပြီး အဆင့်ကျသွားခဲ့ရာ အဆင့် ၂ သို့မဟုတ် ၃ တစ်ခုခု။ ဒါကို ညံ့သွားရကောင်းလားဟု ဆိုကာ မိဘတို့က သမီးငယ်ကို အပြစ်ပေးခြင်း ဖြစ်ပါသည်။
ပြစ်ဒဏ်က တစ်ပတ်ကြာသော ပြစ်ဒဏ်။ တစ်ပတ်တိတိ မုန့်ဖိုးကို ရပ်ဆိုင်းပစ်လိုက်ပါသည်။ ထို့ပြင် ဖခင်က ဆိုင်ကယ်ဖြင့် အကြိုအပို့ လုပ်ပေးနေခြင်းကိုလည်း တစ်ပတ် ရပ်ဆိုင်းပစ်လိုက်ပါသည်။ အသွားအပြန် ခြေလျင်။
သည်လမ်းပေါ်၌ ခြေလျင် သို့မဟုတ် စက်ဘီးဖြင့် ကျောင်းတက်သူတွေ အထိုက်အလျောက် ရှိပါသည်။ သို့သော် ကျောင်းနှင့် မလှမ်းမကမ်းက သူတွေသာ များပါသည်။ ပြစ်ဒဏ်ကျသူ သမီးငယ်ကလေးလောက် ဝေးသောသူများကမူ ခြေလျင်လျှောက်သူ မရှိသလောက်ကို ဖြစ်ပါသည်။ ခုတော့ သည်သမီးငယ်ကလေး တစ်ယောက်သာ ခြေလျင်လျှောက်လို့။
စာဖွဲ့လောက်အောင် ကွာလှမ်းလွန်းသည့် ခရီးမဟုတ်သော်လည်း လူတို့၏ စူးစမ်းသော၊ ထို့ပြင် ထူးဆန်းသော အကြည့်တွေအောက်မှာ ထိုသမီးငယ် နာကျင်နေခဲ့ပုံ ရပါသည်။ ဘာကြောင့် ခြေလျင် လျှောက်နေရတာပါလိမ့်။ အော်... အဆင့်ကျသွားလို့တဲ့။ သူ့မေမေတို့ ဖေဖေတို့အပေါ် ရက်စက်သူဟူသော တံဆိပ်ကိုများ နာကြည်းစွာ ရေးကပ်ခဲ့လေပြီလား မသိ။ လမ်းပေါ်မှာ တစ်ပတ်တိတိ အရှက်ကြီး ရှက်ကာ ခေါင်းအငုံ့ကြီး ငုံ့နေခဲ့ရရှာသော သည်သမီးငယ်ကလေးသည် နောက်လေးငါးခြောက်နှစ် ခုနစ်နှစ်ကြာသောအခါ ဘဝအဖြေ ထွက်သွားပါသည်။ သာမန်ထက် နည်းနည်းလေး စွန်းသော လူတစ်ယောက်အဖြစ်နှင့်သာ ဘဝကို ကျေနပ်လိုက်ရခြင်း ဖြစ်ပါသည်။
သူ့စိတ်ဓာတ်ကို ကျိုးကြေအောင် လုပ်လိုက်တာက သူ့ဖေဖေနှင့် သူ့မေမေကိုယ်တိုင်ပဲ ဖြစ်ပါသည်။
-သုံး-
ဆရာကြီး ရွှေဥဒေါင်း၏ စာပေလက်ရာများထဲတွင် "တသက်တာမှတ်တမ်းနှင့် အတွေးအခေါ်များ" စာအုပ်ကြီးမှာ အလွန်ထင်ရှားပါသည်။ သည်စာအုပ်ကြီး တစ်နေရာ၌ ကလေးသူငယ်တို့၏ စိတ်ကို ဖွဲ့သော အဖွဲ့တစ်ခု ပါဝင်ပါသည်။ ကလေးပင်ဖြစ်စေကာမူ မိမိကိုယ်မိမိ လေးစားသောစိတ် Self-respect ရှိသည်ဟု ဆိုပါသည်။
ဆရာကြီးရွှေဥဒေါင်း ငယ်ငယ် လူပျိုပေါက်ကလေးဘဝက အချစ်ရေးအချစ်ရာကိစ္စ စိတ်ဝင်စားစပြုလာရာ အကဲဆတ်သူဖခင်က ဒါကို အပြစ်ပေးပါသည်။ ဦးစွာ ဆရာကြီးရွှေဥဒေါင်းကို ကတုံးတုံးပေးသည်။ ထို့နောက် တိုင်တွင် ကြိုးနှင့်တုပ်ကာ ကိုယ်လုံးတီးချွတ်ထားသည်။ ထို့နောက်
လမ်းသွားလမ်းလာများရှေ့တွင် ရိုက်နှက်ပါသည်။ သည်အဖြစ်အပျက်ကို နောင်ပြန်လည်သုံးသပ်သောအခါ မိမိတွင် အငုံ့စိတ်(inferiority complex) ဝင်သွားခဲ့ရသည်ဟု ဆိုပါသည်။ ကလေး၏ မိမိကိုယ်မိမိ လေးစားသောစိတ် Self-respect ကို ဖျက်ပစ်လိုက်ခြင်းပင် ဖြစ်ပါသည်။ စိတ်အညွှန့်ကို ချိုးပစ်လိုက်ခြင်း ဖြစ်ပါသည်။ လူပုံအလယ်၌ အရှက်တကွဲ အကျိုးနည်း ဖြစ်စေခြင်းဖြင့် အပြစ်ပေးခြင်းသည် မှားကြောင်း ဆရာကြီးရွှေဥဒေါင်းက သုံးသပ်ထားခဲ့ခြင်းပင် ဖြစ်ပါသည်။
-လေး-
အသိဥာဏ်တွေ၊ ဘဝအတွေ့အကြုံတွေ များပြားလှပါသည်ဆိုသော လူကြီးတွေပင်လျှင် မသိ၍ မှားကြ၊ တစ်ခါတရံ သိလျက်နှင့် ဇွတ်တိုးမှားကြသော လောကထဲ၌ သားငယ် သမီးငယ် အရွယ်ကလေးတို့ အမှားအယွင်းတွေလုပ်မိကြ၊ လမ်းချော်ကြတာမျိုး ရှိသည်မှာ မဆန်းသော ကိစ္စ ဖြစ်ပါသည်။ထို့ကြောင့် ပါးရည်နပ်ရည် ရှိစွာဖြင့် ပြုပြင်ကြဖို့ပဲ ဖြစ်ပါသည်။ ဒါကို ကမ္ဘာ့အံ့သြဖွယ်ရာ ဧရာမအပြစ်ကြီးအဖြစ် ထင်မှတ်ပြီး မတန်တဆ ပြစ်ဒဏ်ကြီးတွေ ချလျက် စိတ်ကို အညွန့်ချိုးခြင်းမှာ အမှားပင် ဖြစ်ပါသည်။
လပတ်စာမေးပွဲ အမှတ်နည်းသွားခြင်းကြောင့် ကတ္တရာလမ်းပေါ် ကျောင်းသွားကျောင်းပြန် ခြေလျင်လျှောက်ခိုင်းထားသော သမီးငယ်ကလေး၌ မိမိကိုယ်မိမိ လေးစားသောစိတ် ရှိသကဲ့သို့ ဆံပင်ကို ကွက်ကျားရိတ်ကာ သစ်ပင်၌ ကြိုးချည်ခံထားရသော ကလေး၌လည်း ကိုယ့်ကိုယ်ကိုယ် လေးစားသောစိတ် ရှိပါသည်။ စာသင်ခုံပေါ်၌ မတ်တပ်ရပ်ကာ လက်မြှောက်နေရသော ကျောင်းသားလူငယ်၌ သူ့ကိုယ်သူ လေးစားသောစိတ် ရှိသလို အတန်းဖော် သူငယ်ချင်းများ၏ ရှေ့၌ နားရွက်ဆွဲကာ ထိုင်ထလုပ်နေရသော အတန်အသင့် အရွယ်ရောက်ပြီး ဖြစ်သည့် လူငယ်တစ်ယောက်၌လည်း မိမိကိုယ်မိမိ လေးစားသောစိတ် ရှိပါသည်။
ထို Self-respect များကို ချိုးဖျက်ကာ အရှက်ခွဲသောနည်းဖြင့် ပြစ်ဒဏ်ပေးခြင်းမှာ ထိုလူငယ်ကို ဆွံ့သွား၊ တွန့်သွား၊ နုံချာသွား၊ မျက်နှာမဖော်ရဲအောင် ညှိုးငယ်သွားစေဖို့ ညှင်းပန်းသည်နှင့် တူပါသည်။ မလိုအပ်သော ဆိုးကျိုးများအဖြစ် မိဘ သို့မဟုတ် ဆရာ ဆရာမကို နာကျည်းသွားတာမျိုး သူ့ဘဝကို သူ ထင်ရာစိုင်းပစ်လိုက်တာမျိုးအထိ ရောက်သွားနိုင်ပါသည်။
ဆရာကြီး ရွှေဥဒေါင်းက သူ့စိတ်ကိုသူ စောင့်ကြည့်တတ်သူ ဖြစ်သဖြင့် သူ့အငုံ့စိတ် (inferiority complex) ကို သူသတိထားမိကာ ပြန်လည်ပြုပြင်ခဲ့သူ ဖြစ်ပါသည်။ ကျွန်တော်တို့၏ သားငယ်သမီးငယ်များမှာမူ ရွှေဥဒေါင်းများ မဟုတ်ကြပါ။ ဘဝတွေ ကျိုးကြေသွားနိုင်ပါသည်။
လပတ်စာမေးပွဲတွင် အဆင့်ကျသွား၍ သမီးငယ်ကို တစ်ပတ် ခြေလျင်သွားခိုင်းခဲ့သော မိဘနှစ်ပါးက သူတို့ရင်သွေးကို သူတို့ ပြုပြင်လိုက်တာဟု ထင်ကောင်း ထင်နိုင်ပါသည်။ အမှန်က ဖျက်ဆီးလိုက်ခြင်း ဖြစ်ပါသည်။ စိတ်မှာ ဒဏ်ရာရအောင် လုပ်လိုက်သော မိဘ ဆရာသမားလောက် အပြစ်ကြီးသူ လောက၌ မရှိပါပြီ။ ။
စိတ်ကူးချိုချို
၂၀၁၀
ဆရာမောင်သာချိုရဲ့ 'ပေကညစ်များဆီမှ လှေကားထစ်များဆီသို့' စာအုပ်ထဲကနေ အဒ်မင်ကိုယ်တိုင် စာရိုက်ကူးယူတင်ဆက်ပါတယ်။
Comments
Post a Comment