ချောင်း ဟွပ်ချင်ဟွပ် သီချင်း ညည်းချင်ညည်း 🖋 မောင်သာချို
ချောင်း ဟွပ်ချင်ဟွပ် သီချင်း ညည်းချင်ညည်း
********************************
မောင်သာချို
(တစ်)
သမီးရေ...။
ဖေဖေတို့အိမ်ကို ဝင်ထွက် သွားလာနေတဲ့ အိမ်နီးနားချင်းတွေ၊ အသိမိတ်ဆွေတွေ၊ ဖေဖေ့တပည့်တွေ အများကြီးရှိကြတဲ့အထဲမှာ သမီးအတွက် အလိုမကျချင်စရာ အကောင်းဆုံး၊ စိတ်ပျက်ချင်စရာ အကောင်းဆုံး၊ အထင်သေးချင်စရာ အကောင်းဆုံး လူတစ်ယောက်ကို ရွေးကြည့်စမ်းပါလို့ ဆိုခဲ့ရင် သမီး ဘယ်သူ့ကိုရွေးမလဲ ဟင်။ ဖေဖေကတော့ သမီး ရွေးလိုက်တဲ့သူဟာ ဖေဖေရွေးထားတဲ့သူနဲ့ တစ်ထပ်တည်းပဲ ကျနေလိမ့်မယ်ဆိုတာကို ခိုင်ခိုင်မာမာကြီးကိုပဲ ယုံကြည်နေမိတယ် သမီးရယ်။ တကယ်လို့များ သမီးမေမေ့ကိုပါ ဖေဖေတို့အထဲ ဆွဲထည့်လို့ မေမေ့အလိုမကျသော၊ စိတ်ပျက်သော၊ အထင်သေးသော လူတစ်ယောက်ကို ရွေးပေးပါလို့ ခိုင်းခဲ့ရင်လည်း ဖေဖေတို့ သမီးတို့နဲ့ တစ်ထပ်တည်း ကျမယ်ဆိုတာကို ဖေဖေ ပြောရဲတယ်။
ဟုတ်တယ်လေ၊ စုစုဝင်းဆိုတဲ့ ကောင်မလေးသာ ဖြစ်ရမှာပေါ့။ စုစုဝင်းဟာ ဖေဖေတို့တွေသာမက ဘယ်သူကမဆို အလိုမကျစရာ၊ စိတ်ပျက်စရာ၊ အထင်သေးစရာကောင်းတဲ့ မိန်းကလေးတစ်ယောက်ပါပဲ။
(နှစ်)
တကယ်တော့ စုစုဝင်းဟာ သဘောကောင်း၊ မနောကောင်း မိန်းကလေး တစ်ယောက်ဆိုတာကို ဖေဖေ့သမီးလည်း သိပြီးသားဖြစ်မှာပါ။ သူက အခြေခံပညာ နိမ့်နိမ့်ပါးပါးချည်းထဲက မိန်းကလေးတစ်ယောက်တော့လည်း မဟုတ်ပါဘူး။ ဖေဖေ အလုပ်လုပ်နေတဲ့ ကောလိပ်ကျောင်းမှာကိုပဲ သူက ကျောင်းသူတစ်ယောက်လေ။ စာလည်း အထိုက်အလျောက်တော့ တော်တာပါပဲ။
ဒါပေမယ့်လည်း သည်ကလေးမလေးက အတန်းပညာကိုသာ တစ်တန်းပြီးတစ်တန်း အောင်လာခဲ့တယ်။ လူ့အဖွဲ့အစည်းထဲမှာ ဘယ်လိုနေမလဲဆိုတဲ့ လူမူရေးပညာမှာတော့ တစ်တန်းမှ မအောင်ရှာသေးပါဘူး။ ဒါကို စုစုဝင်းတယောက် ဖေဖေတို့အိမ်ကို ဝင်ထွက်သွားလာခါစ နေ့တွေကတည်းကပဲ ဖေဖေ သတိထားမိခဲ့ပါတယ်။
ကဲပါလေ။ သမီးရယ် ဖေဖေရယ် အချိန်ကလေးလည်း နည်းနည်းပါးပါး ရတုန်းရခိုက် စုစုဝင်းနဲ့ပတ်သက်ပြီး ဘာတွေ မကြိုက်စရာရှိသလဲဆိုတာကို နည်းနည်း တိုက်ကြည့်ကြရအောင်လား။
ဖေဖေ ပထမဆုံး သဘောမတွေ့နိုင်တဲ့ အချက်ကိုဖြင့် 'စုစုဝင်းနဲ့ ရေခဲသေတ္တာ' လို့တောင် ခေါင်းစီးတပ်ရရင် ကောင်းလေမလားပါပဲ။ ဟုတ်တယ် သမီးရယ်၊ စုစုဝင်းတစ်ယောက် အိမ်ကို ရောက်ရောက်လာတိုင်း ရေခဲသေတ္တာကို ဘာမပြော ညာမပြောနဲ့ ဖွင့်ဖွင့်ကြည့်တတ်တာကို
ဖေဖေ့စိတ်ထဲမှာ တော်တော့ကို ကသိကအောက်ဖြစ်မိတယ်။
စုစုဝင်းတစ်ယောက် အိမ်ကိုလာပြီဆိုရင် ဘာမပြော ညာမပြောနဲ့ နောက်ဖေးခန်းထဲကို ဆတ်ခနဲ ဝင်လာမယ်။ ပြီးရင် ရေခဲသေတ္တာတံခါးကို ဖျတ်ခနဲ ဆွဲဖွင့်မယ်ပေါ့။ ပြီးတော့ 'ဟယ် အအေးဗူးတွေ စိမ်ထားတာ အများကြီးပါလား၊ Orange တွေရော၊ Sunkiss တွေရော၊ ယူသောက်ဦးမှ ထင်တယ်ဟေ့...။ ကြက်ဥတွေကလည်း များလှချည့်လား မမဖူးရယ်။ ဘယ်ဈေးပေးရလဲ မသိဘူး။ ဟိုနေ့က စုစု ဝယ်တာတောင် တစ်လုံး ၁၂ ကျပ်တဲ့။ အရီးတောင်း လက်ဖက်ညွှန့်လေးတွေက ကောင်းလိုက်တာ။ ဟုတ်တယ်၊ လက်ဖက်က အပြင်မှာကြာကြာထားရင် ခြောက်ကုန်ရော' စသည်ဖြင့်ပြောမယ်။ ပြီးတော့မှ တံခါးပိတ်သံက ဂျိန်းခနဲ။
နောက်တစ်ခါ ဖေဖေအလိုမကျနိုင်တဲ့ အချက်ကိုကျတော့ 'စုစုဝင်းနဲ့ ခန်းဆီးများ' လို့ အမည်ပေးရရင် ကောင်းလေမလားပဲ။ ဒါကလည်း သမီးသိပြီး မြင်ပြီးတွေမို့ ထူးထူးဆန်းဆန်းတော့ မဟုတ်ပါဘူး။ စုစုဝင်း အိမ်ကိုလာတဲ့အခါ အိမ်မှာရှိတဲ့ ခန်းဆီးတွေကို လှန်မကြည့်ဘဲနဲ့ ပြန်သွားတဲ့နေ့ရယ်လို့ ရှိခဲ့ဖူးလို့လား သမီးရယ်။ ဖေဖေ့အခန်းဝက ခန်းဆီးကို ဆတ်ခနဲ ဆွဲလှန်မယ်။ ပြီးရင် 'ဆရာ ဘာလုပ်နေလဲ၊ သမီးက အိပ်နေတယ်မှတ်လို့' ဆိုတဲ့ စကားမျိုးကိုပြောမယ်။ တစ်ခါ သမီး အခန်းဝက ခန်းဆီးကို ဆွဲလှန်မယ်။ ပြီးရင် 'ဟေ့ သမီး စာဖတ်နေတာလား' ဆိုတာမျိုးတွေကို ပြောမယ်။ ပြီးတော့မှ သူထိုင်ချင်ရာမှာ ထိုင်မယ်လေ။
သမီးရေ 'စုစုဝင်းနဲ့ စာအုပ်များ' လို့ဆိုရင် ဖေဖေတို့မှာ ပြောစရာတွေက ရှိနေတာပဲ မဟုတ်လား။ သမီး သိတဲ့အတိုင်းပဲလေ။ ဖေဖေ့စာကြည့်ခန်းက ဧည့်ခန်းနဲ့ ဆက်နေတာဆိုတော့ စားပွဲပေါ်မှာရော၊ နံရံတွေမှာရော တပ်ထား၊ စီထားတဲ့ စာအုပ်တွေက တစ်ပုံတစ်ပင်ဆိုတော့ အိမ်ကိုဝင်လာတဲ့ စုစုဝင်းအဖို့ မွှေချင်၊ နှောက်ချင်စရာလေ။ သူ့ထုံးစံအတိုင်းပဲပေါ့။ တွေ့သမျှ စာအုပ်တွေကို ဖျိုးခနဲ ဖျတ်ခနဲ ဆွဲယူကြည့်တော့တာပါပဲ။ 'ဟယ်... စာအုပ်တွေက အများကြီးပဲ' လို့ဆိုကာ တစ်အုပ်ယူကြည့်လိုက်၊ ပြန်ချထားလိုက်၊ တစ်အုပ်ယူကြည့်လိုက်၊ ပြန်ချထားလိုက်။ အဆိုးဆုံးကတော့ ဖေဖေ့နေ့စဉ်မှတ်တမ်းကို ကောက်ဆွဲယူကာ 'ဟယ်... ဆရာက ဘာတွေမှတ်ထားလဲ မသိဘူးတော့' လို့ဆိုပြီး ဖတ်ဖို့ကြိုးစားတာပါပဲ။ ဖေဖေ လှမ်းယူထားလိုက်လို့သာပဲပေါ့။
ဖေဖေတို့အိမ်မှာ ဧည့်သည်တွေဘာတွေ ရောက်နေပြီဆိုရင်လည်း သည်အတိုင်းပါပဲ သမီးရယ်။ 'စုစုဝင်းနဲ့ ဧည့်သည်များ' လို့ ဆိုရလောက်အောင်ကိုပဲ စုစုဝင်းတစ်ယောက် ရုတ်ခနဲ၊ ဖျတ်ခနဲ ရောက်ချလာပါပြီ။ ပြီးရင် မလှမ်းမကမ်းမှာ ဝင်ထိုင်ပြီး မေးလေဦးတော့မပေါ့။ ဧည့်သည်တွေ အများကြီးပါလား။ ဘယ်ကလာကြတာလဲ။ ကြဦးမှာလား။ မဆုံးနိုင်တော့။
သမီးရယ်၊ စုစုဝင်းများ အိမ်ကိုလာလိုက်ရင် ဖေဖေတို့ဟာ နေ့ချင်းညချင်း အကျဉ်းအကျပ်ထဲကို ရောက်သွားသလို ဖြစ်ကုန်တော့တာပါပဲ။ ကိုယ့်ရဲ့ လျှို့ဝှက်မှု၊ ကိုယ့်ရဲ့ လုံခြုံမှု၊ ကိုယ့်ရဲ့ သိုသိပ်မှု အားလုံးသော တာတမံကြီးတွေ ကျိုးပေါက်သွားသလိုမျိုး ခံစားကြရတယ်။ ဘဏ်စာရင်းထဲက ကိုယ်ရဲ့ငွေလက်ကျန်ကို ပြားစွန်းကအစ သူတစ်ပါး သိသွားသလို ခံစားရတယ်။ လူတစ်ယောက်က လူတစ်ယောက်ရဲ့ အတွင်းစည်းထဲကို သည်လောက်အထိ ကျော်ဝင်မလာသင့်ဘူးလို့ ဖေဖေတော့ ယူဆမိတယ်လေ။
(လေး)
ဖေဖေ တက္ကသိုလ်ကျောင်းသားဘဝတုန်းက သူတစ်ပါးရဲ့ ပိုင်ခွင့်၊ သူတစ်ပါးရဲ့ လွတ်လပ်ခွင့်၊ သူ့တစ်ပါးရဲ့ လုံခြုံခွင့်ကို အင်မတန်မှ လေးစားတတ်တဲ့ သူငယ်ချင်းတစ်ယောက်နဲ့ ဆုံရဖူးတယ်။ သူနဲ့ ဖေဖေနဲ့က နှစ်ယောက်တစ်ခန်း နေခဲ့ကြတာလေ။ ဒါပေမယ့် ဖေဖေ့သူငယ်ချင်းက သိပ်ကို သိတတ်လွန်းတယ် သမီးရဲ့။ သူ့စိတ်ကိုသူ တည်ဆောက်ထားပုံကလည်း ခိုင်ခံ့ပြီး လှပသေသပ်လိုက်တာ။
ဖေဖေတစ်ယောက်တည်း ရှိနေလို့ သူ့အပြင်တစ်နေရာရာကနေ ပြန်လာတိုင်း အခန်းထဲကို ဘယ်တော့မှ စွတ်ခနဲ၊ ရွတ်ခနဲ ဝင်မလာဘူး။ တမင်သက်သက် ချောင်းဆိုးချင်လည်း ဆိုးလာတယ်။ သီချင်းဆိုချင်လည်း ဆိုလာတယ်။ လေချွန်ချင်လည်း ချွန်လာတယ်။ သူ မသိထိုက်တဲ့အရာအားလုံး လက်စသိမ်းပြီးလောက်အောင် အချိန်ပေးပြီးမှ အခန်းထဲကို ဝင်လာတတ်တယ်လေ။ သူ့ကြောင့်တစ်ခါမှ ဖေဖေ အသက်ရှူမကြပ်ခဲ့ရဘူး။
သမီးရယ်၊ တကယ်တော့ ရင်းနှီးတာနဲ့ သူတစ်ပါးပိုင်ခွင့်၊ လွတ်လပ်ခွင့်ကို ချိုးဖောက်တာဟာ တစ်ခြားစီပါ။ ဘယ်လိုမှ ရောပစ်လို့ မရနိုင်ပါဘူး။ ရောပစ်ခဲ့မယ်ဆိုရင်လည်း သူ့လူ့အဖွဲ့အစည်းက သူ့ကို နှာခေါင်းရှုံ့ မှာ အမှန်ပါပဲ။ ဖေဖေက သမီးကို လူ့အဖွဲ့အစည်းရဲ့ နှာခေါင်းရှုံ့ ခံ
သမီးတစ်ယောက် မဖြစ်စေချင်မိဘူး။ သမီးရေ၊ သူများတွေရဲ့ လွတ်လပ်ပိုင်ခွင့်တွေ ထိပါးမသွားရအောင် ဖေဖေတို့တစ်တွေ ချောင်းကလေး တဟွပ်ဟွပ်
ဆိုးချင်လဲဆိုး၊ သီချင်းလေးတစ်ပုဒ် ညည်းချင်လည်း ညည်းပြီးမှ ဝင်ရောက်သွားရရင် မကောင်းပါလားကွယ်။
(ရွက်နုဝေ၊ စက်တင်ဘာ၊ ၁၉၉၈)
သမီးဖတ်ဖို့ နှလုံးသားရှုမျှော်ခင်းများ Special Edition စာမျက်နှာ ၆၈ - ၇၁။
စာရိုက်တင်ဆက်သူ
Comments
Post a Comment