အတွေးရဲ၊ အရေးရဲသူများထံပေး မေတ္တာစာ 🖋 ဂျက်ကွမ်းခြံကုန်း
အတွေးရဲ၊ အရေးရဲသူများထံပေး မေတ္တာစာ
********************************
ဂျက်ကွမ်းခြံကုန်း
စကြဝဠာ အနန္တ
သတ္တဝါ အနန္တ
ရှိရှိသမျှသော ဝေနေယျများစွာ
ချမ်းမြေ့ကြပါစေကြောင်း အလို့ငှါ....
မေတ္တသုတ်တစ်စောင်လုံးကို
ပုဒ်မပါ ကျုံးပြီးလျှင်
သိမ်းရုံး၍ မေတ္တာပို့လေ့ပို့ထရှိသော
နဘေအရာ မြူးခုန်ကြွသည့်
စေလဆရာ ဦးပုည ပမာ
ဂျက်ဆရာတစ်ဦး ကျွန်ုပ်ခမျာလည်း
မေတ္တာဓာတ် ဦးမော့ကာ
မြူးဆော့လာသဖြင့်
ဖူးလ်စတော့ (Full Stop) ပါ မကျန်ကြွင်းစေဘဲ
မေတ္တာဓာတ် ဖန်သွင်းလိုက်ရပါပေသည်
အမောင်တို့၊ အမိတို့။
ယခုကာလ
သမယသည်ကား
ကမ္ဘာကြီးပြားသည့်ခေတ် ဖြစ်ပေရာ
ကညစ်လည်း တုံး၊ ပေလည်း ပြုန်း
ကျောက်သင်ပုန်းမပါ ကျောက်တံဗလာ
စာရွက်အလိုမရှိ
ဘောလ်ပင် အစ်ကို မသိ
လက်မကလေးနဲ့ ထိကပ်ကာ
တပ်ခ်ျ (Touch) ဆိုသည်နှင့် စာဖြစ်သွား
online စာမျက်နာများဖွင့်လှစ်
အီး (E) အက္ခရာများခေတ်
ဖြစ်ပေ၏။
မှန်သားပြင်ပေါ်
တွင်တွင်ကြီး ရေး
လက်ကလေးများ၏ ခေတ်။
ခု စာဖတ်
ခု စာပြန်
လူ့ကမ္ဘာမြန်သောခေတ်။
စကားအရာ၌ ချောမွေ့ကြပါစေ
တရားအရှာ၌ စောတွေ့ကြပါစေ။
စကားအရာ မချောမွေ့တော့
ဇောက်ထိုးတလွဲ။
တရားအရှာ စောမတွေ့တော့
သောက်ကျိုးနည်း။
သဒ္ဒါကိုလည်း မှန်စေ့ချင်ပါသည်
ကဗျာကိုလည်း ဆန်စေ့ချင်ပါသည်။
သဒ္ဒါမမှန်တော့ အဓိပ္ပါယ်မရှိ
ကဗျာမဆန်တော့ စိတ်ဝယ်မငြိ။
သတ်ပုံကိုလည်း မပေါ့နဲ့
ဓာတ်ပုံကိုလည်း မဆော့နဲ့။
သတ်ပုံကို ပေါ့တော့ အလွဲကြီး လွဲ
ဓာတ်ပုံကို ဆော့တော့ အကွဲကြီး ကွဲ။
u n me က 'မင်းနဲ့ ငါ' တဲ့၊
u r ဆိုတာက ''You are'' ဆိုပါလား၊
နံပါတ်တူး (2) ကို ကိုယ်စားပြုတာက (too)
I m ဆိုတာက I am မှတ်တဲ့။
အက်စ်အိုအိုအိုအိုအိုအို (soooooo) ဆိုတာက
သိပ်သိပ်ဆိုး (so)
အဲန်အိုအိုအိုအိုအိုအို (Noooooo) ဆိုတာက
သိပ်သိပ်နိုး (No) တဲ့။
လော့အိန်ဂျလိစ်တိုင်းမ် (Los Angeles Times) က
စိတ်မကြည်
ဘီဘီစီ (BBC) က
တွင်တွင်ညည်း
ဒေးလီးမေးလ် (Daily Mail) က
ခေါင်းရှုပ်
ဘယ့်နှာသို့ လုပ်ထားတဲ့
အင်္ဂလိပ်စာများပါလိမ့်တဲ့။
သပွတ်အူရွာဘက်က
ဂျက်၏ တူ၊ တူမတို့
ရေးကြပုံကလည်း ထိုနည်းလည်းကောင်း။
ချစ်စ်စ်စ်စ် တဲ့
မုန်းန်းန်းန်းန်း တဲ့
အရမ်းချစ်၊ အရမ်းမုန်း
ဘယ့်နှာသို့ စကားလုံးတွေပါလိမ့်။
ဝိုးးးးးးးးးးးးး တဲ့
ဟင် င် င် င် င် င် င် တဲ့
အာမေဍိတ်တွေက
ကမ္ဘာမြေထိတ်လောက်ပါရဲ့။
ကွီးဂျက်က စွမ်းဗျာတဲ့
ကိုကြီးဂျက်က သောက်ရမ်းဗျာ
ဆိုလား။
မနက်က ဘာစား ဆိုတော့
'မွင်းငါး' တဲ့၊
အဲသဟာ မုန့်ဟင်းခါး ဆိုမှ
အခါတစ်ပါး၌
ငါ စားဖူးကြောင်း သတိရ။
ဒေါသစိတ် ငယ်ထိပ်ကို ဆောင့်တော့
ဟျောင့်..... တဲ့
ဟေ့ကောင်ရဲ့ ခေတ်အသုံးဆိုလား။
ခလေးက သူ့ကိုယ်သူ 'ခေး'
ညီလေးက သူ့ကိုယ်သူ 'ညေး'
ဘုန်းဘုန်းက 'ဘွီး'
မမက 'မြီး'
'ဖျားဖျား' လို့ တရမယ့် ခေတ်ကြီး
ဘုရားဘုရား လို့ သွားမညည်းလေနဲ့။
ဩော်.....
ခရီးဝေးဝေး မဝေးဝေး
အီးမေးလ် (E-mail) နဲ့ သွယ်ယှက်
အွန်လိုင်း (online) ထက်မှာ စာစီကုံး
စကားအသုံးအနှုန်းက ပေါက်ကရ
သဒ္ဒါကျတော့ ပရမ်းပတာ
စာလုံးပေါင်းတာက အလေဏတော
စာအကျိုးအပျက် ပွေလီမှ
ရွာတိုးတက်ပေသည်ဟု
ဆိုရမည်လော မသိတော့။
စားပြီးပြီလား ? မှာ
Question mark ကြီး
ကိုးရိုးကားရားနဲ့။
Sorry။ မွာက်
ပုဒ်မကြီးချလို့။
ကိုယ့်ရွာကိုယ်လည်း မဖျက်လေနဲ့
ကိုယ့်စာကိုယ်လဲ မပျက်စေနဲ့ဟု
သပွတ်အူဘက်က တူ၊ တူမအပေါင်းကို
ဖူးလ်စတော့ (Full Stop) ကောင်းကောင်းချကာ
ဆုံးမ သတိပေးလိုက်ရချေသည်တမုံ့။ ။
➡ ➡ ➡
ဂျက်ကွမ်းခြံကုန်း
ဂျက်ကွမ်းခြံကုန်း၏ 'ဂျက်မေတ္တာစာ' မှ။
သရုပ်ဖော် - ကာတွန်းအော်ပီကျယ်။
စာရိုက်တင်ဆက်သူ
Comments
Post a Comment