အရှုံးပေးတိုင်း နှလုံးအေးပါ့မလား 🖋 မောင်သာချို



အရှုံးပေးတိုင်း နှလုံးအေးပါ့မလား
**************************

မောင်သာချို

7Day Daily 
Fri, 2019-07-05 08:46
Issue No. အတွဲ(၁၈)၊ အမှတ်(၁၇)

(တစ်)

ယခုတစ်လော Online စာ မျက်နှာများပေါ်၌ အနိုင်ကျင့်မှု များအကြောင်း၊ အနိုင်ကျင့်ခံရမှု များအကြောင်း အပြန်အလှန် ရေးကြ၊ သားကြ၊ ဆွေးနွေးကြ၊ ဝေဖန်ကြသည်များကို ခပ်စိပ်စိပ် ကလေး ဖတ်လာရပါသည်။

နိုင်ငံတကာအတွေ့အကြုံရှိသူ စာရေးသူတစ်ဦးကဆိုလျှင် သူတို့ဆီက ကျောင်းများ၌ အနိုင်ကျင့်မှုဆန့်ကျင်ရေး (Anti-bully) စီမံခန့်ခွဲလုပ်ကိုင်ဆောင်ရွက်မှု များကိုပင်လျှင် ဖော်ပြပေးထားပါ၏။ ထို့အပြင် အနိုင်ကျင့်မှုကို လုံးဝလက်မခံ၊ လုံးဝသည်းမခံ သည့်မူဝါဒ (Zero Tolerance Policy)ကျင့်သုံးသည့် နိုင်ငံများအကြောင်းကိုပင် တင်ပြထားပါသေးသည်။

ထို့နောက် မေးခွန်းတွေလည်း မေးထားပါသည်။ မြန်မာနိုင်ငံရှိ စာသင်ကျောင်းများ၌ တိကျခိုင်မာပြတ်သားသည့် အနိုင်ကျင့်မှုဆန့်ကျင်သော မူဝါဒများ ရှိပါသလားစသည့် မေးခွန်းများ။ အဖြေရခက်ပါဘိ။

(နှစ်)

တစ်ခါက အလယ်တန်းကျောင်းသား အသစ်ကလေးတစ်ယောက် ကျောင်းသို့ ပြောင်းရွှေ့ရောက်ရှိလာပါသည်။ တစ်ရက် ကျောင်းအလွှတ်တွင် နှုတ်ခမ်း၌ သွေးစကလေးများ ပေကျံလျက် အိမ်သို့ ပြန်ရောက်လာပါသည်။ သူက မိဘများကို အကုန်အစင် ပြန်ပြောပြပါသည်။ ကျောင်းသားဆိုးသုံးယောက် သူသန့်စင်ခန်းသို့ သွားစဉ် နောက်က လိုက်လာကြကြောင်း၊ ထို့နောက် တစ်ယောက်က ဦးဆောင်ကာ သူ့ကို ထိုးကြောင်း၊ ဆရာမ သိသွားသည့်အခါ သွေးကိုသုတ်ပေးပြီး အိမ်က မေးလျှင် မတော်တဆတိုက်မိကြပြီး ချော်လဲသည်ဟုပြောရန် သင်ပေးကြောင်း စသည်ဖြင့်။

မိဘများ ကျောင်းသို့ လိုက်သွားပါသည်။ ထိုမှတစ်ဆင့် အနိုင်ကျင့်သူ ကျောင်းသားဆိုး အိမ်သို့ လိုက်သွားပါသည်။ အိမ်တွင် အဖေလည်း မရှိ။ အမေလည်း မရှိ။ အဖေကလည်း နောက်မိန်းမနှင့်။ အမေကလည်း နောက်ယောက်ျားနှင့်။ ထိုကျောင်းသားဆိုး အနိုင်ကျင့်ပုံကို တိုင်တန်းသည့်အခါ အရက်မူးနေပုံရသည့် ဦးလေးက ထိုကလေးကို ရိုက်ပါသည်။ ဤတွင် ပြီးပြီ။

ဤသို့သော ပြဿနာကို မည်သို့ဖြေရှင်းမလဲဆိုသည့် မူဝါဒ၊ မည်သို့ ကိုင်တွယ်မလဲဆိုသည့် ပညာ ကျောင်းမှာ မရှိ။ ကျောင်းအုပ်မှာလည်း မရှိ။ ဆရာ၊ ဆရာမတွေမှာလည်း မရှိ။

မူလတန်းကျောင်းသူ သမီးကလေးတစ်ယောက်ကမူ မုန့်စားဆင်းချိန် ဆော့ကစားကြသည့်အခါ သူ့ထက်လေး၊ ငါးလကြီးသည့် ကျောင်းသူ၏ အနိုင်ကျင့်မှုကို ခံရသည်။ ထိုကျောင်းသူက ကစားဖော် သုံး၊ လေးယောက်ကို စုစည်းကာ သမီးကလေး မပါစေနှင့်ဟု ဖယ်ကြဉ်ကာ သူတို့ချည်း ကစားကြဖို့ အမြဲတမ်း စီစဉ်ခြင်းဖြစ်ပါသည်။ ငါတို့နဲ့ လာကစားချင်ရင် နင့်မုန့်တွေ ငါတို့ကို ကျွေးတဲ့။ ထိုအနိုင်ကျင့်သူ ကျောင်းသူကလေးက ပြောလေ့ရှိသည့် စကားပဲဖြစ်ပါသည်။ ယင်းကို အတန်းပိုင် ဆရာမက မကြာခဏမြင်ပါသည်။ သို့သော် စိတ်မကောင်းဖြစ်တာ၊ အနိုင်ကျင့်ခံရသည့် သမီးကလေး၏ မိဘကို ပြန်ပြောပြတာကလွဲပြီး မည်သို့ကိုင်တွယ်ရမလဲ ဆရာမ မသိ။ Anti-bully Policy ဟူသည့် အနိုင်ကျင့်မှု ဆန့်ကျင်ရေးမူဝါဒ ချမှတ်ထားသည်ကလည်း အတိအကျမရှိ။ ကိုယ့်နည်းကိုယ့်ဟန်နှင့် အဆင်ပြေသလို ကြည့်နေကြရုံမျှသာ။

(သုံး)

အနိုင်ကျင့်မှုက နှစ်မျိုးရှိပါသည်။ တိုက်ရိုက်အနိုင်ကျင့်ခြင်း (Direct Attack)၊ သွယ်ဝိုက်အနိုင်ကျင့်ခြင်း (Indirect Attack)။ ထိုးခြင်း၊ ရိုက်ခြင်း၊ ထုခြင်း၊ နှက်ခြင်း၊ ကန်ကျောက်ခြင်း စသည်တို့က မြင်သာထင်သာ ရှိသည်။ ထို့ကြောင့် တိုက်ရိုက်အနိုင်ကျင့်မှု။ အများနှင့်အတူ မိမိပါဝင်ခွင့် မရအောင် ဖယ်ထား၊ ကြဉ်ထား၊ ချန်လှပ်ထားခြင်း၊ မိမိဂုဏ်သိက္ခာ ကျဆင်းအောင် ကောလာဟလ သတင်းများဖြန့်ဝေခြင်း၊ မိမိစိတ် ထိခိုက်အောင် ပြောဆိုခြင်း စသည်တို့က မြင်သာထင်သာမရှိလှ။ ထို့ကြောင့် သွယ်ဝိုက်အနိုင်ကျင့်မှု။

ကျွန်တော်တို့၏ သားသမီးများသည် သူတို့၏ ကျောင်းပရ၀ဏ်များအတွင်း၌ နေ့စဉ်နှင့်အမျှ အနိုင်ကျင့်မှုမျိုးစုံကို ခံစားနေကြရနိုင်ပါသည်။

အနိုင်ကျင့်မှုများကို ပညာရှင်တို့က အခြေခံအားဖြင့် ခြောက်မျိုးခွဲလေ့ရှိကြောင်း သတိထားမိပါသည်။

Physical Bullying တဲ့။ ကိုယ်ထိလက်ရောက်အနိုင်ကျင့်ခြင်းဟု ဆိုနိုင်ပါ၏။ ရိုက်ခြင်း၊ ပုတ်ခြင်း၊ ကန်ခြင်း၊ တွန်းခြင်း၊ ထိုးခြင်း၊ ဆံပင်ကိုဆောင့်ဆွဲခြင်း၊ မိမိပစ္စည်းဥစ္စာကို ယူခြင်းစသည်။

Verbal Bullying တဲ့။ စကားဖြင့် အနိုင်ကျင့်ခြင်းဟုဆို နိုင်ပါ၏။ မိမိသိက္ခာကျအောင် ပြောခြင်း၊ ကြမ်းကြမ်းတမ်းတမ်း ကျီစယ်စကားဆိုခြင်း၊ ထိကပါး ရိကပါးပြောခြင်း၊ ခြိမ်းခြောက်ခြင်း၊ မမှန်သတင်းလွှင့်ခြင်း၊ ရုန့် ရင်းကြမ်းတမ်းသည့်အမည်ဖြင့် ခေါ်ဆိုခြင်း စသည်။

Relational Aggression Bullying (သို့မဟုတ်) Social Bullying  တဲ့။ မိမိကို ချန်လှပ်ထား ခြင်း၊ သီးသန့်ထားခြင်း၊ အသရေ ဖျက်ခြင်း၊ အရှက်ခွဲခြင်း၊ အကျပ်ကိုင်ခြင်း၊ မိမိအတင်းကိုပြောခြင်း စသည်။

Sexual Bullying တဲ့။ လိင် အနိုင်ကျင့်ခြင်းဟု ဆိုနိုင်ပါ၏။ အောက်တန်းကျသည့် အမူအရာများ လုပ်ပြခြင်း၊ လိင်ကိစ္စ အဓမ္မချဉ်းကပ်ခြင်း၊ ကြမ်းတမ်းသည့် သုံးသပ်ချက်များပေးခြင်း၊ လိင်ကိစ္စ အကျပ်ကိုင်မှု၊ အနိုင်ကျင့်မှု လုပ်ခြင်း စသည်။

Cyber Bullying တဲ့။ ဆက်သွယ်ရေးနည်းပညာအနိုင်ကျင့်ခြင်းဟု ဆိုနိုင်ပါ၏။ အင်တာနက် ကွန်ရက်ထဲသို့ ၀င်ရောက်ကာ ဓာတ်ပုံများ၊ စာများ၊ အသံများ၊ ထင်ရာမြင်ရာရေးသားချက်များကို အခြေခံ၍ ခြိမ်းခြောက်အကျပ်ကိုင်မှု စသည်။

Prejudicial Bullying (သို့မဟုတ်) Discriminatory Bullying တဲ့။ ခွဲခြားဆက်ဆံအနိုင်ကျင့်ခြင်းဟု ဆိုနိုင်ပါ၏။ အသားအရောင်ကြောင့်၊ ဘာသာရေးယုံကြည်မှုကြောင့်၊ လူမျိုးကြောင့်၊ နိုင်ငံကြောင့်၊ လိင်ကြောင့်၊ ကိုယ်လက်အင်္ဂါအနေအထားကြောင့် ခွဲခြားဆက်ဆံမှု စသည်။

ကျွန်တော်တို့၏ သားသမီးများသည် ထိုအနိုင်ကျင့်မှုများကို ခံနေရလေ့ရှိသည်ဟု ဆိုပါသည်။ တိုက်ရိုက်အနိုင်ကျင့်မှု (Direct Attack)သည် ယောက်ျားကလေးများ၌ ဖြစ်လေ့ရှိသည် ဆိုပါသည်။ ဥပမာ လက်သီးနှင့် ထိုးသည်မျိုး။ သွယ်ဝိုက်အနိုင်ကျင့်မှု (Indirect Attack)သည် မိန်းကလေးများ၌ ဖြစ်လေ့ရှိသည်ဆိုပါသည်။ ဥပမာ ဟဲ့...သူ့အကြောင်းကြားပြီးပြီလား ဆိုသည်မျိုး။

ကျောင်းက ဆရာ၊ ဆရာမတို့သည် အနိုင်ကျင့်ခြင်း၏ အောက်တန်းကျပုံများကို ကလေးတို့ ရင်ထဲရောက်အောင် ဆုံးမသွန်သင်ဆွဲဆောင်ရင်း အနိုင်ကျင့်သော ကျောင်းသူ၊ ကျောင်းသားကို ပြတ်ပြတ်သားသား ရှုတ်ချသကဲ့သို့ အနိုင်ကျင့်ခံရသူတို့ဘက်မှ ကြံ့ကြံ့ခိုင်ခိုင် ရပ်တည်ပေးဖို့လည်း လိုအပ်မည်ထင်ပါသည်။ ယဉ်ကျေး၍ အဆင့်မြင့်သော လူ့အဖွဲ့အစည်းရပ်ဝန်းများတွင် အနိုင်ကျင့်လိုသော သူတို့အတွက် နေရာမရှိကြောင်းလည်း သတိပေးရမည်သာ ဖြစ်ပါသည်။

ပညာရှင်တို့က သုံးချက် ပြောပါသည်။ အနိုင်ကျင့်ခံရသူတို့၏ စောဒကကို အလေးအနက် နားထောင်ပါတဲ့။ သင့်ရဲ့တန်ဖိုးထားမှုနဲ့ အားပေးထောက်ခံပါတဲ့။ ကိုယ့်ကိုယ်ကိုယ် ဘယ်လိုကာကွယ်လို့ သင်ပေးပါတဲ့။

(လေး)

စာသင်ခန်းများသည် စာသင်ကြားပေးရုံသာမက ကျောင်းသူ၊ ကျောင်းသားတစ်ဦးချင်း၏ စိတ်ကိုပါ အကဲခတ်ကာ ကျောင်းပရ၀ဏ်အတွင်း၌ အနိုင်ကျင့်မှုများ ကင်းအောင် အမြဲမပြတ် စောင့်ရှောက်အပ်ပါသည်။    ။

(စာရေးဆရာမောင်သာချိုသည် ကဗျာ၊ ၀တ္ထုတို၊ ခရီးသွား၊ စာပေ၊ လူမှုရေး၊ ပညာရေး၊ စာပေရေးရာ ဆောင်းပါးများ ရေးသားနေသူ ဖြစ်သည်)

7Day Daily webpage ကနေ ကူးယူပါတယ်။ ဆဲဗင်းဒေးကို ကျေးဇူးတင်ပါတယ်။

စလေ ငနော့ 

Comments

Popular posts from this blog

ငရဲဆိုတာ ဂျိုနဲ့လား 🖋 ဟံသာဝတီ ဦးဝင်းတင်

ဘာလဲဟဲ့... လူ့ငရဲ (မိတ်ဆက်) 🖋 ဟံသာဝတီ ဦးဝင်းတင်

ပုံစံခွက်ထဲက နိုင်ငံရေးမုန်တိုင်း (၁) 🖋 ဟံသာဝတီ ဦးဝင်းတင်