ကင်မရာအရေးအတွက် ဘဝင်မှာ မအေးကြောင်း မေတ္တာစာ 🖋 ဂျက်ကွမ်းခြံကုန်း
ကင်မရာအရေးအတွက်
*******************
ဘဝင်မှာ မအေးကြောင်း မေတ္တာစာ
*******************************
ဂျက်ကွမ်းခြံကုန်း
အနန္တော အနန္တ ငါးပါး
ဦးထိပ်မှာ ထားပြီးသည့်သကာလ
အရပ်လေးမျက်နှာ
အရပ်ရှစ်မျက်နာ
အရပ်ဆယ်မျက်နှာ
၃၆၀ ဒီဂရီသော အရပ်မျက်နှာ ချာလပတ်ရှိ
သတ္တဝါ အနန္တ
ဝေနေယျများစွာတို့နှင့်အတူ
သပွတ်အူရှိ တူ၊ တူမ အပေါင်း
ကျွန်ုပ်၏ မေတ္တာအုပ်ဆောင်းအောက်မှာ
ငြိမ်းချမ်းကြပါစေကြောင်း
ဆုတွင်တွင်တောင်းကာ
အနှီမေတ္တာစာလွှာကို
ပို့သအပ်ပါသည်။
သြော်.....
သူကြီးကအစ
လယ်တောက သူရင်းငှားအဆုံး
တောင်ကတုံးပေါ်က ဆိတ်ကျောင်းသူမကျန်
ဘုန်းတန်ခိုးတေဇာနဲ့
ဖုန်းမိုးစွေ ရွာပြန်သည့်ကာလ
ကြက်ဦးတွန်သည်မှ
သက်ကြီးခေါင်းချသည့်တိုင်
သပွတ်အူတစ်ရွာလုံး
Hello သံများဖြင့် ဖုံးလွှမ်းကာ
လှိုင်၍ နေပေ၏။
ယင်းနောက်
ထို့နောက်
၎င်းနောက်.....
တစ်ယောက်က စကာ
သပွတ်အူတစ်ရွာလုံး
ဖုန်းရှေ့မှာ acting လုပ်
ကိုယ့်သရုပ်ကို ကိုယ်ကြည့်
ပီတိလျှမ်းဖြာ
ဆီထိဂွမ်းပမာ
ဆဲလ်ဖီ (selfie) ကမ္ဘာကြီးထဲသို့
ဆိုက်ရောက်လေ၏။
ရေခပ်မဆင်းမီ
ဆဲလ်ဖီ။
ဆွမ်းမချက်မီ
ဆဲလ်ဖီ။
ဆွမ်းမလောင်းမီ
ဆဲလ်ဖီ။
လယ်မထွန်မီ
ဆဲလ်ဖီ။
ပျိုးမကြဲမီ
ဆဲလ်ဖီ။
ပျိုးမနုတ်မီ
ဆဲလ်ဖီ။
ကောက်မစိုက်မီ
ဆဲလ်ဖီ။
စပါးမရိတ်မီ
ဆဲလ်ဖီ။
နွားစာမစဉ်းမီ
ဆဲလ်ဖီ။
ကြက်သွန်မနွှာမီ
ဆဲလ်ဖီ။
ဆွမ်တော်မတင်မီ
ဆဲလ်ဖီ။
ဆွမ်းတော်မစွန့်မီ
ဆဲလ်ဖီ။
သီလမယူမီ
ဆဲလ်ဖီ။
ရေစက်မချမီ
ဆဲလ်ဖီ။
မော်တော်ဆိပ်မဆင်းမီ
ဆဲလ်ဖီ။
ပန်းသီးပင်ပေါ်က
ပန်းသီးတို့ ကြွေကျသွားသည်မှာ
ဘာကြောင့်ဟု မတွေးလိုက်မိသည်က
သပွတ်အူက လူတစ်သိုက်နှင့်
ဆဲလ်ဖီရိုက်နေလို့ပါဗျ တဲ့။
ဘင်သံတစ်ချက် နှစ်ချက်နဲ့
အင်္ဂလန်ဘက်က
အိုင်ဇက်နယူတန် (Issac Newton)
သို့ကလို အကြောင်းပြန်တော့အံ့ ထင်ပါ၏။
ရေစည်ပိုင်းကြီးထဲက
ရေတွေ လျှံကာကျလာစဉ်မှာ
ဘဇာကြောင့် ဆိုတာကို
စည်ပိုင်းထဲက ငါ မစဉ်းစားမိလိုက်
သပွတ်အူက လူတစ်သိုက်နဲ့
ဆဲလ်ဖီရိုက်နေလို့တဲ့။
ကမ္ဘာအသိ
မဟာဂရိ
အာခိ ဆိုတဲ့ မိဒိ (Archimedes) က
သို့ကလို ဝန်ချအံ့ ထင်ပါ၏။
မှန်ပြောင်းတစ်လက်နဲ့
စကြဝဠာကို ကြည့်တဲ့အခိုက်
မြေကမ္ဘာနဲ့ နေ လ နက္ခတ်တာရာ
ဘယ်အဝှာက ဘယ်အဝှာကို
ပတ်ကာဝိုက်
ငါ မစူးစမ်းမိလိုက်
သပွတ်အူက လူတစ်သိုက်နဲ့
ဆဲလ်ဖီရိုက်နေလို့ တဲ့။
ပြောရရင်
အောချလောက်ပါရဲ့၊
ရောမ ခေါ် အီတလီက
ဂယ်လီလီယို (Galileo) က ကျွန်ုပ်ထံ
အနို့ကလို တောင်းပန်အံ့ ထင်ပါ၏။
ဂရိဒဏ္ဍာရီထဲက
နာဆစ်ဆပ် (Narcissus) မင်းသားပမာ
အတ္တတဏှာပေမဝါဒ
ကိုယ့်ကိုယ်ကိုယ် ပြန်သဘောကျ
ကင်မရာက ကိုယ့်ကိုယ်ကိုယ် ရိုက်ဖို့သာ။
ကမ္ဘာကြီးမှာ
သူများ စပိ (Speed) က ဘယ်လောက်မြန်
သူများအသိက ဘယ်လောက်ဟန် ဆိုတာ
သပွတ်အူရွာက မသိလိုက်။
အမှားကို သူတို့ ဘယ်လိုရှောင်ကွင်း
တရားကို သူတို့ ဘယ်လိုဆောင်ကြဉ်း ဆိုတာ
သပွတ်အူရွာက မသိလိုက်။
ဘယ်အရပ်မှာ မီးတွေတောက်
ဘယ်အရပ်မှာ ခရီးတွေပေါက် ဆိုတာ
သပွတ်အူရွာက မသိလိုက်။
ဆဲလ်ဖီ အဖုံဖုံနဲ့
ကိုယ့်ပုံကို ကိုယ်တင်
ကိုယ့်အသွင် ကိုယ်ကြည့်
တခြိခြိ
တစ်ရွာလုံး
သကာဖုံးလျက် ရှိလေ၏။
ဩော်... သူ၊ ငါ များစွာနဲ့
မတူထူးခြားကာ
ယူဇနာများစွာ ကျန်ခဲ့သည့် သပွတ်အူက
ကျွန်ုပ်၏ တူ၊ တူမအပေါင်းတို့သည်
ကောင်းကောင်းကြီး သတိမူလျက်
သပွတ်အူနောက်မှာ ပြတ်မကျန်ဖို့အရေး
ဆဲလ်ဖီကလေးရိုက်ရင်းက စဉ်းစားဖို့ရာ
သတိပေး မေတ္တာစာ
ဆက်သွင်းလိုက်ရပါပေသည်တမုံ့။ ။
➡ ➡ ➡
ဂျက်ကွမ်းခြံကုန်း
ဂျက်ကွမ်းခြံကုန်း၏ 'ဂျက်မေတ္တာစာ' မှ။
ဆရာဂျက်ကွမ်းခြံကုန်းရဲ့ ဂျက်မေတ္တာစာ စာအုပ်ထဲက မေတ္တာစာ ၁၀ ပုဒ်စလုံးကို စာရိုက်တင်ဆက်လို့ ပြီးပါပြီ။ သည်စာအုပ်ထဲက နောက်ထပ် တင်စရာ မကျန်တော့ပါ။
Comments
Post a Comment