ဆရာကြီးဂျက်၏ စကားမပီသူများထံပေး မေတ္တာစာ 🖋 ဂျက်ကွမ်းခြံကုန်း

ဆရာကြီးဂျက်၏ 
*************
စကားမပီသူများထံပေး 
******************
မေတ္တာစာ
*********

ဂျက်ကွမ်းခြံကုန်း

ဩကာသ ဩကာသ ဩကာသ။

တောင်ကုန်း တောင်တန်း
တောင်ကလပ် တောင်ပူစာ
တောင်သေလာနဲ့ တောင်ဧရာမ
အထောင်ထောင် အသောင်းသောင်း
တောင်အပေါင်းပေါင်းတို့၏ ဂန္ဓာမာဒန၊
ပတ္တမြားလိုဏ်ဂူ
နန္ဒမူ၏အဝ
ယက္ခဂုမ္ဘဏ်
ဝန်းရံစောင့်ကြပ် 
မဉ္ဇူသက တည်းဟူသော
နတ်ပန်း၏ရနံ့ကို ရသည့်နှယ်
မေတ္တာရနံ့ အံ့ချီးမခန်း
ကျွန်ုပ်ပို့သည်ကို ရကြတော့လေစမ်းဟု
မြို့ကြီးနေ တူ၊ တူမအပေါင်းထံ
ကမ်းလင့်လိုက်ရပါပေသည်။

ကျွန်းတိုင်ကြီးတွေက မောင်းမောင်းညိုညို
လက်ရန်းတွေက လဲလဲပြိုပြို
ဘုန်းတော်ကြီးက သက်တော်အိုအို
ဟိုး အရွယ် ချိုင်းလ်ဟုဒ် (Childhood) တုန်းဆီက
ကျွန်ုပ်တို့၏ ပထမအရွယ်
'ကကြီး' မှ 'အ' အဆုံး
'ဝ' တွေက တစ်လုံးပြီးတစ်လုံး
ဘဝတွေကို စတင်၍ သီကုံးစကို
ပြန်လည်၍ လွမ်းမိသလိုလိုပါ
တူ၊ တူမတို့။

က၊ ခ၊ ဂ၊ ဃ၊ င
ဌာန်ကရိုဏ်းတွေကို
အမှန်အတိုင်း ရွတ်ဆိုခဲ့ကြ
မပီကလာတွေကို
ရီ(ရယ်)စရာပေဟု ထင်မှတ်ခဲ့ရ
မှတ်မိသေးတာပ
တူ၊ တူမတို့။

အီ၊ အေ၊ အယ်၊ အာ၊ အော်၊ အို၊ အူ
နှုတ်ခမ်းပြန့်၊ နှုတ်ခမ်းဝိုင်း၊ နှုတ်ခမ်းစူ
သရအထွေထွေတို့ကိုလည်း
ဘဝအရှည်အတွက် ရွတ်ခဲ့ရပါကော
တူမနဲ့ တူ။

ဒီဃနဲ့ ရသ၊
ဓနိတနဲ့ သိထိလ၊
ဃောသနဲ့ အဃောသ
ရှည်၊ တို၊ ဖိ၊ ဖော့၊ ပြင်း၊ ပျော့ ထိုသရ
မှန်မှန်နဲ့ မြန်မြန် ရွတ်ဆိုခဲ့ကြ
တူ၊ တူမတို့ မှတ်ကြလေကုန်။

ယခုတစ်မူ၊
ငါ၊ သူတစ်ပါး
ယောက်ျား၊ မိန်းမ
ပသို့နှယ် ဖြစ်ကုန်ကြသည် မသိ
ခေတ်၏ရောဂါ
မပီကလာ ပီကလာ
ဌာန်ကရိုဏ်းတို့
အမှန်အတိုင်း မဟုတ်လေသောအခါ
ဘာညာကြိကြ 
သရတလွဲ၊ ဗျည်းတလွဲနဲ့
နာထဲမရှင်း
ဘယ့်နှာသို့
ပရိုနောင်ဇယေးရှင်း (pronunciation) ခေတ်ကြီးပါလိမ့်။

'မုန့်ဟင်းခါး' ကို 'မွင်းဂါး'
'သူများ' ကိုတော့ 'သများ' ဟူ၏။
'သိလား' ကိုကျတော့ 'တိလား' လုပ်၊
'မဟုတ်ဘူး' နေရာ၌ 'မှုတ်ဘူး' ဆို
'အချိုအချဉ် ' က 'အရှိုအရှင်'
'ရှင်' လို့ ထူးတဲ့အခါ 'ရှန်' ဆိုလား၊
'အမဲသား' က 'အမဲတား' ဖြစ်၊
'အချစ်ကဗျာ' က 'အရှစ်ဂဂျာ'၊ 
'မာလကာသီး' က 'မာကာသီး'
'သမီး' ကနေ 'သွီး' ဟု ဖြစ်၊
ခေတ်ဌာန်နဲ့ ခေတ်ကရိုဏ်းများ၊
ခေတ်အသံနဲ့ ခေတ်လှိုင်းကြားမှာ
ခေါင်းမူးမသွားအောင် နားထောင်ရ၊
ကြား‌ယောင်သမျှကို သတိချပ်၍
ကဝိ အမှတ်မှားအောင်
ကြိုးစား၍ နေကြရပါချပြီ။

မပီကလာ သူ့စကား
တူတူရေဝါး ဟူသကဲ့သို့
လူသူထွေပြားသမျှ
တူတူရေဝါးကြမြှဖင့်
တစ်လောကလုံး ကလေးဆန်မည်ကို စိုးရိမ်မိ၍
တွေးရန် မေတ္တာစာ ပို့လွှတ် ရပါ‌ပေသည်
တူ၊ တူမ အပေါင်းတို့။    ။

➡ ➡ ➡

ဂျက်ကွမ်းခြံကုန်း

ဂျက်ကွမ်းခြံကုန်း၏ 'ဂျက်မေတ္တာစာ' မှ။

သရုပ်ဖော် - ကာတွန်းအော်ပီကျယ်။

စာရိုက်တင်ဆက်သူ
စလေ ငနော့

Comments

Popular posts from this blog

ငရဲဆိုတာ ဂျိုနဲ့လား 🖋 ဟံသာဝတီ ဦးဝင်းတင်

ဘာလဲဟဲ့... လူ့ငရဲ (မိတ်ဆက်) 🖋 ဟံသာဝတီ ဦးဝင်းတင်

ပုံစံခွက်ထဲက နိုင်ငံရေးမုန်တိုင်း (၁) 🖋 ဟံသာဝတီ ဦးဝင်းတင်