သပွတ်အူကျေးရွာနေ ဆရာကြီးဂျက်က ဖုန်းတော်ရှင် တူ၊ တူမများထံပေး ‌မေတ္တာစာ🖊 ဂျက်ကွမ်းခြံကုန်း

သပွတ်အူကျေးရွာနေ ဆရာကြီးဂျက်က  
*****************************
ဖုန်းတော်ရှင် တူ၊ တူမများထံပေး 
*************************
မေတ္တာစာ 
***********

ဂျက်ကွမ်းခြံကုန်း

စိမ်းလန်းစေသော၊
ငြိမ်းချမ်းစေသော၊
အေးမြစေသော၊
ဘေးမခစေသောဟု
ဩဓိသပတ္ထနာ မေတ္တာလဝန်းဖြင့်
ထွန်းလင်းစေအပ်ပါသည်
အမောင်တို့၊ အမိတို့။

ရွှေရောင်၊ ငွေရောင်၊
မြရောင်၊ ဖန်ရောင်
အရောင်ရောင် အရွှန်းရွှန်း၊
အကျွန်းကျွန်းတို့၏ အလယ်တွင်
ဇမ္ဗူဒီပါ လက်ယာတောင်စွန်း၊
ကျွန်ုပ်တို့၏ မြရောင်ကျွန်းကြီးသည်ကား၊
အတိတ်ထွန်း နိမိတ်ထွန်းသည်
ကျွန်းကြီးဩရသ ဖြစ်ဘိတော့ချေရာ၊
အောင်အတိတ် ထွေထွေရာရာ
အောင်နိမိတ် ဝေဝေဖြာဖြာနှင့်
ပြည့်နှက်ကြပါစေသော်ဝ်ဟု 
အောချလောက်အောင်
မေတ္တာပို့သအပ်ပါသည်။

ဟိုးယခင့်ယခင်
ဘုရင်ဘုရင်များ လက်ထက်တုန်းဆီက
တစ်ဌာနနှင့် တစ်ဌာန 
ဆက်သွယ်ကြရာတွင်
ခြေလျင်တော်ဌာန၊ လှေလျင်တော်ဌာန 
မြင်းလျင်တော်ဌာန၊ ကြေးနန်းဌာန
စသည်... စသည်ဖြင့်.... 
ဌာနလေးလီ အခြေတည်ကာ
ပြည်ရွာတစ်ဝန်း ကြောင်းလမ်းသွယ်ယှက်
သတင်းဆက်သွယ်ခဲ့ကြသည်ကို
အမောင်နှင့် အမိ
ကြားဖူးနားဝ ရှိကြချေသည် မဟုတ်သလော။

အနို့နောက်
Hello ဟူသော ခေတ်သို့ ဆိုက်ရောက်၏။

အမောင်နှင့် အမိ
ဂျင်နရယ်နောလိ (General Knowledge) 
ရှိကြသူတို့ သိသည့်အတိုင်း
အန်တိုနီယိုမီယူချီ၊ အီတလီနှင့်
အလက်ဇန္ဒား၊ ဂရေဟမ်ဘဲလ် 
နှစ်ယောက်တွဲလိုက်ကြသည်တွင်
Hello လောက
ခြေလှမ်းစခဲ့လေ၏။

အန်တိုနီယိုမီယူချီသည်ကား
ကျူးဘားသို့ ပြောင်းရွှေ့ကာ
လျှပ်စစ်စီးကြောင်းနှင့် ဆေးကုသရန်အလို့ငှာ၊
သုတေသနလုပ်၍ နေရာဝယ်
ကိုယ်တစ်ပိုင်းသေ ဇနီးနှင့် မိမိအကြား
ကြေးနန်းကြိုးနှင့် ဆက်သွယ်စကားပြောရာက
Hello, Hello စပြီး ဖြစ်ခဲ့ရချေသည်။

တယ်လီဖုန်းကို
မြန်မာလို ပသို့ ခေါ်မတုံးဟု
ပထမဦးဆုံး ခေါင်းစားခဲ့သူမှာကား
သတင်းချွန် သတင်းကြီးသည့်
ကင်းဝန်မင်းကြီးပေတည့်။

လန်ဒန်သွား နေ့စဉ်မှတ်တမ်း၊
ပြင်သစ်သွား နေ့စဉ်မှတ်တမ်း၊
ဝန်ကြီး၏ ခရီးသွားဇာတ်လမ်း တစ်နေရာဝယ်
'ဒိဗ္ဗသောတဓာတ်ခွက်' ဟု
သို့ကလို ဘာသာပြန်ပြီး နှက်ထည့်လိုက်လေရာ
ကျွန်ုပ်ဂျက် သဘောတွေ့မိပါ၏။

ဒိဗ္ဗသည်ကား နတ်၊
သောတသည်ကား အကြားအာရုံ၊
နတ်နားနှင့် နတ်အကြားဟု
အဓိပ္ပါယ်ယူလိုက်ပုံ
တယ်လီဖုန်း၏ ဗျုပ္ပတ်နှင့်
အဟုတ်ဟတ်၍သာ နေတော့ကုန်၏။

ကြိုးနဲ့ဆက်ထားတော့ ကြိုးဖုန်း၊
လက်နဲ့ ကိုင်ထားတော့ လက်ကိုင်ဖုန်း၊
ခြင်းနဲ့ ထည့်ထားတော့ ခြင်းဖုန်း၊
ခါးမှာ ချိတ်ထားတော့ ခါးချိတ်ဖုန်း၊
အိတ်ထဲ ထည့်ထားတော့ အိတ်ထည့်ဖုန်း၊
လည်ပင်းမှာ ဆွဲထားတော့ လည်ဆွဲဖုန်း၊
တဖုန်းဖုန်းနဲ့
ဆက်သွယ်မှု ဧရိယာ အပြင်ဘက်သို့
မကြာခဏ ကျရောက်လေ့ရှိတုန်း အခိုက်ဝယ်
မရှိ ရှိတာကလေး ပေါင်နှံထုခွဲပြီးသည့်သကာလ
အမောင်တို့၊ အမိတို့
Mobile phone ကိုင်ကြပြီ ဆိုကြောင်းကို
သပွတ်အူက ဂျက်ဆရာ
ကြားသိရပါသည်။

စကားစကား ပြောပါများ၊
စကားထဲက ဇာတိပြ
ဆုံးမရစ်ခဲ့ကြချေသည်။

လောတိုင်းလည်း အလျင်စလို မလုပ်နဲ့၊
တောတိုင်းလည်း အပင်ထိုထို မခုတ်နဲ့၊
ပြောတိုင်းလည်း နားဝင်ချိုချို မဟုတ်သကွဲ့။
လောတိုင်း အလျင်စလို လုပ်တော့
တစ်လောကလုံးရဲ့ အမှား၊
တောတိုင်း အပင်ထိုထို ခုတ်တော့
တောအလှပြုန်းတဲ့ တရား၊
ပြောတိုင်း နားဝင်ချိုချို မဟုတ်တော့
အောချ ပြုံးစဖွယ့်စကား။

တစ်နေ့သ၌
ဘတ်စ်ကား စီးသွားသည့်အခိုက်
ကျွန်ုပ် ကြားလိုက်မိသည်မှာ
"ဟဲလို... ဟဲလို...
ကိုယ်ပါ... ကိုယ်ပါ၊
သံရုံးက ပြန်လာနေပြီ၊
ဗီဇာကိစ္စက ထားစမ်းပါကွာ၊
လေဆိပ်ကို လိုက်ပို့မှာလား မေးထားလိုက်'' တဲ့။
ဘတ်စ်ကားတစ်စီးလုံး 
ပူအိုက်အိုက်ကြီးပါ အမောင်တို့၊ အမိတို့။

ချစ်စေလို ခံတွင်း လက်လေးသစ်၊
မုန်းစေလို ခံတွင်း လက်လေးသစ်၊
စုပေါင်းတက္ကစီကလေး စီးကြစဉ်က အဖြစ်မှာ
"ဟဲလို... ဟဲလို...
ကြားပြီ... ကြားပြီ...
တက္ကစီနဲ့ ပြန်လာနေလို့၊
ကားမလွှတ်လိုက်နဲ့၊
ကားမလွှတ်လိုက်နဲ့၊
ဘော်ဘီ့ကို ညနေ အားဆေးတိုက်ထားဦး'' တဲ့။
အိပ်ဇောပိုက်က မီးခိုးလုံးကြီးတွေက
မှောင်ပါတယ် အမောင်တို့၊ အမိတို့။

နှုတ်ကောင်းလျှင် ပြည်စိုး၊
နှုတ်ချိုတော့ သျှိုတစ်ပါး
ဆိုစကား ရှိသည်နှင့်အညီ၊
အဆော့သန်သည့်နွားကိုလည်း မရောမိစေနဲ့၊
ပေါ့တန်သည့်စကားကိုလည်း မပြောမိစေနဲ့။
အဆော့သန်သည့်နွားကို ရောတော့ နွားကန်ခံရမည်၊
ပေါ့တန်သည့်စကားကို ပြောတော့ အဟားအမှန်ခံရမည်။

တစ်နေ့သ၌
ခန်းမကြီးတစ်ခုထဲတွင် ရှိခိုက်
"ဟဲလို...
စားပြီးကြပြီလား၊
ဘာရယ်...
ကြာဇံဟင်းခါးနဲ့ ရှောက်သီးသုပ်၊
ကိုယ်မနာလိုအောင် လုပ်စားကြတာပေါ့၊
စိတ်တိုတယ် သိလား၊
သွား...'' တဲ့။
အလုပ်ကြီးအကိုင်ကြီးတို့ရဲ့ စကား၊
ကြားလိုမှ ကောင်းကြသေးရဲ့လား။

အခါတစ်ပါးကမူ
"ဟေ့ကောင် ခွေးသား၊
မင်း ငါ့သိလား'' တဲ့။
"ခင်ဗျား ဘယ်သူတုံး'' ဆိုပါလျက်
တစ်လုံးမှ ပြန်မဖြေ၊
"ငါ့နာမည် မင်း ရအောင် စဉ်းစားလေ'' တဲ့။
ပဟေဠိဖုန်းကြောင့်
ခွေရိနုံးခဲ့ရသည်လည်း တစ်မှောင့်။

သူ ဖုန်း၊ ငါ ဖုန်း
တဖုန်းဖုန်းနဲ့
သူက ဟဲလို၊ ငါ ဟဲလိုနဲ့
ထိုထိုစကား ထိုထိုနားမှာ၊
လူကြားလို့ မကောင်း
အပူပွားဖို့အကြောင်း ဖြစ်ချေရာ
အသိကလေး ကပ်
သတိကလေး ချပ်ကာ
စပိ(Speak) အရေးတတ်ကြပါစေကြောင်း
သပွတ်အူကျေးရွာနေ တူ၊ တူမအပေါင်းတို့။    ။

➡ ➡ ➡

ဂျက်ကွမ်းခြံကုန်း

ဂျက်ကွမ်းခြံကုန်း၏ 'ဂျက်မေတ္တာစာ' မှ။

သရုပ်ဖော် - ကာတွန်းအော်ပီကျယ်။

စာရိုက်တင်ဆက်သူ
စလေ ငနော့ 

Comments

Popular posts from this blog

ငရဲဆိုတာ ဂျိုနဲ့လား 🖋 ဟံသာဝတီ ဦးဝင်းတင်

ဘာလဲဟဲ့... လူ့ငရဲ (မိတ်ဆက်) 🖋 ဟံသာဝတီ ဦးဝင်းတင်

ပုံစံခွက်ထဲက နိုင်ငံရေးမုန်တိုင်း (၁) 🖋 ဟံသာဝတီ ဦးဝင်းတင်