ဘဝကြင်ဖော်ရွေးရန် ခက်နေသည့် တူမကြီးငယ်များထံပေး မေတ္တာစာ 🖋 ဂျက်ကွမ်းခြံကုန်း

ဘဝကြင်ဖော်ရွေးရန် ခက်နေသည့် 
***************************
တူမကြီးငယ်များထံပေး မေတ္တာစာ
*****************************

ဂျက်ကွမ်းခြံကုန်း

ဩကာသ ဩကာသ ဩကာသ။
ကကုသန် ကောဏာဂုံ ကဿပ၊
ရှင်တော် ဂေါတမနှင့် အရိမေတ္တယျ
ပွင့်တော်မူလတ္တံ့နှင့် ပွင့်တော်မူခဲ့ကြရာ
ငါးဆူသော ဘုရားရှင်မြတ်တို့၏
ဤဘဒ္ဒကမ္ဘာသည်
သာယာ၍ ငြိမ်းချမ်း
စိမ်းလန်း၍ ဝေဆာပါစေကြောင်းဖြင့်
စေတနာကောင်းတို့ကို ပို့သလိုက်ရပါသည်
တူမကြီး၊ တူမကလေးတို့။

ဘုရား၊ တရား၊ သံဃာ၊
ဆရာနဲ့ မိဘ
ငါးဖြာသော အနန္တော အနန္တတို့ကို
ဦးထိပ်မှာ ထားပြီးသည့်သကာလ
စာအားဖြင့် ကြားရောက်လိုက်ရပါပေသည်
ချစ်တူမတို့ငဲ့လေ။

ဘူးကောင်းလျှင် စင်ခံ
လင်ကောင်းမှ စံရသည် ဟူသတတ်။
လင်စံရွေး
လင်ခွေးနဲ့ညား ဟူ၍
ဆိုရိုးစကား
ရှိထားခဲ့သည်ကလည်း တစ်ရပ်။

သီးချိန်တန်သီး၊ ပွင့်ချိန်တန်ပွင့်
သမီးကညာ၊ ရွယ်ရောက်လာ
အခါမလင့်စေနှင့်ဟု ဆိုသလို
အာဝါဟ ဝိဝါဟ၊
သူ့အရွယ်နှင့် သူ့အခါသမယ၊
လူ့နယ်တွင်းသို့ ဆင်းကြသည့် သဘာဝကို
ဘာကမှ ဟန့်တားနေရန်
အကြောင်းမရှိပါ။

အနို့သော်
အဖော်အဖက် လက်တွဲဖို့ရာ
လင်ယောက်ျား ရှာကြရာ၌
စမ်းတဝါးဝါးနှင့်
လမ်းမှားသွားမည်ဟိုကား
အထူးပင် စိုးရိမ်မိပါသည်။

စနေနဲ့ ဗုဒ္ဓဟူး
ရူးတောင်မှ ထမင်းမငတ်တဲ့၊
စနေသားနဲ့ ဗုဒ္ဓဟူးသမီး၊
စနေသမီးနဲ့ ဗုဒ္ဓဟူးသူ
၎င်းအချက်နှင့်
အပေါင်းအဖက်ကို ရှာသူတို့လည်းရှိပါ၏။

ဓမ္မာ သောက၊ အင်းဝရာဇာ
အိမ်ထောင်ဖက် အသက်မရှည်ရာတဲ့၊
စနေနဲ့ သောကြာ၊
တနင်္ဂနွေနဲ့ ဗုဒ္ဓဟူး
ကြင်ရာမှာ မင်္ဂလာမရှိဘူးဟု ဆိုကာ
၎င်းအရာကို ခေါင်းခါသူလည်းရှိပါ၏။

ဥဿာစိန်ပန်း ဒန်းလှကိုရှာ
အိမ်ထောင်ဖက် အသက်လွန်ရှည်ရာတဲ့။
တနင်္ဂနွေနဲ့ သောကြာ၊
အင်္ဂါနဲ့ ကြာသပတေး
စနေကလေးနဲ့ ဗုဒ္ဓဟူးနေ့နံ
ကံကောင်းသတတ်ဟု ဆိုကာ
အမြန်ပေါင်းစပ်သူတို့လည်း ရှိပါ၏။

မိထိလာပြည့်ရှင် ဇနကဘုရင်၏
ရင်နှစ်သည်းချာ၊ မယ်သီတာကမူ
လေးတင်နိုင်သူမှ ငါ့လင်သား
လက်မောင်းသားကြီးမှ ငါ့ဒါလင်ဟု ဆိုသဖြင့်
တင်လဲတင် ပစ်လည်းပစ်
မိုးကြိုးထစ်သလို ထက်ပိုင်းကျိုး
လက်မောင်းတန်ခိုးမှာ အမှတ်တစ်ရာရ
ကိုရာမသာ ငါ့ဒါလင်၊ ကိုရာမသာ ငါ့ဥစ္စာ ဟူ၏။

ဟိုးအထက် ဝတိံသာက
နတ်မင်း အသူရာကမူ
သမီးတော်အတွက်
ကြင်ဖက်ကို ရှာဖွေရာတွင်
ပန်းကုံးကို လေမှာ လွှတ်၊
ခေါင်းမှာ သွားစွပ်သူမှ ခင်ပွန်းလောင်း
ကံအကြောင်းပါလျှင် မေ့ဒါလင် ဟူ၏။

ရွှေငွေရတနာ ကျောက်သံ ပတ္တမြား
တိုက် ခြံ ကားနဲ့ ဘွဲ့ဒီဂရီ
အကြောင်းတစ်ရပ်ရပ်ကို အခြေခံ၍
ပေါင်းစပ်သွားသူတို့လည်း ရှိကြပေသည်။

ယခုတစ်မူ
ယောက်ျားဘသား၊
ဆေးမင်ကြောင်ထိုးထားမှ
ကျားပီသသပေါ့ဟု
အများညီကြသောခေတ်သို့
ရောက်လာပြန်ပါပြီ။

တက်တူး(Tatoo) ခေါ် ဆေးမင်ကြောင်တွေနဲ့
စိမ်းရောင် နီရောင်၊ 
တစ်ကိုယ်လုံး မည်းမည်းမှောင်၊
နဂါးနှစ်ကောင်က ကိုယ်ကို ပတ်၊
လည်ပင်းအစပ်နားမှာက အိမ်မြှောင်ကလေး၊
တံတောင်ဆစ်အကွေးထိက ငါးကြင်းကွက်ကြီးတွေ၊
လက်ခုံတွေ၊ လက်ဖျံတွေမှာက အရုပ်စုံ၊
အရိုးခေါင်းပုံ၊ ပုဆိန်ပုံ
ငါးမန်းပုံ၊ ဂီတာပုံ
မုတ်ဆိတ်မွေး တစ်ပြုံတစ်မနဲ့ ချေဂွေဗားရား၊
စာတန်းများကလည်း စုံပါပေ့၊
သတ္တိနဲ့ အချစ်
Life is Short နဲ့ ဗုဒ္ဓ
အမေ ဆိုတဲ့ စာလုံးကလေးလည်း
မကြွင်းမကျန်။

အသည်းစားဘုရင်မကြီး ခင်အုန်းမြင့် စာတန်းနဲ့
အသည်းဓားစိုက်၊
နဖူးတစ်ဝိုက်မှာက ကိုယ်နာမည် ကိုယ်ထိုး၊
ဆေးမင်ကြောင်အမျိုးမျိုးနဲ့
ယောက်ျားကောင်းများစွာကို
လျှောက်သွားရာ နေရာတိုင်းမှာ တွေ့ရပါပြီ။

ယောကျာ်းကောင်း ဟုတ်သော်
ကိုယ့်အပေါ်မှာ အရုပ်ပါ၏။
ယောက်ကျားမြတ်မှန်လျှင်
ကိုယ်ပေါ်တွင် စာတန်းတင်၏။
အရုပ်နဲ့စာ၊ ပါ မပါကို
သေချာ စေ့ငု၊
ခြေဆုံးခေါင်းဖျား ကြည့်ရှုကြပြီးလျှင်
ဟောဒါမှ ငါ့ခင်ပွန်းလင်ဟု
အသင်တူမကြီးငယ်တို့
တွေးတဆဆ
ဆေးခိုင်၊ မခိုင်
အတွေးပိုင်ပိုင်နဲ့
ရွေးချယ်နိုင်ကြပါစေသော်ဝ်။     ။

➡ ➡ ➡

ဂျက်ကွမ်းခြံကုန်း

ဂျက်ကွမ်းခြံကုန်း၏ 'ဂျက်မေတ္တာစာ' မှ။

သရုပ်ဖော် - ကာတွန်းအော်ပီကျယ်။

စာရိုက်တင်ဆက်သူ
စလေ ငနော့

Comments

Popular posts from this blog

ငရဲဆိုတာ ဂျိုနဲ့လား 🖋 ဟံသာဝတီ ဦးဝင်းတင်

ဘာလဲဟဲ့... လူ့ငရဲ (မိတ်ဆက်) 🖋 ဟံသာဝတီ ဦးဝင်းတင်

ပုံစံခွက်ထဲက နိုင်ငံရေးမုန်တိုင်း (၁) 🖋 ဟံသာဝတီ ဦးဝင်းတင်