သပွတ်အူကျေးရွာနေ ဆရာကြီးဂျက်က မြို့ကြီးရောက် တူ၊ တူမများထံ ပါတော်မူအရေးပေး မေတ္တာစာ 🖋 ဂျက်ကွမ်းခြံကုန်း
သပွတ်အူကျေးရွာနေ ဆရာကြီးဂျက်က
*****************************
မြို့ကြီးရောက် တူ၊ တူမများထံ
************************
ပါတော်မူအရေးပေး မေတ္တာစာ
*************************
ဂျက်ကွမ်းခြံကုန်း
အနိစ္စ ဒုက္ခ အနတ္တ။
သုံးဆယ့်တစ်ဘုံ ကျင်လည်ကုန်သော
အလုံးစုံသတ္တဝါ ဝေနေယျ
မြင်အပ် မမြင်အပ်
နှစ်ရပ် နှစ်ဖြာ
စကြဝဠာအနန္တ သတ္တဝါအနန္တ၊
နေအလာ နှင်းပျောက်သည့်နှယ်
ဝေဒနာ ကင်းပျောက်ကြပါစေသော်ဝ်ဟု
ဩဓိသပတ္ထနာ အထွေတွေကို
လောကီဘဝရပ်ရွာနေ
တူ၊ တူမ အပေါင်းတို့အား
ပို့သတော်မူလိုက်ရပါပေသည်
အမောင်တို့၊ အမိတို့။
ကြင်ရာအရေး၊ ပညာရေး၊
စီးပွားအရေး၊ ကြီးပွားရေး၊
အရေးရေး အရာရာကြောင့်
ကျေးရွာကလေး သပွတ်အူခမျာကို
စွန့်ခွာ၍ သွားပြီးသကာလ
မြို့ကြီးရှိရာ
တက်ရောက်ကာ သွားကြသည့်
တူ၊ တူမအပေါင်းတို့အား
ကျွန်ုပ်ဂျက်ဆရာ အန်ကယ်လ်က
အမှန်တကယ်ကိုပင် လွမ်းဆွတ်သတိရကြောင်း
မြွက်ကြားလိုက်ရပါပေသည်။
အသက်ရှိသူ
လူဟူသမျှ
ကျင်ကြီး ကျင်ငယ် စွန့်လွှတ်သည့်ကိစ္စ
အချို့ကတော့ ကျန်းမာရေးတဲ့၊
နောက်ဖေးနောက်ဖီ သွားတယ် ဆိုသူက တစ်လီ၊
ကိုယ်လက်သန့်စင်ကြသည် ဆိုတာက တစ်ကဏ္ဍ၊
သဘာဝပေပ အမောင်တို့... အမိတို့ရာ။
ဥမ္မာဒန္တီ ပျို့တစ်နေရာ
မဟာမင်းလှမင်းခေါင် ဦးရွှန်း ဆိုသောဆရာက
'ပြည်ထဲရေးထက် ဝမ်းရေးခက်၏' ဟူသတတ်။
'ဝမ်းရေးထက်လည်း လွမ်းရေးခက်၏' ဟူသတတ်။
ရန်ကုန်မြို့နေ
တူ၊ တူမကြီးတို့တစ်တွေကမူ
မျိုရေးထက် ယိုရေးခက်ကြပေလတ္တံ့။
သောက်ရေးထက် ပေါက်ရေးခက်ကြပေအံ့။
သပွတ်အူကျေးရွာတွင် နေကြစဉ်အခါတုန်းက
တောအသွင်၊ တောစရိုက်
တောအလိုက်၊ တောဘာသာ
ကိစ္စပေါ်လာသောအခါ ဆတ်ခနဲ ထပြေး၊
ဟိုချုံဘေး သည်ချုံဘေး၊
သီချင်းလေးများ ညည်းချင်ညည်း၊
ကိစ္စပြီးတော့မှ ထ... ပြန်လာ၊
တောထိုင်ခဲ့ကြပေသပေါ့ဗျာ။
ဟိုချောင်းစပ် သည်မြောင်းစပ်၊
မိုးတိုးမတ်တတ် ရပ်နေတဲ့အိမ်သာ၊
ဝုန်းခနဲ ဝုန်းခနဲ၊
အလို... သပြုသပြေသီးကို ငါးကြီးဟပ်သည့်ပမာ
လွမ်းစရာပေါ့ တူ၊ တူမတို့ရာ။
ဝက်ကို ရို့ရို့၊
ခွေးကို အို့အို့၊
တို့ငယ်ငယ်က တောအိမ်သာ
လွမ်းစရာတွေပ အမောင်တို့၊ အမိတို့ရာ။
ခုတော့တစ်မူ
မြို့ကြီးသူ မြို့ကြီးသား
ဟဝှါပြုပုံ ခြားနားခဲ့ကြပြီ။
အင်္ဂလန်အသင်းနည်းပြ
အဲရစ်ဆင် ဆိုသူကြီးက
ရီးဂျန့်ပန်းခြံနားက သူ့အိမ်သာထူးထူးဆန်းဆန်း
ပေါင် ၂.၆ သန်း တန်သည် ဟူသတတ်။
ပါတော်မူရန် ၎င်းက စီမံ၍ထားသည်မှာ
မှန်အကြည်လေးဖက်
ကာရံလျက်ထားသည့် ဘိုထိုင်မှာ
အို... စတိုင်လ်ကျလှပေဘိတောင်း။
၂၀၁၀ တုန်းကလည်း
ကမ္ဘာ့ဖလားပွဲ နွှဲကြသည့်အခါ
ဝါကာဝါကာသံတို့ ကျွက်ကျွက်ညံသည့်
တောင်အာဖရိကမှာ၊
အာဂျင်တီးနားက မာရာဒိုနာ၊
သူအိမ်သာကြီး ယူချလာပါလေရောဗျာ။
E-bidet တံဆိပ် ခတ်နှိပ်ထားသည့် သူ့အိမ်သာ
အပူပေး အခြောက်ခံ လေမှုတ်ပေးသည့် ထိုင်ခုံမှာ
အိုကွယ်... ပါတော်မူဖူးချင်ပ တူ၊ တူမတို့ရာ။
တို့များနဲ့ မလှမ်းမကမ်းဆီက
အိန္ဒိယမှာက လူဦးရေ သန်းထောင်ဂဏန်း
၃၆၆ သန်းမှာပဲ အိမ်သာရှိ၊
ကျန်သည့်လူတွေက in the open ဟူသတတ်။
ပသို့ဆိုစေ
မြို့ကြီးနေ တူ၊ တူမတို့ကတော့
မြို့ကြီးသား ပီသဖို့ရာ လိုအပ်လှပါသည်။
ဤနေရာ၌
ခွေးများသာ ဟဝှာပြုရန်ဟု
အကြောင်းဖန်ဖန်နှင့်
တောင်းပန်လင့်ကစား
တောင်လှန် မြောက်လှန်၊
ဟိုခြံနား ကုန်းကုန်းကွကွ၊
သည်ကန်နား ကုန်းကုန်းကွကွ၊
ခွေးမဖြစ်ချင်ကြစမ်းပါနဲ့ မောင်တို့၊ မိတို့ရာ။
ကိုယ့်ကိစ္စ ကိုယ်ရှင်းဟု
ထင်လင်းအောင် သတိပေးထားလင့်ကစား၊
ထသွား ပြန်မကြည့်
ကျန်ရှိပစ္စည်း တာဝန်မယူ၊
အငွေ့တလူလူတော့ မဖြစ်စေနှင့်
အမောင်တို့၊ အမိတို့။
စက္ကူမသုံး ရေသာသုံး၊
အားလုံး သတိပြုဟု ဆိုပါလျက်
စက္ကူသာမက
တုတ်ချောင်းတို တုတ်ချောင်းစတွေနဲ့
ထိုးချလို့ မရပြန်၊
မုန့်ဟင်းခါးရည်အိုးထဲ အပေါ်ဆီလျှံသလို
အော်ဂလီဆန်ချင်စရာ ကောင်းပါဘိ။
တောဓလေ့နဲ့ တောစတိုင်လ်
ပသို့ပင် မမေ့နိုင်ကြသော်လည်း
တုတ်ချောင်းကြီးတွေကိုဖြင့်
မကိုင်ဆောင်ကြပါနဲ့လား
အမောင်တို့၊ အမိတို့။
ဘိုထိုင်မှာပဲ ထိုင်လို ထိုင်၊
တောင်တောင်အောင့်အောင့်နဲ့
ဆောင့်ကြောင့်ကြီးပဲ ထိုင်လို ထိုင်၊
ကိုယ့်ဥစ္စာ ကိုယ်ရှင်းမှ
ဖြစ်ချေမပေါ့။
လူမှန်လျှင် ကိုယ့်ဥစ္စာ ကိုယ်ရှင်းသင့်သည်တဲ့၊
မဟတ္တမဂန္ဒီရဲ့ စကား၊
အကျိုးများအောင် ကိုးကားလိုက်ချင်ပါရဲ့၊
စေတနာသဘောတရား ကောင်းကောင်းနဲ့
ရေဝေါတား (water) သာ များများလောင်းချလိုက်ပါတော့
အမောင်တို့၊ အမိတို့ငဲ့လေ။ ။
➡ ➡ ➡
ဂျက်ကွမ်းခြံကုန်း
ဂျက်ကွမ်းခြံကုန်း၏ 'ဂျက်မေတ္တာစာ' မှ။
သရုပ်ဖော် ကာတွန်းအော်ပီကျယ်။
စာရိုက်တင်ဆက်သူ
Comments
Post a Comment