ကျွန်တော် ပုသိမ်က ပြန်လာတော့ 🖋 မောင်သာချို
ကျွန်တော် ပုသိမ်က ပြန်လာတော့
****************************
မောင်သာချို
(တစ်)
တစ်ခါက ပုသိမ်မှနေ၍ ကျွန်တော် ပြန်လာခဲ့ဖူးပါသည်။ ကျွန်တော် အမြဲနေထိုင်ရာ ရန်ကုန်ရွှေမြို့တော်ကြီးဆီသို့ မဟုတ်ပါ။ ဒါကြောင့် ဗညားဒလတို့၊ ဘုရင့်နောင်တို့၊ ဗန္ဓကတို့လို သင်္ဘောတွေကို ကျွန်တော် မစီးခဲ့ရ။ မြစ်များကိုလည်း ကျွန်တော် မဖြတ်သန်းခဲ့ရ။
ကျွန်တော်က ကျွန်တော့်အလုပ်စားပွဲကလေး ရှိရာသို့ ပြန်လာခဲ့ခြင်း ဖြစ်ပါသည်။ ကျွန်တော့အလုပ်စားပွဲက ကောလိပ်ကျောင်းကလေးထဲမှာ ရှိပါသည်။ ထိုကောလိပ်က ဟင်္သတမြို့မှာဖြစ်၍ ဟင်္သတမြို့ကို ကျွန်တော် ပြန်ရပါသည်။ ပုသိမ်ဘူတာမှ မနက်အစောဆုံးထွက်သော အမြန်ရထားဖြင့် ဧရာဝတီတိုင်း၏ မြို့တော်ကို ကျောခိုင်းထားခဲ့ရာ မနက် ၁၀ နာရီဝန်းကျင်၌ ဟင်္သတဘူတာရုံကို ရောက်ပါသည်။ နောက်ထပ် နာရီဝက်လောက်ကြာတော့ ကောလိပ်ရှေ့က ကျွန်တော့်အိမ်ကလေးရှေ့မှာ ကျွန်တော် မတ်တတ်ရပ်နေပြီ။
(နှစ်)
ကျွန်တော် ပုသိမ်၌ ရောက်ရှိနေသည့် ရက်များမှာ နွေရက်များ ဖြစ်ပါသည်။ စာမေးပွဲအဖြေလွှာများ စစ်ဆေးရန်ကိစ္စနှင့် ပုသိမ်တက္ကသိုလ်တွင် နွေရက်တော်တော်များများ ကျွန်တော် နေထိုင်ခဲ့ရပါသည်။ ဒါကြောင့် ကျွန်တော့်အိမ်ကလေးနှင့် ကျွန်တော် တစ်လမရှိတရှိ ဝေးကွာနေခဲ့ရပါ၏။ တစ်လနီးပါး ကြာသည်အထိ ခတ်နှိပ်ကာ ပိတ်ထားခဲ့ရသော သော့အိမ်မည်းမည်းကြီးထဲသို့ သော့တံကို ထိုးသွင်းကာ ဂလောက်ခနဲ မြည်သည်အထိ ဖွင့်လိုက်ပြီးနောက် တံခါးကို တွန်းဖွင့်ဝင်ရောက်ခဲ့သောအခါ ကျွန်တော့်ရင်ထဲတွင် ဟာ၍ သွားပါသည်။ ထို့နောက် ကော်ဇောပေါ်သို့ အရုပ်ကြိုးပြတ် ပစ်လှဲချလိုက်သော အရာမှာကား ကျွန်တော့်ရုပ်ခန္ဓာကြီးမျှသာလျှင် မဟုတ်။ ကျွန်တော့်စိတ် သို့မဟုတ် ကျွန်တော့်လိပ်ပြာများပါ ပါဝင်နေခဲ့ကြပေသည်။
(သုံး)
စားပွဲပေါ်က ပန်းအိုးကလေးထဲတွင် ရေတစ်စက်မျှ မကျန်တော့သည်အထိ ခန်းခြောက်၍ နေပါပြီ။ ပန်းအိုးထဲတွင် ကျွန်တော် ထိုးစိုက်ထားခဲ့သည့် ဂန္ဓာမာပန်းကလေးတွေ တစ်ပွင့်တလေမျှ မရှိကြတော့။ ပွင့်ဖတ်တွေရော၊ ပွင့်ချပ်တွေရော၊ အရွက်ကလေး တစ်ရွက်စ နှစ်ရွက်စရော စားပွဲပေါ်မှာ အကုန်လုံး သွေ့ခြောက်ပြန့်ကျဲနေကြပါပြီ။
သောက်ရေအိုးထဲတွင် ရေတစ်စက်မျှ မရှိတော့။ မျက်နှာကျက်မှ တွဲလောင်းကြနေသော မီးသီးများတွင် ပိုးအိမ်တွေ၊ ပင့်ကူအိမ်တွေ ရှုပ်ရှက်ခတ်နေသည်။ ရေခဲသေတ္တာထဲက အသီးအနှံကလေးတွေမှာ မှိုတွေတက်လို့။ မီးဖိုချောင်ထဲက မန်ကျည်းသီးမှည့်များ ခြောက်သယောင်း ကြွပ်ရွနေကြသည်။ ရေနွေးကြမ်းခွက်ကြီးထဲတွင်ကား ရေနွေးတို့ ခမ်းခြောက်ကာ လက်ဖက်ခြောက်ဖတ်များမှာ မှိုတက်လျက် ရှိပါသည်။ ဖုန်တွေကတော့ ကြည့်လေရာရာမှာ ထုနှင့်ထည်နှင့်။
ဩော် • • •
ကျွန်တော်နဲ့ ဝေးတဲ့အိမ်ကလေး။
ပုသိမ်မှ မနက်အစောကြီးထကာ ရထားစီးလာခဲ့ရသည့်အတွက် စိတ်ရော လူရော နွမ်းနွမ်းနယ်နယ်ကြီး ဖြစ်နေသည့်အတွက် ခဏတစ်ဖြုတ်ဆိုသလို ကျွန်တော် မှေးလိုက်မိခဲ့ပေသည်။
(လေး)
ကျွနတော်က နေ၏ အလင်းရောင်အောက်တွင် အိပ်စက်အနားယူလေ့ မရှိလှပါ။ သို့ကြောင့် ပင်ပန်းနွမ်းနယ်မှုဒဏ်ကြောင့် မှေးသာ မှေးလိုက်ရသော်လည်း ခဏကလေးနှင့် ပြန်နိုးလာပါသည်။ နိုးလာပြန်တော့လည်း ခေါင်းထဲတွင် အုံခဲခဲကြီးနှင့် သိပ်ပြီး ကြည်ကြည်လင်လင်မရှိလှ။ ထို့ကြောင့် နည်းနည်းပါးပါး လန်းဆန်းသွားလို လန်းဆန်းသွားငြား မျက်နှာသစ်ရန် စိတ်ကူးရမိသည်။
ကျွန်တော်က နောက်ဖေးဘက်ကို လျှောက်သွားပြီး တံခါးကို ဖွင့်လိုက်သောအခါ နွေနေက စူးစူးရဲရဲကြီး ပူနေပါသည်။ တစ်နွေလုံး ပူထားသည့် ဒဏ်ကြောင့်ထင့်။ ကြည့်လေရာရာတွင် ပတ်ကြားအက်တွေ အကွက်အကွက် ထ၍ နေကြသည်။ ကောလိပ်ကျောင်းရှေ့က ရပ်ကွက်ကလေးမှာ ရပ်ကွက်သက်တမ်း သိပ်မရှည်ကြာလှသေးသောကြောင့် သစ်ကြီးဝါးကြီးများကလည်း ရှားတောင့်ရှားပါး ဖြစ်လေရာ အရိပ်အာဝါသက ဆင်းတောင့်ဆင်းရဲကြီး ဖြစ်ပါသည်။
ကျွန်တော့်အိမ်နောက်ဖေးတွင် ရေကပြင်ကလေးတစ်ခု ရှိပါသည်။ ရေကပြင်ပေါ်၌ မျက်နှာသစ်ဖို့၊ အိုးခွက်ပန်းကန်ဆေးဖို့ စဥ့်အိုးကလေးတစ်လုံး ရှိပါသည်။ လေးဆယ်ဝင် စဥ့်အိုးကလေး ဖြစ်ပါသည်။ ကျွန်တော်က ထိုစဥ့်အိုးကလေးထဲမှ ရေကို ခပ်ယူရန် ဟန်ပြင်လိုက်စဉ်မှာပင် မဆိုစလောက်သော အဟန့်အတားကလေးကြောင့် တန့်ခနဲ ဖြစ်သွားရပါသည်။ ထိုအဟန့်အတားမှာကား ကန်စွန်းညွန့်ကလေး သုံးလေးညွန့်ပင် ဖြစ်ပါသည်။
(ငါး)
ကျွန်တော်က ရှေးဦးစွာ ထိုကန်စွန်းညွန့်ကလေး သုံးလေးညွန့်ကို လက်ဖြင့် ဆွဲဆောင့်ပြီး ဖြစ်ပစ်လိုက်ဖို့ပဲ ဖြစ်ပါသည်။ ပြီးတော့မှ ရေကို ခပ်ယူရန် ဖြစ်ပါ၏။ ဒါပေမဲ့ ကျွန်တော် မဖြတ်ပစ်လိုက်တော့ပါ။ ကျွန်တော့်ရင်ထဲတွင် နာနာကျင်ကျင်လည်း ဖြစ်သွားမိ၊ ကဗျာကလေးတစ်ပုဒ်ကိုလည်း သွားသတိရမိနှင့် တော်တော်ကြာအောင်ကိုပဲ ကျွန်တော် တွေနေမိပါသည်။
သည်ကန်စွန်းညွန့်ကလေးတွေက ရေကပြင်၏ ဟိုမှာဘက် ရေအိုင်ကလေးထဲမှ တက်လာကြခြင်း ဖြစ်ပါသည်။ သည်ရေအိုင်ကလေးကလည်း မိုးရက်များတွင်သာ ရေရှိနေတတ်ပြီး နွေရောက်သည်နှင့် လုံးလုံးလျားလျားကို ခန်းခြောက်၍ သွားခဲ့ပြီ။ ကန်စွန်းပင်ကလေးတွေကတော့ မိုးတုန်းကလို ဖြစ်ဖြစ်ထွန်းထွန်းကြီး မဟုတ်သည့်တိုင် ရေဓာတ်အကြွင်းအကျန်ကလေးများဖြင့် သူတို့၏ ရှင်သန်မှုကို ကျားကုတ်ကျားခဲ တည်ဆောက်ထားကြသည်။ အခု ကွန်တော့်ရေကပြင်ပေါ်က စဥ့်အိုးအပေါက်ဝထဲမှာ ရောက်နေကြသည်က ထိုရေအိုင်ထဲမှ ကန်စွန်းညွန့်ကလေးများ။
သူတို့ကလေးတွေသည် စဥ့်အိုးဆီသို့ ရောက်ရှိရန် အချိန်တော်တော်ကြာ အားထုတ်ခဲ့ကြရရှာဟန် တူပါသည်။ ပထမ မြေပေါ်မှာ ရက်တော်တော်ကြာအောင် တွားသွားခဲ့ကြရပါလိမ့်မည်။ နောက်တော့ ရေကပြင်ကို ဝါးလုံးတိုင်အတိုင်း တစ်ပတ်ပြီးတစ်ပတ် တွယ်တက်လာကြရပါလိမ့်မည်။ ပြီးတော့မှ စဥ့်အိုးပေါ်ကို တဖြည်းဖြည်း တွယ်ကပ်တက်လာခဲ့ကာ စဥ့်အိုးထဲက ရေဆီကို သွားဖို့ ကြိုးစားနေခြင်း ဖြစ်ပါသည်။ ကျွန်တော် ပုသိမ်တွင် ရှိနေတုန်း တစ်နေ့ပြီး တစ်နေ့ တစ်ရွေ့ပြီး တစ်ရွေ့ သူတို့ ရွေ့လျားလာခဲ့ခြင်း ဖြစ်ပါ၏။ ရေ သို့မဟုတ် အေးမြသည့် မေတ္တာတရား အငွေ့အသက်များ ရှိရာသို့။
ကျွန်တော် မဖြတ်ချင် မဖြတ်ရက်တော့ပါ။ အချိန်တွေ အများကြီး၊ မျှော်လင့်ချက်တွေ အများကြီးဖြင့် ကျွန်တော့်အိမ်နှင့် ဝေးကွာနေတုန်း နေ့နေ့ညည အချိန်နှင့်အမျှ နွေနှင့်ဝေးရာမှာ ရေကို လိုက်ရှာနေကြသည့် ထိုကန်စွန်းညွန့်၊ ကန်စွန်းနွယ်ကလေးများ၊ ကျွန်တော်က စဥ့်အိုးထဲက ရေထဲသို့ ရောက်လုရောက်ခင် ထိုကန်စွန်းနွယ်ကလေးများကို သက်ရှိသတ္တဝါကလေးများအား ကိုင်တွယ်သည့်နှယ် ဖေးဖေးမမ ကိုင်ပြီး ဘေးကို အသာဖယ်ကာ ရေကို ခပ်ယူလိုက်မိခဲ့ပါ၏။ မျက်နှာသစ်နေစဉ်မှာတော့ ဟိုးအနှစ်နှစ်အလလက ဖတ်ထားဖူးခဲ့သည့် ဂျပန်ကဗျာလေးတစ်ပုဒ်က ကျွန်တော့်ရင်ထဲကို ရောက်၍ လာပါသည်။ ဟိုက္ကူကဗျာလေး (Haiku) ဖြစ်ပါ၏။
ပန်းလှကန်စွန်းနွယ်
ရေငင်ပုံးကြိုး သူကပ်တွယ်
ရေကို တောင်းယူတယ်။
ဂျပန်အမျိုးသမီး စာဆို ချိယို၏ ဟိုက္ကူကဗျာ ဖြစ်ပါသည်။ အမျိုးသမီးငယ်တစ်ယောက် ရေခပ်ရန် ရေတွင်းသို့ လာသည်။ ရေတွင်းသို့ ရောက်သောအခါ ရေငင်သောပုံး၌ ကန်စွန်းနွယ်ကလေး တစ်ပင်ကို တွေ့သည်။ ရေပုံးကြိုးတလျှောက် တွယ်ကပ်လာရင်း ရေကို လိုက်ရှာသည့် ကန်စွန်းနွယ်ကလေး ဖြစ်ပါသည်။ ဒါကြောင့် အမျိုးသမီးငယ် ရေကို မငင်တော့။ ရေငင်ဖို့ ရေပုံးကြိုးကို ရေတွင်းထဲ လျှော့ချလိုက်လျှင် ကန်စွန်းနွယ်ကလေးတွေ ပြတ်တောက်သွားကြတော့မည်။ သည်စာနာမှုဖြင့် ရေခပ်ဖို့ နောက်ဆုတ်သွားခဲ့သောကြောင့် ဖွဲ့ဆိုသည့် ကဗျာဟု မှတ်သားထားခဲ့ဖူးပါသည်။
ကျွန်တော် ပုသိမ်က ပြန်လာတော့လည်း သည်အတိုင်းပင် ဖြစ်ပါသည်။ နွေရက်များကလည်း ပူလောင်လျက်။ ကန်စွန်းနွယ်ကလေးတွေကလည်း စဥ့်အိုးထဲသို့ ဆင်းရန် ခြေလှမ်းပြင်လျက်။ ကျွန်တော်ကလည်း မဟန့်တားရက်စွာဖြင့် အသာအယာ ဖယ်ပြီး ခပ်လျက်။
(ခြောက်)
ကမ္ဘာပေါ်တွင် ရေကြည်တစ်ပေါက် သို့မဟုတ် ရေလိုပင် အေးမြသည့် မေတ္တာဓာတ် ငတ်မွတ်သောသူတွေ တစ်ပုံတစ်ပင် ရှိကြပါသည်။ သူတို့၏ မေတ္တာပေးပါဆိုသော မျက်လုံးများ၊ လက်များ၊ နှုတ်ခမ်းသားများကို နေရာအနှံ့မှာ ကျွန်တော်တို့ တွေ့ကြရပါသည်။ စစ်မြေပြင်တွေမှာ၊ ရာဇဝင် ကန္တာရတွေမှာ၊ ဘဝဖုန်းဆိုးတောတွေမှာ၊ မိဘမဲ့ကလေးများ ဂေဟာတွေမှာ၊ ဘိုးဘွားရိပ်သာတွေမှာ။
ကျွန်တော်တို့က ခေါင်းခါလွှတ်လိုက်ကြမလား၊၊ ဖလောရင့်နိုက်တင်ဂေးတို့၊ ဟင်နရီဒူးနန့်တို့၊ မာသာထရီဇာတို့ကတော့ မေတ္တာဓာတ်၏ သင်္ကေတများပင် ဖြစ်ပါသည်။ သူတို့က ကန်စွန်းနွယ်ကလေးတွေကို ပြတ်တောက်သွားမှာကို စိုးရိမ်ကြသူများ ဖြစ်ပါသည်။ မေတ္တာ • • • တဲ့။ ငြင်းဆန်ပစ်ဖို့ရာ ပင်ပန်းလှပါဘိ။
ကျွန်တော် ပုသိမ်က ပြန်လာသောနေ့က အိမ်နောက်ဘက်ရေကပြင်ရှိ စဥ့်အိုးကလေးထဲသို့ ဆင်းလုဆင်းခင် ကန်စွန်းနွယ်ကလေးများကို ကြည့်ကာ မျက်ရည်ဝေ့သွားမိရာက ဟိုက္ကူကဗျာကလေးကို သတိရသွားမိပုံ အကြောင်းများပင် ဖြစ်ပေသည်။
(ချိယို၏ ဟိုက္ကူကို 'ဟိုက္ကူကဗျာ မြည်းစရာ' မှ ယူပါသည်။)
🌿
ရနံ့သစ် မဂ္ဂဇင်း၊
နိုဝင်ဘာ၊ ၁၉၉၉။
စောင်းကြိုးပေါ်မှာ ကြယ်ရောင်တွေ နိုးပြန်တော့ စာအုပ်စာမျက်နှာ ၃၀ - ၃၄ ကနေ အဒ်မင်ကိုယ်တိုင် စာရိုက်ကူးယူ တင်ဆက်ပါတယ်။
မှတ်ချက်။ ။ သည်ဆောင်းပါးကို ကဗျာဆရာကြီးတင်မိုး ပြည်ပမှာ သက်ရှိထင်ရှား ရှိစဉ်က VOA အမေရိကန်အသံရေဒီယိုကနေ အသံလွှင့်ဖတ်ကြားဖူးတယ်လို့ သိရပါတယ်။
Comments
Post a Comment