ရန်ကုန်မြို့ရောက် တူ၊ တူမများထံပေး ဘတ်စ်ကား မေတ္တာစာ 🖋 ဂျက်ကွမ်းခြံကုန်း

ရန်ကုန်မြို့ရောက်
**************
တူ၊ တူမများထံပေး 
****************
ဘတ်စ်ကား မေတ္တာစာ
********************

ဂျက်ကွမ်းခြံကုန်း

ဘုရား တရား သံဃာ
ရတနာသုံးပါး
ဦးထိပ်မှာထားလျက်
ဂျက်ကျွန်ုပ်ဆရာ
သပွတ်အူကျေးရွာမှ
စာအားဖြင့် ကြားရောက်လိုက်ရပါပေသည်
မြို့ကြီးနေ တူ၊ တူမ အပေါင်းတို့။

တြိကုမ္ဘ နာဂရ
တောင်သုံးလုံးရှိရာဒေသ
မွန်ဘုရင်မကြီး ရှင်စောပု၏ မြို့ပြဒဂုင်၊
ထို့နောက် ၎င်းနောက် ဒဂုံ
ရန်အပေါင်းကို ကုန်စင်ပြီးကြောင်းဟူသည့်
အလောင်းဘုရား၏ ရန်ကုန်
ရန်ဂူး (Rangoon) ခေါ် ရန်ကုန် (Yangon)
သိင်္ဂုတ္တရကုန်းတော်၏ ခြေတော်အစုံ၌
တစ်နေကုန် တစ်နေခန်း
ပင်ပန်း ရုန်းကန်
စုန်ဆန် လှုပ်ရှား
မော်တော် ဘတ်စ်ကားများနှင့်
သွားလာနေရ
တူ၊ တူမ အပေါင်းတို့သည်
ဘေးဘယာ အထွေထွေမှ
ဝေးကွာပါစေကြောင်း ဟူ၍
ထပ်လောင်းကာ မေတ္တာပို့ရပါပေသည်။

အဖယုတ်သော် ကိုယ်ကြမ်းအံ့၊
အမိယုတ်သော် နှုတ်သရမ်းလတ္တံ့ ဟူ၏။

အထဲကို ရောက်အောင်တိုး
ခင်ဗျားတို့ကို ကိုက်မယ့် မြွေဆိုး မရှိဘူး၊
ဟောဟို... အပေါက်ဝက
ပြောမကောင်း ဆိုမကောင်းတွေ
ကားအရှေ့ဘက်မှာ ဟောင်းလောင်းကြီးဗျ။

အထဲကို ဝင်၊
အထဲကို ဝင်၊
ကြိုတင်ပြီး ထွက်မလာနဲ့၊
နောက်မှာ ပါလာပြီ မောင်း၊
ခေါင်းပေါ်က တန်းတွေကို ကိုင်ထားကြ၊
မှတ်တိုင်ရောက်မှ ထွက်မလာကြနဲ့ ဆိုမှဗျာ
ဗွီဒီယို ရိုက်နေတာမဟုတ်ဘူး ဟူ၏။

မုန်းလျှင် အပြစ်၊
ချစ်လျှင် အကျိုး၊
မြတ်နိုးတော့ သဒ္ဓါ၊ 
ပိုက်ဆံရှာတော့ အဓမ္မ။

ကားပေါ်တက်တော့ လက်ကမ်းခေါ်ငင်၊
ဆင်းပြီးဆိုလျှင် ကျောပြင်တွန်းချ၊
ကားနဲ့ မှတ်တိုင်ကြားမှာက နေရဉ္စရာ၊
တစ်ည မဝေးပေမယ့်
တစ်ဘဝ ဆွေးကြပေတော့ဗျာ။
တံတားအို မှောက်ခိုမလျှောက်နဲ့
စကားဆို တောင်လိုမမောက်နဲ့ ဟူ၏။

အလှ မပျက်ချင်ရင် ကိုယ်ပိုင်ကား ဝယ်စီးတဲ့၊
စပ်ဖြီးဖြီး(ဖြဲဖြဲ)နဲ့ စပယ်ယာ့မျက်နှာ၊
စားသုံးသူမို့
သကြားလုံး အလှူသို့ပမာ။
တစ်ယောက်နဲ့တစ်ယောက် ကျောချင်းကပ်ထားပါတဲ့။
သေနတ်ပစ်ကားလို့တော့ မထင်လေနဲ့၊
အဲဒါက အထူးကား။

လူပါးသမို့ ရတုန်းတင်ရတာတဲ့၊
စစ်ဆေးရေးတွေ့တဲ့အခါ ထိုင်ပေးကြပါ ဆိုလား၊
ထိုင်ထ၊ ထိုင်ထနဲ့
အထူးကို စတိုင်ကျလှပါဘိတောင်း။

ထို့ပြင်တစ်ဝ
ထိုင်ခုံက နှစ်ယောက်ခွဲစာ၊
ထိုင်ရတာက သုံးယောက် သရီး (Three)
ရင်တမမ၊
ဖင်မရမကမို့
မရွှင်ပျလှတဲ့... ဘဝခရီး။
ချစ်စေလို ခံတွင်းလက်လေးသစ်
မုန်းစေလို ခံတွင်းလက်လေးသစ် ဟူ၏။

မီးစိမ်းပေမယ့် လူရပ်တင်၊
မီးနီနေစဉ်မှ ဖြတ်ကာမောင်း၊
မျဉ်းကျားကို ပျင်းသလားမမေးနဲ့၊
လမ်းကူးသူကို 
ယမ်းဘီလူးနဲ့ ပစ်သည့်နှယ်၊ 
မအေနှမ
ပေပွပါဘိတောင်း။
နှုတ်ချိုတော့ သျှိုတစ်ပါး
နှုတ်ကောင်းက ပြည်စိုးဟူ၏။

အကြွေလေးတွေ လှမ်းကြပါ၊
မအမ်းနိုင်တာ ကျုပ်တို့ မသိတဲ့၊
ပုရွက်ဆိတ်တက်နေသည့် စပယ်ယာ့စကား
ဂလူးကို့စ် (glucose) နည်းနည်းများလွန်းပေ၏။

ရန်ကုန် ဆိုတာ
မဆာလည်း စား၊ ဆာလည်း စား
သွားသုတ်သုတ်၊ လာသုတ်သုတ်တဲ့၊
အကယ်ဒမီမြတ်လေးရဲ့ နှုတ်ထွက်စကားပမာ၊
သုတ်သုတ်သွား သုတ်သုတ်လာသည့်တိုင်၊
ကားဝင်၊ ကားထွက်
ကားတက်၊ ကားဆင်း
မျဉ်းကျားကူးဖြတ်
မှတ်တိုင်ခိုနား၊
သတိထားလျက်၊
ခန္တီတရားတို့ကို
ပွားများကျင့်ကြံနိုင်ကြပါစေကြောင်း
ရန်ကုန်မြို့နေ တူ၊ တူမ အပေါင်းတို့။     ။

➡ ➡ ➡

ဂျက်ကွမ်းခြံကုန်း

ဂျက်ကွမ်းခြံကုန်း၏ 'ဂျက်မေတ္တာစာ' မှ။

သရုပ်ဖော် - ကာတွန်းအော်ပီကျယ်။

စာရိုက်တင်ဆက်သူ
စလေ ငနော့

Comments

Popular posts from this blog

ငရဲဆိုတာ ဂျိုနဲ့လား 🖋 ဟံသာဝတီ ဦးဝင်းတင်

ဘာလဲဟဲ့... လူ့ငရဲ (မိတ်ဆက်) 🖋 ဟံသာဝတီ ဦးဝင်းတင်

ပုံစံခွက်ထဲက နိုင်ငံရေးမုန်တိုင်း (၁) 🖋 ဟံသာဝတီ ဦးဝင်းတင်