Country Boy တို့ သဘောရှိတော်မူတဲ့အတိုင်း 🖋 မောင်သာချို
Country Boy တို့
*****************
သဘောရှိတော်မူတဲ့အတိုင်း
************************
မောင်သာချို
(၁)
သမီးရေ...။
ဟိုးတစ်နေ့တုန်းကတော့ ဖေဖေတို့ထိုင်နေကျ ဆိုင်ကလေးတစ်ဆိုင် ဖြစ်တဲ့ Country Boy ဆိုတဲ့ လက်ဖက်ရည်ဆိုင်လေးထဲမှာ တော်တော့်ကို လူစုံတဲ့နေ့ပါပဲ သမီးရယ်။ စနေနေ့မို့ တချို့လူတွေ ရုံးအားတာရော၊ ရပ်ဝေးက ဧည့်သည်တစ်ယောက် နှစ်ယောက် ရောက်နေတာရော၊ ဆိုင်ကို အမြဲတမ်း ပုံမှန်လာနေကျ မဟုတ်တဲ့ သူတွေကပါ ရောက်လာကြတာရောမို့ ဖေဖေ့စိတ်ထင် ဖေဖေတို့ဝိုင်းဟာ လူဆယ်ယောက်ဝန်းကျင်လောက်ကို ရှိနေပါလိမ့်မယ်။ ဒါကြောင့်လည်း ဆိုင်က စားပွဲတစ်လုံးနဲ့ မဆံ့လို့ စားပွဲနှစ်လုံး ပူးပေးထားရတဲ့ အထိပါပဲ။
ဖေဖေတို့ဝိုင်းမှာက ကဗျာဆရာသုံးလေးယောက် ပါပါတယ်။ ဝတ္ထုတိုဆရာတစ်ယောက် ပါပါတယ်။ ပြီးတော့ အယ်ဒီတာတစ်ယောက်၊ တိုင်းတရားသူကြီးတစ်ယောက်၊ စာအုပ်ဆိုင်ပိုင်ရှင်တစ်ယောက်၊ ကျူရှင်ဆရာတစ်ယောက်၊ ဆရာဝန်တစ်ယောက်။ တော်တော့်ကို လူစုံတက်စုံတဲ့ မနက်ခင်း လက်ဖက်ရည်ဝိုင်းပဲပေါ့။
ဖေဖေတို့တတွေ ထိုင်လိုက်ပြီးတာနဲ့ ဖေဖေတို့တတွေ ဘာမှာမလဲဆိုတာကို အသင့်စောင့်နေတဲ့ စားပွဲထိုးကလေးကို ဖေဖေ သတိထားမိလိုက်တယ်။ သူက စားပွဲနဲ့ မလှမ်းမကမ်းမှာ ရပ်လို့။ ဖေဖေ့စိတ်ထင် ရှိလှမှ အသက် ၁၂ နှစ် ၁၃ နှစ်ပေါ့။ လူက ပါးပါးသွယ်သွယ်ကလေး။ မျက်နှာကလေးကလည်း သေးသေးချွန်ချွန်ကလေးနဲ့။ အသားအရေကလည်း ညစ်ထပ်ထပ်၊ စွပ်ကျယ်ချိုင်းပြတ်ကလေးကလည်း ညစ်ထပ်ထပ်နဲ့။ သူ့စွပ်ကျယ်ရင်ဘတ်မှာက Country boy Tea-Shop တဲ့။ အင်း... သည်ဆိုင်ထဲမှာတော့ သူ့လို ချာတိတ်ကလေးတွေ သုံးလေးယောက်ပါပဲ။ တကယ့် Country boy လေးတွေ၊ တောသားကလေးတွေ။ ဘဝရဲ့ ဝန်ထုပ်ဝန်ပိုးကို ကိုယ်တတ်နိုင်သမျှ လာထမ်းနေလိုက်ကြတာ။ သည်အနီးအနားက ရွာကလေးတွေကများလားမသိ။ ဖေဖေ သူ့ကို တော်တော်ကြာကြာ ငေးကြည့်နေမိတုန်းမှာပဲ သူက ဘာသောက်ကြမှာလဲလို့ ဖေဖေတို့ဝိုင်းကို မေးလာပါတယ်။ အဲသည်မှာပဲ သမီးကို ဖေဖေ ပြောပြချင်စရာ အကြောင်းတွေက ရှိလာရပြန်တာပါပဲ သမီးရယ်။
(၂)
သမီးရယ်၊ တကယ်တမ်း သမီးရဲ့ နားထဲမှာ ရှင်းခနဲ လင်းခနဲ ဖြစ်သွားအောင် ပြောရမယ်ဆိုရင်တော့ အဲသည်နေ့က ဖေဖေတို့ အားလုံးဟာ လက်ဖက်ရည်ချည်းပါပဲ။ ဒါပေမဲ့ သမီးရဲ့၊ လောကကြီးဟာ ဖေဖေတို့ ထင်ထားသလောက် မရှင်းသလို လွယ်လည်း မလွယ်လှချေဘူး။ ကြည့်ပါဦး၊ အဲသည်နေ့တုန်းက ဖေဖေတို့တစ်ဝိုင်းထဲက တောင်းဆိုလိုက်တဲ့ အသံတွေက...
''ကလေးရေ၊ ဦးက ချိုပေါ့ကျကွာ''
''ချာတိတ်၊ ငါ့ကို ချိုဆိမ့်လုပ်ကွာ''
''ချိုကျဝမ်းကွာ''
''ကဲ... ကဲ... ငါ့ကို ပုံမှန်ဖျော်''
''သား... ဦးက ချိုပေါ့''
''ပေါ့ကျတစ်ခွက်''
''တစ်ခွက်က ချိုပျစ်မယ်''
ဩော် ဆန္ဒတွေ။ ချိုပေါ့ကျ၊ ချိုဆိမ့်၊ ချိုကျ၊ ပုံမှန်၊ ချိုပေါ့၊ ပေါ့ကျ၊ ချိုပျစ်၊ သမီးရေ မရှုပ်ဘူးလား၊ မခက်ဘူးလား။ သည်စားပွဲထိုးကလေးလေးတစ်ယောက်အတွက် ဘယ်လောက် ရှုပ်သွားမယ်၊ မရှုပ်သွားဘူးဆိုတာ အသာထား၊ ဖေဖေကိုယ်တိုင်တောင် တကယ့်ကို မျက်စိလည်သွားခဲ့ရပါတယ်။ သူ့ခမျာ ဘယ်လို မှတ်သားသွားကာ ဘယ်လို သယ်ဆောင်လာမှာပါလိမ့်။ တစ်ဝိုင်းလုံးရဲ့ အာသာဆန္ဒ ဝန်ထုပ်ဝန်ပိုးများနဲ့ သူကလေးရဲ့ ခွန်အား မျှတပါစ။ Country boy ထဲက အတောင် ၂၀ ဝတ်ကြီးတွေရဲ့ စားပွဲဝိုင်းတစ်ဝိုင်းထဲက တောင်းဆိုလိုက်သံများ။ စားပွဲထိုးကလေးကတော့ သူ ဘာမှ နားမလည်ဘဲနဲ့ လိုက်ကူးထားတဲ့ သင်္ချာတစ်ပုဒ်ကို စိုက်ကြည့်နေပုံမျိုးနဲ့ ဖေဖေတို့ဝိုင်းကို ကြည့်လို့။ ကိုယ့်စိတ်ကြိုက် လက်ဖက်ရည်တစ်ခွက်ကို မရမှာစိုးသူတွေကတော့ နောက်ထပ်အသံတွေနဲ့ ထပ်ဆင့် တောင်းဆိုနေကြဆဲ။ ချိုပေါ့ကျ၊ ချိုဆိမ့်၊ ချိုကျ၊ ပုံမှန်၊ ချိုပေါ့၊ ပေါ့ကျ၊ ချိုပျစ်၊ အသံတွေ။ ချာတိတ် သေသေချာချာ လုပ်ကွာ... အသံတွေ။ ဟေ့... ကလေး မှားဖျော်မလာနဲ့နော်... အသံတွေ။ တောင်းဆိုသူ တစ်ဆယ်၊ အကောင်အထည် ဖော်သူ တစ်ယောက်၊ အသံတွေ။
သမီးရေ၊ ဖေဖေကတော့ ဖေဖေ့ဆီကိုလည်း ကလေးမျက်နှာလေး ရောက်လာရော အလွယ်ဆုံး လက်ဖက်ရည်တစ်ခွက်ကို လှမ်းမှာခဲ့လိုက်ပါတယ်။
''ကလေးကြိုက်သလို ဖျော်ခဲ့ကွာ''
ဖေဖေ့ရဲ့ ကိုယ့်ဆန္ဒကို နောက်တစ်လှမ်းဆုတ်ထားတဲ့ စကားသံကို ကြားတော့ တစ်ဝိုင်းလုံးက ဖျတ်ခနဲ လှမ်းကြည့်လိုက်ကြတာပေါ့။ ဟုတ်တယ်၊ သည်ကလေး အဆင်ပြေသလို သယ်ဆောင်လာတဲ့ လက်ဖက်ရည်တစ်ခွက်ကိုပဲ ဖေဖေ သောက်ချင်တော့လို့ ကြိုက်သလို ဖျော်ခဲ့ဖို့ အသေအချာ မှာကြားခဲ့တာပါပဲ။
(၃)
သမီးရေ၊ ဖေဖေကတော့ တစ်ခါတစ်ခါမှာ ကိုယ့်ပုဂ္ဂလိက ဆန္ဒတွေ၊ အစွဲအလမ်းတွေ၊ ရမ္မက်တဏှာတွေကို နောက်တစ်လှမ်းလောက် ဆုတ်ပေးလိုက်တဲ့အတွက် အများစုနဲ့ လုပ်ရတဲ့အလုပ်တွေမှာ လွယ်လည်း လွယ်ပြီး ရှင်းလည်း ရှင်းသွားနိုင်တယ်လို့ အသေအချာကို ယုံကြည်နေမိတယ်။
ဟိုးတစ်ခါက လက်မလည်အောင် ရောင်းနေရတဲ့ မုန့်ဟင်းခါးဆိုင်ကလေးတစ်ဆိုင်ရှေ့ကို ဖေဖေ ရောက်သွားဖူးတယ်။ လူတွေက အုံခဲလို့။ တစ်ယောက်တစ်ပေါက် မှာနေတဲ့ အသံတွေက ကြွက်ညံလို့။ ကျွန်မက ဘူးသီးနဲ့ ငါးဖယ် ထည့်မယ်နော်။ အစ်မရေ မုန့်အပိုပါ ထည့်ပါ။ ကျွန်တော်က ငါးသလောက်ဥကြော်နဲ့ ဘဲဥတစ်ခြမ်း။ နံနံပင် မထည့်နဲ့ဗျာ။ ပဲကြော်နဲ့ နှစ်ပွဲက ကြာပြီ။ ငရုတ်သီး မစားဘူး အစ်မ။ မန္တလေးပဲကြော်နဲ့ ငါးဖယ်က ဒီနေ့စားမယ်ဗျာ။ ပပြုတ်နဲ့ ဘဲဥတစ်ခြမ်း ထည့်မယ်။ ပဲသီးတွေ မထည့်နဲ့ဗျာ။ ဘူးသီးနဲ့ အီကြာကွေးက ကြာပြီဗျာ။ ကြက်သွန်ဥလေး ရှာပါဦး ညီမရဲ့။ ဟင်းရည်ထဲကို ပဲကြော်လေးနှစ်ခု ချေထည့်လိုက်စမ်းပါ။
ဩော် လိုချင်တာတွေ မလိုချင်တာတွေ၊ ကြိုက်တာတွေ မကြိုက်တာတွေနဲ့ ဆန္ဒတွေ ခြေချင်းလိမ်နေတဲ့ကြားမှာ မုန့်ပြင်နေတဲ့ အစ်မကြီးခမျာ လူက ဝရတဲ့အထဲ မျက်နှာကို နေက ထိုးလို့၊ ဟင်းအိုးရဲ့ မီးရှိန်က ဟပ်လို့၊ မျက်နှာမှာ ချွေးသီးကြီးတွေက တစ်ပေါက်ချင်း လိမ့်ကျလို့။ ဖောက်သည်တွေ စိတ်ငြိုငြင်သွားမှာကိုလည်း ကြောက်၊ လက်ကလည်း ဘယ်ပွဲစပြင်ရမှန်း မသိနဲ့ အကျပ်ရိုက်နေပုံကို ကြည့်ပြီး ဖေဖေ သက်ပြင်းချမိခဲ့တယ်။ ဒါကြောင့်လည်း...
''အစ်မရေ မုန့်ဟင်းခါးတစ်ပွဲ၊ ကြိုက်တဲ့အကြော် ထည့်လိုက်ဗျာ...'' လို့ပဲ ဖေဖေက မှာခဲ့တာပေါ့။ ဆန္ဒတွေ စုပြုံနေတဲ့ နေရာမှာ ဖေဖေ့ကြောင့် ပိုပြီး မကျပ်ခဲသွားရအောင် ဖေဖေက နောက်တစ်လှမ်း ဆုတ်ပေးလိုက်တာပါပဲ။
တစ်ခါတုန်းကလည်း ကားလက်မှတ်သွားဝယ်ဖို့ အပြင်ကို ထွက်လုထွက်ဆဲ ဖေဖေ့မိတ်ဆွေကို အလုပ်ထဲက လုပ်ဖော်ကိုင်ဖက်တွေက ကားလက်မှတ် ဝိုင်းမှာနေကြတာကို ဖေဖေ တွေ့ဖူးတယ်။ ရုံးပိတ်ရက်တိုင်း ကိုယ့်မိသားစု ရှိရာမြို့ကို ပြန်ကြမယ့်လူတွေက ကားလက်မှတ် လမ်းကြုံမှာနေကြတာလေ။
တစ်ယောက်က ရှေ့ဆုံးခုံကို ရအောင် ဝယ်ပါတဲ့။ တစ်ယောက်က ဒရိုင်ဘာနောက်က ခုံကလေး ရအောင် လုပ်ပေးနော်တဲ့။ တစ်ယောက်ကတော့ အဆင်းအတက်ကြီးနားက မလိုချင်ဘူးတဲ့။ နောက်တစ်ယောက်ကတော့ ပြတင်းပေါက်ဘေးက လုပ်ပေးပါတဲ့။ နောက်တစ်ယောက်ကကျပြန်တော့ ခြေထောက်ချရတာ မလွတ်လပ်လို့ ဘီးပေါ်က မယူပါနဲ့တဲ့။ နောက်တစ်ယောက်ကကျပြန်တော့လည်း နောက်ပိုင်းကျလွန်းရင် မထိုင်ချင်ဘူးတဲ့။ တော်ပါသေးရဲ့ သမီးရယ်၊ ကိုယ့်ဆန္ဒကို နောက်တန်းပို့ပစ်တတ်တဲ့ သူတစ်ယောက်က ''အဆင်ပြေတဲ့ နေရာကပဲ ဝယ်ခဲ့ပါဗျာ'' လို့ ပြောဖော်ရသေးလို့သာပေါ့။ ဩော် လူတွေနဲ့ သူတို့ရဲ့ ဆန္ဒရောင်စုံများ။
(၄)
တကယ်တော့ သမီးရယ်... ဖေဖေတို့၊ သမီးတို့ လူတိုင်းကိုယ်စီမှာက ဘယ်ဟာကိုမှဆိုတဲ့ ပုဂ္ဂလိကစိတ်ရဲ့ တိမ်းညွှတ်မှုတွေကတော့ ကိုယ်စီကိုယ်ငှပါပဲ။ ဒါပေမဲ့ ဖေဖေတို့ဟာ ကိုယ့်ဆန္ဒ၊ ကိုယ့်အစွဲအလမ်း၊ ကိုယ့်ရမ္မက် တဏှာကို နေရာမရွေး၊ အချိန်မရွေး၊ အခြေအနေမရွေး ဖော်ထုတ်သင့်ကြရဲ့လား။ လူအထပ်ထပ်၊ ဆန္ဒအထပ်ထပ်ကြားမှာ ကျပ်ညပ်ပြီး မလူးသာ မလွန့်သာ ဖြစ်နေတဲ့သူတစ်ယောက်ယောက်အတွက် ဖေဖေတို့ ဆန္ဒကို ဖေဖေတို့ နောက်တန်းကို ပို့မထားသင့်ဘူးလား။
အဆင်ပြေသလို ဝယ်လာတဲ့ ခုံကပဲ တက်စီးသွားလိုက်စမ်းပါ သမီးရယ်။ ခရီးသည်တွေ အသွားအလာ များနေတဲ့ အချိန်မျိုးမှာ။ အဆင်ပြေသလို ထည့်ပေးလာတဲ့ မုန့်ဟင်းခါးတစ်ပွဲကိုပဲ စားလိုက်စမ်းပါ သမီးရယ်၊ စားမယ့်သူတွေ သည်လောက်များပြားနေတဲ့ အချိန်မျိုးမှာ။ အဆင်ပြေသလို ဖျော်ပေးလာတဲ့ လက်ဖက်ရည်တစ်ခွက်ကိုပဲ သောက်လိုက်စမ်းပါ သမီးရယ်၊ လက်ဖက်ရည်ဆိုင်ထဲမှာ လူတွေ ကျပ်ခဲနေတဲ့ အချိန်မျိုးမှာ။
ဖေဖေလေ Country boy ဆိုတဲ့ လက်ဖက်ရည်ဆိုင်ကလေးထဲမှာ ဖေဖေ့ရဲ့ ဆန္ဒတွေကို တကယ့်ကို နောက်တစ်လှမ်းဆုတ်ထားပေးခဲ့ဖူးပါတယ်။ ချိုပေါ့ကျ၊ ချိုဆိမ့်၊ ချိုကျ၊ ပုံမှန်၊ ချိုပေါ့၊ ပေါ့ကျ၊ ချိုပျစ် ဆိုတဲ့ လက်ဖက်ရည်ရောင်စုံတွေကြားထဲမှာ Country boy ရဲ့ စားပွဲထိုးကလေးက ဖေဖေ့အတွက် ဘယ်လို လက်ဖက်ရည်မျိုးကိုပဲ လာချချ၊ ဖေဖေက သောက်ရန်အသင့် ရှိနေခဲ့ဖူးပါတယ် သမီးရယ်။
(ချယ်ရီ၊ မေ၊ ၁၉၉၈)
သမီးဖတ်ဖို့ နှလုံးသားရှုမျှော်ခင်းများ Special Edition စာမျက်နှာ ၂၁ - ၂၅ ကနေ အဒ်မင်ကိုယ်တိုင် စာရိုက်ကူးယူ တင်ဆက်ပါတယ်။
စလေ ငနော့
Comments
Post a Comment