မပေါက်ကွဲသေးတဲ့ မိုင်းဗုံးများ + စစ်တောင်းနှစ်လီ 🖋 မောင်သာချို
မပေါက်ကွဲသေးတဲ့ မိုင်းဗုံးများ
***********************
မောင်သာချို
7Day News
Vol. 12, No. 42
Dec. 25, 2013
(တစ်)
တစ်ခါက အမှောင်ထုအင်နှင့်အားနှင့် ကြီးစိုး၍နေဆဲ မနက်စောစောကြီးထဲမှာ ကချင်ပြည်နယ်၏အစပ် ဟောင်ပါးဆိုသော ရွာကလေးကနေ ဆယ်ဇင်းတို့၊ တာမခန်တို့၊ ဖားကန့်တို့ကိုဖြတ်ကာ မြစ်ကြီးနားသို့ ပြန်လာခဲ့ဖူးပါသည်။ တောင်ဆင်းတောင်တက်တွေက များမှများ၊ မှောင်ကလည်းမှောင်မို့ တောင်တွေးမြောက်တွေးနှင့် စိတ်အားငယ်နေစဉ်မှာပင် ကားပေါ်၌ အတူပါလာသူ ဒေသခံမိတ်ဆွေက ကားရှေ့မီးရောင်၏အလင်း၌ ပေါ်လာသည့် ကားလမ်းအချိုင့်တစ်နေရာကို လှမ်းပြပါသည်။
“အဲဒါ.. မကြာသေးခင်က မိုင်းကွဲသွားတဲ့နေရာပေါ့”
ကျွန်တော့်ခြေထောက်တွေ ယားကျိကျိဖြစ်သွားပါသည်။ သူက သူ့စကားကိုဆက်၍နေသောအခါ ခြေထောက်တွေ ယားကျိကျိဖြစ်လာရုံမျှသာမက ကိုယ့်ဒူးခေါင်းအောက်ပိုင်းကို ကိုယ်ပြန်စမ်းကြည့်မိသည့်အထိကိုပင်လျှင် ကျောချမ်း၍သွားပါလေသည်။ တိုင်းရင်းသား သားအဖနှစ်ယောက်တို့ မနက်စောစောကြီး ဆိုင်ကယ်တစ်စီးနှင့် ခရီးနှင်ခဲ့ပါလေသတဲ့။ နာရေးဖြစ်သည့် ဆွေမျိုးသားချင်းများရှိရာ ရွာကလေးတစ်ရွာဆီသို့ ခရီးနှင်ခဲ့ခြင်းဖြစ်ပါသတဲ့။ အဖေနှင့်သမီး စကားတစ်ခွန်းစ နှစ်ခွန်းစပြော၍ လာခဲ့စဉ်မှာပင် ကားလမ်းတစ်နေရာ၌ မြှုပ်ထားသည့်မိုင်းကို ဆိုင်ကယ်ကနင်းကာ ၀ုန်းဝုန်းဒိုင်းဒိုင်း ပေါက်ကွဲကုန်ခြင်းဖြစ်ပါသည်။
“သမီးလေးကတော့ ပွဲချင်းပြီးပေါ့.. အဖေက ခြေထောက်နှစ်ချောင်းလုံး ဒူးဆစ်ကနေပြတ်ထွက်ကုန်တာ.. ကားမောင်းစားတာလေ.. အခု.. ကားမမောင်းနိုင်တော့ဘူး.. ရပ်ရွာက စောင့်ရှောက်ထားရတယ်”
တိုင်းရင်းသားအချင်းချင်း စစ်ခင်းကြရသည့် ပဋိပက္ခဖြစ်စဉ်ကြီးထဲတွင် သူတို့နှင့်ဘာမှမဆိုင်သည့် အဖေနှင့်သမီးတို့က အသက်နှင့်ဘ၀ကို ပေးလိုက်ကြရခြင်းဖြစ်ပါသည်။
(နှစ်)
မြန်မာနိုင်ငံမှာ မိုင်းက အမျိုးမျိုးအထွေထွေကိုပဲ ကွဲပါသည်။ ရထားလမ်းတွေပေါ်မှာ မိုင်းများကွဲခဲ့ပါ၏။ ကားလမ်းတွေပေါ်မှာ မိုင်းများကွဲခဲ့ပါ၏။ တောစပ်၊ တောင်စပ်၊ လယ်ကွင်းစပ်တွေမှာလည်း မိုင်းများကွဲခဲ့ပါ၏။ တည်းခိုခန်းထဲ၊ အိမ်သာထဲ ဈေးဆိုင်ကနားထဲမှာလည်း မိုင်းများကွဲခဲ့ပါ၏။ အပြစ်မဲ့သူတို့၏ ခြေထောက်အပြတ်များ၊ လက်ချောင်းငုတ်တိုများ၊ အသက်လိပ်ပြာများ အရေအတွက်မနည်းလှတော့။
မြန်မာနိုင်ငံဆိုင်ရာ မြေမြှုပ်မိုင်း စောင့်ကြည့်လေ့လာရေးနှင့် ပတ်သက်၍ သုတေသီတစ်ဦး၏အမည်ကို ကျွန်တော်မှတ်ထားဖူးပါသည်။ မစ္စတာမိုဆာပူအန်စူဝမ်းတဲ့။ သူက ကမ္ဘာပေါ်တွင် မြေမြှုပ်မိုင်းကြောင့် အန္တရာယ်အဖြစ်ဆုံး နိုင်ငံငါးနိုင်ငံကို သုတေသနပြုထားပြီးဖြစ်ပါသည်။ ထုံးစံအတိုင်း ကျွန်တော်တို့နိုင်ငံကလေး ပါရရှာပြန်တာပေါ့။
နံပါတ်တစ်က အာဖဂန်နစ္စတန်တဲ့။ နံပါတ်နှစ်က ကိုလံဘီယာတဲ့။ နံပါတ်သုံးက မြန်မာတဲ့။ နံပါတ်လေးက ပါကစ္စတန်တဲ့။ နံပါတ်ငါးက ကမ္ဘောဒီးယားတဲ့။ အချိန်မရွေး မွေးရာပါခြေထောက်တွေ၊ လက်တွေ ပြတ်ထွက်သွားနိုင်သည့် နိုင်ငံများ။ ဒေသတွင်းပဋိပက္ခတွေ၊ စစ်ပွဲတွေ၊ မတူညီသည့် အယူအဆတွေအတွက် တစ်ယောက်ကိုတစ်ယောက် ထောင်ထားခဲ့သည့် မိုင်းဗုံးများ။ လက်တွေ့နင်းမိကိုင်မိကြသည်က ဘာမှမဆိုင်သည့် အပြစ်မဲ့ပြည်သူများ။
(သုံး)
ဟိုတုန်းက မိုင်းခပ်စိပ်စိပ်ကွဲခဲ့ရာဒေသများနှင့် ကျွန်တော်ရင်းနှီးပါသည်။ ပဲခူးတိုင်းထဲက ညောင်လေးပင်၊ ကညွတ်ကွင်း၊ ပဲနွယ်ကုန်း၊ ဖြူး စသည်စသည်။
စစ်တောင်းမြစ်ကမ်းပါးက ဒေသတွေကိုလည်း ကျွန်တော် ရင်းနှီးပါ၏။ မဒေါက်၊ ရွှေကျင်၊ ကျောက်ကြီး။ ရွာကလေးတွေကလည်း အများကြီး။ ပဒဲကောတဲ့၊ မဘီးလေးတဲ့၊ မဘီးကြီးတဲ့၊ စွယ်တိန်တဲ့၊ ဘောကထာတဲ့၊ ကော်သာစေးတဲ့၊ ပန်းအင်းတဲ့၊ ဖိုးပိန်တဲ့၊ ရှုခင်းသာတဲ့၊ ကုန်းမြင့်သာတဲ့၊ ဆွေမဟာမြိုင်တဲ့။ ကရင်တိုင်းရင်းသားအများစု ခိုမှီးနေထိုင်ကြရာ ရွာကလေးတွေ။
ကျွန်တော် ထိုဒေသများသို့ရောက်ရှိခဲ့စဉ်က ကိုယ်တွေ့ကြုံခဲ့ရာ အဖြစ်ကလေးတစ်ခုကို အခြေခံ၍ ၀တ္ထုတိုကလေးတစ်ပုဒ်ကိုပင် ရေးခဲ့ဖူးပါသေးသည်။
ကျောင်းဆရာကလေးတစ်ယောက် ကရင်ရွာကလေးတရွာရှိရာသို့ တာဝန်ဖြင့် ရောက်လာသည်။
မူလတန်းပြဆရာ အသစ်ကလေး။ အတန်းထဲသို့ဝင်ဝင်ချင်း ဘာစာမှမသင်သေးဘဲ မိတ်ဆက်သည့်အနေနှင့် ဂဏန်းသချာင်္အကြောင်း ဗဟုသုတတွေလျှောက်ပြောနေရာက အမြှောက်အလီဘက်သို့ စိတ်ကူးရောက်သွားကာ ကလေးတို့ကို အခြေခံအလီကလေးတွေမေးသည်။ ကလေးတစ်ယောက်ကို မတ်တတ်ရပ်ခိုင်းပြီး နှစ်အလီမေးတော့ ကလေးဖြေဆိုဖို့ လွယ်ကူစိမ့်သောငှာ ဆရာကလေးက လမ်းကြောင်းပေးသည်။ ဆရာက ကလေးကို လူတစ်ယောက်မှာ ခြေထောက်ဘယ်နှချောင်းရှိသလဲဟု မေးပါလေသတဲ့။ ကလေးက မျက်လုံးကလေး ပေကလတ်ပေကလတ်နှင့် နှစ်ချောင်းဟုဖြေပါလေသတဲ့။ ဆရာက ဟုတ်ပြီဟုဆိုကာ သားတို့အိမ်မှာ လူဘယ်နှယောက်ရှိသလဲကွာဟု ထပ်ဆင့်၍မေးပြန်ရာ ကလေး၏အဖြေက ငါးယောက်။ သည်မှာတွင် ဆရာကအားတက်သွားပြီး အဲဒါ နှစ်ငါးလီပေါ့ကွ သားရ.. ကဲ မင်းတို့အိမ်မှာ စုစုပေါင်း ခြေထောက်ဘယ်နှချောင်းရှိသလဲဟု ဆက်ပြီးမေးချလိုက်ပါတော့သည်။ ကလေးတွေတွေကြီးဖြစ်သွားကာ ဖြေချလိုက်သည်က ရှစ်ချောင်းတဲ့။ လူငါးယောက် ခြေထောက်ရှစ်ချောင်း။ အဖေ့မှာကလည်း ခြေထောက်တစ်ချောင်းမရှိ။ အစ်ကို့မှာကလည်း ခြေထောက်တစ်ချောင်းမရှိ။ သည်တော့ နှစ်ငါးလီရှစ်။ စစ်တောင်းမြစ်ကမ်းဘေးက ကလေးတစ်ယောက်၏ သချာင်္။ ဒါကို ကျွန်တော်က ၀တ္ထုတိုလုပ်ပြီး ရေးခဲ့ဖူးခြင်းဖြစ်ပါသည်။
ဒေသခံများနှင့် စကားပြောဖြစ်သောအခါ သူတို့က သည်ဘက်ကရွာတိုင်းမှာ ခြေပြတ်၊ လက်ပြတ်ကတော့မကင်းဘူး ဆရာရဲ့ဟု ရင်ဖွင့်ပါသည်။ ဟင်းသီးဟင်းရွက်ရှာကြ၊ ကျွဲကျောင်းကြ၊ နွားကျောင်းကြ၊ ၀ါးခုတ်ကြ၊ သစ်ခုတ်ကြ၊ တညင်းသီးခူးကြရာက ပေးဆပ်လိုက်ရသည့် ခြေထောက်ကလေးများ၊ လက်ကလေးများ။
မိုင်းထောင်သည်ကတော့ သူ့ဘက်ကိုယ့်ဘက် ထောင်ကြသည်ပဲဖြစ်ပါသည်။ သို့သော် ပဋိပက္ခဖြစ်နေစဉ်မှာရော ဖြစ်ပြီးသွားသည့်နောက်မှာပါ သည်မိုင်းများကို မည်သူကမှ ပြန်ပြီးဖော်သွားလေ့မရှိပါ။ သည်အတိုင်း ပစ်ထားခဲ့ကြခြင်းဖြစ်ပါသည်။ သို့ဖြင့် ဒေသခံလူထုတွေက နင်းမိကြကာ ခြေထောက်တွေ၊ လက်တွေ ပြတ်ထွက်သွားကြရုံသာမက အသက်ကိုပင် ပေးဆပ်သွားခဲ့ကြရခြင်းဖြစ်ပါသည်။
ယခု ကမ္ဘာက မြန်မာနိုင်ငံကို မိုင်းအန္တရာယ်အရှိဆုံး နိုင်ငံငါးခုထဲ၌ နံပါတ်သုံးအဖြစ် စာရင်းတင်ထားပြီးဖြစ်ပါသည်။ မိုင်းရှင်းလင်းရေးလုပ်ငန်းစဉ်များ လုပ်ကိုင်ဆောင်ရွက်ကြရန်လည်း တိုက်တွန်းနှိုးဆော်လျက်ရှိပါသည်။
ပန်းခင်းသောလမ်းပေါ်၌ ကတ္တီပါဖိနပ်စီးကာ ရွှေထီးဆောင်း၍ မလျှောက်လှမ်းရလျှင်လည်း နေပါစေ။ မြက်ခင်းကလေးတို့ ဘယ်ညာတန်းစီကာ မြေသားနီနီနှင့် တောလမ်းတောင်လမ်းက လေးပဲ ဖြစ်စေဦးတော့ ခြေဗလာနှင့်ပဲ လျှောက်ရလျှောက်ရ စိုးရိမ်သောကဗျာပါဒ တစိုးတစိမှမရှိဘဲ ကျွန်တော်တို့တိုင်းရင်းသားတွေ ပျော်ပျော်ပါးပါး လျှောက်လှမ်းသွားစေချင်ပါပြီ။ ။
မောင်သာချို
ဟိန်း ဘလော့ဂ်ကနေ ကူးယူပါတယ်။ ဘလော့ဂါကို ကျေးဇူးတင်ပါတယ်။ သည်ဆောင်ပါးက ဆရာ့ရဲ့ ယာခရိုးမှာ ရွှေချိုးကူပါတော့ စာအုပ်ထဲက ဖြစ်ပါတယ်။
စလေ ငနော့
____________________________
ဆရာမောင်သာချိုရဲ့ စစ်တောင်းနှစ်လီ ဝတ္ထုတိုကို သည်ပေ့ဂ်ျမှာ နှစ်ကြိမ် တင်ပြီးပါပြီ။ မဖတ်လိုက်ရသူတွေအတွက် ပူးတွဲဖော်ပြပေးလိုက်ပါတယ်။
စစ်တောင်းနှစ်လီ
**************
မောင်သာချို
(တစ်)
အမြှောက်အလီကို ဂဏန်းဘယ်လောက်ကြီးကြီးအထိ အလွတ်ဆိုနိုင်သလဲ လို့ ကျွန်တော်မေးခဲ့ရင် ခင်ဗျား ဘယ်လိုများ အဖြေပေးလိမ့်မယ်ဆိုတာ ကျွန်တော် တကယ်မသိဘူး။ တစ်ခုတော့ ရှိတာပေါ့ဗျာ။ စကားကို ကတ်သီးကတ်သတ်တော့ မပြောကြေးပေါ့။ ဥပမာ တစ်ရာအလီရတယ် ဘာညာဆိုတာမျိုးပေါ့။ အဲလိုမျိုးသာ ပြောကြကြေးဆိုရင်ဖြင့် ကျွန်တော်ကလည်း ပြောလို့ သိပ်တတ်တာပေါ့။ ဟုတ်တယ်လေ။ တစ်သိန်းတစ်လီ တစ်သိန်း၊ တစ်သိန်းနှစ်လီ နှစ်သိန်း၊ တစ်သိန်းသုံးလီ သုံးသိန်း၊ တစ်သိန်းလေးလီ လေးသိန်း။ ကဲ ကျွန်တော် တစ်သိန်းအလီ ရပါတယ်လို့ပြောခဲ့ရင် ခင်ဗျား ဘယ်လိုငြင်းမလဲ။ ဒါကြောင့် စကားကို ကတ်သီးကတ်သတ်တော့ မပြောကြေးဗျာလို့ ကျွန်တော်က ခင်ဗျားကို စကားပလ္လင် ခံထားခဲ့ရတာပါ။
ကဲဗျာ ... ကျွန်တော့်မေးခွန်းကလေးဆီ ပြန်သွားရအောင်ပါ။ အမြှောက်အလီကို ဂဏန်းဘယ်လောက်ကြီးကြီးအထိ ခင်ဗျား ရသလဲဆိုတာပါ။ ပြောလေ။ ကျွန်တော်ကတော့ ဆယ့်နှစ်အလီအထိလောက်ပဲဗျ။ ဆယ့်သုံးအလီတို့၊ ဆယ့်လေးအလီတို့ကို ကျော်ပြီးရင် ဆယ့်ငါးအလီကလေးလည်း နည်းနည်းရသေးတယ်။ ဆယ့်ငါးတစ်လီ ဆယ့်ငါး၊ ဆယ့်ငါးနှစ်လီ သုံးဆယ်၊ ဆယ့်ငါး သုံးလီ လေးဆယ့်ငါး၊ ဆယ့်ငါးလေးလီ ခြောက်ဆယ်၊ ဆယ့်ငါးငါးလီ ခုနစ်ဆယ့်ငါး။ လွယ်တယ်ဗျ။ ဆယ့်သုံးအလီကျတော့ ဘယ်လိုကြီးမှန်း မသိပါဘူးဗျာ။ ဆယ့်သုံးတစ်လီ ဆယ့်သုံး၊ ဆယ့်သုံးနှစ်လီ နှစ်ဆယ့်ခြောက်၊ ဆယ့်သုံးသုံးလီ သုံးဆယ့်ကိုး။ အဲ ရှေ့ကျတော့ နည်းနည်းခက်သွားပြီ။ ကျွန်တော့်အတွက် ပြောတာပါ။ ခင်ဗျားကတော့ ရရင်ရမှာပေါ့။
ကျွန်တော့်စိတ်ထင် လူများစုကတော့ ဆယ့်နှစ်အလီလောက်မှာပဲ အမြှောက်အလီ ကိစ္စမှာ သင်ရိုးကုန်သွားကြတယ် ထင်ပါရဲ့။
သြော် ... ဒါနဲ့ အမြှောက်အလီအကြောင်းတွေ ပြောရင်းကနေ နှစ်အလီသင်တဲ့အကြောင်းကလေး သွားပြီးသတိရမိလိုက်တာ။ ဖိုးခွား ... တဲ့။ ကရင် ကလေးလေး။ ဆံပင်နီကြောင်ကြောင်ကလေးနဲ့။ အသားကလည်း နီစပ်စပ်ရယ်။ ဟုတ်ပါတယ်လေ။ စစ်တောင်းမြစ်ပတ်ဝန်းကျင်က ရွာကလေးတွေဆီမှာကျွန်တော် တာဝန်ကျခဲ့တုန်းကပေါ့။ အင်း ... ခု နှစ်ထောင့်ဆယ့်သုံးခုနှစ်ကနေ ပြန်တွက်တော့ ဆယ်နှစ်နီးပါးတောင်ရှိရော့မယ်။
(နှစ်)
ရွှေကျင်တို့၊ ကျောက်ကြီးတို့ဆိုတဲ့ ပဲခူးတိုင်းအစပ်က မြို့ကလေးတွေ ရှိရာဆီကို ခင်ဗျား ရောက်ဖူးမလား မသိဘူး။ စစ်တောင်း မြစ်ကြီးနဲ့မလှမ်းမကမ်းက မြို့ကလေးတွေလေ။ ဘာမှတော့ သိပ်ပြီးဝေးလှတာ မဟုတ်ဘူးဗျ။ ညောင်လေးပင်ကနေသွားရလှ တစ်နာရီခွဲ နှစ်နာရီပေါ့။ ကားကောင်းရင် ကောင်းသလောက် တော်တော်လေး ခရီးတွင်ပါတယ်။
ညောင်လေးပင်ဆိုလို့ ပြောရဦးမယ်။ လွန်ခဲ့တဲ့ နှစ်ပေါင်းသုံးလေးဆယ်ပေါ့။ ရန်ကုန်-မန္တလေး ရထားလမ်းကြီးတစ်လျှောက် ဗုံးကွဲပြီဆိုရင် မမေးနဲ့တော့။ အဲဒါ ညောင်လေးပင်ပဲ။ အဲဒါ ကညွှတ်ကွင်းပဲ။ အဲဒါ ပဲနွယ်ကုန်းပဲ။ ပြီးရင် ဖြူးလည်းပါသေးသပေါ့။ ဒါတွေက ကရင်ပြည်နယ်နဲ့ ကပ်နေတာကိုး။ ရန်ကုန်-မန္တလေး ရထားလမ်းမကြီးကနေ အရှေ့ဘက်ကို နှင်လိုက်ရင် မြောက်ကနေ တောင်ကိုစီးနေတဲ့ စစ်တောင်းမြစ်ကြီးကို တွေ့ပါလိမ့်မယ်။ အဲသည် မြစ်ကြီးရဲ့ အရှေ့ဘက်ကပ်နေတဲ့ တောတွေတောင်တွေနဲ့ အရပ်ဟာ ကရင်ပြည်နယ်ပဲပေါ့။ သြော် ... မကျေနပ်မှုတွေ၊ လက်စားချေမှုတွေ၊ ကလဲ့စားချေပွဲတွေ။ ကွဲလိုက်တဲ့ဗုံး။ တော်ကြာနေ ကြေးမုံထဲပါလာလိုက်၊ တော်ကြာနေ မြန်မာ့အလင်းထဲပါလာလိုက်နဲ့။ ခြေပြတ် လက်ပြတ်တွေ။ ထားပါတော့ဗျာ။ ကိုယ့်စကားပဲ ကိုယ်ပြန်ဆက်ကြရအောင်။
ပဲခူးတိုင်းအစပ်က ရွှေကျင်တို့၊ ကျောက်ကြီးတို့ဆိုတဲ့မြို့ကလေးတွေဆီကို ခင်ဗျား ရောက်ဖူးသလားလို့ ကျွန်တော်မေးခဲ့တာပါ။ ကျွန်တော်ကတော့ ရွှေကျင်ဆိုတဲ့ မြို့ကလေးရယ်၊ ပြီးတော့ စစ်တောင်မြစ်ထဲကို စီးဝင်တဲ့ ရွှေကျင်ချောင်းရယ်၊ ပဒဲကောတို့၊ မဘီးလေးတို့၊ မဘီးကြီးတို့၊ စွယ်တိန်တို့၊ ဘောကထာတို့၊ ဆွေမဟာမြိုင်တို့၊ ရှုခင်းသာတို့၊ ကုန်းမြင့်သာတို့၊ ကော်သာစေးတို့၊ ပန်းအင်းတို့၊ ဖိုးပိန်တို့ စတဲ့ရွာကလေးတွေ ရွာကလေးတွေ။ ကရင်၊ မြန်မာ ရောနှောနေထိုင်တဲ့ အဲသည့် ရွာကလေးတွေကို ဘယ်တော့မှမမေ့နိုင်ဘူး။ ပစ်သံ ခတ်သံတွေ တဝုန်းဝုန်း တဒိုင်းဒိုင်းနဲ့ ထွက်ပေါ်လာတဲ့အခါတိုင်း ကလေးတွေက “ဝေး” ” ဆိုတဲ့အသံနဲ့ ပြိုင်တူအော်ဟစ်ကာ ပျော်မဆုံးဖြစ်သွားတတ်တဲ့ ရွာကလေးတွေလေ။ ကျောင်းပိတ်တော့မှာမို့ တဲ့။
သြော် ... နေ့ တထိတ်ထိတ် ည တထိတ်ထိတ် ရွာကလေးတွေရှိရာဆီမှာ ကျွန်တော် ကျောင်းဆရာဘဝနဲ့ ကျင်လည်ခဲ့ရတာ လေးငါးနှစ်လောက်တော့ ရှိမယ်ထင်ပါရဲ့။
(သုံး)
အဲသည့် နေ့တထိတ်ထိတ် ညတထိတ် ထိတ် ရွာလို့ဆိုတဲ့ရွာကလေးတွေထဲက ရွာကလေးတစ်ရွာမှာ ကျွန်တော် ကျောင်းဆရာအဖြစ်နဲ့ အတန်းထဲကို ပထမဦးဆုံးဝင်သွားခဲ့ရတဲ့ နေ့တစ်နေ့ပေါ့။ မိုးကလည်း စွေလိုက်တာ။ တစ်နေ့လုံး တစ်ညလုံးကို စွေနေတော့တာ။ အနောက်ဘက်မှာ စစ်တောင်းမြစ်ကြီးက ညိုညစ်ညစ်နဲ့ သွင်သွင်စီးလို့။ အရှေ့ဘက်မှာ ကရင်တောင်တန်းကြီးတွေ။ မှောင်မှိုင်းပြီး ဆိုင်းညို့နေတာပဲနော်။
ကျွန်တော်ရောက်နေတဲ့ ရွာကလေးက တစ်ရွာတည်းမဟုတ်ဘူးဗျ။ ရွာ သုံး လေးရွာ လာကပ်ထားတာ။ သည်အရပ်မှာက လုံခြုံရေးအရ၊ စစ်ရေးအရ တချို့ရွာကလေးတွေကို ဖျက်ပြီး ရွာတစ်ရွာရွာဆီမှာ သွားပြီးပေါင်းပေးထားတာကို ရွာကပ်တယ်ဆိုလား။ ထားတော့။
အဲသည်နေ့က ကျွန်တော် ဝင်သွားမိတဲ့အတန်းက တစ်တန်းဗျ။ ကိုယ်ကလည်း ကျောင်းကိုရောက်ကာစ ကလေးတွေနဲ့လည်း ရင်းနှီးမှုရချင်လှတာနဲ့ စာကို သိပ်ပြီး နင်လား ငါလား သင်မနေတော့ဘဲ ကိုယ့်ကိုယ်ကိုယ်လည်း မိတ်ဆက်၊ ကလေးတွေကိုလည်း တစ်ယောက်ချင်းစီ နာမည်မေးပေါ့။ အများစုက ကရင်ကလေးငယ်ကလေးတွေပါပဲ။ မိဘတွေကတော့ စိုက်ကြ ပျိုးကြ ထွန်ကြ ယက်ကြပေါ့။
နည်းနည်းကလေး ရင်းနှီးသွားတော့ ကျွန်တော်က သားတို့သမီးတို့ နှစ်အလီ ရသလားလို့ မေးလိုက်မိပါရဲ့။ ဟုတ်တယ်လေ။ တစ်တန်းဆိုတော့ နှစ်အလီလောက်ကစပြီး မေးမှ သင့်တော်မှာပေါ့။ ကလေးသဘာဝ ရတယ်၊ မရဘူး တစ်ယောက်တစ်ပေါက်ပါပဲ။ စကားကလေးတွေဝဲတဲဝဲတဲနဲ့ ကျွက်ကျွက်ညံလို့။ အရင် ဆရာမက သင်ထားပြီးပြီ ဆိုတာလည်းပါရဲ့။
ဒါနဲ့ ကျွန်တော်က အတန်းကို ငြိမ်သွားအောင်လို့ ထိန်းလိုက်ရင်း ...
ကဲ ... နှစ်အလီကို တစ်ယောက်စီ မေးမယ်။ မေးတဲ့လူကပဲ ဖြေမယ်။ အလီကိုလည်း အစအဆုံး အစဉ်အတိုင်း မမေးဘူး၊ ဖြတ်ဖြတ်ပြီးမေးမယ်လည်းဆိုလိုက်ရော တစ်တန်းလုံး တိတ်ကျသွားတော့တာပါပဲ။ ကျွန်တော်တို့ ငယ်ငယ်တုန်းကလည်း ဒီအတိုင်းပဲဗျ။ အလီကို ဖြတ်မေးမှာ သိပ်ကြောက်တာ။ လေးအလီက ရပြီးသား။ ဆရာမက လေးခုနစ်လီလို့လည်း ဖြတ်မေးရော အိုးနင်းခွက်နင်းတွေ ဖြစ်ကုန်ပါလေရော။
လေးခုနစ်လီအထိရောက်အောင် စိတ်ထဲကနေ မနည်းကျိတ်ဆိုရတာ။ အဲသည်နေ့က ကျွန်တော် စမေးမိတဲ့ ကလေးလေးက ဖိုးခွားတဲ့ဗျ။ သားနာမည်လို့ မေးတော့ သူက ဖိုးခွားလို့ ပြောတာကိုး။ ကျွန်တော်က နှစ်ငါးလီလို့မေးလိုက်တာ။ မျက်လုံးလေး ကလယ်ကလယ်နဲ့။ ကလေး ဘာသာဘာဝကိုး။
အဲသည်မှာ ကျွန်တော်က ကဲတာဗျ။ သူ့ဘာသာသူ သိတော့မယ့် အဖြေကို ကိုယ်က လူတတ်ကြီးလုပ်ပြီး လမ်းကြောင်းပေးမိရာက ငါးပါးမှောက်ခဲ့ရတာပါပဲလေ။ “ကဲ ... သား ...လူတစ်ယောက်မှာ ခြေထောက် ဘယ်နှချောင်းရှိလဲ” “နှစ်ချောင်း” ကလေးက လက်ပိုက်ထားရာကနေ လက်ကလေးနှစ်ချောင်း ထောင်ပြရှာပါတယ်။ နွမ်းရော်လို့။ တွန့်ကြေလို့။ နှာခေါင်း လေး တရှုံ့ရှုံ့နဲ့။
“ဟုတ်ပြီ ... ကဲကွာ ... လူ ငါးယောက်ဆိုရင်ခြေထောက် ဘယ်နှချောင်းရှိမလဲ ... လွယ်လွယ်လေး”
ဟုတ်ပါတယ်။ အဖြေက လွယ်လွယ်လေးပါ။ ဒါပေမဲ့ ဘယ်တော့မှ မလွယ်အောင် ဖြစ်သွားခဲ့ရတဲ့ ကလေးရဲ့အဖြေက တစ်ခွန်းတည်းပါ။
“သားတို့အိမ်မှာ ရှစ်ချောင်း” တဲ့ ။
ဟာ ဟုတ်ပါတယ်။ ကျွန်တော် ဟာခနဲ ဖြစ်သွားမိပါတယ်။ တစ်ခုခုတော့ တိုက်ဆိုင်သွားခဲ့ပြီဆိုတာကို ကျွန်တော်လည်း ဘွဲ့ရပြီး တဲ့ ကျောင်းဆရာတစ်ယောက်။ သိတာပေါ့။
“ဟုတ်တယ် ဆရာ။ သူ့အဖေမှာ ခြေထောက်တစ်ချောင်းတည်း”
“သူတို့ အစ်ကိုကြီးမှာလည်း ခြေထောက် တစ်ချောင်းတည်းပဲ ဆရာ”
တော်ပါတော့။ တော်ကြစမ်းပါတော့။ တကယ့်ကိုလည်း ကျွန်တော်က ကလေးတွေကို တော်ပြီဟေ့လို့ အော်လိုက်ရင်းက ဘယ်သူ့ဆီကမှ ခွင့်မတောင်းဘဲ ပြန်ထိုင်နေတဲ့ ဖိုးခွားကလေးကိုကြည့်ကာ မျက်နှာပူလိုက်တာ။ အဲသည်နေ့က နှစ်အလီဆီ ကျွန်တော်ပြန်မရောက်တော့ဘဲ တောင်ပြော မြောက်ပြောနဲ့ အတန်းထဲက ပြန်ထွက်လာခဲ့မိတာ အမှန်ပါပဲ။
(လေး)
စိုထိုင်းထိုင်း အငွေ့အသက်နဲ့ ရုံးခန်းကလေးထဲပြန်ရောက်တော့ ဆရာမကလေး နှစ်ယောက်၊ သုံးယောက်က ဟုတ်တယ် ဆရာတဲ့။ ဖိုးခွား အဖေရော အစ်ကိုရော မိုင်းထိထားကြတာတဲ့။ မိုင်းတွေက သူ့ဘက် ကိုယ့်ဘက် ထောင်ကြတာဆိုတော့ သည်အရပ်မှာက မကြာခဏ နင်းမိတတ်ကြတာပါပဲတဲ့။ ဟင်းသီးဟင်းရွက်ရှာရင်း၊ ကျွဲကလေး၊ နွားကလေး ကျောင်းရင်း၊ ဝါးကလေး သစ်ကလေးခုတ်ရင်း တဲ့။ တညင်းတက်ချိန်ဆို အဆိုးဆုံးပဲတဲ့။
သြော် ... သည်ကရင်တောင်တန်း တစ်ကြောမှာက တညင်းတောတွေ တညင်းတောတွေ။ တညင်းသီးခူးတာကို တညင်းတက်သတဲ့။ တညင်းတက်ရင်းက မိုင်းနင်းမိတဲ့ ဇာတ်လမ်းတွေ။
(ငါး)
အေးဗျာ ... ခင်ဗျားဘာသာ ခင်ဗျား အမြှောက်အလီကို ရချင်သလောက်ရပေါ့။ ကျွန်တော်ကတော့ ရွှေကျင်နဲ့ ကျောက်ကြီးကြား စစ်တောင်းမြစ်ကမ်းပါးက ရွာကလေးများကို မမေ့သလို နှစ်ငါးလီမေးခဲ့မိတဲ့ ဖိုးခွားကလေးကိုလည်း မမေ့နိုင်ပါဘူး။ အဖြေ တစ်ဆယ်လိုချင်လို့ လူငါးယောက်ကို ခြေထောက်နှစ်ချောင်းနဲ့ မြှောက်ခိုင်းမလို့ကြံခဲ့တာ ရှစ်ချောင်းနဲ့ တိုက်တိုက်ဆိုင်ဆိုင်ကြုံပြီး ချာလပတ်လည်ခဲ့ရပါသော်ကော။
ပဒဲကော်တို့၊ မဘီးလေး မဘီးကြီးတို့၊ စွယ်တိန်တို့၊ ဘောကထာတို့၊ ဆွေမဟာမြိုင်တို့၊ ကော်သာစေးတို့၊ ရှုခင်းသာတို့၊ ပန်းအင်းတို့၊ ဖိုးပိန်တို့၊ ကုန်းမြင့်သာတို့ ရွာကလေးတွေ ရွာကလေးတွေ။ နှစ်ငါးလီကို ရှစ်မလုပ်ကြနဲ့တော့ဗျာ။ နှစ်နှစ်လီကို သုံးမလုပ်ကြနဲ့တော့ဗျာ။ နှစ်လေးလီကို ခြောက်မလုပ်ကြနဲ့တော့ဗျာ။
သြော် ... ကျွန်တော်တောင် သည်ရွာကလေးတွေဆီကနေ ခွဲခွာခဲ့တာ ဘယ်နှနှစ်ရှိပြီလဲ မသိတော့ဘူး။ ညောင်လေးပင် ရောက်လိုက်၊ ကညွတ်ကွင်း ရောက်လိုက်နဲ့။ ကျောင်းဆရာဆိုတော့လည်း နှစ်အလီကဖြင့် သင်ရတုန်း။
မောင်သာချို
ရနံ့သစ်၊ ဧပြီလ ၂၀၁၃။
Ko Oo + Ma Thandar ဘလော့ဂ်ကနေ ကူးယူပါတယ်။ ဘလော့ဂါကို ကျေးဇူးတင်ပါတယ်။
သည်ဝတ္ထုတိုလေးကို လင်းလွန်းခင် စာပေတိုက်ထုတ် 'လင်းလွန်းခင်စိတ်ကြိုက် မဂ္ဂဇင်းဝတ္ထုတိုများ (၄)' စာအုပ်မှာလည်း ဖော်ပြထားပါတယ်။
သည်ဝတ္ထုတိုလေးကို အရုပ်အသံနဲ့ ကြည့်ရှုနားထောင်ချင်ရင် ဗှီဒီယိုလင့်ခ်။ (Credit to YouTube uploader.)
https://youtu.be/zxrEQ9_CJ9E
Comments
Post a Comment