မထင်ရှားသည့် အမှတ်အသားများ 🖋 မောင်သာချို

မထင်ရှားသည့် အမှတ်အသားများ
**************************

မောင်သာချို

(တစ်)

သမီး...

အခု သမီးဖတ်နေတဲ့ စာကို ခေါင်းစဉ်တပ်ထားတဲ့ မထင်ရှားသည့် အမှတ်အသားများဆိုတဲ့ စာသားကို ခဏထားလိုက်ကြဦးစို့။ အဲသည်စာသားရဲ့ ပြောင်းပြန် ထင်ရှားသည့် အမှတ်အသားများကနေ စကားကို စလိုက်ကြရအောင်။
           
ဟုတ်တယ်။ ထင်ရှားသည့် အမှတ်အသားများ ဆိုတာကိုတော့ သမီး ကြားဖူးမယ်။ ဖေဖေတို့ ငယ်ငယ်တုန်းက မှတ်ပုံတင်ကတ်လို့ ခေါ်ပြီး အခုအခါ နိုင်ငံသားစိစစ်ရေးကတ်လို့ ခေါ်နေကြတဲ့ လူတိုင်းနဲ့ဆိုင်တဲ့ ကတ်ကလေးတွေကို လုပ်တဲ့အခါ ဖြည့်စွက်ရတဲ့ အချက်အလက်တွေထဲမှာ အဲသည် ထင်ရှားသော အမှတ်အသားများဆိုတာက ပါလေ့ရှိတဲ့အရာလေ။ ညာဘက်ပါးမှာ မှဲ့ရှိတာတို့၊ ဘယ်ဘက်မျက်ခုံးအထက်မှာ အမာရွတ်ရှိတာတို့ ဆိုတာမျိုးတွေကို ဖြည့်စွက်ခဲ့ရပုံကလေးတွေ ဖေဖေမှတ်မိနေသေးတာပေါ့။
                
ဖေဖေ့ သူငယ်ချင်း တစ်ယောက်ကများဆိုရင် ဘယ်ဘက်ချိုင်းကြား၌ အမှတ်ရှိသည်ဆိုလို့ ဖေဖေတို့ ရယ်ခဲ့ကြရသေးတာပေါ့။ သူ့ထင်ရှားသည့် အမှတ်အသားက ဘယ်သူမှ မမြင်နိုင်တဲ့နေရာကြီးမှာ ဥစ္စာ။ ထားပါ။ 
               
နောက်တော့ ဖေဖေတို့ဘဝတွေထဲမှာ အဲသည် ထင်ရှားသော အမှတ်အသားဆိုတာကို အကြောင်းဆိုက်တဲ့အခါ ထည့်ရတာမျိုးတွေ ရှိလာတယ်နော်။ ဆိုကြပါစို့၊ ကိုယ်ရေးမှတ်တမ်းလိုဟာမျိုးမှာ ထည့်ပေးရတာ၊ လျှောက်လွှာတစ်မျိုးမျိုးမှာ ထည့်ပေးရတာ။ 
                
တကယ်တော့ လူဟာ ကိုယ်ခန္ဓာပေါ်မှာမှ မဟုတ်ပါဘူး သမီးရယ်။ ဘဝတွေ၊ ဘဝတွေ ကိုယ်စီကိုယ်ငထဲမှာကလည်း ထင်ရှားတဲ့ အမှတ်အသားတွေနဲ့ပါ။ လူသတ်မှုနဲ့ ထောင်ကျဖူးတဲ့လူ။ ချဉ်ဖတ်ရောင်းတဲ့ မိန်းမရဲ့သမီး။ ဘာသာစုံဂုဏ်ထူးထွက်တဲ့ ကောင်လေး။ ခြေထောက်တစ်ဖက် ဆာတာတာနဲ့ မိန်းမ။ စာရေးဆရာကြီးရဲ့ အမျိုးသမီး။ တပ်ရင်းမှူးရဲ့ သား။ အိမ်ထောင်သုံးဆက်နဲ့မိန်းမ။ 
               
သြော်... လူတွေရယ်မှ ဟုတ်ပါရိုးလား သမီးရယ်။ မြို့ရွာဒေသ တိုင်းပြည်နိုင်ငံတွေမှာလည်း ထင်ရှားတဲ့ အမှတ်အသားတွေနဲ့ပါပဲ။ စစ်ရှုံးတဲ့ နိုင်ငံ၊ အဆင်းရဲဆုံး တိုင်းပြည်၊ ညစ်ပတ်တဲ့ ရပ်ကွက်၊ စေတီပုထိုး ဘုရားကျောင်းကန်တွေ များတဲ့မြို့၊ သားငါးပုစွန် ကောက်ပဲသီးနှံပေါတဲ့ရွာ၊ ရှင်ဘုရင် နောက်ဆုံး စိုးစံသွားတဲ့မြို့၊ အာဇာနည် ခေါင်းဆောင်ကြီး တက်သွားတဲ့ ကျောင်း၊ အများကြီးပေါ့။ ထင်ရှားတဲ့ အမှတ်အသားတွေ၊ အဆိုးတွေရော၊ အကောင်းတွေရော၊ ရယ်သံတွေရော၊ ငိုသံတွေရော၊ အောင်ပွဲတွေရော၊ ရှုံးပွဲတွေရော။
               
ထင်ရှားတဲ့ အမှတ်အသားတွေ၊ ဖေဖေ သမီးကို အခုပြောချင်တာက အဲဒါတွေနဲ့ပြောင်းပြန်။ မထင်ရှားတဲ့ အမှတ်အသားတွေအကြောင်း သမီးရဲ့။
     
(နှစ်)
      
သူက ဖေဖေရဲ့ ဆရာတစ်ယောက်ပေါ့။ ငယ်ဆရာ မဟုတ်ဘူး။ တက္ကသိုလ်ရောက်မှ ထိတွေ့ရင်းနှီးခွင့်ရခဲ့တဲ့ ဆရာ။ ကြီးဆရာ။ မထင်ရှားတဲ့ အမှတ်အသားတွေရဲ့ ဇာတ်လိုက်ဟာ ဖေဖေ့ဆရာပဲပေါ့။ 
          
တစ်ရက် ဆရာက ဖေဖေ့ကို စာအုပ်တစ်အုပ် ပြန်ပေးဖို့ ရှိပါတယ်။ ဒါပေမဲ့ ဖေဖေက အဲသည်နေ့မှာ ကျောင်းကိုမသွားဖြစ်လိုက်ဘူး။ ဒါကြောင့် ဆရာက ဖေဖေ့လက်ထဲအရောက် စာအုပ်ကို ပြန်မထည့်လိုက်နိုင်ခဲ့ဘူး။ ဒါပေမဲ့ အတန်းထဲက ဖေဖေ့မိတ်ဆွေ ကျောင်းသားတစ်ယောက်ကို ပေးထားရစ်ခဲ့တယ်။ အဲသည်အတန်းဖော်မိတ်ဆွေ ကျောင်းသားရဲ့ အထင်ရှားဆုံး အနေအထားက ကိုယ်အောက်ပိုင်း မသန်တာပါ။ ချိုင်းထောက်ကလေးနဲ့ ကျောင်းတက်နေရရှာတဲ့သူပါ။ သူ့နာမည်ကို ဆရာမသိဘူး။ ဒါကြောင့် ဘယ်သူ့ကို ပေးခဲ့ပါတယ်လို့ဆိုတာ ဖေဖေ့ကို နာမည်ပြောပြီး ဆရာ မညွှန်းနိုင်ဘူး။ အဲသည်ကျောင်းသားကို မထင်ရှားတဲ့ အမှတ်အသားနဲ့ ကြိုးစားပြီး ဆရာညွှန်းပုံက ကြည့်ပါဦး။ 

"ပုဆိုးကို ခါးပတ်ပတ်ပြီး ဝတ်တဲ့တစ်ယောက်ဗျာ သူ့ဆီမှာ ပေးထားခဲ့တယ်" တဲ့။

ဖေဖေက သိပ်ပြီး မထူပါဘူး သမီးရယ်။ ဝေးလည်း မဝေးဘူး။ ဖေဖေ နားလည်တာပေါ့။ ဖေဖေ ခံစားလို့ရတာပေါ့။ ချိုင်းထောက်နဲ့ကျောင်းသားဆိုတဲ့ အထင်ရှားဆုံး အမှတ်အသားကို ရှောင်ကွင်းပြီး လူကိုညွှန်းဖို့ ဆရာက ကြိုးစားပစ်ခဲ့တာ။ ဖော်ပြစရာ ထင်ရှားတဲ့ အမှတ်အသားက နှလုံးသားကို ထိခိုက်စေတဲ့ အမှတ်အသားမျိုး ဖြစ်နေလေတဲ့ ဥစ္စာ။ သိပ်ပြီး မထင်ရှားတဲ့ ပုဆိုးကို ခါးပတ်ပတ်ပြီး ဝတ်တာကလေးက မပေါ်လွင်လွန်းလှပေမယ့်လည်း သိအောင်တော့ လမ်းညွှန်ပေးနိုင်ပါတယ် သမီးရယ်။
                       
(သုံး)
          
သမီးရေ။
          
တချို့တချို့သော ထင်ရှားတဲ့ အမှတ်အသားတွေက လူနဲ့လောကကို ဒဏ်ရာအနာတရ ပြန်ဖြစ်စေပါတယ်။ ညှိုးငယ်စေရဲ့၊ သိမ်ငယ်စေရဲ့၊ ခွန်အားတွေ မျှော်မှန်းချက်တွေ ဆွံ့ရွံ့စေရဲ့။
            
ယောက်ျားက ပစ်သွားတဲ့ ကောင်မလေးလို့ ဆိုမယ့်အစား အထည်ဆိုင်က ကောင်မလေးဆိုတာက နားမခံသာဘူးလား။ နှုတ်ခမ်းအကွဲနဲ့ ကောင်ကလေးလို့ ဆိုမယ့်အစား စပို့ရှပ်အနီနဲ့ ကောင်ကလေးဆိုတာက ဝေဒနာ မသက်သာဘူးလား။ အလုပ်ပြုတ်သွားတဲ့လူလို့ ဆိုမယ့်အစား ဆရာမရဲ့အမျိုးသားဆိုတာက လူ့ဂုဏ်သိက္ခာကို ထိန်းကူပေးရာ မရောက်ဘူးလား။ 
            
စစ်ရှုံးနိုင်ငံဆိုတာထက် ချယ်ရီပွင့်တဲ့နိုင်ငံဆိုတာက ဂျပန်ကို လှစေပါတယ်။ ခြောက်ခန်းတဲ့မြို့ဆိုတာထက် သမိုင်းဝင်ဂူဘုရားတွေနဲ့မြို့ ဆိုတာက ပုဂံကို ကြွစေပါတယ်။
             
ဖေဖေတို့တစ်တွေ တစ်ခါတလေ ဘဝအချိုးအကွေ့ကလေးတွေမှာ မထင်ရှားတဲ့ အမှတ်အသားကလေးတွေကို ရှာကြည့်ကြရအောင်လား။ 

The Flower News ဂျာနယ်၊
တွဲ ၁၁၊ အမှတ် ၂၄၊ ဇွန်-ဇူလိုင်၊ ၂၀၁၅။

သမီးဖတ်ဖို့ နှလုံးသားရှုမျှော်ခင်းများ Special Edition စာမျက်နှာ ၄၃၀ - ၄၃၂။

ကို Nyi Nyi Mg Than ရဲ့ ပို့စ်ကနေ ကူးယူပါတယ်။ စာရိုက်ထားသူကို ကျေးဇူးတင်ပါတယ်။

စလေ ငနော့

Comments

Popular posts from this blog

ငရဲဆိုတာ ဂျိုနဲ့လား 🖋 ဟံသာဝတီ ဦးဝင်းတင်

ဘာလဲဟဲ့... လူ့ငရဲ (မိတ်ဆက်) 🖋 ဟံသာဝတီ ဦးဝင်းတင်

ပုံစံခွက်ထဲက နိုင်ငံရေးမုန်တိုင်း (၁) 🖋 ဟံသာဝတီ ဦးဝင်းတင်