ဆံပင်အရေးအတွက် ရင်လေးကြောင်း မေတ္တာစာ 🖋 ဂျက်ကွမ်းခြံကုန်း

ဆံပင်အရေးအတွက် 
*****************
ရင်လေးကြောင်း မေတ္တာစာ 
**********************

ဂျက်ကွမ်းခြံကုန်း

ရတနာတြိ နမာမိ
ရတနာသုံးပါး
ဦးထိပ်မှာ ထားပြီးသကာလ
စာအားဖြင့် ကြားရောက်လိုက်ပါသည်
ကျွန်ုပ်၏ တူမကြီးတို့။

ကပ်ကြီးသုံးပါး၊
ရပ်ပြစ်ရှစ်ပါး၊
ရန်သူမျိုးငါးပါး၊
ဝိပ္ပတ္တိတရားလေးပါး၊
ဗျသနတရားငါးပါး
အပြားပြားသော အမိုက်အမှောင်တို့မှ
ကွင်းရှောင်နိုင်ကြသည် ဖြစ်၍
လောကဓာတ်မြေတစ်ခွင်၌
အနောဝတတ် ရေအလျဉ်ပမာ
ကြည်လင်ပါစေသော်ဝ်၊
ချမ်းမြေ့ပါစေသော်ဝ်ဟု
ဩဓိသပတ္ထနာ၊ မေတ္တာရေစင်မောင်းဖြင့်
ဖျန်းပက် သွန်းလောင်းပြီးသကာလ
ဦးဂျက်၏ အမှာစကားကို
အထူးမြွက်ကာ ကြားသိစေလိုက်ပါသည်
ချစ်တူမကြီးတို့။

ဂီတဘုရင်
နန်းတော်ရှေ့ဆရာတင်ကလည်း
သူ့ 'ရွှေမင်းဂံ' သီချင်း တစ်နေရာဝယ်
"ပိတုန်းရောင်ကေသာ 
ဖြန့်လိုက်ရင် တစ်ကိုယ်လုံး
ဝေဝေဆာဆာလွင်လွင်၊
မင်းဂံဘုတ်ရွာသူများ''
စသည်ဖြင့်
မိန်းကလေးတို့ ဆံကေသာ နက်မှောင်ပုံကို
အလေးဂရုထား၍
တေးပြု ကစားခဲ့ချေသည်။

ထို့ပြင်တစ်ဝ
ဣတ္ထိယခေါ် မိန်းမတို့၏ ပသာဒ
ကောင်းခြင်းငါးမည်
အလီလီရှိရာဝယ်
အဆင်း၏ ကောင်းခြင်း၊
အရိုး၏ ကောင်းခြင်း၊
အရွယ်၏ ကောင်းခြင်း၊
အရေ၏ ကောင်းခြင်း၊
ဆံပင်၏ ကောင်းခြင်း၊
စသည်... စသည်ဖြင့်...
ကောင်းခြင်းငါးရပ်
သတ်မှတ်၍ ထားခဲ့ကြလေရာ
ဆံပင်၏ ကောင်းခြင်းဒြပ်သည်လည်း
မောင်းသတင်းတစ်ရပ် မဟုတ်ပါသလော။

ထို့ပြင်တစ်ဝ
ကောင်းခြောက်ဆယ့်လေးရပ်၊
သွေးထပ်ထပ် ရုပ်ညီ၊
ကျမ်းဂန်စကား၊
ထပ်၍ ထားကြပြန်သည်နှင့်အညီ၊
ဣတ္တိယတို့၏ အလှတရား
ခြောက်ဆယ်နှင့် လေးပါး၌
ဆံကေသာ၏ ကောင်းမှုကို
သုံးပါးစုဟု ဖော်ပြခဲ့ကြသည်မှာ
ကုဋိလကေသာ-အဖျားကော့သော ဆံပင်ရှိခြင်း၊
ဒီဃမုဒ္ဓဇာကေသာ-ရှည်လျားသော ဆံပင်ရှိခြင်း၊
သုခုမကေသာ-သိမ်မွေ့သော ဆံပင်ရှိခြင်းဟု
ထင်လင်းစွာ ပြဆိုခဲ့ကြပြန်ပါသည်။

စလေအညာက နဘေဆရာကြီး ဦးပုညက
ဥဒယ ဟူသည့် ဘုရင်မင်းမြတ်ကို
သူ့ 'ရေသည်ပြဇာတ်' တစ်နေရာ၌
သရုပ်ဖော်၍ ထားသည်မှာ
"မင်ပိတုန်းရောင်၊ မြကေသျှောင်''
ဟူ၍
ဆံကေသာ မည်းနက်ပုံကို
စွဲမက်စရာ ထည့်သွင်းရေးသားခဲ့ဖူးပေသည်။

အချုပ်ကို ဆိုရသော်
ကျားချင် ကျား၊ မချင် မ
ဟိုးအတီတေ အတိတ် အတိတ်တုန်းဆီက
ဦးထိပ်ဆံစနှင့် ပတ်သက်သည်ရှိသော်
နက်မှောင်မှုကိုသာလျှင်
ဂုဏ်တစ်ရပ်အဖြစ်
ယုံမှတ်ခဲ့ကြပေသည်။

ယခုတစ်မူ
ဒိန်းမတ်နှင့် နယ်သာလန်၊
အီတာလျံနှင့် ပြင်သစ်၊
အင်္ဂလန်၊ ဂျာမန်၊ ဆွစ်တို့လို
ရွှေရောင်အမွေး၊
ငွေအရောင်အမွေး၊
နေလောင်အမွေး၊
နီတီတီ ကြောင်တောင်တောင်
နေပူစပ်ခါး လုပ်စားရသယောင်ယောင်
အမောင်မောင်၊ အမိမိ
ဆေးအမျိုးမျိုး ဆိုးကြသည့်အခိုက်ဝယ်
ရန်ကုန်ရောက် တူမကြီးတို့တစ်သိုက်လည်း
လိုက်၍ ဆိုးကြလေပြီကောဟု
မောစရာ့ စကားကို
တောက ကြားသိရပါသည်။

သမိုင်းအရေးကိုလည်း နိုးကြားပါမှ
ချိုင်းမွေးကိုလည်း ဆိုးထားပါစ။
သမိုင်းအရေးကို မနိုးကြားပါက
မျက်မှောက်မှာ အလွဲကြီးလွဲမည်၊
ချိုင်းမွေးကို မဆိုးထားပါက
လက်အမြှောက်မှာ အမည်းကြီး မည်းသည်။

ငွေအသုံးများစရာ့ အရေးကိုလည်း ခြိုးခြံပါလေ၊
ခြေသလုံးသားက အမွေးကိုလည်း ဆိုးရန်ပါ အဆွေ။
ငွေအသုံးများစရာ့ အရေးကို မခြိုးခြံတော့
ငွေကစားကွက်မှာ မွဲမွဲပြောင်မည်။
ခြေသလုံးသားက အမွေးကိုလည်း မဆိုးပြန်တော့
လှေကားအတက်မှာ မည်းမည်းမှောင်သည်။

ရင်ခတ်ပန်း အလှလေးတွေကိုလည်း ပျိုးပါ၊
ရင်ဘတ်တစ်ဝန်းမှ အမွေးတွေကိုလည်း ဆိုးပါ။
မနက်က အကြွေးကိုလည်း ကျေအောင် ပေးလေ၊
လက်က အမွေးကိုလည်း ရွှေရောင်ပြေးပါစေ၊၊

ကျေအောင် ပေးမှ အပြစ်မရှိ၊ နောင်ဘဝအေး၊၊
ရွှေရောင်ပြေးမှ ခေတ်၏ ကောင်မကလေး။

မျက်ခုံးမွေး၊ မျက်တောင်မွေး
မုတ်ဆိတ်မွေး၊ နှုတ်ခမ်းမွေး
အမွေးအဝဝ
ရှိရှိသမျှကို ရွှေရောင်ဆိုးတော့မှ
ရွှေအမျိုး၊ ငွေအမျိုး
မင်္ဂလာကျက်သရေ တိုးတော့မင့်ဟာ၊
ဦးခေါင်းတစ်ခုတည်း ရွှေရောင်လက်၍ 
ကျန်အမွေးခပ်သိမ်း မည်းနက်မနေစေရန်အလို့ငှါ
တစ်ကိုယ်လုံး ဆိုးရန်ကို သတိချပ်ဖို့
မေတ္တာစာ ပို့အပ်လိုက်ရပေသည်
တူ၊ တူမ အပေါင်းတို့။    ။

➡ ➡ ➡

ဂျက်ကွမ်းခြံကုန်း

ဂျက်ကွမ်းခြံကုန်း၏ ဂျက်မေတ္တာစာမှ။

သရုပ်ဖော် - ကာတွန်းအော်ပီကျယ် 

စာရိုက်တင်ဆက်သူ
စလေ ငနော့

Comments

Popular posts from this blog

ငရဲဆိုတာ ဂျိုနဲ့လား 🖋 ဟံသာဝတီ ဦးဝင်းတင်

ဘာလဲဟဲ့... လူ့ငရဲ (မိတ်ဆက်) 🖋 ဟံသာဝတီ ဦးဝင်းတင်

ပုံစံခွက်ထဲက နိုင်ငံရေးမုန်တိုင်း (၁) 🖋 ဟံသာဝတီ ဦးဝင်းတင်