ထွေးညိုက သေဒဏ် ကိုသိန်းတန်က တစ်သက်တစ်ကျွန်း 🖋 မောင်သာချို

ထွေးညိုက သေဒဏ် 
*****************
ကိုသိန်းတန်က တစ်သက်တစ်ကျွန်း
***************************

မောင်သာချို

7Day News
Vol. 10, No. 30
Oct. 13, 2011

(တစ်)

လူတွေ ဇရာထောင်းလာတော့ ဟိုဆေးခန်းပြ သည်ဆေးခန်းပြ ဟိုဆရာဝန်ဆီဆေးစစ် သည်ဆရာဂန်ဆီဆေးစစ် လု့်လာကြသလို ကျွန်တော်တို့ မှီတင်းနေထိုင်ကြရာ ကမ္ဘာမြေကြီး အိုမင်းယိုယွင်းလာပြီဆိုသည့် အကြောင်း ခပ်ရေးရေး သဘောပေါက်လာကြသောအခါ ဘာကြောင့် သည်လိုဖြစ်ရတယ်ဆိုသော ရောဂါ၏ အမွေးခံအကြောင်းတရားကို ရှာဖွေလာကြသည်နှင့်အမျှ ဘယ်လိုကုသကြရင် ကောင်းမလဲဆိုသည့် ကုထုံးကိုပါ စဉ်းစား၍ လာကြပါသည်။

မုန်တိုင်းတွေ မကြာခဏတိုက်သော ကမ္ဘာ၊  ငလျင်တွေ မကြာခဏ လှုပ်သောကမ္ဘာ၊  နေရာအနှံ့ ရေကြီး၍ ရေလျှံသောကမ္ဘာ၊  သီးနှံအထွက်နှုန်း ဆွံ့အသော ကမ္ဘာ၊  အပူရှိန် တငွေ့ငွေ့တက်နေသော ကမ္ဘာ၊ သောက်သုံးရေ ခန်းခြောက်သော ကမ္ဘာ၊ သဘာဝသယံဇာတ မြုံ၍သွားသော ကမ္ဘာ စသည် စသည်ဖြင့် ဒဏ်ရာဒဏ်ချက်တွေက ဗရပွ။
    
သည်မှာ အဓိက လက်သည်တရားခံအဖြစ် ကာဗွန်ကို သွားတွေ့ပါသည်။ ရေခဲသေတ္တာတွေက၊ လေအေးပေးစက်တွေက၊  စက်ရုံအလုပ်ရုံတွေက၊ မော်တော်ကား မော်တော်ဆိုင်ကယ်က၊ လေယာဉ်တွေက၊ သစ်ပင်သစ်တော ပြုန်းတီးမှုတွေက ထုတ်လွှတ်ထွက်ရှိလာသော ကာဗွန်ဟု အဖြေထုတ်ပါသည်။

ပရင်စတန် တက္ကသိုလ်က ''Princeton University Carbon mitigation initiative'' ဟု အစီအစဉ်တစ်ခု ဆွဲပါသည်။ ကာဗွန် သက်သာရေး ဆောင်ရွက်ချက်တဲ့။ သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းပညာရှင်တို့ကမူ Carbon Foot Prints ခေါ် ကာဗွန်ခြေရာတိုင်းခြင်းဖြင့် မည်သည့်နိုင်ငံက ကာဗွန်အများဆုံး ထုတ်လွှတ်သလဲဟုဆိုကာ အဖြေရှာကြပါသည်။ ဩစတြေးလျနိုင်ငံ၊ ဆစ်ဒနီမြို့က လူ ၂ ဒသမ ၂ သန်းကမူ ၂၀၀၇ ခုနှစ်က Earth Hour ဟု လှုံ့ ဆော်ကာ တစ်နာရီတိတိ လျပ်စစ်မီးများကို ပိတ်ထားခဲ့ဖူးပါသည်။ ၂၀၀၈ ခုနှစ်မှာမူ နိုင်ငံပေါင်း ၃၅ နိုင်ငံက လူပေါင်း သန်း ၅၀ က Earth Hour အဖြစ် လှုံ့ ဆော်ကာ လျှပ်စစ်မီးများကို တစ်နာရီတိတိ ပိတ်ထားခဲ့ပြန်ပါသည်။ ၂၀၁၁ ခုနှစ်အတွင်းတွင်မူ စင်ကာပူနိုင်ငံက First ever Earth hour night work ဟု ဆိုကာ လူတစ်ယောက်လျင် ၁၅ ဒေါ်လာစီ ထည့်ပြီး ၃၅ ကီလိုမီတာ ရှည်သော ခရီးကို အမှောင်ထဲ၌ တစ်နာရီတိတိ လမ်းလျှောက်ခဲ့ကြပါသည်။  
    
ဒါတွေ အားလုံးကို ပြန်ပြီး အနှစ်ချုပ်လိုက်တော့  ပျက်ယွင်းစပြုလာသော ကမ္ဘာမြေကို အတတ်နိုင်ဆုံး ကုသဖို့ဟု အဖြေထွက်ပါသည်။

(နှစ်)

ယခုအခါ  သဘာဝပတ်ဝန်းကျင် ထိမ်းသိမ်းမှုဆိုင်ရာ တက်ကြွလှုပ်ရှားသူတို့က ဟောပြောပွဲများ ကျင်းပခြင်း၊  စာတမ်းဖတ်ခြင်း၊ စာရေးခြင်း၊ ပန်းချီဓာတ်ပုံပြပွဲများ 
ကျင်းပခြင်း၊ မှတ်တမ်းရုပ်ရှင် ရိုက်ကူးတင်ပြခြင်း  စသည်စသည်ဖြင့် ကမ္ဘာမြေကို စောင့်ရှောက်ဖို့ နည်းလမ်းပေါင်းစုံဖြင့် ကြိုးပမ်းလာကြပါသည်။ စက်ရုံ၊ အလုပ်ရုံတွေ လျှော့ချဖို့၊ ကားသုံးစွဲတာ ခြိုးခြံချွေတာဖို့၊ ရေခဲသေတ္တာ မသုံးဖို့၊ လေအေးပေးစက် မသုံးဖို့၊ သစ်တောတွေကို မခုတ်ဖို့  စသည်စသည်ဖြင့်။ တကယ်တော့ ဒါတွေကို ကျူးလွန်တာက ငွေရှင်ကြေးရှင် လုပ်ငန်းရှင်များသာ ဖြစ်ပါသည်။

ဘင်္ဂလားဒေ့ရှ်နိုင်ငံက ပတ်ဝန်းကျင်နှင့် သဘာဝသစ်တောရေးရာဝန်ကြီး မစ္စတာရာမန်ခန်းပြောသလို လူသန်း ၁၅၀ ရှိသော ဘင်္ဂလားဒေ့ရှ်၌ သန်း ၃၀ တို့ သဘာဝဘေးဒုက္ခ သင့်နေကြရခြင်းမှာ ဖွံ့ဖြိုးပြီး နိုင်ငံများကြောင့်ဟု စွပ်စွပြီး လျော်ကြေးပေးဖို့ လေသံပစ်ပစ်လာခဲ့သည်မှာ လျော်ကန်သော တောင်းဆိုမှုဟု ယူဆမိပါသည်။

၂၀၁၁ ခုနှစ်၏ CNN Weather News Report ကို ကြည့်။ carbon foot print ခေါ် ကာဗွန်ခြေရာ အထူထပ်ဆုံးနိုင်ငံတွေက အမေရိကန်က တစ်တဲ့။ ဗြိတိန်က နှစ်၊  ဂျာမန်ကသုံး၊ ရုရှားက လေး၊ ပြင်သစ်က ငါး၊ တရုတ်က ခြောက်၊  ဒါဆို ကာဗွန် လှိုင်လှိုင်ထုတ်နေတာ ကမ္ဘာကို ပူအောင် လုပ်နေတာမှာ ဆင်းရဲသော ဖွံ့ဖြိုးဆဲဖြစ်သော 
နိုင်ငံတွေ မပါဝင်တာ သေချာပါပြီ။

လူတစ်ဦးချင်း တစ်ယောက်ချင်းမှာလည်း ဆင်းရဲသူ၊ ဝင်ငွေနိမ့်ကျသူ၊ ကျေးတောနေသူတို့ကြောင့်တော့ဖြင့် ကာဗွန်မထူထပ်နိုင်ပါ။ သူတို့တွေ ရေခဲသေတ္တာမသုံး။ သူတို့ဆီမှာ လေအေးပေးစက် မရှိ။ မိသားစုဝင်တို့ ကားတစ်ယောက်တစ်စီး မသုံးဘဲ တစ်စီးတည်းကိုသာ မျှသုံးဖို့ နားချစရာ အကြောင်းမရှိ။ နဂိုမူလကိုက သူတို့က ကားမရှိသူတွေ။ နေ့စဉ်ဘဝအသက်ရှင်ဖို့အတွက် ဟိုတောစပ် ထင်းဝင်ခုတ်၊ သည်တောစပ် မီးသွေးဝင်ဖုတ်တာမျိုးတွေ ရှိနိုင်ပါ၏။ သို့သော် တစ်တောလုံးပြောင်၍ တစ်တောင်လုံး ရှင်းအောင် လုပ်ကာ သန်းကြွယ်သူဋ္ဌေးဖြစ် ကြံသူတွေထဲ၌ ထိုသူတို့ မပါ။

ခက်နေသည်က အိမ်တွင် လူငါးယောက် ကားငါးစီးရှိသူ၊ အခန်း ၁၀ ခန်းတွင် လေအေးစက် ၁၀ လုံး တပ်ဆင်ထားသူ၊ သာမန်အိမ်ခန်း တစ်ခန်းစာလောက်နီးနီး ရေခဲသေတ္တာကြီးထဲ၌ သစ်သီးဝလံပေါင်းစုံကို 
ထည့်ကာ မြုံ့၍ နေသူ၊ မီးခိုတလူလူ ထွက်နေသည့် စက်ရုံ၊ အလုပ်ရုံတို့ကို 
ပိုင်ဆိုင်ထားသူ၊  သစ်ပုံပေါ် တက်ထိုင်ကာ  နိုင်ငံခြားငွေ အထပ်လိုက် ကိုင်ထားသူတွေက ကမ္ဘာမြေကို စောင့်ရှောက်ထိမ်းသိမ်းကြဖို့  စကားများ ပြောကြ၊ စာများရေးကြ  လုပ်နေသည်ကို ဘာတစ်ခုမှ မကျူးလွန်သူ သာမန်လူထုက ပါးစပ်အဟောင်းသားဖြင့် စာတတ် ပေတတ်ကြီးတွေပါလားဟု ဆိုကာ ငေးကြည့်နေကြရခြင်း ဖြစ်ပါသည်။

(သုံး)

မြို့နေ အောက်ခြေလူတန်းစားများနှင့်အတူ ရွာတိုင်း ရွာတိုင်းလိုလို၌ ကားမရှိပါ။ ရေခဲသေတ္တာ မရှိပါ။ လေအေးပေးစက် မရှိပါ။ စက်ရုံအလုပ်ရုံ မရှိပါ။ သစ်လုပ်ကွက်၊ ကျောက်လုပ်ကွက်၊ ရွှေလုပ်ကွက် မရှိပါ။
   
သို့သော် သဘာဝပါတ်ဝန်းကျင်ပျက်စီး၍  ရေကြီးရေလျှံ၊ သီးနှံဆွံ့အ၊ မုန်တိုင်းတိုက်၊  ငလျင်လှုပ်၊ မြေကမ္ဘာပူနွေးသော ဒဏ်ကို အများဆုံး ခံရတာကတော့  အောက်ခြေလူတန်းစားများနှင့်  တောသူတောင်သားတို့ပဲ ဖြစ်ပါသည်။

သဘာဝပါတ်ဝန်းကျင် ထိန်းသိမ်းမှု၌ အသိပညာ နုံချာ ချို့တဲ့လေခြင်းဟုဆိုကာ ထွေးညိုကို အပြစ်တင် ကိုသိန်းတန်ကို ရှုတ်ချ၍ မရနိုင်ပါ။ ထွေးညို ဟိုအပင်ချိုး  သည်အပင်ချိုး လုပ်မိတာက ထမင်းအိုး ဟင်းအိုးကလေး ချက်လောက်ရုံမျှသာ။ ကိုသိန်းတန် မီးသွေးကလေး ခိုးဖုတ်မိတာက ထမင်းတစ်လုတ် 
စားနိုင်ရုံမျှသာ။ တကယ်အပြစ်ကြီးသူတွေက ဝိသမလောဘနဲ့ ဇောတိကနံပါတ်ဝမ်း ဖြစ်ချင်သူတွေ။ စိန်တစ်ရစ် မြတစ်ရစ်နဲ့အဆီယစ်နေသူတွေ။ အခုတော့ ထိုသူတွေကပဲ ရေးသားကာ ဟောပြောမြွက်ဟပြန်လို့။
ထွေးညိုတို့ ကိုသိန်းတန်တို့ကပဲ  အသိဥာဏ်ဆင်းရဲလို့ အပြစ်ရှိသယောင်ယောင်။ အော်... ဟူ၍သာ။     ။

'ယာခရိုးမှာ ရွှေချိုးကူပါတော့' စာအုပ်စာမျက်နှာ ၁၀၇ - ၁၁၀ ကနေ အဒ်မင်ကိုယ်တိုင် စာရိုက်ကူးယူ တင်ဆက်ပါတယ်။

စလေ ငနော့ 

Comments

Popular posts from this blog

ငရဲဆိုတာ ဂျိုနဲ့လား 🖋 ဟံသာဝတီ ဦးဝင်းတင်

ဘာလဲဟဲ့... လူ့ငရဲ (မိတ်ဆက်) 🖋 ဟံသာဝတီ ဦးဝင်းတင်

ပုံစံခွက်ထဲက နိုင်ငံရေးမုန်တိုင်း (၁) 🖋 ဟံသာဝတီ ဦးဝင်းတင်