မုန့်ဟင်းခါး ကယ်ပေလို့ 🖋 မောင်သာချို

မုန့်ဟင်းခါး ကယ်ပေလို့
*******************

မောင်သာချို

7Day Daily 
Fri, 2019-06-28 03:43
Issue No. အတွဲ(၁၈)၊ အမှတ်(၁၆)

(တစ်)

Cultural Imperialism တဲ့။  ယဉ်ကျေးမှုနယ်ချဲ့ဝါဒဟု ဘာသာပြန်ဆိုကြပါသည်။ ထို Cultural Imperialism ကို စိတ် ၀င်စားသဖြင့် လက်ကိုင်ဖုန်းကလေးကို အားကိုးကာ ကွန်ပျူ  တာကွန်ရက်ထဲသို့ ၀င်ကြည့်ဖြစ်ပါသည်။ 

ဓာတ်ပုံတစ်ပုံက သဲကန္တာရ ကြီးတစ်ခုအတွင်းရှိ ပိရမစ် (Pyramid) ကြီးများကို ပြထားပါ သည်။ ထိုပိရမစ်ကြီးများ၏ မလှမ်းမကမ်း သဲပြင်ပေါ်မှာက ကိုကာကိုလာ (Coca Cola) သံဘူး တစ်ဘူး။ အနည်းငယ်ပိန်ရှုံ့နေ သည့် သံဘူးအဟောင်း။ နောက် ဓာတ်ပုံတစ်ပုံကမူ ကိုရီးယား စကားလုံးများဖြင့် ဆိုင်းဘုတ်ချိတ် ဆွဲထားသည့် စားသောက်ဆိုင် တစ်ဆိုင်။ ကိုရီးယားစကားလုံး  များကြားတွင် ထီးထီးကြီးဖော်ပြ ထားသည့် စကားလုံးကြီးက Mc- Donald ဟူသည့် စကားလုံး။ နောက်ဓာတ်ပုံတစ်ပုံကမူတရုတ် ပြည်ကမဟာတံတိုင်းကြီး၏ ပုံ ဖြစ်ပါသည်။  မဟာတံတိုင်းပေါ် ၌မူ လူတစ်ယောက် နွားကျောင်းသားဦးထုပ်ကိုဆောင်းကာ စီးကရက်တစ်လိပ်ကို ဖွာနေလျက်။  နောက်ခံအလုံးကြီးက Marlboro။

ရှင်းပါသည်။ ပိရမစ်ဘေးသို့ ကိုကာကိုလာရောက်ရှိလာခြင်း၊ ကိုရီးယားသို့ မက်ဒေါ်နယ်ရောက် ရှိလာခြင်း၊ မဟာတံတိုင်းကြီးအ နီးသို့ မာလ်ဘိုရိုရောက်ရှိလာ ခြင်းစသည့် စီးပွားရေးနယ်ပယ်ချဲ့ ထွင်မှုများပင်ဖြစ်ပါသည်။ 

ယင်းတို့ကို ယဉ်ကျေးမှုနယ် ချဲ့ဝါဒဟူသော ခေါင်းစဉ်အောက် ၌ ယှဉ်တွဲ၍ပြထားခြင်းဖြစ်ပါသည်။ 

ဟိုးယခင်က နယ်ချဲ့ဟုဆို လျှင် လက်နက်အင်အား၊ စစ်သည် အင်အားအပြည့်ဖြင့် ကိုယ့်ရေ၊ ကိုယ့်မြေကို ကျူးကျော်ဝင်ရောက် သိမ်းပိုက်ကာအုပ်ချုပ်ကြသည် ဟူ၍သာ နားလည်ထားခဲ့ကြသူတို့ အလန့်တကြားဖြင့် အံ့အားသင့်စရာ ကမ္ဘာ့အခင်းအကျင်းပင် ဖြစ်ပါသည်။ 

(နှစ်)

သြစတြေးလျနေ စာရေးဆရာကိုမြင့်သန်း ညွှန်းသဖြင့် George  Ritzer ရေးသည့် မက်ဒေါ်နယ်လူ့ အဖွဲ့အစည်း (Mc Donaldization of Society) တို့၊ ဟားဗတ်တက္ကသိုလ် ပါမောက္ခ James Watson ရေးသည့် အရှေ့အာရှရောက် မက်ဒေါ်နယ် (Mc Donald's in East Asia) တို့ကို On Line ပေါ်ကပင် မြည်းစမ်းကြည့်မိပါသည်။ ယဉ်ကျေးမှုနယ်ချဲ့ပုံများကို တွေ့ပါသည်။ နယ်မြေကိုမသိမ်းပိုက်ကြတော့။ စစ်ရေးကိုအသုံးမပြုတော့။ ငါတို့ဝတ်သလို ၀တ်ပါလား။ ငါတို့နေသလို နေပါလား။  ငါတို့တီးမှုတ်ကခုန်သလို တီးမှုတ် ကခုန်ပါလား။ ငါတို့ချစ်သလို၊ ငါတို့မုန်းသလို ချစ်ကြမုန်းကြပါလား စသည်ဖြင့် စည်းရုံးသိမ်းသွင်းခြင်းသည် ယဉ်ကျေးမှုနယ်ချဲ့ခြင်းပင်ဖြစ်ပါသည်။ 

ဤတွင် အစားအသောက် ကိစ္စကလည်း ယဉ်ကျေးမှုနယ် ချဲ့ ခြင်းထဲတွင် အကျုံးဝင်ပါလေသ တဲ့။ 

အရှေ့အာရှသို့ မက်ဒေါ် နယ်ရောက်ရှိခြင်းဟူသည့် James Watson ၏စာအုပ်ကို သုံးသပ် ချက် (Review) ရေးသူကိုရီးယား  တက္ကသိုလ်ဆရာ ဆင်မြူရယ် ကောလင်း (Samuel Collins) က သူကိုရီးယားသို့ ရောက်စက အမေရိကနှင့် ခြားနားပုံများကိုပါ ထည့် ရေးပါသည်။ ကိုရီးယားက နေ့လယ်စာကို မြန်မြန်စားသည်။ အမေရိကန်က နှေးနှေးစားသည်။ ကိုရီးယားက အသီးအရွက်စားသည်။ အမေရိကန်က အသား  စားသည်။ ကိုရီးယားက ထမင်း စားသည်။ အမေရိကန်က ပေါင် မုန့်စားသည်။ ကွာခြားပါသည် တဲ့။ ကိုရီးယားတို့သည် အသီးအ ရွက်မျိုးစုံကို သနပ်လုပ်ကာ ကင် ချီ (Kimchi) အဖြစ်စားကြပြီး အစားအစာသည် အမျိုးသား လက္ခဏာ (National Symbol) ဟု လက်ခံကြသူများဖြစ်သဖြင့်  အနောက်ဆန်လာပါ့မလားဟု မေးခွန်းထုတ်ထားပါသည်။ 

ဂလိုဘယ်လိုက်ဇေးရှင်း (Globalization) ကို အမေရိကန် နိုက်ဇေးရှင်း (Americanization) ဟုဆိုသူတွေ ရှိပါသည်။ တချို့က မက်ဒေါ်နယ်ဒိုက်ဇေးရှင်း  (Mc Donaldi-zation) ဟုပင် ဆိုပါသည်။ မက်ဒေါ်နယ်က အမေရိကန်တို့စားပုံ သောက်ပုံကို ကမ္ဘာသို့ သွတ်သွင်းခဲ့သူမဟုတ်လား။ 

ဆန်နှင့် ငါးစားသူ ဂျပန်တွေ အမဲသားညှပ်ပေါင်မုန့်ဟမ်ဘာဂါ စားကြလေပြီတဲ့။ ပေါက်စီစားသူ  တရုတ်တွေ ဟမ်ဘာဂါစားကြလေပြီတဲ့။ မန်ကျည်းဖျော်ရည်၊ ဆီးဖျော်ရည်သောက်သူ မြန်မာတွေ ပက်စီတို့၊ ကိုကာကိုလာတို့ သောက်ကြလေပြီတဲ့။ မက်ဒေါ်နယ်၏ လက်ရာ။ 

မက်ဒေါ်နယ်က ၁၉၇၁ တွင် ဂျပန်၌ စဖွင့်သည်။ ၁၉၉၂ တွင် ပီကင်း၌ ဖွင့်သည်။ ထို့နောက် တိုင်ပေ၊ ဟောင်ကောင်၊ ရုရှား၊ ပြင်သစ်၊ အိန္ဒိယ၊ ကနေဒါစ သည်။ လူတွေမက်ဒေါ်နယ်ဆိုင် များ၌ ထိုင်ကြပါသည်။ အထူးသ ဖြင့် လူငယ်တို့က ပို၍ ထိုင်ကြပါ သည်။ ဟမ်ဘာဂါစား၊ အအေး သောက်။ အမျိုးသားလက္ခဏာ ဆောင်သည့် အစားအစာများကို မစားကြတော့။ ထို့အပြင် နေပုံ ထိုင်ပုံအမူအကျင့်တွေကပါ အ စားသောက်နှင့်အတူ ပြောင်းကုန်  ကြခြင်းဖြစ်သည်ဟု ဆိုပါသည်။ 

တန်းစီရသည်။ ကိုယ်တိုင် ယူရသည်။ ကိုယ်တိုင် သယ်ရ သည်။ တစ်ခါတစ်ရံ မတ်တတ်သုံးဆောင်ရသည်။ ယင်းကို ဂျပန်မျိုးဆက်ဟောင်းများကမူ တိရစ္ဆာန် အမူအကျင့်နှင့် တစ်တန်းတည်း သဘောထားသည်ဟု ဆိုပါ သည်။ ထို့အပြင် မက်ဒေါ်နယ်ဆိုင်များက မီးဖိုခန်းနှင့် သန့်စင်ခန်းများကို ကျန်းမာရေးနှင့်အညီ အ ထူးသန့်ရှင်းအောင် စီစဉ်ပေးထားသည်။ ထို့ကြောင့် တိုင်ပေက ကျောင်းအုပ်ဆရာကြီး တစ်ယောက်က ဟမ်ဘာဂါစားခြင်း ဖြင့် ကျန်းမာရေးနှင့် ညီညွတ်သော အမူအကျင့်နှင့် မှန်ကန်သည့် လောက၀တ်တို့ကို သင်ယူ ရာရောက်သည်ဟုပင် ညွှန်း ကြောင်းဆိုပါသည်။ ထား။ 

မည်သို့ပင်ဆိုစေကာမူ ယခုအခါ မက်ဒေါ်နယ်စားသောက် ဆိုင်ကြီးများက အမေရိကန်နိုင်ငံကို ကိုယ်စားပြုကာ ကမ္ဘာအနှံ့ခြေ ဆန့်နေခဲ့ပြီဖြစ်ပါသည်။ ယင်း ကြောင့်ပင် Globalization ကို Americanization, Mc Donaldization စသည်ဖြင့် ဆန်း စစ်ဝေဖန်နေကြခြင်းဖြစ်ပါသည်။

(သုံး)

မြန်မာနိုင်ငံ၌ မြို့ကြီးပြကြီးများကို မဆိုထားနှင့် မြို့ခပ်ရွယ် ရွယ်ခပ်ငယ်ငယ်များ၌ပင် မြန်မာ  မုန့်ပဲသရေစာတို့ ရှားပါးလာပါ သည်။  မြို့ကြီးနေကလေးတစ်ယောက်သည် မြန်မာမုန့်အမည် ကိုမှ မှန်အောင်ခေါ်တတ်ပါရဲ့ လားမသိ။ 

ကွယ်လွန်သွားရှာသူ ဆရာမ ကြီးဒေါက်တာဒေါ်မြင့်မြင့်ခင်က မူ ‘သက်ရှည်ကျန်းမာ မြန်မာ့အစားအစာ’ ဟုဆိုကာ စာတစ် အုပ်ရေး၍ပင် ရိုးရာအစားအစာ များဘက်မှ စနစ်တကျကာကွယ် တိုက်ခိုက်ခဲ့ဖူးပါသည်။

ကျွန်တော်ကမူ ယဉ်ကျေးမှု  နယ်ချဲ့စနစ်ဆိုသည့် စကားလုံး ကို ခံစားမိခြင်းဖြစ်ပါသည်။ အစားအသောက်ချင်း တိုက်ခိုက်ကြ သည့်စစ်ပွဲမှာပင် ကမ္ဘာအရပ်ရပ် ၌ အကျအရှုံးများခဲ့ကြရလေခြင်း။ ကျွန်တော်တို့ကကော ဘယ် လောက်အထိများဆုတ်ခွာပေးခဲ့ ကြရပြီးဖြစ်ပါလိမ့်။ 

အလယ်တန်းပြ ဆရာမ ကလေးတစ်ဦးက  တပည့်တစ် ယောက်ကို မြန်မာမုန့်အမည်ငါး မျိုးရွတ်ပြခိုင်းပါသည်။ တပည့် က ရွတ်ပါသည်။ ကြေးအိုးတဲ့။ ဟော့ပေါ့တဲ့။ ဂျေဒိုးနတ်တဲ့။ ထမင်းလိပ်တဲ့။ မုန့်ဟင်းခါးတဲ့။  မျက်လုံးပြူးသွားသည့် ဆရာမ မုန့်ဟင်းခါးပါလာမှ ပုံမှန်ပြန်ဖြစ် သွားပါသည်။ 

သြော်...မုန့်ဟင်းခါးကလေး ပါလာလို့တော်ပါသေးရဲ့မဟုတ် ပါလား။     ။

(စာရေးဆရာမောင်သာချိုသည် ကဗျာ၊ ၀တ္ထုတို၊ ခရီးသွား၊ စာပေ၊ လူမှုရေး၊ ပညာရေး၊ စာပေရေးရာ ဆောင်းပါးများရေးသားနေသူ ဖြစ်သည်)

7Day Daily webpage ကနေ ကူးယူပါတယ်။ ဆဲဗင်းဒေးကို ကျေးဇူးတင်ပါတယ်။

စလေ ငနော့ 



Comments

Popular posts from this blog

ငရဲဆိုတာ ဂျိုနဲ့လား 🖋 ဟံသာဝတီ ဦးဝင်းတင်

ဘာလဲဟဲ့... လူ့ငရဲ (မိတ်ဆက်) 🖋 ဟံသာဝတီ ဦးဝင်းတင်

ပုံစံခွက်ထဲက နိုင်ငံရေးမုန်တိုင်း (၁) 🖋 ဟံသာဝတီ ဦးဝင်းတင်