ရန်ကုန်မြို့နေ ဆရာကြီးဂျက်က အင်္ဂလိပ်စကားပြော တူ၊ တူမများထံပေး မေတ္တာစာ 🖋 ဂျက်ကွမ်းခြံကုန်း
ရန်ကုန်မြို့နေ ဆရာကြီးဂျက်က
*************************
အင်္ဂလိပ်စကားပြော တူ၊ တူမများထံပေး
******************************
မေတ္တာစာ
**********
ဂျက်ကွမ်းခြံကုန်း
ရွှေရောင် ငွေရောင်၊
မြရောင် ဖန်ရောင်
အရောင်ရောင် အပြားပြား
ကျွန်းကြီးလေးပါးတို့၏ အလယ်တွင်
သောင်းယူဇနာ၊ မြရောင်ဖြာသည့်
မဟာဇမ္ဗူဒိပ်
အကျွန်းကျွန်းတို့၏ ထိပ်ခေါင်တင်
ဇမ္ဗူဒီပါ
တောင်လက်ယာကျွန်းကြီးတွင်
ဘဝထိုထို အသိန်းသိန်း အသန်းသန်းတို့၌
မြလို စိမ်းစိမ်းလန်းလန်း ရှိကြပါစေသော်ဝ်ဟု
ဩဓိသပတ္ထနာ၊ဖြင့်
ဆုခြွေကာ တောင်းလိုက်ရပါပေသည်
တူ၊ တူမ အပေါင်းတို့။
ဘာသာမျိုးခြား စာစကား
သင်ကြားသင့်သည်မှတ်၊
ကင်းဝန်မင်းကြီး၏ ဆုံးမစကား
ရှိထားခဲ့သည်လည်း တစ်ရပ်။
သူ့စကား ကိုယ် မသိ၊
ကိုယ့်စကား သူ မသိ၊
ကူးလူးဆက်ဆံဖို့ရာ
ဘယ့်နှာမှ မဖြစ်နိုင်သည့်
ဟောဒီကမ္ဘာရွာကြီး အနေအထား၌။
အင်္ဂလိပ်နဲ့ ကိုရီးယား
မလေးရှားနဲ့ ဂျပန်
ဂျာမန်၊ အီတလီ၊ ယိုးဒယား
Chinese စကား ကြိစိကြစ
ပြောကြ ဆိုကြ လေ့ကျင့်ကြ၊
အပြစ်မဆိုသာသည့် လောကပေတမုံ့။
သူ့ကို မေးတော့လည်း speaking
ကိုယ့်ကို မေးတော့လည်း speaking
speaking အဝဝတို့၌
ဗြိတိသျှတို့၏ သိုးဆောင်းစကားမှာကား
ကမ္ဘာ့အမျိုးကောင်းသားတို့၏
Favourite စကား ဖြစ်၍နေတော့၏။
နှင်းခဲဖြူလွ
ဝက်ဝံကြီးတို့၏ ပျော်ရာဒေသ
ရုရှားဘက်ဆီက ကြားသိရသော သတင်းတစ်ရပ်မှာ
မင်းမှုထမ်းနှင့် မီဒီယာသမားတို့
အင်္ဂလိပ်လို ပြောကြားကြရာ၌
အင်္ဂလန်သားတို့၏ လျှာအတိုင်း
ဖြစ်ကြရမည် ဟူသတတ်။
တစ်ကြိမ်ပြော၍ အသံထွက်လွဲချေသော်
အမေရိကန်ငွေဖြင့် ဒေါ်လာ ၃၀၊
ရူဘယ်ငွေဖြင့် ၁၀၀၀ တိတိ
ပေးဆောင်ကြရမည် ဟူ၏။
ဘာသာစကား ကော်မရှင်နာ တက်ယာနာ ပီထရိုဗာက
ဥပဒေကြမ်း ရေးဆွဲပြီးသကာလ
သမ္မတထံ တင်ပြခဲ့ကြောင်း ဟူလို။
ယင်းမှတစ်ပါး တောင်ကိုရီးယားဘက် ငဲ့ကြည့်ကြဦးစို့။
အင်္ဂလိပ် အသံထွက် ကောင်းရန်အလို့ငှါ
အင်္ဂလိပ်ကျေးရွာ ဆယ်ရွာ
ဆောက်တည်၍ ထားခဲ့ပါကြောင်း
အမောင်တို့၊ အမိတို့။
ထို့ပြင်တစ်မှောင့်
၂၀၁၀ အယွန်းတွင်
တောင်ကိုရီးယား၊ ချေဂျူးကျွန်းတစ်နေရာ၌
English my town အမည်နှင့်မြို့
အင်္ဂလိပ်စကားကောင်းဖို့
တည်ဆောက်နေသည် ဟူသတတ်။
English မှတစ်ပါး
အခြားစကား မပြောရ ဟူလို။
ဟိုးတစ်နေ့က တတိယကမ္ဘာ၊
သည်ကနေ့ကျတော့ ပထမကမ္ဘာ၊
ချမ်းသာပြည့်စုံ၊ ကုံလုံကြွယ်ဝ
နည်းပညာလောက၏ သရဖူ
စင်ကာပူတွင်ဆီကား
English speaking ပီပြင်စေရန်အလို့ငှါ
ကလေးတို့၏ လျှာများအား
ခွဲစိတ်ပြုပြင်
စီရင် ဖြတ်ညှပ်
အင်္ဂလိပ်ပါးစပ် ဖြစ်အောင်
အတင်းအကျပ် စီရင်သူ မိဘများကြောင့်
လူကြီးမင်းများ ခေါင်းစားရသော ဟူ၏။
No ဆိုသည်က 'ဟင့်အင်း'
'အင်းအင်း' ဆိုသည်က Yes
'နှုတ်ဆက်ခွဲခွာ' တော့ bye bye
ပြန်လည်တွေ့ဆုံ' နိုင်ဖို့က see you later
'ကျေးဇူးစကား' ဆိုတော့ Thanks
'အသင့်အနေအထား' ကျတော့ Ready
'စိတ်မကောင်းပြီ' ဆိုတော့ sorry
'လိုရာခရီး ဆိုက်' တော့ OK
ကျွန်ုပ်၏ တူကြီးနှင့် တူမကြီးတို့တစ်တွေသည်လည်း
အင်္ဂလိပ်စပီကင်၌
ပီပြင်အောင် သင်ကြားနေကြကြောင်း
ဦးဂျက် ကြားသိရပါ၏။
D-A-Y က 'ဒဲအိ'
B-O-Y က 'ဘောအိ'
T-H-E-Y က 'ဿဲ့အိ'
C-H-I-N-A က 'ချက်အိနာ့'
I-D-E-A က 'အတ်ဒိအိအ'
စသည်... စသည်...
မပီသ၍
ဤဘဝကို
စိတ်ပျက်နေချေသလား။
ဥဩငှက်က တကူကူးမမြည်၊
ရွှေပြည်စိုး ဟူသည်က တစ်တီ မတူး၊
အိုးဝေ မပီဘူးကွဲ့ ချိုးငှက်ခမျာ၊
ဒေါင်းငှက်ကြီးမှာက ဥရွှေမဩ၊
သူ့သဘောနဲ့ သူ့သကန်၊
သူ့အသံနဲ့ သူ့ပါးစပ်၊
သူ ထွက်တတ်သလို ထွက်သည်ကို
အပြစ်မဆိုကြနှင့်လား
အမောင်တို့၊ အမိတို့။
မိမိအရပ်ကိုလည်း မိမိ အချစ်ပိုလေပါ၊
မိမိပါးစပ်ကိုလည်း မိမိ အပြစ်မဆိုစေရာ။
မိမိရွာကိုလည်း မိမိ မကျော်လွှားနဲ့၊
မိမိလျှာကိုလည်း မိမိ မစော်ကားနဲ့။
သည်ရွာနဲ့ သည်ချောင်း၊
သည်ကျောင်းနဲ့ သည်လယ်ယာ၊
သည်ဆရာနဲ့ သည်မိ သည်ဖ၊
သည်ဒေသကနေ မွေးထုတ်ပေးလိုက်သည့်
ကျွန်ုပ်တို့၏ ပါးစပ်ကြီးများကို
ကတ်ကြေးဖြင့် ကွင်းညှပ်ကာ
အင်္ဂလိပ်ပါးစပ် လုပ်ရန် မဖြစ်နိုင်သဖြင့်
မပီသသည့်တိုင်
ဤဘဝ ဤမျှနှင့်
ကျေနပ်သင့်ကြကြောင်းပါ
အမောင်တို့... အမိတို့။ ။
➡ ➡ ➡
ဂျက်ကွမ်းခြံကုန်း
ဂျက်ကွမ်းခြံကုန်း၏ ဂျက်မေတ္တာစာမှ။
သရုပ်ဖော် - ကာတွန်းအော်ပီကျယ်။
စာရိုက်တင်ဆက်သူ
Comments
Post a Comment