ရေအိုးလည်း ခွဲမယ် သစ်ကြားသီးလည်း ခိုးမယ် 🖋 မောင်သာချို

ရေအိုးလည်း ခွဲမယ် 
****************
သစ်ကြားသီးလည်း ခိုးမယ်
*********************

မောင်သာချို

7Day News Journal
Vol. 40, No. 20
August 4, 2011

(တစ်)
    
တစ်ခါက ဧရာဝတီမြစ်ကြီး မှသည် မြစ်လက်တက်တစ်ခုအ ဖြစ် ခွဲထွက်၍သွားသော င၀န်မြစ် ကို မြောက်မှတောင်သို့ကျွန်တော် စုန်ဆင်းခဲ့ဖူးပါသည်။ လေးမျက်နှာ တို့ အိုင်သပြုတို့ကို ကျော်လွန်ပြီး နောက် ငသိုင်းချောင်းသို့ မရောက်တတ် ရောက်တတ်တွင် ငါးသိုင်းချောင်းနှင့် မျက်စောင်းထိုးအနေ အထား၌ င၀န်မြစ်ကြီး၏ အ နောက်ဘက်ကမ်းပါးပေါ်တွင်ရပ် တည်နေသော ရွာကြီးတစ်ရွာကို စက်လှေပေါ်က မိတ်ဆွေက လက်ညှိုးညွှန်ပြပါသည်။ သူက အဲဒါ ဒေါင့်ကြီးပဲတဲ့။ ကြည့်စမ်း ကျွန် တော့်စိတ်တွေ လှုပ်လှုပ်ရှားရှား ဖြစ်သွားလိုက်တာ။ ဒါဆို သည်ရွာက ဆရာကြီးဒေါက်တာသန်း ထွန်းရဲ့ ဇာတိကျေးရွာကလေးပါ ပဲလား။ အော် ရခိုင်ရိုးမရဲ့အရိပ် မှာ ...။
    
၆ ဧပြီ ၁၉၂၃ တွင်မွေး၍ ၃၀ နိုဝင်ဘာ ၂၀၀၅ တွင် အနိစ္စရောက်ခဲ့ရှာသော ဆရာကြီး ဒေါက်တာသန်းထွန်းက သူ့ဘ၀ တစ်သက်တာလုံးကို သမိုင်းပညာ ရပ်ထဲ၌ နှစ်မြှုပ်၍ထားခဲ့သော ပညာရှင်ကြီးဖြစ်ပါသည်။ မအ, အောင်လို့ သမိုင်းကိုသင်ရပါတယ် ဟု ဆိုလေသူ ဆရာကြီးဒေါက်တာသန်းထွန်း၊ လက်တစ်ဖက်က ကလေးပုခက်ကို လွှဲရင်း ကျန်လက်တစ်ဖက်က စာရေးနေခဲ့ရပါသည် ဆိုသော ဆရာကြီးဒေါက်တာသန်း ထွန်း၊ မည်သည့်အလုပ်ကို မဆို ကောင်းကောင်းစ၍ ကောင်း ကောင်းဆုံးတတ်ပါသည်ဟူသော ဆရာကြီးဒေါက်တာသန်းထွန်း၊ ကိုယ်နှင့်အတူနေသောသူကို စိတ် မဆင်းရဲစေရဟူသောမူဖြင့် နေ ထိုင်ခဲ့ပါသည်ဆိုသော ဆရာကြီး ဒေါက်တာသန်းထွန်း၊ “ဒီစာအုပ်က ဖတ်ကောင်းမယ်လို့ အာမမခံ”ဟုဆိုကာ ကိုယ့်စာအုပ်ကို ကိုယ် ရည်ညွှန်းခဲ့လေသူ ဆရာကြီး ဒေါက်တာသန်းထွန်း၊ သို့နှယ်ထို့ နှယ်သော ဆရာကြီးဒေါက်တာသန်း ထွန်းတစ်ယောက် ပြုစုရေးသား သွားခဲ့သော စာအုပ်စာတမ်းတွေ  ကဖြင့် ထုနှင့်ထည်နှင့်ကိုပဲကျန် ရစ်ခဲ့ပါလေသည်။

ကျွန်တော့်တွင် “သူတို့နှင့် ကျွန်တော်” ဟူသည့် စာအုပ်က လေးတစ်အုပ်ရှိပါ၏။ သည်စာ အုပ်ကလေးထဲ၌ ဆရာကြီးဒေါက် တာသန်းထွန်း၏ ပုံရိပ်တစ်စွန်း တစ်စကို ဖမ်းမိနိုင်ပါသည်။ ထို စဉ်က ၁၉၆၅ ခုနှစ်များအလွန် မန္တလေး တက္ကသိုလ်တွင် ဆရာကြီး တာဝန်ထမ်းဆောင်နေစဉ် နေ့ရက်များဖြစ်ပါသည်။ တစ်နေ့ တက္ကသိုလ်ဆီးနိတ် (Senate) အ စည်းအဝေး၌ ကျောင်းသားပြဿ နာတစ်ရပ်ကို တင်ပြလာပါသည်။ ကျောင်းဆောင်ပေါ်က သောက်ရေအိုးကို ကျောင်းသားတစ် ယောက်က ပစ်ချကာ ခွဲပစ်လိုက် သည့်အတွက် အရေးယူပေးပါရန် အဆောင်မှူးကတစ်ဆင့် တင်ပြ လာခြင်းဖြစ်ပါသည်။ ထိုဆီးနိတ် အစည်းအဝေး၌ စာရေးဆရာ သတင်းစာဆရာကြီးလူထုဦးလှ လည်းပါ၊ ပါမောက္ခချုပ်ဦးလှရွှေ လည်းပါဝင်ပေရာ မည်ကဲ့သို့ အ ရေးယူမလဲဟူသော ကိစ္စနှင့်ပတ် သက်၍ ဆရာကြီးဒေါက်တာသန်း ထွန်း၏ သဘောထားကိုမေးမြန်း လာပါသည်။ ဆီးနိတ်ရှိ ပုဂ္ဂိုလ် အချို့က မှတ်လောက်သား လောက်ဖြစ်သွားအောင် ထို ကျောင်းသားကို ကျောင်းထုတ်ပစ် ဖို့ ဆနရှိနေကြသော အခြေအနေ လည်း ဖြစ်ပါသည်။
    
သို့သော် ဆရာကြီးဒေါက် တာသန်းထွန်း၏ သဘောထား ဟုပဲဆိုရမလား အကြံပြုချက်ဟုပဲ နာမည်တပ်ရမလား ဘာမှန်းမသိ သည့် တုံ့ပြန်မှုမှာ ပွဲပျက်သွား သည်ဟုဆိုပါသည်။ ဆရာကြီးက ထိုကျောင်းသားကို မည်သို့အပြစ် ပေးလိုက်ပါဟု တိုက်ရိုက်မဆိုပါ။ သူ့ကိုယ်သူ ပြန်လည်ရည်ညွှန်း ပြီးနောက် “ရန်ကုန်တက္ကသိုလ်တွင် နှစ်စဉ် အိုးဆယ်လုံးလောက်ခွဲ လေ့ရှိခဲ့သည့် သမိုင်းကျောင်းသား တစ်ယောက်ကတော့ ယခုအခါ သမိုင်းပါမောက္ခလာဖြစ်နေတာပဲ” ဟု ပြောချလိုက်လေသောအခါ ဝေါခနဲရယ်သံများနှင့်အတူ ပွဲပြီး သွားခဲ့ရကြောင်းပင်ဖြစ်ပါသည်။ ဒါက သတင်းစာဆရာ၊ စာရေး ဆရာကြီးလူထုဦးလှ၏ ပြန်လည်ပြောပြချက်ကို “သူတို့နှင့် ကျွန်တော်” စာအုပ်ထဲ၌ မှတ်တမ်းတင်ထားခြင်းဖြစ်ပါသည်။
    
သည်စာကို ဖတ်ပြီးနောက် အပြုံးနှင့်အတူ ဆရာကြီးကို ပိုလို့ ချစ်ခင်သွားမိကာ တိုးလို့လည်း ကြည်ညိုသွားမိကြောင်း ၀န်ခံလို ပါသည်။ ပြစ်မှုနှင့်ပြစ်ဒဏ်။ လူ ငယ်တို့ ဘာသာဘာဝ ဆိုးတိုးတိုး ပေတေတေ ဂျစ်တစ်တစ်နှစ်ကာ လများ၌ ကျူးလွန်မိတတ်ကြသော အမှားအယွင်းတို့ကို တစ်ရွေးသား မျှပင် ခွင့်မလွှတ်နိုင်သော စိတ်ဖြင့်
စီရင်ချက် အကြီးကြီးတို့ကို ချပစ်လိုက်ခြင်းအား ဆရာကြီး ဒေါက်တာသန်းထွန်း လက်မခံကြောင်း ပင် ဖြစ်ပါသည်။ မေတ္တာဖြင့် ယှဉ် ကာ ပြုပြင်ဆုံးမသိမ်းသွင်းခေါ် ဆောင်၍ ရသမျှ သိမ်းသွင်းခေါ် ဆောင်ခြင်းဖြင့် ထိုလူငယ်လမ်း ကြောင်းမှန်ပေါ်သို့ ရောက်ရှိသွား သောအခါ အကျိုးကျေးဇူးများနိုင် သည်ဖြစ်လေရာ ဘ၀တွေကျိုး ကြေသွားအောင် ထစ်ခနဲရှိအ ရေးယူပစ်လိုက်ခြင်းမျိုးကို ဆရာ ကြီးဒေါက်တာသန်းထွန်း သဘော မတူပုံပင်ဖြစ်ပါသည်။
    
ရန်ကုန်တက္ကသိုလ်မှာတုန်း က ရေအိုးခွဲတဲ့ကောင်ကလေးကို  ကျောင်းကနေများ ထုတ်ပစ်မိခဲ့ လိုက်ရင် ဒေါက်တာသန်းထွန်းမှ ဖြစ်လာနိုင်ပါ့မလား။

(နှစ်)
    
ဆရာမြသန်းတင့်၏ “လမင်း ကို ထရံပေါက်မှ ကြည့်ခြင်း” တွင် ဆရာက ဂျွန်ရပ်စကင်း (John Ruskin) ၏ စကားအချို့ကို ကောက်နုတ်ဖော်ပြခဲ့ဖူးပါသည်။
    
ဂျွန်ရပ်စကင်းဆိုသည်မှာ ၁၈၁၉ တွင် မွေး၍ ၁၉၀၀ ပြည့် နှစ်တွင် ကွယ်လွန်သော အင်္ဂလိပ် အနုပညာနှင့် လူမှုရေးခေါင်း ဆောင်ဖြစ်ပါသည်။ ၁၈၅၂ အင်္ဂလိပ်-မြန်မာ ဒုတိယစစ်ပွဲအပြီး ဗြိတိသျှအင်ပါယာကို ချဲ့ထွင်နေချိန်၌ ဂျွန်ရပ်စကင်း ပြောခဲ့သောစကားများထဲမှ တစ်ချက်ကို ကျွန်တော် ကောက်နုတ်ဖော်ပြလိုပါ
သည်။ ယင်းမှာ “ကြီးမြတ်တဲ့လူမျိုးတစ်မျိုးဟာ သစ်ကြားသီး ခြောက်လုံးလောက် ခိုးမိတာနဲ့ကလေးတွေကို ထောင်ထဲမပို့ဘူး” ဆိုသည့်စကားပဲဖြစ်ပါသည်။ ဆရာကြီးဒေါက်တာ သန်းထွန်းနဲ့ စိတ်နေသဘောထားခြင်း တူမျှနေလိုက်ကြတာ။

(သုံး)
    
ငယ်ရွယ်သော၊ နုနယ်သော၊ ဘ၀အတွေ့အကြုံ ကြွယ်ပိုးကြွယ်ဝ မရှိရှာသေးသော၊ သို့သော် မိုက် မဲသော ဆိုးပေသော ဂျစ်ကန်ကန် နိုင်သော အရွဲ့တိုက်ချင်သော လက်မောင်းကြွက်သားကို ညှစ်ပြ ချင်သော လုလင်တို့လုံမတို့က ကျွန်တော်တို့ဝန်းကျင်၌ ရှိနေကြ ပါသည်။ သူတို့ကို တစ်ဘ၀စာ မှတ်ရော့ဟုဆိုကာ အပြစ်ပေးကြ မလား။ ခွင့်လွှတ်နားချစည်းရုံး ကာ လမ်းကြောင်းမှန်ရှိရာဆီ တွန်းပို့ကြမလား။
    
ကျွန်တော်သာ ပြန်လည် ငယ်ရွယ်၍ ပြန်လည်မိုက်မဲမိခဲ့ သော် သောက်ရေအိုးကို ခွဲချင်ပါ သည်။ သစ်ကြားသီးကိုလည်း ခိုး ချင်ပါသည်။ ဆရာကြီးဒေါက်တာ သန်းထွန်းရဲ့ အရှေ့မှာပေါ့။ ဂျွန် ရပ်စကင်းရဲ့ အရှေ့မှာပေါ့။     ။

မောင်သာချို

ပေကညစ်များဆီမှ လှေကားထစ်များဆီသို့ စာအုပ်မှ။

ဟိန်း ဘလော့ဂ်ကနေ ကူးယူပါတယ်။ ဘလော့ဂါကို ကျေးဇူးတင်ပါတယ်။

စလေ ငနော့

Comments

Popular posts from this blog

ငရဲဆိုတာ ဂျိုနဲ့လား 🖋 ဟံသာဝတီ ဦးဝင်းတင်

ဘာလဲဟဲ့... လူ့ငရဲ (မိတ်ဆက်) 🖋 ဟံသာဝတီ ဦးဝင်းတင်

ပုံစံခွက်ထဲက နိုင်ငံရေးမုန်တိုင်း (၁) 🖋 ဟံသာဝတီ ဦးဝင်းတင်