ဂျက်ကွမ်းခြံကုန်း ရဲ့ ဂျက်မေတ္တာစာ

ဂျက်ကွမ်းခြံကုန်းရဲ့ 'ဂျက်မေတ္တာစာ'
***************************

ဆရာမောင်သာချို (ဂျက်ကွမ်းခြံကုန်း) ကိုယ်တိုင် ကျနော့်ကို မေတ္တာလက်ဆောင် ပေးထားတဲ့ ဂျက်ကွမ်းခြံကုန်းရဲ့ 'ဂျက်မေတ္တာစာ' စာအုပ်ကလေးထဲက ပြုံးရွှင်စရာ မေတ္တာစာကလေးတွေကို တကြိမ်လျှင် တပုဒ်နှုန်းနဲ့ စာရိုက်တင်ပေးမယ်လို့ စိတ်ကူးထားပါတယ်။ ဖတ်ကြမယ် မဟုတ်လား စာဖတ်သူတို့။

သည်ကနေ့ စာအုပ်ရဲ့ အဖွင့်စကား (အမှာစာ) ကို တင်ဆက်လိုက်ပါတယ်။ 

အဒ်မင် 

မေတ္တာတရား စကားပလ္လင် 
*********************

'မျစ်ဒဇာ' ဟု အသံထွက်သည်။ 

'မေတ္တာစာ' စာပေသည် မောင်နှင့် နှမ၊ သားနှင့် အမိ၊ ဇနီးနှင့် ခင်ပွန်း၊ ဆရာနှင့် ဒကာ ၅၂၈ သွယ်သော မေတ္တာကို အခြေခံကာ မေတ္တာရပ်ခံ ဆိုဆုံးမသည့် စာအမျိုးအစား ဖြစ်ရာ မြန်မာစာပေ ခေတ်ဦး အင်းဝခေတ်မှ စကာ အခြေခိုင်လာခဲ့သော စာပေအမျိုးအစားတစ်ရပ်ပင် ဖြစ်ပါသည်။ 

စင်စစ် မေတ္တာစာတို့သည် ပုဂ္ဂိုလ်ရေးပေးစာများပင် ဖြစ်ပါသည်။ သို့သော်....

''ထန်းလျက်နှင့် တူသည်ဟု 
ကျောက်ဖြူကိုလည်း မနမ်းနှင့်။
ကျွမ်းလျက်နှင့် မြှူသည်ဟု
အောက်သူကိုလည်း မစမ်းနှင့်။

ကျောက်ဖြူကို နမ်းလျှင်
ဖုန်ကပ်သည်။
အောက်သူကို စမ်းလျှင်
ကုန်တတ်သည်''

ဟု ကျည်းကန်ရှင်ကြီးက ဖွဲ့လိုက်သည့်အခါ ထိုပုဂ္ဂိုလ်ရေးပေး မေတ္တာစာက အားလုံးကို လွှမ်းခြုံသွားပါသည်။

''အချောအနု
မပုမမြင့်
အခန့်သင့်ကလေး
သေးသေးသွယ်သွယ်
သပြေတို့အရွယ်
မငယ်လွန်း၊ မကြီးလွန်း
ဇွန်းခြစ်တစ်မျိုး
အထိုးခံ အုန်းသီး
ဘုန်းကြီးကြိုက်၊ မင်းကြိုက်
ကာလသားများနှင့်
လားလားမျှ မထိုက်
ဗျာဆံဝိုက်၊ ဗျာဆံခါ''

စသည်ဖြင့် ဦးပုညက မေတ္တာစာဖွဲ့လိုက်သည့်အခါ အားလုံး ဖတ်ချင်ဖွယ်ရာ ဖြစ်သွားပါတော့သည်။

''တို့အသား၊ တို့အသည်း
တို့အဆီရွှဲရွှဲကို 
ထမင်းပွဲအလယ်
အနင့်သား တယ်ပြီးလျှင်
ရယ်ကာ ပြုံးကာ
အရသာ ခံစား၍
လင်မယားတစ်တွေ
မြုံ့ကြသည့် အနေမှာ
မြိန်နိုင်ပေ့ သူတို့ကိုယ်
မျိုရက်ပေ့ သူ့ခံတွင်း
တို့လုပ်သည့် ထမင်းကို
တို့ဟင်းလျာ အသားနှင့်''

ဟု လယ်တီဆရာတော်ဘုရားက မေတ္တာစာဖွဲ့လိုက်သည့်အခါ မေတ္တာစာက အမဲသား မစားရေးတရားကို ဟောလိုက်ပါတော့သည်။

ယခုအခါသည်ကား မေတ္တာစာအရေးအသား ဆွံ့အသွားခဲ့ပါပြီ။

ယခုနှစ် မြန်မာသက္ကရာဇ် ၁၃၇၈ အကုန် ၁၃၇၉ အကူး သင်္ကြန်ရက်မြူးကာလများအတွင်းဝယ် လူသူလေးပါး မမြင်မတွေ့ရသလောက် အနေအထား၌ ဤခေတ်သစ်မေတ္တာစာများကို ရေးခဲ့ပြီး၊ ရေးနေဆဲ ပြန်လှန် တည်းဖြတ် သုံးသပ် ပြုပြင်ကာ အဆုံးသတ်ဖြစ်ပါသည်။

'ရွှင်မြူးသော စိတ်တို့ ဖြစ်ပေါ်အံ့' ဟု မျှော်လင့်ရပါသည်။ 'လူတွင် ရွှင်သော၊ မြူးသော စိတ်ကလေးလည်း ဖြစ်ဦးမှ' ဟု ယုံကြည်လျက် ရှိပါသည်။

ဂျက်ကွမ်းခြံကုန်း
ရန်ကုန်မြို့။

စာရိုက်တင်ဆက်သူ 
စလေ ငနော့

Comments

Popular posts from this blog

ငရဲဆိုတာ ဂျိုနဲ့လား 🖋 ဟံသာဝတီ ဦးဝင်းတင်

ဘာလဲဟဲ့... လူ့ငရဲ (မိတ်ဆက်) 🖋 ဟံသာဝတီ ဦးဝင်းတင်

ပုံစံခွက်ထဲက နိုင်ငံရေးမုန်တိုင်း (၁) 🖋 ဟံသာဝတီ ဦးဝင်းတင်