သုံးစိတ်နဲ့လဲပစ်လိုက်သည့် အမေ့ဆန်တစ်ခွဲ 🖋 မောင်သာချို

သုံးစိတ်နဲ့လဲပစ်လိုက်သည့် အမေ့ဆန်တစ်ခွဲ
******************************

မောင်သာချို

7Day Daily 
Fri, 2019-06-21 03:43
Issue No. အတွဲ(၁၈)၊ အမှတ်(၁၅)

(တစ်)

ကျွန်တော် ဧရာဝတီတိုင်းအတွင်းက အလယ်ရေကျော်ဆို သည့် ရွာကလေးသို့ရောက်သွား ပါသည်။ ရန်ကုန်မှ မော်ကျွန်းသို့ ကားဖြင့်သွားကာ မော်ကျွမ်းဆိပ် ကမ်းကနေ စက်လှေတစ်စီး စီစဉ် ပြီး ထိုရွာသို့ရောက်သွားခြင်းဖြစ် ပါသည်။ ထုံးစံအတိုင်း စာပေ ဟောပြောပွဲ ခရီးစဉ်ပဲ ဖြစ်ပါ၏။


ပွဲကို ကမကထလုပ်ကာ ဦး ဆောင်စီစဉ်ပေးသူက ပရဟိတ ကျောင်းက ဆရာမကလေးတစ် ယောက်။ ထို့ကြောင့် စက်လှေက လေး အလယ်ရေကျော်ဆိပ်ကမ်း သို့ ထိုးဆိုက်ပြီးသည်နှင့် ထိုပရဟိ တကျောင်းကလေးထဲမှာပဲ ကျွန် တော်တို့ကို နေရာချထားပေးပါ သည်။

ကျောင်းက ဘုန်းတော်ကြီး ကျောင်းပိုင်မြေပေါ်မှာ။ သို့သော် ဘုန်းတော်ကြီးကျောင်းနှင့် တစ် ဆက်တည်းမဟုတ်၊ သီးခြား။ အ လှူရှင်တို့က ဘုန်းတော်ကြီး ကျောင်းသို့ လှူဒါန်းထားသည့်မြေ ပေါ်၌ ထိုပရဟိတစာသင်ကျောင်း ကလေးကို ဆောက်ထားခြင်းဖြစ် ပါသည်။ အဆောက်အအုံများ များစားစား ကောင်းကောင်းကန်း ကန်း မဟုတ်၊ တစ်ထပ်အုတ် တိုက်ကလေးတစ်လုံးနှင့် မည် ကာမတ္တစာသင်ဆောင်အယိုင်အ ရွဲ့၊ အပေါက်အပြဲကလေးများ။

ထိုကျောင်း၌ ပရဟိတ ဆရာ၊ ဆရာမကလေးများက စာ သင်ပေးကြပါသည်။ ရန်ကုန်နာ ရေးကူညီမှုအသင်းက ဆရာ၊ ဆရာမတစ်ဦးကို တစ်လကျပ်သုံး သောင်းချီးမြှင့်သည်ဟု ဆိုသည်။ အလှူရှင်အမျိုးမျိုး၏ နေရာ ပေါင်းစုံက ရလာသည့်ငွေဖြင့်ကျပ်ငါးသောင်း ဝန်းကျင်စီလောက်ထပ်ဖြည့်ပေး လိုက်သောအခါ ဆရာ၊ ဆရာမတစ်ယောက်၏ လစာငွေက ရှစ်သောင်းလောက်ဖြစ်သွားပါသည်။ ဤသို့ဖြင့် ထိုဘကခေါ် ဘုန်းတော်ကြီးသင် စာသင်ကျောင်းကလေးကို လည်ပတ်သည်။ ယင်းသည် အောက်ခြေပြည်သူလူထု၏ နေ့စဉ်ဘဝရှင်သန်မှု အမှန်တရားမြင်ကွင်းပင် ဖြစ်ပါသည်။

ရွာမှာက အထက်တန်း ကျောင်းရှိပါသည်။ သို့သော် ထို ပရဟိတ ကျောင်းကလေးမှာ လည်း ကျောင်းသားတွေကရှိနေ ကြသည်။ ပရဟိတကျောင်းက ဆဋ္ဌမတန်းအထိသာ။ ပြီးလျှင် အစိုးရအထက်တန်းကျောင်းသို့ ဆက်။

ကျောင်းကလေးကို လှည့် ပတ်ကြည့်ရင်းက အဘယ့်ကြောင့်  သည်ကျောင်းမှာ ကျောင်းသား အထိုက်အလျောက် ရှိနေသလဲ မေးစမ်းကြည့်မိပါသည်။ အရပ်ဒေသနှင့် ဆီလျော်အောင်တက်သာဆုတ်သာ အနေအထားနှင့် စာသင်နေကြ၍ဟု ထင်ပါသည်။

ဆိုကြပါစို့။ ရွာမှာက လယ် တော၊ ယာတော ဆင်းသူတွေများ သည်။ ထို့ကြောင့် ကောက်စိုက်၊ ပျိုးနုတ်၊ စပါးရိတ်၊ စပါးသယ် စ သည်ဖြင့် အလုပ်ကျပ်သည့် ရာ သီတွေရှိသည်။ အဖေတို့၊ အမေ တို့ အကုန်လုံးလိုလို လယ်ကွင်း၊ ယာကွင်းတွေထဲ ရောက်သွားသည့်အခါ အိမ်၌ကျီးစောင့်၊ ကြက်နှင်၊ ကလေးထိန်းဆိုတာမျိုးကအစလိုအပ်လာသည့်အခါ ကျောင်းနေ အရွယ် ကလေးတွေ ကျောင်းမလာနိုင်ကြတော့။ ယင်းကိုဘကကျောင်းကလေးက ခွင့်ပြုပေးပါသည်။ ကျောင်းမလာနှင့်တော့။

သည့်အတွက် သင်ခန်းစာ တွေ သူများနည်းတူ ပြီးစီးနေဖို့ရာ သူတို့မှာ အကြွေးမကျအောင်လုပ် သည့်နည်းရှိပါသည်။

‘‘ကျွန်မတို့က နွေရာသီ သူ များတွေ ကျောင်းပိတ်တဲ့အချိန်မှာ စာကိုကြိုသင်ထားလိုက်တယ်။ အဲသည့်အချိန်က မိဘတွေလည်း အလုပ်ပါးတဲ့အချိန်ကိုး။ ပြီးတော့ ကလေးတွေ နေပူစပ်ခါး လျှောက် သွားနေမယ့်အစား ကျောင်းလာ တော့ အကျိုးရှိတယ်။ နောက်ပြီး ကျောင်းက တစ်ရက်ပဲပိတ်တာ၊ ခြောက်ရက်ဖွင့်တယ်။ စာနောက် မကျဘူး’’ 

အနေအထားအရ အချိန်ကို အတက်အဆုတ်၊ အဖွင့်အပိတ် ကစားကာ ပညာသင်နိုင်ဖို့ လွတ် လွတ်လပ်လပ် စီမံခန့်ခွဲသည့် တောကျောင်းကလေးကို ကျွန်တော်သဘောကျသည်။

(နှစ်)

အညာမြေ တောင်သာမြို့ နယ်ထဲက ရွာကြီးတစ်ရွာသို့ ရောက်သွားဖူးပါသည်။ ကျော ကော့အောင်ပူသည့် တပေါင်းလ နွေခေါင်ခေါင်ရက်ကြီးထဲ။

ရွာကနှမ်း၊ ပဲ၊ မြေပဲ၊ ကြက် သွန်နီစိုက်သည့်ရွာ။ ထို့ပြင် အုတ် ဖုတ်ပါသည်။ ရွာပတ်ဝန်းကျင်ရှိ အုတ်ဖိုကြီး၊ ငယ်များကို မြင်ရုံနှင့် အုတ်ကိုအကြီးအကျယ် ဖုတ် သည့်ရွာဖြစ်မှန်း သိသာလှပါ သည်။

မနက် ၁၀ နာရီဝန်းကျင် လောက် ရောက်သည့်အခါ အုတ် သမားတွေ လုပ်ငန်းခွင်မှ ပြန်လာ ကြပါပြီ။ တစ်နေကုန်အုတ်လုပ် ငန်းမရှိတော့။

‘‘ချောက်တို့၊ မြင်းခြံတို့၊ တောင်သာတို့ဆိုတာ အပူဆုံးအ ရပ်တွေ။ အဲတော့... အုတ်ဖိုတွေ က မနက်ကြီး အစောကြီး အလုပ် စတယ်။ လူတွေ ခပ်စောစောတော့ အလုပ်ဆင်းရတာပေါ့။ ဒါပေမဲ့ ၁၀ နာရီဆို ပြီးပြီ’’

တောင်သာနယ်ခံ ရွာသား ကြီးက ဒေသရာသီဥတုနှင့်လိုက် ဖက်အောင် အလုပ်ချိန်ရွှေ့လိုက် ပုံကို လက်ဖက်ရည်ကြမ်းဝိုင်း၌ ကျွန်တော့်ကို ပြောပါသည်။

ပြည်ပနိုင်ငံတချို့သို့ ရောက် စဉ်က ညကြီးသန်းခေါင်အပြင် ထွက်သည့်အခါ ညဘက်အလုပ် လုပ်နေသည့် လမ်းအလုပ်သမား များကို သတိထားမိသည်။ လမ်း ချဲ့ခြင်း၊ လမ်းအပေါက်အပြဲများ ကို ဖာခြင်း၊ လမ်းအမှတ်အသား လမ်းညွှန်ဆေးများ ပြန်သုတ်ခြင်း၊ အချက်ပြမီးများ လဲလှယ်တပ်ဆင် ခြင်း စသည်စသည်ဖြင့်။ လုံ လောက်သည့် လျှပ်စစ်မီးများကို ထိန်ထိန်ညီးအောင်ထွန်းကာ ကျ ကျနန အလုပ်လုပ်နေကြခြင်းဖြစ် ပါသည်။ လူသူလေးပါး ယာဉ်အ သွားအလာ ကျဲပါးချိန်၊ ရာသီဥတု သက်သောင့်သက်သာရှိချိန်ကို ရွေး၍ အလုပ်လုပ်နေပုံကိုကျွန်တော် သဘောကျသည်။

တချို့တချို့သော အလုပ် များသည် အစစအဆင်ပြေအောင် ရွှေ့ပစ်လိုက်၍ရပါသည်။ မလို အပ်ဘဲနှင့်ပင်ပန်းကြီးစွာ စုပြုံ ကျပ်ခဲ တိုးဝှေ့ပူလောင်နေကြပါ လျက် အမေမှာတဲ့ဆန်တစ်ခွဲ သုံး စိတ်နဲ့မလဲဟု ဘာ့ကြောင့်များ ပေပြီးရပ်နေကြလေသလဲ ကျွန် တော်မသိပါ။

တစ်စုံတစ်ဦးက အမျက် တော်ရှမည်ကိုများ စိုးရိမ်နေရ လေသလားမသိ။ ဒါဆိုလျှင် ကျွန် တော်တို့ မလွတ်လပ်သေး။ ပို ကောင်းဖို့ရာ လွတ်လွတ်လပ်လပ် စီမံခန့်ခွဲနိုင်ဖို့လိုပါမည်။ ပုဂ္ဂလိ က အစုအဖွဲ့ကလေးတွေကတော့ သူ့နည်းသူ့ဟန်နှင့် လွတ်လပ်ဖို့ ကြံပါသည်။ အစိုးရတွေ၊ ကော်ပို ရေးရှင်းတွေ၊ ကုမ္ပဏီတွေမှာပါ လွတ်လပ်စွာ စီမံခန့်ခွဲခွင့်ရှိစေ ချင်ပါသည်။

ထိပ်ကလူ ပြောသမျှ တစ် ဆံခြည်မျှင် မလွဲစေရ ဆိုလျှင် ဖြင့်...။    ။

(စာရေးဆရာမောင်သာချိုသည် ကဗျာ၊ ၀တ္ထုတို၊ ခရီးသွား၊ စာပေ၊ လူမှုရေး၊ ပညာရေး၊ စာပေရေးရာ ဆောင်းပါးများ ရေးသားနေသူ ဖြစ်သည်)

7Day Daily webpage ကနေ ကူးယူပါတယ်။ ဆဲဗင်းဒေးကို ကျေးဇူးတင်ပါတယ်။

စလေ ငနော့ 

Comments

Popular posts from this blog

ငရဲဆိုတာ ဂျိုနဲ့လား 🖋 ဟံသာဝတီ ဦးဝင်းတင်

ဘာလဲဟဲ့... လူ့ငရဲ (မိတ်ဆက်) 🖋 ဟံသာဝတီ ဦးဝင်းတင်

ပုံစံခွက်ထဲက နိုင်ငံရေးမုန်တိုင်း (၁) 🖋 ဟံသာဝတီ ဦးဝင်းတင်