မသန်းသန်း အလိုမရှိ 🖋 မောင်သာချို
မသန်းသန်း အလိုမရှိ
*******************
မောင်သာချို
(၁)
သမီးရေ...။
ကျန်ခဲ့တဲ့ လေးငါးရက်လောက်တုန်းက ဖေဖေတို့ မိသားတစ်စု မိုးအေးအေးနဲ့ ဧည့်ခန်းထဲမှာစုပြီး ငြိမ်ချက်သားကောင်းနေကြတုန်း မသန်းသန်းတစ်ယောက် ဖေဖေတို့အိမ်ကို ရောက်လာခဲ့တာကို သမီး မှတ်မိနေလိမ့်ဦးမယ်လို့ပဲ ဖေဖေထင်မိတယ်ကွယ်။ အဲသည့်နေ့က ကျောင်းတွေရော ရုံးတွေပါ အကုန်လုံး ပိတ်တာမို့လို့ ဖေဖေတို့တစ်တွေ မနက်ခင်းပိုင်းမှာကတည်းက လုပ်စရာရှိတဲ့ အလုပ်တွေကို အကုန်လုံး လက်စသတ်ထားခဲ့ပြီး နေ့လယ်ခင်းကစလို့ ညနေတော်တော်စောင်းတဲ့အထိ ဧည့်ခန်းထဲမှာ အချိန်ကုန်မိခဲ့ကြတဲ့ နေ့လေ။ မိုးကတော့ တော်ကြာနေရင် တဝေါဝေါနဲ့ရွာချနေလိုက်၊ တော်ကြာနေရင် ခဏနားနေလိုက်နဲ့ အရိုးထိအောင်အေးပြီး စိမ့်နေတဲ့နေ့ပါ သမီးရယ်။
မိုးအေးအေးမှာ ဖေဖေရယ်၊ မေမေရယ် သမီးရယ် သုံးယောက်သား ကိုယ့်စာအုပ်လေးတွေ ကိုယ်မျက်နှာအပ်လို့ စာအုပ်ထဲက ကမ္ဘာလောကကြီးထဲမှာ ငြိမ်ပြီး တိတ်ဆိတ်နေတော့တာပါပဲ။ တစ်ခါ တစ်ခါမှသာ လက်ဖက်ခွက်ကလေးရှိရာကို လက်လှမ်းဖြစ်လိုက်ကြ၊ ရေနွေးကြမ်းခွက်ကလေးတွေကို လက်ဆင့်ကမ်းလိုက်မိကြနဲ့။ မသန်းသန်းက ဖေဖေတို့တစ်တွေ အဲသည်လို ကိုယ့်စာအုပ်ထဲမှာ ကိုယ်နစ်ဝင်နေကြတုန်းမှာမှ အိမ်ကို ရောက်လာခဲ့တာပါ သမီးရယ်။
သမီးရေ...
မသန်းသန်းဆိုတာ တကယ်တော့ ဖေဖေတို့အိမ်အတွက် မရှိမဖြစ်ပါ။ ဖေဖေတို့အိမ်ရဲ့ အလုပ်တော်တော်များများက မသန်းသန်း လက်ထဲမှာလေ။ ဖေဖေတို့ မိသားစုရဲ့ အဝတ်တွေကို လျှော်ဖို့ဖွပ်ဖို့၊ မီးပူတိုက်ဖို့၊ တစ်ခါတစ်ခါ မီးသွေးလေး၊ ဆပ်ပြာလေး ပြေးဝယ်ဖို့၊ ဈေးကြီးကိုသွားပေးဖို့၊ တစ်ခါတစ်ခါ ငါးကိုင်ဖို့ ဖားကိုင်ဖို့။ သည်တော့လည်း မသန်းသန်းတစ်ယောက် ဖေဖေတို့အိမ်ကို အနည်းဆုံး တစ်နေ့တစ်ခေါက်လောက်တော့ ၀င်တာထွက်တာ၊ သွားလာတာဟာ အဆန်းတကြယ်တော့ မဟုတ်လှပါဘူး။
အဲသည့်နေ့က မသန်းသန်း အခန်းထဲဝင်လာတော့ ဖေဖေ သမီးကို အသာလေး အကဲခတ်ကြည့်မိတယ်။ ဖေဖေတို့သုံးယောက်အပြင် တစ်ခြားလူ ထိုင်ဖို့ရာ ခုံမရှိတော့တဲ့ အခန်းထဲမှာ သမီးတစ်ယောက် ဘာများလုပ်လေမလဲပေါ့။ သမီးက ဖတ်လက်စ စာအုပ်ကလေးကို လက်ညှိုးနဲ့အသာကလေးညှပ်၊ ပြီးတော့ မတ်တတ်ရပ်ကာ 'အန်တီသန်း၊ ဒီမှာလာထိုင်' လို့ဆိုပြီး နောက်ဖက်က အခန်းထဲကို ၀င်သွားတဲ့အခါ ဖေဖေကြည်နူးလို့ မဆုံးနိုင်ခဲ့ဘူး။ ဟုတ်ပါတယ် သမီးရယ်။ ဖေဖေ တကယ်ကို ကြည်နူးခဲ့မိတာပါ။ မသန်းသန်းဆိုတာဟာ ဖေဖေ့အတွက် မသန်းသန်း၊ မေမေ့ အတွက် မသန်းသန်း
သာလျှင် ဖြစ်ပေရမှာပေါ့။ သမီးအတွက်ကဖြင့် မသန်းသန်း မဖြစ်စတမ်းလေ။ သမီးက ထိုင်ခုံပေါ်မှာ ထိုင်ရာကမထ မိန့်မိန့်ကြီးထိုင်နေရာက သြော်... ဖေဖေတို့ရဲ့ ဝေယျောဝစ္စတွေကို လုပ်ပေးနေရတဲ့ မသန်းသန်းပါလားလို့ မျက်လုံးမျိုးနဲ့များ လှမ်းကြည့်နေခဲ့လိုက်ရင်...။ သမီးရယ်... ဖေဖေ မစဉ်းစား တတ်လောက်အောင်ပါပဲ။
(၂)
သမီးရေ...
ဟိုး... တစ်ခါတုန်းက ကောလိပ်ကျောင်းလေးရှေ့က ဆိုက်ကားဂိတ်ကလေးထဲမှာ ဖေဖေ ရှိနေခဲ့ဖူးတယ်။ ဘာရယ်လို့ မဟုတ်ပါဘူး သမီးရယ်။ ဆိုက်ကားဂိတ်ကလူတွေနဲ့ ဖေဖေနဲ့က ခင်နေကြတာဆိုတော့ တစ်ခါတစ်လေ သွားသွားထိုင်ပြီး ရောက်တတ်ရာရာတွေကို
ပြောကြဆိုကြတာပါပဲ။
အဲသည့်နေ့ကတော့ ဖေဖေ ဆိုက်ကားဂိတ်ထဲမှာ ရှိနေတုန်းမှာပဲ ကောလိပ်အပေါက်ဝကနေ ကလေးမလေးတစ်ယောက် ထွက်လာပါတယ်။ သူက ကောလိပ်ထဲက ဆရာနဲ့ဆရာမတို့ရဲ့ သမီးလေ။ လေးတန်းကျောင်းသူကလေး။ သူက လက်ထဲမှာ တုတ်တစ်ချောင်းကိုင်ထားရင်း လမ်းဘေးက တွေ့သမျှ မြက်ပင်ကလေးတွေကို ဝှေ့ကာ ရမ်းကာ ရိုက်လာရာက ဂိတ်ရှေ့ကိုလည်း ရောက်ရော ဂိတ်ထဲကို လှမ်းမေးပါတယ်။
"ကိုမြင့် ရှိလား" တဲ့...။
ဂိတ်ထဲက စကားဝိုင်းထဲမှာကလည်း ကိုမြင့်က အဆင်သင့်ရှိနေတာမို့ "ရှိတယ်" ပေါ့။ သမီးရယ်... အဲ့သည်တော့မှ ကလေးမလေးက ဆက်ပြီးပြောနေလိုက်တာ
"ကိုမြင့် အားရင် အိမ်လာခဲ့စမ်းပါ" တို့၊ "ကိုမြင့်ကို ခိုင်းစရာရှိလို့" တို့၊ "မေ့မနေနဲ့နော် ကိုမြင့်" တို့၊ ကိုမြင့်ချင်းကို ထပ်နေတာပါပဲ သမီးရယ်။
ကိုမြင့်က သူ့ဆိုက်ကားကိုဂိတ်ထဲက ဆွဲထုတ်သွားပေမယ့် မျက်နှာက မကောင်းလှဘူး။ ဖေဖေလည်း စိတ်ထဲမှာ တစ်မျိုးပဲ သမီးရယ်။ ဆိုက်ကားဂိတ်ထဲက တစ်ယောက်ကတော့ "သိပ်ရိုင်းတဲ့ ကလေးမလေး" တဲ့။ ကောက်ချက်တွေချလို့။ သမီးရေ... ကိုမြင့်ဆိုတာက သူ့အဖေအမေတွေအတွက် ကိုမြင့် ဖြစ်ပေမယ့် သူ့အတွက်ကတော့ ကိုမြင့် မဖြစ်နိုင်ဘူးလေ။ ဒါကို ကလေးမလေးက နားမလည်နိုင်ခဲ့ရင်တောင် သူ့အဖေ၊ အမေတွေက ထိန်းကွပ်ပေးသင့်တာပေါ့။ အခုတော့...။
ကိုမြင့်... တဲ့။
(၃)
ဖေဖေစိတ်ထဲမှာ အခုထိတိုင်အောင်ကိုပဲ အမာရွတ်ကြီးလို ထင်နေတဲ့ ဖြစ်ရပ်တစ်ခုကိုလည်း သမီးကို ဖေဖေ ပြောပြချင်သေးတယ်။ တက္ကသိုလ်ကြီးတစ်ခုမှာ ဖေဖေ အလုပ်လုပ်နေခဲ့တုန်းကပေါ့။
တစ်နေ့မှာ ဖေဖေက ဖေဖေ့ထက်ရာထူးကြီးတဲ့၊ ဖေဖေတို့ကို အုပ်ချုပ်နေရတဲ့ ဆရာတစ်ယောက်ရဲ့ အိမ်ကို ကိစ္စတစ်ခုနဲ့ ရောက်သွားခဲ့တယ်လေ။ ဖေဖေ ရောက်သွားတဲ့အချိန်မှာ ဆရာက ဧည့်ခန်းထဲမှာ မရှိပါဘူး။ အတွင်းထဲမှာ စာဖတ်နေတာလား၊ ထမင်းစားနေတာလား မသိတတ်ပါဘူး။ ဧည့်ခန်းထဲမှာက ဆရာ့သား ထိုင်နေပါတယ်။ သူကဆယ်တန်း အောင်ပြီးကာစလေ။
သူက ဖေဖေ့ကိုမြင်တော့ ဆရာ့ကို လှမ်းခေါ်ပါတယ်။ "ဖေဖေရေ ကိုသာချို" တဲ့။
ဖေဖေ့ရင်ထဲမှာ စူးသလိုလို နာသလိုလိုကြီးပါ သမီးရယ်။ သည်ကလေးက ဖေဖေ့ကိုမှ မဟုတ်ပါဘူး။ ဘယ် ဆရာ၊ ဆရာမကိုမှ ဆရာလို့ တပ်ခေါ်လိုက်ဖို့ ၀န်လေးလှတဲ့ သူပါ။ သူ့မျက်လုံးတွေကို ဖေဖေ ဘာသာပြန်လို့ ရသလောက်က ခင်ဗျားတို့ဟာ ကျွန်တော့်ဖေဖေရဲ့လက်အောက်ကဆိုတဲ့ အဓိပ္ပာယ်မျိုးပါပဲ။ ဒါကြောင့် ဆရာလို့ခေါ်ဖို့ရာ မလိုအပ်ဘူးဆိုတဲ့ အရိပ်အငွေ့မျိုးပါ။
ကိုဘယ်သူ... တဲ့။
မဘယ်သူ... တဲ့။
နားထဲမှာလေ။
(၄)
အခုတော့ သမီးက ဖေဖေတို့အတွက် မသန်းသန်းကို အန်တီသန်းတဲ့။ ဒါကို ဖေဖေ ကျေနပ်မိတာပါ။ သေချာတာတစ်ခုက သမီးဟာ ဖေဖေ မဟုတ်ဘူး။ ပြီးတော့ မေမေလည်း မဟုတ်ဘူး။ သမီးနေရာမှာ သမီးနေပြီး သမီးအသံကိုပဲ သမီး ထုတ်ပြန်ရမယ်လေ။ မသန်းသန်းစရာ မလိုဘူး။ ကိုမြင့်စရာ မလိုဘူး။ ကိုဘယ်သူ၊ မဘယ်သူစရာ မလိုဘူးလို့ ဖေဖေ ယုံကြည်နေမိပါတယ် သမီးရယ်။
(ချယ်ရီ၊ အောက်တိုဘာ ၁၉၉၉)
သမီးဖတ်ဖို့ နှလုံးသားရှုမျှော်ခင်းများ Special Edition စာမျက်နှာ ၁၄၄ -၁၄၇။
ကို Nay Thukha ရဲ့ ပို့စ်ကနေ ကူးယူပြီး အနည်းငယ် edit ထားပါတယ်။ စာရိုက်ထားသူကို ကျေးဇူးတင်ပါတယ်။
Comments
Post a Comment