မနက်ဖြန်အတွက် စားကျက်ရှာပုံတော် 🖋 မောင်သာချို
မနက်ဖြန်အတွက် စားကျက်ရှာပုံတော်
*****************************
မောင်သာချို
7Day Daily
Fri, 2019-06-14 04:28
Issue No. အတွဲ(၁၈)၊ အမှတ်(၁၄)
(တစ်)
မြန်မာနိုင်ငံအတွင်းရှိ စာအုပ်စာပေ သရဲကြီးများ၊ ပညာရပ်ဆိုင်ရာ ဘီလူးကြီးများ၏ စာမျက်နှာများပေါ်က ညွှန်းဆိုမှုများ၊ လက်ဖက်ရည်စားပွဲဝိုင်းများတွင် မစားရဝခမန်း ဖောက်သည်ချမှုများကြောင့် ဟာရာရီ (Yuval Noah Harari)၏ ကမ္ဘာကျော်စာအုပ်ကို ဝယ်ဖြစ်ပါသည်။ ၂၁ ရာစုအတွက် သင်ခန်းစာ ၂၁ ခု (21 Lessons for the 21st Century) ဟူသည့်စာအုပ်။
အခန်းတစ်က နည်းပညာ စိန်ခေါ်မှုဖြစ်ပြီး ခေါင်းစဉ်ငယ် ကလေးများခွဲထားရာ ခေါင်းစဉ် ငယ်တစ်ခုက အလုပ် (Work) ဖြစ်ပါသည်။ ထို့နောက် ထပ်ခွဲ ထားပြန်သည့် ခေါင်းစဉ်ငယ်က မင်းအရွယ်ရောက်တဲ့အခါ အလုပ် မရှိနိုင်ဘူးဟူ၍ ဖြစ်ပါသည်။ စာရေးသူက ခရစ်နှစ် ၂၀၅၀ သို့ ရောက်သည့်အခါ မည်သို့သော အသက်မွေးဝမ်းကျောင်းအလုပ် အကိုင်မျိုးတွေ ရှိနေလေမလဲဆိုသည်ကို သူ မခန့်မှန်းတတ်ကြောင်း ဆိုပါသည်။ နည်းပညာ ထွန်းကားလာမှုသည် ဒိန်ချဉ် ထုတ်လုပ်ခြင်းမှသည် ယောဂ သင်တန်းပို့ချခြင်းအထိ လုပ်နည်း လုပ်ဟန် အပြောင်းအလဲများစွာ ကို ဖြစ်ပေါ်စေနိုင်ကြောင်း ဆိုပါ သည်။ စက်မှုတော်လှန်ရေးက လုပ်ငန်းအဟောင်းတချို့ကို ဆွမ်း သွတ်အမျှဝေပေးလိုက်ပြီး လုပ်ငန်းအသစ်တချို့ကို နာမည်ပေး ကင်ပွန်းတပ်လိုက်ပါသည်။
ဥပမာ ကျွဲတွေ၊ နွားတွေ၊ ထွန်တုံး၊ ထွန်တံတွေ သွား။ ထွန်စက်တွေ၊ ရိတ်သိမ်းစက်တွေ၊ ခြွေလှေ့စက်တွေ လာ။ လက်ရက်ကန်းတွေ သွား။ စက်ရက်ကန်းတွေ လာ။ မောင်းထောင်းဆန်ဖွပ်တွေ သွား။ တန်တစ်ရာ၊ တန်နှစ်ရာ ဆန်စက်ကြီးတွေ လာ။
သို့သော် နည်းပညာ တစ်ဟုန်ထိုး ဖွံ့ဖြိုးသွားသည့် ခေတ်တွင် လူတို့ အစားထိုးလုပ်ကိုင်စရာ အလုပ်အကိုင်ရယ်လို့မှ ပေါပေါများများ ရှိပါဦးမလားဟု ဆွေးနွေးထားသည့် အခန်းဖြစ်ပါသည်။
ဤတွင် လူထက် နည်းပညာက သာကြောင်း ဆွေးနွေးထားချက်တချို့မှာ စိတ်ဝင်စားစရာ ကောင်းပါသည်။
(နှစ်)
လူမောင်းနှင်သည့် ကားနှစ်စီး လမ်းဆုံတစ်ခုတွင် ဆုံကြသည် ဆိုပါစို့တဲ့။ သူဝင်မလို၊ ကိုယ်ဝင်မလို၊ သူကွေ့မလို၊ ကိုယ်ကွေ့မလို၊ သူရပ်မလို၊ ကိုယ်ရပ်မလိုနှင့် နားလည်မှုလွဲကာ တိုက်မိကောင်း တိုက်မိနိုင်သည်တဲ့။ သို့သော် နည်းပညာဖြင့် ထိန်းချုပ်ထားသည့် မောင်းသူမဲ့ အလိုအလျောက် ကားနှစ်စီး တွေ့ကြသည်ရှိသော် တစ်ခုတည်းသော အယ်လ်ဂိုရစ်သမ် (Algorithm) ၏ ထိန်းချုပ်မှု စနစ်အောက်တွင် ရှိနေကြသဖြင့် နားလည်မှုလွဲစရာ မလို။ စိတ်နှစ်ခွ ဖြစ်စရာမလို။ ဒွိဟဖြစ်စရာမလို။ ယင်းတို့သည် လူသားတွင်သာ ရှိတတ်သည့် စိတ်သဘောဝများ။ ထို့ကြောင့် လူမမောင်းသောကားဖြစ်၍ တိုက်စရာ အကြောင်းမရှိတဲ့။
စာရေးသူက တစ်နှစ်တွင် ယာဉ်အန္တရာယ်ကြောင့် သေဆုံး သူ ၁ ဒသမ ၂၅ သန်း ရှိသည်ဟု ဆိုပါသည်။ ယင်းသည် စစ်ကြောင့်၊ ရာဇဝတ်မှုကြောင့်၊ အကြမ်းဖက် တိုက်ခိုက်မှုကြောင့် သေဆုံးသူများ၏ နှစ်ဆရှိသည်ဟု ဆိုပါ၏။ ယာဉ်မတော်တဆမှုများ ၏ ၉၀ ရာခိုင်နှုန်း အထက်သည် လူကြောင့်တဲ့။
လူတချို့ အရက်သောက်ပြီး ကားမာင်းပါလေသတဲ့။ လူတချို့ ကားမောင်းနေစဉ် လက်ကိုင်ဖုန်း ဖွင့်ကာ Message ပို့နေပါလေသတဲ့။ လူတချို့ စတီယာရင် (Steering wheel) ပေါ် အိပ်ပျော်ပါလေသတဲ့။ လူတချို့ လမ်းပေါ်တွင် အာရုံမရှိဘဲ နေ့လယ်အိပ်မက်တွေ မက်နေပါလေသတဲ့။ လူတချို့ သတ်မှတ်ထားသည့် အရှိန်ထက် ပိုမောင်းပါလေသတဲ့။ ခြုံပြောရသော် လူကြောင့်။
The US National Highway Traffic Safety Administration ခေါ် အမေရိကန်အမျိုးသား လမ်းမကြီးများ လုံခြုံရေးဌာနကလည်း လူကိုပဲ အပြစ်ဆိုပါသည်။
သို့သော် လူသားယာဉ်မောင်းများကို ဘေးဖယ်ကာ ကွန်ပျူတာ ထိန်းချုပ်မှုဖြင့် အလိုအလျောက် မောင်းနှင်ကြည့်လိုက်ရာ အန္တရာယ် ၉၀ ရာခိုင်နှုန်း လျော့ကျသွားသည်ဟု ဆိုပါသည်။
ကွန်ပျူတာက အရက်မသောက်။ ကွန်ပျူတာက Message မပို့။ ကွန်ပျူတာက အိပ်မငိုက်။ ကွန်ပျူတာက တောင်တွေး၊ မြောက်တွေး မတွေး။ ကွန်ပျူတာက သတ်မှတ်မိုင်နှုန်းကို ပိုမမောင်း။
နည်းပညာ တိုးတက်လာမှုကြောင့် လူသားနေရာတွင် နည်းပညာကို အစားထိုးလာနိုင်သဖြင့် လူတချို့ အလုပ်မရှိ၊ အကိုင်မရှိ ဖြစ်သွားနိုင်သော်လည်း နည်းပညာ၏ အားသာချက်ကလည်း အများအပြားဟု ဆိုလိုခြင်းဖြစ်ပါ သည်။
(သုံး)
ဖွံ့ဖြိုးပြီးနိုင်ငံ အနည်းငယ်သို့ ရောက်သွားသည့်အခါ နည်းပညာက လူကြောင့်ဖြစ်သည့် ပြဿနာတချို့ကို ဖယ်ရှားထားနိုင်ကြောင်း တွေ့ရပါသည်။
ကားတစ်စီး မိုင်နှုန်းပို၍ မောင်းနှင်သွားသည်။ လမ်းဘေးရှိ ကင်မရာက အလိုအလျောက် ဓာတ်ပုံ ရိုက်ယူထားလိုက်ကာ နည်းပညာ ကွန်ရက်များကတစ်ဆင့် ယာဉ်ထိန်းရုံရှိ ကွန်ပျူတာထဲ၌ ရောက်ရှိမှတ်တမ်းတင်ထား လိုက်သည်။ ထို့အတူ မီးနီဖြတ် မောင်းသည်။ မျဉ်းကျားဖြတ် မောင်းသည်။ ကင်မရာက မှတ်တမ်းတင်၊ ကွန်ရက်ချိတ်ဆက်ထားမှုက တစ်ဆင့် ကွန်ပျူတာတွင်းရှိ အချက်အလက်သိုမှီးရာသို့ ရောက်၊ ကားလိုင်စင်အမှတ်ကိုဖြတ်။
နည်းပညာက အချက်အလက်ကိုပဲကြည့်ကာ ပေါင်း၊ နုတ်၊ မြှောက်၊ စား၊ အဖြူ၊ အမည်း သူ့ဘာသာသူ ခွဲခြားသတ်မှတ်ပစ်လိုက်သည်။ သူဘယ်သူလဲ၊ သူဘာရာထူးလဲ၊ သူပညာ ဘယ်လောက်တတ်သလဲ၊ သူ ဘယ်လောက်ချမ်းသာသလဲ၊ သူ့အသိုင်းအဝိုင်းက ဘာတွေလဲ၊ မသိ။ သူ့ညွှန်ကြားချက် (Program) ထဲတွင် ထည့်သွင်းထားသည့် အချက်အလက်များအတိုင်း တစ်သဝေမတိမ်း ဆုံးဖြတ်မည်သာ ဖြစ်ပါသည်။
လူသားကဲ့သို့ ချစ်လို့၊ မုန်းလို့၊ ကြောက်လို့၊ လန့်လို့၊ စိတ်ဆိုးလို့၊ ဝေဝါးထွေပြားနေလို့ အလွဲလွဲအမှားမှား ဆုံးဖြတ်တာမျိုး နည်းပညာက မလုပ်။ နည်းပညာက အဂတိတရားလေးပါး ကင်းသည်။
(လေး)
၁၉ ရာစုတုန်းက အင်္ဂလန်တွင် လက်ဒိုက် (Luddite) လှုပ်ရှားမှုဟူ၍ ပေါ်ခဲ့ဖူးပါသည်။ အင်္ဂလိပ်အလုပ်သမားတို့က ချည်စက်များ၊ သိုးမွေးစက်များကို ရိုက်နှက်ဖျက်ဆီးပစ်သည့် လှုပ်ရှားမှု ဖြစ်ပါသည်။ အကြောင်းမှာ စက်များ ဝင်ရောက်လာသဖြင့် အလုပ်သမား အများအပြား အလုပ်လက်မဲ့ ဖြစ်ကြရမည်ကို စိုးရိမ်၍ဖြစ်ပါသည်။
ယခုလည်း နည်းပညာဖွံ့ဖြိုးလာမှုကြောင့် ၂၀၅၀ တွင် မည်သို့သော အလုပ်အကိုင်တွေများ ရှိနေလေမလဲဆိုသည်ကို မှန်းဆမရနိုင်ကြောင်း စာရေးသူက ဆိုပါသည်။ နည်းပညာကို အပြစ်ဆို၍ မရပါတဲ့။ နည်းပညာက လူသားထက် ပိုကောင်းသည်များ၊ ပိုသာသည်များ ရှိနေပါသည်တဲ့။ အလုပ်အကိုင် အဟောင်းများ ဆိတ်သုဉ်းသွားသော် အလုပ်အကိုင်အသစ်များကို တီထွင်ကြံဆရုံသာတဲ့။
မြန်မာလူငယ်တို့အနေနှင့် မိရိုးဖလာ သမားရိုးကျ ပညာရှာဖွေမှုပုံစံထဲ၌ လှေနံဓားထစ် ရပ်မနေဘဲ အဝေးသို့ တစ်မျှော်တစ်ခေါ် လှမ်းကြည့်ကာ စားကျက်အသစ်များကို ရှာဖွေထားသင့်ချိန် ရောက်ပြီဟု ခံစားမိပါသည်။
(စာရေးဆရာ မောင်သာချိုသည် ကဗျာ၊ ၀တ္ထုတို၊ ခရီးသွား၊ စာပေ၊ လူမှုရေး၊ ပညာရေး၊ စာပေရေးရာ ဆောင်းပါးများ ရေးသားနေသူ ဖြစ်သည်)
7Day Daily webpage ကနေ ကူးယူပါတယ်။ ဆဲဗင်းဒေးကို ကျေးဇူးတင်ပါတယ်။ Yuval Noah Harari ရဲ့ 21 Lessons for the 21st Century စာအုပ်ဒေါင်းလုဒ်လင့်ခ်။ (1.3 MB)
Comments
Post a Comment