ပင်လယ်အတုထဲက ကျွန်း 🖋 တာရာမင်းဝေ

ပင်လယ်အတုထဲက ကျွန်း

********************


တာရာမင်းဝေ


(၁)


ထိုနေ့ နံနက်ပိုင်းတုန်းကတော့ အားလုံးသည် အေးအေးဆေးဆေးပဲဖြစ်၏။ ထက်ထက်အောင်တို့အိမ်မှာ လဝန်းတို့ဆုံဖြစ်ကြသည်။ ရွှေရည်ဝင်းလည်း ရောက်နေသည်။ ကြက်ခြေနီအဖွဲ့အစည်းမှာ လှုပ်ရှားခဲ့စဉ်က သူငယ်ချင်းများ စုမိကြခြင်းဖြစ်သည်။ အပျိုကြီး သန္တာရဲလှလည်း ရောက်လာသဖြင့် ပွဲက စည်သွား၏။ ထက်ထက်အောင်က သူတောင်ငူမှာနေခဲ့စဉ်က အကြောင်းတွေကို အားမနာ ပါးမနာ တဖွဲ့တနွဲ့ပြောကြားနေစဉ် မသန္တာ ဝင်ရောက်လာခြင်းဖြစ်၏။

“ဟေ့... ကောင်မလေးတွေ၊ ဘာတွေပြောနေကြတာလဲ”

“ဟာ....မသန္တာကြီး၊ လာ...လာ...၊ ထက်ထက်ရဲ့  တောင်ငူကသူငယ်ချင်းတွေအကြောင်း ပြောနေတာ”

မသန္တာက ခုံမှာ သူ့ဘာသာ သူဝင်ထိုင်ရင်း...

“ဟုတ်လား... တောင်ငူမှာ တို့အသိလည်းရှိတယ်၊ ခုတော့ သေသွားပါပြီ”

ထက်ထက်က အားတက်သရောနှင့်...

“ဟုတ်လား... ဘယ်သူလဲ”

“နတ်သျှင်နောင်...လေ”

“ဪ...”

ထက်ထက်ကြောင်သွားသည်။ ပြီးမှ....

“ဟင် .... ကြည့်စမ်း၊ မသန္တာစုတ်ကြီး”

ဝါး...ခနဲ ရယ်လိုက်ကြ၏။ လက်ဖက်သုပ်ပန်းကန်ကို အလယ်မှာ ချထားပြီး လက်ဖက်မဝါးသူက စကားတွေပြော၏။ ပါးစပ်က အားရတယ်ကို မရှိကြချေ။ ပြောရင်းပြောရင်း မသန္တာ အပျိုကြီးဖြစ်ရခြင်း၏ မူလအကြောင်းအရင်းဆီ ရောက်သွားကြသည်။

“ယောက်ျားဆိုတဲ့သတ္တဝါတွေက ကောင်းတာမဟုတ်ဘူးဟ”

“အဲလိုကြီးတော့ မပြောပါနဲ့ မသန္တာရယ်”

“ပြောရမှာပဲ၊ နင်တို့ ဟိုဟာသ မဖတ်ဖူးဘူးလား”

“ဘယ်ဟာသလဲ”

ဟာသဟု ကြားလိုက်ကတည်းက မတ်နေသောခါးကို ခပ်ပြေပြေကိုင်းလိုက်ပြီး ရယ်ရန်

ကြိုတင်ပြင်ဆင်ထားလိုက်သည်။

“ယောက္ခမလောင်းက သမက်လောင်းကို မေးတယ်လေဟာ၊ ငါ့သမီးက ငါ့ဆီက အမွေရမယ်မှန်းသိလို့

မင်းလက်ထပ်ချင်တာမဟုတ်လားတဲ့”

“အင်း...အဲဒီတော့”

“အဲဒီတော့ ဟိုက ပျာပျာသလဲ ဖြေရှင်းတာပေါ့၊ စိတ်လည်း နည်းနည်းဆိုးသွားပုံရတယ်”

“အန်ကယ်လ်၊ အဲလို အထင်မလွဲပါနဲ့ဗျာ...တဲ”

“အင်း...”

“အန်ကယ်လ့်သမီးက အန်ကယ်လ့်ဆီက အမွေရမှ မဟုတ်ပါဘူး၊ ဘယ်သူ့ဆီကရရ ကျွန်တော်လက်ထပ်မှာပါ........တဲ့”

မသန္တာ၏ စကားမဆုံးမီမှာပင် ရွှေရည်ဝင်းက တခစ်ခစ်ရယ်၏။ လဝန်းနှင့် ထက်ထက်အောင်တို့ကလည်း

လိုက်ရယ်ဖြစ်ကြသည်။ မသန္တာကတော့ မျက်နှာတည်ကြီးနှင့်ပဲ ဖြစ်၏။ ထက်ထက်က ရွှေရည်ဝင်းကိုပါ ခါးတို့ပြီးပြောသည်။

“ရွှေရည်... နင့်ကိုစကားလိုက်ပြောနေတဲ့ ဟိုကောင်လေးက...”

“ဘာလဲ... မင်းမျိုးသော်ကို ပြောတာလား”

“အေး...”

“အဲဒီကောင်လေးကိုလည်း နင် သေချာမေးဦး၊ ကျွန်မမှာ ဘာအမွေမှ ရစရာမရှိဘူးဆိုတာ ရှင်သိတယ်မဟုတ်လား...လို့”

ရွှေရည်ဝင်းက သူ့ဆံပင်ကုပ်ဝဲကို လွင့်ရမ်းထွက်သွားသည်အထိ ခေါင်းခါလိုက်ပြီး...

“တော်ပါဟာ၊ အဲဒီကောင် ငါစိတ်ညစ်ပါတယ်”

“ဘာဖြစ်လို့လဲ”

“သူက ငါ့ကို နေရာတိုင်းမှာ လိုက်လိုက်စကားပြောနေတော့ ငါ အနှောင့်အယှက်ဖြစ်တာပေါ့ဟာ၊ ကိုယ်က

အိမ်သာသွားချင်နေလား ဘာလားလည်း မသိဘူး၊ အတင်းလိုက်ပြောနေတာပဲ”

“အေး... အဲဒီကိစ္စလည်း နင်တို့ကို ငါပြောရဦးမယ်”


ထိုသို့ အစချီလိုက်သည်က မသန္တာဖြစ်၏။ စကားပြောဖို့အတွက် လက်ဖက်သုပ်ကို စွန့်လွှတ်သည့်အနေဖြင့် လက်ထဲက ဇွန်းကို အံကြိတ်ပြီး ပြန်ချလိုက်၏။


“အဲဒီကိစ္စကလည်း ငါတို့မိန်းကလေးတွေမှာ အတော် အနှောင့်အယှက်ဖြစ်ကြရတယ်၊ ကိုယ့်မှာ

ဘာကိစ္စရှိနေသလဲဆိုတာကို သူတို့ မတွေးဘူး၊ လူလယ်ကောင်မှာ ရုပ်ပျက်ဆင်းပျက်ဖြစ်တာကို သူတို့

မစဉ်းစားဘူး၊ သူတို့ဘာသာ လိုက်ပြောပြီး ကိုယ်က အိမ်မှာ အဆူခံရတာကို သူတို့ မသိဘူး၊

တို့မိန်းကလေးတွေဘက်က အများကြီးနစ်နာတယ်၊ ဟုတ်တယ် မဟုတ်လား... လဝန်း”


လဝန်းက ရယ်နေလိုက်သည်။ သူတို့အုပ်စုထဲမှာ လဝန်းက အလှဆုံးနှင့် ချစ်စရာအကောင်းဆုံး ဖြစ်၏။

မကြာခဏ ရည်းစားစကား လိုက်အပြောခံရလေ့ရှိသည်။

“ဒီမှာ... နင်တို့ကို ငါ ပြောပြထားမယ်၊ မြဲမြဲမှတ်ထား”

“အင်း... ပြောပါဦး”

ထက်ထက်အောင်က ထောက်ပေးလိုက်၏။

“အမှန်တော့ အဲလိုရည်းစားစကား အပြောမခံရအောင် ရှောင်နေလိုက်တာ အကောင်းဆုံးပဲဟ”

ရွှေရည်ဝင်းက ဝင်မေးသည်။

“အဲဒါကျတော့လည်း မသန္တာလို အပျိုကြီး ဖြစ်သွားမှာပေါ့”

ဒီလိုကျတော့လည်း မသန္တာက မခံနိုင်ပေ။

“ငါ အခုမှ ၃၄ နှစ်ပဲ ရှိသေးတယ်၊ ဂိတ်ဆုံးမရောက်သေးဘူး”

“အေးလေ... ရွှေရည်ကလဲ၊ နင်က ပါးစပ်ပုပ်ကြီးနဲ့ လျှောက်မပြောပါနဲ့၊ မသန္တာက ရချင်ရဦးမှာပေါ့”

ရယ်ရွှမ်းပတ်ရွှမ်းဖြင့် လဝန်းက ဝင်ပြောသည်။ ထက်ထက်ကလည်း...

“ကဲ...ပြော ပြော မသန္တာ၊ ဆက်ပြောပါဦး”

မသန္တာက သူ့စကားကိုဆက်သည်။

“အကောင်းဆုံးက ခုနက ငါပြောသလိုပဲ၊ ရည်းစားစကားပြောမခံရအောင်နေ၊ သူတို့ ပြောခွင့်မရအောင်နေ၊ အဲဒါကို ဖေဗီယန်နည်းလို့ ခေါ်တယ်၊ Fabian Method ပေါ့”

“မသန္တာကြီးကလည်း၊ သူတို့ ရည်းစားစကားပြောအောင် ကိုယ်က လုပ်နေတာမှ မဟုတ်တာ၊ တစ်ခါတစ်ခါ

ကိုယ့်ကိစ္စနဲ့ကိုယ် သူတို့ကို ဂရုတောင် မစိုက်မိပါဘူး”

“အင်းလေ... တစ်ခါတစ်ခါ သူတို့ဘာသာ ဘယ်ချောင်က ပေါ်လာမှန်းတောင်မသိဘူး”

“အေး...အဲဒါဆိုလည်း သူနဲ့ကိုယ်နဲ့ ရင်ဆိုင်မိတဲ့အချိန်မှာ နေရာရဲ့ အနေအထားကို လေ့လာလိုက်၊ ဘေးမှာ

အားကိုးရမယ့် လူသူရှိတယ်ဆိုရင် ပြေးကပ်ပြီး ဝင်ရောလိုက်၊ သူတို့ တွန့်သွားလိမ့်မယ်၊ လုပ်ချင်တိုင်းလုပ်၊

ပေါချင်တိုင်း ပေါလို့ မရတော့ဘူး၊ နင်တို့ သတိထားရမှာက နှစ်ချက်ရှိတယ်”

“အင်း... ပြောပါဦး ဘယ်လို နှစ်ချက်လဲ”

အစက သိပ်စိတ်မဝင်စားလှသော လဝန်းပင်လျှင် မသန္တာ၏စကားကို စိတ်ဝင်စားလာသည်။ ထက်ထက်အောင်နှင့် ရွှေရည်ဝင်းက တစ်ယောက်ကိုတစ်ယောက် မှီထိုင်ရင်း မသန္တာ၏ စကားကို နားထောင်နေသည်။

“ပထမ သတိထားရမှာက ချောင်ပိတ်မိမဲ့ နေရာမျိုးပေါ့၊ Bottleneck လို့ခေါ်တယ်၊ ပုလင်းလည်ပင်းလို ကျပ်တဲ့

နေရာမျိုးပေါ့”

“လဝန်းတို့ရှင်းအောင် ဥပမာလေး ဘာလေးပေးလေ မသန္တာရယ်”

“ဥပမာဟယ်... လူနှစ်ယောက်တည်း သွားလို့ရတဲ့ တံတားရှည်ကြီးပေါ်တို့ အဲဒီလိုမျိုးနေရာတွေပေါ့”

“လူကူးမျဉ်းကြားကနေ ဖြတ်ကူးရင် ရည်းစားစကား လိုက်ပြောတာမျိုးကရော...”

“အေးပေါ့... အဲဒါလည်းပါတာပေါ့၊ နေပါဦး လဝန်းက အဲလိုလိုက်အပြောခံရဖူးလို့လား”

“အင်း...”

“အဲဒီတော့ ဘယ်လို ဖြေရှင်းလိုက်လဲ”

“ခစ်...ခစ်၊ မဖြေရှင်းပါဘူး၊ သူနဲ့ကာပြီး ကားတွေ ရှေ့ဖြတ်ကူးလိုက်တယ်၊ ဟိုဘက်ရောက်တော့ ကိုယ့်ဘာသာ

လူကြားထဲ ဝင်လိုက်တယ်”

“အေး... ကောင်းတယ်”

“ပြောပါဦး နောက်တစ်ချက်”

“နောက်တစ်ချက်ကတော့ ဆုပ်လည်းစူး၊ စားလည်းရူး ဖြစ်ရမယ့် အနေအထားမျိုးပေါ့ဟာ၊ နင့်ကို သူက

လိုက်စကားပြောနေတယ်၊ လွတ်နိုင်တဲ့ထွက်ပေါက်ရှိတယ်၊ ဒါပေမယ့် အဲဒီဘက်မှာလည်း ရည်းစား စကားပြောနိုင်ဦးမယ့် နောက်တစ်ယောက်က အသင့်စောင့်နေတယ်၊ အဲလို အနေအထားမျိုးပေါ့”

“ဪ... အင်းအင်း၊ ဟုတ်ပြီ”

“အဲလို အနေအထားမျိုးကို ဦးချိုနှစ်ဖက်ပေါ် ခွထိုင်နေရတဲ့ အနေအထားလို့ ပြောကြတယ်၊ On the horns of a

dilemma လို့ ခေါ်တယ်”

“ဪ...ဪ၊ အဲလိုလား”

“အင်း... အဲလို အခြေအနေမျိုးကို လဝန်းကြုံဖူးလား”

“အဟင်း... ကြုံဖူးတယ်”

“နင် ဘယ်လိုလုပ်လိုက်လဲ”

“ခစ်ခစ်၊ လွယ်ပါတယ် မသန္တာရဲ့”

“ပြောပါဦး”

“သူတို့နှစ်ယောက်ကို ရန်တိုက်ပေးလိုက်တာပေါ့”

“ဒါနင်က ဖြတ်ထိုးဥာဏ်ကောင်းလို့၊ တချို့ဆို ခြေမကိုင်မိ လက်မကိုင်မိ ဖြစ်ကုန်တာ၊ နင်လုပ်လိုက်တာ

ကောင်းတယ်၊ အဲလို လမ်းလွှဲပေးတာကို Diversion လို့ခေါ်တယ်၊ တစ်ခါတစ်ခါကျတော့လည်း

အာရုံပြောင်းပေးရတယ်ဟ”

“လမ်းလွှဲပေးတာနဲ့ အာရုံပြောင်းတာ မတူဘူးလား”

“မတူဘူး.... နည်းနည်းကွာတယ်”

“ရှင်းစမ်းပါဦး”

“ဪ... ကိုယ့်ကို လိုက်စကားပြောနေတဲ့ကောင်ကို ဟိုးလို့ ပြောလိုက်တာမျိုး၊ နောက်ဘက်ကို

လှမ်းလှမ်းကြည့်ရင်း အဲဒီကောင်တွေဝေသွားလိမ့်မယ်”

ထက်ထက်အောင်နှင့် ရွှေရည်ဝင်းက တစ်ပြိုင်တည်း ရေရွတ်လိုက်မိကြသည်။

“မသန္တာကလည်း အလာကြီးပါလား”

“အေး... အဲလိုစကားလိုက်ပြောခံရတဲ့အချိန်မှာ ကိုယ်က ခွာစစ်ကိုမသုံးရဘူး၊ ကိုယ်က ခွာလိုက်ရင် သူက

လိုက်လာမှာပဲ၊ အဲဒါကို Pursuit လို့ခေါ်တယ်၊ သူတို့ရဲ့လိုက်စစ်ထဲမှာ ကိုယ်မိသွားမယ်”

ထက်ထက်အောင်က...

“ဒါဆို ပြန်တိုက်ရမှာပေါ့နော်၊ ပြန်ကောပစ်ရမှာပေါ့”

“အေး... သူ့အငိုက်ကိုလည်း ဖမ်းတတ်ရမယ်”

“ဘယ်လို အငိုက်ဖမ်းတာလဲ”

“တချို့ကောင်တွေက စကားလိုက်ပြောပေမယ့် သတ္တိမရှိဘူးဟ၊ အဲဒီကောင်တွေဆိုရင် နည်းနည်းပါးပါးဟောက်လိုက်ရင် အိုးနင်းခွက်နင်း ဖြစ်သွားတယ်”

ရွှေရည်ဝင်းက ဝင်မေးသည်။

“တချို့ကောင်တွေကျတော့ မျက်နှာ အရမ်းပြောင်တယ်၊ အဲလိုကောင်မျိုးကျတော့ ဘယ်လိုလုပ်ရမလဲ”

“အဲဒီကောင်တွေကိုလည်း အငိုက်ဖမ်းလို့ ရတယ်ဟ၊ မဆီမဆိုင်အချက်တွေနဲ့ ဟောက်ထည့်လိုက်ရတယ်”

တခိခိရယ်ကြရသည်။

“အဲဒီမှာ သူ စ ‘အက်’ သွားပြီ၊ ကွဲဖို့ပဲ ကျန်တော့တယ်၊ အဲဒါကို Jar and Crack  လို့ခေါ်တယ်”

“အဲ....အဲဒီ ‘အက်’ တာကနေ ‘ကွဲ’ တဲ့ထိရောက်အောင် ဘယ်လိုဆက်လုပ်ရမလဲ”

“ဆက် ဖိထောင်းပေါ့ဟဲ့၊ အဆက်မပြတ် ဆက်ကောပစ်လိုက်၊ သူ ဗြန်းဗြန်းကွဲသွားလိမ့်မယ်၊ အဲလို အဆက်မပြတ် ဖိကောလိုက်တာကို Continuous Hammering လို့ခေါ်တယ်၊ တူနဲ့ အဆက်မပြတ် ထုတဲ့သဘောပေါ့ဟယ်”

လဝန်းတို့ ရယ်ပြီးရင်း ရယ်နေရတော့သည်။ မသန္တာ၏ နည်းစနစ်များက တဖြည်းဖြည်း ထူးခြားဆန်းကြယ် လာ၏။ ထိုနည်းများကိုတော့ မည်သူ့မှ မပြောပါနှင့်ဟု မသန္တာက ပိတ်ထားသဖြင့် လျှို့ဝှက်ထားလိုက်ရတော့၏။

အားလုံးကို ဖွင့်ချလိုက်လျှင်လည်း မသန္တာ၏ခြေရာကိုနင်းပြီး မိန်းကလေးအတော်များများ အပျိုကြီးတွေ

ဖြစ်သွားနိုင်သည်။ အတော်ကြာသည်အထိ ထိုင်လေပေါကြပြီးနောက်...

ရွှေရည်ဝင်းက...

“လဝန်း”

“ဟင်...”

“နင့်ကို လိုက်ပြောတဲ့လူတွေထဲမှာ ပြန်ကြိုက်စရာကောင်းတဲ့လူ တစ်ယောက်တလေမှ မတွေ့ဘူးလား”

“မပြောတတ်ဘူးဟာ၊ အဲလိုလည်း မစဉ်းစားမိပါဘူး”

“ဘာလို့ မစဉ်းစားတာလဲ”

“မနက်က အိမ်ကို သူခိုးကပ်တယ်”

“ဟင် ဘာမှလည်း မဆိုင်ဘူး”

“အေး... မဆိုင်လည်း နင်တို့ ဘာသာဆက်ပြောကြတော့၊ ငါ အိမ်ပြန်လိုက်ဦးမယ်”

“ဟင်... နင်ကလည်း၊ မြန်လှချည်လား”

“အိမ်မှာက လူငယ်ဆိုလို့ ငါပဲရှိတာဟ၊ အဲဒီသူခိုးကိစ္စလုပ်စရာ ရှိတာတွေလည်း ငါပဲလုပ်ရမှာ၊

လောလောဆယ်တော့ ဒင်းတို့ ရဲစခန်းရောက်ကုန်ကြပြီ”

ပြောပြောဆိုဆို လဝန်း ထိုင်ရာမှ ထသည်။ တစ်ယောက်တည်း တက္ကစီငှားပြီး အိမ်ပြန်လာခဲ့လိုက်သည်။

သူငယ်ချင်းများနှင့်ခွဲပြီး လမ်းပေါ်ရောက်ရောက်ချင်း အိမ်နှင့်သူခိုး ကိစ္စက ခေါင်းထဲဝင်လာသည်။

အိမ်တံခါးတွေကို အရင်ထက်ပိုပြီး ကြပ်ကြပ်မတ်မတ်ပိတ်ရန် စဉ်းစားမိသည်။ သော့လည်း အမြဲလိုလို

ခတ်ထားရမည်။ ရပါသည်။ ဒါတွေကို သူမက တွေးရုံရှိဦးမည်၊ ဒေါ်ကြီးမွှေးက ခုလောက်ဆို လုပ်ပြီးနေလောက်ပြီ။


သူငယ်ချင်းတွေနှင့် ထွေရာလေးပါး ပြောတုန်းက ပျော်ခဲ့ရတာလေးတွေ အိမ်ရောက်တော့ ပျက်သွားသည်။

ထူးခြားသော ပြဿနာတစ်ခုက အိမ်မှ စောင့်နေလေသည်။


* * *


 (၂)


ထိုထူးခြားသော ပြဿနာသည် ဖိနပ်တစ်ရံမှ အစပြုသော ပြဿနာလည်း ဖြစ်လေသည်။

အိမ်ရှေ့လမ်းပေါ်မှာ ကားတစ်စင်းပျက်နေသည်။ ကားပိုင်ရှင်ဖြစ်ဟန်တူသော သားသားနားနား လူတစ်ယောက်က ကားအောက်သို့ဝင်ပြီး သူကိုယ်တိုင် ပြင်နေ၏။ ထိုကားကို ကွေ့ပတ်ရှောင်ပြီး ခြံထဲကိုဝင်လိုက်တော့ ထုံးစံအတိုင်း မျောက်ရှုံးအောင်ဆော့နေသော မောင်ငယ် မျိုးသစ်အောင်ကို တွေ့၏။

“မမ.... ကျွန်တော့်အတွက် မုန့်ပါလား”

“မပါဘူး၊ နင့်ကိုရိုက်ဖို့ တုတ်ပဲပါတယ်၊ နေပါဦး နင်ဘာလုပ်နေတာလဲ”

ဲခြံကိုပတ်ပြီး ခြေစုံခုန်ကာ သွားနေ၏။ ခြေထောက်မှာလည်း အကောင်းစား ရှူးဖိနပ်ကြီးတစ်ရံကို စွပ်ထားသည်။

“ဘာလုပ်လို့လဲ၊ ဆော့နေတဲ့ဟာကို”

နင့်အရွယ်က ဆော့ရတဲ့အရွယ်မဟုတ်ဘူးဟု ပြောရန်လည်း ခက်သည်။ အောင်အောင်က အသက် ဆယ့်တစ်နှစ်ပဲ ရှိသေး၏။ လဝန်းထက် ဆယ်နှစ်တိတိငယ်သည်။ လောလောဆယ် လဝန်းမျက်စိနောက်သွားသည်က သူနှင့်မတော်ဘဲ စွပ်ထားသည့် ခြေထောက်မှ ရှူးဖိနပ်ကြီးကိုဖြစ်သည်။

“အောင်အောင်...နင်စီးထားတာ ဘယ်သူ့ဖိနပ်လဲ”

“ဘယ်သူ့ဖိနပ်မှ မဟုတ်ဘူး”

သူမ၏မေးခွန်းကို ကောင်းကောင်းမဖြေဘဲ ခြေစုံခုန်၍ သွားနေမြဲဖြစ်သည်။

“ဟဲ့၊ ငါမေးနေတယ်လေ”

“ဘယ်သူ့ဖိနပ်မှ မဟုတ်ပါဘူးဆို”

“အဲဒီဖိနပ်ကို နင် ဘယ်ကရလဲ”

ဖြေသံပင် ပြန်မကြားရတော့၊ တိုက်ကိုကွေ့ပြီး ခြံဘေးတစ်ဖက်သို့ ရောက်သွားပြီဖြစ်သည်။

အိမ်ထဲဝင်လိုက်တော့ ဧည့်ခန်းမှာ ဒေါ်ကြီးမွှေးနှင့် အန်တီ ဥမ္မာတို့ စကားပြောနေကြသည်။

ပူပူနွေးနွေးသတင်းဖြစ်သည့် အိမ်ကိုကပ်သော သူခိုးအကြောင်းပင်ဖြစ်သည်။


“မဥမ္မာ ရယ်... ဒီအိမ်က မိန်းမသားတွေချည်း နေတဲ့အိမ်မဟုတ်လား၊ အိမ်က ယောကျာ်းလေးကလည်း ခုမှ

ပိစိကွေးရှိသေးတယ်၊ သူခိုး၊ ဓါးပြတွေ မျက်စိကျစရာ ဖြစ်နေတာပေါ့”

“အင်း...ဟုတ်ပါရဲ့ မခင်မွှေးရယ်၊ သူခိုးကနေ နောက် ဓါးပြလာမှာ စိုးရတယ်၊ ဖောက်ထွင်းသမားတွေဆိုတာလည်း အရမ်း ဥာဏ်နီဥာဏ်နက်များကြတာ”

“ဟုတ်တယ် မဥမ္မာရေ၊ အိမ်ကလူတွေကလည်း လူအေးတွေ၊ လဝန်းတစ်ယောက်ကိုပဲ အိမ်ထဲရော အိမ်ပြင်ရော

ခိုင်းနေရတာ၊ သူကပဲ လူငယ်ယောကျာ်းလေးလုပ်နေရတာ၊ မဥမ္မာသိတဲ့အတိုင်းပဲ ကျွန်မကလည်း

အနုပညာသမားဆိုတော့ ကိုယ့်ဘာသာကိုယ် အေးအေးနေတာ”

သူတို့ရှေ့မှ ခေါင်းငုံ့ဖြတ်ပြီး လဝန်း အိမ်ခန်းထဲဝင်လိုက်သည်။ ဧည့်ခန်းထဲမှာ မေမေကလည်း တရားစာအုပ်ထိုင်ဖတ်နေသည်။ မြန်မာရုပ်ရှင်ကားများထဲကလို 

“ဟယ်...သမီးလေးတောင် အပြင်က ပြန်လာပြီကိုး” ဟု မည်သူကမျှ မပြောကြချေ။

ကိုယ့်အခန်းထဲဝင်၍ အဝတ်အစားလဲရန် ပြင်နေစဉ်မှာပင် ဒေါ်ကြီးမွှေး၏ အသံကို တစ်ချက်တစ်ချက်ကြား နေရသည်။

“မဥမ္မာရယ်... ကျွန်မတို့ အနုပညာသမား ဘဝဆိုတာက...”

ဒေါ်ကြီးမွှေးက စာရေးဆရာရူး ရူးနေသူဖြစ်သည်။ သူကျောင်းသူဘဝက မဂ္ဂဇင်းတစ်အုပ်မှာ “ရှင့်ရဲ့အချစ်

ဆွဲလွှင့်ပစ်မယ်” ဟူသော ဝတ္ထုတစ်ပုဒ် ပါဖူး၏။ မည်မျှဝေးဝေးကို ဆွဲလွှင့်ပစ်လိုက်သည်မသိ၊ သူမတစ်ယောက်တည်း အပျိုကြီး ဖြစ်ကျန်ခဲ့လေသည်။ နောက်တော့ အေအိုင်ဒီအက်စ် ရောဂါ စပျံ့နှံ့စဉ်အချိန်မှာ “ကြောက်မက်ဖွယ်ရာ အိတ်စ်ရောဂါ” ဟူသည့်

ဆောင်းပါးတစ်ပုဒ် မြို့နယ်မဂ္ဂဇင်းမှာ ဖော်ပြခံရလေသည်။ ထို့နောက် ဥတုသုံးလီ ရာသီစက်ဝိုင်းတွေ

အလီလီပြောင်းသွားပြီးမှ တလောက မဂ္ဂဇင်းတစ်အုပ်မှာ “မိန်းမအတ္တ၊ မိုးပေါ်က” ဟူသည့် ဝတ္ထုတိုတစ်ပုဒ်

ထပ်မံဖော်ပြခံရသည်။ အမှန်တော့ ဤမျှလောက်ပဲ ဖြစ်သည်။ သူမ၏ ကလောင်နာမည် “မျိုးခင်ခင်မွှေး” ဆိုတာကို ပရိသတ်က သတိထားမိဖို့၊ အမှတ်တရဖြစ်ဖို့မလွယ်ချေ။ မည်သို့ပင်ဖြစ်စေ၊ ဒေါ်ကြီးမွှေးကတော့ သူ့ကိုယ်သူ “အနုပညာသမား” ဟူသော စကားလုံးမှ တစ်ထစ်မှ မဆင်းပေးတော့ချေ။


“အဲဒီလို အနုပညာလောကထဲကို ကျွန်မခြေစုံပစ်ဝင်လိုက်တဲ့အခါမှာ...”

ခြေစုံပစ်ဝင်ရင်တော့ ဖင်ထိုင်လျက်ကျမှာပဲဟု လဝန်း တွေးနေလိုက်၏။ အဝတ်အစားလဲပြီး ခြံထဲပြန်ဆင်းတော့

ခုနက မောင်လေးစီးထားသော ရှူးဖိနပ်ကို ဟိုတစ်ဖက် ဒီတစ်ဖက် တွေ့ရသည်။ အောင်အောင်ကတော့ ဘယ်ရောက်သွားပြီမသိ၊ ခြံထဲမှာလည်း မရှိတော့ချေ။ ရှူးဖိနပ်ကို သေသေချာချာထိုင်ကြည့်ရင်း လဝန်းအတွေးခက်နေသည်။ ထို့ကြောင့်...

“ဒေါ်ကြီးမွှေး၊ ဒေါ်ကြီးမွှေး”

“ဟေ...”

“ဒီရှူးဖိနပ်ကြီးက ဘယ်သူ့ရှူးဖိနပ်ကြီးလဲ”

“ဟဲ့... ဘယ်က ရှူးဖိနပ်လဲ”

“ဒီမှာလေ၊ ခုနက အောင်အောင် စီးပြီးဆော့နေတာ”

“အို သိပါဘူးအေ”

ဒေါ်ကြီးမွှေးက သိပ်ပင်စိတ်ဝင်စားပုံမပေါ်၊ “သူမလို အနုပညာသမားက ဒါမျိုးတွေကို စိတ်မဝင်စား” ဟူသော

ပုံစံမျိုးဖြင့် မျက်နှာပြန်လှည့်သွားသည်။

အန်တီဥမ္မာ စီးလာတာတော့ မည်သို့မှ မဖြစ်နိုင်ချေ။ သို့သော် စကားမကျန်အောင် မေးရသည်။

“အန်တီဥမ္မာ၊ ဒီရှူးဖိနပ်ကြီးက အန်တီဥမ္မာ့ဟာလား”

“ကွယ်...တောက်တီးတောက်တဲ့ လဝန်းရယ်”

“ကျွတ်...”

လဝန်း စိတ်ရှုပ်ရှုပ်နှင့် စုတ်သပ်ကာ ထရပ်လိုက်မိသည်။

“သမီးလဝန်း”

“ရှန်”

မေမေက တရားစာအုပ်ကိုကိုင်ကာ အိမ်ဝမှာ လာရပ်သည်။

“ဘယ်ဖိနပ်လဲ၊ ဒီဖိနပ်လား”

“ဟုတ်တယ်မေမေ၊ မေမေသိလား”

မေမေက ဖိနပ်ကို ခပ်တည်တည်ကြည့်၏။ အနိစ္စ၊ ဒုက္ခ၊ အနတ္တကို ဆင်ခြင်ရင်း...

“ဟင့်အင်း ... မသိဘူး၊ ဘယ်ကဟာကြီးလဲ”

“သမီးလည်း မသိဘူးလေ မေမေရယ်၊ သေချာတာကတော့ ဒီဖိနပ်ကြီးလည်း ဓါတ်ကြီးလေးပါးနဲ့

ဖွဲ့စည်းထားတာပဲ”

“တယ်... ကောင်မလေး”

“ပြဿနာပဲ၊ အောင်အောင် ဒီဖိနပ်ကြီးကို ဘယ်ကယူလာသလဲမသိဘူး၊ ခုနက သူစီးပြီး လျှောက်ဆော့နေတယ်”

“သူများဖိနပ်ကို ပြန်ပေးခိုင်းလိုက် သမီးရယ်”

“အင်းပါ... မေမေရဲ့”

ခြံထဲလှည့်ပြီး အောင်အောင့်ကို ရှာရ၏။ မတွေ့၊ ဘယ်ထွက်သွားပြန်သည်မသိ။ ခြံဝထွက်ကြည့်တော့ ကားပျက်က တဝက်ပိတ်ခံနေသည်။

“ဪ...”

လဝန်း အတွေးတစ်ခု ရသွားသည်။ ကားအောက်ဝင်ပြီး ပြင်နေသူက ဖိနပ်မပါ၊ ခြေအိတ်စွပ်လျက် တွေ့ရသည်။

သူ့ဖိနပ်ကို အောင်အောင် ယူဆော့နေခြင်းဖြစ်မည်။

ခြံထဲမှ ရှူးဖိနပ်ကို သွားပြန်ယူလိုက်ပြီး...

“ဒီမှာ...ဒီမှာ”

ကားပြင်နေသူက ချက်ချင်းကြားပုံမပေါ်၊ အသံမြှင့်၍ထပ်ခေါ်ရသည်။

“ဗျို့ ဒီမှာ၊ ကားပြင်တဲ့ဆရာကြီး”

“ဗျ”

ထိုအခါကျမှ ကားပြင်နေသူက အလုပ်ကို လက်စသတ်ပြီး ကားအောက်မှ ပြန်လျောထွက်လာသည်။

တရုတ်ကြီးတစ်ယောက်ဖြစ်သည်။ လက်ဝှေ့သမား ရွှေဓူဝံ မျက်ခုံးမွှေးရိတ်ထားသော ဥပဓိမျိုးဖြစ်သည်။

“ဘာဖြိလို့လဲ”

လဝန်း ကိုကြည့်ပြီး သူကလည်း ဇဝေဇဝါမေး၏။ တရုတ်သံဝဲပြီး စကားက မပီလှချေ။

“ဒီဟာ ဦးလေးကြီးဖိနပ်လား”

ရှူးဖိနပ်ကိုပြပြီးမေးတော့...

“မတိဘူး”

“မတိဘူး...ဟုတ်လား၊ ဦးလေးကြီးဖိနပ် မဟုတ်ဘူးလား”

“မီဟုတ်ဘူး”

“မီဟုတ်ဘူး ဟုတ်လား”

“မီဟုတ်ဘူး၊ ကျွန်သော့ ဖိနပ်က ဟိုသဖက်မှာ”

ကားဟိုဖက်ကိုသွားကြည့်တော့ တရုတ်ကြီးပြောသည့်အတိုင်း သူ့ရှူးဖိနပ်က ကျန်းမာပကတိ ချမ်းသာစွာ ရှိနေ၏။

“ဟယ်တော့”

တရုတ်ကြီးက လဝန်းကို ရွှန်းရွှန်းစားစားကြည့်ပြီး...

“ကျွန်သော့ကို ရေတစ်ခွက်လောက် သိုက်ပါဗျာ”

“အင်း...တိုက်မယ်၊ တိုက်မယ်၊ ရေတောက်ချင်လို့လား”

“အင်း တောက်ချင်တယ်”

“ရတယ်၊ ရတယ်၊ သိုက်မယ်”

ရှူးဖိနပ်ကြီးကို ရှုံ့ရှုံ့မဲ့မဲ့နှင့်ကိုင်ပြီး အိမ်ထဲ ပြန်ဝင်လာရလေသည်။

တရုတ်ကြီးကို ရေတိုက်အပြီးမှာ အောင်အောင်က တစ်ခြံကျော်မှ ထွက်လာသည်။ သူ့သူငယ်ချင်းဆီ

သွားခြင်းဖြစ်သည်။

“အောင်အောင်... လာဦး”

“ဘာဖြစ်လို့တုန်း မမ”

“ခုနက ရှူးဖိနပ်ကြီး နင် ဘယ်ကရတာလဲ”

“ဘယ်ကမှ မရဘူးလေ၊ အိမ်ကဖိနပ်ကြီး”

“ဟဲ့...အိမ်မှာ ဒီလို ဖိနပ်မျိုး မရှိဘူး၊ အိမ်မှာ ရှိသမျှ ပစ္စည်း ငါအကုန်သိတယ်၊ ဘယ်သူက စီးတာမို့လို့

ဒီရှူးဖိနပ်က အိမ်ကဟာ ဖြစ်ရမှာလဲ”

“အဟုတ်ပြောတာ၊ သားဖိနပ်စင်က ယူလာတာ”

“လျှောက်ပြောမနေနဲ့”

ခေါင်းခေါက်မည် လုပ်ပြီးမှ ကိုယ့်လက်ပါ နာမည်စိုး၍ မခေါက်တော့ချေ။ နားရွက်ကိုပဲ လွတ်လွတ် ကျွတ်ကျွတ်လိမ်ဆွဲပြီး အိမ်ထဲခေါ်လာလိုက်သည်။

“အား... နာတယ်မမ၊ နာတယ်”

“ခုမှ နာမနေနဲ့၊ မှန်မှန်ပြောစမ်း၊ အဲဒီဖိနပ်ကို နင်ဘယ်က ယူလာတာလဲ”

“ဖိနပ်စင်အောက်က ယူလာတာ”

“အဲဒါဆို ငါ့ကိုလိုက်ပြ၊ ဖိနပ်စင် ဘယ်နေရာက ယူလာတာလဲ၊ လာ...”

ဖိနပ်စင်ရှေ့ရောက်တော့ အောင်အောင်က...

“ဒီနေရာက ယူလာတာ”

“ဟင်...”

လဝန်း အတော်စဉ်းစားရကြပ်သွားသည်။ သူမတို့၏ ဖိနပ်တွေကို ဖိနပ်စင်အောက်မှာ ထားလေ့မရှိ။

ဖိနပ်စင်အောက်မှာက ဖုန်မှုန့်တွေပင်တက်နေသည်။ ထိုဖုန်မှုန့်တွေကြားမှာ ရှူးဖိနပ်အရာလေးတွေ

တွေ့လိုက်ရသောကြောင့်ဖြစ်သည်။

“ဘယ်လိုဖြစ်ရတာလဲ”


ထိုသို့ဆိုလျှင် ထိုရှူးဖိနပ် ဤနေရာတွင်ရှိခဲ့တာ သေချာသည်။ အောင်အောင်က အမှန်အတိုင်း ပြောခြင်းဖြစ်သည်။ ဘယ်ကရောက်လာသည့် ရှူးဖိနပ်ကြီးပါလိမ့်။ အိမ်မှာက မေမေရယ်၊ ဒေါ်ကြီးမွှေးရယ်၊ သူမရယ်၊ အောင်အောင်ရယ် လေးယောက်ပဲနေသည်။ လေးယောက်လုံးကလည်း ထိုဖိနပ်ကို မသိ ဖြစ်နေကြ၏။ တွေးစရာတစ်ချက်ရှိလာပြန်သည်။ မနက်က အိမ်ကို ဝင်ခိုးရန်ကြိုးစားခဲ့သော သူခိုးများ၏ ဖိနပ်များလား။ ကံကောင်းထောက်မစွာ အန်တီဥမ္မာပြန်သွားသဖြင့် ကိုယ့်အိမ်သားချင်း ပွင့်ပွင့်လင်းလင်းဆွေးနွေးခွင့် ရလိုက်သည်။

“ဒေါ်ကြီးမွှေး၊ ဒီဖိနပ်က မနက်က သူခိုးတွေရဲ့ ဖိနပ်ဖြစ်နိုင်လား”

“အေး...သူတို့ဖိနပ်ပဲ ဖြစ်တော့မှာပေါ့”

“သူခိုးစီးတဲ့ဖိနပ်ကလည်း ကောင်းလှချည်လား ဒေါ်ကြီးရယ်၊ ဒေါ်ကြီးက အနုပညာမျက်စိနဲ့

သေချာကြည့်စမ်းပါဦး”

ဒေါ်ကြီးက ဖိနပ်ကို ကြည့်ပြီး တစ်မိနစ်ခန့် ဈာန်ဝင်စားလိုက်သေးသည်။ ပြီးမှ...

“အေး...ဖိနပ်ကတော့ အတော်ကောင်းတာပဲ”

“Form ရော Content ရော ကောင်းတယ်နော် ဒေါ်ကြီး၊ ပုံသဏ္ဍာန်ရော၊ အတွင်းသားရော ပြောစရာမရှိဘူး”

ဒေါ်ကြီး ပြောဆိုသုံးစွဲနေကျ အနုပညာဆိုင်ရာ ဝေါဟာရများကို လဝန်းက ငှားသုံးလိုက်ခြင်းဖြစ်သည်။

“အေး...လောကဆိုတာက မာယာတွေနဲ့ ဖွဲ့စည်းထားတာလေ လဝန်းရဲ့”

“အဲဒါ ဘာဖြစ်လို့လဲ”

“ဪသာ်...သူခိုးကလည်း သူ့ကို သူခိုးလို့မထင်အောင် အကောင်းစား ဖိနပ်စီးမှာပေါ့”

“အဲဒါဆိုရင် ဘယ်လိုလုပ်ကြမလဲ”

ထုံးစံအတိုင်း အဆုံးအဖြတ်ကို မေမေကပဲ ဝင်ပေးသည်။

“ရဲစခန်းကို ဖုန်းဆက်မေးကြည့်လေ၊ သူခိုးတွေရဲ့ဖိနပ်ဆိုရင်တော့ ပြန်ပေးလိုက်၊ အိမ်မှာမထားနဲ့”

ထိုသို့ဖြင့် လဝန်း ကပဲ ရဲစခန်းကို ဖုန်းဆက်ရသည်။ အမှုစစ်အရာရှိ ဦးဌေးဝင်းနှင့်တန်းတိုးသည်။

“ဦးဌေးဝင်း...”

“ဟုတ်ပါတယ်၊ ကျွန်တော် ဌေးဝင်းပါ”

“ကိုဌေးဝင်း၊ ကျွန်မ လဝန်းပါ၊ ဟိုမနက်က သူခိုးကပ်တဲ့ အိမ်ကပါ”

“ဪ...ဟုတ်ကဲ့၊ မလှဝင်း ပြောပါ”

လဝန်း အောင့်သက်သက်ဖြစ်သွားသည်။

“မလှဝင်းမဟုတ်ပါဘူး လဝန်းပါ၊ ကျွန်မနာမည် မယ်လဝန်းပါ”

“ဪ...ဟုတ်ကဲ့ မမယ်လဝန်း ပြောပါ”

မမယ်လဝန်းတဲ့၊ ဤပုဂ္ဂိုလ်ကြီးနှင့်စကားပြောရတာ အဆင်ကို မချော၊ ထားလိုက်ပါတော့။

“ဒီလိုပါ၊ မနက်က အိမ်ကို ကပ်တဲ့သူခိုးနှစ်ယောက်မှာ ဖိနပ်ပါမလာတဲ့ သူခိုးများ ရှိသလားလို့”

“အာ...”

ကိုဌေးဝင်းလည်း ဇဝေဇဝါဖြစ်သွားပုံရသည်။ လဝန်းကို ဖုန်း ခဏကိုင်ခိုင်းထားပြီး ရဲသားများကို မေးမြန်းနေသည်။  ပြီးမှ...

“ဟုတ်တယ်၊ မမယ်လဝန်း၊ သူခိုးနှစ်ယောက်မှာ တစ်ယောက်က ဖိနပ်ပါမလာဘူး၊ ဘာဖြစ်လို့လဲ”

“အိမ်မှာ ရှူးဖိနပ်တစ်ရံ ကျန်နေခဲ့လို့ပါ၊ သူတို့ဖိနပ်ဆိုရင်လည်း ပြန်လာပေးလိုက်မလို့၊ သူများပစ္စည်း

အိမ်မှာမထားချင်ဘူး”

“ကျွန်တော်ကတော့ သက်သေထွက်ချက်သွားယူစရာတစ်ခုရှိတယ်၊ စခန်းကို ပေးထားလိုက်လေ”

အောင်အောင့်ကိုပဲ စက်ဘီးနှင့် ရဲစခန်းသို့လွှတ်ပြီး ဖိနပ် ပြန်ပေးခိုင်းရသည်။ လဝန်းက ရုံးတို့၊ ရဲစခန်းတို့ကို

သိပ်မသွားလိုချေ။ ဒေါ်ကြီးမွှေးကလည်း သူမလိုပင်ဖြစ်၏။

“အဲဒီနေရာတွေက တို့လို အနုပညာသမားတွေနဲ့ မကိုက်ပါဘူးဟယ်”

စက်ဘီးနှင့် အပြင်ထွက်ရမည်ဆို၍ အောင်အောင်က ပျော်၏။ ဖိနပ်ပေးခဲ့ပြီး အောင်အောင် ပြန်လာတော့ ထိုကိစ္စကို ပြီးပြီဟုထင်ခဲ့မိသည်။


* * *


(၃)


“ ဒေါ်ကြီးမွှေး... ဘာချက်ထားလဲ”

“ဆိတ်သားနဲ့အာလူး”

“ဟွန့်”

လဝန်းနှာခေါင်းရှုံ့လိုက်သည်။ သူမက ဆိတ်သားကြိုက်သူမဟုတ်ချေ။

“ပြီးတော့ရော...”

“ပဲကုလားဟင်းရှိတယ်လေ၊ ဗာလချောင်ကြော်ရှိတယ်လေ၊ တော်ပြီပေါ့”

“မတော်နိုင်ပါဘူး”

“ညည်းက ဘာဖြစ်ချင်သေးလို့လဲ”

“ကြက်ဥလေး နှစ်လုံးလောက်ကြော်လိုက်ဦးမယ်”

“ညည်းကအေ... ဆိတ်သားစားရမှာကို သေရွာသွားရမယ့်အတိုင်းပဲ၊ ညည်းအဖေနဲ့များကွာပါ့၊ အခုနေ

သူနိုင်ငံခြားက ဖုန်းဆက်လို့ အိမ်မှာ ဆိတ်သားနဲ့အာလူးချက်တယ်လို့ ပြောလိုက်ရင် သွားရည်တောင် ကျသွားမှာ”

“လဝန်းက ဖေဖေမှ မဟုတ်တာ”

ဖေဖေက နိုင်ငံခြားမှာ အနေများသည်။ မြန်မာပြည်ကိုပြန်လာလည်း ခဏသာဖြစ်သည်။ နိုင်ငံခြားမှ

ငွေမှန်မှန်ပို့ပေးပြီး ပြည့်စုံအောင်စောင့်ရှောက်သည်။ ကြက်ဥကျော်ရန် ပြင်ဆင်နေရင်း ဖေဖေ့ကို သတိရလာမိသည်။ ဒေါ်ကြီးမွှေးနှင့် ဖေဖေကအသက်လေးနှစ်ကွာသည်။ သို့သော် ဒေါ်ကြီးမွှေးက အငယ်ဖြစ်သော ဖေဖေ့ကိုကြောက်ရသည်။ တို့လို အနုပညာသမားတွေက ရန်မဖြစ်တတ်ဘူးဟု ဆိုကာ ဖေဖေဆူပြောလျှင် ဟိုလိုလို သည်လိုလို လုပ်နေတတ်သည်။

“မမ.. ဘာကြော်နေတာလဲ၊ ကြက်ဥလား၊ ဘဲဥလား”

“နင်ကြိုက်တဲ့ ကြက်ဥကျော်ဟေ့”

အောင်အောင်က...

“ပိုကြိုက်တယ်လို့ မပြောပါဘူး၊ စားကြည့်ရင် ကြက်ဥနဲ့ ဘဲဥက အတူတူပါပဲ”

“မတူပါဘူးဟယ်”

“ဘယ်လိုမတူတာလဲ”

“ဟာ...ငါမပြောတတ်ဘူးဟာ၊ နင့်လျှာနဲ့ နင်ခွဲပေါ့”

“ဒါဖြင့်လည်း ပြီးရော၊ သွားမယ်၊ ထမင်းစားမယ်ဆို ခေါ်လိုက်နော်”

               

အောင်အောင်က စကားအဆုံးမှာ ပြေးထွက်သွားသည်။ မီးဖိုထဲမှာ လဝန်းတစ်ယောက်တည်း ကျန်ခဲ့သည်။ ကြက်ဥကို ကျော်ပြီးခါစ ပန်းကန်ထဲထည့်နေစဉ် နောက်မှ လူရိပ်တစ်ခုကို တွေ့ရသလို ရှိနေသည်။

လှည့်ကြည့်၍ မြင်ရခြင်းမျိုးတော့မဟုတ်။ ပြောင်လက်နေသော ပေါင်းအိုးပေါ်တွင် အရိပ်မြင်လိုက်ရခြင်းဖြစ်သည်။ စိတ်ထဲတွင် တစ်မျိုးကြီးဖြစ်သွား၏။ လှည့်ပတ်ရှာကြည့်တော့လည်း ဘာမှမတွေ့။

“ဒေါ်ကြီးမွှေး”

“ဟေ”

ဒေါ်ကြီးမွှေး၏ အသံက ဧည့်ခန်းထဲမှ ပြန်ထွက်လာခြင်းဖြစ်သည်။

“ဒေါ်ကြီးမွှေးက ဧည့်ခန်းမှာလား”

“အေး... စာထိုင်ဖတ်နေတယ်၊ ဘာဖြစ်လို့တုန်း”

“မေမေရော...”

“နင့် အမေ အပေါ်ထပ်မှာ ဘုရားရှိခိုးနေတယ်၊ ဘာလုပ်မလို့လဲ”

“ဘာမှ မဟုတ်ဘူး၊ ဘာမှ မဟုတ်ဘူး”

ကြက်ဥကျော်ပန်းကန်ကို ကြောင်အိမ်ထဲထည့်လိုက်ပြီး မီးဖိုခန်းမှထွက်ကာ အိမ်နောက်ဘက် ပြတင်းပေါက်ကို

ဖွင့်လိုက်သည်။

“အောင်အောင်ရေ....အောင်အောင်”

“ဗျာ”

အောင်အောင်က အိမ်ဘေးဘက်မှ လှမ်းထူးပြီး သူမရှိရာဘက်သို့ ပတ်ပြေးလာသည်။

“ဘာလဲမမ၊ ထမင်းစားတော့မလို့လား”

“မစားသေးပါဘူးဟာ”

စိတ်ရှုပ်ထွေးစွာပြန်ဖြေလိုက်သည်။ ကိုယ်မျက်စိမှားတာပဲ ဖြစ်ပါလိမ့်မည်။ အိမ်ရှေ့ဘက်ထွက်လိုက်တော့

ဒေါ်ကြီးမွှေးက ဧည့်ခန်းကုလားထိုင်မှာ အချစ်ဝတ္ထုစာအုပ်တစ်အုပ်ကို တမေ့တမောဖတ်နေသည်။

စာရေးဆရာမလေး “အိန္ဒြာမိုးအိ” ရေးသားသော “ကျွန်မရှင့်ကိုချစ်တာ တစ်ရပ်ကွက်လုံးသိတယ်” အမည်ရှိ

ဝတ္ထုဖြစ်သည်။


ဒေါ်ကြီးမွှေး အတော်စိတ်ဝင်စားနေပုံရသည်။ နှလုံသားနှင့်ရင်းပြီး ဖတ်ပုံရ၏။ အပေါ်ထပ်တက်လိုက်တော့ မေမေက ဘုရားရှိခိုးပြီးကာစ။

“သမီး၊ ဘာရှာနေတာလဲ”

“ဘာမှ မဟုတ်ပါဘူး မေမေ”

ခြံထဲဆင်းပြီး ဒန်းကလေးမှာ ထိုင်နေလိုက်သည်။ ထိုင်နေရင်းကမှ ကိုယ့်ကိုယ်ကို သံသယဖြစ်လာ၏။

“ငါမျက်စိမှားတာထင်ပါရဲ့”

ကိုယ်က တစ်ခါတစ်ခါ အဲလို အူကြောင်ကြောင်ဖြစ်တတ်သည်။ ကိုယ့်ကိုယ်ကို စိတ်မချသဖြင့် ဒီကိစ္စကိုလည်း

မေ့ထားလိုက်တော့၏။ အေးအေးဆေးဆေး ဒန်းကိုလွှဲပြီး ထိုင်နေလိုက်သည်။ ခဏအကြာမှာ နောက်ပြဿနာတစ်ခုက ခေါင်းထဲရောက်လာသည်။

“ဟောတော့၊ ငါကြောင်အိမ်တံခါး ပြန်ပိတ်ခဲ့မိရဲ့လားမသိဘူး”

အိမ်မှာ ကြောင်မွေးမထားပါ၊ ခိုးစားမည့်သူတော့ မရှိပါ၊ သို့သော် တံခါးပွင့်လျက်ကြီးဖြစ်နေလျှင် မကောင်းလှ၊

ထိုသို့တွေ့ရလျှင် မေမေနှင့် ဒေါ်ကြီးမွှေးက အလွန်ဆူ၏။ ထိုင်ရာမှ ထပြီး မီးဖိုခန်းကို ဝင်ရပြန်သည်။

“ဪသာ်....တော်ပါသေးရဲ့”

ကြောင်အိမ်တံခါးက ပိတ်ထားလျှက်ဖြစ်သည်။ သို့သော်...

“ဟင်”

ကြောင်အိမ်ထဲမှ ကြက်ဥကျော်ပန်းကန်ကို လှမ်းကြည့်မိရင်း မျက်လုံးပြူးသွားရသည်။

“ဟယ်... ဘုရား၊ ဘုရား”

ပန်းကန်ထဲမှာ ကြက်ဥကျော်မရှိတော့ချေ။ ဆီရွှဲနေသော ပန်းကန်ပြားကြီးသာ ကြောင်အိမ်ထဲမှာ

ပက်လက်ထိုင်နေသည်။ ကြောင်အိမ်တံခါးကို ပြန်ဖွင့်ပြီး ကြက်ဥကျော်မရှိတော့သည့် ပန်းကန်ပြားကြီးကို

ပါးစပ်အဟောင်းသားနှင့် ကြည့်နေမိ၏။

“ဒေါ်ကြီးမွှေး၊ ဒေါ်ကြီးမွှေး”

“ဟေ...”

“လာစမ်းပါဦး ဒေါ်ကြီးမွှေးရဲ့”

“ဘာလဲအေ၊ အေးအေးဆေးဆေးကို စာမဖတ်ရဘူး”

ဗျစ်တောက်ဗျစ်တောက်ပြောရင်း ဒေါ်ကြီးမွှေးရောက်လာသည်။

“ဒီမှာကြည့်ပါဦး ဒေါ်ကြီးမွှေးရဲ့”

“ဘာဖြစ်လဲ၊ ဒီပန်းကန်ပြားက အိမ်က ပန်းကန်ပြားလေ”

“ခုပဲ လဝန်း ကြက်ဥကျော် နှစ်လုံးထည့်ခဲ့တာ”

“အေး... အဲဒါ ဘာဖြစ်လို့လဲ”

“ခြံထဲခဏသွားထိုင်နေတုန်း ကြက်ဥကျော်တွေ မရှိတော့ဘူး၊ ဒီပန်းကန်ပြားပဲကျန်ခဲ့တယ်”

“ဟဲ့ နင်က ဘယ်မှာ ထားခဲ့လို့တုန်း”

“ကြောင်အိမ်ထဲမှာလေ၊ တံခါးတောင်ပိတ်ခဲ့သေးတယ်”

“ခုဘယ်က ပြန်တွေ့တာလဲ”

“ကြောင်အိမ်ထဲမှာပဲ၊ တံခါးပိတ်ရက်ပဲ၊ ကြက်ဥကျော်တွေသာမရှိတော့တာ”

“ဟဲ့...”

“ဒေါ်ကြီးမွှေးလည်း လန့်သွားသည်။ ခေါင်းကို ငုံ့၍ခါပြီး သူဖတ်လက်စ ဝတ္ထုထဲမှ မင်းသမီး၏

အိုက်တင်မျိုးလုပ်သည်။ ပြီးမှ....

“နင့်ဟာ ဟုတ်မှဟုတ်ရဲ့လားဟယ်”

“ဟုတ်ပါတယ်ဆို”

ထိုသို့ပြောဆိုနေရင်း မေမေရောက်လာသည်။

“ဘာဖြစ်နေကြတာလဲ”

“ကြက်ဥကျော်တွေ ပျောက်သွားလို့”

အကျိုးအကြောင်းရှင်းပြတော့ မေမေလည်း နားလည်ရခက်သွားပုံပေါ်သည်။ ဘာမှလည်းဝေဖန်ချက်မပေးဘဲ

ပြန်ထွက်သွားသည်။ မေမေက ထိုအတိုင်းပင်၊ အရမ်းအေးသည်။ စကားလည်းသိပ်ပြောလေ့မရှိ။

ဒေါ်ကြီးမွှေးကလည်း မေမေ့နောက်မှ မယောင်မလည်နှင့်လိုက်ထွက်သွားသည်။ လဝန်း တစ်ယောက်တည်း

ပန်းကန်ပြားကြီးကို ကိုင်ကာ မခံချိမခံသာကျန်ခဲ့သည်။ ဘယ်လိုမှ စဉ်းစား၍မရ၊ ခုနတွေ့လိုက်သော အရိပ်ဆိုတာနှင့်ဆက်စပ်ကြည့်မိသည်။ ကျောထဲမှာစိမ့်ခနဲ ဖြစ်သွား၏။

“ဘုရား၊ ဘုရား၊ သရဲများလား”

တစ်နေ့ခင်းလုံး လဝန်းစိတ်မကြည်လင်တော့ချေ။ ထက်ထက်အောင်ဖုန်းဆက်သဖြင့် သူမ၏

ကြက်ဥကျော်ပျောက်ဆုံးမှုကြီးကို ပြောပြဖြစ်သေးသည်။


သို့သော် ထက်ထက်ကလည်း နန္ဒာလှိုင်ဝတ်သော ပါတိတ်အဆင်များကို ပို၍စိတ်ဝင်စားနေသည်။ သူမ၏စကားကို စိတ်ဝင်တစားမရှိလှ။ ဖုန်းပြောပြီးချိန်မှာ တစ်အိမ်လုံး တိတ်ဆိတ်နေသည်။ အောင်အောင် ဆော့မနေဘူးဆိုလျှင် ဒီအိမ်ကတော့ တိတ်ဆိတ်နေမြဲ။

“ဆယ့်ရှစ်တစ်လီ ဆယ့်ရှစ်၊ ဆယ့်ရှစ်နှစ်လီ သုံးဆယ့်ခြောက်၊ ဆယ့်ရှစ်သုံးလီ ငါးဆယ့်လေး”

အောင်အောင်၏ အလီရွတ်သံကို မေမေ့အခန်းထဲမှ ကြားရသည်။ မေမေက အောင်အောင့်ကို

အလီရွတ်ခိုင်းနေပုံရ၏။ အောင်အောင်က ဥာဏ်ကောင်းသော်လည်းပျင်း၏။ ထိုအလီတွေကို

မေမေကျက်ခိုင်းထားတာ သုံးလေးရက်ရှိနေပြီ။ ဒီနေ့မှ မေမေခေါ်စစ်သည်ထင်သည်။

ဒေါ်ကြီးမွှေးက ဝတ္ထုစာအုပ်ယူပြီး သူ့အခန်းထဲမှာ နှပ်နေလောက်ပြီ၊ အငှားဆိုင်မှ ငှားလာသောဝတ္ထုစာအုပ် ဖြစ်၏။ ဒေါ်ကြီးက မျဉ်းကြောင်းတွေ လျှောက်သားတတ်သည်။

ဥပမာ “အချစ်ဆိုတာ မိန်းမတစ်ယောက်ရဲ့ ပေးဆပ်မှုများစွာထဲက တတိယတန်းစားအရာတစ်ခုပဲ ဖြစ်သင့်တယ်”

ဆိုတာမျိုးတွေ့လျှင် သူမ ဘယ်လိုမှ မနေနိုင်တော့။ မင်နီတွေ မင်ပြာတွေနှင့် လိုက်သားတော့၏။

တစ်ခါတစ်ခါ စာအုပ်ပြန်သွားအပ်မှ ဆိုင်ရှင်နှင့် စကားများရတတ်သည်။

“ဒီလောက်ကြိုက်နေလည်း ကိုယ့်ဘာသာကိုယ် ဝယ်ဖတ်ပါလားဗျာ၊ ဆိုင်ကငှားတဲ့စာအုပ်ကို

ဘာဖြစ်လို့အဲလိုလုပ်ရတာလဲ”

ဆိုင်ရှင်က ထိုသို့ပြောလျှင် ဒေါ်ကြီးမွှေးက နာသည်မထင်ပါနှင့်။

“ဘာလို့ဝယ်ရမှာလဲ၊ ဒီလိုဝတ္ထုတွေ ငါ့ဘာသာတောင်ရေးတတ်တယ်”

“ဒါဆိုလည်း ဘာလို့ မျဉ်းတွေ လျှောက်သားတုန်းဗျ”

“အို...ဒါတွေကို မင်းနားမလည်ပါဘူးကွာ၊ တို့ အနုပညာသမားတွေဆိုတာက ဒီလိုပဲကွဲ့”

ဒေါ်ကြီးမွှေးက တစ်ချက်မှ အလျှော့ပေးလေ့မရှိ၊ ဆိုင်ရှင်သာ စိတ်ညစ်ပြီး ကျန်ရစ်ခဲ့သည်။

ကွန်ပျူတာရှေ့မှာ လဝန်း ထိုင်လိုက်သည်။ ခလုတ်တွေ လျှောက်နှိပ်ရင်း ကွန်ပျူတာထဲမှာ အာရုံရောက်သွား၏။

နိုင်ငံခြားမှ ဖေဖေပို့ပေးသော ကွန်ပျူတာဖြစ်သည်။ ဖေဖေက နိုင်ငံခြားသို့ လဝန်းကို ခေါ်ချင်နေ၏။ လဝန်းက

မန်ချက်စတာတက္ကသိုလ်မှာ တတိယနှစ်အဝေးသင်ကျောင်းသူအဖြစ် သင်ကြားနေသူဖြစ်သည်။

ဘွဲ့ရပြီးသည်နှင့် ဖေဖေက သူ့ထံလိုက်လာစေချင်သည်။ လောလောဆယ် ကွန်ပျူတာကို နိုင်နင်းအောင်

ကျင့်ခိုင်းထားသဖြင့် တစ်နေ့တစ်နေ့ ကွန်ပျူတာရှေ့မှာ လဝန်းအချိန်ပေး၍ ထိုင်ရသည်။

“ဟောတော့”

ခလုတ်တွေက ထပ်ခါထပ်ခါနှိပ်ရင်းက ထပ်ခါထပ်ခါ ဟောတော့ ဖြစ်ရပြန်သည်။

“ဘယ်လိုဖြစ်တာပါလိမ့်”

ကွန်ပျူတာက ဘာကြောင်သည်မသိ။ ခေါ်တာတွေ ထွက်မလာဘဲ မခေါ်တာတွေဝင်လာသည်။ ထပ်လုပ်လေ၊

ပိုဆိုးလေဖြစ်သည်။

“ပြဿနာပဲ၊ ဗိုင်းရပ်စ်များဝင်သလား”

ဆက်မကိုင်ရဲတော့ဘဲ ကွန်ပျူတာကိုပိတ်ပြီး ထိုင်ရာမှ ထလိုက်သည်။ ခြံထဲဆင်းတော့

မေမေ လမ်းလျှောက်နေတာနှင့်တိုး၏။ မေမေက....

“လဝန်း”

“ရှင်”

“ကိုယ့်မောင်လေးကို ချစ်တာတော့ချစ်တာပေါ့၊ အလိုမလိုက်ရဘူးကွဲ့”

လဝန်းကြောင်အမ်းအမ်းဖြစ်သွားသည်။

“ဟင်...ဘာဖြစ်လို့လဲ မေမေ”

“ခုနက အောင်အောင့်ကို အလီစစ်နေတုန်းကလေ”

“အင်းလေ၊ အဲဒါဘာဖြစ်လဲ မေမေရဲ့၊ သမီးဘာလုပ်လို့လဲ”

“ခုမှ မသိချင်ယောင်ဆောင်မနေနဲ့”

“ဟယ်...သမီးတကယ်မသိတာပါ၊ ကိုယ့်ဘာသာကိုယ် ကွန်ပျူတာနဲ့ အလုပ်ရှုပ်နေတာ”

“အောင်အောင်က အလီမရဘူးလေ၊ အဲဒါကိုသမီးက လှမ်းထောက်ပေးတယ်လေ၊ နောက်က

လှမ်းထောက်ပေးနေတဲ့အသံကို မေမေတိုးတိုးလေးကြားတယ်”

“အာ... မဟုတ်ရပါဘူး မေမေရာ၊ ဘုရားစူရချည်ရဲ့”

လဝန်းက အကြောက်အကန်ငြင်းသော်လည်း မေမေက လက်မခံချေ။ ယုံကြည်ဟန်မပြ။

“လဝန်းနော်၊ ဟင်း... ဒီကောင်လေးကို ကြပ်ကြပ်အလိုလိုက်၊ ကြီးလာရင် အသုံးမကျတဲ့ ကောင်လေးဖြစ်သွားမယ်၊ နားလည်လား”

“ဟယ်၊ ဒုက္ခပါပဲ”

မေမေက အိမ်ထဲပြန်ဝင်သွားသည်။ လဝန်း သာ မှုန်ကုတ်ကုတ်ကျန်ရစ်ခဲ့၏။ ဘာတွေ ဘယ်လိုဖြစ်နေသည်မသိ၊

နေရထိုင်ရတာ တွေတွေကြီး ဖြစ်နေသည်။

“မမ”

“အို...”

အောင်အောင်က နောက်မှ ခါးလာဖက်သဖြင့် လဝန်း လန့်သွားသည်။

“မမ”

“ဘာလဲ”

“မမကို သားမုန့်ဝယ်ကျွေးမယ် သိလား”

“ဘာဖြစ်လို့တုန်း”

“ခုနက သားကို အလီထောက်ပေးလို့လေ”

“ဟင်... ငါက နင့်ကို အလီထောက်ပေးတယ် ဟုတ်လား”

“ဟုတ်တယ်လေ မမတိုးတိုးလေး လှမ်းလှမ်းထောက်ပေးလို့ ကျွန်တော်ရွတ်တာ မှန်သွားတယ်၊

မေမေဆူလို့မရတော့ဘူး”

“ဟာ...”

လဝန်း အိမ်ထဲသို့ ကမန်းကတန်းပြန်ပြေးဝင်ပြီး ဒေါ်ကြီးမွှေးကို လိုက်ရှာသည်။

“ဒေါ်ကြီးမွှေး၊ ဒေါ်ကြီးမွှေး”

ဒေါ်ကြီးမွှေးက အောက်ထပ်မှာမရှိ၊ ဒါဆိုရင်တော့ အပေါ်ထပ်မှ သူ့အခန်းထဲမှာပဲ ရှိမည်။

“ဒေါ်ကြီးမွှေး”

တံခါးတွန်းဖွင့်လိုက်တော့ ဒေါ်ကြီးမွှေးက အခန်းထဲမှာ နဝေတိမ်တောင်မျက်နှာကြီးနှင့် ငူငိုင်နေသည်။

“ဒေါ်ကြီးမွှေး၊ ဘာဖြစ်လို့တုန်း”

“ငါမအိပ်ခင်က ဝတ္ထုစာအုပ်ယူပြီးတက်လာတာ၊ ထမင်းစားပွဲနဲ့ တိုက်ပြီး စာအုပ်လွတ်ကျတယ်၊

ပြန်ကောက်ပြီးတက်လာတာ စာအုပ်ကို ငုံ့တောင်မကြည့်မိဘူး၊ အခန်းထဲရောက်တော့ အိပ်တယ်၊ အခုနိုးတော့

ဝတ္ထုဖတ်မယ်ပြင်တော့ စာအုပ်က မှားနေတယ်”

“ဘယ်လိုမှားတာလဲ”

“ငါဖတ်နေတာ အိန္ဒြာမိုးအိရဲ့ “ကျွန်မချစ်တာ တစ်ရပ်ကွက်လုံးသိတယ်” ဆိုတဲ့ဝတ္ထုလေ၊ ခုစာအုပ်က

“မဂ်ပေါက်ဖိုလ်ဝင် နိဗ္ဗာန်မြင်” တဲ့၊ စားပွဲအောက်ကျတာနဲ့ပဲ စာအုပ်ပြောင်းသွားရသလား၊ ဘုရား၊ ဘုရား”


လဝန်း ကတော့ ဘာပြောရမည်မှန်းမသိပင် ဖြစ်သွားရသည်။ တစ်ခုခုတော့ မှားနေပြီထင်သည်။


* * *


(၄)


လဝန်း နှင့် ဒေါ်ကြီးမွှေးတို့ ခေါင်းချင်းဆိုင်ကြရသည်။

“စားပွဲအောက်လွတ်ကျလို့ စာအုပ်ပြောင်းသွားတာကတော့ ဘယ်ဟုတ်မလဲ ဒေါ်ကြီးမွှေးရဲ့၊ တခြား အကြောင်းတစ်ခုတော့ ရှိမှာပေါ့”

“ဟေ...”

ဒေါ်ကြီးမွှေးက မျက်နှာအိုသွားသည်။

“မယ်လဝန်း၊ နင်ငါ့ကို လာခြောက်နေတာလား”

“မဟုတ်ပါဘူး ဒေါ်ကြီးရယ်၊ လဝန်း ကိုယ်တိုင်လည်း စိတ်ရှုပ်နေပြီ”

ဒေါ်ကြီးအခန်းပြတင်းပေါက်မှတဆင့် ခြံထဲမှာတစ်ကိုယ်တော် ဂေါ်လီရိုက်နေသော အောင်အောင့်ကို

လှမ်းခေါ်လိုက်သည်။

“အောင်အောင်”

“ဗျာ”

“ဒီအပေါ် ခဏလာခဲ့စမ်း”

အောင်အောင် အူကြောင်ကြောင်နှင့် အပေါ်ရောက်လာသည်။

“မမ၊ ဘာလုပ်မလို့လဲ”

“ခုနက နင် အလီရွတ်တုန်းက ငါထောက်ပေးတယ်လို့နင်ပြောတယ်နော်”

“အင်းလေ...မမရဲ့”

“လက်ကိုငြိမ်ငြိမ်ထားစမ်း”

အောင်အောင့်လက်က ဒေါ်ကြီးမွှေး၏ ခါးကို လှမ်းလှမ်းတို့နေသည်။ ဒေါ်ကြီးမွှေးက တွန့်တွန့်သွား၏။

မျက်စိနောက်စရာဖြစ်နေသည်။ ငေါက်လိုက်မှ အောင်အောင်ငြိမ်သွားသည်။

လဝန်းက ဒေါ်ကြီးမွှေးကို...

“အဲဒါပဲ ဒေါ်ကြီးရေ”

“ဟုတ်လား...”

“အင်း ဟုတ်တယ်”

“နေပါဦး၊ အဲဒါဘာဖြစ်တုန်း၊ သူအလီရွတ်တာကို နင်က ထောက်ပေးတယ်၊ ဘာဖြစ်တုန်း”

“ဒီလို ဒေါ်ကြီးရဲ့”

“ပြောပြော....”

“အောင်အောင့်ကို အလီထောက်ပေးတာ လဝန်းမဟုတ်ဘူး”

“ဟင်...”

“ဒေါ်ကြီးကလည်း အပေါ်ထပ်မှာအိပ်နေတာ”

“အေး၊ ဟုတ်တယ်၊ ငါအိပ်နေတာ ခုမှနိုးတာ”

“ဒါပေမယ့် အဲဒီအလီထောက်ပေးတဲ့အသံကို အောင်အောင်ကလည်းကြားတယ်၊ မေမေကလည်း ကြားတယ်၊

သူတို့က လဝန်း ထောက်ပေးတယ်လို့ထင်နေတယ်၊ လဝန်းက အိမ်ရှေ့မှာ ကွန်ပျူတာနဲ့ အလုပ်ရှုပ်နေတာ၊ ဘာကိုမှ သတိမရဘူး”

“ဟယ်...ဒါ....ဒါဆို”

ဒေါ်ကြီးက သူ့ရင်ဝကို လက်ဖြင့်ဖိရန်ပြင်သည်။ မဖိရသေးခင် လဝန်း က ထိုလက်ကို လှမ်းဆွဲထားပြီး...

“နေဦး၊ ကျန်သေးတယ်”

ဒေါ်ကြီးက မျက်လုံးပြူးဖြင့် ပြန်မေးသည်။

“ဘာ...ဘာကျန်သေးတာလဲ”

“မနက်က ကြောင်အိမ်ထဲတံခါးပိတ်ပြီး ထည့်ထားတဲ့ ကြက်ဥကျော်တွေ ထူးထူးဆန်းဆန်း ပျောက်သွားတယ်လေ”

“အေး...ဟုတ်ပါရဲ့”

ဒေါ်ကြီးက သူ့ရင်ဝကို လက်ဖြင့်ဖိရန်ပြင်ပြန်သည်။ မဖိရသေးခင် လဝန်းကို ထိုလက်ကို လှမ်းဆွဲထားလိုက်ပြီး...

“နေဦး...မပြီးသေးဘူး”

လဝန်းက စကားကိုဆက်လိုက်သည်။

“ကြက်ဥကျော်ပြီးခါစအချိန်မှာ လဝန်း ရဲ့နောက်ကို လူတစ်ယောက်ရောက်လာသလို စိတ်က ခံစားရတယ်၊

စားပွဲပေါ်က အိုးတွေဆီကနေ အရိပ်တစ်ခုကို မြင်ရတယ်၊ လှည့်ကြည့်တော့ ဘယ်သူမှ မရှိဘူး၊

လိုက်ရှာတော့လည်း ဘယ်သူမှ မတွေ့ဘူး၊ ဧည့်ခန်းမှာ ဒေါ်ကြီးဝတ္ထုဖတ်နေတုန်း လဝန်း လှမ်းအော်တာ အဲဒါပေါ့”

ဒေါ်ကြီးမွှေးကိုယ်စား အောင်အောင်က မျက်လုံးပြူးကြီးနှင့် ရေရွတ်သည်။

“ဟေ...ဟုတ်လား”

ဒေါ်ကြီးမွှေး ကိုယ်စား လဝန်းကလည်း...

“ဘုရား... ဘုရား၊ ဒီအိမ်မှာ သရဲရောက်နေသလားမသိဘူး”

ထို့နောက် ရင်ဝကို လက်နှင့်ဦးအောင် ဖိထားလိုက်သည်။ ဒေါ်ကြီးမွှေး လုပ်စရာ ဘာမှမကျန်တော့ချေ။ ဒေါ်ကြီး၏ မျက်နှာက မဲ့မဲ့ကြီးဖြစ်နေ၍ စိတ်ညစ်နေသည့်ကြားက လဝန်း ရယ်ချင်မိသေးသည်။

ထိုအချိန်မှာပင်...

“အိမ်ရှင်တို့၊ အိမ်ရှင်တို့”

ဲခြံဝမှ ခေါ်သံကြားရ၏။ တစ်ယောက်မျက်နှာ တစ်ယောက်ကြည့်မိကြသည်။ လဝန်းက...

“အောင်အောင် သွားစမ်း၊ ခြံဝမှာ ဘယ်သူလဲမသိဘူး”

အောင်အောင် တဒုံးဒုံးပြေးဆင်းသွားသည်။

“ဖြေးဖြေးသွား၊ ပြုတ်ကျနေဦးမယ်”

လဝန်းက နောက်မှလိုက်သွားရင်း လှမ်းသွားရသည်။ အောင်အောင်က လူတစ်ယောက်ကို အိမ်ထဲခေါ်လာသည်။ အရပ်ဝတ်ဝတ်ထားသော ရဲဝန်ထမ်းတစ်ယောက်ဟုသိရ၏။ ထိုသူက လဝန်းကို...

“ဆရာဌေးဝင်း လွှတ်လိုက်လို့ပါ”

“ဟုတ်ကဲ့၊ ဘာကိစ္စလည်းမသိဘူး”

“ဒါကြီးပြန်ပေးခိုင်းလိုက်လို့”

သူ့လက်ထဲမှာ ဆွဲထားသော ကြွပ်ကြွပ်အိတ်ကိုလှမ်းပေး၏။ ကြွပ်ကြွပ်အိတ်ထဲမှာက ချစ်လှစွာသော ရှူးဖိနပ်ကြီး။

“ဟယ်....အဲဒါ သူခိုးတွေရဲ့ ဖိနပ်မဟုတ်ဘူးလား”

“အာ...ဒီကောင်တွေ ဒီလို ဖိနပ် ဘယ်စီးနိုင်မလဲ”

“မဟုတ်ဘူးပေါ့”

“မဟုတ်ဘူး”

“သေသေချာချာ သူတို့ကို မေးကြည့်ရဲ့လား”

“မေးပါတယ်၊ သေချာပါတယ်၊ သူတို့ဖိနပ် မဟုတ်ပါဘူး”

“ဟောတော့” 

“ကျွန်တော်က ဆက်သွားစရာရှိသေးတယ်၊ ဒီဖိနပ်ဝင်ပေးတာပါ၊ ဒီမှာပဲ ပြန်သိမ်းထားလိုက်ပေါ့၊

ပိုင်ရှင်ပေါ်လာမှာပါ”

“အင်းလေ...ဒီလိုပဲ လုပ်ရတော့မှာပေါ့”

လဝန်းက ခပ်လျော့လျော့ ပြန်ပြောလိုက်သည်။ ရဲသားကဖိနပ်ကိုပေးပြီး ပြန်ထွက်သွားသည်။ အောင်အောင်က

ထိုဖိနပ်ထုပ်ကိုဆွဲပြီး ပျော်နေသည်။ ရဲစခန်းကို သွားပေးကတည်းက သူ နှမြောနေခြင်းဖြစ်သည်။ ယခု ပြန်ရောက်လာတော့ သူ့ပစ္စည်း သူပြန်ရသလိုမျိုး အူမြူးနေ၏။

“အောင်အောင်”

“ဗျာ”

“ဒီဖိနပ်ကို ဆော့မနေနဲ့၊ သွား ဖိနပ်စင်အောက်မှာသွားပြန်ထားလိုက်”

“ခဏလေးပါ”

“မရဘူး၊ သွား...စိတ်ရှုပ်ရတဲ့ကြားထဲ ဒီသပွတ်အူကြီးက ပြန်ရောက်လာပြန်ပြီ”

ဘာမှန်းမသိပေမဲ့ မဟန်တာ တစ်ခုခုရှိနေမှန်း အောင်အောင် ရိပ်မိသည်။ ထပ်အတွန့်မတက်တော့ဘဲ

ရှူးဖိနပ်နှစ်ဖက်ကို ဖိနပ်စင်အောက်မှာ သွားထားလိုက်သည်။

လဝန်း၏စိတ်ထဲတွင် မကျေမနပ်ဖြစ်နေမိသည်။ ထို့ကြောင့်အိမ်ထဲဝင်ပြီး ရဲစခန်းဆီသို့ ဖုန်းလှည့်လိုက်သည်။

“ဟုတ်ကဲ့၊ ရဲအုပ်ဌေးဝင်း စကားပြောနေပါတယ်”

“ကိုဌေးဝင်း၊ ကျွန်မ လဝန်းပါ”

“ဪ...ဟုတ်ကဲ့၊ မလှဝင်း ပြော”

စိတ်ညစ်နေရသည့်ကြားထဲ သူကလည်းတမှောင့်၊ ထားလိုက်ပါတော့။

“ဟိုရှူးဖိနပ်ကြီးကိစ္စ”

“ဪ...အဲဒါ ကျွန်တော် ပြန်ပို့ခိုင်းလိုက်ပြီလေ၊ မရောက်သေးဘူးလား”

“ရောက်ပါပြီ၊ ဒါပေမယ့် ကျွန်မစိတ်ထဲမှာ မသိုးမသန့်ဖြစ်နေလို့”

“ဘာဖြစ်လို့လဲ”

သူခိုးတွေရဲ့ ဖိနပ်လို့ပဲ ကျွန်မကထင်နေတယ်”

“ဪ...မဟုတ်ဘူးဗျ၊ ကျွန်တော်တို့ သေသေချာချာစစ်ဆေးပြီးပါပြီ၊ သူတို့ကလည်း မဟုတ်ဘူးလို့ ငြင်းတယ်၊ နောက်ပြီး အဲဒီဖိနပ်က သူတို့နဲ့လည်း မတော်ဘူး”


“ဟင်...အဲလိုလား”

“ဟုတ်တယ်၊ ဒီကိစ္စက အတော်ရှင်းပါတယ်၊ အဲဒါကြောင့် ကျွန်တော်ပြန်ပေးခိုင်းလိုက်တာ”

“အင်း...အဲဒါကို ကျွန်မနည်းနည်း ပြောချင်တာလေးတွေရှိလို့”

“အင်း...ပြောပါဦး၊ ဘာဖြစ်လို့တုန်း”

“ဟိုလေ၊ ကျွန်မတို့အိမ်ကိုဝင်ခိုးတာ ခု အချုပ်ခန်းထဲမှာရှိတဲ့ သူခိုးနှစ်ယောက်တည်း ဟုတ်ရဲ့လား”

ဦးဌေးဝင်းဘက်မှ ခဏအသံတိတ်သွား၏။ ပြီးမှ....

“ဘာဖြစ်လို့ အဲလိုမေးတာလဲ”

“ဒီဖိနပ်က သူတို့ရဲ့ဖိနပ်မဟုတ်ဘူးဆိုရင် တတိယတစ်ယောက်များရှိနေသေးလားလို့”

“ဘာဖြစ်လို့ အဲလို ထင်ရတာလဲ”

“ကျွန်မတို့အိမ်ထဲမှာ လူတစ်ယောက်ရှိနေသေးသလို ခံစားရလို့”

ဦးဌေးဝင်းက ရယ်သည်။

“ဒီလိုဗျ၊ မလှဝင်း”

အောင့်သက်သက်ဖြင့်ပင်...

“ဟုတ်ကဲ့”

“ကျွန်တော်ပြောမယ်”

“ဟုတ်ကဲ့”

“ဘယ်သူခိုးကမှ အိမ်ရှင်ရဲ့ အိမ်ထဲမှာ ဒီလောက်ကြာကြာမနေဘူးဗျ၊ သူ့နည်းသူ့ဟန်နဲ့ ထွက်သွားကြတာချည်းပဲ”

“ဟုတ်...ဟုတ်ကဲ့”

“နောက်ပြီး ခင်ဗျားတို့အိမ်ကိုဝင်ခိုးတဲ့ တင်ကိုကိုနဲ့ ကျော်သီဟဆိုတာက နှစ်ယောက်တွဲသူခိုးဗျ၊ ဘာလုပ်လုပ်

သူတို့နှစ်ယောက်တွဲလုပ်တယ်၊ ဘယ်သူမှ မခေါ်ဘူး”

“ဟုတ်...ဟုတ်ကဲ့”

“သူတို့က ဒီနယ်မှာ လှုပ်ရှားနေကျ သူခိုးတွေ၊ သူတို့အကြောင်းကို ကျွန်တော်ကောင်းကောင်းသိတယ်၊ တစ်ခါက အောင်ကောင်းမြင့်ဆိုတဲ့ ခါးပိုက်နှိုက်တစ်ယောက်ကို အဖော်ခေါ်မိလို့ သူတို့ ကောင်းကောင်း ဒုက္ခရောက်ဖူးတယ်၊ အဲဒီနောက်ပိုင်းမှာ သူတို့ ဘယ်သူ့ကိုမှ အဖော်မခေါ်ဘူး”

“ဟုတ်လား”

“ဟုတ်တယ်၊ အဲဒီတော့ ကျွန်တော်ပြောတာ ယုံပါ၊ ခင်ဗျားစိတ်ရှင်းရှင်းထား၊ အချိန်တန်ရင်

ပိုင်ရှင်ပေါ်လာလိမ့်မယ်၊ ဒီဖိနပ်ကို သိမ်းသာထားလိုက်”

“အင်း...ခက်တော့တာပါပဲရှင်”

“ဘာများခက်နေတာလဲ”

“ကျွန်မတို့အိမ်က မိန်းမသားတွေချည်းနေတာရှင့်၊ အိမ်ရှေ့မှာ ယောကျာ်းရှူးဖိနပ်ကြီးကရှိနေတော့

တစ်မျိုးဖြစ်နေတာပေါ့၊ တချို့တွေကတစ်မျိုး မြင်နိုင်တယ်လေ”

ဦးဌေးဝင်းက တဟားဟားရယ်သည်။ ပြီးမှ...

“ဒါပဲနော် မလှဝင်း၊ ကျွန်တော့်မှာ တာဝန်လေးတွေရှိသေးလို့”

“ဪ ဟုတ်ကဲ့၊ ဟုတ်ကဲ့ ဦးထွန်းဝင်း”

“ဌေးဝင်းပါဗျ”

ဟွန့်၊ သူ့ကျတော့ သိတတ်လိုက်တာ၊ လဝန်း မအီမသာဖြင့် ဖုန်းချလိုက်၏။ ထိုင်ရာမှ ထလိုက်ချိန်မှာ စိတ်ထဲ တစ်မျိုးကြီးခံစားလိုက်ရသည်။ သူမ၏ နောက်ကျောမှာ လူတစ်ယောက်ရှိနေသလိုမျိုး။ ရင်ထဲမှာ ဒိန်းခနဲခုန်သွားပြီးမှ ဖျပ်ခနဲ ပြန်လှည့်ကြည့် လိုက်၏။

“အမယ်လေး”

“အောင်မယ်လေးတော့”

နှစ်ယောက်သား ပြိုင်တူအော်လိုက်မိကြသည်။ သူမနောက်မှာ လာရပ်နေသည်က ဒေါ်ကြီးမွှေး၊ ဒေါ်ကြီးမွှေးက

ရင်ဘတ်ကို လက်နှင့်ဖိရင်း သူမကို မျက်လုံးပြူးကြီးနှင့်ကြည့်ကာ...

“နင်က ဘာကိစ္စထအော်ရတာလဲ”

“ဒေါ်ကြီးမွှေးကရော ဘာကိစ္စထအော်ရတာလဲ”

“ဟဲ့၊ နင်က ငါ့ကို ဗြုန်းခနဲ လှည့်ကြည့်တာကိုး”

“ဩော၊ ဒေါ်ကြီးမွှေးကလည်း လဝန်းနောက်က တိတ်တိတ်လာရပ်နေတာကိုး”

မေမေလည်းရောက်လာသည်။

“ဘာဖြစ်နေကြတာလဲ”

ဘယ်လိုပြန်ပြောရမည်မှန်းပင်မသိ၊ လဝန်းခေါင်းကုတ်နေမိချိန်မှာ ဒေါ်ကြီးမွှေးက...

“မဝင်း”

“အင်း....ဘာဖြစ်လဲ”


မေမေ့နာမည်က ဒေါ်သီတဂူဝင်းဖြစ်၏။ ဒေါ်ကြီးမွှေးက မဝင်းဟုပဲခေါ်သည်။ မေမေက ဒေါ်ကြီးမွှေးထက်ခြောက်နှစ်ခန့်ငယ်သည်။ သို့သော် ထုံးစံအတိုင်း ဒေါ်ကြီးမွှေးကပဲ ကြောက်ရသည်။

မေမေက နိုင်စား၍တော့ မဟုတ်တော့ချေ။ မေမေက အေးသည်၊ စကားနည်းသည်၊ အနေတည်သည်၊

ကျောင်းအုပ်ဆရာမကြီးဟောင်းဖြစ်သဖြင့် စည်းကမ်းကြီးသည်။ ထို့ကြောင့် ဒေါ်ကြီးမွှေးက အလိုလိုရှိန်နေခြင်းဖြစ်သည်။

“မဝင်း၊ တို့အိမ်ထဲ သရဲများရောက်နေသလား”

မေမေက ဒေါ်ကြီးမွှေးကိုတစ်လှည့်၊ လဝန်း ကိုတစ်လှည့် အကဲခတ်သလိုကြည့်ကာ...

“ဘာဖြစ်လို့လဲ”

“ဒီလိုဟဲ့”


ထိုသို့အစချီကာ နေ့ခင်းက လဝန်း ပြောပြသမျှကို ဇာတ်စုံပြန်ခင်းလိုက်၏။ မေမေက အင်းမလှုပ်၊

အဲမလှုပ်နားထောင်နေသည်။ ဒေါ်ကြီးမွှေး၏စကားအဆုံးမှာ လဝန်း ကလည်း ရှူးဖိနပ်ကြီး

ပြန်ရောက်လာသည့်အကြောင်းကို ဖြည့်စွက်ပြောပြလိုက်သည်။

မေမေ့မျက်နှာက ငြိမ်နေသည်။ ဘာဝေဖန်ချက်မှမပေး၊ “အောင်အောင်ရော” ဟုမေးသည်။

“အောင်အောင်ခြံထဲမှာဆော့နေတယ် မေမေ”

“ခြံတံခါး၊ အိမ်တံခါး အကုန်လုံလုံခြုံခြုံပိတ်ထား”

“ဟုတ်ကဲ့၊ ပိတ်ထားပါတယ်”

“ညဘက်ကိုလည်း အိမ်မှာ ရှိသမျှမီးတွေ အကုန်ဖွင့်ထားလိုက်”

“ဟုတ်ကဲ့”

“နောက်ပြီး အိမ်မှာ မှန်တွေ အများကြီးရှိတယ်၊ အဲဒီမှန်တွေကို နင်တို့အခန်းတွေထဲက ထုတ်၊

အိမ်ရဲ့ထောင့်တွေထောင့်တွေမှာ တပ်ထားလိုက်”

မေမေ ထိုအကြံကို လဝန်း အတော်သဘောကျသွားသည်။

“လဝန်းက နင့် အန်တီလေးဝေဆီကနေ ခွေးသွားယူလာခဲ့၊ ကိုက်တတ်တဲ့ ခြံလုံမယ့်ခွေးကို တောင်းလာခဲ့၊ သူက ပေးနေတာကြာပြီ၊ ခုတကယ်သွားယူလိုက်တော့”

“ဟို သမီးသွားယူစရာမလိုဘူးမေမေ၊ သူကိုယ်တိုင်လာပေးမယ်လို့ ပြောတယ်၊ သူ့ခွေးကို သူ့ကားနဲ့တင်ယူလာမယ်တဲ့”

“အေး၊ ဒါဖြင့်လည်း ဖုန်းဆက်လိုက်”

“ဟုတ်ကဲ့”

လဝန်းက ဖုန်းခွက်ကောက်ကိုင်မည်အလုပ်မှာ မေမေက...

“နေဦး၊ ငါပြောတာ မပြီးသေးဘူး၊ နားထောင်”

“ဟုတ်ကဲ့၊ ပြောမေမေ”

“ခဏကြာရင် တစ်အိမ်လုံးအနှံ့ အခန်းတိုင်း၊ အခန်းတိုင်းကို ဝင်စစ်၊ အိမ်ထဲမှာ တစ်ယောက်ယောက် ရောက်နေသလားဆိုတာ သေချာရှာ၊ ကြားလား”

“ဟုတ်ကဲ့ မေမေ”

မေမေက လှည့်ထွက်သွားသည်။

“အဲဒီလိုလုပ်လို့မှ ဘယ်သူ့မှ မတွေ့ရဘူးဆိုရင် သရဲ...သရဲပဲ ဖြစ်မှာပေါ့နော်”

ဒေါ်ကြီးမွှေးက လဝန်းကို တိုးတိုးကပ်ပြော၏။ လဝန်းက ပုခုံးတွန့်ပြလိုက်သည်။


* * *


(၅)


အိမ်ထဲအနှံ့ရှာဖွေရန် အစီအစဉ်ဆွဲရ၏။

“မဝင်း”

“ရှင်”

“မဝင်း ဘုရားသွားမှပဲ တို့ရှာလိုက်ကြတော့မယ်”

“စေ့စေ့စပ်စပ်ရှာနော် မမွှေး”

“အင်းပါ၊ စိတ်ချ”

              

မေမေဘုရားသွားမှပဲ လဝန်းတို့၏ အစီအစဉ်ကို စတင်ဖို့ကြိုးစားရတော့သည်။ မေမေက နေ့တိုင်းလိုလို ဘုရားသွားသည်။ ဘုရားမှာ ပုတီးစိပ် တရားထိုင်သည်။ ဘုရားမှာ သန့်ရှင်းရေး ဝေယျာဝစ္စများကို

ဆောင်ရွက်ပေးလေ့ရှိသည်။ နံနက် ကိုးနာရီခန့်သွားပြီး ညနေလေးနာရီမှ ပြန်လာ၏။ မေမေက ဘုရားကို

ရုံးတက်သလိုတက်၏။ စနေ၊ တနင်္ဂနွေတွင် လူရှုပ်သဖြင့် သွားလေ့မရှိချေ။ ဤနေ့ကတော့ စနေ၊ တနင်္ဂနွေမဟုတ်၊ ထမင်း၊ လက်ဖက်စသည်တို့ကို သူ၏ဓမ္မမိတ်ဆွေများနှင့် စားသောက်ရန် လဝန်းက စီစဉ်ပေးလိုက်၏။ ဒါတောင် မေမေက ဒီနေ့ မွန်းလွဲမှသွားခြင်းဖြစ်သည်။ မေမေထွက်သွားသောအချိန်ကျမှ လဝန်းတို့တာဝန်ခွဲကြရသည်။

“ကဲ...ရှာမယ်ဆိုရင်လည်း တစ်ပြိုင်တည်းရှာမှ ဖြစ်မယ်”

ခက်နေသည်က ဒေါ်ကြီးမွှေးဖြစ်သည်။

“ဟဲ့၊ ငါရော ရှာရမှာလား”

“ရှာလေ ဒေါ်ကြီးရဲ့”

“နင်နဲ့အောင်အောင်ပဲ ရှာရင် မပြီးဘူးလား”

“ဟာ...ခုနကတော့ သူပဲ မေမေ့ကို ရှာမယ် ပြောလိုက်ပြီးတော့”

“မဟုတ်ဘူးလေဟယ်၊ နင်တို့ကရှာပေါ့၊ ငါကကြီးကြပ်မှာပေါ့”

“မဟုတ်ဘူး၊ ဒေါ်ကြီးပါရှာရမယ်”

“ဟယ်...”

“တစ်ယောက် အပေါ်ထပ်ရှာ၊ တစ်ယောက်က အောက်ထပ်ရှာ၊ တစ်ယောက်က အိမ်ဝက စောင့်ရမယ်”

လဝန်း က ထိုသို့ အစီအစဉ်ဆွဲပေးသည်။

“အဲဒါဆို ငါ အိမ်ဝကစောင့်မယ်”

“ရတယ်လေ၊ လူဖြစ်ဖြစ်၊ သရဲဖြစ်ဖြစ် ထွက်ပြေးလာရင်တော့ ဒေါ်ကြီးဆီးဖမ်းထားနော်”

“အောင်မယ်လေး”

ဒေါ်ကြီးမွှေး တွန့်သွားသည်။ မျက်စိမျက်နှာလည်း ပျက်သွားသည်။ လဝန်းက အစီအစဉ်ကို

ခပ်တင်းတင်းပြင်ပေးသည်။

“ဒါမှမဟုတ်လည်း လဝန်းနဲ့ဒေါ်ကြီးက လိုက်ရှာမယ်၊ အောင်အောင်က အိမ်ပေါက်မှာစောင့်ပါစေ”

“နှစ်ယောက်အတူတူ လိုက်ရှာမယ်လေ”

“အပေါ်ထပ်မှာရော၊ အောက်ထပ်မှာရော တစ်ပြိုင်နက်ရှာမှ ကောင်းမှပေါ့ ဒေါ်ကြီးရဲ့”

“ဟယ်...”

“ဒေါ်ကြီးမွှေးက အပေါ်ထပ်မှာရှာ၊ လဝန်းက အောက်ထပ်မှာရှာမယ်”

“အဲ...ဟို....”

“အပေါ်ထပ်မှာက ဒေါ်ကြီးအခန်းနဲ့ အောင်အောင့်အခန်းပဲ ရှိတာပဲ၊ စတိုခန်းရယ်၊ ဘုရားခန်းရယ်၊ ရေအိမ်ရယ်၊

ဝရံတာရယ်၊ အဲဒါတွေကို သေချာစစ်၊ လဝန်းက လဝန်းအခန်းရယ်၊ မေမေ့အခန်းရယ်၊ ဧည့်ခန်းရယ်၊

ရေချိုးခန်းရယ်၊ မီးဖိုခန်းရယ်၊ ရေအိမ်ရယ်၊ သေသေချာချာစစ်မယ်”

“ဒီလိုလုပ်ဟာ”

ဒေါ်ကြီးမွှေးက တုံ့ဆိုင်းဆိုင်း ပြန်ပြောသည်။

“ဘယ်လိုလုပ်ရမှာလဲ”

“နင်နဲ့ အောင်အောင်ပဲ အထဲမှာရှာကြတော့၊ ငါအဝမှာ စောင့်မယ်”


အောင်အောင်ရှာဖွေထုတ်လာသော လက်နက်များထဲမှ အကြီးဆုံးဓါးကြီးကို ယူပြီး အဝမှာ သွားရပ်နေသည်။ ဒေါ်ကြီးပုံစံကိုကြည့်ပြီး လဝန်း ရယ်ချင်သွားမိသည်။ သို့သော်သိပ်တော့မထူးလှ၊ သူမလည်း လှံကြီးထမ်းပြီး အိမ်ထဲဝင်ရသည်ကိုး၊ အောင်အောင်ကတော့ သူ့လက်စွဲတော် လေးခွကိုယူက အပေါ်ထပ်တက်သွားသည်။ သင်းမှ အားကိုရသေးသည်။

“အောင်အောင်”

“ဗျ”

“မဲမဲမြင်တိုင်း လျှောက်ပစ်မနေနဲ့ဦးနော်၊ ပြတင်းပေါက်မှန်တွေ ကွဲကုန်မယ်”

“ဟုတ်ကဲ့ပါ”

ဒေါ်ကြီးက တံခါးဝမှာ ဓါးကိုလွယ်လျက် ခေါက်တုံ့ခေါက်ပြန်လျှောက်နေသည်။ လဝန်း ကလည်း

လှံကိုထောင်ကိုင်ပြီး အောက်ထပ်ကို ပြဲပြဲစင်အောင်ရှာဖွေလိုက်သည်။ ပါးစပ်ကလည်း အသံပေးနေလိုက်၏။

“ဟေ့၊ ထွက်လာခဲ့စမ်း”

“....................”

“ဟေ့၊ ထွက်လာခဲ့ဆိုတာ မကြားဘူးလား”

အရေးထဲမှာ ဒေါ်ကြီးက တမှောင့်ဖြစ်၏။

“ဘုရား၊ ဘုရား၊ ဟဲ့ လဝန်း”

“ရှင့်”

“တွေ့ပြီလား၊ ဟုတ်လား၊ လူလား၊ သရဲလား”

လဝန်းစိတ်ညစ်သွားသည်။

“မတွေ့သေးပါဘူး၊ ခြောက်လှန့်ထုတ်တာပါ”


သူမအခန်းထဲမှာတော့ ထူးထူးခြားခြား ဘာမှမတွေ့ရ၊ မေမေ့အခန်းဆိုလျှင် ပိုရှင်းသည်။ သူမ မသင်္ကာဖြစ်မိဆုံးက မီးဖိုခန်း၊ သို့သော် မီးဖိုခန်းထဲမှာ ပုန်းခိုစရာ နေရာ မရှိပါ။ မီးဖိုမှ တဆင့် အဖီထုတ်ထားသော မီးသွေး၊ ပေါက်တူး၊ ဂေါ်ပြားစသဖြင့် တိုလီမုတ်စများထားရာ အခန်း၊ ဒီအခန်းမှာတော့ လူပုန်း၍ရနိုင်သည်။ ခြေရာလက်ရာကြည့်သည်။ သို့သော် သူမက ဆားပုလင်းနှင်းမောင် မဟုတ်၊ ရှင်းလင်းအောင် မကြည့်တတ်ချေ။ ပြီးတော့ ရေချိုးခန်း၊ အိမ်သာ။ ရေချိုးခန်းထဲမှာ မသင်္ကာစရာ တစ်ခုတွေ့သည်။

“ဟင်”

သွားပွတ်တံက မသင်္ကာစရာ အချက်ကိုပေးခြင်းဖြစ်သည်။ လဝန်း တို့အိမ်သားလေးဦး၏

တိုက်လက်စသွားပွတ်တံများအပြင် ဆားတစ်ပုံကိ အစအနတွေ့ရခြင်းဖြစ်သည်။

ဒီအိမ်မှာ ဆားနှင့်သွားတိုက်သူ မည်သူမှမရှိ။

“ဘယ်လိုဖြစ်တာပါလိမ့်”

စဉ်းစားရကြပ်သွားသည်။ မျက်လုံးလည်း နည်းနည်းပြူးသွားသည်။ အူကြောင်ကြောင်ဖြင့် ထိုဆားပုံ

အကြွင်းအကျန်ကို လက်ထဲမှ လှံကြီးဖြင့် ချိန်ရွယ်ထားမိသေး၏။

ရှေ့နောက်ဝဲယာကို TV ထဲမှ သိုင်းမင်းသမီးကဲ့သို့ လှည့်ပတ်ကြည့်မိသေး၏။ ခေါင်းကိုစောင်းပြီး အသံကိုလည်း

နားစွင့်ရသေး၏။ အတော့်ကို စိတ်မောရလေသည်။ အကယ်၍ ဤအိမ်ထဲတွင် တစ်စုံတစ်ရာရောက်ရှိနေသည်ဆိုလျှင်လည်း ထိုတစ်စုံတစ်ရာသည် လူပဲဖြစ်လိမ့်မည်။

သရဲကတော့ ဆားနှင့်သွားတိုက်မည် မဟုတ်။

အိမ်ထဲမှာ သူခိုးတစ်ယောက်ပိတ်မိကျန်ရစ်နေတာပဲဖြစ်လိမ့်မည်။ သူခိုးက အသန့်ကြိုက်တတ်ပုံလည်းရသည်။

စိတ်ထဲမှာ ဖျပ်ခနဲ သတိရလိုက်သလိုရှိပြီး...

“အောင်အောင်”

အောင်အောင့်ထံမှ ပြန်ထူးသံ မကြားရ။

“အောင်အောင်”

“................”

“အောင်အောင်”

“..............”

“အောင်အောင် ပြန်ထူးလေ၊ အပေါ်မှာ ဘာဖြစ်နေလဲ”

မသင်္ကာသဖြင့် အပေါ်ထပ်သို့ လဝန်းပြေးတက်သွားလိုက်သည်။ ဒေါ်ကြီးက အိမ်ဝမှာ ဓါးကြီးကို သိုင်းလွယ်ပြီး

ထိုင်ရမလို ထရမလို ဖြစ်နေသည်။ ကုန်းကုန်းကွကွဖြစ်နေခြင်းတော့ မဟုတ်ချေ။

သူ့ကို အရေးမစိုက်အား၊ အပေါ်ထပ်သို့သာ အောင်အောင့်နာမည်ခေါ်ရင်း စိတ်ပူပန်စွာ ပြေးတက်သွားရ၏။

“အောင်အောင်”

အောင်အောင်က သူ့အခန်းဝမှာ မတ်တတ်ရပ်နေသည်။ မျက်နှာက တစ်မျိုးဖြစ်နေသည်။

“အောင်အောင်၊ ဘာဖြစ်နေတာလဲ”

ပခုံးကို ကိုင်လှုပ်လိုက်မှ...

“ဘာ...ဘာမှ မဖြစ်... မဖြစ်ပါဘူး”

“ဘာလုပ်နေတာလဲ”

“ဘာမှမလုပ်ပါဘူး”

“ဘာတွေ့လို့လဲ”

“ဟင့်အင်း...ဘာမှမတွေ့ဘူး”

“သေချာလို့လား”

“သေချာပါတယ်”

“အဲဒါဆို နင် အခုဘာကိုကြောက်နေတာလဲ”

“မကြောက်ပါဘူး၊ ဒီတိုင်းနေနေတာပဲ”

“အဲဒါဆို ခုနက ငါခေါ်တာ နင်ဘာလို့ ပြန်မထူးတာလဲ”


ထိုစဉ်အချိန်မှာပင် ခြံဝမှ ဘဲလ်တီးသံကိုကြားရ၏။ အောက်မှာ တစ်ယောက်တည်း ကြောက်လန့်နေသော ဒေါ်ကြီးက ခြံတံခါးကို ဝမ်းသာအားရ သွားဖွင့်လေသည်။ အပေါ်ထပ်ဝရံတာမှ ထွက်ကြည့်ရင်း လဝန်း တစ်ယောက် သိစိတ်ရော၊ မသိစိတ်ရော ညစ်သွားသည်။ ခြံဝမှာ

ရပ်နေသည်က ဦးငြိမ်းအေး။ ဦးငြိမ်းအေးက လဝန်းကို လာရောက်ပိုးပန်းနေသူဖြစ်၏။ လူကြီးချင်းမှတဆင့်လည်း စကားပြောသည်။ လဝန်းက လူငယ်ဖြစ်သည့်တိုင် သူက လူငယ်မဟုတ်တော့၍ လူငယ်ချင်း စကားပြော၍မရ၊ ခွကျကျကြီးဖြစ်သည်။ ဓါးကြီးလွယ်လျှက် သူ့ကိုတံခါးလာဖွင့်ပေးတော့ ဒေါ်ကြီးမွှေးကိုကြည့်ကာ ဦးငြိမ်းအေး မျက်လုံးပြူးသွားသည်။

“ဘယ်လိုဖြစ်တာတုန်း”

ဒေါ်ကြီးမွှေးက ဘာမှပြန်မဖြေဘဲ သူလွယ်ထားသော ဓါးကြီးကိုဖြုတ်၍ ဦးငြိမ်းအေးကိုယ်ပေါ်စွပ်ပေးသည်။ ပြီး

ဦးငြိမ်းအေးကိုအိမ်ထဲဝင်ရန် အတင်းတွန်းလွှတ်နေတာကို တွေ့ရ၏။ ပါးစပ်မှ ပွစိပွစိပြောနေတာကို မြင်ရသော်လည်း မကြားရ။ ဦးငြိမ်းအေးက အိမ်ထဲဝင်ရန်အပြုမှာပဲ...

“ဆရာ...ဆရာ”

ခြံပြင်လမ်းပေါ်မှ လူတစ်ယောက်က ဦးငြိမ်းအေးကို အော်ဟစ်ခေါ်လိုက်သည်။

“ဘာတုန်း၊ ဘာဖြစ်လို့လဲ”

“ဆရာ့ကားကို နည်းနည်းဘေးချရပ်ပေးပါ၊ နောက်ကားတွေသွားရခက်နေလို့”

“လာပြီ၊ လာပြီ”

ဦးငြိမ်းအေး လမ်းပေါ်သို့ပြန်ပြေးထွက်သွားသည်။ တိုက်ပုံအင်္ကျီနှင့်ပိုးတွဲပုဆိုးကိုဝတ်လျက် ဓါးကြီးလွယ်ကာ

ပြေးထွက်လာသော ဦးငြိမ်းအေးကို ကြည့်ကာ လမ်းပေါ်မှလူအားလုံး ပါးစပ်အဟောင်းသားဖြစ်သွားကြသည်။

ဦးငြိမ်းအေးကတော့ အမှုမဲ့အမှတ်မဲ့ဖြစ်နေပုံရသည်။ ကားရွှေ့ပေးရန်လိုက်ခေါ်သူက ဦးငြိမ်းအေးကို

အိတ်သွန်ဖာမှောက် ပြုံးပြသည်။ ဓါးကြီးကိုကြည့်လိုက်၊ သွားဖြဲပြလိုက်နှင့်။

“မေတ္တာရပ်ခံတာပါဆရာရယ်၊  နည်းနည်းလေးလောက်ဆို ရပါပြီ”

ဦးငြိမ်းအေးက လက်ကာပြပြီး...

“အိုကေ၊ နဲဗားမိုင်း၊ ဒုန့်ဝါးရီး အဘောက်သစ်...”

ကားကိုသော့ဖွင့်ပြီး တံခါးဖွင့်ဝင်သည်။ ဗြုန်းခနဲ ပြန်ကန်ထွက်လာ၏။ 


သူလွယ်ထားသောဓါးကြီးနှင့် တံခါးဘောင်နှင့်ငြိနေခြင်းဖြစ်သည်။ ထိုအခါကျမှ သူလွယ်ထားသော ဓါးကြီးကို ပြန်သတိပြုမိသွား၏။ မလုံမလဲနှင့် ဘေးဘီကိုကြည့်၏။ အားလုံးက သူ့ကိုကြည့်ပြီး ရယ်ချင်နေကြတာတွေ့တော့ မျက်နှာရဲခနဲ ဖြစ်သွားသည်။ ဓါးကြီးလွယ်လျက်နှင့်ပင် ကားထဲသို့မရမက ဝင်ပြီး ကားကိုလမ်းဘေးချပေးလိုက်သည်။ ပြီးဓါးကြီးလွယ်လျက်နှင့်ပင် ခြံထဲသို့ ပြန်ဝင်လာ၏။ မျက်နှာမထားတတ်အောင်ဖြစ်နေပုံရသည်။ သို့သော် သူ့မျက်နှာကို အခြားတစ်နေရာတွင် သွားထား၍လည်းမရသဖြင့် ဤအတိုင်းဆက်ထားပြီး ခပ်တည်တည်လျှောက်လာရပုံပေါ်သည်။

“ဝါး...ဟား...ဟား...”

လမ်းပေါ်တွင် ဦးငြိမ်းအေး၏ မျက်နှာချင်းဆိုင်မှ လျှောက်လာသောမိန်းကလေးတစ်စုက မအောင့်နိုင်ဘဲ

ဝိုင်းရယ်သည်။ လဝန်းက အိမ်ပေါ်ထပ်ဝရံတာမှနေ၍ အကုန်လုံးကို မြင်နေရ၏။ သူမလည်း စိတ်ပျက်လက်ပျက် ရယ်မိသည်။ အောက်ထပ်သို့ ပြန်ဆင်းလာလိုက်သည်။ အောင်အောင်ကတော့ သူ့အခန်းဝမှာပဲ မယောင်မလည် ကျန်ရစ်ခဲ့၏။

“အဲဒါပါပဲ မောင်ငြိမ်းအေးရယ်”

ဒေါ်ကြီးမွှေးက ဦးငြိမ်းအေးကို ဘာတွေပြောပြလိုက်သည်မသိ၊ မျက်မှောင်ကြီးကြုတ်ကာ

သဲကြီးမဲကြီးစဉ်းစားနေသည်။ ပြီးမှ လက်ထဲမှ ကိုင်ထားသော ဆယ်လူလာကို စားပွဲပေါ်လှမ်းတင်၏။

“ဪ...လဝန်း”

လဝန်း ကိုတွေ့တော့ မတ်တတ်ထရပ်သည်။ ချက်ချင်းရပ်၍မရဘဲ တုံ့ဆိုင်းတုံ့ဆိုင်းဖြစ်နေမှ သူလွယ်ထားသော

ဓါးကြီးကိုသတိရပြီး ဆွဲဖြုတ်၏။

မျက်နှာကို ပြုံးရယ်လိုက်ပြီး...

“လဝန်း နေကောင်းတယ်နော်”

“ကောင်းပါတယ်”

လဝန်းက လှံကြီးကို အိမ်ပေါ်ထပ်မှာ ထားခဲ့၏။

“လဝန်းတို့အိမ်မှာ ဘာတွေဖြစ်နေကြတာလဲ”

“ဘယ်လိုပြောရမှန်းတောင် မသိပါဘူး”

“ထိုက်သင့်သလောက်တော့ ကိုယ်ကြားပြီးပြီ”

“ဒေါ်ကြီးပြောပြထားတာပေါ့၊ ဟုတ်လား”

“ဟုတ်တယ်၊ ဟဲဟဲ ဒါပေမယ့် လဝန်း ဒေါ်ကြီးမပြောခင်တည်းက ကိုယ်ကြားပြီးပါပြီ”

“ရှင်”

လဝန်းအံ့ဩသွားရသည်။

ဒေါ်ကြီးမွှေးကလည်း နဝေတိမ်တောင်ဖြစ်သွားသောမျက်နှာနှင့် ဦးငြိမ်းအေးကို လှည့်ကြည့်၏။

“အဟဲ၊ ဒီလိုပါ”

ဦးငြိမ်းအေးက ရှင်းပြ၏။

“လဝန်းရဲ့ သူငယ်ချင်း ထက်ထက်အောင်နဲ့ ကိုယ်တွေ့တယ်လေ၊ လဝန်းရဲ့ ကြက်ဥကျော်ပျောက်သွားတဲ့ကိစ္စ

သူပြောပြတယ်”

လဝန်းမျက်နှာလွှဲလိုက်မိ၏။ ဦးငြိမ်းအေးက ဒီလိုပဲဖြစ်သည်။ သူမ၏ သူငယ်ချင်းများနှင့်တွေ့လျှင် သူမ၏အကြောင်းတွေကို အတင်းလိုက်မေးတတ်သည်။ ပြီးအသေးအဖွဲလေးကအစ လိုက်စိတ်ဝင်စားပြ၏။

ယခုလည်းကြည့်။ ထက်ထက်အောင်ပင် စိတ်မဝင်စားသော ကြက်ဥကျော်ပျောက်ဆုံးမှုကြီးကို သူက

စိတ်ဝင်စားနေသည်။ ထက်ထက်အောင်ကလည်း ပြောစရာစကားမရှိ၍ ထိုအကြောင်းကိုပဲ ရှာဖွေစဉ်းစားပြီး

ပြောလိုက်ခြင်းဖြစ်မည်။ ဦးငြိမ်းအေးက စကားဆက်သည်။

“နောက်ပြီး အခု ဒီကိုအလာ လမ်းမှာ လဝန်းတို့ အမေနဲ့တွေ့တယ်၊ အိမ်မှာ လဝန်း စိတ်ရှုပ်နေတယ်ဆိုပြီး

အရိပ်အမြွက်တော့ပြောသွားတယ်၊ ပြီးဒီရောက်တော့ လဝန်းရဲ့ ဒေါ်ကြီးက ပြောပြန်ရော”

“အင်း...သိရင်လည်း ပြီးရောလေ၊ အဲဒါပဲပေါ့”

“ဟို...ခု လဝန်းလိုက်ရှာတော့ မသင်္ကာစရာ ဘာတွေ့လဲ”

“ဆား”

ဦးငြိမ်းအေး မျက်နှာပျက်သွားသည်။

“ဆား...ဟုတ်လား”

အလန့်တကြားပြန်မေးသဖြင့် လဝန်းတို့ အူကြောင်ကြောင်ဖြစ်သွားရသည်။

“ဟုတ်တယ်လေ ဆား၊ အဲဒါဘာဖြစ်လို့တုန်း”

“ဪ...ဖြစ်မှဖြစ်ရလေ”

“ဘာဖြစ်တာလဲ”

“ကိုယ်ထင်တဲ့အတိုင်းပဲ”

“အင်း...ပြောလေ”

“သရဲပဲ”

“ရှင်”

ဒေါ်ကြီးမွှေးကလည်း သူ့ကိုယ်ဝ၀ကြီးကို ကျုံ့သွင်းလိုက်၏။ လဝန်းက နားမလည်နိုင်သောမျက်လုံးများနှင့်

ဦးငြိမ်းအေးကို ကြည့်နေမိ၏။

“ဒီလို”

ဦးငြိမ်းအေးက ရှင်းပြလေသည်။


(၆)


နာရီဝက်ခန့်အကြာမှာ ဦးငြိမ်းအေးပြန်သွားသည်။ လဝန်းတို့ အတွေးတွေ ကသောင်းကနင်းဖြစ်ပြီး ကျန်ခဲ့သည်။

“ဒေါ်ကြီး”

“ဟေ”

“ဒေါ်ကြီး အိမ်တံစက်မြိတ်အောက်မှာ နည်းနည်းစစ်စမ်းပါ”

“ဘာ...ဘာလဲ၊ သွေးကိုလား”

“အင်း...ဟုတ်တယ်၊ သွေးစသွေးန ကျန်လိုကျန်ငြားပေါ့”

“ဟယ်”

“ဘာဟယ်တာလဲ”

“တို့အနုပညာသမားတွေဆိုတာက”

“လာပြန်ပြီ”

စိတ်မရှည်စွာ လဝန်းဆက်ပြောလိုက်သည်။

“လဝန်းက လုပ်စရာတွေရှိသေးတယ်၊ အဲဒီလောက်တော့ဒေါ်ကြီးကူလုပ်ပေးလေ”

ဒေါ်ကြီးမွှေးက မကျေမနပ်နှင့် အိမ်တံစက်မြိတ်အောက်သို့ ခြေဖျားထောက်ပြီး လျှောက်သွားသည်။ ထိုအခါကျမှ အပေါ်ထပ်သို့ မော့ကြည့်ပြီး...

အောင်အောင့်ကို လဝန်းလှမ်းခေါ်လိုက်သည်။

“အောင်အောင်”

“ဗျာ”

ဒီတစ်ခါတော့ တစ်ချက်တည်းနှင့် ပြန်ထူးသည်။

“လာခဲ့စမ်း”

“ဟုတ်ကဲ့၊ လာပြီ”

အောင်အောင်က ခေါင်းကုတ်သည်။

“မမကလည်း၊ သားဘာမှ မလုပ်ပါဘူး”

“အပိုတွေ ပြောမနေနဲ့၊ ခုနက နင့်ပုံစံက မူမှန်မဟုတ်ဘူး”

“မူမှန်ဆိုတာ ဘာလဲ”

အရေးထဲ သင်းက “မူမှန်” ဆိုသောစကားကို နားမလည်ချေ။ အကျယ်ရှင်းပြမနေတော့၊ လိုရင်းကိုသာ

ဆက်မေးလိုက်သည်။

“ခုနက နင် မျက်စိမျက်နှာပျက်ဖြစ်နေတယ်၊ နင်တစ်ခုခုဖြစ်ထားတယ်ဆိုတာ ငါသိတယ်၊ မှန်မှန်ပြော

ဘာကိုတွေ့လိုက်သလဲ”

အောင်အောင်က ဘာမှ ပြန်မပြောသေးဘဲ ထုံပေပေလုပ်နေသည်။ ဗိုက်ခေါက်ကို လိမ်ဆွဲလိုက်ပြီး...

“ငါမေးနေတာကို ဖြေလေ”

“ဟို...ဟို”

အောင်အောင်က တံစက်မြိတ်အောက်မှာ ယောင်နနလုပ်နေသောဒေါ်ကြီးကို တစ်ချက်လှမ်းကြည့်၏။

“ဖြေမှာသာဖြေ”

“သား အရိပ်တစ်ခုကို တွေ့လိုက်တယ်”

“ဟင်”

လဝန်းရင်ထဲမှာ ထိတ်ခနဲဖြစ်သွား၏။

“အဲဒီတော့ ဘာဖြစ်လဲ၊ ဆက်ပြောစမ်း”

“သား လေးခွနဲ့ပစ်မလို့ ရွယ်လိုက်တော့ မရှိတော့ဘူး”

“နင် လိုက်မရှာဘူးလား”

“ရှာတယ်၊ မတွေ့တော့ဘူး”

“အဲဒီတုန်းက ငါ့ကို ဘာလို့လှမ်းခေါ်သလဲ”

“အဲဒီလိုလှမ်းခေါ်ဖို့ကို မေ့နေတယ်”

“ထားပါတော့၊ ငါတက်လာပြီးမေးတော့ နင်က ဘာကိစ္စမဖြေတာလဲ”

“ဟို...”

“ပြောလေ”

“ဒေါ်ကြီးမွှေး ကြောက်သွားမှာစိုးလို့”

“ဘာဖြစ်လို့လဲ”

“အဲဒီအရိပ်ကို သားတွေ့တာက စတိုခန်းထဲမှာတွေ့တာ”

“ဟင်”

စတိုခန်းက ဒေါ်ကြီးမွှေးအခန်းနှင့်ဆို မျက်နှာချင်းဆိုင်ဖြစ်၏။ လဝန်းသက်ပြင်းတစ်ချက်ချပြီး...

“ကဲ လာ၊ နင်ရယ် ငါရယ် သွားတက်ရှာကြမယ်”

“ဘယ်မှာလဲ”

“အဲဒီစတိုခန်းထဲမှာပေါ့”

“သား တစ်ချိန်လုံး ထိုင်ကြည့်နေတာ၊ ခုမှ မမခေါ်လို့ ဆင်းလာတာ၊ ဘာမှမရှိတော့ဘူး”

“ဘာမှ ထပ်မတွေ့တော့ဘူးလား”

“ဟင့်အင်း”

လဝန်း သက်ပြင်းထပ်ချရပြန်သည်။

ထိုစဉ်မှာပင်....

“လဝန်း၊ လဝန်း”

ခြံဝမှအော်သံကြားရ၏။ လှမ်းကြည့်တော့ ထင်သည့်အတိုင်းပင် မသန္တာနှင့် ရွှေရည်။

“အောင်အောင်၊ တံခါးသွားဖွင့်ပေးလိုက်”

ဒေါ်ကြီးကတော့ တံစက်မြိတ်တစ်လျှောက် ရစ်သီရစ်သီလုပ်နေသည်။ ခေါင်းငုံ့၍ တစ်စုံတစ်ရာကို ရှာနေဟန်ရှိသော ဒေါ်ကြီးမွှေးကို ရွှေရည်က...

“ပိုက်ဆံလေး ငါးပြားများ ဒေါ်ကြီးမွှေးရယ်၊ ဒီလောက်ကြီးရှာမနေပါနဲ့”

“ပိုက်ဆံငါးပြားဆိုရင် အကြောင်းမဟုတ်ဘူးဟေ့၊ ရန်သူမျိုးငါးပြားမို့ ဒီလောက်ရှာနေတာ”

“ရန်သူမျိုးငါးပါးပါ ဒေါ်ကြီးရာ”

“အေး၊ တို့စာပေအနုပညာသမားတွေဆိုတာက အပါးကို အပြားလို့လည်းသုံးတယ်”

အိမ်ထဲရောက်ရောက်ချင်း မသန္တာက...

“ကဲ...မမယ်လဝန်း”

“ဘာလဲ”

“ပြောပါဦး၊ ရှင်တို့ ဘာတွေ အလုပ်ရှုပ်နေကြတာလဲ”

“မပြောချင်ဘူးဟေ့”

“ပြောပါ၊ လိုအပ်ရင်လည်း တလွဲလေး၊ ပေါက်ကရလေး အကြံပေးလို့ရတာပေါ့”

လဝန်းက သူတို့ရှေ့က ခုံမှာ ခြေပစ်လက်ပစ်ဝင်ထိုင်လိုက်သည်။

“အတော့်ကို စိတ်မောနေတဲ့ပုံစံပါလားဟေ့”

“ဆိတ်မောတာ မဟုတ်ဘူးရှင့်၊ လူမောတာ၊ ဆိတ်ကမှမောရင် ပဲအဲအဲလို့အော်လို့ရသေးတယ်”

“နင်ကတော့ ပဲအဲအဲမလုပ်နဲ့ပေါ့ဟဲ့၊ ခရမ်းရမ်း ရမ်းရမ်းလုပ်ပေါ့၊ ပဲအစား ခရမ်းစိုက်ပေါ့”

“တော်စမ်းပါ မိန်းမတွေရယ်၊ ဒီမှာစိတ်ရှုပ်နေတာ”

“အကျိုးအကြောင်းရှင်းပြဖို့များ စိတ်ကူးမရှိဘူးလား”

လဝန်း မောနေသည်။ ဘာမှလည်း ပြောချင်စိတ်သိပ်မရှိချေ။ ဒီလိုကိစ္စမျိုးက ဒေါ်ကြီးမွှေးတို့လို

စာပေအနုပညာသမားတွေနဲ့မှကိုက်တာ။ ဒေါ်ကြီးမွှေးအကြောင်းသိထားပြီးဖြစ်သော မသန္တာနှင့် ရွှေရည်က ကပျာကယာ လက်ကာသည်။ ထိုအဆိုကို လက်မခံဘဲ...

“နေပါ နေပါ၊ ပညာတွေ အလင်္ကာတွေ မလိုချင်ဘူး၊ လိုရင်းကိုပဲ အတိုအကျဉ်းသိချင်တာ”

ထိုကြောင့် လဝန်းက ထိုစကားကိုပဲ တပိုတပါးလို သဘောထားပြီး စွန့်ကြဲရသည်။ ပြောရလွန်းလို

ပျင်းတောင်နေသည်။ သို့စင်လျက်ပြောလိုက်မှလည်း ကြက်သီးထသည်။

ထိုသို့ ဖြစ်ရသည့်အကြောင်းအရင်းမှာ မသန္တာနှင့် ရွှေရည်ဝင်းကြောင့်လည်းပါသည်။ သူတို့က

သူမပြောသည့်စကားတွေကို နားထောင်ပြီး အကြီးအကျယ် စိတ်လှုပ်ရှားနေကြသည်ကိုး။

“အေး၊ အဲဒီဆားတွေကိုတွေ့တော့ နင်က ဘယ်လိုသုံးသပ်လဲ”

“သေချာတာကတော့ လူဆိုရင် သူဟာ အသန့်ကြိုက်တယ်ပေါ့ဟာ”

“အင်း...ဟုတ်ပြီ”

“ဆားနဲ့သွားတိုက်တာဖြစ်နိုင်တယ်၊ အဲဒီမှာတော့ တွေးစရာနှစ်ခွဖြစ်နေတယ်”

“ဘယ်လိုနှစ်ခွလဲ”

“ပထမတစ်ခွကတော့ သူဟာ သူခိုးဂျပိုးတစ်ယောက်မို့လို့ သွားပွတ်တံ၊ သွားတိုက်ဆေးနဲ့တိုက်လေ့မရှိဘူး၊

ဆားနဲ့ပဲတိုက်တဲ့ အလေ့အထရှိတယ်၊ အဲဒါကြောင့် ဆားနဲ့ သွားတိုက်တာဖြစ်မယ်”

“ဟာ...အဲလိုတော့ နင်အပြတ်ပြောလို့ မရသေးဘူးလေ”

ရွှေရည်ဝင်းက ဝင်ထောက်၏။

“ဘာဖြစ်လို့လဲ”

“ဆားနဲ့သွားတိုက်သူတိုင်း သူခိုးဂျပိုးလို့ နင်ကပြောလို့ရမလား၊ တောသူတောင်သား

တစ်ယောက်ယောက်လည်း ဖြစ်နိုင်တာပဲ၊ အဘိုးအို၊ အမယ်အိုလည်း ဖြစ်နိုင်တာပဲ၊ ငါ့အမေက ဆရာဝန်ဖြစ်လျက်နဲ့ ငါ့အဘွားဆို ခုထိ ဆားနဲ့ပဲသွားတိုက်တာ”

လဝန်း တွေဝေသွားရသည်

“အေးအေး ဟုတ်တယ်၊ အဲဒါကို ငါမစဉ်းစားမိဘူး”

“ကဲ...ထားပါတော့၊ နောက်တစ်ခွက ဘာလဲ”

“နောက်တစ်ခွကတော့ အဲဒီလူဟာ အသန့်ကြိုက်တာမှာ အစွန်းရောက်လွန်းတယ်ပေါ့ဟာ”

“ဘယ်လို ဘယ်လို၊ ငါတို့ သဘောမပေါက်ဘူး”

“ငါတို့အိမ်သားတွေရဲ့ သွားပွတ်တံတွေကိုရွံလို့ ဆားနဲ့ တိုက်တာဖြစ်နိုင်တယ်”

“အံမယ်၊ လူပါးဝလို့”

ရွှေရည်ဝင်းက ထိုသို့ရေရွတ်၏။ မသန္တာက တွေးတွေးဆဆဖြင့် ဝင်ပြောသည်။

“အလိုက်သိတာလည်းဖြစ်နိုင်တာပဲ၊ သူများသွားပွတ်တံကို ယူမတိုက်သင့်ဘူးဆိုတာမျိုးပေါ့”

“အင်း...အဲဒါလည်း ဟုတ်တာပဲ”

ဆားလေးတစ်ပုံအတွက် သူမတို့ ရွာလည်နေကြရခြင်းမှာ အမှန်ဆို မတန်ချေ။

“ကဲ.... ထားပါတော့၊ ဦးငြိမ်းအေးက နင့်ကို ဘယ်လိုပြောသွားလဲ”

“သူကပြောတယ်”

“အင်း...”

“တချို့စုန်းတွေ၊ တချို့မှော်ဆရာတွေက ဆားကိုမီးရှို့ပြီး ကြောက်စရာကောင်းလောက်အောင်မှန်ကန်တဲ့

နိမိတ်တွေကို ပေးတတ်တယ်တဲ့”

“အင်း”

“တချို့ကျတော့လည်း မီးပုံပေါ်ကို ဆားလက်တစ်ဆုပ်ကြဲပြီး ပြာမှာပေါ်လာတဲ့ အရုပ်တွေကတစ်ဆင့်

ကံကြမ္မာဆိုးတွေကို နိမိတ်ဖတ်တယ်တဲ့”

“အဲဒါ ဗေဒင်ပဲ၊ နင့်ကိစ္စနဲ့ ဘာဆိုင်သလဲ”

“အေး...ငါလည်း အဲဒါ ဦးငြိမ်းအေးကို မေးပါတယ်”

“အဲဒီတော့ ဦးငြိမ်းအေးက ဘာပြောလဲ”

“သူကပြောတယ်၊ အဲဒီဗေဒင်ကလည်း ဆားကို အသုံးချပြီး အစိမ်းသရဲတွေကို ခိုင်းတာတဲ့”

“ဟယ်...အဲလိုလား”

သူတို့နှစ်ယောက် နည်းနည်းမှန်းဆမိသလို ဖြစ်သွားသ်။ လဝန်းက ဆက်ပြောလိုက်သည်။

“နောက်ပြီး သူပြောတဲ့အထဲမှာ ကြောက်စရာကြီးတစ်ခုလည်း ပါသေးတယ်ဟ”

“အေး...ပြောပါဦး၊ ဘာတဲ့လဲ”

စိတ်ဝင်တစား ပြန်မေးကြခြင်းဖြစ်သည်။

“ယောကျာ်းတစ်ယောက်ဟာ မိန်းမတစ်ယောက်ရဲ့ အချစ်ကို လိုချင်ရင်တဲ့...”

“အင်း...”

“အဲဒီမိန်းမရဲ့ အိပ်ရာပေါ်မှာ ဆားတွေကြဲထားလိုက်ရုံပဲတဲ့”

“ဟယ်”

ရွှေရည်က အံ့ဩသွားသော်လည်း မသန္တာ ဗျူဟာမြောက်စွာ ဆက်ထောက်သည်။

“နေပါဦး၊ အဲဒါတွေနဲ့ နင့်အိမ်မှာတွေ့တဲ့ဆားနဲ့ ဘယ်လောက်ထိ ပတ်သက်နေလဲ”

“ပတ်သက်တာက ခုမှလာမှာ မသန္တာရဲ့”

“အေးအေး၊ ပြောပါဦး”

“ကြက်လည်ချောင်းသွေးနဲ့ ဆားကိုဖျန်းပြီး အိမ်တစ်အိမ်ရဲ့ တံစက်မြိတ်အောက်မှာ သုံးညဆက်တိုက်

ပက်ပေးကြဲပေးမယ်ဆိုရင် အဲဒီအိမ်မှာ အနှောင့်အယှက်ကြီးကြီးမားမား ဖြစ်တယ်တဲ့”

“ဘယ်လောက်ထိဖြစ်တဲ့ အနှောင့်အယှက်လဲ”

“အိမ်ရှင်တွေနေလို့မရဘဲ ထွက်ပြေးရတယ်တဲ့”

“ဟင်၊ ဘာဖြစ်လို့လဲ”

“အစိမ်းသရဲတွေက နှောင့်ယှက်တယ်လို့ ပြောတာပဲ”

“အဲဒီတော့ နင့်အထင်က နင်တို့အိမ်ရဲ့ တံစက်မြိတ်အောက်မှာ ဆားကို လည်ချောင်းသွေးဖျန်းပြီး

သုံးရက်လာပက်တာခံရတယ်လို့ ထင်တယ်ပေါ့၊ ဟုတ်လား”

“ထင်တော့ မထင်ဘူးပေါ့ မသန္တာရယ်၊ ဒါပေမယ့် လိုရမယ်ရစစ်ဆေးကြည့်ရတာပေါ့”

“ဪ...ဒေါ်ကြီးမွှေး ခုနက ရှာနေတာ အဲဒါလား”

“အေး..ဟုတ်တယ်”

“တွေ့သလား”

လဝန်းက ဘာပြန်ပြောရမည်လဲမသိ။ ဒေါ်ကြီးမွှေးက အဝမှ လှမ်းအော်သည်။

“တွေ့ပြီဟေ့၊ တွေ့ပြီ”

“ဟယ်...”

သုံးယောက်လုံး မတ်တတ်ထရပ်မိကြသည်။

ကပျာကယာ ပြေးသွားကြတော့ ဒေါ်ကြီးမွှေးက...

“ဒီမှာကြည့်”

အနီရောင်မြေသားများကို တွေ့ရ၏။ လဝန်းတို့ခြံက သဲမြေဖြစ်သည်။ ဝါပုပ်ပုပ်အရောင်သာဖြစ်သည်။

အနီရောင်မြေသား ဖြစ်နေစရာ ဘာအကြောင်းမှမရှိ။

ခုတော့ မြေနီသားတချို့ကို တံစက်မြိတ်အောက်မှာရှာဖွေတွေ့ရှိပြီး အကုန်လုံး ငိုင်နေမိကြသည်။

မသန္တာက...

“ဆား...ဆားကရော”

ရွှေရည်က ဝင်ဖြေသည်။

“ဆားကတော့ မြေမှုန်နဲ့ ရောသွားမှာပေါ့၊ ဒါမှမဟုတ်လည်း မြေရဲ့ အပူဓါတ်နဲ့ အရည်ပျော်သွားမှာပေါ့၊

သွေးရောင်ပဲ ကျန်ခဲ့မှာ”

လဝန်း ငိုင်နေမိသည်။ ဘာကိုမှ မတွေးတတ်တော့ချေ။ မသန္တာနှင့် ရွှေရည်က သူမကို တစ်ဖက်စီမှ

ဖက်တွယ်လိုက်ကြ၏။

“ဒီလောက်လည်း စိတ်ညစ်မသွားပါနဲ့ လဝန်းရယ်”

မသန္တာက အားပေးသည်၊ ရွှေရည်က ဦးငြိမ်းအေးကို အပြစ်ဖို့၏။

“ဦးငြိမ်းအေးကို က မဟုတ်တာ၊ အင်္ဂလန်က ပြန်လာပြီး ဒီအယူအဆတွေကို ယုံနေရသလား”

ဒေါ်ကြီးမွှေးက ဝင်ပြော၏။

“ဟဲ့၊ အင်္ဂလန်နိုင်ငံ လန်ဒန်မြို့တော်ဟာ ကမ္ဘာမှာ သရဲအခြောက်ဆုံးမြို့တော်တဲ့၊ နင်တို့ မကြားဖူးဘူးလား”

သူကိုယ်တိုင် နေ့ခင်းကမှ ဦးငြိမ်းအေး ပြောသွား၍ သိခြင်းဖြစ်သော်လည်း ယခင်တည်းက သိထားသလိုမျိုး

ဒေါ်ကြီးမွှေးက ဟိန်းဟောက်သည်။ အိုးတိုးအမ်းတန်းနှင့် ရွှေရည် ငြိမ်သွားရသည်။

မသန္တာက...

“အစိမ်းသရဲတွေလို့ပဲ ဆိုပါဦးတော့ဟယ်၊ နင်တို့အမေက ဒီလောက်ဘာသာရေးလုပ်တာ၊ ဒီအိမ်ကို ကပ်လို့

မရပါဘူး”

ဒေါ်ကြီးမွှေးက ဝင်ပြောပြန်သည်။

“ဟဲ့၊ ကမ္ဘာကျော် ဘုရားရှိခိုးကျောင်းကြီးတွေမှာတောင် သရဲတွေ ရှိတယ်၊ ခက်တာပဲ ၊ ဒီကောင်မလေးတွေ

ဘာမှမသိကြဘူး”

အမှန်တော့ သူလည်း ဦးငြိမ်းအေး ပြောသွားမှ သိခြင်းဖြစ်သည်။ မသန္တာနှင့် ရွှေရည်တို့ကတော့

ဇဝေဇဝါဖြစ်နေကြသည်။ အဓိကအကျဆုံးအချက်ကို ဒေါ်ကြီးမွှေးက ထပ်ပြောလိုက်၏။

“သရဲဆိုတာ လူသေတွေကနေတစ်ဆင့် ကျန်ခဲ့တဲ့ ဆားပွင့်၊ ဆားဓါတ်တွေကနေဖြစ်လာတာတဲ့”

“ဟယ်...”

ရွှေရည်တို့နှစ်ယောက် ပါးစပ်အဟောင်းသား ဖြစ်သွားကြတော့သည်။


* * *


(၇)


မောင်ရှင့်ဘဝကလည်း မရှုမလှ ဒုက္ခရောက်နေသည်။ “ကံဆိုးသူမောင်ရှင်” ဟူသောစကားသည် သူ့အတွက် ရည်ရွယ်ထားခဲ့တာဖြစ်ကြောင်း သေချာသည်။ ဘယ်လိုမှ ဆက်စပ်မရတာက ခုလို သူများအိမ်ထဲမှာ သူ ပိတ်မိနေတဲ့ ကိစ္စ။ ဤအိမ်သည် သူနှင့်သိကျွမ်းသော အိမ်မဟုတ်ချေ။ ဘယ်နားမှာ ရှိသောအိမ်မှန်းပင်မသိ။ ဤအိမ်ထဲသို့ သူဘယ်လိုရောက်လာသနည်းဆိုတာလည်း သူမသိ။

“ကလင်..ကလင်...ကလင်...”

ဖုန်းမြည်သည်။ လဝန်းဆိုသော ကောင်မလေးက အခန်းထဲမှ ထွက်လာပြီး ကိုင်ပုံရသည်။ မီးသွေးများထားသော မီးဖိုချောင်အဖီထဲမှာ ပုန်အောင်းနေရင်းက ကိုယ့်အိမ်ကိုယ် ဖုန်းဆက်ရန် သတိရနေမိသည်။


ဤအိမ်သည် ဘယ်နားက အိမ်ဟုသိရလျှင် ညဖက် သူတို့အိပ်ချိန်မှာ ကိုယ့်အိမ်ကိုယ် ဖုန်းခိုးဆက်ပြီး အကူအညီလှမ်းတောင်း၍ရနိုင်သည်။ သို့သော် ဖုန်းဆက်ရဖို့အရေးကလည်း မလွယ်။

“ဟင်း....”

သက်ပြင်းရှည်ကြီးတစ်ချက်ကို ချလိုက်မိသည်။ သက်ပြင်းက ကိုယ်ဝန်ဆောင်သက်ပြင်းကြီးဖြစ်၏။

မပေါ့မပါးကြီးဖြစ်သည်။ ဤအိမ်ထဲမှာ ဒီလိုအကြာကြီးပိတ်မိနေလို့မဖြစ်ချေ။ ပင်ပန်းဆင်းရဲလှသည်။ နည်းလမ်းရှာပြီး အမြန်ဆုံးပြန်ထွက်နိုင်အောင် ကြိုးစားရမည်။ ခုချိန်အထိတော့ အကုန်လုံးအလွဲလွဲ အချော်ချော်တွေချည်း ဖြစ်နေသည်။

“ဘယ်လိုများဖြစ်ရတာပါလိမ့်”

သူ့ကိုယ်သူလည်း စဉ်းစား၍မရချေ။ သူနိုင်ငံခြားမှ ပြန်ရောက်တာ ဘာမှမကြာသေး။ အိမ်မှာတစ်ရက်နှစ်ရက်ပဲ

နေရသေးသည်။ နိုင်ငံခြားမှ မိတ်ဆွေတချို့ ပို့ပေးလိုက်သော ပစ္စည်းများကို နယ်မှ သူတို့မိသားစုများထံ

ကိုယ်တိုင်သွားရောက်ပေးပို့သည်။

အိမ်မှ ဒရိုင်ဘာကိုခေါ်ပြီး ကိုယ့်ကားနှင့်ကိုယ်သွားခြင်းဖြစ်သည်။ အပြန်လမ်းမှာ ညအမှောင်ကြီးထဲ

ကားပျက်သည်။ ဒရိုင်ဘာနှင့် ကားကို ထားခဲ့ကာ ခရီးသည်အပြည့်ပါသော အဝေးပြေးယာဉ်တစ်စီးကို

တား၍ရန်ကုန်သို့ သူပြန်လာခဲ့သည်။

ကားပေါ်မှာ ထိုင်စရာ နေရာတစ်နေရာရ၏။ ခရီးပမ်းမှုကြောင့် ကားပေါ်မှာ သူအိပ်လျက်လိုက်လာခဲ့သည်။

နိုးလာတော့ ဤအိမ်ကြီးထဲသို့ ရောက်နေသည်။ ဘယ်လိုကြီးမှန်းမသိ၊ တကယ့်အူကြောင်ကြောင်ကြီးဖြစ်သည်။

“အဲဒီသူခိုးတွေကလေ၊ ပြောကိုမပြောလိုက်ချင်ဘူး”

“ဟုတ်ပ၊ သူများအိမ်ထဲ ဝင်ခိုးရဲတာကို အံ့ပါရဲ့”

“မခင်မွှေးရေ၊ သူခိုးဆိုတာကတော့ လူလစ်တာနဲ့ အိမ်ထဲဝင်တော့တာပဲ”

“ရှေ့လျှောက်တော့ သတိကြီးကြီးထားရမှာပေါ့ မဥမ္မာရယ်”

“ဟုတ်တယ်၊ ခြံတံခါး၊ အိမ်တံခါး အားလုံးကို လုံအောင်ပိတ်ထား”

“ကျွန်မတို့ကလည်း ပေါ့ပါတယ် မဥမ္မာရယ်၊ အိမ်ထဲကို လူကြီးတစ်ယောက်လုံးဝင်နေတာကိုတောင် ဘယ်သူမှ

မသိကြဘူး”

“သူခိုးက နှစ်ယောက်ဆို”

“အင်း...တစ်ယောက်က အတွင်းကို ဝင်ခိုးပြီး တစ်ယောက်က အပြင်က စောင့်ပေးတယ်လေ”

“ဪ ဪ၊ သူတို့ကလည်း အစီအစဉ်တကျ လုပ်တာပါလား”

“ဟုတ်တယ်၊ မဥမ္မာရယ်”


မောင်ရှင်သတိရလာပြီး အူဝေဝေဖြစ်နေချိန်မှာ မိန်းမကြီးနှစ်ယောက် ဧည့်ခန်းမှာ စကားပြောနေသံကို ကြားရ၏။ အမှန်တော့ ထိုအချိန်က မောင်ရှင်သည် သူတို့နှင့် မလှမ်းမကမ်းစားပွဲကြီး တစ်လုံး၏နောက်သို့ရောက်နေသည်။ စားပွဲက လှေကားအောက်မှာ ရောက်နေပြီး နံရံနှင့် အနည်းငယ်ခွာ၍ထားထားသည်။ စားပွဲနှင့်နံရံကြားသို့ သူရောက်နေခြင်းဖြစ်သည်။ အတော် ကသိကအောက်နိုင်သော အနေအထားဖြစ်သည်။ ဘယ်လိုကြောင့် ထိုပုံစံနှင့် ထိုကြားထဲရောက်နေရသလဲဆိုတာ ရိုးကာရိပ်ကာလောက်ပင် စဉ်းစား၍မရ။

 

ထိုမိန်းမကြီးနှစ်ဦးပြောနေသော စကားများကို နားထောင်ရင်း မနက်လင်းအားကြီးအချိန်မှာ ဤအိမ်ကို သူခိုးကပ်ခဲ့ကြောင်း၊ ဘေးလူများ၏ အကူအညီဖြင့် သူခိုးများကိုလည်း ဖမ်းမိခဲ့ကြောင်း သိရ၏။

“ဘုရား...ဘုရား”

မောင်ရှင် ရင်တဒိုင်းဒိုင်းခုန်နေမိသည်။ ထွက်လည်းမထွက်ရဲ၊ သူ့ကိုပါ သူခိုးဟုထင်ကြတော့မှာ သေချာသည်။

လစ်တာနှင့် အမြန်ဆုံး ဤအိမ်အတွင်းမှ ပြန်ထွက်နိုင်ဖို့သာလိုသည်။

“အင်း...အခြေအနေကြည့်လှုပ်ရှားရမှာပဲ”

တစ်ခုရှိသည်က သူ့နဖူးမှ ဒဏ်ရာဖြစ်သည်။ ဒီဒဏ်ရာကရော ဘယ်လိုလုပ်ရခဲ့တာလဲ၊ ဒဏ်ရာက ထိမိလျှင်

အလွန်နာသည်။ သွေးစေးတွေလည်း ကပ်နေသည်။ နဖူးကွဲခဲ့ပုံရသည်။

“မဥမ္မာရေ၊ ကျွန်မကတော့ အနုပညာသမားပဲ၊ ငါ့မှာ ရန်သူမရှိဘူးဆိုပြီး အေးအေးဆေးဆေးနေနေတာ၊

ခုလိုကြုံတော့လည်း မအေးဆေးရဘူးနော်”

“ဟုတ်တယ် မမွှေး၊ ဒီအိမ်မှာက သမီးပျိုလေးလည်း ရှိသေးတယ်၊ အိမ်ထဲတစိမ်းဝင်တယ်ဆိုတာ အမှန်တော့

ဒီအချိန်ကြီးမှာ မဖြစ်သင့်ဘူး၊ တော်သေးတာက ဒီကောင်တွေဟာ သူခိုးတွေမှန်း ရဲစခန်းကသိနေလို့၊ နို့မို့

ကျွန်တော်တို့က ဒီအိမ်က ကောင်မလေးကို လာပိုးတာပါ၊ လာချောင်းတာပါ၊ ဘာညာလျှောက်ပြောရင်

ကျော်မကောင်း ကြားမကောင်းတွေ ဖြစ်ကုန်ဦးမယ်”

“ဟုတ်ပ၊ ဟုတ်ပ မဥမ္မာရေ၊ အဲဒါကို ကျွန်မ မတွေးမိဘူး၊ မဥမ္မာပြောမှပဲ ပြေးမြင်တယ်၊ ကံကြီးပေလို့ပေါ့၊

ကျွန်မကလည်း သိက္ခာရှိရှိနေတဲ့ အပျိုကြီးမဟုတ်လား”


မောင်ရှင် ချောင်ထဲမှာ တွန့်လိမ် ကုပ်ကတ်ရင်း ငိုချင်လာမိသည်။ မဖြစ်ဘူး၊ မဖြစ်ဘူး၊ ဒီအိမ်ထဲမှ အမြန်ထွက်မှ ဖြစ်မည်။ ကြာလျှင် သူတို့ပြောသည့် ကျော်မကောင်းကြားမကောင်းဆိုတာကြီးက ကိုယ့်မှာ လာဖြစ်နေရော့မည်။ သမီးပျိုလေးရှိသည်တဲ့၊ နာမည်က လဝန်းတဲ့၊ နောက်စကားပြောနေသူ မိန်းမကြီးကလည်း သိက္ခာတော်ရ အပျိုကြီးတဲ့၊ ဒီအိမ်မှာ တခြား ဘယ်သူများ ကျန်သေးသလဲ။ ဒီအိမ်မှာ စုစုပေါင်း လူဘယ်နှစ်ယောက်နေသလဲ၊ အပျိုကြီးရှိသလို လူပျိုကြီးကော ရှိသေးလား၊ သမီးပျိုရှိသလို

သားပျိုကော ရှိသေးလား၊ ပြဿနာတွေကတော့ အများကြီးဖြစ်သည်။

“ကဲ...မမွှေးရေ၊ ကျွန်မကို ခဏခွင့်ပြုဦး၊ ဒီနားကအိမ်တစ်အိမ်မှာ လူမမာ သွားမေးလိုက်ဦးမယ်၊ ပြီးမှ တစ်ခေါက်

ပြန်လှည့်လာမယ်”

“ကောင်းပြီ ကောင်းပြီ မဥမ္မာ၊ အပြန်မှာ ဆက်ဆက်တော့ ဝင်ခဲ့ဦးနော်”

“စိတ်ချပါ”

မဥမ္မာဆိုသော အမျိုးသမီးကြီး ပြန်သွား၏။ သူပြန်ထွက်အသွားမှာ မမွှေးဆိုသော အမျိုးသမီးကြီးက အိမ်ထဲသို့

လှည့်ဝင်၏။

“တော်ပါသေးရဲ့၊ အိမ်သာက တက်ချင်နေပြီ”

သူမဘာသာ တစ်ကိုယ်တည်း ရေရွတ်ပြီး ဝင်သွားခြင်းဖြစ်သည်။ အသက်အောင့်ပြီး တစ်မိနစ်ခန့် အခြေအနေကို မောင်ရှင်စောင့်ကြည့်လိုက်သေးသည်။ ဘာထူးခြားမှုမှ မတွေ့ရဘဲ တစ်အိမ်လုံး တိတ်ဆိတ်နေ၏။ ထိုကြောင့် ချောင်ထဲ ညပ်နေရာမှ လူးထကာ အိမ်အပြင်ပြန်ထွက်မည်ပြု၏။ အိမ်ထဲသို့ မလုံမလဲ တစ်ချက်လှည့်ကြည့်ရသေးသည်။ သားနားသပ်ရပ်သော အိမ်တစ်လုံးပင် ဖြစ်၏။

အိမ်အပြင်သို့ထွက်ပြီးမှ ခြေလှမ်းတွေ တုံ့ရပ်သွားရသည်။ ပြဿနာက သူ့ခြေထောက်မှာ

ဖိနပ်မပါခြင်းပင်ဖြစ်သည်။ အနောက်တိုင်းဘောင်းဘီကိုဝတ်ပြီး လှပသော ခြေစွပ်ကြီးကို စွပ်ထားသည်။

ဖိနပ်မပါဘဲ ဒီတိုင်းထွက်လျှင် လမ်းပေါ်ကျမှ ခွကျဦးမည်။

“ဟာ...တွေ့ပြီ”

ဖိနပ်ချွတ်အကွယ်ကလေးမှာ သူ့ရှူးဖိနပ်ကြီးရှိနေသည်။ ကြမ်းတိုက်အဝတ်နှင့် တံမြက်စည်းတို့ ကာဆီးနေသဖြင့် အမှတ်တမဲ့ ကြည့်လျှင်မမြင်ရ။ ကံကောင်းထောက်မစွာ သူကတော့မြင်လိုက်သည်။

ဤနေရာတွင် ဖိနပ်ဝတ်နေလျှင် ကြာဦးမည်။ ဖိနပ်ကို ဒီအတိုင်းယူသွားပြီး လမ်းပေါ်ရောက်မှ ရှေ့မျက်နှာ

နောက်ထားပြီး ဝတ်တော့မည်။ ထိုသို့သော အတွေးဖြင့် ဖိနပ်ကို လှမ်းအယူ...

“အဟမ်း...”

သူ့တစ်ကိုယ်လုံး တုန်သွားရသည်။ ရင်ထဲမှာလည်း တဒိတ်ဒိတ်ခုန်သွားသည်။ လှည့်ကြည့်လိုက်တော့...

“အစ်ကိုတို့အိမ်က ခေါ်ထားတယ်ဆိုလို့”

“ဗျာ”

အလုပ်သမားနှစ်ယောက်က သူ့ရှေ့ရောက်နေသည်။ လက်ထဲမှာလည်း ပစ္စည်းကိရိယာတွေ ကိုင်စွဲလျက်။

သူ့ကိုပြုံးပြပြီး တစ်ယောက်က ဆိုသည်။

“အစ်ကိုတို့အိမ်က ခေါ်ထားတယ်ဆိုလို့၊ သူက တံခါးပြင်ထဲ့လက်သမားပါ၊ ကျွန်တော်က သော့ပြင်ဆရာပါ”

“ဪ...အင်း၊ ဟုတ်ကဲ့”

ဘယ်လိုပြန်ပြောရမည်မသိဖြစ်နေသည်။ ပြီးမှ...

“ကျွန်တော်က ဧည့်သည်ပါ၊ အိမ်ရှင်တွေ တော်ကြာထွက်လာပါလိမ့်မယ်၊ သူတို့ကိုပြောနော်”

အလုပ်သမားနှစ်ယောက်က တစ်ယောက်မျက်နှာ တစ်ယောက် ကြည့်၏။

“ဟို...အစ်ကိုရယ်၊ အိမ်ရှင်တွေကို အစ်ကိုပဲလှမ်းခေါ်ပေးစမ်းပါ၊ ဒီအိမ်မှာ အလုပ်သိပ်မရှိဘူးဆိုရင်လည်း

ကျွန်တော်တို့ လုပ်လက်စ အလုပ်ကို သွားဆက်လုပ်မလို့၊ ဒီအိမ်က လူတွေက တစ်နေ့တစ်နေ့ အိမ်ပြင်တောင်

ထွက်ကြတာမဟုတ်ဘူး၊ သူတို့အထွက်ကိုသာ စောင့်နေရင် ကျွန်တော်တို့ မိုးလင်းသွားမယ်”

“အာ...”

“လုပ်ပါ အစ်ကိုရယ်၊ ကျွန်တော်တို့ကို ကူညီပါ၊ အပန်းမကြီးပါဘူး”

ဒုက္ခပါပဲ၊ တစ်ချိန်လုံးဝင်မပြောသည့်သူကလည်း မောင်ရှင့်ကိုမျက်နှာချိုသွေးပြီး မောင်ရှင့်ကို အရေးဆိုလာသည်။

“လုပ်ပါ အစ်ကိုရယ်၊ ဒီအိမ်မှာ အလုပ်က ဆိုင်းလို့ရရင်လည်း ကျွန်တော်တို့ တခြားမှာ တန်းလန်းကျန်ခဲ့တဲ့

အလုပ်သွားပြန်လုပ်ချင်လို့”

အမှန်တော့ “ခင်ဗျားတို့ဘာသာ အော်ခေါ်ဗျာ၊ ကျုပ်ဘာသာပြန်တော့မယ်” ဟုပြောပြီး တိုးထွက်ခဲ့ဖို့ကောင်းသည်။

သို့သော် ထိုအလုပ်သမားနှစ်ယောက်က သူ့ကို မသင်္ကာဖြစ်သွားနိုင်သည်။

အကောင်းစားဝတ်စုံများ ဝတ်ဆင်ထားသော်လည်း သူ့တစ်ကိုယ်လုံးက ညစ်ပေနေသည်။ ခြေစွပ်ကလည်း

မည်းသဲလျက်၊ နဖူးမှာလည်းသွေးစေးကပ်နေသော ဒဏ်ရာက ရှိသေးသည်။

အလုပ်သမားများကဤအိမ်ရှိလူအားလုံးကို သိထားပုံရသည်။ ဤအိမ်မှ ခေါ်ခိုင်းဖူးသော

အလုပ်သမားဖြစ်ပုံရသည်။ မနက်ဝေလီဝေလင်းမှာ ဤအိမ်သို့ သူခိုးဝင်ခဲ့ကြောင်းကိုလည်း

သိထားပြီးသူများဖြစ်လိမ့်မည်။ ထိုကြောင့် မောင်ရှင် စိတ်လျှော့လိုက်ကာ...

“ကောင်းပြီလေ၊ ကျွန်တော်သွားပြောပေးမယ်”

အမှန်တော့ အိမ်ထဲသို့ အကြံနှင့် လည့်ဝင်ပေးခဲ့ခြင်းဖြစ်သည်။ ပြောပေးချင်ယောင်ဆောင်လိုက်မည်။ ပြီး

“ထွက်လာလိမ့်မယ်၊ စောင့်နေ” ဟုမှာခဲ့ပြီး ကိုယ့်လမ်း ကိုယ် တစ်ချိုးတည်းလစ်မည်။

“ဝေါ...”

“ဟိုက်”

ရေအိမ်ထဲမှ ရေဆွဲချသံကိုကြားရ၏။

မမွှေးဆိုသော အမျိုးသမီးကြီး ပြန်ထွက်လာတော့မည် ထင်သည်။

“ကလစ်”

တံခါးဖွင့်သံလည်းကြားရသည်။ ဘာကိုမှ မစဉ်းစားအားတော့ဘဲ နီးရာအခန်းတစ်ခန်းထဲသို့ ပြေးဝင်လိုက်ရသည်။

ရေအိမ်ထဲမှ အန်တီဝ၀ကြီးတစ်ယောက်ထွက်လာပြီး အိမ်ဝကို ငဲ့စောင်းကြည့်သည်။ လူရိပ်လူယောင်တွေ့သဖြင့်

အိမ်ဝဆီသို့ သူ့ကိုယ်သူ တအိအိလှိမ့်ချသွားသည်။

“ဪ...မင်းတို့ရောက်နေကြပြီလားဟေ့”

“ဟုတ်ကဲ့ အန်တီ”

“အေးအေး၊ အိမ်မှာ ပြင်စရာတွေရှိတယ်ကွယ့်”

“ခုတစ်ခါတည်း လုပ်ရမှာလား အန်တီ”

“အေးပေါ့၊ ခုတစ်ခါတည်းပေါ့၊ အမြန်ဆုံးသာလုပ်ပေး”

အလုပ်သမားနှစ်ယောက် တစ်ယောက်မျက်နှာတစ်ယောက်ကြည့်ပြီး သက်ပြင်းကို ခိုးချကြ၏။ ထို့နောက် ဘာမှ

မပြောဘဲ သူတို့လက်ထဲမှ ပစ္စည်းကိရိယာများကိုချကာ အလုပ်လုပ်ရန် ပြင်ကြတော့သည်။

အန်တီကြီးက သူတို့နံဘေးမှာ ငုတ်တုတ်ထိုင်ပြီး စီစဉ်ညွှန်ကြားလိုက်၊ အာလာပ၊သလာပ ပြောလိုက် လုပ်နေသည်။

“သွားပြီ”

ခုမှ ကိုယ်ဝင်မိသော အခန်းကို သေသေချာချာ လှည့်ပတ်အကဲခတ်မိသည်။

“မြတ်စွာဘုရား”

လန့်ဖျပ်သွားရသည်။ ခုတင်ပေါ်တွင် သူ့ကိုကျောပေးလျှက် နံရံကို မျက်နှာမူ၍

အမျိုးသမီးကြိးတစ်ယောက်ထိုင်နေသည်။ ကမ္မ ဋ္ဌာန်းရှုမှတ်နေခြင်းဖြစ်ပုံရ၏။ တရားအာရုံထဲမှာ

နစ်ဝင်နေပုံပေါ်သည်။

အမျိုးသမီးကြီးက တုတ်တုတ်မှမလှုပ်ဘဲ ထိုင်နေသည်။ အခန်းထဲသို့လူစိမ်းတစ်ယောက် ရောက်နေကြောင်း

သိဦးမည်မဟုတ်၊ မဖြစ်။ ဤအခန်းထဲမှလည်း အမြန်ပြန်ထွက်ရမည်။

“အောင်အောင်၊ ကျူရှင်ကပြန်လာပြီလား”

ဒေါ်မွှေးဆိုသူ၏ အော်သံကိုကြားရ၏။ လမ်းပေါ်မှ တစ်ယောက်ယောက်ကို လှမ်းနှုတ်ဆက်ခြင်းဖြစ်နိုင်သည်။

ခဏအကြာမှာ အလုပ်သမားများက….

 “လမ်းထိပ်မှာ ဆေးလိပ်သွားဝယ်ဦးမယ်” ဟု ခွင့်တောင်းသည့်

အသံကိုကြားရသည်။

“အေး၊ သွား သွား၊ ဟုတ်သားပဲ၊ ငါကလည်း မင်းတို့ကို ရေနွေးကြမ်းအိုးလေးတောင် လုပ်မပေးမိဘူး”

ပြောပြောဆိုဆို ဒေါ်မွှေးက အိမ်တွင်းသို့ ပြန်လှည့်လာပြီး မီးဖိုခန်းထဲသို့ ဝင်သွားသည်။

“အတော်ပဲ၊ ခုနေလစ်ရမယ်”

တရားမှတ်နေသူ အမျိုးသမီးကြီးက ကိုယ်တစ်ချက်လှုပ်သွားသည်။ မောင်ရှင် တရှူးထိုးပင် အိမ်ဝသို့

ပြေးထွက်လိုက်၏။

“ဟာ...”

မဖြစ်ပြန်သေး၊ သူ့ရှူးဖိနပ်က မူလနေရာမှာ မရှိတော့ချေ။ အိမ်တံခါးမှာ လွယ်အိတ်တစ်လုံး ချိတ်ညပ်ထားတာကို တွေ့ရ၏။ ပိုဆိုးသည်က သူ့ရှူးဖိနပ်ကို ကလေးငယ်တစ်ယောက်က ယူစွပ်ပြီး ခြံအဝင်လမ်းအတိုင်း အိမ်မှ တံခါးဆီ ခေါက်တုံ့ခေါက်ပြန်ခုန်နေသည်။

ကြည့်နေရင်း ထိုကောင်လေးက သူ့ဘက်သို့ မျက်နှာလှည့်ရန်ပြင်သည်။ ဝုန်းခနဲ အိမ်ထဲသို့ ပြန်ခုန်ဝင်ပြီး

နံရံနှင့်စားပွဲကြားမှာ မူလအတိုင်း ပြန်ညပ်နေရတော့ပြန်သည်။

အမေရေ...သားအဖြစ်ကို ကြည့်လှည့်ပါဦး။


* * *


(၈)


ဒီနောက်ပိုင်းမှာ အဆင်မပြေမှုက ပိုဆိုးသွားသည်။ ဒေါ်မွှေး၏ ပြောဖော်ပြောဖက် ဒေါ်ဥမ္မာဆိုသူက

ပြန်ဝင်လာသည်။ သူခိုးအကြောင်း ပြောရင်းက စာရေးဆရာမလေး “ပန်းခက်စက္ကူ” ၏ “အပြစ်ရှိပေမယ့်

ချစ်ကြည့်ရင် မကောင်းဘူးလားမောင်” အမည်ရှိဝတ္ထုကို သူတစ်ပြန်ကိုယ်တစ်ပြန်ဆွေးနွေးကြသည်။

“ဇာတ်လိုက် ကောင်လေးက အရမ်းချောတာပဲနော်”

“ဟုတ်ပ၊ လီယိုနာဒိုနဲ့ တူပုံရတယ်”

“ကောင်မလေးကလည်း ချောမှ ချောပဲရှင်”

“ဟုတ်တယ်၊ မာနကြီးပြပုံတွေ အရမ်းကောင်းတာပဲနော်”

“ကောင်မလေးရဲ့ ဆယ်လူလာပျောက်သွားတော့ ကောင်လေးက ပါဂျဲရိုကားကြီးနဲ့ ဝင်လာပြီး

ဆယ်လူလာအသစ်တစ်လုံး လာပေးတဲ့ အခန်းဆိုရင် ကျွန်မ အရမ်းခံစားရတာပဲ မမွှေးရယ်”

“ဟုတ်ပ၊ ဟုတ်ပ၊ ကျွန်မလည်း အဲဒီအခန်းကို သုံးခေါက်လောက် ပြန်ဖတ်ရတယ် မဥမ္မာရေ”

မောင်ရှင် စိတ်ညစ်နေသည်။ စိတ်ညစ်နေသည့်ကြားထဲမှာ ထပ်စိတ်ညစ်သည်။ မောင်ရှင်တို့လည်း မဆင်းရဲပါ။

အစ်ကိုက စင်္ကာပူမှာ အလုပ်လုပ်နေသည်။ မောင်ရှင်က ပြည်တွင်းမှာပဲ စတိုးဆိုင်ကြီး တစ်ဆိုင်ကို ပိုင်သည်။

ကက နှစ်စီးကို ထောင်ထားသည်။ မောင်ရှင်က ဝါသနာပါရာ ကွန်ပျူတာဂရပ်ဖစ်ဒီဇိုင်းကိုလည်း လုပ်သည်။

မရှိသော်လည်း မရှားပါ၊ မရှားသော်လည်းမရှိလှပါ။ ဒါတောင်မှ ညီအစ်ကိုနှစ်ယောက်လုံး

အိမ်ထောင်မကျသေးသောကြောင့်ဖြစ်သည်။ အိမ်ထောင်ကျပြီး သားသမီးတွေရလာလျှင် သားကျွေးမှု၊ မယားကျွေးမှု အတော်ရုန်းကန်ရဦးမည် ဖြစ်၏။


(တစ်ခုတော့ ကြိုပြောရပါဦးမည်။ မောင်ရှင့်အစ်ကိုက အိမ်ထောင်မကျသေးဘူးဆို၍ မောင်ရှင်ကြိုက်မိသော

မိန်းကလေးသည် အစ်ကိုဖြစ်သူအား ချစ်ကြိုက်နေသူ မိန်းကလေးဖြစ်နေလိမ့်မည်ဟု ခေါက်ရိုးကျိုး

ဝတ္ထုများအတိုင်း ယူဆမထားစေလိုပါ။ ဤကား စကားချပ်။)


စားပွဲနှင့် နံရံကြား ညပ်နေရသော ဒုက္ခထက် ပိုဆိုးသည့် ဒုက္ခက ဗိုက်ဆာလာခြင်းဖြစ်သည်။

ကိုယ်ဘာတွေဖြစ်ခဲ့မှန်းလည်း မမှတ်မိ၍ ကိုယ်ဘယ်အထိငတ်ခဲ့မှန်းလည်း မသိလိုက်ချေ။ ဗိုက်ကတော့

အတော်ဆာလာ၏။ အသက်ရှူသံတောင်မထွက်ရအောင် ကိုယ့်ကိုယ်ကို သတိထားနေသည့်ကြားက ဗိုက်က ဂိုးဂိုးဂွဂွဖြစ်နေသည်။ ကြာလျှင် ဗိုက်ထဲက အသံနှင့်ပင် လူမိတော့မည်။ ထိုကြားထဲမှာပင် လဝန်းဆိုသော ကောင်မလေး အိမ်ပြန်ရောက်လာသည်။ ရုပ်ကို မမြင်ရသေးသော်လည်း အသံက အတော် သာယာသည်။ လူကနေသော်လည်း အသည်းနှလုံးက မနေသဖြင့် ချောင်းကြည့်မိသည်။


ကောင်မလေးက ဆွဲဆောင်မှုရှိသည်။ လှသော်လည်း အလှကြီး မဟုတ်၊ သို့သော် မျက်မှန်ကလေးနှင့် ဆွဲဆောင်မှုရှိသည်က အမှန်။ ကိုယ့်ရှူးဖိနပ်ကို စွပ်ထားသော သူ့မောင်လေးနှင့် ရန်ဖြစ်နေသံ၊ ဒေါ်ကြီးမွှေးနှင့် အတုံ့အပြန်စကားပြောသံ၊ စတာတွေအားလုံးက မောင်ရှင့်ရင်ကို ကြည်လင်ချမ်းမြစေသည်။ ဘာရယ်တော့ မဟုတ်ပါ၊ သူကလေးကို မောင်ရှင်ချစ်သလိုလို ဖြစ်သွားလေသည်။ မောင်ရှင်သည် ရည်းစားလည်းထားခဲ့ဖူးသူ မဟုတ်ချေ။ ကွန်ပျူတာသိပ္ပံဘာသာတွဲနှင့် တက္ကသိုလ်မှာ တက်ခဲ့စဉ်ကလည်း သူများလို ရည်းစားတွေဘာတွေ မရခဲ့။ သူ့ကို စိတ်ဝင်စားသည့် မိန်းကလေးတွေကတော့ ရှိခဲ့ဖူးသည်။ သူက ဂရုမစိုက်ခဲ့။ ယခု ဤကောင်မလေးကျမှ သဘောကျနေမိသည်။


မည်သို့ပင်ဖြစ်စေ၊ ခုတော့ သူ့မှာ ကို့ရို့ကားယားနှင့် တစ်လစ်ကြီးဖြစ်နေလေသည်။ နောက်တော့ အိမ်ထဲမှာပဲ ဟိုထောင့်မှ ဒီထောင့် လိုလျှင်လိုသလို သူ ကူးရွှေ့ပုန်းအောင်းနေရလေသည်။

သမုဒ္ဒရာ ဝမ်းတထွာဟုဆိုကြ၏။ မစားရတာက အကြောင်းမဟုတ်ပါ။ သို့သော် ဝမ်းထဲမှ သမုဒ္ဒရာအော်သံကို

တားဆီးရန် တစ်ခုခုစားဖို့ သူ ကြိုးစားရသည်။ ပင်လယ်အော်သံကပင် ဟယ်ဗီးမက်တယ်လ် မဟုတ်ပါလား၊

သမုဒ္ဒရာအော်သံဆိုတော့ ပိုဆိုးတော့မည်ပေါ့။ လဝန်း ဆိုသော ကောင်မလေးက ကြက်ဥကျော်သည်။ ကြည့်ကောင်းကောင်းနှင့် သူချောင်းကြည့်နေမိသည်။ ဒီကောင်မလေး၏လက်ရာဆိုတော့လည်း ပိုစားချင်မိ၏။

ခိုးစားမိတော့လည်း ပြဿနာကမအေး။ ထင်သည့်အတိုင်းပင် ကောင်မလေးက ပူညံပူညံလုပ်တော့သည်။


နောက်ပိုင်းတောက်လျှောက်မှာတော့ အဆီအငေါ်မတည့်တာတွေချည်းပဲ ဖြစ်နေတော့သည်။

ကမ္မ ဋ္ဌာန်းရှူမှတ်နေသည်ကိုတွေ့ခဲ့ရသော အမျိုးသမီးကြီးက လဝန်းတို့၏ မိခင်ဖြစ်သည်။ သားငယ်ဖြစ်သူကို

အလီအံခိုင်းရာတွင် မနေသာသဖြင့် သူက ဝင်ထောက်ပေးမိသည်။ တစ်ချက်တည်း လွှတ်ခနဲ

ထောက်ပေးမိလိုက်ခြင်းဖြစ်သည်။ ချက်ချင်းပဲ ကိုယ့်ကိုယ်ကို မှားသွားမှန်းသိလိုက်သည်။

တစ်ကိုယ်လုံး ညစ်ပေနေသဖြင့် ခြေလက်ဆေး၍ မျက်နှာသစ်ရန် မီးဖိုချောင်မှ ဆားနည်းနည်းရအောင်ယူပြီး

ရေချိုးခန်းထဲသို့ ရောက်အောင်ဝင်ကာ ရေပိုက်ခေါင်းကို ရအောင်ဖွင့်၍ ပါးစပ်ကို ရအောင်ဖြဲလျက်

သွားပါတိုက်ခဲ့သေးသည်။ ရေချိုးခန်းထဲမှအထွက် ဒေါ်ကြီးမွှေးနှင့်တိုးသည်။ အမှန်ဆို မောင်ရှင့်ကို ပက်ပင်းမိသွားဖို့ကောင်းသည်။ သို့သော် သူတို့ အနုပညာသမားတွေက ကိုယ့်အတွေးနှင့်ကိုယ်လာတတ်သလားမသိ။ အလျား ၅’ ၆” ရှိသော သူ့ကို တစ်လက်မမှ မမြင်ချေ။

ထမင်းစားပွဲအောက်သို့ သူကလည်း ကပျာကယာ ဝင်ပုန်းလိုက်ရ၏။ ဖြစ်ချင်တော့ စားပွဲစွန်းနှင့် ဒေါ်ကြီးမွှေး၏

လက်တိုက်မိပြီး ကိုင်လာသော စာအုပ်ပြုတ်ကျသည်။ ငုံ့ကောက်လျှင် မောင်ရှင့်ကို ဘွားဘွားကြီး

တွေ့သွားရော့မည်။


သူတို့အနုပညာသမားတွေဆိုတာက ခံစားတတ်သဖြင့် ကြောက်လန့်တကြားထအော်နိုင်သည်။

ဒေါ်ကြီးမွှေးကိုယ်အကိုင်းလေးမှာပင် ဆက်ငုံ့မလာစေရန် ကြုံရာစာအုပ်တစ်အုပ်ကို ဒေါ်ကြီးမွှေးလက်ထဲ

ထိုးထည့်ပေးလိုက်သည်။ စားပွဲအောက်မှာ ပြုတ်ကျနေသည့် အခြားစာအုပ်တစ်အုပ်နှင့် လွဲမှားသွားမှန်းတော့ သိလိုက်သည်။ ဒေါ်ကြီးမွှေးကလည်း ဒေါ်ကြီးမွှေးပင်။ အမှန်ဆို သူ့လက်က စာအုပ်ဆီမရောက်သေး၊ အောက်ကစာအုပ်က ခုန်ပြီး သူ့လက်ထဲရောက်လာသည်ကို သတိထားမိဖို့ကောင်းသည်။ အခုတော့ လားလားမှမသိ။ အခွင့်အရေးရသည်နှင့် ဤအိမ်မှထွက်သွားရန် စက္ကန့်မလပ် ကြိုးစားနေရသည်ပဲ။ သည်ကြားထဲမှာ ရေချိုးခန်းထဲမှာ ကျန်ခဲ့သော သူ့ဆားပုံလေးက မထင်မှတ်ဘဲ ပြဿနာထပေးပြန်သည်။ သိပ်မထူးတော့ပါ။ ဆယ်လူလာဖုန်းကိုင်၍ ဓားကြီးလွယ်လျက် ဦးငြိမ်းအေးဆိုသူ အိမ်ထဲသို့ဝင်မလာခင်ကတည်းက၊ မောင်ရှင့်ကို ဝိညာဉ်လိုလို၊ အစိမ်းသရဲလိုလို ဆားပုံကို အကြောင်းပြုပြီး စွပ်စွဲမသွားခင်ကတည်းက အရေးတော်ပုံက စခဲ့ပြီဖြစ်သည်။

“ဟေး...ဘယ်မှာလဲ၊ ထွက်ခဲ့”

“.................”

“ဟေ့လူ၊ ထွက်ခဲ့ဆို ထွက်ခဲ့နော်”

ထိုသို့အော်ဟစ်ပြီး လဝန်းတို့ မောင်နှမ သူ့ကို လိုက်ရှာကြတော့ အပေါ်ထပ်သို့ သူထွက်ပြေးရသည်။

နီးရာအခန်းထဲသို့ ဝင်ပုန်းရ၏။

သူ့ကို လာရှာသော အောင်အောင်အမည်ရှိ ကိုယ်တော်လေးနှင့် ရေစက်မပါဘဲ တည့်တည့်ဆုံလေသည်။

“ဟင်...”

ကောင်လေးက အော်မည်အပြု သူက ကောင်လေးကို သိုင်းဖက်ပြီး ပါးစပ်ကို လက်နှင့်အုပ်ထားရသည်။

“ဟေ့ကောင်၊ ညီလေး မအော်နဲ့၊ မအော်နဲ့”

ကောင်လေးက အတင်းရုန်းရင်း အင်းအင်းအဲအဲဖြစ်နေသည်။

“ညီလေး မအော်ပါနဲ့ကွ၊ ငါသူခိုးမဟုတ်ဘူး”

ကောင်လေးက သူ့ကို တစ်ကိုယ်လုံး အစုန်အဆန်ကြည့်ပြီး စူးစူးရှရှ အကဲခတ်သည်။ သူ့ကို ချုပ်နှောင်ထားပြီး

အတင်းအဓမ္မတိုးလျှိုးတောင်းပန်နေသော မောင်ရှင့်ကို အကြောက်လျော့သွားပုံရသည်။

မျက်နှာအရိပ်အကဲကို ကြည့်နေရသော မောင်ရှင်က...

“ရှူး...တိုးတိုး”

ကောင်လေး၏ပါးစပ်ကို ပြန်ဖွင့်ပေးလိုက်သည်။ အချိုမြဆုံးပြုံးပြပြီး ချုပ်ထားသော လက်ကိုလည်း

ဖြည်ပေးလိုက်သည်။

“ငါလူကောင်းပါ ညီလေးရယ်၊ မအော်လိုက်ပါနဲ့”

“ခင်ဗျား လူကောင်းဆိုရင် အော်မှာကိ ဘာကြောက်စရာလိုလဲ”

ကောင်လေးက ထိုသို့ ဂျစ်တစ်တစ် ပြန်လုပ်၏။

“အော်လို့တော့ မဖြစ်ဘူးလေကွာ၊ အော်လိုက်ရင် ငါဒီမှာရှိမှန်း အကုန်လုံးသိသွားမှာပေါ့”

“ခင်ဗျား သူခိုးလား”

“ဘယ်ကလာ ညီလေးရာ”

“ဓါးပြလား”

“ဟာ...မဟုတ်ပါဘူး”

“ဒါဖြင့် ဒီအိမ်ထဲကို ဘာဝင်လုပ်နေတာလဲ”

“အဲ...အဲဒါက”

ဘာပြောရမလဲမသိဖြစ်သွားတော့သည်။ အောင်အောင်က ကလေးသာသာအရွယ်ဖြစ်သော်လည်း

သူကျေနပ်အောင်တော့ ဖြေရှင်းချက်တစ်ခုခုပေးမှ ဖြစ်မည်။

“ဒီလို ညီလေးရ”

“ဘယ်လိုလဲ”

“ငါ့ကိုလူဆိုးတွေက လိုက်ဖမ်းလို့ထွက်ပြေးရင်း ဒီရောက်လာတာ”

“ဟင်...”

အောင်အောင် မျက်လုံးဝိုင်းသွား၏။ သူ့စကားက အောင်အောင့်ကို ဖမ်းစားသွားနိုင်မှန်း မောင်ရှင်ရိပ်မိလိုက်သည်။

“ခင်ဗျားက စုံထောက်လား”

ချော်မလဲဘဲ ရောထိုင်လိုက်သည်။

“အေး...ဟုတ်တယ်ကွ၊ အစ်ကိုက စုံထောက်”

“သေနတ်၊ သေနတ် မပါဘူးလား”

“အေးကွ၊ ဘယ်နားပြုတ်ကျခဲ့သလဲမသိဘူး”

“ဟာ...အစ်ကိုကြီးကလဲဗျာ၊ ကျွန်တော်သာဆို သေနတ်နဲ့ ပြန်ပစ်မှာပဲ”

“ငါ့ကို ဆယ်ယောက်တစ်ယောက်ဝိုင်းချကြတာကွ၊ ဒီမှာကြည့်ပါလား”

နဖူးမှ ဒဏ်ရာကို လက်ညှိုးညွှန်ပြပြီး...

“ငါအရှောင်ကောင်းလို့ သီသီလေးလွတ်လာတာ၊ နဖူးကို ကျည်ဆန်ရှပ်မှန်သွားတာ”

“အဲဒီလူဆိုးတွေ ဘယ်ရောက်သွားလဲ”

အောင်အောင်က စိတ်ဝင်တစားမေး၏။

“သူတို့ ငါ့ကို လိုက်ရှာနေကြတာပေါ့”

“ခင်ဗျား ဒီမှာရှိမှန်း သူတို့ မသိကြသေးဘူးလား”

“အေး...မသိသေးဘူး၊ ဒါကြောင့် အစ်ကိုကြီး ဒီမှာပုန်းနေတာ”

အောင်အောင်က တစ်စုံတစ်ရာကို စဉ်းစားနေ၏။ မောင်ရှင်က လေပြေကလေးနှင့်...

“ညီလေး၊ ဘယ်သူ့ကိုမှ လျှောက်မပြောပါနဲ့ကွာ နော်”

ကောင်လေးက သူ့စကားကို သိပ်စိတ်မဝင်စားလှဘဲ...

“နေဦး၊ ခင်ဗျားနဲ့ အဲဒီလူဆိုးတွေနဲ့ ဘယ်နားမှာ ချတာလဲ”


“ဟာ.... တစ်လမ်းလုံးချလာတာပဲကွ၊ သူတို့က ငါ့ကိုနောက်ကနေ လိုက်ပစ်နေကြတာ”

“ခင်ဗျားသေနတ်က ဘယ်နားမှာ ပြုတ်ကျခဲ့တာလဲ”

အောင်အောင်က သေနတ်ကို စိတ်ဝင်စားနေသည်။ နေရာသိလျှင် သွားကောက်မည့်ပုံဖြစ်၏။

“ဘယ်မှာ ပြုတ်ကျခဲ့မှန်းမသိဘူးကွ”

“ခင်ဗျားသေနတ်က ခြောက်လုံးပြူးလား”

“မဟုတ်ဘူး၊ ပစ္စတို”

“ဟာ...ပိုကောင်းတာပေါ့”

အောင်အောင်က သူ့လက်ဖဝါးနှစ်ဖက်ကိုပွတ်ပြီး အားမလိုအားမရ ညည်းတွားသည်။ ထိုအချိန်မှာပင်...

“အောင်အောင်”

အော်ခေါ်သံနှင့်အတူ အောက်ထပ်မှတက်လာသော လဝန်း၏ ခြေသံကိုကြားရသည်။

“ဟာ...ညီလေး၊ လုပ်ပါဦး၊ ငါ့ကိုဝှက်ပေးပါဦး”

ကောင်လေးပြာသွားပြီး...

“သွား၊ သွား၊ ကျွန်တော့ခုတင်အောက်မှာပုန်းနေ”

မောင်ရှင်လည်း ရွှတ်ခနဲ ခုတင်အောက်ကို လေးဘက်ထောက်ပြီးရောက်သွားရသည်။ လဝန်းရောက်လာပြီး သူတို့ မောင်နှမ အချီအချ စကားပြောနေကြ၏။

ထိုအချိန်မှာပဲ ဦးငြိမ်းအေးဆိုသူရောက်လာပြီး လဝန်း အောက်ထပ်ပြန်ဆင်းသွားရသည်။ အောင်အောင်က

နေရစ်ခဲ့ပြီး...

“ဟေ့ စုံထောက်၊ ဟေ့ စုံထောက် ရပြီ ထွက်ခဲ့တော့”

ခုတင်အောက်မှ လေးဘက်ထောက်၍ ပြန်ထွက်ရင်း မောင်ရှင် ရယ်ချင်နေမိသည်။ အောင်အောင်က

စိတ်ကူးယဉ်တတ်သည့် ကလေးအရွယ်မို့ တော်တော့သည်။

“အေး ကျေးဇူးပါပဲ ညီလေးရာ”

“နေဦး အစ်ကိုကြီးကို ကျွန်တော်မေးမလို့”

“ဘာမေးမလို့လဲ”

“အစ်ကိုကြီးက စုံထောက်ဆိုတော့ သိုင်းတတ်လား”

ပြဿနာပဲ။ မောင်ရှင်ကဖြင့် လက်သီးပင် မထိုးတတ်။ တစ်သက်လုံး လူနုတစ်ယောက်လို

ကြီးပြင်းလာခဲ့ခြင်းဖြစ်သည်။ သို့သော် မျက်နှာထားကို တင်းတင်းထား၍ ရင်ဘတ်ကို ကော့လိုက်ရင်း...

“ဟာ...တတ်တာပေါ့”

“အင်းနော်၊ ဒါကြောင့် ဆယ်ယောက်တစ်ယောက်ချနိုင်တာ၊ ကျွန်တော့်ကိုလည်း သင်ပေးဗျာ”

“အေး သင်ပေးမယ်၊ ညီလေးကသာ အစ်ကိုကြီး ဒီထဲရောက်နေတာ ဘယ်သူ့မှ မပြောနဲ့ဦး”

“ဘာလဲ၊ ရန်သူတွေ သိသွားမှာစိုးလို့လား”

“အေးပေါ့ကွ၊ ငါ့မှာက သေနတ်လည်း မရှိတော့ဘူး”

“မပူနဲ့ ကျွန်တော်ကူမယ်”

ထိုစကားကို ကြားလိုက်ရတာ နားထဲမှာ မြိန်ရေယှက်ရေ ရှိလွန်းလှ၏။ သို့သော် ကောင်လေးက သူ့အတွက်

နေစရာ စားစရာ စီစဉ်ပေးခြင်းမျိုးမဟုတ်ဘဲ....

“ရော့ ဒါယူထား”

“အင်း”

“သေနတ်ပြန်မရသေးခင် ဒါကို သုံးပေါ့”

မောင်ရှင့်ကို သူ လေးခွပေးခြင်းဖြစ်၏။ အောင့်သက်သက်နှင့် သူစိတ်ကျေနပ်ရန်၊ လေးခွကို ခါးကြားမှာ

ထိုးလိုက်ပြီး...

“မင်း လောက်စာလုံးတွေကရော ကောင်းရဲ့လားကွ”

“ကောင်းတယ်၊ ခင်ဗျား မီးဖိုချောင်နောက်က အဖီထဲမှာ သွားပုန်းနေလိုက်၊ မီးသွေးအိတ်ကို ကွယ်ပြီး ပစ်လို့ရတယ်”

သေဟ။


* * *


(၉)


ညနေစောင်းက တရွေ့ရွေ့ကုန်လွန်လာပြီ၊ မီးဖိုဆောင်အဖီလေးမှာ မကြာမီ မှောင်တော့မည်။

အတောင်တပ်ထားသော တိုက်ချင်းပစ် ဒုံးကျည်တွေက တဝီဝီအသံပေးကာ မောင်ရှင့်အနီးတဝိုက်မှာ

ရစ်ဝဲရစ်ဝဲလုပ်လာကြသည်။ ညမှောင်လျှင် ပိုဆိုးလိမ့်မည်။ တစ်ညလုံး ဤခြင်တွေနှင့်ဆိုလျှင် အေးအတူ ပူအမျှနေထိုင်သွားဖို့ရာ လွယ်ကူစရာ အကြောင်းမရှိပါ။ ခက်ပြီ။ ကိုယ်ကလည်း ဘောင်းဘီရှည်ကြီးဝတ်လာမိသည်။ ပုဆိုးဝတ်လာခဲ့လျှင်မှ ခြုံကွေး၍ ရဦးမည်။ ဤပုံစံနှင့် ဤညကို

ဖြတ်သန်းဖို့အရေး တွေးရင်းတွေးရင်း ရင်မောနေမိသည်။

“ဟေ့ စုံထောက်၊ ဟေ့ စုံထောက်”

မီးဖိုချောင်ဘက်မှ တံခါးဖွင့်သံကြားရပြီးနောက် အောင်အောင်၏ ခပ်အုပ်အုပ်ခေါ်သံကိုကြားရသည်။

ဘာရယ်မဟုတ်ဘဲ ဝမ်းသာအားရ ပြန်ထူးလိုက်၏။

“ဟေ...ငါဒီမှာ ညီလေး”

အောင်အောင်က သူ့ထံလျှောက်လာသည်။ မောင်ရှင်က....

“ညီလေး၊ ညီလေး၊ မင်းတံခါးပြန်ပိတ်လိုက်ဦး”

“ဪ...ဟုတ်သားပဲ”

အောင်အောင်က တံခါးကို သွားပြန်ပိတ်လိုက်ပြီး...

“ခင်ဗျားက အတော်စေ့စပ်တာပဲ၊ ဒါကြောင့်မို့ စုံထောက်ဖြစ်နေတာ”

“အဟီး”

ပြောချင်ရာ ပြောပါစေတော့၊ ခုအချိန်မှာ သူကိုယ့်ကို အထင်ကြီးအသိအမှတ်ပြုနေဖို့လိုသည်။

အောင်အောင်က သူ့ကို...

“ရော...”

ငှက်ပျောသီးသုံးလုံးပေး၏။

“ဟာ...အေး၊ ကျေးဇူးပဲ”

“အဲဒါ ကျွန်တော် လူကြီးတွေဆီက တောင်းလာတာ၊ ကျွန်တော်စားမယ်လို့ သူတို့ကထင်နေတာ”

“အေးအေး ညီလေး”

“ခင်ဗျား ဒါနဲ့ဝမလား”

“အဲ...အင်း ရပါတယ်”

“မဝလည်း နောက်ထပ်မရတော့ဘူး”

“အေးပါကွာ”

“တစ်ခုတော့ရှိတယ်၊ ခင်ဗျား ခိုးမစားနဲ့နော်၊ မမလေးရဲ့ ကြက်ဥကြော်တွေ ခင်ဗျားမနက်က ခိုးစားတယ်

မဟုတ်လား”

မောင်ရှင် ရှက်သွားသည်။ ဒီလိုအလုပ်မျိုး ဘယ်တုန်းကမှ မလုပ်ခဲ့ဖူးပါ။ ခုမှပဲ မကြုံဖူးတာတွေ

တွေ့ကြုံနေရတော့သည်။

သူ့အိတ်ထဲမှာ ပိုက်ဆံတော့ ပါပါသည်။ သို့သော် အောင်အောင့်ကိုပိုက်ဆံပေးပြီး တစ်ခုခုဝယ်ခိုင်းဖို့ကလည်း

မကောင်းလှ၊ အားနာသလိုခံစားရသည်။ ထို့အပြင် အိမ်ကလူတွေ မသင်္ကာဖြစ်သွားနိုင်သည်။

အောင်အောင့်လက်ထဲမှ မိသွားနိုင်၏။

“ခင်ဗျားကို ကျွန်တော်ပြောမလို့”

အောင်အောင်က အရေးကြီးသလို လေသံနှင့်ဆို၏။

“ဘာများလဲကွ”

“ခင်ဗျား ဒီရောက်နေတာ ကျွန်တော် ရဲတွေကို သွားပြောပြရမလား”

“ဟေ”

မောင်ရှင် မျက်လုံးပြူးသွားရသည်။

“ဘာ... ဘာဖြစ်လို့လဲကွ”

“ရဲတွေက ခင်ဗျားကို လာကူလို့ ရမှာပေါ့၊ ဒါမှ လူဆိုးတွေကို ခုခံလို့ရမှာ”

“ဟာ မလုပ်နဲ့၊ မလုပ်နဲ့”

“ဘာဖြစ်လို့လဲ”

“ငါ့တာဝန်က လျှို့ဝှက်ကွ၊ ရဲတွေတောင်မသိဘူး”

“ဟင်၊ အဲဒါဆို ခင်ဗျား ဘယ်လိုဆက်လုပ်မလဲ”

“လူဆိုးတွေကို ငါတစ်ယောက်တည်း ပြန်ချရမှာပေါ့”

“ဟုတ်လား၊ ဘယ်လိုပြန်ချမလဲ”

“လောလောဆယ် ဒီအိမ်ထဲက ပြန်ထွက်ဖို့လိုတယ်ကွ၊ ငါက မင်းတို့အိမ်မှာ ပိတ်မိနေတယ်”

“ဟာဗျာ”

အောင်အောင်က ဘဝင်မကျသလို ဖြစ်သွားသည်။

“ခင်ဗျားကလည်း စုံထောက်ကြီးတစ်ယောက်လုံးလုပ်နေပြီး ဒီအိမ်ကတောင် ပြန်မထွက်တတ်ဘူးလား”

“ဟ မင်းတို့အိမ်က ခုသော့တွေအလုံခတ်၊ ခတ်ထားတာကွ၊ ငါပြန်ထွက်လို့မရဘူးဖြစ်နေတယ်”

“ရုပ်ရှင်ထဲက စုံထောက်တွေဆို သော့ခတ်ထားလည်း သူတို့ဘာသာ ဖွင့်ဝင်တတ်တာပဲ၊ ခင်ဗျားက

အဲလိုမရဘူးလား”

“ရတော့ရတာပေါ့ကွ၊ ဒါပေမယ့် အဲဒီကိရိယာတွေက ပါမလာဘူး၊ နောက်ပြီး မင်းတို့အိမ်တံခါးတွေ

ပျက်စီးသွားမှာစိုးတယ်”

အောင်အောင်က ခေါင်းကုတ်၏။ သူကိုယ့်ကို စိတ်ပျက်မသွားစေရန် ကြံကြံဖန်ဖန်တွေ လျှောက်ပြောရသေး၏။

“တခြားအိမ်တွေဆိုရင်တော့ ငါက အိမ်ထဲကလူတွေကို တိုက်ခိုက်ပြီး ထွက်ပြေးသွားမှာပေါ့၊ မင်းတို့အိမ်ကျတော့ ဒီလိုလုပ်လို့ ဘယ်ဖြစ်မလဲ”

ထိုစကားက အောင်အောင့်၏ စိတ်လမ်းကြောင်းကို ပြောင်းပေးလိုက်နိုင်သည်။

“ဟုတ်ပြီ၊ ခင်ဗျားကို ကျွန်တော်မေးဦးမလို့”

“ဘာမေးမှာလဲ”

“လူဆိုးတွေကို ခင်ဗျားချတော့ ဘာသိုင်းကွက်နဲ့ချတာလဲ”

“အာ...ဟို”

“ခင်ဗျားက မလျှိုနဲ့လေဗျ၊ ကျွန်တော်က ဘယ်သူ့မှ ပြန်မပြောပါဘူး”

“ဟို မိုး...မိုးကြိုးသိုင်းကွက်”

အမှန်တော့ စိတ်ညစ်ညစ်နှင့် အော်သာရယ်ပစ်လိုက်ချင်သည်။ အမေကလည်းသားအဖြစ်ကို

လာကြည့်ဖို့နေနေသာသာ သိတောင်သိမည်မဟုတ်။

“ဒါဆို အဲဒီသိုင်းကွက် ကျွန်တော့်ကို သင်ပေးဗျာ”

“အာ...မင်း အဲဒါကို သင်လို့ရမှာမဟုတ်ဘူး”

“ဘာဖြစ်လို့လဲ၊ ကျွန်တော်က အတွင်းအား မပြည့်သေးလို့လား”

“အေးအေး၊ ဟုတ်တယ်”

“ဟာကွာ”

အောင်အောင်က သူ့ကိုယ်သူ မကျေမနပ်ဖြစ်သွားသည်။ သူမေးချင်တာတွေကို ကိုယ်ဖြေပြီးပြီ၊

ကိုယ်မေးချင်တာတွေကိုလည်း သူ့ကို မေးရဦးမည်။

“နေဦး၊ မင်းကိုလည်း ငါမေးမလို့”

“ဘာလဲ”

“နေ့ခင်းကလာတဲ့ ဦးငြိမ်းအေးဆိုတဲ့လူကြီးက မင်းအစ်မရည်းစားလား”

“ဟင့်အင်း မဟုတ်ဘူး၊ သူကသာ မမကို ကြိုက်နေတာ”

“မင်းအစ်မက ပြန်မကြိုက်ဘူးလား၊ သူ့မှာ တခြားရည်းစား ရှိလို့လား”

“ဟင့်အင်း၊ မရှိပါဘူး”

တော်ပါသေးရဲ့၊ ကိုယ်သိချင်တာလည်း ဒီအချက်၊ ကိုယ်ကြားချင်တာကလည်း ဒီစကားပဲဖြစ်သည်။

“အေးအေး၊ နောက်ပြီး တစ်ခုရှိသေးတယ်”

“ဘာလဲ”

“ဒီအိမ်က ဘယ်နားက အိမ်လဲကွ”

“ဗျာ”

“မင်းတို့အိမ်က ဘယ်နားက အိမ်လဲကွ”

“ဟင်၊ ဘာလဲ”

သူ့အမေးကို အောင်အောင်က သဘောမပေါက်ချေ။ ထို့ကြောင့်မောင်ရှင်က စကားလုံးပြောင်းပြီး

ပြန်မေးလိုက်သည်။

“မင်းတို့အိမ်ရဲ့ လိပ်စာကိုမေးတာ”

“ဪ”

အောင်အောင်က သူတို့အိမ်လိပ်စာကိုရွတ်ပြ၏။ ကျောင်းမှာ ဆရာမကို စာအံသလို ဝရူးဝရူးရွတ်ပြသွားသဖြင့်

ရှင်းအောင် နှစ်ခေါက်ပြန်မေးရသည်။ ကျောင်းက ဆရာမကတော့ သူ့လိပ်စာကို မှတ်ထားမည် မဟုတ်၊

ကိုယ်ကတော့ တစ်လုံးချင်း လိုက်မှတ်နေရသူကိုး။

“ခြင်ကိုက်လိုက်တာဗျာ”

အောင်အောင်က ခြင်ရိုက်ရင်း ညည်းတွား၏။

“အေး၊ ငါကတော့ တစ်ညလုံး ဒီထဲမှာနေရမှာ မချောင်ဘူး”

“စုံထောက်ပဲဗျာ၊ အသက်ကို ပဓာနမထားဘဲ ရာဇဝတ်ကောင်တွေကို ဖော်ထုတ်ပြီး ပြည်သူတွေရဲ့ အန္တရာယ်ကို

ကာကွယ်နေတဲ့လူပဲ၊ ဒီလောက်တော့ ခံနိုင်ရမှာပေါ့”

“ဪ...ဟုတ်ကဲ့၊ ဟုတ်ကဲ့”

ကျွန်တော့်အဖြစ်ကို အမေက လာမကြည့်ရင်လည်း အဖေကတော့ လာကြည့်ပါဦးဗျာ။ ထိုသို့သာ

အော်လိုက်ချင်တော့သည်။

“ကျွန်တော်က ခင်ဗျားကို အိမ်ထဲမသွင်းတာ အကြောင်းရှိတယ်ဗျ”

“ဘာအကြောင်းလဲ”

“အိမ်ရဲ့ ထောင့်တွေ ထောင့်တွေမှာ မှန်တွေတပ်ထားတယ်၊ အိမ်ထဲမှာဆိုရင် အဲဒီမှန်တွေကတစ်ဆင့် ခင်ဗျားကို မိသွားနိုင်တယ်၊ မမက အရမ်းလျင်တာ၊ သူမိသွားလိမ့်မယ်”

“အေးအေး၊ ဒါလည်းဟုတ်ပါတယ်ကွာ၊ ဒါထက်ငါနားမလည်တာတစ်ခုရှိသေးတယ်”

“ဘာလဲ”

“မင်းတို့အိမ်သာမှာ ဆိုင်းဘုတ်ကလေးတစ်ခုတပ်ထားတယ်၊ တစ်ထောင့်တစ်ရာ့တစ်ကျပ်တဲ့၊ အဲဒါဘာလဲ”

“တစ်ထောင့်တစ်ရာ့တစ်ကျပ် ဟုတ်လား၊ မရှိပါဘူး”

အောင်အောင် အူကြောင်ကြောင်ဖြစ်သွားသည်။

“ရှိပါတယ်၊ ဟိုဘက်ဒီဘက်လှည့်လို့ရတဲ့ကတ်ပြားလေးကွာ၊ တစ်ခါတစ်ခါတစ်ထောင့်တစ်ရာ့တစ်ကျပ်ဆိုတဲ့

ဘက်ကိုလှည့်ထားတယ်၊ တစ်ခါတစ်ခါကျတော့လည်း ကျောဘက်ကိုလှည့်ပြီး ဒီအတိုင်းဗြောင်ကြီး

ထားထားတယ်”

“ဪ”

သူဆိုလိုတာကို အောင်အောင် သဘောပေါက်သွား၏။ ပြီးမှ ခေါင်းခါပြီး ပြန်ငြင်းသည်။

“ခင်ဗျားကလည်း ၁၁၀၁ိ/- မဟုတ်ပါဘူးဗျ၊ ‘သတိ’လို့ ရေးထားတာပါ”

“ဪသာ် ဟုတ်လား၊ ငါကလည်း အဲဒါကြီးကို သဘောမပေါက်ဖြစ်နေတယ်၊ နေပါဦး ဘာကိုသတိထားရမှာလဲ”

“အိမ်သာကို ဆေးဖြန်းထားခါစ ဆိုရင် အဲဒီဆိုင်းဘုတ်လေးကို သတိ ဘက်လှည့်ထားတယ်၊ မလိုတော့ဘူးဆိုရင် ပြန်မှောက်လိုက်တယ်”

“ဪ...အဲလိုလား”

ထိုအချိန်မှာပင်...

“အောင်အောင်”

ကြည်လင်ချိုမြသော လဝန်း၏ ခေါ်သံလေးကို ကြားရ၏။

“ဟာ...မင်းအစ်မခေါ်နေပြီ”

“အင်း၊ ဟုတ်တယ်”

ခေါ်သံက ထပ်ထွက်လာပြန်သည်။

“အောင်အောင် ဘယ်ရောက်နေလဲ၊ ထမင်းစားမယ်”

“သွားတော့ သွားတော့ ဟေ့ကောင်၊ တော်ကြာ မင်းကိုလိုက်ရှာရင်း ဒီထဲ ရောက်လာဦးမယ်”

“အင်း....ဟုတ်တယ်၊ သွားပြီ သွားပြီ”

အောင်အောင်က တံခါးတွန်းဖွင့်ပြီး အိမ်ထဲပြန်ဝင်သွားသည်။ သက်ပြင်းမှုတ်ထုတ်ပြီး မောင်ရှင် မီးသွေးအိတ်ကြီးကို မှီချလိုက်ချိန်တွင်...

“ကျွီ....”

တံခါးက ပြန်ပွင့်လာသည်။ မောင်ရှင့်တစ်ကိုယ်လုံး သွေးကြောတွေ ဖျဉ်းခနဲဖြစ်သွား၏။ လှမ်းကြည့်လိုက်တော့

အောင်အောင်ပဲ ဖြစ်နေပြန်သည်။

“ဟူး...လန့်သွားတာပဲ၊ ဘာလဲ”

“ပြောစမ်းပါဦးဗျ”

“ဘာကိုပြောရမှာလဲ”

“ခင်ဗျားရဲ့သေနတ်က ဘယ်နားမှာ ကျကျန်ခဲ့တာလဲ”

အာ...လာပြန်ပြီ။

“မမှတ်မိတော့ဘူး”

“တောက်၊ နာတယ်ကွာ၊ မှတ်မိရင် အပိုင်ပဲ”

အောင်အောင်က တဗျစ်တောက်တောက်လုပ်ရင်း....

“အဲဒီခင်ဗျားသေနတ်မှာ အသံတိတ်ကိရိယာပါလား”

“အေး ပါတယ်၊ အသံတိတ်သေနတ်”

တဆက်တည်းမှာပင် မောင်းထုတ်ရသည်။

“ဟေ့ကောင်၊ သွားတော့လေ”

ထိုအခါကျမှ အောင်အောင် ကုတ်ချောင်းချောင်းလေး ပြန်ထွက်သွားသည်။ မောင်ရှင် ရင်တမောမောနှင့်

ကျန်ရစ်ခဲ့၏။


ဤအိမ်၏လိပ်စာကိုတော့ သိရပြီ၊ ကိုယ့်အိမ်ကို လှမ်းဖုန်းဆက်ပြီး အကျိုးအကြောင်းပြောပြကာ

အကူအညီတောင်း၍ရနိုင်သည်။ သို့သော် ခက်သွားသည်က အိမ်မကြီးထဲသို့ ဝင်မရတော့ချေ။ အဖီဂိုထောင်ထဲမှ မီးဖိုချောင်သို့ ကူးသော တံခါးကို အောင်အောင်က ဂျက်ထိုး၍ပိတ်သွားသည်။

မောင်ရှင်၏ အရှေ့အနောက်၊ တောင်မြောက်ဝဲယာမှာ ခြင်တွေက တရုန်းရုန်းတဝုန်းဝုန်း၊ အသံထွက်အောင်

မရိုက်ရဲသဖြင့် အသာအယာပွတ်ပွတ်ချနေရသည်။ တစ်ကိုယ်လုံးမှာလည်း ခြင်စုပ်ထားသောသွေးများနှင့်

ရဲနေလောက်ပြီ။ ဤသို့သောဒုက္ခမျိုးကို သူများတကာတွေ တွေ့ကြုံဖူးကြမည်မဟုတ်။ အိပ်ပစ်လိုက်တာကောင်းမည်။ ပြောသာပြောရသည်။ အိပ်ပျော်ရန်အကြောင်းက တစ်မှုန်လေးမျှမရှိ။

“ဟင်”

ခေါင်းထောင်သွားရသည်။ မီးဖိုခန်းထဲမှ အောင်အောင်နှင့် လဝန်းတို့ စကားအခြေအတင်ပြောသံကို

တိုးတိုးသဲ့သဲ့ကြားလိုက်ရသောကြောင့် ဖြစ်၏။

“ဒီမီးဖိုခန်းထဲမှာလည်း ဘာမှမရှိပါဘူးမမရာ၊ မမက ဘာတွေလာပြောနေမှန်းလည်းမသိဘူး”

“ဒီမယ် အောင်အောင်၊ ငါပြောမယ်၊ ဝါးနုက ဝါးရင့်ကို လာမပတ်နဲ့၊ နင့်ကိုငါနည်းနည်းမှ မသင်္ကာဘူး”

“ဘာမသင်္ကာတာလဲ”

“စောစောက နင် ငှက်ပျောသီးသုံးလုံးလာတောင်းသွားကတည်းက မသင်္ကာတာ”

“အဲဒါဘာဖြစ်လို့လဲ”

“ဟင်...မမကလည်း၊ သားစားလိုက်ပြီ”

“ဟင်းဟင်းဟင်း၊ အောင်အောင်ရယ်၊ နင်က ဘယ်တုန်းကမှ ငှက်ပျောသီးကြိုက်တဲ့သူမဟုတ်ဘူး၊ ငါ့ကို

လာပတ်မနေနဲ့၊ ယူစားလည်း တစ်လုံးပေါ့၊ ခုသုံးလုံးတောင်ဆိုတာကြီးက အဓိပ္ပါယ်မရှိဘူး”

“အာ...မမကလည်း၊ သားဘာသာစားရင်စားမှာပေါ့”

“အပိုတွေပြောမနေနဲ့၊ အခုထမင်းစားတော့လည်း နင်စားတော့လည်း တစ်ဖြဲနှစ်ဖြဲ၊ ငှက်ပျောသီးသုံးလုံးကိုသာ

နင်စားထားရင် ထမင်းကို ဒီလောက်မစားနိုင်ဘူး၊ ကဲ...ပြောစမ်း၊ နင်ဘာတွေ မဟုတ်တာ လုပ်ထားလဲ”

“ဟင့်အင်း၊ သား ဘာမှမလုပ်ဘူး”

မသဲမကွဲကြားနေရသော မောင်ရှင်လည်း စိုးရိမ်ထိတ်လန့်လာ၏။ မနက်ကတည်းက အတော်စိတ်ဝင်စားနေမိသော လဝန်းကိုလည်း တစိမ်းအချစ်ထက် နည်းနည်းပိုချစ်သွားမိသည်။

မီးဖိုချောင်ထဲမှာ ရှာသံဖွေသံ ကြားရသည်။

“ဘာမှ မရှိပါဘူး မမရဲ့”

“အေး...အဲဒါဆိုလည်း အဲဒီတံခါးဝက နင်ဖယ်စမ်း”

“ဘာလုပ်မလို့လဲ”

“အဖီဂိုထောင်ထဲကြည့်မလို့”

“အဲဒီမှာ ဘာရှိမှာမို့လို့လဲ”

“နင်မရှည်နဲ၊ အဲဒီအဝကနေ ဖယ်ဆိုဖယ်”

“မမကဗျာ၊ ဘာမှန်းကို မသိဘူး”

အောင်အောင်၏မသဲမကွဲ ရေရွတ်သံနှင့်အတူ တံခါးဖွင့်နေသံကို ကြားရ၏။

“ဟာ...”

မီးသွေးအိတ်ခွံအလွတ် တစ်လုံးထဲကိုယ့်ကိုယ်ကို ချိုးကွေးပြီး အတင်းတိုးဝင်လိုက်သည်။ မွှန်လိုက်၊ နံလိုက်သည်မှာ မပြောပါနှင့်တော့။ အိတ်ထဲမှာ မီးသွေးအစအန အကြွင်းအကျန်တွေက ရှိသေးသည်။

“ကျွီ...”

တံခါးပွင့်သွားပြီး လက်နှိပ်ဓါတ်မီးအလင်းရောင်က ဂိုဒေါင်ထဲမှာ ဟိုဟိုသည်သည် ရွေ့လျားဝင်ရောက်လာသည်။

မီးသွေးအိတ်ခွံထဲမှာ တုတ်တုတ်မှ မလှုပ်ရဲဘဲ အသက်ကို အောင့်ထားရသည်။

“မမကလည်း၊ အဲဒါကြောင့် ကျွန်တော်ပြောသားပဲ၊ ဘာမှ မရှိပါဘူးဆို”

အောင်အောင့်အသံကလည်း ဇဝေဇဝါအသံဖြစ်၏။ မောင်ရှင်ဘယ်ရောက်သွားပါလိမ့်ဟု အောင်အောင်ကိုယ်တိုင် နားမလည်နိုင်အောင် ဖြစ်နေပုံရသည်။ လဝန်းက လက်နှိပ်ဓါတ်မီးတဝင်းဝင်းဖြင့် အတန်ကြာသည်အထိ စူးစမ်းကြည့်၍နေ၏။ မောင်ရှင် ဝင်ပုန်းနေသော မီးသွေးအိတ်ကိုလည်း ပြေနေသည့်မီးသွေးအိတ်တစ်အိတ်ဟုသာ ထင်သွားပုံရသည်။

ခဏအကြာမှာ...

“ကဲ...ဝင်မယ်၊ ဝင်မယ်”

တံခါးပြန်ပိတ်ပြီး နှစ်ယောက်လုံး အိမ်ထဲပြန်ဝင်သွားကြ၏။ လဝန်းက သူမ မသင်္ကာသော မီးဖိုခန်းကို

မီးဖွင့်သွားလေသည်။


* * *


(၁၀)


စိတ်ချရအောင် သူတို့ထွက်သွားပြီး အတော်ကြာသည်အထိ မီးသွေးအိတ်ထဲတွင် ငြိမ်နေလိုက်သည်။ မီးသွေးအိတ်ဝမှ ချောင်းကြည့်လျှင် မြင်ရသော မီးဖိုချောင်မီးပိတ်သွားမှ ထွက်မည်ဟု ဆုံးဖြတ်လိုက်၏။ သို့သော်အတော်ကြီးကြာသည်အထိ မီးက လင်းဆဲ။

အိမ်ထဲမှာလည်း လူသံသူသံ၊ စကားပြောသံ၊ TV မှ အသံများပင်တိတ်သွားပြီ၊ မီးကလင်းဆဲ။

မနေနိုင်တော့၊ မီးသွေးအိတ်ထဲမှ ထွက်လိုက်တော့၏။ စကြဝဠာတွင်းနက်ကြီးထဲမှ ပြန်လွတ်လာသလိုပင်။

မောင်ရှင့်မျာ ဒုက္ခက အတော်ကြီးနေပြီ၊ တစ်ကိုယ်လုံးမဲပေညစ်ပတ်နေမှာကတော့ တွေးကြည့်ရုံနှင့်သိနိုင်သည်။

မှန်ပင်မလို၊ မီးသွေးနံ့ကလည်းနံနေသေး၏။ မီးသွေးမှုန်အကြွင်းအကျန်တွေကြောင့် အသက်ရှူလမ်းကြောင်းတွင် ယားကျိကျိဖြစ်ပြီး နှာချေချင်တာကိုလည်း အောင့်ထားခဲ့ရ၏။

“ဒီဒုက္ခက ဘယ်တော့များမှ ကျွတ်မလဲ”

ခုလောလောဆယ်ဒုက္ခက အလွန်အသန့်ကြိုက်သော မောင်ရှင်၊ ရေချိုးသန့်စင်ချင်နေသည်။ ပြီးတော့ရေအိမ်လည်း ဝင်ချင်နေ၏။ နေ့လယ်တည်းက သူဒီထဲရောက်နေခဲ့တာကိုး။


သို့သော် နောက်ဖေးတံခါးက ပိတ်ထားပြီးပြီမို့ ဘယ်လိုမှမဖြစ်နိုင်၊ အတွင်းမှ ဂျက်ထိုးထားသောတံခါးကို

ဘယ်လိုနည်းနှင့်မှ မောင်ရှင်ဖွင့်တတ်မည်မဟုတ်၊ သူကလည်း သော့ပြင်ကုလားမဟုတ်။ စိတ်ရောလူရော ညစ်နေရပြီ၊ မီးဖိုချောင်မှ သူတို့ပိတ်ရန်မေ့ခဲ့တာလား၊ တမင်ဖွင့်ခဲ့တာလားမသိသော မီးလုံးကိုသာ

အဓိပ္ပာယ်မဲ့ ငေးကြည့်နေလိုက်မိတော့သည်။

“ဟင်...”

မောင်ရှင် အနည်းငယ်ထူးဆန်းသလို ဖြစ်သွားရသည်မို့ အသေအချာအားယူပြီး ပြန်ကြည့်လိုက်သည်။

ဟုတ်ပါသည်။ မီးဖိုချောင်တံခါးဆီမှာ အလင်းစင်းတစ်ခု ဖြာကျနေသည်။ ယောင်ယောင်ကလေး။

ဒါမျိုးက တံခါးခပ်စေ့စေ့ထားခဲ့သောနေရာမှ ထွက်လာတတ်သော အလင်းစင်းမျိုး၊ မောင်ရှင် လှိုက်ခနဲ

ဝမ်းသာသွားမိသည်။ သူတို့သူပိတ်နိုး၊ ငါပိတ်နိုးနှင့် ဒီမီးဖိုချောင်တံခါးကိုပိတ်ရန်မေ့သွားခဲ့ခြင်းဖြစ်နိုင်သည်။

ကံဇာတာတွေကတော့ တက်လာပြီထင်သည်။ ဘာပဲပြောပြော လောလောဆယ် အိမ်သာတက်လို့ရမည်။

ရေချိုးလို့ရမည်။ ဖုန်းဆက်လို့ရမည်။ ဝမ်းသာအားရဆိုသော်လည်း အားမပါရဲ၊ ဖြည်းညင်းစွာ ချွတ်တွား၍ တံခါးကိုဖွင့်ရ၏။ ကျွီခနဲ အသံမြည်သွားမှာလည်း စိုးရသေးသည်။ သို့သော် ဆီဝနေသောပတ္တာကြောင့် ဘာသံမှမကြားလိုက်ရ၊ အောင်အောင်က ဆီလာထည့်ခဲ့သည်ထင့်။


မောင်ရှင် အောင်မြင်စွာအထဲရောက်သွားပြီ၊ အရင်ဖြေရှင်းရမည့်ဒုက္ခက အိမ်သာတက်ဖို့၊ ရေကနောက်မှ ချိုးလို့ရသည်။ ခုဟာက ကိုယ်ဆက်မအောင့်နိုင်တော့ဘူး ဖြစ်နေပြီ၊ ချုပ်တည်းမထားပါရစေနဲ့တော့လဝန်းရယ်၊ 

အဟီး။

“ချပ်”

အသံက သဲ့သဲ့လေးပါပဲ၊ အပေါ်ထပ်ကလာတာဖြစ်မည်။ အခန်းတံခါးဖွင့်တာမျိုး၊

“ဟာ”

မောင်ရှင့်အတွက်တော့ အကြီးအကျယ် တုန်လှုပ်သွားရ၏။ မကြာမီ လှေကားမှဆင်းလာသော

ခြေသံကိုပါကြားရသည်။ အိမ်သာတံခါးကိုဖွင့်နေသော လက်ကိုရုပ်ကာ ရေချိုးခန်းထဲဝင်ပုန်းဖို့ပါ ပြင်ရ၏။

ဒေါ်ကြီးနံမဟုတ်သော ဒေါ်ကြီးမွှေးဆိုလျှင် ရေချိုးခန်းထဲသို့ဝင်မည်မဟုတ်၊ သို့သော်

ကိုယ့်အခြေအနေကိုယ်သာသိတာမို့ သူတို့ အိမ်သာဝက ‘သတိ’ ဆိုသည့် တစ်ထောင့်တစ်ရာတစ်ကျပ်ကြီးကို

မြင်သာသည့်ဘက်သို့ ဆွဲလှည့်ထားလိုက်၏။ ဒါမှ ‘ဆေးဖြန်းထားတယ်’ ဆိုပြိး မြန်မြန် ပြန်ထွက်သွားမှာကိုး။

ရေချိုးခန်းထဲမှာ အသက်ပင်မရှူရဲဘဲ ငြိမ်နေလိုက်ရသည်။ ကိုယ့်ဘာသာ ‘သတိ’ ဆိုတာလှည့်ပေးခဲ့ပြီးမှ

သတိရမိသည်။ အိမ်သာကို ဆေးဖြန်းထားလို့ အပေါ့အပါးပဲလေဆိုပြီး ရေချိုးခန်းထဲဝင်လာမှာ စိုးရသေး၏။

အပေါ်ထပ်မှာလည်း အိမ်သာရှိလျက်နှင့် ဘာလို့များ အောက်ဆင်းလာရတာပါလိမ့်ဟုလည်း တွေးနေမိသေးသည်။

“ဟင်၊ သတိတဲ့”

ထင်တဲ့အတိုင်း ဒေါ်ကြီးမွှေးဆိုသူပါပဲ။

“ဒုက္ခပါပဲ၊ မယ်လဝန်းတို့ကတော့လုပ်ပြီ”

မကျေမနပ်ရေရွတ်ကာ ဒေါ်ကြီးမွှေးပြန်ထွက်သွား၏။ အပေါ်ထပ်သို့ ပြန်တက်သွားပြန်သည်။ ခြေကို

အပျိုကြီးဆောင့် ဆောင့်ပြီးတက်သွားခြင်းဖြစ်သည်။


ထိုအခါကျမှ မောင်ရှင်အိမ်သာထဲ အပြေးဝင်ကာ ကိုယ့်ကိစ္စကိုယ်ဖြေရှင်းရတော့သည်။

သက်ပြင်းရှည်ကြီးတစ်ချက်ကိုလည်း မှုတ်ထုတ်လိုက်မိသည်။ သူ ‘ဟူး’ ပင်မဆုံးလိုက်ပါ၊ အပြင်မှအသံကြားလိုက်ရ၏။

“ညကြီးမင်းကြီးအေ၊ ဆေးဖြန်းထားရုံမကလို့ ဘာလုပ်ထားထား တတ်နိုင်တော့ဘူး၊ မအောင့်နိုင်တော့ဘူး၊

အပေါ်အိမ်သာ မီးလုံးကျွမ်းတာကို လဲပါဆိုတာလည်း ခုထိ မလဲကြဘူး”

ရှိသမျှ ဘုရားအဆူဆူ၊ အမျိုးမျိုးကို တ လည်း ခုချိန်မှာတော့ ဘယ်ဘုရားမှကယ်နိုင်တော့မည် မဟုတ်၊

ဒေါ်ကြီးမွှေးက ပြန်ရောက်လာပြီ။ အိမ်သာတံခါးကို ဆွဲဖွင့်သံကြားရ၏။

“ဟင်၊ အထဲက ဘယ်သူလဲ”

“................”

“ဘယ်သူလဲလို့ မေးနေတယ်”

“..............”

“မယ်လဝန်းလား”

“.............”

“မဝင်းလား”

“.............”

“အောင်အောင်၊ အာ...အောင်အောင်က အပေါ်မှာအိပ်နေတာပါ၊ ဟဲ့ အထဲက မယ်လဝန်းလား၊ မဝင်းလား”

“.............”

အသံခဏတိတ်သွားသည်။ ပြီးမှ....

“လဝန်းနဲ့ မဝင်းလည်း သူတို့အခန်းထဲမှာ အိပ်နေကြတာပဲ၊ အထဲက ဘယ်သူလဲ၊ ထွက်ခဲ့စမ်း၊ ဖွင့်ပေးစမ်း”

သူအော်ပုံ၊ တံခါးဆွဲပုံနှင့် ကြာလျှင်တစ်အိမ်လုံးနိုးပြီး ပြဿနာတက်မှာ စိုးရသေးသည်။

မောင်ရှင်ဘာလုပ်ရမှန်းမသိတော့။

“ဖွင့်စမ်း၊ ဘယ်သူလဲ”

“..............”

“ဟဲ့၊ ဖွင့်လေ”

သူမနေနိုင်တော့၊ တံခါးကို ဖွင့်ပေးရန် ဆုံးဖြတ်လိုက်ရသည်။

“ဂျောက်”

ဂျက်ဖွင့်သံမှ မဆုံးသေး၊ ဒေါ်ကြီးမွှေးက အပြင်မှဆွဲအဖွင့်၊ လူမဲကြီးဖြစ်နေသောသူ့ကို အမြင်....

“ငေး...တော့...”

မောင်ရှင့်ကိုလည်း မြင်ရော၊ တုန်ယင်ဖျော့တော့စွာ ‘အမယ်လေး’ ကိုပင် သေချာမအော်နိုင်ဘဲ အိမ်သာတံခါးဝမှာပင် ခွေခနဲ မေ့လဲသွားတော့၏။

“အဲဒါမှ ပြဿနာ”

မောင်ရှင် ဒေါ်ကြီးမွှေးကို ကျော်ဆင်းကာ နောက်ဖေးအဖီထဲသို့ တချိုးတည်း ပြေးရတော့၏။ သူ့ကိုယ်ပေါ်မှာလည်း စောစောက မီးသွေးတွေနှင့် ချွေးစေးတွေရောကာ အတော် ညစ်ပတ်ပေကျံနေပြီ၊ မဖြစ်ချင်သော်လည်း သရဲမျက်နှာနှင့်လူဖြစ်နေ၏။ အတော်ကြာသည်ထိ မီးဖိုချောင်ဘက်မှ ဘာသံမှ မကြားရ၊ မောင်ရှင် စိတ်မချနိုင်စွာ တစ်ခေါက်သွားပြန်ကြည့်တော့ ဒေါ်ကြီးမွှေးက ခုနက နေရာမှာပင် ခွေခွေကလေးမေ့နေတုန်း၊ ဒီလိုကျပြန်တော့လည်း သူမကြည့်ရက်ပြန်၊ ပစ်မထားရက်ပြန်၊ သူ့လို အနုပညာသမားကြီးကို။ ခြေမကိုင်မိ၊ လက်မကိုင်မိဖြစ်နေရာမှ အလျင်အမြန်စဉ်းစားပြီး ဒေါ်ကြီးမွှေးကို သူ့အခန်းထဲ သူပြန်ပို့ပေးရန် ပြင်ရသည်။ သူ့တစ်ကိုယ်လုံးက ပေကျံနေသည်။ ရေဝင်ချိုးရအောင်လည်း မဖြစ်နိုင်သေး။

“တတ်နိုင်ပါဘူး”

ညစ်ပတ်ပေကျံနေသော ခန္ဓာကိုယ်နှင့်ပင် ဒေါ်ကြီးမွှေးကို ပွေ့ချီရသည်။ ဒီခန္ဓာကိုယ်ကြီးကိုပွေ့ချီရသည်မှာ

အတော်တော့ မစားသာ။ အပေါ်ထပ်ကိုတက်ရတော့ ပိုဆိုးသေးသည်။ လက်အံပင် သေချင်ချင်၊ သရဲကတောင်

လက်အံသေရမည့် ခန္ဓာကိုယ်။ ဒေါ်ကြီးမွှေးကတော့ သူ့လက်ထဲမှာ ပျော့ခွေကာပါလာ၏။ ဒေါ်ကြီးမွှေးကို သူမ၏ ခုတင်ပေါ်အသာတင်ပေးလိုက်ပြီး မောင်ရှင်ဘာဆက်လုပ်ရမှန်းမသိတော့၊ သတိမေ့နေတာ ကြာလျှင်မကောင်း။

“အောင်အောင်”

ဟုတ်သည်။ အောင်အောင့်ကိုနှိုးပြီး အကျိုးအကြောင်းပြောရမည်။ ပြီး အောင်အောင့်လက်ကိုအပ်ခဲ့ရမည်။

ထိုစိတ်ကူးနှင့် အောင်အောင့်အခန်းတံခါးကို ခေါက်လိုက်၏။

ခပ်ဖွဖွခေါက်သည်၊ မနိုး။ ခပ်ကျယ်ကျယ်လေးထုသည်၊ မရ။ ဘယ်လိုလုပ်ရမည်မသိ။

“အောင်အောင်”

လေသံနှင့်ခေါ်ကြည့်သည်၊ မလှုပ်။ နည်းနည်းအသံမြှင့်ခေါ်ကြည့်သည်၊ ငြိမ်သက်ဆဲ။ အခန်းတံခါးလည်းခေါက်၊

နာမည်လည်းခေါ်၏၊ မထူးခြား။ ‘အစ်မပေးလေး’ ဟု ကျိန်ဆဲမိသေးသည်။

ဒီအိမ်က တံခါးတွေက လုံလို့ပင်တော်တော့သည်။ မဟုတ်လျှင် ခုနက ဒေါ်ကြီးမွှေးသူ့ကို တံခါးဖွင့်ခိုင်းတာကပင်

တစ်အိမ်လုံးနိုးလောက်သည်။ နိုးနေသောသူကပင် ထပ်နိုးရသည်။ ခုအောင်အောင့်ကို ခေါ်တာကြာပြီ၊ မနိုး။ ကြာလျှင်တော့မဖြစ်တော့။ ကြာကြာဆက်နေရအောင်လည်း သူမရဲတော့ပါ။ မတတ်နီုင်ပါဘူး၊ သတ္တဝါတစ်ခု၊ ကံတစ်ခုလို့သာ သဘောထားကာ မောင်ရှင် ဒေါ်ကြီးမွှေးကို သူ့အခန်းထဲမှာ ထားခဲ့လိုက်တော့သည်။ မောင်ရှင့် စံနန်းတော် အဖီလေးထဲပြန်ရောက်လာသည်အထိ စိတ်ကတော့ မဖြောင့်၊ ထို့ကြောင့် စိတ်အကောက်ကြီးနှင့် ငူငိုင်နေမိသည်။ စိတ်ကတော့ လှုပ်ရှားနေဆဲ၊ မရိုးမရွလည်း ဖြစ်နေမိသည်။ ဒေါ်ကြီးမွှေးကို ဒီအတိုင်းထားခဲ့ရတာကို ပြန်တွေးမိတိုင်း စိတ်ကမဖြောင့်။ အားလုံးကို မေ့လျော့ပစ်နိုင်ရန် အိပ်ပစ်မှပဲ ဖြစ်တော့မည်။ မျက်လုံးကို စုံမှိတ်ပြီး အိပ်ပစ်ရန်ကြိုးစားသည်၊ မရ။ ဘယ်လိုရနိုင်မှာတဲ့လဲ၊ ခြင်တွေကကိုက်၊ မီးသွေးနံ့ကနံ၊ တစ်ချက်တစ်ချက် နောက်ဖေးရေနုတ်မြောင်းဘက်က အနံ့ကလည်း ရောက်ရောက်လာတတ်သေး၏။ တစ်၊ နှစ်၊ သုံး၊ လေး ရေတွက်၏။ ထောင်နှင့်ချီပြီး ကမောက်ကမတွေဖြစ်ကုန်သည်၊ အိပ်၍ကားမရ။ ပြဿနာကိုပဲ တွေးနေမိတော့၏။


ဒေါ်ကြီးမွှေးကား သူ့ကိုတွေ့သွားပြီ၊ ရှေ့ဘယ်လိုဆက်ဖြစ်နိုင်သလဲ၊ သူစဉ်းစားကြည့်နေမိသည်။ နောက်နေ့တွေ ဘယ်လိုများ ဆက်စခန်းသွားရမလဲမသိ။ ရဲစခန်းပဲရောက်မလား၊ ရပ်ကွက်ရုံးပဲ ရောက်မလား၊ သူရင်မောနေမိ၏။ အိပ်မရသည့်အတူတူ မထူးပါဘူးဟုတွေးကာ အိမ်ထဲပြန်ဝင်လိုက်သည်။ ရေချိုးရန်ဖြစ်၏။ သူ့တစ်ကိုယ်လုံး ပေကျံညစ်ပတ်နေသည် မဟုတ်လား၊ ရေချိုးခန်းထဲဝင်ကာ ရေကို အကျအနချိုးပစ်လိုက်သည်။ ခုမှပဲ လန်းဆန်းသွားကာ နေလို့ထိုင်လို့ရသွားတော့သည်။

ပေါ့ပါးလန်းဆန်းစွာ ရေချိုးခန်းထဲမှအထွက်၊ ဟိုးအဝေးဆီမှ ခွေးတစ်ကောင်၏ ဆွဲဆွဲငင်ငင်အူသံကို

သူကြားလိုက်ရသည်။ ထိုအသံကြောင့်မောင်ရှင် ခေါင်းနပန်းကြီးကာ ကြက်သီးပင်ထသွားရ၏။

သူ ဒေါ်ကြီးမွှေးကို သတိမေ့လျက်သား ဒီအတိုင်းထားခဲ့ရသည် မဟုတ်ပါလား၊ ထွက်မလာခင် အသက်ရှူမရှူ၊

သွေးတိုးမတိုးပင် စမ်းမကြည့်မိခဲ့။ သေသလား၊ ရှင်သလားပင်မသိ။ ခု ခွေးအူသံကြားမှ သူကျောထဲစိမ့်သွားကာ

ဒေါ်ကြီးမွှေးကို သတိရလိုက်မိ၏။


“ပြဿနာပဲ၊ သေသွားရင်တော့ တကယ့် ပြဿနာပဲ”


သူ ဘာလုပ်ရမည်မသိဖြစ်သွားရသည်။ စိတ်ထဲက ဒေါ်ကြီးမွှေးကို သွားပြန်ကြည့်ချင်သည်။ သို့သော် သူ့အတွက် အန္တရာယ် များလှ၏။ ဒီထဲမှာ ကြာကြာနေရင် တစ်ယောက်မဟုတ်တစ်ယောက်နှင့် ထပ်တိုးနိုင်သည် မဟုတ်ပါလား။ သူ့အဖီလေးရှိရာသို့ ခြေဦးကိုလှည့်လိုက်သည်။ သို့သော် စိတ်ကမလှည့်။

သူ့အတွက် အန္တရာယ်ရှိကာမှရှိရော၊ သူသွားပြန်ကြည့်ဖို့ ဆုံးဖြတ်လိုက်၏။ ထို့ကြောင့် ခြေကို ခပ်ဖွဖွလှမ်းကာ

အပေါ်ထပ်သို့ တက်လာခဲ့လိုက်သည်။ အပေါ်ထပ်မှာကတော့ အခန်းနှစ်ခန်းလုံး ငြိမ်သက်တိတ်ဆိတ်လို့၊ အောင်အောင့်အခန်းရှေ့အရောက် သူခြေစုံရပ်လိုက်သေးသည်။ အောင်အောင့်ကိုနှိုးပြီး အကျိုးအကြောင်းပြောရန်။ သို့သော် လက်ဖြင့်ရွယ်ပြီးကာမှ တံခါးကို မခေါက်တော့ဘဲ ရပ်ပစ်လိုက်မိသည်။ နှိုးလို့ရမှာမှ မဟုတ်ဘဲ၊ တံခါးနားကပ်ပြီး အသာနားထောင်ကြည့်တော့ အစ်မပေးလေးက ဟောက်တောင်ဟောက်နေသေး၏။


မောင်ရှင် ခပ်ဖွဖွဖော့နင်းကာ ဒေါ်ကြီးမွှေးအခန်းဘက် ဆက်လျှောက်လာခဲ့လိုက်သည်။ စောစောက

သူထားခဲ့သည့်အတိုင်း တံခါးက ခပ်ဟဟလေးစေ့ထားဆဲ၊ အခန်းထဲမှ မီးအလင်းရောင်က အပေါ်ထပ်စင်္ကြံလေးဆီ ဖြာကျနေသည်။

သူစေ့ထားသော တံခါးကို အသာလေး တွန်းဖွင့်လိုက်၏။ ခေါင်းပြူအကြည့်...

“ဟင်...”

ခုတင်ပေါ်မှာ ဒေါ်ကြီးမွှေးမရှိတော့။ ဘယ်သူကများ အပျိုကြီးကို အပြီးကျိုလိုက်သလဲ။

သူဒေါ်ကြီးမွှေးကို ခုတင်ပေါ်မှာ ခွေခွေလေးထားခဲ့တာ သေချာပါသည်။ ခုဘယ်ရောက်သွားရတာတဲ့လဲ။ ဒီတစ်ခါ ခြေဖျားလက်ဖျားအေးကာ လန့်သွားရသူက မောင်ရှင်။ ဗုဒ္ဓ၊ အလ္လာ၊ သခင်ယေရှု ကယ်ပါ။

သတိရလာပြီး ထထွက်သွားတာလား၊ ခုတင်၏တခြားတစ်ဆက်ကိုပဲ ကျသွားသလား။ သူငုံ့ကြည့်မိသေး၏။

မဟုတ်။ မောင်ရှင်ကြောင်တက်တက်နှင့် ရပ်နေမိသေးသည်။ ဘာဆက်လုပ်ရမှန်းပင်မသိ။

လူကနေပေမယ့် ဗိုက်ကမနေလို့လား။ စောစောက ပြန်လိုက်လာသည့် အီအီးကို အိမ်သာထဲ ပြန်သွားပို့သည်လား။

နောက်ဆုံးတော့ သူ ဒီအခန်းထဲကြာကြာနေလို့မဖြစ်တာကို သတိရပြီး လှည့်ထွက်ရန် ပြင်လိုက်သည်။ ခြေလှမ်းကို ပြင်ပြီးနောက်သို့ အလှည့်၊ သူ့နောက်တွင် သူ့ကို စိမ်းစိမ်းကြီး စိုက်ကြည့်နေသော ဒေါ်ကြီးမွှေးကို အတောင့်လိုက် တွေ့လိုက်ရ၏။

“...ငေး....ဗျ”

မောင်ရှင်တစ်ယောက် ဒေါ်ကြီးမွှေးလိုပင် ‘အမယ်လေးဗျ’ ကိုပင် ပီပီသသမအော်လိုက်နိုင်ဘဲ

သတိမေ့လဲကျသွားတော့၏။


ဒီတစ်ခါ မောင်ရှင့်ကို ဖမ်းထိန်းပေးလိုက်ရသူက ဒေါ်ကြီးမွှေး။ ပြီးမှတစ်ခါ ထိန်းထားသည့်လက်ကို ပြန်ဖြုတ်ချလိုက်ကြောင်း၊ ကြမ်းပြင်ပေါ်မှာ လဲကျနေသည့် မောင်ရှင့်ကို ကြိုးဝိုင်းဒိုင်ကဲ့သို့ တစ်၊ နှစ်၊ သုံး၊ လေး ရေပေးနေသေးကြောင်း၊ နောက်မှ မောင်ရှင် ပြန်သိရသည်။

‘ကိုး’  အရောက်မှာ မောင်ရှင် ပြန်ထလာသတဲ့၊ ထို့ကြောင့် မောင်ရှင်မရှုံးသေးချေ။ ဆက်ကစား၍ရသေးသည်။


* * *


(၁၁)


သတိရပြီး မောင်ရှင် ပြန်ထလာတော့ သူ့ကို စူးစူးစိမ်းစိမ်းကြည့်နေသော ဒေါ်ကြီးမွှေးကို တွေ့လိုက်ရသည်။ သူတို့အနုပညာသမားတွေက ဒီလိုလည်း ကြည့်တတ်သားပဲဟု စိတ်ထဲက မှတ်ချက်ချလိုက်မိသေးသည်။ ဒေါ်ကြီးမွှေးက သူ့ကို အတော်ကြာအောင် စိုက်ကြည့်နေ၏။ ဒီလိုအကျဉ်းအကျပ်ထဲရောက်နေချိန်မဟုတ်လျှင် အတော့်ကို နေရခက်စေမည့် အကြည့်မျိုး။

“မင်း ဘယ်သူလဲ”

ရုတ်တရက်မို့ မောင်ရှင် ကြောင်အမ်းအမ်းဖြစ်သွားရသည်။ သူကမေးမယ်လို့ ထင်သည့်အချိန်မှာ မမေးဘဲ မမေးဘဲ မမေးတော့ဘူးဟု ထင်သည့်အချိန်မှ မေးလာသည်ကိုး။ သူတို့လို အနုပညာသမားတွေက ခက်...အဲ....၊ မောင်ရှင် အကြံရသွားသည်။

“မေးနေတယ်လေ၊ မင်း ဘယ်သူလဲ”

“ကျွန်တော် ဘယ်လိုလူစားဆိုတာကို ကျွန်တော် မမြင်ရပါဘူး၊ ကျွန်တော်မြင်ရတာ ကျွန်တော့် အရိပ်ပဲကိုး”

သူ့စကားကြောင့် ဒေါ်ကြီးမွှေးက သူ့ကို မျက်မှောင်တစ်ချက်ကြုတ်ကာကြည့်၏။

“ဘာ...ဘယ်လို”

“ဪ...အတွေးတွေဟာ စကားလုံးတွေကို ဝါးမျို စားသောက်ပြီး ကြီးပြင်းလာကြတာ ဖြစ်တယ်”

“မင်း..ဘာတွေပြောနေတာလဲ”

“အဲဒါ ကျွန်တော့်လျှာကို ကျွန်တော် ပြန်မေးကြည့်မှ ဖြစ်မယ်”

ဒေါ်ကြီးမွှေး သူ့ကို တစ်ပတ်ပတ်ကာ မသင်္ကာသလိုကြည့်၏။

“မင်း စောစောက သတိမေ့သွားသေးတယ်၊ ခုကော ကောင်းကောင်းသတိရပါတယ်နော်”

“ကျွန်တော်တို့နှစ်ယောက်ဟာ သူစိမ်းပြင်ပြင်တွေလို့ တစ်ခါက အိပ်မက်မက်ခဲ့ဖူးတယ်၊ နိုးလာတဲ့အခါကျတော့

ကျွန်တော်တို့ဟာ တစ်ယောက်ကို တစ်ယောက် နားလည်သူတွေဖြစ်နေကြတယ်”

“ဘာတွေလာပြောနေတာလဲ၊ ဝေ့လည်ကြောင်ပတ်လုပ်မနေနဲ့နော်၊ မှန်မှန်ပြောစမ်း၊ ငါက အမှန်တရားပဲ

လိုချင်တယ်”

“အချက်အလက်ဆိုတဲ့ဝတ်ရုံကို ဝတ်ထားတဲ့အခါမှာ အမှန်တရားဟာ အနေခက်လောက်အောင်ကို

ကျဉ်းကျပ်သွားတယ်၊ စိတ်ကူးထဲမှာတော့ အမှန်တရားဟာ ချောင်ချိလွတ်လပ်လျက်ပါပဲ”

ဒီတစ်ခါတော့ ဒေါ်ကြီးမွှေးသူ့စကားတွေကို သေချာနားထောင်၏။ သဘောကျသွားသလိုလည်းရှိ၏။

အနုပညာသမားဆိုတော့လည်း....

“စာသံပေသံနဲ့ မပြောနဲ့စမ်းဟယ်”

“စာသံပေသံနဲ့ ပြောရတာ တူသံပေသံနဲ့ မပြောချင်လို့ပါ ဒေါ်ကြီးရယ်”

ဒေါ်ကြီးမွှေးလေသံက ပျော့သွား၏။

“ကဲ...မင်းဘယ်သူလဲ၊ ဒေါ်ကြီးကို မှန်မှန်ပြောပါ”

ထိုအခါကျမှ မောင်ရှင် ဒေါ်ကြီးမွှေးကို ကြည့်ကာ သက်ပြင်းခိုးတစ်ချက်ချဟန်ပြုရင်း...

“ကျွန်တော် မောင်ရှင်ပါ”

ကိုယ့်နာမည် မောင်ရှင်မို့ မောင်ရှင်ဟုသာ ပြောရသည်။ အမှန်တော့ ကံကောင်း၍မသေသော မောင်ရှင်ဖြစ်သည်။

“မောင်ရှင် ဟုတ်လား”

“ဟုတ်ပါတယ်”

ဒေါ်ကြီးမွှေးက ခဏမျှ ငြိမ်သက်သွားပြီးမှ ဆက်မေး၏။

“မင်းက ဘာလဲ၊ သူခိုးလား”

မောင်ရှင် အမြန်ဆုံး ခြေကာ လက်ကာနှင့် ငြင်းလိုက်သည်။

“အာ...မဟုတ်ပါဘူး၊ ကျွန်တော်က အနုပညာသမား တစ်ယောက်ပါ”

အမှန်တော့ သူညာလိုက်တာမဟုတ်ပါ၊ သို့သော် အနုပညာသမားဆိုသော စကားလုံးကိုတော့

တမင်ရွေးသုံးလိုက်ခြင်းဖြစ်သည်။ သူမကိုတော့ အောင်အောင့်ကို ပြောသလို မိုးကြိုးသိုင်းကွက်အကြောင်း

ပြော၍ရမည်မထင်။ ဒေါ်ကြီးမွှေးက စိတ်ဝင်စားသလို ထပ်မေး၏။

“အနုပညာသမား ဟုတ်လား”

“ဟုတ်ပါတယ်”

“မင်းက ဘာလုပ်လို့လဲ”

“ပန်းချီဆရာပါ”

ဒေါ်ကြီးမွှေး ခေါင်းတဆတ်ဆတ် ညိတ်၏။

“ဪ...ဪ... ပန်းချီဆွဲတယ်ပေါ့ ဟုတ်လား”

“ဟုတ်ပါတယ်”

ဘာပုံတွေဆွဲတာလဲဟု မမေးချေ။

ဒေါ်ကြီးမွှေး သူ့ကိုကြည့်ကာ မျက်မှောင်ကြုတ်လိုက်ပြန်သည်။

“ဒါဆိုရင် မင်းက ဘယ်လိုလုပ် ဒီအိမ်ထဲရောက်နေရတာတဲ့လဲ၊ မှန်မှန်ဖြေနော်၊ ညာမယ်မကြံနဲ့၊

ငါတို့လိုအနုပညာသမားတွေက အမှန်တရားကိုပဲ မြတ်နိုးတယ်”

မောင်ရှင်ကလည်း မျက်နှာသေလေးနှင့်...

“ကျွန်တော်လည်း မညာတတ်ပါဘူးဒေါ်ကြီး”

ကိုယ်လည်း အနုပညာသမားပဲ၊ မလျှော့နိုင်ပါဘူး။

“အေး... မညာတတ်ရင် မှန်မှန်ပြော”

“ဟုတ်ကဲ့၊ ကျွန်တော်လည်း အဲဒါကိုပဲစဉ်းစားနေတာ”

ကျွန်တော့်စကားကြောင့် ဒေါ်ကြီးမွှေးက နားမလည်ဟန်ဖြင့်...

“ဘာကို စဉ်းစားနေတာလဲ”

“ကျွန်တော်ဒီအိမ်ထဲကို ဘယ်လိုရောက်နေတာလဲဆိုတာ”

“ဘာ”

ဒေါ်ကြီးမွှေး သတိလက်လွတ်နှင့် အသံနည်းနည်းကျယ်သွား၏။ ပြီးမှ သူ့ဘာသာသူ သတိရကာ...

“မင်းဟာ မင်းတောင်မသိဘူး ဟုတ်လား”

“ဟုတ်ပါတယ် ဒေါ်ကြီး၊ ကျွန်တော် မညာပါဘူး၊ ကျွန်တော်တို့ အနုပညာသမားတွေဆိုတာကလည်း

ခက်သားမဟုတ်လား၊ ဒေါ်ကြီးမွှေးလည်း သိပါတယ်၊ ကိုယ့်ဘာသာကိုယ် ဘာလုပ်မိမှန်း သိကြတာမဟုတ်ဘူး”

မောင်ရှင်က လေးလေးနက်နက်ဟန်ဖြင့် တွေးတွေးဆဆပြောတော့ ဒေါ်ကြီးမွှေးကလည်း ရောယောင်ကာ

ခေါင်းတဆတ်ဆတ်ညိတ်၏။

“အင်း...ထားပါ၊ ဒါပေမယ့် အဲဒါဟာ အမှန်လို့ ငါက ဘယ်လိုယုံရမှာလဲ”

နည်းနည်းမှ လျှော့တွက်လို့မရပါချေ။ မောင်ရှင် ခေါင်းကုတ်မိ၏။ ကိုယ့်ဘာသာကိုယ်တောင် ဘယ်လိုရောက်နေလဲ မသိရတဲ့အထဲ သူ့ကို သက်သေပြရဦးမည်တဲ့။

“ဟို...အင်း”

မောင်ရှင့်ကိုကြည့်ကာ ဒေါ်ကြီးမွှေးက...

“မင်းအိမ်က ဘယ်မှာလဲ”

“ကမ္ဘာအေးစေတီလမ်းပေါ်မှာ”

“အိမ်မှာ ဖုန်းရှိသလား”

“ရှိတယ်”

“ပြော...ဖုန်းနံပါတ်”

“၆၆........”

“ခုချိန် အိမ်မှာ ဘယ်သူရှိသလဲ”

“ရှိကြပါတယ်၊ ကျွန်တော်နဲ့ ကိုကိုကလွဲရင် ရှိပါတယ်၊ အဲ... ခုနေဖုန်းခေါ်ရင်တော့

ဦးလေးပဲကိုင်လိမ့်မယ်ထင်တယ်၊ သူကတော်တော်နဲ့ မအိပ်တတ်ဘူး”

ခုတင်ဘေးက စားပွဲပုလေးပေါ်တွင် တင်ထားသည့်နာရီလေးကို လှမ်းကြည့်တော့ ည တစ်နာရီ

လေးဆယ့်ငါးမိနစ်ရှိပြီ။

“ကဲ...မင်းရှေ့ကဆင်း၊ ပြေးမယ် မကြံနဲ့”

ပြေးမယ်မကြံနဲ့ဆိုတော့ နေမယ်ဟု ကြံရမည်လား။ မောင်ရှင်နှင့် ဒေါ်ကြီးမွှေး အောက်ထပ် ဖုန်းရှိရာသို့ ခြေဖွဆင်းခဲ့ကြသည်။ ဒီလိုကျတော့လည်း ဒေါ်ကြီးမွှေးက

ဖြတ်ထိုးဥာဏ်ကောင်းသားဟုလည်း တွေးနေမိ၏။

“ကျွန်တော် ဖုန်းခေါ်ရမှာလား”

“မလိုဘူး၊ ငါခေါ်တတ်တယ်”

သူပြောပြသော ဖုန်းနံပါတ်ကို လှည့်၏။

“ဟဲလို၊ ဖုန်းနံပါတ် ၆၆..... ကလား”

“..........”

“ခု ပြောနေတာ မောင်ရှင်နဲ့ ဘာတော်လည်းမသိဘူး၊ ကျွန်မ မောင်ရှင့်မိတ်ဆွေပါ”

“.........”

“ဪ မရှိဘူး ဟုတ်လား၊ မရှိဘူးဆိုတာက”

“.........”

“ဪ...သူ နိုင်ငံခြားသွားသေးတာလား၊ ကျွန်မမသိလိုက်ဘူး၊ ခုကော”

“.......”

“ရှင်၊ ဟုတ်လား”

“......”

“သွားတတ် လာတတ် ရှိတယ်မဟုတ်လား”

“........”

“ရှင်၊ ခြေထောက်ကြီးနဲ့ ဟုတ်လား”

“........”

“ဪ... လူပျောက်တိုင်ထားတယ် ဟုတ်လား”

“.......”

“ဟုတ်ကဲ့၊ တွေ့ရင် ကျွန်မကို အကြောင်းကြားပေးပါဦးနော်၊ ကျွန်မလည်း စုံစမ်းပေးပါ့မယ်၊ ဒါပဲနော်”

ခုမှ စုံစမ်းပေးပါမယ်လို့ ပြောတဲ့အဆင့်ပဲ ရှိသေးတယ်၊ တွေ့နေမြင်နေလျက်များ၊ ဒါထိန်ချန်မှုပဲ။

ဒေါ်ကြီးမွှေး ဖုန်းကို အသာချလိုက်သည်။

“ဘယ်သူနဲ့တွေ့တာလဲ”

“မင်းဦးလေးပဲ”

“ဘာတဲ့လဲ”

ဒေါ်ကြီးမွှေးက ချက်ချင်း မဖြေသေးဘဲ သူ့ကို မျက်မှောင်ကြုတ်ကာ ကြည့်၏။

“မင်းက နိုင်ငံခြားက ပြန်လာတာ လေးငါးရက်ပဲ ရှိသေးတယ်ဆို”

“ဟုတ်တယ်၊ ကျွန်တော် ဟိုကပါလာတဲ့ လူကြုံပစ္စည်းတွေကိုလိုက်ပေးရင်း ပဲခူးထိရောက်သွားတယ်၊ အပြန်မှာ

ကားပျက်တယ်၊ အဲဒါနဲ့ကားကို ဒရိုင်ဘာနဲ့ထားခဲ့ပြီး အဝေးပြေးကားနဲ့ ပြန်လာတာ၊ ကားပေါ်မှာ ကျွန်တော်

ပင်ပန်းပြီး အိပ်ပျော်သွားတယ်၊ နိုးလာတော့ ခုလို ကျွန်တော်မသိတဲ့ ဒေါ်ကြီးတို့အိမ်ရောက်နေတာ

တွေ့ရတော့တာပဲ”

ဒေါ်ကြီး ခေါင်းတဆတ်ဆတ်ညိတ်၏။

“မှန်တယ်၊ မင်းဦးလေးလည်း အဲဒီအတိုင်းပဲ ပြောတယ်၊ မင်းပျောက်နေလို့ သူတို့တောင် ရဲစခန်းကို

လူပျောက်တိုင်ထားတယ်တဲ့”

“ကောင်းသားပဲ၊ သူတော်ကောင်းကို နတ်ကောင်းမမှာပါ ဒေါ်ကြီးရာ”

စိတ်ဝင်စားလျှင် သူမလည်း နတ်ကောင်းဝင်လုပ်ခွင့်ရှိကြောင်း ပြောဖို့မလိုတော့ပါ။

“ဟာ ဟုတ်လား၊ တိုင်ပြီးပြီလား”

မောင်ရှင် သတိလက်လွတ်နှင့် အနားတိုးကပ်ကာ မေးလိုက်မိ၏။ ထိုအခါကျမှ ဒေါ်ကြီးမွှေးက သူ့နဖူးမှ

ဒါဏ်ရာကို သတိပြုမိသွားသည်။

“မဖြစ်ဘူး”

“ဘာ မဖြစ်တာလဲဟင်”

“ဪသာ်.... မင်းမှာက ဒဏ်ရာနဲ့၊ ဘာဖြစ်ခဲ့မှန်းလည်းမသိဘူး၊ မင်းအိမ်ကလည်း လူပျောက်တိုင်ထားတယ်ဆိုတော့၊ အမှုပတ်မှာ စိုးရိမ်ရတယ်”

ဒေါ်ကြီးမွှေးက တွေးတွေးဆဆပြော၏။

“ပြီးတော့ ဒီမှာက မိန်းမသားတွေချည်းနေတာ”

“ဒီတော့...”

“ဒီတော့ မင်းကို ခုဘယ်သူမှမသိခင် အပြင်ထုတ်ပေးမယ်၊ မင်းအိမ်မင်းပြန်တော့”

“ဟာ”

မောင်ရှင် ဘယ်လိုပြောရမလဲ မသိနိုင်လောက်အောင် ဝမ်းသာသွားမိသည်။ လွတ်မြောက်တော့မည်။ စောစောက အဆိုးရွားဆုံး အခြေအနေကို ရင်ဆိုင်ထားခဲ့ရပြီ၊ ခုတော့ ကံကောင်းလာခဲ့ပြီပေါ့၊ မြှောက်ပြောလိုက်သည်။

“ဝမ်းသာလိုက်တာဗျာ၊ နတ်ကောင်းမတာပါပဲ”

ဒေါ်ကြီးမွှေးက ပြောပြောဆိုဆို ထိုင်ရာမှထကာ သော့တွဲထရှာ၏။

“ဒုက္ခပါပဲ၊ သော့တွဲ မတွေ့ဘူး”

မောင်ရှင် ခေါင်းပြန်ကြီးရပြန်ပြီ၊ သူ့မှာ သိန်းသုံးရာဆုကြီးပေါက်ပြီးမှ လက်မှတ် ရှာမတွေ့သလိုဖြစ်နေရသည်။

သူပါ ရောရောယောင်ယောင်နှင့် ထရှာလိုက်မိ၏။ အားတက်သရောရှာခြင်းဖြစ်သည်။ မိုးကြိုးသိုင်းသမားလိုရော၊ အနုပညာသမားလိုရော ရှာခြင်းဖြစ်သည်။ မတွေ့၊ ဘယ်မှာမှ မတွေ့။ ဒေါ်ကြီးမွှေးလည်း ခေါင်းတောက်နေပြီ၊ တခြားလူတွေမနိုးအောင် တိုးတိုးတိတ်တိတ်

တောက်နေခြင်းဖြစ်၏။ နောက်မှ တစ်စုံတစ်ခုကိုတွေးမိဟန်ဖြင့်....

“မယ်လဝန်း”

“ဗျာ...မယ်လဝန်း ဘာဖြစ်လဲ” 

“သူ သော့တွဲကို သူ့ခေါင်းအုံးအောက်မှာ ထားအိပ်မယ်လို့ပြောတယ်”

“ဟင်၊ သွား...သွားနှိုက်ရင်ကော”

“သွားနှိုက်ရင် ပါးရိုက်ခံရမယ်ဟေ့”

သွားပြီ။ မျှော်လင့်ချက်တွေအကုန်သွားပြီ။ ဒေါ်ကြီးမွှေးကလည်း ခြေကုန်လက်ပန်းကျသွားသူတစ်ယောက်လို

သက်ပြင်းမောကြီးကို ဆွဲဆွဲငင်ငင်ချလိုက်၏။ သူက မောရုံမောတာ၊ မောင်ရှင့်မှာက စိတ်ဓါတ်တွေကျသွားတာ၊

ကုန်းကောက်၍ပင် မမီနိုင်တော့။ စောစောက လှိုက်ခနဲ ဝမ်းသာသွားခဲ့ရတာလေးကိုပင် နှမြောနေမိ၏။

စိတ်ပျက်လက်ပျက်တွေးမိတာ တစ်ခုရှိသည်။ ချက်ကောင်းမရလျှင် နတ်ကောင်းလည်း မ မနိုင်ဟု။

“ဒါ...ဒါဆို”

မောင်ရှင် မျှော်လင့်ချက်မဲ့စွာ ဒေါ်ကြီးမွှေးကိုကြည့်ရင်း စကားမဆက်ချင်တော့။

“စိတ်မပူပါနဲ့၊ ငါက မင်းကို ပိုပြီးပြန်စေချင်ပါတယ်၊ မင်းအိမ်ကလည်း မင်းကို စိတ်ပူနေတယ်၊

ငါတို့အိမ်မှာကလည်း မိန်းမသားတွေချည်းနေတာ၊ ငါဆိုလည်း အပျိုကြီး၊ ငါ့တူမဆိုလည်း အပျိုလေး၊ စိတ်ချပါ၊

မနက်ကျ မင်းထွက်လို့ရအောင် ငါစီစဉ်ပေးမှာပါ”

“ကြည့်စီစဉ်ပေးပါဦး ဒေါ်ကြီးမွှေးရယ်၊ ကျွန်တော်ကလည်း လူပျိုလေးဆိုတော့”

ခုချိန်မှာတော့ ဒေါ်ကြီးမွှေးစီစဉ်တာကို နာခံရုံကလွဲလို့ ဘာမှ တတ်နိုင်ဦးမှာမို့လို့လဲ။

“ဒါနဲ့ မင်းက ဘယ်နားမှာ နေတာလဲ”

“နောက်ဖေးက အဖီထဲမှာ”

“ဪသာ်... မီးသွေးတွေထားတဲ့ အဖီထဲမှာလား”

မောင်ရှင် ခပ်ဖွဖွ ပြုံးလိုက်မိ၏။

“ဟုတ်တယ်၊ ညနေက အဲဒီထဲ လဝန်း ဝင်လာလို့ ကျွန်တော် မီးသွေးအိတ်ထဲ ဝင်ပုန်းလိုက်ရတယ်လေ၊ ဒါကြောင့် ဒေါ်ကြီးမွှေး ကျွန်တော့်ကို တွေ့တော့ မည်းသည်းနေတဲ့ လူမဲကြီးဖြစ်နေတာ”

ဒေါ်ကြီးမွှေးကလည်း ခုမှ ပြုံးတုံ့မပြုံးတုံ့လုပ်နေသည်။

“ခုကျတော့ရော”

“ကျွန်တော် ရေချိုးလာတယ်လေ”

“ကဲ...ဒါဆိုလာ၊ နောက်ဘက်အဖီထဲ မင်းကို ငါပြန်ပို့မယ်”

ပြောပြောဆိုဆို ထထွက်သွားရာနောက်သို့ ကိုယ်ဖော့ပညာသုံးပြီး လိုက်သွားရ၏။ အဖီလေးထဲဝင်ခါနီးမှာ ဒေါ်ကြီးမွှေးက...

“ခုကော မင်း မီးသွေးအိတ်ထဲဝင်ဦးမှာလား”

မောင်ရှင် မချိသွားလေး ဖြဲပြလိုက်ရ၏။ ပြီးမှ မျက်နှာချိုသွေးကာ...

“ဒါတော့ ဒေါ်ကြီးကပဲ မီးသွေးအိတ်ထဲမဝင်ရဗအာင် ကာကွယ်ပေးလေ”

ဒေါ်ကြီးမွှေးက ဘာမှ ပြန်မပြော၊ ခေါင်းတစ်ချက် ဆတ်ခနဲညိတ်ပြကာ ပြန်လှည့်ထွက်သွားတော့၏။

မီးသွေးအိတ်ကိုမှီပြီး အခေါဘဏီ ခြင်တပ်ကြီးကြားမှာ မောင်ရှင်ကွေးကုပ်နေရပြန်သည်။ နားထဲမှာလည်း

ခြင်အော်သံတဝီဝီနှင့်၊ တတ်နိုင်လျှင် နားရွက်နှစ်ဖက်ကို တီဗွီ ဧရိယာတိုင်များလို ဆတ်ခနဲ ဆွဲလှည့်ပြီး “ချယ်နယ်” ပြောင်းထားလိုက်ချင်သည်။ ခုတော့....။


* * *


(၁၂)


အောင်အောင့်ကို သင်မပေးလိုက်ရသော ‘ခြင်ကာသိုင်း” ကို တစ်ယောက်တည်းလေ့ကျင့်ရင်း နောက်ဆုံးမှာ နွမ်းလျစွာ မောင်ရှင် အိပ်ပျော်သွားတော့သည်။ ခပ်စူးစူး အလင်းတန်းတစ်ခုကြောင့် သူနိုးလာတော့ နေအတော်မြင့်နေပြီ။ လက်မှ နာရီကိုကြည့်လိုက်တော့ မနက် ‘၈’ နာရီ။

နောက်ဖေးမီးဖိုချောင်ထဲမှာ အိုးသံ ခွက်သံ၊ ကြော်လှော်ချက်ပြုတ်သံ၊ စကားပြောသံတွေကြားရသည်။

အောင်အောင့်အသံရော၊ ဒေါ်ကြီးမွှေးအသံရော၊ မယ်လဝန်းလေးရဲ့အသံရော၊ သူတို့အမေဆိုသူ၏ အသံကိုတော့ မကြားရ။

“အောင်အောင်”

“ဗျာ...ဘာလဲ မမ”

“ဒီမှာ မေမေ့အတွက် ထမင်းချိုင့်တွေ၊ ရေဘူး၊ ဓါတ်ဘူးတွေ အဆင်သင့်ဖြစ်ပြီ၊ ခြင်းသွားယူလာပြီး စီထည့်လိုက်၊

တစ်ဆက်တည်း မေမေ့ကိုပါ အကုန်အဆင်သင့်ဖြစ်ပြီလို့ပြောလိုက်၊ ငါဒီမှာ လုပ်လက်စမပြတ်သေးလို့”


လဝန်း၏အသံကိုကြားရ၏။ ဒါဆိုမကြာခင် သူတို့အမေ ဘုရားသွားတော့မည်။ သူထွက်ရဖို့ အချိန်နီးပြီပေါ့၊ အိမ်မှ တစ်ယောက်ပြီးတစ်ယောက် ထွက်သွားမည့်အချိန်ကို သူမျှော်လင့်နေမိသည်။ 

ခဏကြာတော့ ခြံတံခါးဖွင့်သံကို ကြားလိုက်ရသည်။ ဒါဆို ဒေါ်သီတဂူ ဘုရားသွားပြီပေါ့။ လဝန်းကရော၊

ဘယ်ထွက်ဦးမှာလဲ၊ အပြင်ထွက်စရာ မရှိလျှင် ဒုက္ခ၊ မောင်ရှင် ဒေါ်ကြီးမွှေးအလာကို နံရံမှာ မှီလျောရင်း

စောင့်နေမိသည်။ ဟော..လာပါပြီ။


သို့သော် တံခါးကို အသာတွန်းဖွင့်ဝင်လာသူက သူမျှော်လင့်ထားသလို ဒေါ်ကြီးမွှေး မဟုတ်၊

အောင်အောင်ဖြစ်နေသည်။ အောင်အောင်က မိုးမပက်ရန် ကာထားသော ပလတ်စတစ်စကြီး တစ်ဝက်အထိ

လိပ်တင်ထားတာကို ဖြုတ်ချခဲ့လိုက်သည်။ ထိုအခါကျမှ အဖီလေးထဲတွင် အလင်းရောင်နည်းသွားပြီး မီးဖိုချောင်မှ ထွက်လာသူရှိလျှင်တောင်မှ အဖီထဲကို ဘာမှ မြင်ရတော့မည် မဟုတ်ချေ။

“ရော့”

အောင်အောင်က သူ့ကို ကြက်ဥနှစ်လုံး ကမ်းပေး၏။ သူဝမ်းသာအားရယူပြီးမှ တစ်စုံတစ်ခုကို သတိရသွားပြီး....

“ဖြစ်ပါ့မလား၊ တော်ကြာ မနေ့က ညနေကလို မင်းအဆူခံနေရဦးမယ်”

အောင်အောင်က “ပိုင်ပါတယ်” ဆိုသော အမူအရာဖြင့် လက်မထောင်ကာ ပြုံးပြ၏။

“ဒီတစ်ခါတော့ မမဆီက မတောင်းတော့ဘူး၊ မနက်က သူတည်ထားခဲ့တဲ့ Rice Cooker ထဲကို

ရေခဲသေတ္တာထဲက ကြက်ဥနှစ်လုံးခိုးပြီးထည့်ထားလိုက်တယ်၊ ကျက်တော့ သူမသိအောင် ထုတ်ထားလိုက်တာပေါ့”

အောင်အောင်က ဧရာမစွန့်စားခန်းကြီးလုပ်ခဲ့ရသူလို ဂုဏ်ယူစွာ ပြော၏။ သူကလည်း ဂုဏ်ယူစွာ စားဖို့ပြင်လိုက်သည်။

“မင်းအစ်မက ရေခဲသေတ္တာထဲက ကြက်ဥတွေ ပျောက်တယ်ဆိုရင်ကော”

အောင်အောင်တစ်ချက်တွေသွားသည်။ ပိုက်ကွန်ကို နင်းကန်ကိုက်ရမည့် ကြွက်သွားကျိုးလိုဖြစ်သွားသည်။

ပြီးမှ...

“ရမှာပါ၊ ရေခဲသေတ္တာထဲမှာ ကြက်ဥတွေအများကြီး၊ ကျွန်တော်တို့အိမ်က မနက်စာကို ကြက်ဥပြုတ်၊ ဒါမှမဟုတ်

ကြက်ဥကျော် အမြဲပါတယ်၊ ကြက်ဥတွေကို တစ်ခါဝယ်ရင် အများကြီးဝယ်ထားတတ်တယ်၊

ဒီလောက်လျော့တာတော့ မမသိမှာမဟုတ်ဘူး၊ အို...သိလည်း ကိစ္စမရှိပါဘူး စုံထောက်ရာ၊ ကြက်ဥပဲဟာ...သူ့ဥမှ မဟုတ်တာ...ဟီးဟီး”

ဒေါ်စေ့စပ်သေချာ၊ ဒေါ်အကင်းပါးလေး မသိပါမှပဲ၊ သိသွားလျှင် ဒီတစ်ခါတော့ အောင်အောင်

ငြင်းလို့လွယ်မည်မထင်။ ဟုတ်တော့ဟုတ်သည်။ အောင်အောင့်အတွက်ကတော့ ဧရာမစွန့်စားခန်းကြီးပါပဲ၊ တတ်နိုင်လျှင် ဧရာမ ပါးစပ်ကြီးနှင့် ဖြဲစားလိုက်ချင်သည်။ မဖြစ်လို့သာပေါ့။

သူကြက်ဥစားပြီးသောအခါ အောင်အောင်က သူ့ဘောင်းဘီအိတ်ထဲမှ စာရွက်တစ်ရွက်ကို ထုတ်ယူလိုက်၏။

“ဒီမှာ”

စာရွက်ကို ထိုးပေး၏။ ယူကြည့်လိုက်တော့ အင်္ဂလိပ်စာလုံးတွေကို တန်းစီရေးထား၏။ 


“Taiotoshi

Ippon - Seoinage

Morote - Seoinage

O- Goshi

Harai - Goshi

O - Sato - Gari

Ouchi - Gari

Kouchi - Gari

Hiza - Gurama

De - Ashi - Harai

Tsurikomi - Goshi

....................

...................”


ဘာဂါရီတွေ ညာဘာရီတွေ ရှုပ်နေသည်။ မြနန်းဂီရိတို့၊ ဒဿဂီရိတို့တော့ ပါမလာချေ။

ဘာတွေလဲ၊ သူဘာမှမသိ။ ဂျပန်စာလုံးတွေ ဖြစ်နိုင်တာလောက်ပဲ သူသိသည်။ သေချာတာကတော့

အောင်အောင်သည် ဒီအရွယ်လေးနဲ့ အင်္ဂလိပ်စာ လက်ရေးလက်သား အတော်ကောင်းသည်ဆိုတာပင်။

ဖျပ်ခနဲ သူ့အတွေးထဲ “ဟန်ကိုယ်ဖို့” ဆိုသော စကားလုံးက ဝင်လာသည်။ ဟန်ကိုယ်ဖို့တော့ မလုပ်ချင်၊

ရိုးရိုးသားသားပဲ “မာန်” ကိုယ့်ဖို့ပဲ လုပ်မည်။

ထိုကြောင့်....

“အင်း...အဲဒါတွေက ဘာဖြစ်လဲ”

“ဒါတွေကို ခင်ဗျားတော့ အတော်ကျွမ်းနေလောက်ပြီနော်”

“ဟေ...အဲ....ဟို”

မြတ်စွာဘုရား၊ ခေါင်းကို ညိတ်လိုက်သလား၊ ခါလိုက်သလားတောင် သူ့ဘာသာသူမသိ၊ ဘာတွေမို့ သူက

ကျွမ်းနေရမှာလဲ၊ ခက်တော့ ခက်နေပြီ။ သို့သော် ခပ်တည်တည်လက်ပိုက်လိုက်ပြီး ဆရာကြီးလေသံနှင့်...

“အင်း..ဆိုပါတော့ ...ဒါနဲ့”

“ပြော၊ အစ်ကို”

“မင်း ဒါတွေ ဘယ်ကကူးလာတာလဲ”

“မမ စာအုပ်ထဲက”

“မင်းအစ်မစာအုပ်ထဲက ဟုတ်လား”

“ဟုတ်တယ်”

နောက်ဆို သူ့အဒေါ်စာအုပ်ထဲကပါ ကူးလာဦးမည်လား၊ ပိုဆိုးဦးမည်လား၊ မောင်ရှင်အတော် ခေါင်းစားသွားသည်။ အောင်အောင့်ကိုလည်း နဘန်ကျင်းချင်၏။ သူ့အစ်မစာအုပ်ထဲမှ ကူးလာလျှင် သူ့အစ်မကိုသွားမေးပေါ့၊ ဘယ်နှယ် ကိုယ့်ကိုလာမေးနေရတယ်လို့၊ လူကို သူ့ယောက်ဖ ကျနေတာပဲ။

လဝန်းက ဂျပန်စာသင်နေတယ်၊ တက်နေတယ်လို့လည်း သူဒီအိမ်ရောက်ကတည်းက မကြားမိ။ ဂျပန်စာ

စအသင်မှာလည်း ဒီလို ခက်ခက်ခဲခဲတွေ ပါမှာမဟုတ်၊ ကွန်ပျူတာကိုင်နေကျ လဝန်းကို ဖျပ်ခနဲ

သတိရမိပြန်တော့လည်း ဒါတွေက ကွန်ပျူတာနဲ့ ဘာမှ မပတ်သက်တာ သူအသေအချာသိနေသည်။ စဉ်းစားရင်း

...စဉ်းစားရင်း.... နဘန်ကျင်းသင့်တာက လဝန်းဖြစ်နေသည်။

“ဪသာ်...အေး..စာအုပ်နာမည်က ဘာတဲ့လဲ”

သူခုမှ ကလေးနှင့် ဥာဏ်ကစားနေရသည့် ဘဝရောက်နေ၏။ ပတ်စားဝင်သူ ထွက်ရချေဦးမည်။

“စာအုပ်နာမည်က “ Judo for Women” တဲ့ဗျ”

“ဟူး....”

သက်ပြင်းကို အောင်အောင်မသိအောင် မသိမသာ ခိုးချလိုက်ရသည်။ ခုမှပဲ ရှင်းသွားတော့သည်။ ဒါဂျူဒိုဆိုင်ရာ

အခြေခံဝေါဟာရတွေထဲကပဲ ဖြစ်မည်။ ဟွန်း...တစ်ပူဝင် တစ်ပူထွက်ပါပဲ၊ လဝန်းက ဂျူဒိုတတ်သတဲ့လား၊

ပြဿနာ၊ တကယ့် ပြဿနာ။

သူ့ကိုအောင်အောင်က သိုင်း၊ ဂျူဒို၊ ကရာတေး အကုန်တတ်သော စုံထောက်ကြီးဟု ထင်နေသည်ကိုး။ မောင်ရှင် ရယ်ချင်သည်။ သို့သော် ရယ်ချင်စိတ်ကို မျိုသိပ်လိုက်ရင်း...

“အင်း...မင်းအစ်မက ဂျူဒိုတတ်လို့လား”

“ဟင့်အင်း...မတတ်ပါဘူး၊ အဲ ...တတ်ရင်လည်းတတ်မယ်”

“ဒါဆို ဒီစာအုပ်က ဘာလုပ်တာလဲ၊ မင်းကရော ဘာလုပ်ချင်လို့လဲ”

အောင်အောင်က အားတက်သရော မျက်ဝန်းများနှင့် သူ့ကို ကြည့်ကာ...

“ကျွန်တော့်ကို အဲဒီ့သိုင်းကွက်သင်ပေးလေ”

ဘုရားသခင်ဟု မ ‘တ’ ဘဲ ‘ထားသခင်’ဟု ‘တ’လိုက်ချင်၏။

အောင်အောင်က ဂျူဒိုဆိုတာကို ကြားဖူးနားဝရှိပုံပေါ်သော်လည်း သူ့ကလေးအတွေးထဲမှာတော့ ဂျူဒိုကို

သိုင်းကွက်နာမည်ဟု ထင်နေပုံရသည်။ မောင်ရှင်ဆိုတာကလည်း ဒေါ်ကြီးမွှေးတို့လို အနုပညာသမားဆိုတော့ ဘာသိုင်း ဘာကရာတေးမှ မတတ်။ စဉ်းစားစမ်း၊ အရင်တစ်ခါ မိုးကြိုးသိုင်းတုန်းကလို ပိပိရိရိလိမ်နိုင်ဖို့ စဉ်းစားစမ်း။ ဖိုးတွမ်တီး သိုင်းကွက်ကို ဖော်ထုတ်စမ်း။ ပိုလည်း မပိုစေနဲ့၊ လိုလည်း မလိုစေနဲ့။

အဲ...ရပြီ။ သိုင်းကွက်တော့ မဟုတ်။

“ဒီလို အောင်အောင်ရ”

“ဟုတ်ကဲ့”

အောင်အောင်က သူ့ကို အားကိုတကြီးကြည့်ကာ နားထောင်၏။

“မင်းဟာက “for Women” ဆိုတော့ အမျိုးသမီးများအတွက်ဖြစ်နေတယ်”

အောင်အောင်က မျက်မှောင်ကြုတ်ကာ မကျေမနပ်နှင့်....

“ဟာ.. အမျိုးသမီးအတွက်ပေမယ့် အမျိုးသားရော သင်လို့မရဘူးလားဗျ”

“မရဘူး”

“မရဘူး ဟုတ်လား၊ ဘာဖြစ်လို့လည်း”

“ဘာဖြစ်ရမှာလဲ၊ အဖိုအတွင်းအားနဲ့ အမအတွင်းအားက မတည့်ဘူးကွ၊ ရောထွေးသွားရင် ကျင့်တဲ့သူကို

ဒုက္ခပေးတတ်တယ်”

“ဒုက္ခပေးတယ် ဟုတ်လား၊ ဘယ်လိုဒုက္ခပေးတာလဲ”

“အဆင်မသင့်ရင် မင်း အခြောက်ကြီးဖြစ်သွားနိုင်တယ်”

“ဟာ..အခြောက်မဖြစ်ချင်ရင်ကော”

“မင်းရဲ့အတွင်းအားတွေ ပျက်စီးသွားပြီး ဘယ်တော့မှ သိုင်းသင်လို့ ရတော့မှာ မဟုတ်ဘူး”

“ဟာ...”

အောင်အောင် အကြီးအကျယ်စိတ်ဓါတ်ကျသွားဟန်ရှိသည်။ ထို့ကြောင့် ငြိမ်သက်ငိုင်ကျသွားသော အောင်အောင့်ကို တစ်ဖက်က ပြန်အားပေးရ၏။

“စိတ်ဓါတ်မကျပါနဲ့ကွာ၊ တခြားတစ်မျိုးမျိုးရှာပေါ့ကွ၊ ယောကျာ်းတွေ ကျင့်လို့ရမယ့်ဟာတစ်ခုခုပေါ့၊

မင်းသင်ချင်တဲ့စာအုပ်ရှာလာခဲ့၊ ငါသေချာသင်ပေးမှာပါ”

ကလေးဆိုတော့လည်း အောင်အောင်က သူ့စကားကိုယုံသည်။ ပြန်အားတက်သွားပြီး သူ့ကို အားကိုးတကြီး

ပြန်ကြည့်ကာ...

“ဟာ...ဟုတ်ပြီ၊ ဒါဆိုကျွန်တော်သွားရှာလိုက်ဦးမယ်၊ သွားပြီ”

“အေး...သွား...သွား၊ သိုင်းကျမ်းဆိုတာ ရှေးကျလေ ကောင်းလေပဲ၊ သွားရှာချည်”

အောင်အောင် ထ ထွက်သွားတော့၏။ ထိုအခါကျမှ မောင်ရှင်သက်ပြင်းတစ်ခုကို စိတ်ချလက်ချ

ချလိုက်နိုင်တော့၏။ အတွေးနက်နေတုန်း ခြေသံတရှပ်ရှပ်ကို ကြားရပြန်၏။ သူမီးသွေးပုံကြီးနောက်မှကွယ်ပြီး အသာချောင်းကြည့်လိုက်တော့ တံခါးကို တွန်းဖွင့်ကာ မျက်စိက ကျီးကန်းတောင်းမှောက် ဘယ်ညာကြည့်ရင်း ဝင်လာသော ဒေါ်ကြီးမွှေးကို တွေ့လိုက်ရ၏။ သူ့ကို ဘယ်ဘက်ကရော ညာဘက်ကရော ကြည့်ပြီး သူ့ကိုမြင်တော့...

“ရှူး..” ဟုဆိုကာ တိတ်တိတ်နေရန် အမူအရာပြ၏။ အပြင်မှ အသံတစ်ချက်ကြားလိုက်ရသည်ကိုး။

“အောင်အောင် ဘယ်ပျောက်နေတာလဲ”

လဝန်း၏ အသံဖြစ်သည်။ နောက်ထပ်တော့ ဘာသံမှ ထွက်မလာတော့။ လဝန်းနှင့်အောင်အောင်

အဆင်ပြေသွားပုံရ၏။ ထိုအခါကျမှ...

“ရော့”

ဒေါ်ကြီးမွှေးက သူ့ကို ခေါက်ဆွဲခြောက်တစ်ထုပ် ကမ်းပေး၏။ သူလှမ်းယူလိုက်ရင်း စိတ်ထဲမှလည်း

တွေးနေမိသည်။ ခေါက်ဆွဲခြောက်ကို ကလေးများစားသလို တဂျွတ်ဂျွတ် သူ တစ်ခါမှ ဝါးမစားဖူးပါ၊ ခုတော့

အသံမမြည်အော် ကြိတ်ဝါးစားရပေဦးတော့မည်။

ဒေါ်ကြီးမွှေးက သူ့ကို အနုပညာမျက်စိဖြင့်ကြည့်၏။ သူရယ်ပြလိုက်သည်။

ဒေါ်ကြီးမွှေးက...

“မဝင်းတော့ ဘုရားသွားပြီ၊ လဝန်း အပြင်အထွက်ကို စောင့်နေတာ၊ သူတစ်နေရာရာသွားရင် ငါသော့ဖွင့်ထားမယ်၊ မင်းရအောင်ထွက်ပေါ့ ဟုတ်လား၊ အောင်အောင့်ကိုတော့ ငါနိုင်ပါတယ်၊ ကြည့်ထိန်းထားလိုက်မယ်”

ဒေါ်ကြီးမွှေးက သူဘယ်လိုအကွက်ချထားကြောင်းကို ပြောပြ၏။ ပြီး သူမ၏ အနုပညာမျက်မှန်ကို ထုတ်တပ်ကာ..

“ငါပြောတာ ရှင်းတယ်နော်”

“ဟုတ်ကဲ့”

“ဒါနဲ့ နေပါဦး၊ မင်းက အနုပညာသမားဆိုတော့ မေးရဦးမယ်”

ဒီတစ်ခါတော့ အောင်အောင့်တုန်းကလို ဘုရားမတဖြစ်ပါ၊ အနုပညာအကြောင်းလောက်ကတော့ သူ

မတောက်တခေါက် ရွှီးနိုင်ဖြေနိုင်ပါလိမ့်မည်။

“ဟုတ်ကဲ့၊ မေးပါ”

“မင်း ဂျာနယ်တွေ ဖတ်တယ်မဟုတ်လား”

“ဖတ်ဖြစ်ပါတယ်”

“ဒါဆို ဟိုတလောက ဂျာနယ်တွေထဲမှာ ပါလာတဲ့ အချစ်ကို လေ့လာဆဲဆိုတဲ့ ဘဘကြီးဆိုတာ ဘယ်သူ့ကို

ပြောတာလဲ”

အဲဒါမှ ဒုက္ခ၊ သူပြောတာကို မောင်ရှင်မသိပါ။ အနုပညာနှင့်လည်း ဘာမှမဆိုင်၊ သို့သော် ‘ဟန်သူ့ဖို့’

ဖြစ်စေချင်သောကြောင့်...

“မသိချင်ပါနဲ့ ဒေါ်ကြီးရာ၊ တော်ကြာ အဲဒီဘဘကြီးက ဒေါ်ကြီးဆီလည်း လာလေ့လာနေဦးမယ်၊ အဟီး”

အပျိုကြီး မောင်ရှင့်စကားကြောင့် စကားမဆက်ရဲတော့ချေ။ တခြား subject သို့ပြောင်းလိုက်ပြန်သည်။

ဘဘကြီးအကြောင်းမှ ဘဘလေးအကြောင်းရောက်သွားသည်။

“ဪသာ် အရင်တုန်းက ဘောလုံးဆောင်းပါးတွေ ရေးရေးနေတဲ့ မောင်နန်းမိုးဆိုတာ ခုနောက်ပိုင်း ပေါ်ပြူလာမှာ ရေးတာတော့ တွေ့ပါရဲ့၊ ဒါပေမယ့် ဘောလုံးအကြောင်းမဟုတ်တော့ဘူး၊ ဘာလို့လဲ မသိဘူးနော်”

“သူက ခု ဘောလုံးထက် ဘော်ပြား..အဲ အဲ... တခြားဟာတွေကို ပိုစိတ်ဝင်စားသွားပြီ၊

ဥပမာ..မော်ဒယ်အကြောင်းတို့ ဘာတို့ပေါ့”

“ဪ...ဪ”

ဒီတစ်ခါတော့ မောင်ရှင့်အဖြေကို ကျေနပ်သလို ဒေါ်ကြီးမွှေးက ခေါင်းတဆတ်ဆတ်ညိတ်၏။

“ကိုကိုပေါ်ပြူလာဆိုတာကရော ဘယ်သူလဲ:

ဒေါ်ကြီးမွှေးကြည့်ရတာ ပေါ်ပြူလာတော့ အမြဲဖတ်ပုံရသည်။

“ဒါလည်း မသိချင်ပါနဲ့ ဒေါ်ကြီးရာ၊ ပေါ်ပြီးပြူလာတဲ့ ကိုကိုပါဆိုမှ အတော်ကြည့်ရဆိုးမယ့်လူပဲ”

မောင်ရှင့်အဖြေကို ဒီတစ်ခါ သိပ်အကျေနပ်ကြီး မဟုတ်သော်လည်း ခေါင်းညိတ်အသိအမှတ်ပြုဖော်တော့ရသည်၊ ရှက်သွားပုံလည်းရသည်။

“ဪ...ဒါနဲ့”

“ဟုတ်ကဲ့”

“နီကိုရဲဆိုတာကရော၊ ၆၇ ပေါင်ဆိုတာဟုတ်လား၊ လူကြီးပြီး အချိန်မစီးဘူးနော်”

ပေါ်ပြူလာမှသည် ဟန်သစ်ဘက်သို့လှည့်သွားပြီ။

“ကျွန်တော်မှ သူ့ကို ကျောမပိုးဖူးတာ၊ ချိန်လည်းမကြည့်မိတော့ မသိပါဘူး ဒေါ်ကြီးရာ”

“အင်း...၊ ဒါလည်းဟုတ်တာပဲ၊ ဟိုကလည်း ဘယ်အချိန်ခံပါ့မလဲနော်”

မဖြစ်ချေတော့၊ ကြာလာရင် မောင်ရှင် စိတ်ရှည်တော့မည် မဟုတ်၊ စကားလမ်းကြောင်းလွှဲရတော့၏။

“ဒေါ်ကြီးမွှေး ဒီနေ့အိမ်မှာရှိမှာပေါ့”

“အေး”

“လဝန်းက ဒီနေ့ အပြင်သွားစရာရှိရဲ့လား”

ဒေါ်ကြီးမွှေးက တစ်ချက်စဉ်းစားဟန်ပြု၏။ ပြီးမှ...

“ပြောသံတော့ မကြားဘူး၊ ဒါကထားပါ၊ ငါရအောင် ပ ထုတ်လိုက်ပါ့မယ်၊ မင်းသာ အဆင်သင့်ဖြစ်အောင်

လုပ်ထား၊ ဟုတ်ပြီလား”

မောင်ရှင် အားတက်သရော ခေါင်းညိတ်ပြလိုက်၏။

“ကဲ...ဒါဆို ငါသွားမယ်”

ပြောပြောဆိုဆို ထထွက်သွားတော့မှ မောင်ရှင် အသက်ရှူချောင်တော့သည်။ သူမမေးသော အနုပညာရေးရာတွေက ခက်ခဲလွန်း၍ ကြာလျှင် မောင်ရှင် ဖြေတတ်တော့မည်မဟုတ်။

ဒါပေမယ့် လောလောဆယ်တော့ သူမသာလျှင် နတ်ကောင်း ဖြစ်နေသည် မဟုတ်ပါလား။


* * *


(၁၃)


ဒေါ်ကြီးမွှေးကိုစောင့်ရင်း မောင်ရှင် မှေးခနဲ ငိုက်သွားမိသည်။

“ဗွမ်း”

ရေတွေသွန်ပစ်သံကြောင့် မောင်ရှင် ဆတ်ခနဲဖြစ်ကာ နိုးသွားရ၏။

“လဝန်း”

ဒေါ်ကြီးမွှေးအသံဖြစ်နေ၍ အသာနားစွင့်လိုက်မိ၏။

“ဘာလဲ၊ ဒေါ်ကြီးမွှေး”

“ညည်း ဘယ်သွားစရာရှိသေးလဲ”

“မရှိပါဘူး၊ ဒေါ်ကြီးမွှေးရဲ့၊ ဒါကြောင့်ကြမ်းတိုက်နေတာ၊ ခုအပေါ်ထပ်ပြီးသွားပြီ၊ အောက်ထပ်ပဲကျန်တော့တယ်”

“ကျန်တာထားပါအေ၊ ငါတိုက်ပါ့မယ်”

“ရပါတယ်....ဒေါ်ကြီးရဲ့”

“ဪ...မရနဲ့၊ ငါဒီနေ့အားတယ်၊ ဘယ်မှ သွားစရာမရှိဘူး၊ ဒီတော့အိမ်စောင့်ရင်း ငါကြမ်းတိုက်ထားမယ်၊

ညည်းသွားစရာရှိရင်သွား”

“မရှိပါဘူးဆို”

အသံတိတ်သွား၏။ ခဏကြာမှ...

“သန္တာက ဟိုတလောက နင့်ကိုခေါ်နေတယ် မဟုတ်လား”

“အဲဒါ ကိစ္စရှိလို့ပါ၊ ခု...အဲဒီကိစ္စကပြီးသွားပြီ”

ဒေါ်ကြီးမွှေး အသံက ရုတ်တရက် ထွက်မလာပြန်။ မောင်ရှင် ဒေါ်ကြီးမွှေးကိုပင် ကြားထဲက အားနာနေမိသည်။

“သန္တာက ယောကျာ်းမယူသေးဘူးလား”

“မယူသေးတာမဟုတ်ဘူး၊ မရသေးတာ”

“ရွှေရည်တို့၊ ထက်ထက်တို့ဆီရော မသွားဘူးလား”

“ဒေါ်ကြီးက ဘယ်လိုဖြစ်နေရတာလဲ၊ ဘာဖြစ်လို့ လဝန်းကို အတင်းနှင်ထုတ်နေတာလဲ”

လဝန်းက မသင်္ကာသလိုလေသံနှင့်မေး၏။ ဒေါ်ကြီးမွှေးက တဟဲဟဲရယ်ရင်း...

“ဘာမှ မဖြစ်ပါဘူး၊ ငါအားတုန်း ညည်းသွားချင်ရာသွားရအောင် ပြောတာပါ၊ မဟုတ်ရင် ညည်းကထွက်ချင်၊

ငါကသွားစရာရှိနဲ့ တိုက်တိုက်နေတတ်တယ် မဟုတ်လား”

“အင်း...ဟုတ်တော့ ဟုတ်ပါတယ်၊ ဒါပေမယ့် ခက်တာက ဒေါ်ကြီးမွှေးအားပါတယ်ဆိုမှ ဘယ်မှ သွားစရာမရှိတာ”

“ဒါဖြင့် ... ဘယ်မှ မသွားတော့ဘူးပေါ့”

“အင်း...”

အင်း....ကို သံရှည်ဆွဲပြီး လဝန်းအသံက ခဏတိတ်သွား၏။ ပြီးမှ...

“အာ...ခုမှ သတိရတယ်၊ သွားစရာရှိတယ်၊ ရှိတယ်၊ အရေးကြီးတဲ့ကိစ္စကိုမေ့နေတာ၊ သွားမယ် သွားမယ်

ဒေါ်ကြီးမွှေးရေ”

“အေး...ငါသတိပေးလို့မဟုတ်လား”

“ဟုတ်ပါတယ် ဒေါ်ကြီးရဲ့၊ ကျေးဇူးတကယ်တင်ပါတယ်၊ ကဲ ...လဝန်း ဒါတွေ ထားခဲ့ပြီနော်”

အသံတွေ တိတ်သွား၏။ အသံတွေ တိတ်နေသော်လည်း အရုပ်တွေက ဆက်လက်လှုပ်ရှားနေကြမည်ထင်သည်။ အပြင်သွားမည့် အရုပ်လှလှလေးကို လွမ်းရင်း အထဲဝင်လာမည့် အရုပ်ဝ၀ကြီးကိုလည်း မောင်ရှင်မျှော်နေမိသည်။ အရင်တုန်းက ဘဝမှာ ဒါမျိုးကိုမကြုံဖူးပေါင်ဗျာ...။

ခဏကြာတော့ ဒေါ်ကြီးမွှေးရောက်လာသည်။

“ဟေ့ ဟေ့... မောင်ရှင်”

“ဗျာ... ဒေါ်ကြီး၊ ကျွန်တော် ဒီမှာ”

“ဗျာမနေနဲ့၊ လဝန်းသွားပြီ၊ စိတ်ချရအောင် သူလမ်းထိပ်ရောက်တဲ့ထိ စောင့်ကြည့်ပြီးမှ ဝင်လာတာ၊ ကဲ... ငါ

တံခါးဖွင့်ထားတယ်၊ အောင်အောင့်ကို ငါ အပေါ်မှာ တစ်ခုခိုင်းလိုက်မယ်၊ အမြန်ထွက်တော့”

“ဟို...”

“ဘာ ဟို...နေတာလဲ၊ မြန်မြန်လုပ်”

“ကျွန်တော့်ဖိနပ်...”

“ဟေ...ဖိနပ်၊ ဟုတ်လား”

“ဟုတ်တယ်၊ ကျွန်တော့်ရှူးဖိနပ်က ဖိနပ်စင်အောက်မှာလေ”

ဒေါ်ကြီးမွှေးက ခုမှ သတိရသွားဟန်ဖြင့်....

“ဟာ... ဟိုတစ်ခါ အောင်အောင်ဆော့တဲ့ ဖိနပ်က မင်း ဖိနပ်ဟုတ်လား”

“ဟုတ်တယ်”

“အေးအေး၊ ဒါဆို ဝင်ယူပြီးမှ သွားလေ”

“ဟုတ်ကဲ့”

“ကျေးဇူးပဲနော် ဒေါ်ကြီး”

“မလိုပါဘူးဟာ၊ အနုပညာသမားတွေချင်းပဲဟာ”

ဒေါ်ကြီးမွှေး ပြန်ထွက်သွားတော့ သူမီးဖိုချောင်တံခါးကို ဖွင့်ကာ အိမ်မကြီးကိုဖြတ်၍ အိမ်ရှေ့ဖိနပ်စင်ရှိရာသို့

အပြေးကလေးဝင်သွားလိုက်သည်။ ဖိနပ်ကို ငုံ့ယူကာ ဖုံခါရန်အပြင် အိမ်ရှေ့ဆီမှ အိမ်တံခါးဖွင့်သံကြားရ၏။ မောင်ရှင် တုန်ခနဲဖြစ်သွားကာ တံခါးမ အကွယ်မှ ချောင်းကြည့်တော့...

လားလား...လဝန်း....။ လဝန်းမှတစ်ယောက်တည်းမဟုတ်၊ ဧရာမအင်းခွေးကြီးတစ်ကောင်ကို

ကြိုးဖြင့်ဆွဲကိုင်ထားကာ တံခါးကို ဖွင့်နေ၏။ အသုံးမကျသော တံခါးကလည်း ပွင့်လေသည်။

မောင်ရှင် ဖိနပ်ကို ကပျာကယာ ဖိနပ်စင်အောက်သို့ ပြန်ထိုးသွင်းကာ အမြန်ပြန်ပြေးရတော့သည်။

တံခါးသံကြောင့် ဒေါ်ကြီးမွှေးလည်း အပေါ်မှ ဆင်းလာသည်။

“ဟယ်...လဝန်း”

ပါးစပ်ကသာ ‘ဟယ်..လဝန်း’ ၊ မျက်စိက နောက်ဘက်သို့ရောက်နေသည်။ တစ်စုံတစ်ခုကိုရှာနေသလို၊ လဝန်းကပင် မလုံမလဲဖြစ်ပြီး သူမ၏နောက်သို့ပြန်လှည့်ကြည့်မိ၏။ ဘာမှလည်း ရှိသည်မဟုတ်။

“ဒေါ်ကြီး ဘာရှာနေတာလဲ”

“ဟို..အဲ၊ အောင်အောင်လေ၊ အောင်အောင်”

“အပေါ်မှာ ရှိမှာပေါ့”

“ဒါနဲ့ နေပါဦး မယ်လဝန်းရယ်၊ ဒါက ဘယ်ကဟာကြီးတုန်း၊ ပြန်လာတာကလည်း မြန်လှချည်လား”

“မြန်ဆို... လမ်းထိပ်က ဘုန်းကြီးကျောင်းတင်သွားတာ၊ ဒီကောင်ကြိးကို သွားခေါ်လာတာလေ၊ လုံခြုံရေးအတွက်၊ မကောင်းဘူးလား ဒေါ်ကြီး”

မကောင်းပါ၊ မောင်ရှင်အတွက်ကတော့ လုံးဝမကောင်းတာ သေချာသည်။ ဒေါ်ကြီးမွှေးကတော့ အသံပင်

ထွက်မလာတော့၊ လဝန်း၏ အသံလွင်လွင်မြမြကလေးကိုသာ ကြားနေရတော့သည်။

“အောင်အောင်ရေ၊ အောင်အောင်”

“ဗျာ...မမ”

အောင်အောင်ရောက်လာ၏။

“ဒီမှာကြည့်စမ်း၊ ဒီကောင်ကြီး မလှဘူးလား၊ သူ့နာမည်က “ယက္ခ”တဲ့၊ လမ်းထိပ်ဘုန်းကြီးကျောင်းက ခေါ်လာတာ”

လှတယ်ဟု အောင်အောင်ဖြေလိုက်သံကို သူမကြားရ၊ သို့သော် မကြားဘဲနှင့် ကြားလေသည်။

“ဒီကောင်ကြီးက လဝန်းနဲ့တော့ ခင်နေပြီ၊ ဒါကြောင့်လည်းဘုန်းဘုန်းကို လျှောက်တော့ ဘုန်းဘုန်းက

အလွယ်တကူပေးလိုက်တာ”

ဒေါ်ကြီးမွှေးရော၊ အောင်အောင်ရော အတွေးကိုယ်စီနှင့်ငြိမ်သက်နေကြ၏။ လဝန်းကပဲ ဆက်ပြောသည်။

“ဒီကောင်ကြီးကဆိုးတယ်၊ အိမ်က လူတွေကို မှတ်မိအောင် မိတ်ဆက်ပေးထားမလို့”

“ဘယ်လို မိတ်ဆက်မှာလဲဟဲ့”

ဒေါ်ကြီးမွှေးအသံက ရွံ့တွန့်တွန့် ထွက်လာ၏။

“ဪသာ်....သူ့ကို အနံ့ခံခိုင်းထားပြီး အိမ်သားဆိုတာသိအောင် လုပ်ထားရမှာပေါ့၊ ယက္ခ ... လာ၊ ဒါအိမ်သားတွေပဲ၊ အနံ့ကို မှတ်ထား”

ခွေးကြီး ယက္ခက တအီအီလုပ်ကာ တရှုံ့ရှုံ့ နမ်း၏။ ပြီးမှလဝန်းက....

“လာ...ယက္ခ၊ လောလောဆယ် နင့်ကို ဒီတံခါးဝမှာပဲခဏချည် ထားမယ်၊ အိမ်စောင့်နော် ဟုတ်လား”

လဝန်းက ယက္ခကို တံခါးနဲ့ တွဲပြီး ခဏချည်ထားလိုက်သည်။ ယက္ခက လဝန်းထားရာမှာ မနေ၊

ကြိုးဆန့်လို့ရသည်အထိ လျှောက်သွားအနံ့ခံနေသည်။ ခဏကြာတော့ လဝန်းက...

“ဟဲ့ ယက္ခ၊ အဲဒီဖိနပ်ကို သွားသွားပြီး တရှုံ့ရှုံ့နဲ့၊ အဲဒါ ဘာလုပ်နေတာလဲ”

လဝန်းအသံကြောင့် ဒေါ်ကြီးမွှေးလည်း ကပျာကယာထွက်လာကြည့်တော့ သူတို့ ပိုင်ရှင်မပေါ်ခဲ့သော

မောင်ရှင့်ဖိနပ်ကို တွေ့သွားပြီး လဝန်းမသိအောင် သက်ပြင်းကို အသာအယာ ခိုးချလိုက်ရသည်။

ဒါဆို မောင်ရှင် မလွတ်သွားဘူးပေါ့၊ ဒုက္ခပါပဲ၊ ဒေါ်ကြီးမွှေးမှ မဟုတ်ပါ၊ လဝန်းရော၊ အောင်အောင်ရော

ရင်ထိတ်ခဲ့ကြပါသည်။ လဝန်းကတော့ မသင်္ကာမှုပိုသည်။ ခဏကြာတော့ မောင်ရှင် စိတ်ပျက်လက်ပျက် ထိုင်နေသော မဟူရာ စံနန်းတော်ထဲသို့ ဒေါ်ကြီးမွှေးရောက်လာသည်။

စိတ်ပျက်လက်ပျက်အမူအရာနှင့်...

“ဒုက္ခပါပဲဟယ်၊ ဒီခွေးနဲ့တော့...” ဟု ညည်းတွားပါသည်။ ပြီးမှ မောင်ရှင့်ကိုကြည့်ကာ သနားသွားပုံရသည်။

“ဒီလောက်တော့ စိတ်ဓါတ်ကျမနေပါနဲ့၊ တနည်းနည်းနဲ့တော့ ကြံဖန်ပေးမှာပါ၊ ဒီနေ့မထွက်ရ၊ မနက်ဖြန်ပေါ့

ဟုတ်လား”

“ဒုက္ခပါပဲ၊ ဒီလူနဲ့တော့....”  ဟု ဆက်မပြောချေ။

ခေါင်းကို ညိတ်လိုက်ရသော်လည်း စိတ်ထဲကတော့ “Tomorrow Never Comes” လို့ ရေရွတ်နေမိသည်။ သို့သော် နှုတ်မှ မထွက်ရက်၊ လောလောဆယ်မှာတော့ ဒေါ်ကြီးမွှေးသာလျှင် မောင်ရှင့်အတွက်

နတ်ကောင်းနတ်မြတ် မဟုတ်ပါလား။ ဟိုနတ်ဆိုးမလေးကတော့ လှသလောက် အကွက်စေ့နိုင်ပါပေ့။

မိန်းကလေးတစ်ယောက်အပေါ်မှာ ယဉ်ယဉ်ကျေးကျေးနှင့် ဘယ်လိုကျိန်ဆဲရပါမည်လဲ၊ ချက်ချင်းဆိုသလို

အဖြေကိုရပြီး ရေရွတ်မိသည်။

“ခွေးသူတောင်းစား မောင်ရှင်၊ အသုံးကို မကျဘူး”

ဒေါ်ကြီးမွှေးသည် ဒေါ်ကြီးမွှေးဖြစ်၏။ ဒေါ်ကြီးနံတော့ မဟုတ်ချေ။ မောင်ရှင်ကိုကြည့်ပြီး သနားသွားပုံပေါ်သည်။

အနုပညာလေသံဖြင့်...

“တစ်ခုတော့ရှိတယ်”

ဒေါ်ကြီးမွှေးက အားတက်သရော ပြောတော့ သူခေါင်းထောင်သွားရသည်၊ (လည်ပင်းညောင်းတာပဲ အဖတ်တင်၏။)

“ဘာ...ဘာလဲ၊ ဒေါ်ကြီးမွှေး”

“သူက ခွေးကို အိမ်ရှေ့နဲ့ ခြံထဲမှာပဲထားမှာ၊ ဒီတော့မင်းဒီထဲမှာပဲနေ၊ ဘယ်မှ မထွက်နဲ့ ကြားလား”

“ဟုတ်... ဟုတ်ကဲ့”

သူစိတ်ဓါတ်ပြန်ကျသွားရပြန်သည်။ တော်သေးတာက ဒေါ်ကြီးမွှေးမနက်က တစ်ခေါက်လာတုန်းကလို

အနုပညာရေးရာတွေ မဆွေးနွေးတော့တာပါပဲ။ ဒီအတွက်တော့ ကျေးဇူးတင်သည်။  ခဏကြာတော့ ဒေါ်ကြီးမွှေးပြန်သွားသည်။ မပြန်ခင်သူ့ကို တော့ အတော်လေး အားပေးသွားရှာသည်။ ဒေါ်ကြီးမွှေး

ပြန်သွားတော့ နေ့လယ်နေ့ခင်း ခြင်မရှိတုန်း အိပ်ထားမှ ဟုတွေးကာ နေရာထိုင်ခင်းပြင်ပြီး လှဲရန် ပြင်လိုက်၏။

ကျောရိုး ညောင်းတာပဲ အဖတ်တင်၏။

“ဟေ့ စုံထောက်ကြီး”

ခပ်ဖွဖွအသံနှင့်အတူ အောင်အောင် ရောက်လာပြန်သည်။

“ခင်ဗျားတော့ ဝမ်းသာပေတော့ သိလား”

စိတ်ညစ်ရတဲ့ အထဲ သူမှ ဝမ်းသာခိုင်းနေသေးသည်။ မောင်ရှင်စိတ်ညစ်သွား၏။ ဝမ်းသာစွာ စိတ်ညစ်ခြင်းဟုလည်း ဆိုနိုင်သည်။ ဘာမှန်းမသိသေး၍...

“ဘာလို့ ဝမ်းသာရမှာလဲကွ”

အောင်အောင်က သူ့အမေးကို ပြုံးပြီး ဖြေ၏။

“ဘာဖြစ်ရမှာလဲ၊ အိမ်မှာ ရဲဘော်တစ်ကောင်တိုးလာပြီဗျ”

“ကြားသားပဲ၊ အဲဒါ ဘာဖြစ်လဲ”

သူ ဘုတောလိုက်မိ၏။

“ဘာဖြစ်ရမှာလဲ၊ ခင်ဗျားကို လူဆိုးတွေလာတိုက်ခိုက်ရင် မပူရတော့ဘူးလေ၊ ယက္ခရှိတယ်၊ အံမယ်...အဲဒါ မမကို ကျေးဇူးတင် သိလား”

ကျေးဇူးရှင်မလေးကို သူကဖြစ်နိုင်လျှင် ကျေးဇူးပိဿာလေးနှင့်ပင် ထု၍ထု၍ ဂုဏ်ပြုချင်လှသည်။ ခက်တာက

မထုရက်တာပင်၊ ထုရက်စရာလည်း မရှိမှ မရှိတာကိုး။ လဝန်းလေးက သွက်လက်ရဲရင့်ဟန်ရှိသော်လည်း ထက်ထက်မိုးဦးထက်ပင် နုဦးမည်။ ငြိမ်နေသော သူ့ကို အောင်အောင်က...

“ခင်ဗျားက ဝမ်းမသာဘူးလား၊ ခင်ဗျား လုံခြုံမှုအတွက် ကျွန်တော် စိတ်မပူရတော့ဘူး”

“ဪ...အေး၊ ဝမ်းသာပါတယ်ကွာ”

“အစ်မပေးလေး၊” သူကပဲ စိတ်ပူရတယ်ရှိသေး။ အောင်အောင်က ပြောပြောဆိုဆို ခုန်ပေါက်ထွက်ပြန်သွားသည်။ သူ့မှာသာ ဘယ်လို ထွက်ပေါက်ရှာရပါ့ဟုတွေးရင်း စိတ်ပျက်လက်ပျက် ကျန်ခဲ့ရသည်။ စိတ်ပျက်လက်ပျက်နှင့် အိပ်ပျော်သွားလိုက်တာ ဆူဆူညံညံ အသံတွေကြောင့် မောင်ရှင်လန့်နိုးလာရသည်။ စိတ်တိုသွားသည်။

အဲဒါကြောင့် သူများအိမ်မှာ မအိပ်ချင်တာ။

“ဝေါင်း...ဝုတ်”

“ဟဲ့၊ အမယ်လေး၊ လုပ်ပါဦး၊ ဘုရားကယ်ပါ”

“ဟဲ့ ဟဲ့၊ ယက္ခ မလုပ်နဲ့”

“ဆွဲပါဟ၊ မြန်မြန်ဆွဲ”

“ယက္ခ၊ ယက္ခ အဲဒါ အိမ်သားပဲ”

“ဝုတ်...ဝုတ်”

“အမယ်လေး....မယ်လဝန်းရယ်၊ ဒါကဘယ်ကဟာကြီးတုန်း၊ ကံကောင်းလို့”

ဒေါ်သီတဂူဝင်းက ခပ်ညည်းညည်းပြော၏။

“ခြံလုံအောင်လို့လေ၊ လမ်းထိပ်က ဘုန်းဘုန်းဆီက တောင်းလာတာ”

“ခြံလုံ မလုံတော့ မသိဘူး၊ ကံကောင်းလို့ အကိုက်မခံရတာ၊ ဘုရား...ဘုရား”

မေမေကတော့ ထုံးစံအတိုင်း လဝန်းကို အပြစ်မတင်ချေ။

“ခွေးက ဆိုးတော့ ဆိုးတယ်၊ ဒါပေမယ့် မိတ်ဆက်ပေးထားရင် ဘာမှ မဖြစ်ပါဘူး၊ ဒေါ်ကြီးမွှေးတို့

အောင်အောင်တို့နဲ့ဆို အိုကေပဲ၊ မေမေက ခုမှပြန်လာတာဆိုတော့ တစိမ်းလိုဖြစ်နေလို့ပါ၊ ယက္ခ ဒါလည်း

အိမ်သားပဲ မှတ်ထား၊ သူက သိပ်သိတာ၊ လူစိမ်းနံ့ရတာနဲ့ ဟောင်တော့ကိုက်ချင်တော့တာပဲ၊ မွေးရကျိုးနပ်မှာပါ၊

ကဲ...လဝန်း သူ့အတွက် အစာကျိုနေတာ ဆက်လုပ်လိုက်ဦးမယ်”

သူပြောချင်ရာပြောပြီး နောက်ဖေးဖက် ဝင်လာကာ အိုးခွက်ဖွင့်သံကြားရ၏။

မောင်ရှင့်မှာတော့ ကျောထဲမှာ စိမ့်ခနဲ၊ ခွေးက ဆိုးတယ်တဲ့၊ လူစိမ်းနံ့ရတာနဲ့ ဟောင်တော့ ကိုက်တော့တာပဲ...တဲ့။

ဘုရား...ဘုရား၊ ဒီခွေးက တစ်နေ့ ဒီအဖီထဲရောက်မလာဘူးလို့ ဘယ်သူက အာမခံထားမှာလို့လဲ။

ဒီခွေးနဲ့ ပတ်သက်ပြီး...

အခုမှ ဘုရားမှ ပြန်လာသော ဒေါ်သီတဂူပင် ဘုရားပြန်တ ရသည်။ မောင်ရှင်အနေနှင့်တော့

ပြောနေစရာပင်မလိုတော့....။

“အရှင်ဘုရား၊ လမ်းမှာတွေ့ရင် တပည့်တော်ကို မှတ်မိပါ၊ စောင်မပါ၊ နောင်ဆို မှန်မှန် ရှိခိုးပါ့မယ်”


* * *


 (၁၄)


ည....။

လဝန်းအိပ်ပျော်စပင်ရှိသေးသည်။ ဒီနေ့ တီဗွီ အစီအစဉ်ကို မကြိုက်၍ အားလုံးစောစော အိပ်ရာဝင်ကြ၏။

လဝန်းသာ အခန်းထဲမှာ တောင်လုပ် မြောက်လုပ်နှင့် တော်တော်နှင့် မအိပ်ဖြစ်။ အိပ်ဖြစ်ပြန်တော့လည်း

ပျော်ခါစပင်ရှိသေးသည်။ ဖုန်းလှည့်သံကြောင့် လန့်နိုးသွားရသည်။

လဝန်း ဖုန်းက ရှေးက ဒိုင်ခွက်နှင့်လှည့်ရသောဖုန်း၊ ဧည့်ခန်းမှာက ခလုတ်နှင့်ဖုန်း၊ Extension ဆွဲထားခြင်းဖြစ်သည်။ ဒီတော့ ရှေ့ကနှိပ်လျှင် အခန်းထဲကမြည်သည်။ ခါတိုင်းညတွေမှာတော့ အခန်းထဲက ဖုန်းကို အသံလျှော့ထားတတ်သည်။ ခေါင်းအုံးတစ်လုံးနှင့် ဖိထားလိုက်ခြင်းသက်သက်ပါ။ ဒါမှ နားအေးပါးအေး အိပ်လို့ရသည်။ ခုညမှာတော့ လဝန်းမေ့လျော့ကာ အိပ်ရာဝင်ခဲ့မိသည်ကိုး။

ဒီအချိန်ကြီး၊ ဘယ်သူက ဖုန်းထဆက်တာတဲ့လဲ၊ အောင်အောင်များလားဟုတွေးကာ လဝန်းလူးလဲထာကာ ဖုန်းကို အသာကောက်ကိုင်လိုက်၏။

“ဦးလေးလား”

“ဟာ...မောင်ရှင်၊ အေး...မင်းဘယ်မှာလဲ”

“အဲဒါပြောမလို့၊ ကျွန်တော် အိမ်တစ်အိမ်ထဲမှာ ပိတ်မိနေတယ်”

“ဟေ...ဘယ်လိုဖြစ်တာလဲ၊ မင်းကို ဘယ်သူက ဖမ်းထားလို့လဲ”

ဦးလေးကလည်း အောင်အောင်နှင့်သာ အတူတူထားလိုက်ဖို့ကောင်းတော့၏။

“ဟာ..မဖမ်းပါဘူး၊ ဘယ်လိုရောက်နေမှန်းမသိလို့ ဒ္ခုက္ခရောက်နေတာ”


ဟောတော်...။

               

လဝန်း သူမသိသော လူနှစ်ယောက် စကားပြောနေသံကို တအံ့တဩ ကြားလိုက်ရ၏။ ဘယ်သူလဲ၊ အပြင်က ဖုန်းပြောနေတာ ဘယ်သူလဲ၊ သူက ဘယ်လိုလုပ် လဝန်းတို့အိမ်ထဲ ရောက်နေရတာလဲ။

လဝန်းအသိဝင်ကာ ဖုန်းကို အသာပြန်ချရင်း ဧည့်ခန်းသို့ ပြေးထွက်သွားလိုက်သည်။ ဧည့်ခန်းမှာတော့ ဖုန်းနားက ခုံပုလေးတွင်ထိုင်ကာ စကားပြောနေသော လူတစ်ယောက်ကို ညကြည့်မီးပြာပြာအောက်တွင် တွေ့လိုက်ရ၏။ လဝန်း ဧည့်ခန်းမီးကို ဖျပ်ခနဲ ဖွင့်လိုက်၏။ ဧည့်ခန်းတစ်ခုလုံး ရုတ်တရက် လင်းထိန်သွားတော့

ဖုန်းပြောနေသောသူ ရုတ်တရက်မို့ တွန့်သွားသည်။ ဖုန်းကို ယောင်ယမ်းကာ ပြန်ချလိုက်ပြီး လဝန်းကို

ကြက်သေသေကာ ပြန်ကြည့်နေလေသည်။ လဝန်းကလည်း အာဂကောင်မလေးပင်၊ အိမ်ထဲမှာ တစိမ်းတစ်ယောက်ကို တွေ့တာတောင် တော်တော် တည်တည်ငြိမ်ငြိမ် ရင်ဆိုင်နိုင်၏။

ဂျပန်ဂျူဒိုကွက်တွေကို မခင်းပါ။

မြန်မာ အမျိုးသမီးတို့၏ ရိုးရာအစဉ်အလာအတိုင်း ခါးပေါ်ကို လက်နှစ်ဖက်ထောက်တင်ပြီး မေးလေသည်။

“ရှင် အိမ်ထဲကို ဘယ်လိုရောက်နေတာလဲ”

“ခုနကပဲ နောက်ဖေးပေါက်ကဝင်လာတာ”

“နောက်ဖေးပေါက်ဟုတ်လား၊ ကျွန်မသေချာပိတ်ထားခဲ့တာပဲ”

“ကျွန်တော်ဝင်လာတော့ ပွင့်နေတယ်”

လဝန်း စဉ်းစားရခက်သွားသလို မျက်မှောင်ကြုတ်၏။ (အမှန်တကယ်က မောင်ရှင်

ညဘက်ဝင်ရထွက်ရလွယ်အောင် ဒေါ်ကြီးမွှေး (သို့မဟုတ်) အောင်အောင် တစ်ယောက်ယောက်က

ဖွင့်ထားပေးတာဖြစ်သည်။)

“အဲဒါ ထားပါ၊ ရှင် ဘာရည်ရွယ်ချက်နဲ့ ဒီအိမ်ထဲဝင်လာတာလဲ”

“ဖုန်းဆက်ဖို့လေ၊ ကျွန်တော့်အိမ်ကို ဖုန်းဆက်ဖို့”

“အဲဒါကိုမေးနေတာမဟုတ်ဘူး၊ ရှင်ဘယ်တုန်းကတည်းက ဘာရည်ရွယ်ချက်နဲ့ ကျွန်မတို့အိမ်ထဲကို

ရောက်နေတာလဲလို့မေးတာ”

“ဪ...ဒါလား”

မောင်ရှင်က ချက်ချင်း မဖြေသေး လဝန်း စိတ်မရှည်ချင်သလို ဖြစ်သွားရသည်။

“ရောက်နေတာကတော့ ခင်ဗျား ကျွန်တော့် ဖိနပ်ကြီးစတွေ့တဲ့နေ့ကပဲ၊ အဲ...ရည်ရွယ်ချက်ကတော့ ကျွန်တော်လည်း မသိဘူး”

လဝန်း စိတ်တိုသွားရသည်။

“ရှင်နော်၊ အူကြောင်ကြောင်လုပ်မနေနဲ့၊ မှန်မှန်ဖြေ၊ ကျွန်မ ရဲတိုင်လိုက်မှာ”

“ဪ...တကယ်ပြောတာပါ၊ ကျွန်တော့်ဘာသာလည်း ဒီကို ဘယ်လိုရောက်နေလဲဆိုတာ သိချင်နေတာ၊

စောစောက ကျွန်တော် ဖုန်းဆက်တာ ခင်ဗျားကြားမှာပေါ့”

ဟုတ်တော့ဟုတ်သည်။ သူ အိမ်တစ်အိမ်ထဲတွင် ပိတ်မိနေကြောင်း သူ့ဦးလေးတော်သူကို ဖုန်းဆက်အသိပေးတာကို သူမကိုယ်တိုင်ကြားခဲ့ရသည်ပဲ၊ ဒါကြောင့်လည်း သိပ်မကြောက်တာ”

လဝန်းက သူ့ကို စေ့ငု လေ့လာလိုက်သည်။ သူမထက်ကြီးမှ တစ်နှစ်၊ နှစ်နှစ်ပေါ့၊ လူကတော့ လူချောဖြစ်သည်။ မိန်းကလေးတစ်ယောက်ပမာ နုဖတ်နေသေးသည်။ အိုးတိုးအတလည်း ဖြစ်နေသည်။

“ဟုတ်တော့ ဟုတ်ပါတယ်၊ ဒါကလည်း အမှန်လို့ ဘယ်ပြောလို့ရမလဲ”

“ဒီတော့...”

“ဒါနဲ့ ခင်ဗျားက ဘာလုပ်တာလဲ”

“ကွန်ပျူတာ”

“ံ Hardware ပိုင်းလား၊ solfware ပိုင်းလား”

“ Hardware “

“ဒါဆို ကျွန်မကွန်ပျူတာမှာ ကြောင်နေတာတွေရှိတယ်၊ အဲဒါ ဘာလို့လဲဆိုတာ ခင်ဗျားကြည့်တတ်မှာပေါ့”

“ရပါတယ်”

ခေါင်းညိတ်လာသောကြောင့် လဝန်းသူ့ကို ကွန်ပျူတာရှိရာသို့ ခေါ်သွားလိုက်သည်။ သူက ပါဝါလိုင်းများ

ကိုယ့်ဘာသာကိုယ် ဆက်သွယ်ကာ ကွန်ပျူတာကို ဖွင့်လိုက်၏။

“ကဲ...ဘယ်အပိုင်းကို ခင်ဗျားလုပ်နေတာလဲ၊ ဘယ်ထဲဝင်ပေးရမလဲ”

“Page Maker”

သူ Page Maker ထဲဝင်ကာ တစ်ခုပြီးတစ်ခု ဖွင့်ရင်း လုပ်ပြသွားသည်။

“ဘာမှ မဖြစ်ပါဘူး၊ အကုန်ကောင်းနေတာပဲ”

“မဟုတ်ဘူး၊ ဟိုနေ့က ကြောင်နေတယ်၊ မခေါ်တာတွေ ဝင်လာတယ်”

“ခင်ဗျား ပွိုင်တာထောက်တာ လွဲလို့နေမှာပါ”

လဝန်း သိပ်မကျေနပ်ချင်သော်လည်း ခု သူလုပ်ပြတာ အကုန်အကောင်းချည်းပဲမို့ ဘာမှ မပြောသာ၊ ကွန်ပျူတာကို အတော်ကျွမ်းကျင်ပုံလည်းရသည်။ သူမ ဒီလူကို ခန့်မှန်းရခက်နေမိသည်။

ဒီလို လူရည်သန့်တစ်ယောက်က သူမတို့အိမ်ထဲကို ဘယ်လိုလုပ်ရောက်နေသည် သူ့ကိုယ်သူမသိဘူးဆိုတော့

ဘယ်လိုဖြစ်တာလဲ၊ ဘယ့်နှာလဲ။ လဝန်းစိတ်ထဲမှာ ကသောင်းကနင်းတွေ ဖြစ်နေတုန်း....

“ကဲ ယုံပြီ မဟုတ်လား၊ ကြွားတာမဟုတ်ပါဘူးဗျာ၊ ကျွန်တော် ကွန်ပျူတာဂရပ်ဖစ်ဒီဇိုင်းကို စင်ကာပူမှာ

သွားသင်တာ၊ ပြန်ရောက်တာ ၄ . ၅ ရက်ပဲ ရှိသေးတယ်”

“ဘာပဲဖြစ်ဖြစ်လေ၊ ဒီအိမ်မှာတော့ ရှင့်ကို လက်ခံထားလို့မဖြစ်ဘူး၊ ရဲတိုင်မှ ဖြစ်မှာ”

“တိုင်စရာမှ မလိုတာ၊ ကျွန်တော်က သူခိုးမှ မဟုတ်တာ”

“မဟုတ်လဲ၊ ပိုင်နက်ကျူးလွန်မှု”

လဝန်းကို သူ လက်ကာပြသည်။

“ဟို...ခင်ဗျား တိုင်ချင်တိုင်လေ၊ ကျွန်တော့်အခြေအနေနဲ့ ကျွန်တော်ငြင်းရင် ခင်ဗျားပဲ ဒုက္ခရောက်မှာ”

“အောင်မာ... ဘာလို့ဒုက္ခရောက်ရမှာလဲ၊ ဘာဆိုင်လို့လဲ”

“ဆိုင်တာပေါ့၊ ရဲတွေက ခင်ဗျားနဲ့ ကျွန်တော့်ကို အထင်လွဲကြတော့မယ်”

“အောင်မာ...အောင်မာ”

လဝန်း ဆတ်ဆတ်ခါဖြစ်သွားရသည်။ ရာရာစစ၊ သူကတော့ မချိုမချဉ် မျက်နှာပေးနှင့်၊ လဝန်း

အကြပ်ရိုက်သွားရသည်။ အရပ်ထဲက လူတွေ အထင်လွဲတာ အကြောင်းမဟုတ်၊ ရဲတွေ အထင်လွဲလျှင်

တရာရုံးခန်းမမှတဆင့် မင်္ဂလာခန်းမဆီ ရောက်သွားနိုင်သည်။

“ဒါဆိုလည်းရတယ်၊ ကျွန်မ မတိုင်ဘူး၊ မေမေဖြစ်ဖြစ်၊ ဒေါ်ကြီးမွှေးဖြစ်ဖြစ်ကို နှိုးပြီးတိုင်ခိုင်းမယ်၊

ရှင်ဘာတတ်နိုင်မလဲ”

“ပိုဆိုးကုန်မှာပေါ့”

“ဘာဆိုးရမလဲ”

“ခင်ဗျား မသိဘူးလား”

“မသိဘူး”

“ရော်...ခက်လိုက်တာ၊ လူကြီးတွေ နိုးလာတာနဲ့ သူတို့လည်း ခင်ဗျားနဲ့ ကျွန်တော့်ကို တလွဲထင်ကြမှာပဲ”

“ဘာလို့ ထင်ကြမှာလဲ”

လဝန်း ဒေါသဖြစ်လာပြီ။

“ကျွန်တော့်ကိုက ထင်ချင်စရာ ဖြစ်နေမှာကိုး”

“ဘာ...”

“တိုးတိုး အော်ပါဗျ၊ တော်ကြာ ခင်ဗျား ဒုက္ခရောက်သွားဦးမယ်”

ပြောလေကဲလေမို့ လဝန်း ပိုဒေါသဖြစ်လာရသည်။

“ဘာဒုက္ခရောက်ရမှာလဲ၊ မရောက်ဘူး၊ ရှင်ပြောချင်တိုင်းရမှာလား၊ ဘာသက်သေမှ မရှိဘူး”

“ရှိတာပေါ့”

“ဘာ...”

လဝန်း သူ့စကားကြောင့် ဆောင့်အော်မိလိုက်ပြန်သည်။ အခန်းတွေက အသံလုံ၍သာတော်တော့သည်။

“ဟာ...လုပ်ပြန်ပြီ၊ မအော်ပါနဲ့ဆို”

“ဘာရှိတာလဲ၊ ပြောစမ်းပါဦး”

လဝန်းအမေးကို သူက ပြုံးစစနှင့်ဖြေသည်။

“ရည်းစားစာလေ”

“ဘယ်မှာလဲ၊ ရည်းစားစာ”

လဝန်း မျက်လုံးဝိုင်းချင်ချင် ဖြစ်သွားရတာကို ကိုယ့်ဘာသာကိုယ် မနည်း ဟန်ဆောင်ထားလိုက်ရသည်။

“ခင်ဗျား ဒိုင်ယာရီ နောက်ဆုံးစာမျက်နှာမှာ”

“ဟင်”

သူ့စကားပင် မဆုံးလိုက်၊ လဝန်း သူ့အခန်းထဲ အပြေးလေးရောက်သွား၏။ ဒိုင်ယာရီစာအုပ်ကို

ကမန်းကတန်းရှာကာ နောက်ကျောဖုံးကို ဖွင့်လိုက်တော့ ယောကျာ်းလက်ရေး သပ်သပ်ရပ်ရပ်နှင့် ရေးထားသော

စာကြောင်းများကို တွေ့လိုက်ရ၏။

မယ်လဝန်း....

မင်းပျော်ပါစေ

မင်းနဲ့အတူ တို့လည်း ပျော်ပါရစေ....။

မယ်လဝန်း...

ချစ်သောသူကို ပေါင်းရပါစေ

မင်းနဲ့အတူ

တို့လည်း ချစ်သောသူကို ပေါင်းရပါစေ...။

လဆွဲအားရဲ့ အောက်ကို တို့ရောက်လာခဲ့ပြီ

ချမ်းမြေ့ရစေသား...ပေါင်းဆုံရစေသား...။

“ကြည့်စမ်း၊ ကြည့်စမ်း”

စာကိုဖတ်ပြီး လဝန်းဒေါသကို အထွဋ်အထိပ်သို့ ရောက်သွားတော့၏။ ပုဂ္ဂိုလ်တော်ကတော့ ခပ်တည်တည်ပင်၊

သူမကို ဘာတတ်နိုင်သေးလဲဟု မပြောရုံတမယ် ကြည့်နေ၏။

လဝန်း ခပ်မဲ့မဲ့လေး ပြုံးလိုက်မိ၏။ ကြည့်ကြသေးတာပေါ့၊ လာလေ့...

“ဗြိ...ဗြိ...ဗြိ”

စာရွက်ကို ဒိုင်ယာရီ စာရွက်ထဲမှ ဆွဲဖြုတ်ကာ အစိတ်စိတ်အမြွှာမြွှာ ဆွဲဖြဲလိုက်၏။

“ကဲ... ဘာတတ်နိုင်သေးလဲ၊ ခုဆို ဘာသဲလွန်စ၊ ဘာအထောက်အထားမှ မရှိတော့ဘူး”

လဝန်းက ထိုသို့ပြောသော်လည်း သူက နည်းနည်းလေးမှ လှုပ်လှုပ်ရှားရှားဖြစ်မသွား။

လဝန်း မေမေ့ကို နှိုးရန် အခန်းတံခါးကို ခေါက်မည်အပြု...

“မင်း ဘယ်လိုမှ ငြင်းလို့၊ လက်စဖျောက်လို့မရမယ့် အရာတစ်ခု ကျန်သေးတယ်”

“ဟင်...”

လဝန်း လက်တွေ လမ်းခုလတ်မှာပင်ရပ်သွားရကာ ‘ဟင်’ ခနဲ ဖြစ်သွားရတော့၏။

“ရှင် ဘာတွေ ကလီကမာ လုပ်ဦးမလို့လဲ”

“မလုပ်ပါဘူးဗျ၊ တိုက်ဆိုင်မှုပါ”

“ဘာတိုက်ဆိုင်မှုလဲ”

ထိုသူက တစ်ချက်ရယ်၏။ ဒေါသဖြစ်နေသော လဝန်းကိုရွှန်းရွှန်စားစားပင် ပြန်ကြည့်နေသေးသည်။

“ဪ...ခင်ဗျားနာမည်က မယ်လဝန်းမဟုတ်လား၊ ကျွန်တော့်နာမည်က ရှင်နေဝန်းတဲ့၊ အဲဒါသာ လူကြီးတွေ သိသွားရင် သူတို့ သဘောပေါက်သွားမှာပါ”

လဝန်း ထခုန်မိမတတ် ဒေါသထွက်လာရသည်။

“မယုံဘူး”

အံကိုကြိတ်ကာ လေသံနှင့်အော်ရသည်။ မေမေ့အခန်းဝမှာ ရပ်နေကြတာကိုး၊ အားမရဘူးဟုဆိုကာ

ကိုယ့်အခန်းခေါ်သွား၍လည်းမဖြစ်၊ အသည်းယားစရာ ကောင်းလှသည်။

“မယုံရင် ဒီမှာကြည့်”

သူက သူ့အင်္ကျီအိတ်ကပ်ထဲမှ I.D ကတ်တစ်ခုကို ထုတ်ပြသည်။ လဝန်း ဘာပြောရမှန်းမသိတော့လောက်အောင် စိတ်ညစ်သွားရသည်။ ရယ်လည်းရယ်ချင်သွားမိ၏။ သူ့ကိုလည်း တဖြည်းဖြည်းနှင့် စိတ်ဝင်စားလာမိသည်။

ကြည့်လေ....။ ဒီအိမ်ထဲကို သူဘယ်လိုရောက်နေလဲ၊ သူ့ဘာသူပင် မသိ၊ ဘာပဲဖြစ်ဖြစ် သူ့ကို ဒီအိမ်မှာ

ထားလို့ကတော့မဖြစ်။

“ကဲ...ရှင့်ကို ဒီတိုင်းထားလို့တော့ မဖြစ်ဘူး”

“ဗျာ...ဒီတိုင်းမထားလို့ ခင်ဗျား ဘယ်လိုကြံစည်မလို့တုန်း”

သူက ပြုံးစစနှင့် နောက်၏။

“ရှင်နော်...ကျွန်မ ရှင့်ကို ခု လူကြီးတွေ မသိခင် တံခါးဖွင့်မေးမယ်၊ ရှင့်အိမ်ရှင်ပြန်တော့ ဟုတ်လာ"

သူ ဝမ်းသာသွားပုံရသည်။

“ဟာ...ကျေးဇူးပဲဗျာ၊ ကျွန်တော် ပြန်ချင်နေတာ ကြာပါပြီ”

လဝန်း လုပ်စရာရှိသည်များကို ခပ်သွက်သွက်လုပ်ရသည်။ ပထမဆုံး ယက္ခကို အသာချော့ခေါ်ကာ

မောင်ရှင့်အနံ့ကို ခံခိုင်းရသည်။ သိပ်မချော့လိုက်ရပါ၊ ယက္ခက ရောက်ကတည်းက အိမ်ရှေ့ဖိနပ်စင်အောက်မှ

သူ့ဖိနပ်ကို တရှုံ့ရှုံ့နမ်းထားခဲ့သည်ကိုး။ ဒုတိယအနေနှင့် အိပ်ခန်းထဲပြန်ဝင်ကာ ခေါင်းအုံးအောက်မှသော့ကို ယူရ၏။ အိမ်ရှေ့ပြန်ထွက်လာပြီး အိမ်တံခါးမကြီးကို အဖွင့်....

“တီ...တောင်...တင်...ဒေါင်”

အိမ်ရှေ့မှ မယ်ဒလင်သံကိုကြားလိုက်ရသည်။ သွားပြီ...။ အဲဒါကမှ အကြီးကျယ်ဆုံး ဒုက္ခ၊

ထိုမယ်ဒလင်သမားတစ်စုက ညဥ့်အတော်နက်မှလာပြီး မိုးလင်းခါနီးမှ ပြန်တတ်သည်ကို လဝန်းသိနေသည်

မဟုတ်ပါလား။

“ရှင်တော့ ကံဆိုးပြီ”

“ဗျာ...ဘာလို့လဲ”

“ရှင် မကြားဘူးလား၊ အိမ်ရှေု့က မယ်ဒလင်သံကို”

“ကြားတယ်လေ၊ ဘာဖြစ်လဲဗျ၊ သူတို့ပြန်ရင် ကျွန်တော်ထွက်မှာပေါ့၊ ဟပ်ချီး”

“ဟာ ရှင်က နှာမချေနဲ့လေ၊ လူတွေနိုးကုန်မယ်”

“အေးဗျာ၊ နှာခေါင်းက ယားပြီး ပါးစပ်က လေနဲ့အတူ လည်ချောင်းက အသံပါ ထွက်သွားတာ”

“တော် တော်၊ ရှင်စကားမရှည်နဲ့တော့၊ အခု ရှင် ပြန်ထွက်လို့မဖြစ်တော့ဘူး၊ နောက်မှထွက်”

သူမျက်လုံးပြူးသွားတာကို မြင်ရ၏။

“ဟင်...ဘာဖြစ်လို့ မပြန်ရမှာလဲဗျာ”

လဝန်းစိတ်ညစ်သွားရသည်။

“ရှင်က ဘာသိလို့လဲ၊ သူတို့က မိုးလင်းမှ ပြန်တာ၊ ပြီးတော....”

“ပြီးတော့ ဘာဖြစ်လဲ”

“သူတို့လာပြီဆို သူတို့လက်သံကြောင့် မကြာခင် မေမေတို့၊ ဒေါ်ကြီးမွှေးတို့ နိုးကြတော့မယ်”

“ဟာ...ဒုက္ခပါပဲ”

သူ့နဖူး သူရိုက်ကာ ရေရွတ်လိုက်တာကို လဝန်းကြားလိုက်ရသည်။ စိတ်ဓါတ်လည်း ကျသွားပုံရသည်။ နောက်နေ့မှ ပြန်ကောက်တင်ပေတော့။

“နောက်နေ့မနက်မှပဲ ထွက်တော့၊ ဘယ်သူမှ မသိအောင် ကျွန်မထုတ်ပေးမယ်၊ ဟုတ်ပြီလား။ ခုတော့

ရှင်ပြန်ပုန်းနေ၊ အဲ.... ရှင်က ဘယ်မှာ နေတာလဲ”

“မီးဖိုချောင်နောက်က အဖီထဲမှာ”

“ဒါဆို ရှင့်ကို ကျွန်မ အဖီထဲ ပြန်ပို့မယ်၊ ဒါနဲ့ ရှင်ဒီမှာ ရှိတာ ဒီအိမ်က ဘယ်သူတွေ သိသေးလဲ”

“မသိကြပါဘူး”

“ကောင်းပါတယ်”

လဝန်း ပြောပြောဆိုဆို သူ့ကို နောက်ဖေးတံခါးမှ ထုတ်၍ တံခါးကို ပိတ်လိုက်သည်။ ထင်သည့်အတိုင်းပါပဲ၊

ခဏနေတော့ မေမေနိုးလာပြီး ဒေါ်ကြီးမွှေးလည်း ဆင်းလာ၏။

လဝန်း ရင်ဘတ်ကလေး ဖိထားလိုက်ရသည်။ တော်ပါသေးရဲ့၊ အချိန်မီလေး။


* * *


(၁၅)


ထုံးစံအတိုင်း ခြင်တွေကြောင့် ညဘက်ကောင်းကောင်း မအိပ်ရသဖြင့် နေတော်တော်မြင့်သည်အထိ မောင်ရှင်မနိုး၊ မီးသွေးတွေကြားမှာ နေ့ကိုလည်း ညဟု ထင်နေသည်။

“ဒီမှာ ဒီမှာ”

ခပ်အုပ်အုပ်ခေါ်လိုက်သံတစ်ခုက မောင်ရှင့်နားထဲကို တိုးဝင်လာသည်။ အိပ်မက်လိုလို တကယ်လိုလိုနှင့်။

“ဒီမှာ...ကိုအဝှာရဲ့”

သူမျက်ဝန်းတွေကို အားယူဖွင့်လိုက်တော့ လဝန်းကို သူ့ဘေးမှာ ငုတ်တုတ်ကလေး တွေ့လိုက်ရ၏။ မောင်ရှင်

ရှက်ကိုးရှက်ကန်းနှင့် လူးလဲထရသည်။

“ရှင်ကလဲ အိပ်လိုက်တာ”

“အိပ်ဆို မိုးလင်းမှ အိပ်ရတာကိုးဗျ၊ နေပါဦး၊ ခင်ဗျားက ကျွန်တော့်ကိုသိလျက်သားနဲ့”

“ဘာလဲရှင့်”

“ကျွန်တော့်နာမည် ကိုအဝှာမှ မဟုတ်တာ”

လဝန်းက ရယ်ချင်သွားသော မျက်နှာကိုထိန်းကာ ချစ်စရာကောင်းသော မျက်စောင်းလေးတစ်ချက်ထိုး၏။

(မောင်ရှင်ကလည်း ချစ်လိုက်သည်။)

“အရေးထဲ...ဒီမှာ”

“ရပြီ၊ ပြော၊ ဒီမှာတွေ များနေပြီ”

မျက်စောင်းထပ်ထိုးပြန်၏။ မျက်စောင်းကို လှအောင်ထိုးတတ်တာ ဒီကမ္ဘာမှာ လဝန်းတစ်ယောက်ပဲ

ရှိလိမ့်မည်ထင်သည်။

“မေမေက ဘုရားသွားပြီ”

“အင်း...ဒီတော့”

“ဒီတော့ ကျွန်မ သော့ကို အိမ်ရှေ့က စားပွဲပုလေးပေါ်မှာ တင်ထားတယ်၊ ပြီးရင် ယက္ခကို ကြိုးနဲ့ဆွဲပြီး

အိမ်နောက်ဘက်မှာ ကျောင်းနေလိုက်မယ်၊ ဟုတ်ပြီလား၊ အဲဒီအချိန်မှာ ရှင်ထွက်သွားပေါ့၊ ဒေါ်ကြီးမွှေးနဲ့

အောင်အောင့်ကိုတော့ ရှင့်ဘာသာကြည့်ရှောင်နော်”

“ဟုတ်”

ပြောပြောဆိုဆို လဝန်းထွက်သွားသည်။ အခြေအနေအရပ်ရပ်ကို သိရန် အပြင်သို့ ချောင်းကြည့်မှ ဖြစ်မည်။

ဘယ်က ချောင်းကြည့်ရပါ့၊ သူ့စံနန်းတော် အဖီလေးကို ဝေ့ဝဲကြည့်တော့ မီးသွေးအိတ် သုံးအိတ်ဆင့်ထား၍ ရုတ်တရက် မတွေ့နိုင်သော အပြင်ထွက်သည့် တံခါးတစ်ချပ်ကို တွေ့ရ၏။ ဝမ်းသာအားရနှင့် တံခါးရှေ့မှ အိတ်များကို ဖယ်လိုက်သည်။ သို့သော် တံခါးက ဖွင့်လို့မရ၊ အပြင်မှ ပိတ်ထားသလားမသိ၊ အားအားလျားလျားဗျာ။ ထိုသို့ အလုပ်ရှုပ်နေစဉ် ဒေါ်ကြီးမွှေးရောက်လာပြန်သည်။

“ဟဲ့....သူငယ်၊ ဘာလုပ်နေတာလဲ”

“ဪ...ဒီမှာ တံခါးတစ်ပေါက်တွေ့လို့”

ဒေါ်ကြီးမွှေးက သူ့စကားကို သိပ်စိတ်မဝင်စား၊ သူမပြောလိုရာကိုသာပြော၏။

“အေး...အဲဒါထား၊ ခုလဝန်းက ခွေးကြီးဆွဲပြီး နောက်ဘက်ကို ထွက်သွားပြီ”

“ဟာ...ဟုတ်လား”

“ဟုတ်တယ်၊ စားပွဲပေါ်မှာလည်း သော့တွေတင်ထားတာတွေ့လို့ ငါတံခါးဖွင့်ထားခဲ့တယ်၊ မင်းမြန်မြန်ထွက်တော့၊ အောင်အောင့်ကိုတော့ ငါတစ်ခုခုကြည့်ခိုင်းထားလိုက်မယ် ဟုတ်လား၊ လုပ်လုပ် ငါထွက်တာနဲ့ မင်းလုပ်စရာရှိတာကို လုပ်တော့”

သူ့စကားပြန်ကိုတောင် မစောင့်တော့ဘဲ ခန္ဓာကိုယ်ကြီးနှင့် မလိုက်စွာ လှစ်ခနဲ ပြန်ထွက်သွား၏။

“အိုကေ”

တစ်ချိန်လုံး မီးသွေးအိတ်ကြီးလို ငြိမ်နေခဲ့ရသမျှ သူလည်း အခုမှ မီးသွေးရောင်းသည့် ကုလားလို

အသံထွက်လာရသည်။

သူ့မှာ ဘာမှလုပ်စရာမရှိပါ၊ ဟိုတယ်ခန်းမှာ လာတည်းနေတာ မဟုတ်၍ ပစ္စည်းသိမ်းစရာလည်း မလိုပါ။

လူရိပ်လူခြေပဲ ကြည့်ရတော့မည်။ မီးဖိုချောင်အဝင် တံခါးဘက်သို့ အသာလေး ချဉ်းကပ်သွားလိုက်၏။

တံခါးကို အသာအယာ ဆွဲအဖွင့် တစ်ဖက်မှလည်း တံခါးကို ဖွင့်အတွန်း....

“အမယ်လေး”

အောင်အောင်။ 

တော်သေးသည်။ သူတော်ကောင်းလေးက အမယ်လေးကို ခပ်ကျယ်ကျယ် မအော်လို့ ကျေးဇူးပင်တင်ရဦးမည်။

“ဟာဗျာ...လန့်လိုက်တာ”

“ငါလည်းလန့်တာပဲ”

“ဟင်...ခင်ဗျားက စုံထောက်ကြီးလုပ်နေပြီး လန့်ရသလား”

“ဟာ စုံထောက်လည်း လူပဲကွ၊ လန့်တာပေါ့၊ ငါ့မှာ သေနတ်မရှိတော့လို့ မင်းသက်သာသွားတာ၊ နို့မို့ဆို မင်းကို

ပစ်ပြီးနေပြီ”

အောင်အောင်ပေးထားသည့် လေးခွ အကြောင်းကိုတော့ ထည့်မပြောတော့ပါ၊ ရသည့်နေ့မှာပဲ တစ်နေရာကို

ဆွဲချိန်ကြည့်ရင်း ကိုယ့်နဖူး ကိုယ် ပြန်မှန်ထားသည်။ အောင်အောင်က သူ့ကို လေသံကလေးနှင့်ပြော၏။

“အပိုင်ပဲ ဆရာ”

“ဟုတ်လား ဘာပိုင်တာလဲ”

“မမက ခြံနောက်မှာ ခွေးကျောင်းနေတယ်၊ ဒေါ်ကြီးမွှေးက အပေါ်တက်သွားပြီ၊ ခြံတံခါးလည်း ပွင့်နေတယ်၊

ခင်ဗျား ထွက်လို့ရပြီ။ လာ လစ်ကြရအောင်၊ ကျွန်တော့်နောက်က လိုက်ခဲ့”

မောင်ရှင်တို့ခံနေရသည်။ အောင်အောင်က သူ့နောက်ကလိုက်ခဲ့ဟုဆိုကာ ရုပ်ရှင်တွေထဲကလို တစ်ဆစ်ချင်း

ထောင့်ကပ်လိုက်၊ ပြေးလိုက်၊ ဝပ်ပုန်းလိုက်လုပ်ကာ ရှေ့ကသွားနေ၏။ သူ့မှာ လိုက်လုပ်ရအခက်၊ မလုပ်ရအခက်။

“ခင်ဗျားက အတင့်ရဲသားပဲ”

သူ့နောက်မှ မားမားမားမားနှင့် ကုန်းရကွရခက်ကာ လိုက်လာသော မောင်ရှင့်ကို အောင်အောင်က

သူရဲကောင်းလို့ထင်သွားကာ ချီးကျူးစကားဆို၏။ အိမ်ရှေ့ဧည့်ခန်းသို့အရောက်....

“မမွှေးရေ...”

အသံနှင့်အတူ အန်တီဥမ္မာဆိုသောမိန်းမကြီးကို ဘွားခနဲတွေ့လိုက်ရ၏။ အန်တီဥမ္မာကလည်း ‘မမွှေးရေ’

ဟုခေါ်နေရာမှ သူ့ကိုလည်း မြင်ရော...

“ဪ...ဧည့်သည်ရောက်နေတယ်ထင်တယ်”

အမှန်တော့ သူက ဧည့်သည်မဟုတ်ချေ။ သို့သော် အိမ်ရှင်လည်း မဟုတ်၊ ထို့အပြင် သူခိုးဓါးပြလည်း မဟုတ်၊

ဘာမှန်းပင်မသိ။ ကြံရာမရ ဖြစ်ပြီး ဧည့်ခန်းဆက်တီခုံတွင် ဖျတ်ခနဲ ထိုင်ချလိုက်၏။

အန်တီဥမ္မာဆိုသောမိန်းမကြီးကတော့ အထဲကို ဝင်ချလာရင်း အောင်အောင့်ကိုမေး၏။

“မမွှေးရော...”

“အပေါ်မှာ...”

အောင်အောင်က အသံပြတ်နှင့် ဖြေသည်။

“ဟဲ့ အောင်အောင်၊ ဧည့်သည်က ဘယ်သူ့ဧည့်သည်တုန်း၊ ဘယ်သူတုန်း”

ပထမတော့ အောင်အောင် ငြိမ်နေ၏။ နောက်မှ....

“ဘာဧည့်သည်လဲ အန်တီဥမ္မာရဲ့”

“ဟိုမှာ ထိုင်နေတာလေ”

မောင်ရှင် ထိုင်နေရာကို လက်ညှိုးညွှန်ပြ၏။

“ဘယ်မှာလဲ၊ ဘယ်သူမှ မရှိပါဘူး”

မောင်ရှင် ရယ်ချင်သွားမိသည့်ကြားမှ အောင်အောင့်ကိုကြိတ်၍ ချီးကျူးလိုက်မိ၏။

“ဟိုမှာလေ၊ ဟိုဘက်ခုံမှာ ထိုင်နေတာ”

“ဟာဗျာ...ဘာမှလဲ မရှိပါဘူး၊ အန်တီဥမ္မာတော့ ဒုက္ခပဲ”

ဒေါ်ဥမ္မာလည်း သူ့ကိုယ်သူ သံသယဖြစ်သွားပုံရသည်။ မျက်စိကိုပွတ်ကြည့်၏။

“ရှိပါတယ်....၊ဟဲ့ မယ်လဝန်း၊ မမွှေး ဘယ်မှာလဲ”

ထိုစဉ်...

“ဝေါင်း..ဝုတ်”

ယက္ခဆိုသော ခွေးကြီး၏ အသံနှင့်အတူ ယမင်းရုပ်ကလေးရောက်လာသည်။ ဧည့်ခန်းကုလားထိုင်ပေါ်မှာ

မီးသွေးအိတ်တစ်ပိုင်းပြတ်ကြီးလိုထိုင်နေသော သူ့ကို မြင်လျှင် သူကလေး စိတ်ညစ်လိမ့်ဦးမည်။

ဧည့်ခန်းထဲသို့ လဝန်းဝင်လာသည်နှင့် အောင်အောင်က သူ့ကို ကိုယ့်ဘာသာကိုယ် မီးစင်ကြည့်ပြီးဆက်ကတော့၊ မတတ်နိုင်တော့ဘူး ဆိုသော သဘောနှင့် ခြေဟန်လက်ဟန်ပြကာ နောက်ဘက် ပြေးဝင်သွားတော့၏။

“ဪ...အန်တီဥမ္မာ”

လဝန်းလည်း အသံနှင့်အရုပ် လွဲလေသည်။

ပါးစပ်ကသာ အန်တီဥမ္မာ၊ မျက်ဝန်းတွေက မောင်ရှင့်ကို မြင်သွားပြီး တစ်ချက် တုန်ခနဲဖြစ်သွားပုံရသည်။

“အော်မနေနဲ့၊ မယ်လဝန် ဟိုမှာ ဧည့်သည်ရောက်နေတာ ဘယ်သူလဲလို့မေးတာ၊ အောင်အောင်က မမြင်ဘူးတဲ့လေ”

လဝန်းကလည်း အန်တီဥမ္မာညွှန်ပြရာသို့ကြည့်၏။ ပြီး မျက်နှာသေလေးနှင့်...

“အန်တီဥမ္မာ ဘာကိုပြောတာလဲဟင်”

“သူ့ကို သူ့ကို”

မောင်ရှင့်ကို လက်ညှိုးတထိုးထိုး ညွှန်ပြ၏။

“ဘယ်သူ့ကိုလဲဟင်”

လဝန်းက အောင်အောင့်ထက် ပိုပိရိကာ ဟန်ကောင်း၏။ မျက်လုံးလေးအဝိုင်းသားနှင့် အန်တီဥမ္မာ့ကို ကြည့်ကာ

ပြန်မေးနေသည်။

“သူလေ၊ ဟိုမှာ ထိုင်နေတာ မတွေ့ဘူးလား လဝန်းရဲ့”

“ဟင့်အင်း၊ ဘာမှမရှိပါဘူး၊ အန်တီဥမ္မာ ဘာတွေဖြစ်လာတာလဲ၊ လာလာ ထိုင်လေ”

မောင်ရှင်ထိုင်နေသော ခုံဘက်ကိုပဲ ညွှန်ပြကာ အန်တီဥမ္မာ့ကို အထိုင်ခိုင်း၏။ အန်တီဥမ္မာလည်း လာမလိုလုပ်ပြီးမှ နောက်ပြန်ဆုတ်သွားကာ သူနှင့် မျက်နှာချင်းဆိုင်ခုံမှာ ထိုင်သည်။ အကြည့်ကိုလည်း သူ့ထံမှ တစ်ချက်မှ မရွှေ့။

“ထိုင် အန်တီဥမ္မာ၊ လဝန်း သံပုရာရည် သွားဖျော်ပေးမယ်”

အမှန်ဆို သံပုရာရည်ကို မဖျော်ဘဲ သူ့ကို ဖျော်ပစ်လိုက်စေချင်တော့သည်။ လဝန်းလည်း ဘာမှ မတတ်နိုင်ဘူး ဆိုသည့်ပုံနှင့် လက်ဝါးနှစ်ဘက်ကို အန်တီဥမ္မာ မမြင်အောင် ဟန်ပါပါဖြန့်ရင်း ပခုံးကို တွန့်ပြ၏။ ပြီး နောက်ဖေးသို့ ဝင်သွားတော့သည်။ မောင်ရှင်လည်း ဘာလုပ်ရမည်မှန်းပင် မသိတော့၊ ကျွန်တော်မျိုးကြီး သေသင့်ပါတယ် လဝန်းရယ်….

“အဟဲ”

ရှေ့တည့်တည့်မှာ ထိုင်နေသော ဒေါ်ဥမ္မာ့ကို မောင်ရှင် ခပ်တည်တည်နှင့် ရယ်ပြလိုက်၏။ ထိုအခါကျမှ ဒေါ်ဥမ္မာ

လန့်ဖျပ်သွားကာ ...

“မမွှေး၊ မမွှေး” ဟု အော်ခေါ်ပါလေတော့သည်။

ထိုအခါကျမှ လှေခါးထိပ်တွင် ရပ်ကာ အသံများကို နားစွင့်ရင်း ဆင်းရမလို တက်ရမလို ဖြစ်နေသော ဒေါ်ကြီးမွှေး ဧည့်ခန်းသို့ ရောက်လာ၏။

“ဪ...မဥမ္မာ”

တစ်ဖက်က ဒေါ်ဥမ္မာကို နှုတ်ဆက်ရင်း တစ်ဖက်က သူ့ကိုမျက်လုံးပြူးကာ ကြည့်၏။

“အမယ်လေး၊ နင်တို့အိမ်မှာ ဘယ်လိုတွေဖြစ်နေကြတာလဲ၊ လူတစ်ယောက်လုံး ငုတ်တုတ်ထိုင်နေတာကို

မတွေ့ကြဘူးလား”

“ဪ...မဥမ္မာလာတာကို မတွေ့ကြဘူးလား”

ဒေါ်ကြီးမွှေးကလည်း စကားကို ကြိုပိတ်၏။

“မဟုတ်ပါဘူး၊ ဟိုမှာ ဧည့်သည်ရောက်နေတာကို ဘယ်သူမှ မတွေ့ကြဘူး”

“ဧည့်သည် ဟုတ်လား”

ဒေါ်ကြီးမွှေးက သူ့ဘေးက ခုံတွင် အန်တီဥမ္မာနှင့် မျက်နှာချင်းဆိုင်ဝင်ထိုင်ရင်း ဇဝေဇဝါဟန်နှင့် မေး၏။

“ဟုတ်တယ်လေ၊ နင့်ဘေးမှာ ထိုင်နေတာရော၊ စောစောက ငါ့တောင်ရယ်ပြသေးတယ်”

ဒေါ်ကြီးမွှေး သူ့ကို လှည့်ကြည့်၏။ နီးနီးလေးမှ တကယ့်နီးနီးလေး၊ မထူးသဖြင့် ဒေါ်ကြီးမွှေးကိုလည်း

ရယ်ပြလိုက်သည်။ ဒေါ်ကြီးမွှေးက ပြုံးတမဲ့မဲ့ဖြင့်...

“ဘယ်မှာလဲ၊ ဘာမှမရှိပါဘူး”

ဒေါ်ကြီးမွှေးကပါ အိုက်တင်ကောင်းစွာ ဆိုလာတော့ သူ မနေနိုင်တော့၊ “ဟက်”ခနဲ တစ်ချက်ရယ်မိ၏။ ဒါကို

ဒေါ်ကြီးမွှေးလည်း ကြားနိုင်ပါသည်။

“ဟောဟော၊ ရယ်ပြန်ပြီ ကြားလား”

“ဟင့်အင်း၊ ဘာမှ မကြားပါဘူး၊ ဘယ်မှာလဲ”

“ရှင့်ဘေးမှာ”

“ဘာမှ မရှိပါဘူးဆို၊ ရှိရင် လာကိုင်ပြလေ”

“ကိုင်...အဲ”

ကိုင်မယ်ဟု စဉ်းစားကာ ထိုင်ရာမှ ဆတ်ခနဲထ၏။ ပြီးမှ ‘အဲ’ ဟု ဆိုကာ ကြောက်ရွံ့ပုံနှင့် ပြန်ထိုင်သွားသည်။

“မကိုင်ပါဘူး”

ဒေါ်ဥမ္မာ့ အမူအရာကိုကြည့်ကာ မောင်ရှင် စောစောကထက် ပိုကျယ်ကျယ်လေးရယ်လိုက်မိ၏။

“အဟက်...အဟီး...ဟီး”

သူမကိုကြည့်ကာ ရယ်နေသော မောင်ရှင့်ကိုကြည့်ရင်း...ကြည့်ရင်း...ကြည့်ရင်း...

“ငေး...တော့”

အောင်မယ်လေးတော့ကိုပင် ဆုံးအောင် မရွတ်နိုင်ဘဲ ဒေါ်ဥမ္မာမေ့လဲသွားတော့၏။ ဒေါ်ဥမ္မာ မေ့လဲသွားသည်နှင့်

မောင်ရှင် ကမန်းကတန်း ထိုင်ရာမှ ထရ၏။ ဒေါ်ကြီးမွှေးက “သွား...သွား” ဟု လေသံနှင့်အဖီဘက်ကို

ညွှန်ပြကာပြော၏။ မောင်ရှင် ခေါင်းပြန်ညိတ်ပြပြီး ပြေးအထွက် လှေကားအကွယ်က ထွက်လာသော အောင်အောင်က....

“အစ်ကို မြန်မြန်ပုန်း၊ မြန်မြန်ပုန်း” တဲ့။

သူ လက်ပြပြီး ဆက်ပြေးလာတော့ နောက်ဖေးမှာ သံပုရာရည် ဖျော်နေသော လဝန်းနှင့်တိုးတော့၏။ သံပုရာရည်က ခုတော့ တကယ့်ကို အသုံးတည့်တော့မည်။ မထူးတော့သဖြင့် လဝန်းကိုလည်း ရယ်ပြလိုက်၏။

လဝန်းကလည်း သူ့ကို “မြန်မြန်၊ မြန်မြန်” ဟုဆိုကာ မီးဖိုတံခါးကို အသင့်ဖွင့်ပေး၏။ ပြီး တစ်ဆက်တည်း

ကပ်ပြောလိုက်သေး၏။

“လူလစ်ရင် အဖီရဲ့ အပြင်တံခါးကို ဖွင့်ပေးထားမယ်”  တဲ့။

အိမ်ရှေ့ဧည့်ခန်းမှာတော့ အန်တီဥမ္မာ့ကို ပြုစုသံ၊ သတိရလာသံ၊ သံပုရာရည်တိုက်နေသံ၊

ကြောက်ကြောက်လန့်လန့်နှင့် “ပြန်မယ်” ဟုပြောသွားသော အန်တီဥမ္မာ၏အသံတို့ကိုကြားနေရသည်။

ဟူး....။ ဒီတစ်ခါလည်း မအောင်မြင်ပြန်ပါလား၊ ဘယ်တော့များမှ....။

မထူးတော့သဖြင့် ကိုယ့်ကိုကိုယ်လည်း ရယ်ပြလိုက်သည်။

“အဟီး”


* * *


(၁၆)


ဂိတ်တံခါးတွင် တပ်ထားသော လူခေါ်ဘဲလ်ဆီမှ အသံကြားရ၏။ တဆက်တည်း...

“လဝန်း”

မေမေပြန်လာပြီ၊ လဝန်းသော့ကိုဆွဲကာ အပြေးကလေး သွားဖွင့်လိုက်၏။ မေမေ့လက်ထဲမှ ခြင်းနှင့်အိတ်ကို

ဆွဲယူရင်း အထဲဝင်လာခဲ့လိုက်သည်။

“ကလင်...ကလင်”

“ဟော...”

အိမ်ထဲမှ ဖုန်းမြည်သံကြားရ၏။ မေမေက လဝန်းကို တစ်ချက်ကြည့်ရင်း...

“သမီးမှာ ပစ္စည်းတွေနဲ့၊ နေနေ၊ မေမေပဲ ပြေးကိုင်လိုက်မယ်”

မေမေ ခပ်သွက်သွက် သွားကိုင်သည်။

“ဟဲလို...”

“............”

“ဪ...မဥမ္မာလား၊ ပြော မမွှေးကို ခေါ်ပေးရမှာလား”

“...........”

“ရတယ်၊ ပြောပါ”

“..................”

“ဘယ်လို”

“.............”

“ဟုတ်လား”

“.................”

“သေချာရဲ့လား မဥမ္မာရယ်၊ အမြင်များမှားသလား”

“.................................”

“အဲဒါ မဥမ္မာက္ဆတစ္ဆေသရဲ ထင်လို့လား”

“...................”

“အင်း အင်း၊ ဟုတ်သော်ရှိ၊ မဟုတ်သော်ရှိ၊ ပရိတ်ရွတ်ပြီး ပရိတ်ရည် ဖျန်းထားလိုက်ပါ့မယ်”

“................”

“အင်းအင်း၊ ကျွန်မလည်း မမွှေးတို့၊ လဝန်းတို့ကို မေးပါဦးမယ်၊ ဒါပဲနော်”

အန်တီဥမ္မာ မေမေ့ဆီကို ဖုန်းဆက်တိုင်နေမှန်း အားလုံးသိ၏။ သို့သော် အားလုံးက မသိသလို၊

ကိုယ်နှင့်မဆိုင်သလို လုပ်နေကြသည်။ အန်တီဥမ္မာနှင့်သာ ဆိုင်သလိုဖြစ်နေတော့သည်။

လဝန်းက မေမေ့ပစ္စည်းတွေကို ရှင်းလင်းဆေးကြောရန် မီးဖိုထဲဝင်သွားသည်။ ဒေါ်ကြီးမွှေးက ယက္ခကို မုန့်တွေ

ချကျွေးနေ၏။ အောင်အောင်က ယက္ခနှင့်အတူ မုန့်လုစားနေလေသည်။


မေမေက တစ်ယောက်စီကို လှမ်းအကဲခတ်နေသည်။ အားလုံးကလည်း ဟန်ကောင်းကြတော့

မေမေစဉ်းစားရခက်နေပုံပေါ်၏။ ဒေါ်ဥမ္မာ့စကားက တကယ်လား၊ တကယ်ပဲ သရဲတစ္ဆေလား၊ ဒါမှမဟုတ် လူလား။ ဒေါ်ဥမ္မာကပဲ မှားတာလား၊ ကိုယ့်အိမ်မှ ပရိသတ်ကပဲမှားတာလား၊ ခွေးကြီးယက္ခကရော ဘာမှ မသိလိုက်ဘူးလား၊ ဘယ်လိုဖြစ်ကြတာလဲ။


ညဘက်ဆိုလျှင်လည်း ထားတော့၊ နေ့ခင်းကြောင်တောင်ကြီးမှာဆိုတော့ ကြားရသည်ကပင်

စကားကြောင်တောင်ကြီးဖြစ်နေသည်။ အိမ်မှာ တကယ်ပဲ လူတစ်ယောက် ရောက်နေခဲ့သလား၊ ဒေါ်ဥမ္မာကတော့ တကယ်တွေ့သတဲ့၊ တခြားလူတစ်ယောက်ကိုများ ကျန်သုံးယောက်က တညီတညာတည်း ဝှက်ထားကြသလား၊ မဖြစ်နိုင်ချေ။ မေမေငြိမ်သက်၍ စဉ်းစားခန်းဝင်နေတာကို လဝန်းမီးဖိုချောင်မှ လှမ်းကြည့်၍မြင်နေရသည်။ ထိုစဉ် ဖုန်းက မြည်လာပြန်၏။ ဖုန်းဘေးမှာ မေမေပဲ အနီးဆုံးရှိနေ၍ ဘယ်သူမှ သွားမကိုင်ကြ။ မေမေက ဖုန်းခွက်ကို ကောက်မကိုင်တော့ဘဲ စပီကာခလုတ်ကို နှိပ်လိုက်၏။

“ဟဲလို မဝင်းလား”

ကလစ်ခနဲ မြည်သံနှင့်အတူ ဖေဖေ့အသံကိုပါ တဆက်တည်း ကြားလိုက်ကြရ၏။

“ဟုတ်တယ်၊ ကိုအောင်၊ ပြောပြော”

မေမေလည်း ပျော်သွားပုံရသည်။ မျက်နှာပင် ပြန်လန်းလာသည်ဟု ထင်ရသည်။ ဖေဖေ့ကို မေမေက ကိုအောင်ဟု ခေါ်၏။ တကယ်တော့ ဖေဖေ့နာမည်က ဦးတိုးချစ်အောင်။

“မဝင်း၊ အိမ်မှာ ဘာဖြစ်နေသလဲ”

“ဘာဖြစ်လို့လဲ ကိုအောင်၊ ဘာမှ မဖြစ်ပါဘူး”

“ဘာလို့ ဘာမှ မဖြစ်ရမှာလဲ”

“ဘာဖြစ်လို့လဲ”

“အိမ်မှာ မသင်္ကာစရာတွေဖြစ်နေတယ်ဆို၊ သူခိုးလည်းကပ်တယ်ဆို၊ ရှူးဖိနပ်ကြီးတစ်ရံလည်း ပိုင်ရှင်မပေါ်ဘဲ

ရောက်နေတယ်ဆို”

“ဘုရား...ဘုရား”

မေမေက ဘုရားတ၏။ လဝန်းလည်း တ တာပါပဲ၊ ဒီမှာဖြစ်တာတွေ ဘယ်သူ့မှ မပြောဘဲ ဖေဖေက

ဘာလို့သိနေတာတဲ့လဲ။ ခက်လိုက်တဲ့ဖေဖေပဲ။ ဒီကိစ္စကိုများ ဖုန်းဆက်မေးရတယ်လို့၊ ကိုယ့်ဘာသာ နိုင်ငံခြားမှာ အေးဆေးမနေဘူး။

“အဲဒီဘုရားကို နောက်မှ တ၊ ငါမေးတာကို အရင်ဖြေစမ်းပါ”

ဖေဖေ့အသံက တကယ်စိုးရိမ်နေပုံရသည်။

“ဟုတ်...ဟုတ်ပါတယ် ကိုအောင်”

“အဲဒါက ဘယ်လိုဖြစ်တာတဲ့လဲ”

“မသိသေးဘူး၊ ဒါနဲ့ ဒါတွေကိုအောင်က ဘယ်လိုလုပ်သိတာလဲ”

“မနေ့က မောင်ငြိမ်းအေး ဖုန်းဆက်တယ်လေ”

ဒင်းလက်ချက်ကိုး၊ လဝန်းစိတ်ထဲ ခုမှ အေးသွားတော့သည်။ ပြဿနာက ရှင်းနေပြီ။ သို့သော် ဖေဖေ့ကို ဘယ်လိုမှ ရှင်းပြလို့ရမည်မဟုတ်၍ ငြိမ်နေလိုက်သည်။ ပြီး တစ်ခါတစ်ခါ ဖေဖေက မြန်မာလို ရှင်းပြရုံနှင့်မရ။ အင်္ဂလိပ်လိုပါ ထပ်ရှင်းပြရသည်။ ကိုယ်က လေယူလေသိမ်းမှားလျှင် အဆူခံရသေးသည်။

“ခုနကပဲ မဥမ္မာလည်း ဖုန်းဆက်ပြီး ဒါပဲပြောနေတာပဲ” ဟုဆိုက မေမေက အန်တီဥမ္မာ ပြောတာတွေကို

တိုတိုနှင့်လိုရင်းပြန်ရှင်းပြသည်။ လဝန်းတို့သုံးယောက်လုံးမှာတော့ မျက်လုံးပြူးကာ ဘုရား တနေကြရသည်။

မေမေ့စကားဆုံးတော့ ဖေဖေက...

“မဝင်း၊ စပီကာ ဖွင့်ထားလား”

“ဟုတ်ကဲ့”

“ပိတ်လိုက်၊ ပြောစရာရှိတယ်”

“ဟုတ်”

မေမေ စပီကာခလုတ်ကို ပိတ်လိုက်၏။ မေမေနှင့်ဖေဖေ အပြန်အလှန် သုံးလေးခွန်းလောက် ပြော၏။

မေမေကတော့ ဟုတ်ကဲ့နှင့် ဟုတ်သာ ပြောနေတော့သည်။ ဖေဖေက ဘာတွေဆုံးမနေသည်မသိ၊ ဖေဖေက ခပ်ရှင်းရှင်း ခပ်ပြတ်ပြတ်လူဖြစ်သည်။ ဆုံးမလျှင်လည်း စကားလုံးနှင့်လိုက်အောင်တစ်ဆုံး ‘မ’ တတ်သည်။ အရောက်ပို့သည် ဆိုတာမျိုးပေါ့။ ခဏနေတော့ မေမေက လဝန်းကို လှမ်းခေါ်သည်။

“လဝန်းရေ”

“ရှင် မေမေ”

“ဖေဖေက သမီးနဲ့ ပြောမယ်တဲ့”

“ဟုတ်”

အပြေးလေးသွားကာ ဖုန်းခွက်ကို ယူကိုင်လိုက်သည်။

“ဟုတ်ကဲ့၊ လဝန်းပါ ဖေဖေ”

“သမီး နေကောင်းရဲ့လား”

“ကောင်းပါတယ်ဖေဖေ၊ ဖေဖေရော”

“ကောင်းတယ်၊ ဒါကထားပါ”

“ဟုတ်ကဲ့၊ ပြောပါ ဖေဖေ”

“သမီး အိမ်ထောင်မပြုသေးဘူးလား”

လဝန်းမျက်နှာ ရှက်ရိပ်တွေ သန်းသွားရ၏။ ဘာပြန်ဖြေရမလဲလည်း မသိ၊ ထို့ကြောင့်...

“အာ...ဖေဖေကလည်း”

“ရည်းစားရော ရှိပြီလား”

“ဟာ...မရှိပါဘူး ဖေဖေရ”

“အင်း...မရှိရင်လည်း ပြီးတာပဲ၊ ရှိရင်တော့ ဖေဖေ့ကိုပြောနော်၊ ကောင်းကောင်းကန်းကန်းဆို ယူလို့ ပြောမလို့၊

မဟုတ်တာတွေနဲ့ ကြိုက်နေမှာစိုးလို့ ဟုတ်ပြီလား”

“ဟုတ်”

“ကဲကဲ၊ ဒါဆိုရင် ဒါပဲ” ဟုဆိုကာ ဖေဖေ ဖုန်းချသွားသည်။ လဝန်းကလည်း ဖေဖေ့ကို စဉ်းစားမရဖြစ်သွားရသည်။ အကောင်းကြီးကနေ ခု သူ့ကို အိမ်ထောင်ပြုခိုင်းနေသည်။ ဘာဖြစ်လို့လဲ။

ဟုတ်တဲ့လူ၊ မဟုတ်တဲ့လူဆိုတာ ဘာကိုပြောတာလဲ၊ ဟုတ်တာ မဟုတ်တာကို ဘာနဲ့တိုင်းခိုင်းတာလဲ၊

အရှည်မေးမြန်းမနေတော့၊ လောလောဆယ်မှာတော့ ဖေဖေ့စကားကိုပဲ လဝန်း ဟုတ်လိုက်သည်။

စဉ်းစားရင် ဦးငြိမ်းအေးကို သွားသတိရပြီး ဒေါသထွက်သွားရသည်။ ဒင်းကြောင့်၊ နောက်မောင်ရှင့်ကို

သတိရသွားကာ မျက်နှာလေးက ပန်းရောင်ရင့်ရင့်များပင် ဖြတ်သန်းသွားရသည်။

ကြာကြာမတွေးလိုက်ရ၊ မေမေ့ခေါ်သံက ထွက်လာသည်။ မေမေ့ပါးစပ်ထဲမှဖြစ်သည်။

“လဝန်း”

လဝန်း အပြေးလေးသွားကာ မေမေ့ဘေးမှာ ဝင်ထိုင်လိုက်သည်။ မေမေ့ပခုံးကို မှီနွဲ့လိုက်ပြီး...

“ဘာလုပ်မလို့လဲ မေမေ”

“ပြောစရာရှိလို့၊ ခဏနေဦး၊ လူစုံမှ ဖြစ်မှာ၊ မမွှေးနဲ့ အောင်အောင်”

ဘယ်နားက နားစွင့်နေကြသည်မသိ။ ချက်ချင်းရောက်လာကြ၏။ အောင်အောင်က အကဲပိုကာ

ခွေးကြီးသွားခေါ်လာသည်။

“လာ ယက္ခ၊ အားလုံးစုံမှ ဆိုရင် မင်းပါ ပါမှ ရမှာ”

ယက္ခကိုပါ ကြိုးမှ ဆွဲခေါ်လာ၍ မေမေက မျက်စောင်းထိုးသည်။ ဘာမှတော့မပြော။

လဝန်းနှင့်ဒေါ်ကြီးမွှေးတို့ကတော့ ရယ်ချင်စိတ်တစ်ဝက် စိုးရိမ်စိတ်တစ်ဝက်နှင့်။

“ခုနက မမွှေးသူငယ်ချင်း မဥမ္မာ ဖုန်းဆက်တယ်”

မေမေက စကားစ၏။ ဘယ်သူကမှ မေမေ့ကို ဘာမှ ပြန်မပြောဘဲ ငြိမ်သက်စွာ နားထောင်နေကြသည်။

“မဥမ္မာက သူနေ့လည်က လာတုန်းက လူတစ်ယောက်ကို ဧည့်ခန်းမှာ တွေ့တယ်တဲ့”

မေမေက ထိုသို့ပြောပြီး အားလုံးကို အကဲခတ်သည်။ အားလုံးကလည်း မေမေ့ကို အကဲခတ်နေကြ၍

သရေပွဲဖြစ်သွားသည်။ မေမေက သက်ပြင်းချသည်။ ဘယ်သူကမှ မခိုင်းရပါဘဲ သူ့ဘာသာလုပ်ခြင်းဖြစ်သည်။


“မဥမ္မာကတော့ ညာမှာ မဟုတ်ဘူး၊ ဘယ်လိုဖြစ်ကြသလဲဆိုတာ သိချင်တယ်၊ လဝန်းရဲ့ ရည်းစားလား၊ အားလုံးက ဝိုင်းကာကွယ်ပေးကြတာလဲ၊ အမှန်အတိုင်း ပြောကြပါဦး”

မေမေ့စကားကြောင့် အောင်အောင်က တဟားဟား ထရယ်သည်။ အတွင်းအားထည့်၍ရယ်လိုက်ခြင်းဖြစ်၍...

“အောင်အောင် ၊ အဲဒါဘာရယ်တာလဲ”

အောင်အောင် မျက်နှာသေကလေးနှင့် ဖြစ်သွားကာ....

“ဘာမှ မဟုတ်ပါဘူး၊ အန်တီဥမ္မာ့ကိုရယ်တာ၊ ဘာတွေမြင်နေလဲ မသိဘူး၊ သူတစ်ယောက်တည်း မြင်နေတယ်” 

မေမေက အောင်အောင့်စကားကို ကလေးစကားမို့ မယုံချင်သလိုနှင့် လဝန်းဘက်လှည့်လာ၏။

“လဝန်း”

“ရှင်မေမေ”

“ဟုတ်လား”

“ဘာကိုမေးတာလဲဟင်”

ဒီနေရာမှာ အမှားခံလို့မှ မရတာ၊ ဒါကြောင့်လဝန်းပြန်မေးရ၏။ ကိုယ့်ရည်းစားမှ မဟုတ်သေးတာကြီးကို။

“မဥမ္မာ လူတစ်ယောက်ကို တွေ့တယ်ဆိုတာလေ”

“သမီး မတွေ့ဘူးမေမေ၊ အဲ... သူကတော့ တွေ့တယ်တဲ့၊ အင်း ...တကယ်ပဲ လူရှိတယ်ဆိုရင် ယက္ခက နေမှာ

မဟုတ်ဘူး၊ သူက တစိမ်းဆို ဘယ်လောက်ဆိုးတယ်ဆိုတာ မေမေလည်း သိတာပဲ၊ ပြီးတော့ သရဲတစ္ဆေဆိုလည်း ယက္ခက ဟောင်မှာပဲ၊ အန်တီဥမ္မာတော့ တစ်ခုခု မှားနေပြီ”

အန်တီဥမ္မာကို အားနာသော်လည်း မေမေ့ကို ပိုအားနာသဖြင့် ထိုသို့ပင်ပြောရတော့သည်။

မေမေကလည်း လဝန်းကို စူးစိုက်ကြည့်ရင်း နားထောင်၏။ လဝန်းလည်း ရင်ထဲကသာ ထိတ်နေတာ၊

အပြင်မှာတော့ ဟန်ကောင်းနေရသည်။

“မမွှေး”

မေမေ သူ့ယောင်းမဘက် အကြည့်လှည့်သွားသည်။ ဒေါ်ကြီးမွှေးက မေမေ့ကို မျက်လုံးလှန်ကြည့်ကာ

မေးဆတ်ပြ၏။ ပြောဆိုသည့်သဘော။ လက်ထဲမှာလည်း ကိုးလုံးပုတီးနှင့်။

“အဲဒီနှစ်ယောက်ပြောတာ အမှန်လား၊ မဥမ္မာပြောတာ အမှန်လား”

ဒေါ်ကြီးမွှေးက သက်ပြင်းတစ်ချက်ကိုချ၏။ ပြီးမှ မပြောချင် ပြောချင် အမူအရာနှင့် ပုတီးကို ဘေးမှာ ချလိုက်ပြီး...

“ပြောရရင် မဝင်းရေ၊ လဝန်းတို့ပြောတာ မှန်ပါတယ်၊ ခက်တာက မဥမ္မာက မမွှေးသူငယ်ချင်း၊

သူအဲလိုဖြစ်ရတာတော့ စိတ်မကောင်းဘူး၊ ဘာလုပ်ပေးရမှန်းတောင်မသိပါဘူး မဝင်းရယ်”

အကယ်ဒမီတွေရော၊ အော်စကာတွေရော တစ်ပြိုင်တည်း ပစ်ပေးရလောက်အောင် ဒေါ်ကြီးမွှေး အိုက်တင်ရော၊

ဒိုင်ယာလော့ခ်ပါ ကောင်းနေ၏။ မေမေက သူ့ယောင်းမတော့ ယုံပုံရ၏။ ခေါင်းတဆတ်ဆတ်ညိတ်၏။

ဒါဆိုလျှင်တော့ ဒေါ်ဥမ္မာ့ကိုပဲ ပရိတ်ရေဖြန်းပေးရတော့မလို ဖြစ်နေသည်။

“မေမေ၊ အဲဒါဆို အန်တီဥမ္မာ့ကို ဘာလုပ်ပေးရရင် ကောင်းမလဲ”

“အင်းလေ၊ အိမ်မှာကတော့ စိတ်ချရအောင် အန္တရာယ်ကင်း ပရိတ်တွေဘာတွေရွတ်ဖို့ စီစဉ်လိုက်ပါ့မယ်၊

မဥမ္မာကိုလည်း လာနာခိုင်းပေါ့၊ အဲလိုနဲ့မှ မရရင် ပယောဂဆရာတွေ ဘာတွေနဲ့ ပြကြည့်ခိုင်းရမှာပဲ”

မေမေ့စကားကြောင့် လဝန်း ရယ်ချင်သွားရ၏။ သို့သော် အောင်အောင်က မှင်သေသေနှင့် ယက္ခနှင့် ဆော့နေပြီး ဒေါ်ကြီးမွှေးက တစ်ခါမှ မကိုင်ဘူးသော လက်ထဲက ကိုးလုံးပုတီးကို ဟန်နှင့်ပြန်စိပ်နေ၍ လဝန်းလည်း သူ့ရယ်ချင်စိတ်ကို သူထိန်းထားလိုက်ရ၏။ အဟီး...ဟု။

မေမေက ဘာမှ ဆက်မပြောတော့သဖြင့် ဒေါ်ကြီးမွှေးက အရင်ထသွား၏။ လဝန်းတို့က မေမေ မထဘဲ မထရဲသေး။ 


             ဒေါ်ကြီးမွှေး သူ့ ခန္ဓာကိုယ်ကြီးကို ခပ်သွက်သွက်သယ်၍ အဖီလေးထဲရောက်သွားချိန်တွင် မောင်ရှင့်ကို မတွေ့ရတော့၊ မီးသွေးအိတ်တွေကို လိုက်စမ်းကြည့်တော့လည်း မရှိ၊ မောင်ရှင်လွတ်သွားပြီထင်သည်။ ဒေါ်ကြီးမွှေး သက်ပြင်းကိုချကာ ပြုံးပြီး ပြန်ထွက်လာသည်။


ခဏနေတော့ အဖီထဲ ထပ်ရောက်လာသူက လဝန်း၊ အဖီလေး ထဲ ဝေ့ဝဲကြည့်သော် မောင်ရှင့်ကို မတွေ့ရတော့သဖြင့် သူမဖွင့်ခဲ့သော အဖီ၏ အပြင်တံခါးကို ကြည့်မိ၏။ တံခါးက ပွင့်နေသည်။ ဒါဆို သူထွက်သွားပြီပေါ့၊ လဝန်းကျေနပ်ကာ အိမ်ထဲ ပြန်ဝင်လာခဲ့သည်။ ခုဆို မောင်ရှင်လည်း သူ့အိမ် သူပြန်ဝင်ပြီပေါ့။


တတိယ အဖီလေးထဲရောက်လာသူက အောင်အောင်၊ တွေ့နေကျနေရာမှာ သူ့စုံထောက်ကျော်ကြိးကို မတွေ့ရ၊ အောင်အောင် တစ်စုံတစ်ရာများတွေ့ဦးမလားဟု လှည့်ကြည့်တော့ မောင်ရှင် ထိုင်နေကျ နေရာ၏ နောက်ကျောနံရံပေါ်တွင် မီးသွေးခဲဖြင့် လက်နှစ်ချောင်းထောင်ထားသော Victory  ပုံလေးဆွဲထားတာကို တွေ့ရ၏။ စုံထောက်ကြီး လွတ်မြောက်သွားပြီထင့်။

အောင်အောင့်မျက်ဝန်းများ လင်းတောက်သွားကာ “ဇေပဲ” ဟုဆိုကာ ထွက်သွားတော့၏။


* * *


(၁၇)


လရောင်မလင်းသော်လည်း ကြယ်တွေစုံလင် လင်းလက်နေသော ကောင်းကင်ပြင်ကိုကြည့်ကာ လဝန်း အတွေးတွေ လွင့်မျောနေသည်။ အိပ်၍လည်းမပျော်၊ ခါတိုင်းညတွေလို ကွန်ပျူတာကိုင်နေလို့လည်းမရ။ ကွန်ပျူတာကိုင်ရင်း တစ်ခုခု အခက်အခဲဖြစ်သည့်အခါ သူမ တစ်စုံတစ်ယောက်ကို တမ်းတနေမိသည်။ ကွန်ပျူတာကို အခက်အခဲမရှိ၊ ကျွမ်းကျင်စွာ ကိုင်တွယ်ပြသွားသော သူတစ်ယောက်ကိုပေါ့။


သူ့ကို သူမ ဘာလို့ယုံလိုက်မိတာလဲ။ သက်သေအထောက်အထား ခိုင်လုံတာကနောက်၊ ယုံကြည်မှုနှင့် သူရှင်းပြသမျှ နားထောင်မိတာက အရင်မဟုတ်လား။ ပြီးတော့ သူ အခက်အခဲ၊ အကြပ်အတည်းမှ လွတ်မြောက်သွားသဖြင့်လည်း လဝန်းပျော်နေသည်။ မဟုတ်လျှင်

ဘယ်လိုမှ မပတ်သက်သော အိမ်တစ်လုံးထဲတွင် ဘယ်လိုရောက်နေမှန်းမသိသော ဒုက္ခသည် သေးလိမ့်မည်မဟုတ်။ အနေရခက်၊ အစားရခက်၊ အအိပ်ရခက်နှင့်၊ နောက်ဖေးအဖီထဲနေရတာကိုက အတော်ဒုက္ခရောက်လိမ့်မည်။ သူ့လိုအသန့်အပြန့်ကြိုက်ပုံရသော နိုင်ငံခြားမှ ပြန်ရောက်လာတာ ရက်ပိုင်းလေးပဲ ရှိသေးသော သူက ပိုဆိုးပေလိမ့်မည်။ ခြင်တဝီဝီ၊ မီးခိုးနံ့တထောင်းထောင်း၊ ဖုန်မှုန့်၊ မီးသွေးမှုန့် တသောသောနှင့် အဖီထဲ နေရ၊လှဲရ၊ ပုန်းရတာ လွယ်လိမ့်မည်မဟုတ်၊ သူခုလို လွတ်မြောက်ကာ ပြန်ခွင့်ရသွားတော့ လဝန်း ဝမ်းသာသည်။ 


သို့သော် ဘာကြောင့်မှန်းမသိ၊ ခဏပဲတွေ့သိလိုက်ရသော ထိုပုဂ္ဂိုလ်ကို လဝန်းသတိရနေမိသည်။

ထူးထူးဆန်းဆန်း အဖြစ်အပျက်နှင့် တွေ့ဆုံခဲ့ရသူမို့ စိတ်ထဲရှိနေတာဖြစ်နိုင်သည်။ ထိုကြောင့် မျက်စိကို စုံမှိတ်ကာ အိပ်ပစ်လိုက်တော့၏။ ဘယ်အချိန်က အိပ်ပျော်သွားသည်မသိ၊ မနက်ကျတော့ တော်တော်နှင့်မနိုး၊ ခါတိုင်းဆို ဒေါ်ကြီးမွှေးနှင့်အတူတူထကာ ချက်ပြုတ်တတ်သော လဝန်း၊ အိပ်ရာထနောက်ကျ၍ မေမေပင်စိုးရိမ်ကာ အခန်းတံခါး လာခေါက်ရ၏။

“ဒေါက်...ဒေါက်...ဒေါက်”

“သမီး လဝန်း”

လဝန်း အိပ်ချင်မူးတူးနှင့် တံခါးသွားဖွင့်တော့ မေမေက တအံ့တဩနှင့်...

“ဘာဖြစ်လို့လဲ သမီး၊ နေမကောင်းလို့လား၊ သမီးတစ်ခါမှ ဒီလို မအိပ်ဖူးပါဘူး”

“ကောင်းကောင်းအိပ်မပျော်လို့ မိုးလင်းခါနီးမှ အိပ်ပျော်တယ်လေ၊ နေတော့ကောင်းပါတယ်၊ အခု ထပါပြီ”


မေမေက လဝန်းထံမှ စိတ်ချရသော စကားကိုကြားမှ လှည့်ထွက်သွား၏။ မေမေထွက်သွားတော့ လဝန်းတံခါးကို ပြန်ပိတ်ကာ အိပ်ရာသိမ်းလိုက်သည်။ အိပ်ရာသိမ်းပြီးကာမှ အိပ်ရေးက မဝသေး၍ အိပ်ရာပေါ် ပြန်လှဲလိုက်ရာ ဘယ်လို ပြန်အိပ်ပျော်သွားမှန်းပင်မသိ။

“ဒေါက်...ဒေါက်”

တံခါးခေါက်သံထပ်ထွက်လာ၍ လဝန်း လွန့်လူးကာ ကမန်းကတန်းထရ၏။ တံခါးဖွင့်လိုက်တော့ အခန်းတံခါးဝမှာ ရပ်နေသူက မေမေ။

“ဘယ်လိုဖြစ်ရတာပြန်လဲ သမီးရယ်၊ မေမေနှိုးထားခဲ့ပြီး မလာ မလာနဲ့၊ ခုမှ သန္တာတို့ရောက်လာလို့

ကြည့်လိုက်တော့ သမီးက တံခါးပိတ်ပြီး ပြန်လှဲနေတာကိုး၊ ထတော့နော်”

“ဟုတ်...ဟုတ်ကဲ့ မေမေ”

တံခါးပိတ်ပြီး လှဲမနေရတော့သဖြင့် လဝန်းတံခါးဖွင့်ပြီး ရပ်နေလိုက်သည်။ ပြီးမှ...

လဝန်း ကမန်းကတန်း နောက်ဖေးပြေးကာ မျက်နှာသစ်၊ ကိုယ်လက်သန့်စင်ရ၏။ ဘယ်လောက်မှ မကြာလိုက်၊

ဒါတောင် ဧည့်ခန်းရောက်တော့ အပြောခံရသေးသည်။

“အောင်မယ်လေး၊ ထွက်မှ လာပါတော့မလားလို့”

“အေးလေ၊ ဒီအချိန်မှ ထရအောင် ညက အတော်မှ စဉ်းစားခန်း ဝင်ရရဲ့လား”

မသန္တာ၏စကားကို ရွှေရည်က ထောက်ခံကာ စကားနာဝင်ထိုး၏။

“ဘာစဉ်းစားရမှာလဲ၊ ဘာမှ မစဉ်းစားဘူး”

လဝန်း မျက်စောင်းထိုးကာ စူပွပွ ပြော၏။

“သိနိုင်ဘူးလေ”

မသန္တာက ပုခုံးတွန့်ကာပြော၏။ ထက်ထက်ကတော့...

“ငါတို့ကို ဘယ်သူမှတ်လို့ မျက်စောင်းတွေထိုး၊ နှုတ်ခမ်းတွေစူ လုပ်ပြနေရတာလဲ၊ လူမှားနေပြီထင်တယ်နော်”

“အောင်မယ်”

လဝန်း ဘာမှ ဆက်မပြောတတ်တော့ပါ။ ကြည့်ရတာ မနေ့ကညနေက မသန္တာကို လှမ်းဖုန်းဆက်ပြီး

ပြောခဲ့တာတွေကို ထက်ထက်ကော၊ ရွှေရည်ပါ သိပြီးနေလောက်ပြီထင်သည်။

ထိုစဉ်...

ဒေါ်သီတဂူဝင်း ပစ္စည်းများဆွဲကာ နောက်ဖေးမှ ထွက်လာ၏။

“ဟော...မေမေ သွားတော့မလို့လား”

“အေး၊ သမီးတို့ အေးအေးဆေးဆေးနေကြမှာမဟုတ်လား၊ နောက်မှာ သမီးတို့ အန်တီမွှေးက သမီးတို့အတွက်

ထမင်းထပ်ချက်နေတယ်၊ ဟင်းကတော့ ရှိတယ်”

“ဟာ...အားနာစရာကြီးက ကောင်းလိုက်တာ”

ရွှေရည့်စကားကြောင့် အားလုံးရယ်ဖြစ်ကြသည်။ မေမေထွက်သွားတော့ မသန္တာက...

“ကဲ...ပြောလို့ရပြီလား”

“ဘာပြောမှာလဲ”

“အရေးထဲ၊ ပဲကများနေရပြန်ပြီ၊ ရှင်စုံစမ်းခိုင်းထားတဲ့အကြောင်းလေ”

လဝန်း တမင်သက်သက် စိတ်မဝင်စားဟန်ပြုလိုက်ကာ...

“အင်း...ပြောရင်လည်းပြောလေ၊ နားထောင်ရတာပေါ့”

“အောင်မယ် လေသံကိုက၊ မနေ့ကတော့ မသန္တာ ရယ်ကူညီပါ၊ မသန္တာမှ မကူရင် လဝန်း ဒုက္ခ ရောက်ရပါတော့မယ်ဆိုပြီး''

''တော်...တော်”

လဝန်း ကပျာကယာ မသန္တာပါးစပ်ကို လှမ်းပိတ်ရ၏။ ဒီ့ထက်ပိုဆိုးလာလျှင် လျှာကိုပါ လှမ်းဆွဲပြီး၊

ဒီ့ထက်ပိုဆိုးလာလျှင် အာသီးကိုပါလှမ်းဆွဲရန် ရည်ရွယ်ထားသည်။

“ကဲပါ၊ မသန္တာရယ်၊ သူစိတ်မဝင်စားရင်လည်းနေပါ၊ ထက်ထက်စိတ်ဝင်စားပါတယ်၊ ကိုယ်နဲ့

တစ်အိမ်တည်းနေခဲ့တဲ့သူပဲ”

ထက်ထက် စကားကြောင့်လဝန်း မျက်စောင်းထိုးမိပြန်သည်။ ဘာမှတော့ ပြန်မပြောတော့။ ပြောနေလည်း ပြီးမှာမှ မဟုတ်တာ။ သူမတို့၏ အရွှတ်အနောက်များက “အခန်းဆက်ပျက်လုံး” အဖြစ် ဆင့်ကဲဝင်ရောက်လာနိုင်သည်။ လဝန်း၏ဘဝက ကိုယ့်ကိုယ်ကို ဆွဲပိတ်ထားနေရသည့် ခြအုပ်ကြားမှ စာအုပ်တစ်အုပ်လိုဖြစ်နေသည်။

“နင်တို့အိမ်မှာနေခဲ့တဲ့သူက သူပြောတဲ့အတိုင်း ရှင်နေဝန်းတဲ့၊ သူ့ရဲ့အလုပ်တိုက်က Pravo တဲ့၊

ဗိုလ်အောင်ကျော်လမ်းထဲမှာ ရှိတယ်၊ Graphic Design တွေလုပ်တယ်”

“အဟဲ၊ နာမည်လေးက လှတယ်နော်၊ မယ်လဝန်းလိုပဲ ဟဲဟဲ”

ရွှေရည်က ဝင်နောက်သည်။ ထက်ထက်ကလည်း....

“ဒါပေါ့၊ နေနဲ့လ ရွှေနဲ့မြ ဆိုတာ”

“အိုး....ဘာဆိုင်လို့လဲ”

လဝန်းရှက်ရမ်းရမ်းကာ ထက်ထက်ကို ဖျတ်ခနဲ လှမ်းရိုက်ကာပြောတော့ ထက်ထက်က....

“အိုး...ငါကရော ဆိုင်တယ်ပြောမိလို့လား၊ နေနဲ့လဆိုတာပဲ ပြောတာပါ၊ စိတ်ကူးယဉ်မနေပါနဲ့ လဝန်းရယ်”

ပြောကာမှ ပိုဆိုးနေ၍ ပါးစပ်ကို ပိတ်ထားလိုက်တော့၏။ လွတ်လပ်နေသော ရွှေရည့်ပါးစပ်ကိုလည်း မလိုတမာ

လှမ်းကြည့်နေမိသေးသည်။ အဲဒီတော့လည်း အားလုံးက ဝိုင်းရယ်ကြပြန်သည်။ မသန္တာက သူ့စကားကိုဆက်၏။

“ Graphic Computer Design နဲ့ ပတ်သက်ပြီး Singapore မှာ ဒစ်ပလိုမာသွားယူတာ၊ ပြန်ရောက်တာ

လေးငါးရက်ပဲ ရှိသေးတယ်တဲ့”

“ကြည့်ရတာ လဝန်းကို Graphic Design လာသင်ပေးတာထင်တယ်နော်၊ လူမိသွားတော့မှ”

“ဘယ်လိုဖြစ်နေတာလဲ”

မပြောဘူးလို့ဆုံးဖြတ်ထားသော်လည်း မနေနိုင်၍ ဆောင့်အောင့်ပြောလိုက်မိသည်။

“ဘယ်လိုမှ မဖြစ်ပါဘူး၊ မသန္တာ သူ့ကို ဂရုစိုက်မနေနဲ့၊ ဆက်သာပြော”

မသန္တာက စကားကိုဆက်၏။

“ဟိုကလူကြုံပါးလိုက်တဲ့ ပစ္စည်းတွေကို လိုက်ပေးရင်း ပဲခူးထိရောက်သွားတယ်တဲ့၊ ပဲခူးကပြန်တော့

ကားပျက်ကော၊ ကားပျက်တာကို မစောင့်ချင်တော့ လာနေတဲ့ အဝေးပြေးကားတစ်စီးနဲ့ တက်လိုက်သွားသတဲ့၊

အဲဒီကတည်းက ပျောက်သွားတာ ခုထိပဲတဲ့”

“ခုထိပဲ ဟုတ်လား”

လဝန်း အူကြောင်ကြောင်နှင့် ပြန်မေးမိလိုက်၍ မသန္တာက...

“ပိုရန်ကောဟယ်၊ ငါမေးတဲ့လူက သူ့သူငယ်ချင်း Pravo  မှာအလုပ်တွဲလုပ်တဲ့လူ၊ မနေ့ညက သူပြန်ရောက်တာ ငါကသိနေပေမယ့် အဲဒီလူက ဘယ်လိုလုပ်သိမလဲ”

မသန္တာစကားကြောင့် လဝန်းရှက်သွားရ၏။ ထက်ထက်နှင့် ရွှေရည်ကလည်း အဆင်းဘီးတပ်ပြန်သည်။

“အေးလေ၊ စိတ်မဝင်စားဘူးလည်းဆိုသေး၊ ခုကျ အိမ်ပြန်မရောက်မှာ ပူနေပြန်ရော”

“ဟုတ်ပါရဲ့ လဝန်းရယ်၊ မှန်း မျက်ကွင်းတွေညိုလို့၊ ညက အိပ်မပျော်တာ ဒီအပူတွေကြောင့် ထင်တယ်”

“တော်တော့ဟာ”

လဝန်း ဒီလောက်သာ ပြန်ပြောနိုင်တော့၏။ မသန္တာက

 “လကြပ်တာတို့၊ လငပုပ်ဖမ်းတာတို့ပဲ ကြားဖူးတယ်၊ လမျက်ကွင်းညိုကိုတော့ မကြားဖူးဘူး” ဟု ပြန်ပြော၏။

ခဏနေတော့ ဒေါ်ကြီးမွှေးထွက်လာသဖြင့် စကားလမ်းကြောင်းလွှဲလိုက်ကြသည်။

“ဟာ ဒေါ်ကြီးမွှေး၊ သမီးတို့တွက် ချက်ပြုတ်နေတာဆို”

“ပြီးပြီ သမီးရဲ့”

“ဟာ အားနာစရာကြီး၊ ဟိုသိပ်များများ မလုပ်နဲ့နော်၊ ထမင်းစားမကောင်းတာ လေးငါးရက်ရှိပြီ”

“ဟုတ်လား”

ဒေါ်ကြီးက ရွှေရည့်စကားကြောင့် ကရုဏာသက်စွာပြော၏။

“ဟုတ်တယ်၊ ဟင်းချည်း စားဖြစ်နေလို့”

ထိုအခါကျမှ ဒေါ်ကြီးမွှေးလည်း သဘောပေါက်သွားကာ...

“ဪသာ်...ဒီလိုလား၊ မဝင်းကလည်း ဒေါ်ကြီးကို ထမင်းချည်း ထပ်ချက်သွားခိုင်းတာ၊ စိတ်မကောင်းစရာကွယ်”

ဘာတွေ ဘယ်လိုပြောပြော၊ နောက်နောက်၊ နောက်ဆုံးကျတော့ အားလုံး ထမင်းစားခန်းထဲ

ရောက်သွားကြသည်ပင်ဖြစ်၏။

“ကလင်...ကလင်...ကလင်”

အိမ်ရှေ့မှ ဖုန်းမြည်၏။

လဝန်း ထမင်းပန်းကန်လေးကိုင်ရင်း ကြောင်ရပ်နေမိတုန်း မသန္တာက...

“လဝန်းက မဆာသေးဘူး မဟုတ်လား၊ သွားကိုင်လိုက်နော်” ဟုဆိုကာ ထမင်းပန်းကန်ကို ဆွဲယူထားလိုက်သဖြင့် အိမ်ရှေ့ထွက်ခဲ့ရ၏။

“ဟဲလို အမိန့်ရှိပါရှင်”

“လဝန်းလား”

တစိမ်းယောကျာ်းလေးတစ်ယောက်၏ အသံဖြစ်၏။ ဦးငြိမ်းအေးလည်း မဟုတ်။ အသံက ချိုပြီး ရှ၏။

“ဟုတ်၊ ဘယ်သူလဲ မသိဘူး”

တစ်ဖက်မှ ခပ်တိုးတိုးရယ်သည်။

“ကျွန်တော် မောင်ရှင်ပါ”

လဝန်း ရင်ထဲ လှပ်ခနဲ ဖြစ်သွားရသည်။ ခပ်ဖွဖွလည်း ပြုံးမိ၏။

“ဘာကိစ္စ ရှိလို့လဲ”

“ကိစ္စကတော့ သတိရတဲ့ကိစ္စပါ”

“ဘယ်လို”

အူကြောင်ကြောင် ပြန်မေးပြီးကာမှ ကိုယ့်ကိုယ်ကို စိတ်ညစ်သွားရသည်။ လမ်းဖွင့်ပေးလိုက်မိသလို

ဖြစ်သွားရတာကိုး၊ ထင်သည့်အတိုင်းပါပဲ၊ ဖုန်းထဲမှ မောင်ရှင့်အသံက ထပ်ပေါ်လာသည်။

“ဪ...လဝန်းကို သတိရလို့ပါ”

“ဟုတ်လား၊ ကျွန်မပြောပြလိုက်ပါ့မယ်”

လဝန်းက ရွဲ့ပြီးပြောလိုက်ခြင်းဖြစ်သော်လည်း မောင်ရှင်က ဘယ်လိုမှ နေပုံမပေါ်။

“အင်း ပြောပြလိုက်ပါ၊ ညကလည်း ကျွန်တော် တစ်ညလုံး အိပ်မပျော်တဲ့အကြောင်းရောပေါ့”

လဝန်း ငြိမ်သက်သွားမိသည်။ ညက သူလည်း အိပ်မပျော်ဘူးတဲ့။

“လဝန်း....လဝန်း”

“ဟုတ်ကဲ့၊ ပြောပါ”

ငြိမ်သွားသဖြင့် လဝန်းမရှိတော့ဘူးထင်ကာ စိုးရိမ်တကြီးခေါ်လိုက်သံကြောင့် လဝန်း ပြုံးလိုက်မိသေးသည်။

“ခုဘာလုပ်နေလဲ”

“ထမင်းစားမလို့”

“ထမင်းစားမလို့ ဟုတ်လား၊ စောလှချည်လား”

“ဟိုလေ၊ ဧည့်သည်တွေလည်းရောက်နေတာနဲ့၊ တစ်ခါတည်းကျွေးရင်း”

“ဪ၊ ဒါဆို သွားသွား၊ ဖုန်းချလိုက်မယ်နော်၊ နောက်မှဆက်တော့မယ်”

တစ်ဖက်မှ မောင်ရှင် ဖုန်းချသွား၏။ သူ့ကို မောင်ရှင်ဟု လဝန်းခေါ်ချင်စိတ်မရှိချေ။ ကိုယ်က မယ်သေမှ

မဟုတ်ဘဲ၊ ဟွန်း...။

လုပ်စရာရှိတာ ဆက်လုပ်နေတုန်း....

မီးဖိုထဲ ပြန်ရောက်လာသော ဒေါ်ကြီးမွှေးက...

“ဟဲ့ ဘယ်ကဖုန်းလဲ”

“ဦးငြိမ်းအေးဆီက”

“ဘာတဲ့လဲ”

“ဘာမှ မတည့်ပါဘူး ဒေါ်ကြီးရာ”

လဝန်း လွှဲဖြေလိုက်မိသည်။ ထမင်းစား၊ စကားတွေပြောပြီး အတော်ကြာတော့ မသန္တာတို့ ပြန်သွားကြ၏။

လဝန်း တစ်ယောက်တည်း ကွန်ပျူတာကိုင်ရင်း သူ့ကို သတိရနေမိသည်။ ညနေကျ ဟင်းနည်းနေ၍ ကြက်ဥကြော်တော့လည်း သူ့ကို သတိရမိပြန်သည်။ လဝန်းသက်ပြင်းကို မသိမသာချမိ၏။ တော်ရုံတန်ရုံ ချဉ်းကပ်သောသူတွေကိုတောင် စိတ်မလှုပ်ရှားခဲ့မိသူက ခု ဘာလို့ စိတ်လှုပ်ရှားနေရတာလဲ။

ဗိုင်းရပ်စ်က ကွန်ပျူတာကို မဝင်ဘဲ သူမဆီ ဝင်ပူးပြီးထင်သည်။ ဘာဗိုင်းရပ်စ်လဲ၊ ဘယ်လို ဗိုင်းရပ်စ်လဲ။

သူကပဲ လဆွဲအားကို ခံယူသွားတာလား၊ ကိုယ်ကပဲ နေဆွဲအားကို ခံယူလိုက်ရတာလား စဉ်းစားနေမိသည်။

“လဝန်းရေ၊ သမီး”

မေမေ့ခေါ်သံကိုကြားရ၏။ မေမေ့အခန်းထဲမှ လှမ်းခေါ်ခြင်းဖြစ်သည်။ လဝန်းကွန်ပျူတာကိုပိတ်ကာ

ထသွားလိုက်၏။

“ဘာလုပ်မလဲ မေမေ၊ နှိပ်ပေးရမလား”

“မဟုတ်ပါဘူး၊ မေမေပြောစရာရှိလို့ပါ”

“ဟုတ်ကဲ့၊ ပြောပါ မေမေ”

မေမေက လဝန်း ဆံပင်တွေကို ခပ်ဖွဖွ ပွတ်သပ်ကာ ပြုံးရင်း မေး၏။

“သမီး အိမ်ထောင်မပြုသေးဘူးလား”

“အာ... မေမေကလဲ”

အစမရှိ၊ အဆုံးမရှိ၊ ဆိုင်းမပါ ဗုံမဆင့်မို့ လဝန်း ရှက်သွားရသည်။

“မရှက်ပါနဲ့၊ မနေ့က သမီးဖေဖေကလည်း သမီးကို ဒါပဲပြောတာ မဟုတ်လား”

“ဟုတ်တယ် မေမေ”

“သမီးက ဘယ်လိုသဘောရလဲ”

လဝန်း မေမေ့ကို အသာမော့ကြည့်လိုက်၏။

“ဘယ်လို သဘော ရ ရမှာလဲ မေမေရယ်၊ သမီးမှ အိမ်ထောင်မပြုချင်သေးတာ”

“မပြုချင်သေးတာဆိုတော့ ပြုတော့ ပြုမယ်ပေါ့၊ ဟုတ်လား”

“ဟာ...မေမေကလဲ”

လဝန်းရှက်သွားပြန်တော့ မေမေက ရယ်၏။

“မေမေ က မလဲနဲ့၊ သမီးတွေ့ကော တွေ့ထားပြီလား”

လဝန်း ဘယ်လိုဖြေရမလဲမသိ၊ မဆီမဆိုင် ကံဆိုးသူ မောင်ရှင့်ကိုလည်း သွားသတိရမိသေးသည်။ ခုတလော

ဖေဖေနဲ့ မေမေ ဘယ်လိုဖြစ်နေကြသလဲ မသိပါဘူး။

“ပြောလေ သမီးရဲ့”

“ဟင့်အင်း၊ မတွေ့သေးပါဘူး”

“တွေ့ရင်တော့ မေမေ့ကိုပြောနော်”

“ဟုတ်”

မေမေက ဒီလောက်နှင့် စကားပြတ်လို့ပဲ တော်တော့သည်။ မဟုတ်လျှင် လဝန်း ဖြေတတ်မည်မဟုတ်၊

ဒီလောက်ရဲရဲရင့်ရင့် ပြတ်ပြတ်သားသား ရှိတတ်သော လဝန်း၊ ခုမှ ဘာဖြစ်နေသလဲမသိ၊ ကိုယ့်ကိုယ့်ကိုလည်း

မကျေနပ်ချင်။


* * *


(၁၈)


လဝန်း ကွန်ပျူတာရှေ့မှာထိုင်နေစဉ် ခြံဝမှ ကားဟွန်းသံကို ကြားရသည်။ ဟွန်းသံကို မှတ်မိနေသဖြင့် ဦးငြိမ်းအေး လာနေခြင်းဖြစ်ကြောင်း သိလိုက်သည်။ ကွန်ပျူတာကို ပိတ်ပြီး ကိုယ့်အခန်းထဲကို လှည့်ဝင်လိုက်၏။ ပြီးခုတင်ပေါ် ပစ်လှဲနေလိုက်သည်။ အိမ်တံခါးဖွင့်သံ၊ ဒေါ်ကြီးမွှေးက ဦးငြိမ်းအေးကို ဆီးကြိုနှုတ်ဆက်သံ၊ ဦးငြိမ်းအေးက အောင်အောင့်ကို

နောက်ပြောင်ကျီစယ်သံ၊ စသည်တို့နှင့်အတူ....

“လဝန်းရော မရှိဘူးလား”

“ရှိတယ်၊ ခုနကပဲ ကွန်ပျူတာလုပ်နေတာ တွေ့လိုက်သေးတယ်”

“သွားခေါ်လေဗျာ'' ဟု ဦးငြိမ်းအေးက ဆက်မပြောချေ။ ဘယ်သူကမှလည်း အလိုက်တသိ သွားခေါ်မပေးကြ၊

ဦးငြိမ်းအေးက ကသိကအောက်ဖြစ်နေပုံရသည်။ တောင်စဉ်ရေမရတွေ လျှောက်ပြောနေ၏။

“ကျွန်တော်ကလည်းဗျာ၊ ဘိုးတော်ရောက်နေတာနဲ့ ဘယ်မှ မထွက်အားဘူး၊ ဆရာဇော်ကလည်း နားထဲက

သွေးတွေထွက်တယ်ဆိုပြီး နေမကောင်းတွေဖြစ်နေတယ်၊ ဇော်သက်ထွေးတို့ကလည်း သရဖူကို

လွမ်းနေလိုက်ကြတာများ၊ အဲဒါကြောင့် ကျွန်တော်က FEC ကိုမကိုင်ဘဲ ဒေါ်လာပဲကိုင်တာ”

ပြောတာတွေကတော့ စုံစီနဖာပါပဲ၊ မျက်လုံးကလည်း လဝန်းထွက်လာမည်ဟုထင်ရသည့် အိမ်ခန်းထဲ

လှမ်းလှမ်းကြည့်နေသည်။

“ဟ၊ လုပ်ပါဦးဗျ”

“ဟဲ့၊ ယက္ခ ယက္ခ”

အသံတွေကြားရပြန်သည်။ ယက္ခက ဦးငြိမ်းအေးကို သွားပြီး စူးစမ်းလေ့လာတာဖြစ်နိုင်သည်။ ဒေါ်ကြီးမွှေး၏

အသံကို ဆက်ကြားရ၏။

“အောင်အောင်”

“ဗျာ”

“သွား၊ ယက္ခကို ခြံထဲပြန်ခေါ်သွားလိုက်၊ ခဏလေးနော်၊ ဦးငြိမ်းအေး”

“ဟုတ်ကဲ့၊ ဟုတ်ကဲ့၊ ရပါတယ်”

အောင်အောင်က ယက္ခကို ခြံထဲဆွဲခေါ်နေသောအသံနှင့်အတူ ဒေါ်ကြီးမွှေး၏ အိမ်ခန်းထဲသို့

ဝင်လာသံကိုကြားရသည်။ လဝန်းအခန်းရှေ့အရောက်...

“ဟဲ့ လဝန်း”

ခပ်တိုးတိုး လာခေါ်ခြင်းဖြစ်သည်။ လဝန်းက ပြန်မထူးဘဲ အိပ်ချင်ယောင်ဆောင်နေလိုက်၏။

“လဝန်း၊ နင် အိပ်ချင်ယောင်ဆောင်မနေနဲ့”

ဆောင်မှာပဲ။

“ဟဲ့၊ ထဦးလေ၊ ဧည့်သည်က ငါ့ဆီလာတာမဟုတ်ဘူး၊ နင့်ဆီလာတာ၊ သူကလည်း လူပျိုကြီး၊ ငါကလည်း

အပျိုကြီးဆိုတော့ ကြာကြာစကားပြောလို့မကောင်းဘူး”

“ကောင်းပါတယ်၊ ဒေါ်ကြီးမွှေးတို့က နေနဲ့လ၊ ရွှေနဲ့မြပဲ”

မျက်စိမဖွင့်ဘဲ ထိုသို့ပြန်ပြောလိုက်တော့ ဒေါ်ကြီးမွှေး ဆွေ့ဆွေ့ခုန်သွားသည်။

“ဟဲ့၊ ငါ့အရွယ်က ဒါတွေစဉ်းစားရမယ့် အရွယ်လား”

“ဒေါ်ကြီးမွှေးတို့ အနုပညာသမားတွေက အမြဲတမ်း နှလုံးသား နုပျိုကြတယ်ဆို”

“တော်၊ တော်၊ ဘာမှ ဆက်ပြောမနေနဲ့တော့၊ သွားထွက်တွေ့လိုက်ဦး”

“မတွေ့ပါဘူး”

“ဟဲ့၊ အားနာစရာကြီး၊ ဟိုမှာက ဆယ်လူလာ ဖုန်းကြီးကိုင်ပြီး စောင့်နေရတာ”

“ဟင်၊ ဒေါ်ကြီးကလည်း ဘာမှ မဆိုင်ဘူး”

အောင်အောင်ကပါ အခန်းဝရောက်လာပြီး...

“မမ၊ ဦးငြိမ်းအေး ရောက်နေတယ်၊ မမကို ထိုင်စောင့်နေတာ ကြာလှပြီ”

“ငါ မီးဖိုချောင် အဖီထဲမှာ အိပ်နေတယ်လို့ပြောလိုက်ဟာ”

ထိုသို့ပြောလိုက်ပြီးမှ လဝန်း ရင်ထဲထိတ်သွားသည်။ တဆက်တည်းမှာ အောင်အောင် မလုံမလဲ ဖြစ်သွားတာကို

တွေ့ရသည်။ ဒေါ်ကြီးမွှေးကလည်း ရှိုးတိုးရှန့်တန့် ဖြစ်နေ၏။ ကိုယ်တောင် အူကြောင်ကြောင် ဖြစ်သွားရသည်။

“ထွက်မတွေ့တော့ဘူးလား”

“မတွေ့ဘူး”

စိတ်ပျက်ပြီး ဒေါ်ကြီးမွှေး ပြန်ထွက်သွားသည်။ ဘာမှ မဖြစ်သလို အောင်အောင်ကလည်း ပြန်ထွက်သွား၏။

နောက်ဆုံး ဘာဖြစ်သွားမှန်း မသိဘဲ ဦးငြိမ်းအေးလည်း ပြန်သွားတော့၏။ တီဗွီ ကြော်ငြာထဲကလို

“ဒါဆိုလည်းပြီးရော၊ မချစ်ဘူးလို့ မှတ်လိုက်မယ်'' ဟုများ ခံယူသွားသလား မသိ။

ဘာဖြစ်လဲ၊ ကိုယ်ကလည်း မာမီးခေါက်ဆွဲ စားရသလိုပဲပေါ့။ ကောင်းမှကောင်း။

ခုတင်ပေါ်မှာ အမှန်တကယ်ပင် မှေးခနဲ အိပ်ပျော်သွားရသည်။

“ဟဲ့ လဝန်း၊ လဝန်း”

ဒေါ်ကြီးမွှေး၏ ခေါ်သံကြောင့် ပြန်နိုးလာရသည်။

“ဘာလဲ၊ ဒေါ်ကြီးမွှေးရဲ့၊ ထမင်းစားတော့မလို့လား”

“မဟုတ်ပါဘူး၊ ဖုန်းလာနေတယ်”

“ဘယ်သူ့ဆီက ဖုန်းလဲ”

“မသိဘူး၊ ယောကျာ်းအသံပဲ”

“ဟာ...ဦးငြိမ်းအေး နေမှာပေါ့”

“မဟုတ်ဘူး၊ ခပ်ငယ်ငယ်အသံ၊ နင့်ကို ကွန်ပျူတာပြင်ပေးဖူးတဲ့လူလို့ ပြောတယ်”

“ဟင်”

လဝန်း ခေါင်းအုံးနံဘေးမှ ဖုန်းကို ကောက်ကိုင်လိုက်သည်။ ဒေါ်ကြီးမွှေးကလည်း ဧည့်ခန်းဆီ ပြန်ထွက်သွား၏။

“ဟဲလို”

“လဝန်းလား”

“ဟုတ်ပါတယ်၊ ဘယ်သူလဲမသိဘူး”

“ကျွန်တော်ပါ၊ မောင်ရှင်ပါ”

လဝန်းရင်ထဲ နွေးခနဲ ဖြစ်သွားသည်။ ထင်တော့ထင်သားပဲ။

“အင်း၊ ဘာကိစ္စရှိလို့လဲ”

“ဟိုလေ၊ အဟဲ”

“ဘာ အဟဲလဲ”

“ဪသာ်... ကျွန်တော် လဝန်းတို့အိမ်ထဲကို ဘယ်လိုရောက်ခဲ့သလဲဆိုတာ သိပြီ”

“အင်း ... ပြောစမ်းပါဦး”

ထိုကိစ္စကိုတော့ လဝန်းလည်း စိတ်ဝင်စားလေ၏။

“ဒီလိုဗျ၊ ကျွန်တော်က နိုင်ငံခြားက လူကြုံပေးလိုက်တဲ့ ပစ္စည်းတွေကို နယ်က သူတို့ဆွေမျိုးတွေဆီ သွားပို့တယ်၊ အပြန်မှာ ကျွန်တော်စီးလာတဲ့ အဝေးပြေးကားက လဝန်းတို့ အိမ်ရှေ့နားမှာ ရပ်ပြီး ခဏပြင်ရတယ်၊ အဲဒီအချိန်မှာ ကျွန်တော်က ကားပေါ်မှာ အိပ်ပျော်ပြီး ပါလာတာဗျ”

“အင်း”

“အဲဒီအချိန်မှာ လဝန်းတို့အိမ်က သူခိုးဝင်ပြီး တံခါးတွေ ဖွင့်ထားတဲ့အချိန်”

“အဲဒါနဲ့ပဲ ရှင်ကဝင်လာရရောလား””

“အဟဲ၊ ဟို ဒီလိုဗျ၊ ကျွန်တော်က အိပ်ပျော်နေရင်း လမ်းထလျှောက်တတ်တဲ့ ရောဂါရှိတယ်၊ ကားရပ်သွားပြီး

ကားပေါ်က လူတချို့ ဆင်းကြတော့ ကျွန်တော်ကလည်း လိုက်ဆင်းပြီး ခင်ဗျားတို့အိမ်ထဲကို

ယောင်မှားဝင်လာတော့တာပဲ”

“ဪ...ဒီလိုလား”

“ခရီးသည်တွေက ခင်ဗျားတို့အိမ်ထဲဝင်တဲ့ သူခိုးကို မြင်ပြီး အော်ဟစ်ဝိုင်းဖမ်း၊ ကျွန်တော်ကလည်း

အိမ်ဝကိုရောက်နေ၊ သူခိုးတွေက သူတို့ကို လာဖမ်းတယ် အောက်မေ့ပြီး ကျွန်တော့်ကို အုတ်ခဲနဲ့လှမ်းပစ်ပြီး

ထွက်ပြေးကြတယ်၊ အုတ်ခဲက နဖူးကို ရှပ်ထိသွားတယ်၊ အဲဒီအချိန်မှာ အိပ်ပျော်ရာကနေ ဖျပ်ခနဲနိုးလိုက်သေးတယ်၊ ပတ်ဝန်းကျင်မှာ လူတွေဆူညံအော်ဟစ် ပြေးလွှားနေတာတွေ့တော့ ခင်ဗျားတို့အိမ်ဧည့်ခန်း နံရံနဲ့ စားပွဲကြားကို ခုန်ဝင်ပြီး အကာအကွယ်ယူလိုက်တာ၊ နံရံနဲ့ နောက်စေ့ ထပ်ဆောင့်မိပြီး သတိလစ်သွားတယ်၊ တဆက်တည်း ဆက်အိပ်ပျော်သွားပြီး နိုးလာတော့ အဲဒီမှာ တစ်လစ်ကြီး”

“ခစ် ခစ်”

လဝန်းရယ်မိသည်။

“ရှင်ကလည်း ဖြစ်မှ ဖြစ်တတ်တယ်”

“အေးဗျာ၊ ကျွန်တော်က နဖူးက ဒဏ်ရာကိုပဲ ဆရာဝန်သွားပြတာ၊ နောက်စေ့က ဒဏ်ရာ အပြင် အိပ်ပျော်လျက်

လမ်းလျှောက်တဲ့ ရောဂါပါ ဆက်ထွက်လာတယ်”

“ရှင့်မှာ အဲဒီရောဂါရှိတာ ရှင်ခုမှသိလား”

“ဟိုးတုန်းကတည်းကလည်း တစ်ခါတလေတော့ရှိတာပေါ့၊ ဒါပေမယ့် ပျောက်သွားပြီထင်တာ၊ ခုမှ

ပြန်ဆိုးလာသလိုပဲ”

“ဪ...ဪ”

စကားစ ပြတ်သွားသည်။ ခဏကြာမှ မောင်ရှင်က...

“လဝန်း”

“အင်း...ပြော”

“ကျွန်တော့်ကို ကူညီတဲ့အတွက် ကျေးဇူးတင်ပါတယ်ဗျာ”

“မလိုပါဘူး၊ ရှင်ကလည်း ကျွန်မရဲ့ ကွန်ပျူတာကို ကြည့်ပေးသွားတာပဲဟာ”

“ဪသာ်...လဝန်း၊ ပြောစရာရှိသေးတယ်”

“ခင်ဗျားကို ကျွန်တော်ချစ်တယ်ဗျာ”

“အမ်...ဘာ”

“လဝန်းကို ကျွန်တော် ချစ်တယ်လို့”

“အောင်မာ၊ အောင်မာ”

အံကြိတ်သံနှင့် ပြန်ပြောရင်း လဝန်း ရင်တွေ တဒိုင်းဒိုင်း ခုန်လာသည်။ ဖုန်းခွက်ကို လက်နှင့် တင်းတင်း

ဆုပ်ထားမိ၏။

“တကယ်ပြောတာပါ လဝန်းရယ်၊ လဝန်းက ကျွန်တော့်အတွက်တော့ ကွန်ပျူတာတစ်လုံးလိုပါပဲ၊ အခုမှ ပေါ်လာတဲ့ ပစ္စည်းဆိုပေမယ့် အင်မတန် အသုံးတည့်ပါတယ်”

“အလိုတော်”

“ကျွန်တော် လဝန်းရဲံ့ Hardware ကိုရော Solfware ကိုရော ချစ်တာပါ။ လဝန်းရဲ့ ရုပ်အလှကိုရော၊

စိတ်အလှကိုရော ချစ်တာပါ”

“နေပါဦး ဆရာကြီးရဲ့၊ ကျွန်မအကြောင်းကို ရှင်က ဘယ်လောက်သိလို့လဲ”

“သိတယ်၊ အကုန်လုံးသိပါတယ်၊ ဒီတစ်ရက်နှစ်ရက်အတွင်းမှာပဲ ကျွန်တော် အကုန်စုံစမ်းပြီးပြီ၊ လဝန်းအကြောင်း ဒေတာတွေ ကျွန်တော့်မှာ အပြည့်ရှိနေပါတယ်”

“နေပါဦး၊ ကျွန်မက မော်ဒယ်လ်ဘယ်လောက်လဲရှင့်၊ နောက်ထပ်မော်ဒယ်လ်တွေ အသစ်ပေါ်လာရင် ကျွန်မက

ဘေးပို့ခံရမယ့် သဘောပေါ့၊ ဟုတ်လား”

“အင်း...အဲဒါက တစ်ခုရှိတယ်ဗျ၊ လဝန်းဟာ ကျွန်တော်တစ်ယောက်တည်း တစ်သက်လုံးသုံးရမယ့်

ကွန်ပျူတာလေးဖြစ်တယ်၊ ပန်းသီး ၁၅၀ဝ မော်ဒယ်လ်ပေါ့”

“မဆိုးပါဘူး၊ ရှင်က ပေါက်ကရတော့ အတော်ပြောတတ်သားပဲ”

“ပေါက်ကရ မဟုတ်ပါဘူး၊ တကယ်ပြောနေတာ၊ အဲဒါ လဝန်း ကျွန်တော့်ကို ပြန်ချစ်နိုင်မလားဟင်”

“ဟင်... ရှင့်ဟာကလဲ”

“ဘာဖြစ်လို့လဲ”

“အတင်းကြီးပါလား”

“ကျွန်တော် မနေတတ်လွန်းလို့ပါဗျာ၊ စားစား၊ သွားသွား၊ အိပ်အိပ်၊ လဝန်းကိုပဲ ကျွန်တော် သတိရနေတယ်”

“ဪ ဟုတ်လား”

“မလှောင်ပါနဲ့ လဝန်းရာ”

“ကဲ...ဒါဖြင့်လည်း အတည်ပြောမယ်လေ၊ နားထောင် ကျွန်မ ရှင့်ကို ....”

         ထိုသို့ပြောပြီး အချိန်ကိုက် ဖုန်းကို ဘေးချထားလိုက်သည်။ မောင်ရှင်တော့ ဆွေ့ဆွေ့ခုန်သွားတော့မည်။ ဖုန်းခွက်ကို ဘေးချထားသဖြင့် သူထပ်ခေါ်လည်း ရမည်မဟုတ်။ အခန်းဝသို့ ဒေါ်ကြီးမွှေး ရောက်လာသည်။

“လဝန်း”

“ရှင်”

“အဲလို ဖုန်းချထားလို့ မရဘူးလေ၊ ဖုန်းက Online ဖြစ်နေတယ်လေ”

လဝန်းက ရှက်စနိုးပြုံးလိုက်ရင်း...

“ကဲ...ဒါဆိုလဲ ပြန်တင်ပေးထားမယ်၊ လဝန်းကို ခေါ်မပေးနဲ့တော့”

“ဟဲ့... ခေါ်မပေးလို့ ဖြစ်မလား၊ မောင်ရှင်လေ”

“ဟင်း၊ ဒေါ်ကြီးမွှေး အပြင်က ဖုန်းနဲ့ နားထောင်နေတာကိုး၊ လဝန်းသိသားပဲ”

လဝန်း ရှက်ရမ်းရမ်းတော့သည်။

“ဟဲ့ နားထောင်ရတာပေါ့၊ မောင်ရှင့်အသံကို ငါကျက်မိနေတဲ့ဟာကို၊ နင့်ဆီဖုန်းဆက်နေကျလူလည်း မဟုတ်ဘဲ၊

အဲဒီ့အသံကို ငါကြားဖူးနေတော့ နားထောင်ရတာပေါ့”

“ဒေါ်ကြီးမွှေးတို့ အနုပညာသမားတွေက ဒီလိုပဲလား”

“အိုတော်၊ ဒါက ညည်းတို့ လူငယ်ချင်းကိစ္စပဲ၊ လူကြီးကလည်း လူကြီးအလျောက်၊ တစေ့တစောင်း

အကဲခတ်ရတာပေါ့၊ မဆိုးပါဘူး၊ ညည်းတို့ သမီးရည်းစားစကားပြောကြပုံက မော်ဒန်နိုက်စ် ဖြစ်သားပဲ၊ ငါ့အတွက် ရေးကွက်ရတာပေါ့”

“အဲဒါဆိုလည်း နောက်တစ်ခါ ဦးငြိမ်းအေးလာရင် ဒေါ်ကြီးမွှေးပဲ ဧည့်ခံလိုက်တော့”

“အောင်မာ”

ဒေါ်ကြီးမွှေး မျက်လုံးပြူးသွားသည်။

“အဲလေ၊ ထားပါတော့၊ နေပါဦး မောင်ရှင်ဆိုရင်ကော”

“မိသားဖသားပီပီ လာတောင်းချည်လို့ ပြောလိုက်”

ထိုသို့ပြောပြီး လဝန်းမျက်နှာကို ခေါင်းအုံးပေါ်သို့ အပ်ထားလိုက်၏။ တခစ်ခစ်လည်း ရယ်လိုက်မိသည်။

ဒေါ်ကြီးမွှေးကလည်း ခပ်တိုးတိုးရယ်လျှက်...

“အေးလေ...မောင်ရှင့်ကြည့်ရတာ ရည်မွန်ပါတယ်၊ သဘောမတူစရာမရှိပါဘူး၊ အဲတစ်ခုရှိတယ်၊ အိမ်ထဲ

မောင်ရှင်ရောက်နေတာ သိလျက်နဲ့ ညည်း ဘာလို့ငါ့ကို မပြောတာလဲ”

“ဒါဆိုရင် ဒေါ်ကြီးမွှေးရော မောင်ရှင့်ကို ဘယ်လိုလုပ်သိတာလဲ”

အခန်းထဲကို ဘယ်အချိန်က ရောက်နေမှန်းမသိသော အောင်အောင်က...

“မသိဘူး၊ ကျွန်တော်ကတော့ မသိဘူး၊ သူ့ဘာသာ မီးသွေးအိတ်တွေကြားမှာ လာအိပ်နေတာ”

“ဟင်”

မသိဘူးလည်းပြောသေး၊ လဝန်းနှင့် ဒေါ်ကြီးမွှေးတို့ တစ်ယောက်မျက်နှာ တစ်ယောက်ကြည့်မိကြသည်။ ပြီး

ဝါးလုံးကွဲ ရယ်ချလိုက်ကြတော့၏။ မောင်ရှင့်ဆီက ဖုန်းထပ်မလာပါ။ ထိုညက စိတ်အနှောင့်အယှက်ဖြစ်စရာ တစ်ခုကိုကြုံရ၏။ ထုံးစံအတိုင်း ကာလသားအချို့ အိမ်ရှေ့မှာ သီချင်းတွေဆိုကြ၊ တီးကြသည်။ ဘယ်လိုဖြစ်သည်မသိ၊ ယက္ခနှင့် ပြဿနာတက်ကြသည်။ ယက္ခကပဲ သွားစတာလား၊ သူတို့အုပ်စုထဲက တစ်ယောက်ယောက်ကပဲ ယက္ခကိုလာစတာလား၊ မပြောတတ်ချေ။ ယက္ခက တဂီးဂီး တဂဲဂဲဖြစ်ပြီး ရန်လုပ်သံတွေကို အိမ်သားတွေကြားရမှ လူးလဲထဖြစ်ကြ၏။ ယက္ခခြံပြင်သို့ ထွက်ကိုက်မှာ စိုးရသည်။ ထင်သည့်အတိုင်းပင် ဒေါ်ကြီးမွှေးထွက်သွားတော့ ယက္ခက ခြံပြင်သို့ ရောက်နေသည်။ ဘယ်လိုရောက်သွားမှန်းမသိ၊ ချော့မော့ပြီး အတင်းပြန်ဆွဲလာရသည်။ ကာလသားတွေလည်း တချိုးတည်း

လှည့်ပြေးကုန်ကြတော့၏။


* * *


 (၁၉)


“ဟင်၊ ခင်ဗျားက ရောက်နေပြန်ပြီလား”

“အေးကွာ”

မီးသွေးအိတ်ကို မှီပြီး မောင်ရှင် စိတ်ပျက်လက်ပျက်ဖြေလိုက်သည်။

“ဒါကရော ခင်ဗျားရဲ့ ဂစ်တာကြီးပဲလား စုံထောက်”

“အေး”

အောင်အောင်က ပျော်နေပုံရသည်။ မောင်ရှင်ကဖြင့် မျက်နှာကို ဘယ်နားထားရမည်မှန်းမသိ၊ မျက်မှောင်ကြုတ်ပြီး အဖြစ်အပျက်တွေကို ပြန်စဉ်းစားနေမိသည်။ မနေ့က သူလဝန်းကို ဖုန်းနှင့်ရည်းစားစကားပြော၏။ ညကျတော့ လဝန်းတို့အိမ်ရှေ့မှာ ဂစ်တာတီးပြီး သီချင်းဆိုရန်

ထွက်ခဲ့၏။ မယ်ဒလင်အုပ်စုက သူ့အရင် ရောက်နေသည်။ သူတို့အပြီးကို ဂစ်တာပိုက်၍စောင့်ရင်း မယ်ဒလင်သံ

တဒေါင်ဒေါင် တဒင်ဒင်ကြားတွင် သူအိပ်ပျော်သွားသည်။ ဘာသီချင်းမှ မဆိုလိုက် မတီးလိုက်ရပါဘဲ နိုးလာတော့ မီးသွေးအိတ်တွေကြား ရောက်နေပြန်၏။ အူကြောင်ကြောင်ဖြစ်သွားသော်လည်း နိုးနိုးချင်းမှတ်မိလိုက်သည်။ လဝန်းတို့အိမ်နောက်ဘက် မီးဖိုချောင်အဖီထဲသို့ သူရောက်နေခြင်းဖြစ်သည်။ စိတ်လည်းညစ်သည်။ ရယ်လည်း ရယ်ချင်သည်။ ရှက်လိုက်တာ၊ မျက်နှာပူလိုက်တာ။

“စုံထောက်၊ ဒီတစ်ခါတော့ ခင်ဗျားက တကယ်တော်တယ်ဗျာ”

“ဘာဖြစ်လို့လဲ”

“ခင်ဗျားက ဟိုရုပ်ရှင်မင်းသားလို သေနတ်ကို ဂစ်တာထဲမှာ ဝှက်ယူလာတာမဟုတ်လား၊ ကောင်းတာပေါ့၊ အရင်လို လွတ်မကျတော့ဘူးပေါ့”

“အာ...အဲ၊ အေး....အေးကွာ”

အရေးထဲ သင်းကတမှောင့်။

“ခင်ဗျားက အခုလည်း အရင်အမှုအတွက်ပဲလား၊ အရင်ဂိုဏ်းကို လိုက်တာပဲလား”

“မဟုတ်တော့ဘူး၊ ခုဟာက နောက်တစ်ခု၊ မင်းအစ်မနဲ့ ပတ်သက်နေတယ်”

“ဩော၊ မနေ့က ခင်ဗျားဖုန်းဆက်တယ်ဆိုတာ ဒါကြောင့်လား”

“ဟေ၊ အဲဒါကို မင်းသိလား”

အောင်အောင်က မိန့်မိန့်ကြီးပြုံး၏။

“ခင်ဗျားလို စုံထောက်နဲ့တွဲမှတော့ ကျွန်တော်လည်း ဒီလောက်တော့ရပြီပေါ့ဗျာ”

“အေးအေး၊ ဟုတ်ပြီ သွား၊ အဲဒါဆို မင်းအစ်မကို သွားခေါ်လာခဲ့”

“ကျွန်တော့်အစ်မကို သွားခေါ်ရမယ် ဟုတ်လား”

“အေး”

“ဘာဖြစ်လို့လဲ၊ ကျွန်တော့်အစ်မကို ခင်ဗျားက ဘာလုပ်မလို့လဲ”

“အာ၊ ဘာမှ မလုပ်ပါဘူးကွာ၊ မေးစရာ နည်းနည်းပါးပါးရှိလို့”

“မေးမလို့ ဟုတ်လား၊ ခင်ဗျားမှာ ဟို ဝရမ်းဆိုတာ ပါလို့လား”

“မေးတာက ဝရမ်းမလိုဘူးကွ၊ သွားခေါ်လိုက်၊ သွား”

“ဘာမေးမှာလဲ”

“လူသေမှုတစ်ခုနဲ့ ပတ်သက်ပြီး မေးမလို့ကွာ”

“ဘယ်ကလူလဲ”

“နှလုံးသားသေလို့ သူပါလိုက်သေသွားတာ”

“အဲဒါ သူနဲ့ ပတ်သက်လို့လား”

“သူလုပ်လိုက်တာ”

“ဟင် ဟုတ်လား”

“ဟုတ်တယ်၊ အဲဒါ မင်းသူ့ကို သွားခေါ်လိုက်”

“ခင်ဗျား သက်သက်ညှာညှာတော့လုပ်ဗျာ၊ ကျွန်တော့်အစ်မဗျ”

“အေးပါ၊ စိတ်ချ၊ သွားခေါ်မှာသာ ခေါ်၊ စုံထောက်ရောက်နေတယ်လို့ ပြောလိုက်”

“အင်း...အင်း၊ ပြီးရော”

အောင်အောင်ထွက်သွားသည်။ လဝန်းနှင့် ဧည့်ခန်းထဲမှာ ဆုံကြပုံပေါ်သည်။ မောင်နှမ အော်ဟစ်ငြင်းခုံနေကြသည်။ ဝရမ်းတွေရော၊ လူသေမှုတွေရော၊ စုံထောက်ခေါ်ခိုင်းတာရော၊ ဂစ်တာထဲက

သေနတ်ရော စုံနေသည်။ နောက်ဆုံးတော့ လဝန်းရဲ့ ဆောင့်ဆောင့် အောင့်အောင့် အသံလေးကို ကြားရ၏။

“ကဲ..ကိုယ်တော်၊ နင်ရှေ့ကကြွ”

“..............................”

“ဟင်၊ စုံထောက်က ဘယ်မှာလဲ”

“.............................”

“ဟင်၊ သူကအိမ်ထဲ ရောက်နေတာလား”

“............................”

“ဟင်၊ အဲဒီစုံထောက်က ဘယ်လိုပုံစံလဲ၊ ဟုတ်မှဟုတ်ရဲ့လား”

“........................”

“နေဦး၊ နေဦး၊ နင့်ကိစ္စက သိပ်မဟန်ဘူး၊ ငါ့လှံကြီးသွားယူလိုက်ဦးမယ်”

“......................”

“ဟင့်အင်း၊ မထားခဲ့နိုင်ဘူးဟေ့”

“......................”


           ထိုအသံတွေနှင့်အတူ မောင်ရှင်ရှိရာသို့ လျှောက်လာနေသော သူမ၏ ခြေသံတရှပ်ရှပ်ကို ကြားနေရသည်။ သူ့ရင်တွေ တငြိမ့်ငြိမ့်ခုန်သည်။ ထိုခြေသံသည် သူ့နှလုံးသားဆီသို့ ရွေ့လျားလာနေသော ခြေသံပဲ ဖြစ်လိမ့်မည်။

တွေ့ကြလျှင်....

နေနှင့်လတို့...

ဆွဲအားချင်း ယှဉ်ပြိုင်ကြတော့မည်ထင်။


တာရာမင်းဝေ


၉ ဇူလိုင်၊ ၂၀ဝ၀။


'ကျွန်တော် ချစ်သော စာအုပ်များ' Facebook ကနေ ကူးယူပါတယ်။ 'ကျွန်တော် ချစ်သော စာအုပ်များ' ကို ကျေးဇူးတင်ပါတယ်။


စလေ ငနော့ 

Comments

Popular posts from this blog

ငရဲဆိုတာ ဂျိုနဲ့လား 🖋 ဟံသာဝတီ ဦးဝင်းတင်

ဘာလဲဟဲ့... လူ့ငရဲ (မိတ်ဆက်) 🖋 ဟံသာဝတီ ဦးဝင်းတင်

ပုံစံခွက်ထဲက နိုင်ငံရေးမုန်တိုင်း (၁) 🖋 ဟံသာဝတီ ဦးဝင်းတင်