အစားထိုးမရတဲ့ တံတားကျိုးကျမှု 🖋 မောင်သာချို + ဆရာမြသန်းတင့် အတ္ထုပ္ပတ္တိ

သည်ကနေ့ည ၉း ၁၅ ဆိုရင် ဆရာမြသန်းတင့် ကွယ်လွန်ခဲ့တာ ၂၁ နှစ် တင်းတင်းပြည့်ပါပြီ။ ဆရာ့အမှတ်တရ ဂုဏ်ပြုဆောင်းပါးလေးနဲ့ ဆရာ့အတ္ထုပ္ပတ္တိကို ပူးတွဲဖော်ပြလိုက်ပါတယ်။


အစားထိုးမရတဲ့ တံတားကျိုးကျမှု

**************************


မောင်သာချို


(တစ်)


ကျွန်တော်တို့၏ မြန်မာစာပေလောကတွင် နေတစ်ဆူ၊ လတစ်ပါး၊ ထင်ရှားကျော်ကြားလှသည့် စာရေးဆရာကြီး မြသန်းတင့်၏ ကြွင်းကျန်ရစ်သော ပုံရိပ်ကလာပ်ကို ရွှေတကော သုသာန်၌် မီးသဂြိုလ်မည့် ၂၀-၂-၉၈ ရက် သောကြာနေ့ မနက်က ကျွန်တော်သည် နှင်းတွေ ပိတ်ခဲနေသည့် ဧရာဝတီမြစ်ကြီးပေါ်တွင် ရောက်ရှိ၍ နေပါသည်။ မှန်ပါသည်။ ထိုနေ့ မနက် ၉နာရီထိုးခဲ့သည့်တိုင် နှင်းတွေက ပိန်းပိတ်ပြီး ကျနေခဲ့, ကျနေဆဲဖြစ်ရာ ကိုယ့်ရှေ့ခပ်လှမ်းလှမ်းကို ဘာဆိုဘာမှ မမြင်ရလောက်အောင်ပဲ ဖြစ်ပါသည်။


ကျန်နေရစ်ခဲ့သော  စက္ကောဘက်ကမ်းကိုလည်း လှမ်းမမြင်ရ။ ရှေ့တွင်ရှိသော ညောင်တုန်းဘက်ကမ်းကိုလည်း လှမ်းမမြင်ရ။ ရာသီဥတု ကြည်ကြည်လင်လင်ရှိသော အခါများတွင် အထင်းသား အရှင်းသား လှမ်းလှမ်းမြင်ရလေ့ရှိသည့် ဟိုး မြစ်အောက်ဖက်နားက ဆောက်လက်စ ဧရာဝတီမြစ်ကူး ဗိုလ်မြတ်ထွန်းတံတား၏ တိုင်ကြီးများကိုလည်း လှမ်းမမြင်ရ။ ဧရာဝတီမြစ်ကို ဖြတ်ကာ အနောက်မှ အရှေ့သို့ ဖြတ်ကူးနေသော ပဲ့ထောင်ကလေး၏ ပတ်ပတ်လည်တွင် နှင်းထုကြီးကသာ ကြီးစိုး၍ နေပါသည်။ 


ကျွန်တော်တစ်ယောက် သည်ဧရာဝတီမြစ်ကြီးကို အနောက်မှ အရှေ့၊ အရှေ့မှ အနောက် အခေါက်ခေါက် အခါခါ ဆိုသလိုပင် ကူးဖြတ်ခဲ့ဖူးပါသည်။ ဇက်ကလည်း အဆင်မပြေ ကူးမည့်ကားကလည်း နည်းပါးသောအခါများတွင် ဧရာဝတီကို အချိန်တိုတိုနှင့် ကူးဖြတ်နိုင်ခဲ့သော်လည်း တစ်ခါတစ်ခါ ဟိုဘက်ကမ်း, သည်ဘက်ကမ်းတွင် ကားတွေကလည်း ကြပ်၊ ဇက်ကလည်း ပျက်နေတာမျိုးနှင့် ကြုံလျှင်ကား သည် ဧရာဝတီကို ကူးနိုင်ဖို့အတွက် ညအိပ်ပြီး စောင့်နေရတတ်ပါသည်။


နောက်ပိုင်တွင်ကား ခရီးသည်တင်ကားတွေက ဧရာဝတီကို ဖြတ်ကူးရန် စိတ်မပါကြတော့။ ခရီးသည်တွေကို ပဲ့ထောင်များစက်လှေများဖြင့် ကူးပေးလိုက်ကြပြီး ဟိုဘက်ကမ်းသည်ဘက်ကမ်း ကားချင်း ချိန်းပေးလိုက်ကြသည်။ ဇက်ကိုစောင့်ပြီး ကူးနေရတာနှင့်စာလျှင် အချိန်တွေ အများကြီး သက်သာသွားပါသည်။ သို့သော် ခရီးသွားတွေကတော့ လူရောကားပါ ဇက်နှင့်ကူးကူး၊ ဟိုဘက်ကမ်း, သည်ဘက်ကမ်း ကားချင်းပဲ ချိန်းပေးပေး ဧရာဝတီကို အဟန့်အတား တစ်ခုအဖြစ် ခံစားကြသည်။ တံတားကြီး မြန်မြန်ပြီးသွားပြီး ဧရာဝတီကို အလွယ်ကူဆုံး ဖြတ်သန်းသွားချင်ကြသည်။ ဒါပေမယ့် တံတားကြီးက မပြီးသေး ကျွန်တော်တို့ကလည်း မြစ်ကို ကူးဖြတ်၍ နေကြရဆဲ။ 


တကယ့် တကယ်တမ်းကတော့ သည်ကနေ့၊ ၂၀-၂-၉၈ ရက်နေ့၊ သောကြာနေ့ နေ့လည်ခင်း ၁ နာရီမှာ ရွှေတကော သုသာန်မှာ မီးသဂြိုလ်မယ့် ဆရာမြသန်းတင့် ကိုယ်တိုင်ကလည်း တံတားကြီးတစ်ခုပါပဲလေ။


ခုတော့ ..... သည်တံတား ကျိုးပြီ။


(နှစ်)


၁၈-၂-၉၈ ဗုဒ္ဓဟူးနေ့ မနက်ပိုင်းက ကျွန်တော် မြားနတ်မောင် မဂ္ဂဇင်းကို ဖုန်း လှမ်းဆက်ဖြစ်ပါသည်။ ဟင်္သာတဆက်သွယ်ရေးစခန်းမှ  လှမ်းဆက်ခြင်းဖြစ်ပါသည်။ ဒေါက်တာလွဏ်းဆွေနှင့် မတွေ့။ သူ မန္တလေးသို့ သူ့ညီ၏ ကိစ္စနှင့် သွားကြောင်း မြားနတ်မောင်အဖွဲ့ဝင် မောင်ဌေးအောင်က ပြောပါသည်။ ကျွန်တော့်စိတ်ထဲတွင် ရန်ကုန်မှာ တစ်ခုခုဖြစ်နေသည်ဟု ထင်နေမိရာ စကားဆက်မိသည်။ 


"မောင်ဌေးအောင်ရေ  ... ရန်ကုန်မှာ ဘာထူးနေလဲကွ" 


"ဘာမှ မထူးပါဘူး" 


"စာပေလောက သတင်းလေး  ဘာလေးကွာ" 


"အော် .. ဆရာမြသန်းတင့် အိမ်ပေါ်က လိမ့်ကျလို့" 


"ဟာ .. မောင်ဌေးအောင် .. အခုဘယ်မှာတဲ့လဲ" 


"ရန်ကုန်ဆေးရုံကြီးမှာ ဆရာချိုရ" 


"နေစမ်းပါဦးကွာ ... အခြေအနေ ပြောစမ်းပါဦးဟ" 


"အခြေအနေ မကောင်းဘူးတဲ့  ... ဆုံးနိုင်တယ်ပြောတယ်" 


"ဟာကွာ ... ဘယ်ကနေ ကျတာလဲ မောင်ဌေးအောင်ရာ .. အပေါ်ထပ်လှေကားကလား ... ၀ရန်တာကလား" 


"အဲဒါတော့ မသိဘူးဗျာ" 


"မောင်ရင်ကလည်း မသေချာလိုက်တာကွာ" 


ဖုန်းချလိုက်ပြီးသောအခါ ကျွန်တော့်စိတ်တွေ လေးလံ ထိုင်းမှိုင်း၍ သွားပါသည်။ မတော်တဆ လိမ့်ကျတာလား။ ဦးနှောက်သွေးကြောတွေ ဘာတွေများ ပြတ်သွားတာလား။ ကျွန်တော် ဟင်္သာတ မြို့ပေါ်က စာပေနှင့် ပတ်သက်ရာရာနေရာတွေကို ရောက်သွားပါသည်။ စိန်ဟင်္သာ ကားဂိတ်က ကိုအေးဆွေ၊ ဖြိုးဇာစာပေက ဦးကြွယ်ဝ၊ ကဗျာရေးဖွဲ့စ မြူမွန်ပန်း။ ဆရာ့သတင်းနောက်မှာ အားလုံးငိုင်ကျသွားသည်။


တံတားကြီး ကျိုးကျသွားတော့မှာလား။


(သုံး)


၁၉-၂-၉၈ ကြာသပတေးနေ့မနက် စောစောမှာတော့ သတင်းဆိုးက လေလှိုင်းထဲကတဆင့် ဟင်္သာတ ကောလိပ်ရှေ့က ကျွန်တော့်အိမ်ကလေးထဲကို ဝင်ရောက်လာပါတော့သည်။ 


စာရေးဆရာကြီး မြသန်းတင့် တစ်ယောက် မနေ့က ၁၈-၂-၉၈ ည ၉ နာရီ ၁၅ တွင် ရန်ကုန်ဆေးရုံကြီးပေါ်၌ အနိစ္စရောက်ရှိသွားခဲ့ပါကြောင်း။


တံတားကျိုးပြီ။


(လေး)


နောက်တစ်နေ့ ၂၀-၂-၉၈ မနက်မှာတော့ ကျွန်တော်တစ်ယောက် ဧရာဝတီမြစ်ကို ဖြတ်ကူးနေခဲ့ပါသည်။ ဆရာ့ ရုပ်ကလာပ်ကို သဂြိုလ်မည့်နေ့ ဖြစ်သောကြောင့် မီလိုမီငြား ဟင်္သာတမှ ၆ နာရီကားဖြင့် ကျွန်တော် ထွက်ခဲ့သည်။ ညကလည်း တစ်ညလုံး ကျွန်တော် အိပ်မရ။ လန့်နိုးလာလိုက်။ ဆရာ့အိမ်က လှေကားထစ်ကြီးတွေကို မြင်ယောင်လာလိုက်။ အိပ်ပျော်သွားလိုက်။ လန့်နိုးလာလိုက်။ လမ်းပေါ်မှာ တောက်တောက် တောက်တောက်နှင့် လျှောက်သွားနေသော ဆရာ့ရုပ်သွင်ကို မြင်ယောင်လာလိုက်။ အိပ်ပျော်သွားလိုက် ...။


သွားတာ လာတာ စားတာ သောက်တာမှာ စနစ်အကျဆုံး ဆရာ။ စာဖတ်တာ စာရေးတာမှာ စနစ်အကျဆုံး ဆရာ.။ အလုပ်လုပ်တာ အနားယူတာမှာ စနစ်အကျဆုံး ဆရာ။ သူတော်တော်နဲ့ သေဦးမှာ မဟုတ်။ နောင် တော်တော်များများ အလုပ်တွေ လုပ်နိုင်ဦးမှာလို့ ကျွန်တော် ထင်မှတ်ထားခဲ့ဖူးပါသည်။ 


ခုတော့ ... တံတားကျိုးပြီ။


(ငါး)


တကယ့် တကယ်တမ်းကတော့ ထိုနေ့က ဈာပနပွဲအမီ ကျွန်တော်လာခဲ့သော်လည်း ဆရာ့ဈာပနကို မမီလိုက်တော့ပါ။ လမ်းမှာ ကားအနည်းငယ် ချွတ်ယွင်းသွား၍ ရန်ကုန်ကိုရောက်တော့ ဆရာကား မရှိတော့ပြီ။ 


လေထန်ကုန်းမှာ၊ နွေနံနက်ခင်းမှာ၊ ရနံ့သစ်ရုံးခန်းမှာ၊ မြားနတ်မောင် စားပွဲမှာ ကျွန်တော်တို့ လောကသားတွေဆီက တစ်ဆင့် ဆရာ့ နောက်ဆုံးအချိန်များကို ခံစားရသည်။ 


"ဆရာကဗျာ ... ကျိုက်ထီးရိုး ဘုရားဖူးသွားတာ အတက်ရော အဆင်းရော ခြေလျင်တဲ့ ... အဲဒါ ကျိုက်ထီးရိုးက ပြန်ရောက်တဲ့ညက ... နောက်နေ့မနက် လမ်းလျှောက်ထွက်ဖို့ကို နားဦးမလို့ လုပ်သေးတာတဲ့ ... အဲဒါ သူတို့ထဲက တစ်ယောက်က မနားဘူး ... ကိုယ့်ခံနိုင်ရည် ကိုယ်စမ်းမယ်ဆိုပြီး လမ်းထလျှောက်ဖို့ လုပ်ကြတာတဲ့ ... အဲဒီ့မနက်က ဆရာက ဓာတ်ဘူးကတစ်ဖက် ... ခွက်က တစ်ဖက်ကိုင်ပြီး ထလာတာမှာ အပေါ်ထပ်ကနေ အောက်ကို ကျတာပါပဲ ... လှေကား ကိုးထစ်တဲ့ ... ဆရာဖေမြင့်ကတော့ ဦးနှောက် သွေးကြောပြတ်တာက အရင်တဲ့ဗျ ... နောက်မှကျတာတဲ့ ကိုသာချိုရာ ... ကျွန်တော်တို့ဆရာ မမြင်ရက်စရာဗျာ ... စ,ဖြစ်ကတည်းက သတိမလည်လာတော့တာ ... မျက်လုံးက ပွင့်လျှက်သား ... သူငယ်အိမ်တွေ ဘာတွေ ပျက်နေပြီဗျ၊ ဆရာဆေးရုံရောက်ပြီး နောက် တစ်ရက်၊ နှစ်ရက်ကြာတော့ အစာနည်းနည်း ထည့်သေးတယ် ... ကျွန်တော်က သမားတော်ကြီးတစ်ယောက်ကို ကျွန်တော်တို့ဘက် ပါလာပြီလားဗျာလို့ မေးတော့ ဆရာကြီးက လူကောင်းလာတာတောင်မှ စာပြန်ရေးလို့ ရမှာ မဟုတ်ဘူးတဲ့"


ကိုအောင်ဝေး၏ အသံ။


              •       •       •       •


"ကိုသာချိုရာ ... ညီမလေ ညီမအဖေ သေတုန်းက ဒီလောက်မခံစားရဘူး။ ခုတော့ ... ကိုခင်လွန်းကလည်း ငို ... မခင်ပန်းနှင်းကလည်း ငို ... ဆရာမြတ်လေးကလည်း ငို ... ညီမလည်း မခံနိုင်ဘူး ငိုတာပဲ"


ခက်မာ၏ အသံ။


               •       •       •       •


"လူတော်တော်စုံတယ်ဗျ ... ရန်ကုန်မှာ ရှိတဲ့ စာရေးဆရာတွေ အစုံပါပဲ ... သီချင်းလောက, ကလည်း တော်တော်များတယ် ... ထူးအိမ်သင်၊ မာရဇ္ဇ၊ သုခမိန်လှိုင်၊ ဝင်းမင်းထွေး၊ မင်းချစ်သူ၊ မောင်သစ်မင်း စုံတယ်ဗျ" 


ဒေါက်တာ လွဏ်းဆွေ၏ အသံ။ 


              •       •       •       •


"ဆရာလင်းယုန်မောင်မောင်ကဗျာ ... ဆေးရုံပေါ်မှာ မဆုံးသေးခင်ကတည်းက ထိုင်ငိုနေတယ်" 


ပန်းချီသန်းဌေးမောင်၏ အသံ။


              •       •       •       •


"အဲဒီနေ့က ကျွန်တော်က သုသာန်ကို စောသွားတာကိုး၊ လမ်းမှာ ရွှေဘုံသာလမ်းဝင်ပြီး  ပန်းခွေလုပ်တယ်ပေါ့၊ အဲဒါ ပန်းခွေကိုင်ပြီး ကားပေါ်တက်တော့ လမ်းကလူတွေက စာကို လှမ်းကြည့်ပြီး ... အော် ... ဒီဆရာကြီး ဆုံးပြီကိုးတဲ့ ... နောက် သုသာန်မှာလည်းဗျာ၊ လူတွေက များလွန်းတော့ ဘေးက အသုဘတွေကတောင် ဝိုင်းလာတယ် ယပ်တောင်တွေတောင်းကြ ... pamphlet တွေ တောင်းကြနဲ့ ... ရုပ်ရှင်မင်းသား ကျော်ဟိန်းလည်း လာတယ်ဗျ။ ဇာပဝါကို ဆွဲလှန်ပြီး ဆရာ့မျက်နှာကို အကြာကြီး ကြည့်ပြီး ပြန်သွားတယ်။ အိမ်လည်း သွားတယ်ပြောတယ် ... ဆရာတင်မိုးကတော့ ကဗျာတောင် ရေးပေးသွားတယ်" 


ကိုချစ်ဝင်းမောင်၏ အသံ။ 


              •       •       •       •


"ကျွန်တော် အစောကြီး မသေစေ့ချင်တာ နှစ်ယောက်ရှိတယ် ... ဆရာမြသန်းတင့်နဲ့ ဆရာမကြီး ဒေါ်အမာ"


ကိုထက်မြက်၏ အသံ။ 


              •       •       •       •


"အင်္ဂလိပ်စာ တတ်တာချင်း အတူတူဗျာ ... တခြား တစ်ယောက်ယောက်ဆို ကျွန်တော် ဒီလောက် ဝမ်းနည်းမိပါ့မလား မသိဘူး"


ကဗျာဆရာ လှသန်း၏ အသံ။ 


              •       •       •       •


"မြေနီကုန်းမှာ အရက်တစ်ပိုင်း ဝင်သောက်ပစ်ခဲ့တယ် ကိုသာချို ... ကျွန်တော် မခံနိုင်ဘူးဗျာ" 


ကိုအောင်ဘညို၏ အသံ။ 


              •       •       •       •


"ဆရာမောင်ညိုဝင်း ဆွဲထားတဲ့ ဆရာ့ ပုံဗျာ

... ကောင်းမှကောင်း အနီရောင်များများနဲ့ မောင်ညိုဝင်း ဆိုပြီး Sign ကို ဖြတ်ထိုးထားတာ"


ကိုခင်လွန်း၏ အသံ။


              •       •       •       •


"ဆရာဒဂုန်တာရာကလည်း လာရှာတယ် ... ဘုန်းကြီးနှစ်ပါးက တွဲလို့ ... တစ်ဖက်က ဆရာတော် ဦးပညာ အမရပူရ ... တစ်ဖက်က အင်ဂလီကန် ဂိုဏ်းချုပ် အင်ဒရေမြဟန်"


မဝင့် (မြစ်ငယ်) ၏ အသံ။ 


              •       •       •       •


"ကိုဂျေနဲ့ ဒေါက်တာ ဇော်သန်းက ဘီသွေးဗျ ... သူတို့သွေး တစ်ပုလင်းစီ ဆရာ့ကိုယ်ထဲ ... သွင်းလိုက်ရသေးတယ်"


ပန်းချီမောင်နိုး၏ အသံ။


              •       •       •       •


"ဆရာ ချစ်ဦးညိုရယ်၊ ကိုသွေးသစ်ရယ်၊ ကိုလေးကိုတင်ရယ်၊ ဆရာဖေမြင့်ရယ် ... မဖွဲ့စည်းထားတဲ့ ဈာပန ကော်မတီပါပဲဗျာ ... တက်တက်ကြွကြွကို လုပ်သွားတာ"


ကာတွန်း မောင်ဝင်းအောင်၏ အသံ။


              •       •       •       •


"ဆရာ ဦးအောင်သင်းဗျာ ... လူတွေ တိတ်နေတုန်း ... ထအော်လိုက်တာ ... သူငယ်ချင်း ... မြသန်းတင့်ရေ ... သွားနှင့်တော့တဲ့"


ကာတွန်း ကိုရွှေထူး၏ အသံ။


              •       •       •       •


အသံတွေ။ အသံတွေ ...


ဆရာရေ ... တံတားကြီး တကယ် ကျိုးကျသွားခဲ့ပါပြီ။ 


(ခြောက်)


ကျွန်တော်တစ်ယောက်တည်း အနေနှင့်ကတော့ မြန်မာ့စာပေလောက အပေါ်တွင် ဆရာပြုခဲ့သည့် အကြီးမားဆုံး ကျေးဇူးတရားမှာ ဘာသာပြန် အနုပညာဟုပဲ ဆိုချင်ပါသည်။ 


ဟိုး တစ်ဖက်  ကမ်းပါးမှာက ကမ္ဘာ့ဂန္ထဝင်  အနုပညာတွေ ရှိသည်။ သည် တစ်ဖက်ကမ်းပါးမှာက ထိုအရာတွေကို တပ်မက်သော ကျွန်တော်တို့တစ်တွေ ရှိသည်။ ကြားထဲမှာ ဘာသာစကား မြစ်ကြီးက ခြားထားလျှက်။ ကျွန်တော်တို့မှာ ကူးဖြတ်သွားရန် မသန်စွမ်း။ သည်မှာတွင် ဆရာခင်းပေးသောတံတားမှ ကျွန်တော်တို့ လျှောက်သွားကြသည်။ 


မာလ်ဗာ၊ ဘဝတက္ကသိုလ်၊ စစ်နှင့် ငြိမ်းချမ်းရေး၊ မှောင်မိုက်မှာငို၊ ၂၀ ရာစုနှစ် ကမ္ဘာ့ ဂန္ထဝင်  ဝတ္ထုတိုများ၊ မှော်ရုံတောမှာ မောလှပြီ၊ လေရူးသုန်သုန်၊ ပါရီကျဆုံးခန်း၊ ရှားလော့ဟုမ်း ဝတ္ထုများ၊ ရွှေပြည်တော် မျှော်တိုင်းဝေး၊ ချစ်သော ယွန်းခင်ခင်၊ လေလွင့်သူ၊ ခန်းဆောင်နီ အိပ်မက်၊ ရေပွက်ပမာ၊ လာခြင်းကောင်းသော အရှင်၊ လွမ်းမောခဲ့ရသော တက္ကသိုလ် နွေညများ၊ သုခမြို့တော်၊ အချစ်မိုးကောင်ကင်၊ မော်တော်ကားတစ်စင်း၏ အတ္ထုပ္ပတ္တိ၊ ပြီးတော့ ဂန္တဝင် ဝတ္ထုတိုများ၊ ကဗျာ ဘာသာပြန်များ၊ အက်ဆေး ဘာသာပြန်များ၊ မာက့်ဝါဒဆိုင်ရာ ဘာသာပြန်ချက်များ၊ သမိုင်းဘာသာပြန်များ စသဖြင့် ရေတွက်မဆုံးနိုင်တော့။


ကျွန်တော်တို့ဆီမှာ ဆရာ့ထက် အင်္ဂလိပ်စာ တတ်သူများ ရှိနိုင်ပါသည်။ မြန်မာစာတတ်သူများလည်း ရှိနိုင်ပါသည်။ သို့သော် ဆရာ့လို ဘာသာစကား တစ်ခုမှ တစ်ခုသို့ ကူးပြောင်းပေးမှုတွင် များများနှင့် ကောင်းကောင်း ဖလှယ်ပေးသူကတော့ မရှိဟုပင် ကျွန်တော်က ဆိုချင်ပါသည်။ အင်္ဂလိပ်စာ တော်ပါလျှက် မြန်မာလို မချောမွေ့ကြ။ မြန်မာလို တော်ပါလျှက် အင်္ဂလိပ်လို မကျွမ်းကျင်ကြ။ တစ်ချို့နှစ်ဘာသာ ကျွမ်းကျင်ကြသူများကျပြန်တော့လည်း အင်နှင့်အားနှင့် မလုပ်ဖြစ်ပြန်။


စားပွဲပေါ်တွင် ကော်ဖီခွက်တွေ အများကြီး ရှိသည်။ အချို့က လုံးဝထည့်မထားသော ခွက်များ။ တချို့က အကုန်သောက်ထားပြီးပြီမို့ ဘာမှ မကျန်တော့သော ခွက်များ။ တစ်ခွက်ကတော့ တစ်ဝက်ကျော်ကျော် ကျန်သေးပါလျှက် ရုတ်တရက် မှောက်ကျသွားခဲ့သည်။ ထိုမှောက်ကျသွားသောခွက်မှာ ဆရာမြသန်းတင့်ပင်ဖြစ်သည်။ 


အီလျာအာရင်ဘတ်တွေ၊ အင်္ဂလိပ်လူနာတွေ၊ သမိုင်းဖြတ်သန်းမှု ပုံရိပ်တွေ၊ ရသစာတမ်းတွေ၊ လေရူးသုန်သုန် နောက်ဆက်တွဲတွေ အကုန်လုံးကိုပဲ မှောက်ကျကုန်ခြင်း ဖြစ်ပါသည်။ 


(ခုနှစ်)


ကျွန်တော် ရန်ကုန်ကနေ ဟင်္သာတကို ပြန်တော့ ဧရာဝတီကို ဖြတ်ရပြန်ပါသည်။ မြစ်ကို ကူးဖြတ်ချိန်မှာ နေ့လည်ခင်းဖြစ်၍ ဟိုးအဝေးမှာ မြစ်ကူးတံတားအတွက် တိုင်လုံးကြီးတွေကို လှမ်းမြင်နေရသည်။ မကြာခင်မှာ သည်တံတားကြီး ပြီးခဲ့လျှင်  ဧရာဝတီကို အရှေ့နှင့် အနောက် လွယ်လွယ်ကလေး ကားသန်းနိုင်တော့မည်။


ဒါပေမယ့် ... ကျွန်တော်တို့မှာကတော့ တံတားကျိုးခဲ့ပါပြီ။ 


အစားထိုးစရာကို ဘယ်လိုမှ ကျွန်တော် စဉ်းစား မရတော့။    ။ 


မောင်သာချို


ဆရာမြသန်းတင့် (၁၉၂၉ - ၁၉၉၈) 


 ၁၉၉၈ ဧပြီလ မြားနတ်မောင်မဂ္ဂဇင်း (စာနှာ ၁၂၈ - ၁၃၃) မှ တဆင့်ကူးယူရေးသား၍ ထပ်ဆင့် ပြန်လည် မျှဝေပါသည်။ #မောင်ချမ်း (ခရမ်းပြာ) 


ဆရာချမ်း (မောင်ချမ်း ခရမ်းပြာ) ရဲ့ ပို့စ်ကနေ ကူးယူပါတယ်။ စာရိုက်ပေးထားသူ ဆရာချမ်းကို ကျေးဇူးတင်ပါတယ်။ 


စလေ ငနော့ 


______________________________


တဆက်တည်း ဆရာမြသန်းတင့်ရဲ့ အတ္ထုပ္ပတ္တိကိုလည်း ဝီကီပီးဒီးယားက ကူးယူဖော်ပြပေးလိုက်ပါတယ်။


ဆရာမြသန်းတင့် အတ္ထုပ္ပတ္တိ

*********************


မြသန်းတင့် (၁၉၂၉ ခုနှစ်၊ မေလ ၂၃ - ၁၉၉၈ ခုနှစ်၊ ဖေဖော်ဝါရီလ ၁၈) သည် မြန်မာလူမျိုး စာရေးဆရာနှင့် ဘာသာပြန်ဆိုရေးသားတစ်ဦး ဖြစ်သည်။


ကိုယ်ရေးရာဇဝင်


ဦးမြသန်းခေါ် စာရေးဆရာမြသန်းတင့်ကို အဘ ဦးပေါတင့်၊ အမိ ဒေါ်လှိုင်တို့က ပခုက္ကူခရိုင်၊ မြိုင်မြို့တွင် ၁၉၂၉ ခုနှစ်၊ မေလ ၂၃ ရက်၊ ကြာသပတေးနေ့၌ မွေးဖွား သည်။ မွေးချင်းခုနစ်ယောက်တွင် အကြီးဆုံးဖြစ်သည်။


ငယ်စဉ် ၁၉၄၃ ခုနှစ်တွင် အာရှလူငယ်အဖွဲ့၌တက်ကြွစွာ ပါဝင်ခဲ့သည်။ ၁၉၄၄ ခုနှစ်တွင် ဖက်ဆစ်တော်လှန်ရေး မြေအောက်ကလာပ်စည်းများနှင့် ဆက်သွယ်၍ ဖက်ဆစ်တော် လှန်ရေးကြီးတွင် ပါဝင်ခဲ့သည်။ ဂျပန်တော်လှန်ရေးကာလအတွင်း စစ်ကိုင်းရှိ ဗိုလ်သန်းဦး (တော်လှန်ရေးတွင် ကျဆုံး)၊ သခင်မောင်တင်(ပြည်တွင်းစစ်တွင် ကျဆုံး) နှင့် မြိုင်မြို့ ဘုန်းတော်ကြီး ဦးစရိယ (မြိုင်ဖဆပလအမတ်ဟောင်း ဦးသက်ရှည်)တို့၏ ဦးဆောင်မှုအောက်တွင် ပါဝင်လှုပ်ရှားခဲ့သည်။ ဒုတိယကမ္ဘာစစ်ကြီးအပြီး မန္တလေးခရိုင်၊ အထက်မြန်မာပြည် ဖဆပလအဖွဲ့ချုပ်တွင် အချိန်ပြည့် တာဝန်ထမ်းဆောင်ခဲ့ သည်။


၁၉၄၈ ခုနှစ်တွင် ရန်ကုန်တက္ကသိုလ်သို့ တက်ရောက်သည်။ ၁၉၅၄ ခုနှစ်တွင် ဝိဇ္ဇာဘွဲ့နှင့် ၁၉၅၆ ခုနှစ်တွင် ဥပဒေဘွဲ့တို့ကို ရရှိခဲ့သည်။


ကျောက်ပန်းတောင်းတွင် အက်တူး သခင်အုန်းဖေ (ပြည်တွင်းစစ်တွင်ကျဆုံး) နှင့်အတူ လယ်သမားများ သီးစားခ မပေးရေး တိုက်ပွဲ၊ လက်ငုတ်လယ်ပြန်ထွန်ရေးတိုက်ပွဲ၊ မြေရှင်ကြီးများ၏လယ်များကို အတင်းဝင်ထွန်ရေး တိုက်ပွဲများကို ဦးဆောင်ခဲ့သည်။ သီးစားခမပေးရေး တိုက်ပွဲတွင် အင်္ဂလိပ် အစိုးရသိမ်းယူထားသော လယ်သမားများ၏ပစ္စည်းများကို ပြန်လည်လုယူသည့်အတွက် (ရုံးမင်းတစ်ထိုင်) အပြစ်ဒဏ်ကျ ခြင်း ခံခဲ့ရသည်။ မြင်းခြံခရိုင်တွင် တခြားသော ခေါင်းဆောင်များနှင့်အတူ မြသန်းတင့်ခေါင်းကို ဖြတ်နိုင်လျှင် ဆုငွေပေးမည်ဟု အင်္ဂလိပ်အလိုတော်ရိနှင့် မြေရှင်တို့က တိတ်တဆိတ် ဆုငွေ ထုတ်ခဲ့သည်။ အထွေထွေ သပိတ်ကြီးတွင် မြင်းခြံ၊မန္တလေး၊ ဒလသင်္ဘောကျင်း အလုပ်သမားထုကြီး ပါဝင်ရေးအတွက် တာဝန်ယူခဲ့သည်။ မြင်းခြံခရိုင် အလုပ်သမားသမဂ္ဂနှင့် လယ်သမားသမဂ္ဂတို့တွင် အလုပ်အမှုဆောင်အဖြစ်ဆောင်ရွက်ရင်း ဖြူးမြို့တွင်ကျင်းပသည့် မြန်မာနိုင်ငံလုံးဆိုင်ရာဖြူးလယ်သမား ကွန်ဂရက်ကြီးသို့ မြင်းခြံခရိုင် ကိုယ်စားလှယ်အဖြစ် တက် ရောက်ခဲ့သည်။


၁၉၄၉ ခုနှစ်တွင် ပထမဆုံးရေးသည့် 'ဒုက္ခသည်' ဝတ္ထုကို တာရာမဂ္ဂဇင်း (အတွဲ-၃၊ အမှတ် ၂၁)တွင် ပုံနှိပ် ဖော်ပြခြင်းခံရသည်။ ၁၉၅ဝ ပြည့်နှစ်တွင် စာပေသည် ပြည်သူ့ အတွက်ဟူသော ကြွေးကြော်သံဖြင့် 'စာပေမဂ္ဂဇင်း'ကို ကိုသန်းတင့်၊ ဒဂုန်တာရာ၊ မောင်ကြည်လင်၊ အောင်လင်း၊ ကျော်အောင်တို့နှင့်အတူ ဦးဆောင်ထုတ်ဝေခဲ့သည်။ ၁၉၅၁ ခုနှစ် တွင် ဂေါ်ကီ၏ 'မာလိဖောနှင့်အခြားဝတ္ထုတိုများ'ကို ပထမဆုံး ဘာသာပြန်ဆို ရေးသားထုတ်ဝေခဲ့သည်။


၁၉၅၂ ခုနှစ် တွင် ကမ္ဘာ့ငြိမ်းချမ်းရေးကွန်ဂရက် (မြန်မာနိုင်ငံ) နှင့် မြန်မာနိုင်ငံစာရေးဆရာများအသင်း အလုပ်မှုဆောင်အဖြစ် ဆောင်ရွက်ခဲ့ပြီး စာရေးဆရာအသင်းမှ ထုတ်ဝေသော 'စာပေမဂ္ဂဇင်း' တွင် တာဝန်ခံအယ်ဒီတာအဖြစ်လည်းကောင်း၊ 'ပြည်တော်သစ်ဂျာနယ်'တွင် အယ်ဒီတာချုပ်အဖြစ်လည်းကောင်း၊ 'တိုးတက်ရေးသတင်းစာ'တွင် နိုင်ငံခြားရေးအယ်ဒီတာအဖြစ်လည်းကောင်း ဆောင်ရွက်ခဲ့သည်။ ထိုနှစ်မှာပင် ဂေါ်ကီ၏အတ္ထုပ္ပတ္တိ 'ဂေါ်ကီ'ကို ဒုတိယမြောက် ဘာသာပြန်လက်ရာအဖြစ် ထုတ်ဝေခဲ့သည်။


၁၉၅၃ ခုနှစ်တွင် ပင်ကိုရေး လုံးချင်းဝတ္ထုအဖြစ် 'မေတ္တာအသင်္ချေ'ကို ရေးသားခဲ့သည်။


၁၉၅၅ ခုနှစ်က သခင်ကိုယ်တော်မှိုင်း ဦးဆောင်သော ပြည်တွင်းငြိမ်းချမ်းရေး ဗဟိုကော်မတီတွင် အတွင်းရေးမှူးအဖြစ် ဆောင်ရွက်ခဲ့ပြီး ၁၉၅၇ ခုနှစ်တွင် ကမ္ဘာ့ငြိမ်းချမ်းရေး ကွန်ဂရက် (မြန်မာနိုင်ငံ) အတွင်းရေးမှူးချုပ်နှင့် ဩစတြီးယားနိုင်ငံ၊ ဗီယင်နာမြို့တွင် ဌာနချုပ်တည်ရှိသည့် 'ကမ္ဘာ့ငြိမ်းချမ်းရေးကောင်စီ'၏ ဗျူရိုအဖွဲ့ဝင် လူကြီးဖြစ်ခဲ့သည်။


၁၉၆ဝ ပြည့်နှစ်တွင် ရေးသားသော 'နွံထဲကကြာ' ဝတ္ထုမှစ၍ ကလောင်အမည်ကို မြသန်းမှ မြသန်းတင့်သို့ ပြောင်းခဲ့သည်။ ထိုဝတ္ထုကို စာရေးဆရာ သိန်းဖေမြင့်နှင့် ပူးတွဲရေးသား၍ ဗိုလ်တထောင်သတင်းစာတွင် အခန်းဆက် ဖော်ပြရာ နှစ်နှစ်နီးပါး ဖော်ပြခဲ့ရသည်။


၁၉၆၁ ခုနှစ်တွင် ဆွီဒင်နိုင်ငံ၊ စကော့ဟုမ်းမြို့တွင် ကျင်းပသော ငြိမ်းချမ်းရေးကောင်စီ အစည်းအဝေးသို့ ကမ္ဘာ့ ငြိမ်းချမ်းရေးကွန်ဂရက် (မြန်မာနိုင်ငံ)၏ ကိုယ်စားလှယ် အဖြစ် တက်ရောက်ခဲ့သည်။ ညီလာခံမှအပြန် ဆိုဗီယက်ယူနီယံနှင့် တရုတ်ပြည်သူ့သမ္မတနိုင်ငံ ငြိမ်းချမ်းရေးကော်မတီများ ၏ဖိတ်ကြားချက်အရ ဒဂုန်တာရာ၊ ပါမောက္ခဦးအောင်လှတို့ နှင့်အတူ သွားရောက်ခဲ့သည်။


မြသန်းတင့်၏ထင်ရှားသော ပင်ကိုရေးဝတ္ထုများမှာ မေတ္တာအသင်္ချေ၊ လိုက်ခဲ့တော့မြနန္ဒာ၊ အမှောင်ရိပ်ဝယ်၊ ဆယ်ကြိမ်မြောက် အလည်ရောက်ခြင်း၊ နှင်းနု၊ မမ၊ နွံထဲက ကြာ၊ ထားကျွန်မလင်၊ ဓားတောင်ကိုကျော်၍ မီးပင်လယ်ကို ဖြတ်မည်၊ လေညင်းနှင့်လရောင်၊ ဆယ်ကြိမ်မြောက် အလည် ရောက်ခြင်းတို့ဖြစ်ပြီး နေထွက်သောည (ပြဇာတ်)ကိုလည်း ရေးသားခဲ့သည်။


စာပေဝေဖန်ရေးအဖြစ် 'ကျွန်တော် ဆက်၍ ရေးချင်သော ဝတ္ထုများ'နှင့် 'မြန်မာကျေးတောနေတို့၏ ကဗျာများ'၊ ခရီးသွားဆောင်းပါးအဖြစ် 'အရှေ့လေတိုက်သော အခါ'၊  'ဟွန်ဒါယဉ်ကျေးမှု'၊ 'မေရီပိုဗေးနှင့်အီကွေတာညများ' တို့ကို ရေးသားခဲ့သည်။


ဘာသာပြန်လက်ရာများမှာ အထူး ထင်ရှားခဲ့ရာ နိုင်ငံရေးစာအုပ် ခြောက်အုပ်၊ အတ္ထုပ္ပတ္တိ တစ်အုပ်၊ သမိုင်း၊ ဒဿနိကဗေဒနှင့် အထွေထွေ ၁၄ အုပ်၊ ဝတ္ထု ၃ဝ ကျော် ပြန်ဆိုခဲ့သည်။ ဘာသာပြန် များတွင် ပါရီကျဆုံးခန်း၊ ရွှေပြည်တော် မျှော်တိုင်းဝေး၊ ချစ်သောယွန်းခင်ခင် စသည်တို့မှာလည်း ထင်ရှားခဲ့သည်။ နိုင်ငံတကာ ကဗျာများကိုလည်း ဘာသာပြန် ရေးသားခဲ့ရာ ရာဗင်ဒြာနတ်တဂိုး၏ကဗျာများအပါအဝင် စုစု ပေါင်း ၁၄ အုပ်မျှ ထုတ်ဝေခဲ့သည်။


ဗြိတိသျှ တို့ထံမှ မြန်မာနိုင်ငံလွတ်လပ်ရေးရရှိခဲ့သော ၁၉၄၈ ခုနှစ်တွင် မြသန်းတင့် သည် ရန်ကုန်တက္ကသိုလ် တွင် ပညာဆည်းပူးခဲ့ပြီးနောက် ဒဿနိက ၊ နိုင်ငံရေးသိပ္ပံ နှင့် အင်္ဂလိပ် အနုစာပေ စသော ဘာသာရပ်များဖြင့် ဘွဲ့ရရှိခဲ့ပါ သည်။ တာရာ မဂ္ဂဇင်း (အမှတ်စဉ် ၂၁ ၊ အတွဲ ၃ ၊ ၁၉၄၉) ၌ “ဒုက္ခသည်” ဟူသော သူ၏ ပထမဦးဆုံး ဝတ္ထုတိုဖြင့် မြသန်းတင့်သည် စာပေနယ်သို့ ၁၉၄၉ တွင် စတင်ဝင်ရောက် ခဲ့ပြီး သူ၏ စာရေးသက်အနှစ် ၅၀ အတွင်း ဝတ္ထုတိုနှင့် ဝတ္ထုရှည်များ၊ မှတ်တမ်းမှတ်ရာ များစွာ နှင့် ဘာသာပြန် ဆိုရေးသား မှုများကို ရေးသားထုတ်ဝေခဲ့သည်။ ၁၉၇၃ တွင် ရေးသားခဲ့သော ဓားတောင်ကိုကျော်၍ မီးပင်လယ်ကို ဖြတ်မည် ဟူသော ဝတ္ထု သည် သူ၏ အကြီးကျယ်ဆုံး သော ပြောင်မြောက်သည့်လက်ရာဟုယူဆပြီး သူသည် “တောင်သမန် ရွှေအင်းကလေညင်းဆော်တော့” ကဲ့သို့သော သမိုင်းဆိုင်ရာ မှတ်တမ်းမှတ်ရာ များကိုပါ ရေးသားခဲ့ပါသည်။ အနောက်တိုင်း စာပေများစွာကို မြန်မာဘာသာသို့ အရေးသွက်သွက်ဖြင့် ဘာသာပြန်ဆို ရေး သားသူဖြစ်သည့်အလျောက် မြသန်းတင့်သည် စစ်နှင့်ငြိမ်းချမ်းရေး ၊ လေရူးသုန်သုန် ၊ ခန်းဆောင်နီ အိပ်မက် ကဲ့သို့သော ကမ္ဘာ့ဂန္ထဝင်စာအုပ်များနှင့်သူ၏ စာဖတ်ပရိသတ် များကို မိတ်ဆက်ပေးခဲ့ သည်။


မြသန်းတင့်သည် ၁၉၆၂ ခုနှစ်တွင် အာဏာသိမ်းယူခဲ့သော ဗိုလ်ချုပ်ကြီː နေဝင်း ၏ စစ်အစိုးရ လက်ထက်တွင် ၁၉၆၃ ခုနှစ်မှ ၁၉၇၂ ခုနှစ်ထိ အကျဉ်းကျခံရသည်။ ကနဦး ရန်ကုန် အင်းစိန်ထောင်တွင် နေခဲ့ရပြီး ၁၉၆၉ ခုနှစ်မှ ၎င်းလွတ်မြောက်သည့်အချိန်ကာလအထိ အိန္ဒိယသမုဒ္ဒရာ ရှိ ပြစ်ဒဏ်ပေး ခြင်းခံရသူများကို တစ်နေရာတည်းတွင်ထား ရှိသည့် ကိုးကိုးကျွန်း တွင် ၃ နှစ်ကြာနေထိုင်ခဲ့ရ သည်။


ဘဝနိဂုံး


၁၉၉၈ ခုနှစ်၊ ဖေဖော်ဝါရီလ ၁၈ ရက်နေ့ ည ၉ː၁၅ တွင် ဦးနှောက်၌ သွေးယိုစီးသည့်ရောဂါဖြင့် ရန်ကုန်မြို့၌ ကွယ်လွန်သည်။ ဆုံးပါးချိန်တွင် ဇနီး ဒေါ်ခင်မမ နှင့် သားသမီးလေးဦး ကျန်ရစ်သည်။


ရေးသားလက်စ စာအုပ်များ


ကွယ်လွန်ချိန်၌ အောက်ပါစာအုပ်များမှာ ရေးသားဆဲ ဖြစ်သည် −


ဒေါက်တာ မမိုးသူ

အရှေ့တစ်ခွင်လုံး နီ


ကလောင် အမည်ကွဲများ


စောယွမ်း

ဇောတိက

ထက်အောင်

ပါနောက်နဲ့ပါမောက်

မေမေလှိုင်

မင်းနန္ဒာ

မြသန်း

မြသန်းတင့်

ရဲအောင်ဇေ

မောင်သစ်တည်

ဥပဒေသုတေသီတစ်ဦး

အုတ်လှငယ်


ဝတ္ထုများ


မြသန်းတင့်ရေးသားခဲ့သည့် ကျော်ကြားသော မြန်မာဝတ္ထုများမှာ အောက်ပါအတိုင်း ဖြစ်သည်။


ဓားတောင်ကိုကျော်၍ မီးပင်လယ်ကို ဖြတ်မည် (၁၉၇၃)

အမှောင်ရိပ်ဝယ် (၁၉၆၀)

အညတရ ရုပ်ပုံလွှာ

လိုက်ခဲ့တော့ မြနန္ဒာ (၁၉၆၀)

ခေတ်ပြိုင်ရုပ်ပုံလွှာ

ပုံတောင်ပုံညာတောလား

တောင်သမန် ရွှေအင်းက လေညင်း ဆော်တော့ (၁၉၉၉)


သူ၏ ဝတ္ထုတိုများကို စုစည်းထုတ်ဝေသော အညတရရုပ်ပုံလွှာ (သာမန်လူတို့၏ ပုံရိပ်များ) အမည်ရှိ ဝတ္ထုတို ပေါင်းချုပ် စာအုပ်ကို မန္တလေးသို့ သွားသောလမ်း တစ်လျှောက်ဝယ် ခေါင်းစဉ်ဖြင့် အင်္ဂလိပ်ဘာသာသို့ ပြန်ဆိုရေးသားခဲ့သည်။


ရေးသားထုတ်ဝေခဲ့သောစာအုပ်များ


မြသန်းတင့် ရေးသားခဲ့သည့် စာအုပ်များမှာ အောက်ပါအတိုင်း ဖြစ်သည်။


စဉ် / မြန်မာအမည် / အတွဲအရေအတွက်/  မူရင်းဝတ္ထု / မူရင်းစာရေးဆရာ / မှတ်ချက်


၁/စစ်နှင့် ငြိမ်ချမ်းရေး/၁၂ အုပ်တွဲ/War and Peace/လီယိုတော်စတွိုင်း/၁၉၇၂ အကောင်းဆုံးအမျိုးသားဘာသာပြန်စာပေဆု


၂/လေရူးသုန်သုန်/၂ အုပ်တွဲ/Gone with the Wind/Margaret Mitchell/၁၉၇၈ အကောင်းဆုံးအမျိုးသားဘာသာပြန်စာပေဆု


၃/ပါရီကျဆုံးခန်း/၃အုပ်တွဲ/The Fall of ParisIlya /Ehrenburg


၎/ရွှေပြည်တော်မျှော်တိုင်းဝေး/၈အုပ်တွဲ/The Far Pavillions/M. M. Kaye


၅/လေလွင့်သူ/The Catcher in the Rye/J. D. Salinger


၆/မိန်းမတို့ အကြောင်း/၂ အုပ်တွဲ/The Second Sex/Simone de Beauvoir


၇/ခန်းဆောင်နီ အိပ်မက်/၉အုပ်တွဲ/Dream of the Red Chamber/Cao Xueqin/၁၉၈၈ အကောင်းဆုံးအမျိုးသားဘာသာပြန်စာပေဆု


၈/ သုခမြို့တော်/၂အုပ်တွဲ/The City of Joy/Dominique Lapierre/၁၉၉၂ အကောင်းဆုံးအမျိုးသားဘာသာပြန်စာပေဆု


၉/အချစ်မိုးကောင်းကင်/၂ အုပ်တွဲ/Beyond Love/Dominique Lapierre/၁၉၉၅ အကောင်းဆုံးအမျိုးသားဘာသာပြန်စာပေဆု


၁၀/လွမ်းမောခဲ့ရသော တက္ကသိုလ်နွေညများ/၃အုပ်တွဲ/The Class/Erich Segal


၁၁/ လူများသက္ကရာဇ်နှင့် ဘဝ/၅အုပ်တွဲ/People, Years, Life/Ilya Ehrenburg


၁၂/ ဧကရီဖွားစော/She Was a Queen/Maurice Collis


၁၃/ချစ်သောယွန်းခင်ခင်/The Lacquer Lady/F. Tennyson Jesse


၁၄/အရွယ်မတိုင်မီ/The Childhood of Maxim Gorky/Maxim Gorky


၁၅/Bon-Lae Ta Khwan-My Apprenticeship/Maxim Gorky


၁၆/ဘဝတက္ကသိုလ်/My Universities/Maxim Gorky


၁၇/မက္ကဇင်းဂေါ်ကီ၏ အတ္ထုပ္ပတ္တိ/The Life of Maxim Gorky/A. Roskin


၁၈/ခေတ်သစ် ပုတ္တောဝါဒ/A Father's Book of Wisdom/H. Jackson Brown Jr.


၁၉/ဂျူပီတာဖိုက်/Jupiter Five/Arthur C. Clarke


၂၀/စာရေးခြင်း အတတ်ပညာ/The Art of Writing/Andre Maurois


၂၁/တိမ်းရှောင်သူ/The Fugitive/Rabindranath Tagore


၂၂/ဘဝနေနည်း အနုပညာ/The Art of Living/Andrew Maurois


၂၃/မှောင်မိုက်မှာ ငို/The Man Who Was Afraid/Maxim Gorky


၂၄/မှော်ရုံတောမှာ မောလှပြီ/The Gold of Their Bodies/Charles O. Gorham


၂၅/ရေပွက်ပမာ/A Very Easy Death/Simone de Beauvoir


၂၆/လက်ဖက်ရည်ဆိုင်/Teahouse/Lao She


၂၇/လာခြင်းကောင်းသော အရှင်/The Lord Comes/Robert Payne


၂၈/လူကလေးသို့ ပေးစာများ/Lord Chesterfield's Letters to His Son and Others/Earl of Philip Dormer Stanhope Chesterfield


၂၉/အကြာဆုံးစစ်ပွဲ မြန်မာပြည်/Burma: The Longest War, 1941-1945/Louis Allen


၃၀/မာ့က်စ်ဝါဒနှင့် တွေးခေါ်မျှော်မြင်ရေး/Theory of Knowledge-Maurice Cornforth


၃၁/သမိုင်းဆိုင်ရာရုပ်ဝါဒ/Historical Materialism/Maurice Cornforth


၃၂/ခေတ်သစ်သမိုင်းဋီကာ/What is History?/E.H.Carr


၃၃မိုးအဆုံး မြေအဆုံး/Chinghing/ AitmatovJamila


၃၄/တောင်များ၏ တောင်ဖက်မှ ပင်လယ်များ၏ မြောက်ဖက်သို့/The Long Revolution/Edgar Snow


၃၅/မီးလောင်မြေ/Scorched Earth/Edgar Snow


၃၆/ခေတ်ပေါ်နိုင်ငံတကာကဗျာရှည်သုံးပုဒ်/(မောင်သစ်တည်) အမည်ဖြင့်


၃၇ကမ္ဘာမြေကြီးသည် နတ်ဥယျာဉ်မဟုတ်/(ထက်အောင်) အမည်ဖြင့်


၃၈/တော်စတွိုင်း၏ ဖွင့်ဟဝန်ခံချက်/စာတန်း


၃၉/ဒီရေမြင့်သစ်(သို့)မော်စီတုန်းနှင့် တရုတ်တော်လှန်ရေး/The Morning Deluge: Mao Tsetung and the Chinese Revolution/Han Suyin


၄၀/တွိုင်ဘီ-အီကေဒါ ဆွေးနွေးခန်း/မောင်သာမည နှင့် တွဲဖက်၍ ရေးသည်


၄၁/ပြိုကွဲသွားသော သိုက်မြုံကလေးနှင့် အမေ့သား/The Broken Nest and Rashmani's Son/Rabindranath Tagore


၄၂/နွံထဲကကြာ/သိန်းဖေမြင့် နှင့် တွဲဖက်၍ ရေးသည်


၄၃/ထားကျွန်မလင်


၄၄/ဇာခန်းဆီး လေညှင်းနှင့်လရောင်


၄၅/ခန်းဆောင်ဆီထဲတွင် အိပ်မက်မက်ကြည့်ခြင်း


၄၆/ကောင်းမြတ်ခြင်းနှင့်ဆိုးယုတ်ခြင်း


၄၇/ကြာညိုနံ့သင်းသောရေ၀တီမ


ရေးသားပြုစုခဲ့သောဇာတ်လမ်းတွဲများ


ရှားလော့ဟုမ်း(စ်) ဇာတ်လမ်းတွဲကို အတွဲ ၅ တွဲ ရေးသားပြုစုခဲ့သည်-


ရှားလော့ဟုမ်း(စ်)၏ စွန့်စားခန်းများ

ရှားလော့ဟုမ်း(စ်)၏ ကိုယ်တွေ့မှတ်တမ်းများ

ရှားလော့ဟုမ်း(စ်) ပြန်လာပြီ

ရှားလော့ဟုမ်း(စ်)၏ နောက်ဆုံးဦးညွှတ်ခြင်း

ရှားလော့ဟုမ်း(စ်)၏ အမှုမှတ်တမ်း


ဝီကီပီးဒီးယားကို ကျေးဇူးတင်ပါတယ်။


ဓာတ်ပုံ - မြားနတ်မောင်မင်္ဂလာမဂ္ဂဇင်း၊ ဝီကီပီးဒီးယား။


စလေ ငနော့

Comments

Popular posts from this blog

ငရဲဆိုတာ ဂျိုနဲ့လား 🖋 ဟံသာဝတီ ဦးဝင်းတင်

ဘာလဲဟဲ့... လူ့ငရဲ (မိတ်ဆက်) 🖋 ဟံသာဝတီ ဦးဝင်းတင်

ပုံစံခွက်ထဲက နိုင်ငံရေးမုန်တိုင်း (၁) 🖋 ဟံသာဝတီ ဦးဝင်းတင်