ဟစ်လို့သာ ငိုလိုက်ချင်တော့ 🖋 သော်တာဆွေ
ဟစ်လို့သာ ငိုလိုက်ချင်တော့
**********************
သော်တာဆွေ
"ဝေါ...၀ုန်း...ဗလုံးဒုံး...ဂွမ်း"
ဤသည်ကား ၁၉၄၁ ခုနှစ်၊ ဒီဇင်ဘာလ ၂၃ ရက် ဂျပန်ပြည်သား ကိုတိုကျိုကမြန်မာပြည်အား ဖွားသစ်စ စစ်မြေပြင်အဖြစ် အသိအမှတ်ပြုရန် ရန်ကုန်မြို့ကြီးသို့ လာရောက်ကာ ကွမ်းယာ၊ ဆေးလိပ်များ အတော်ပင် အကုန်အကျ ခံ၍ ကျင်းပသည့် "ကင်ပွန်းတပ်ပွဲကြီး"တွင် တီးမှုတ်သော "နိပ္ပန်မြူးဇစ်သံ"ဖြစ်ချေ၏။
ထိုအတီးအမှုတ်သည် "ခေတ်မီ၍" မြိုင်ဆိုင်သလောက် ပေးကမ်းဝေငှသော ကွမ်းယာ၊ ဆေးလိပ် များမှာလည်း ပျံ့နှံရလေကား ရန်ကုန်မြို့သူမြို့သားများစွာ တို့သည် ကွမ်းတဖတ်ဖတ် စားကြ ကာ ဆေးလိပ်ငွေ့ တထောင်းထောင်းနှင့် သောင်းသောင်းဖျဖျ ဟစ်အော် ကြွေးကြော်ကြကုန်၏။
ဤကင်ပွန်းတပ်ပွဲကြီး ကျင်းပစဉ်တွင် ကျွန်တော်တို့ လူစုနေကြသော နေရာဌာနမှာ အတော်ပင် မဏ္ဍပ်ချောင်ကျလေ ရကား အကမ်းအလှမ်းများ ရောက်ရှိမလာဘဲ အခြားသူ များ သောက်ရှူ နေ ကြသော ဆေးလိပ်မီးခိုးငွေ့များကိုသာ မျှော်မှန်းရော်ရမ်း၍ နေခဲ့ရပေ၏။
ယင်းသည် အလှူပွဲကြီးတွင် ကျွန်တော်သာ ဆေးလိပ်သောက်၍ ကွမ်းယာစာလိုက်ရပါမူ ယခု ဖော်ပြ မည်ဖြစ်သော "ဟစ်လို့သာ ငိုလိုက်ချင်တော့"ဆိုရလောက်အောင် ကျွန်တော့်ကို သနားစရာ ကောင်း လှသည့် ဤအဖြစ်အပျက် ကလေးကို ကျွန်တော်ရေးသားနိုင်တော့မည်မဟုတ်။ တာဝတိံ သာတွင် နတ်သမီး တစ်ဖက် ၅၀၀ ကျော်နှင့် လက်ကိုင်ပ၀ါကလေး နှာခေါင်းပိတ်ကာ ညှော်ရှောင် နေရပြီဟု ထင်မြင်မိပါကြောင်း။
သို့လင့်ကစားလူ့ကံသည် လူထံ၌အမြဲတမ်း ရှိနေပါသေးသည်။
ထိုပွဲကြီး အပြီးတွင် ရန်ကုန်မြို့ ကြီးသည်အတော်ပင်ပန်းနွမ်းရိသွားလေ ရကား စည်ကားသော မြို့ကြီး အဖြစ် မှ ခေတ္တခွင့်ယူလိုက် သည်ဖြစ်သောကြောင့် ကျွန်တော်သည် ထောင်ကဲလက်မခံသဖြင့် ကျန်ရှိနေသော အ၀တ်အစား များနှင့် စာအုပ်အဟောင်းဆိုင်များသို့ ရောင်း၍မစွံလောက်အောင် ဖုန်တက်ညစ်ပေနေသော လက်ကျန် စာအုပ်များကို ဘုရားစူး ကျောင်းသားပါဟု အကျိန်လွတ်ရုံ ၀တ်ကျေဝတ်ကုန် ထုပ်ပိုး သယ်ဆောင်ကာ ဒီဇင်ဘာလ ၂၄ ရက်နေ့၊ နံနက် ရနာရီခွဲအချိန်တွင် ကြည့်မြင်တိုင်ဘူတာ၌ လူတွေ ဗလုံးဗထွေး အန်ထုတ်နေ သောမီးရထားကြီးပေါ်သို့ နံဘေးပြတင်းပေါက်မှ အတင်းနွားတက်တက်ကာ လိုက်ပါခဲ့လေ၏။
ညနေလေးနာရီခန့်တွင် ရန်ကုန်မြို့မှ မိုင်ပေါင်း ၁၆၀ မျှကွာဝေးသော ကျွန်တော်တို့ တောမြို့ ကလေး သို့ရောက်ရှိခဲ့သည်ဖြစ်၍ ဤသည်မှတစ်ဆင့် ကျွန်တော်တို့၏ ဇာတိချက်ကြွေ မွေးဌာန သို့ဂေါဏ ယာဉ်နှင့် မြန်းရောက် နှုတ်ဆက်နေရ သဖြင့် သက်ကြီးခေါင်းချ၊ ကာလသားကြက်ခိုးချိန် မှပင်အိမ် သို့ ရောက်ခဲ့၍...
"နွားလေး....လူမမြင်ရသေးဘူး၊ ထန်းရည်နံ့က အရင်ထွက်လာတာပဲ၊ နင်ကျောင်းနေလည်း ဒီလိုသောက်နေ တာပဲလား။ တစ်သက်လုံး လူမွေးပေါက်မယ့်ကောင်လေး မဟုတ်ဘူး..."
ဟု မွေးသဖခင်၏ ထုံးစံအတိုင်း ချီးကျူးခြင်း ကို ခံရလေ၏။
နောက်တစ်နေ့တွင်မူကား ကျွန်တော့်မှာ "ဂရီးလန်း (Green Land) ကျွန်းမှ အရှင်လတ်လတ် ရေခဲစိမ်ယူလာခဲ့သော အက်စကီးမို" ကလေးသဖွယ် ဗုံးဒဏ် ဘေးလွတ် သေခဲကောင် ကလေးအဖြစ် နှင့် လူများစွာ ၀ိုင်းအုံကြည့်ရှုခြင်းကို ခံရပါတော့သည်။ အကြောင်းမှာ "ဦးကြံဘော် သား ကျော်စံကေး ရန်ကုန်က ပြန်လာပဟေ့..." ဟူသော သတင်းထူးကြောင့် လှည်းနေ၊ လှေအောင်း၊ နွားဇောင်း၊ သူတောင်းစား မကျန် (ကျွန်တော်တို့ရွာ၌ မြင်းမရှိ) ကျွန်တော့်ထံလာ၍ ရန်ကုန်မြို့ နိပ္ပန်ဗမာ မိတ်ဆက်ပွဲ အကြောင်းကို မေးမြန်းကြကုန်၏။
ကျွန်တော့် မှာ လူတို့၏ထုံးစံအတိုင်း ဟုတ်သည်ထက် ပို၍ပြောတတ်ရုံမက ပင်ကိုဓာတ်ခံကလည်း လူများထက် ထူးထူးခြားခြား ဝင့်ကာ ကြွားဝါရန် အလွန်ဝါသနာ ထက်သန်သူဖြစ်လေရကား ကိုယ် တွေ့ မျက်မြင်အနည်းငယ်တွင် မဟုတ်မဟတ်တာတွေ များစွာကို တတ်နိုင်သမျှ ရောနှောဖြည့်စွက် သတင်းလွှင့်လေ သဖြင့် နောက်လာမည့် ဂျပန်ခေတ်တွင် လွတ်လပ်သော မြန်မာအစိုးရ၏ ဝါဒဖြန့်ချီသမျှကို ယုံကြည်ကြ မည်ဖြစ်သော ဝနေပရိသတ်များ မှာ ရောက်လာမစဲ တသဲသဲရှိနေကြလေ၏။
ကျွန်တော်လည်း ဝါသမျှ ယုံ၊ ယုံသမျှ ကြွားနှင့် ဂနိုင်လူထူရှေ့တွင် အကြီးအကျယ် ခံတွင်းတွေ့ လိုက်သည်မှာ အချိန်မည်မျှ ရှိသည်ကိုပင် မသိ၊ ရုတ်တရက် မွေးသဖခင်သည် ကျွန်တော်၏အဝတ် သေတ္တာနှင့် စာအုပ်သေတ္တာ ကို ဧည့်ပရိသတ်ရှေ့တွင် ဖွင့်ပြကာ…
"ဘယ်မလဲ နွားကလေး၊ အိမ်က ဝယ်ပေးလိုက်တဲ့ အဝတ်တွေနဲ့ နင် နောက် ရန်ကုန်မှာ ဝယ်တယ် ဆိုတဲ့ အဝတ်တွေ၊ နို့ပြီး စာအုပ်ဝယ် ဖို့ တောင်းလိုက်တဲ့ငွေကလည်း သောက်သောက်လဲလို့၊ ဘယ် မှာလဲ ခု… နင့် မယ်မယ်ရရ စာအုပ်"
ဟု ဒေါသတကြီးမေးလေမှ လူထုရှေ့တွင် စတိုင်နှင့် လေလုံး ထုတ်နေသော ကျွန်တော့်မှာ ရှက်ကိုး ရှက်ကန်းဖြစ်သွားကာ တောင်းပန်သော အသံကလေးနှင့်…
"သြော်… အဘကလည်း အသက်ဘေးက လွတ်အောင် ခွေးပြေးဝက်ပြေး ပြေးလာခဲ့ရတာ ဘယ်မှာ အစုံအစေ့ ပါနိုင်မလဲဗျ"
ဟု တတ်နိုင် သမျှ ညာလိုက်မိရာ အဖေမှာ ပိုမိုဒေါသကြီးလာပြီး…
"အောင်မာ… ကျော်စံကေးရာ နင်က ငါမွေးတဲ့သားပါဟ၊ နင်က ငါ့ကိုညာလို့ ရမလား၊ ကျောင်းသွား နေတဲ့ကောင်တဲ့၊ ဖောင်တိန်တောင် အိတ်ထဲပြန်ပါမလာဘူး၊ တော် နင် နောက်ထပ် ဘာမှ မပြောနဲ့ တော့၊ နင့် ငါ ရိုက်ချင်နေတာ ကြာလှပြီ အိမ်လူတွေများနေလို့ ကြည့်နေတာ"
ကျွန်တော့်အဖေနှင့် ကျွန်တော့် သောက်ကျင့်မှာ ၃-၄ လမျှ ကွဲကွာနေခဲ့သည်ကို ၃-၄ နာရီအတွင်း အလွမ်းပြေသွားစေရံမျှမက ချက်ချင်းပင် ထ၍ရိုက်သော အခြေအနေသို့ ရောက်သွားတတ်သည် မှာ အဆန်းတော့ မဟုတ်ပါ။ သားအဖနှစ်ယောက်အကြောင်းကို ကောင်းကောင်းသိနေကြသော ဧည့်ပရိသတ် တို့လည်း ရယ်မောကြကာ ထိုင်ရာမှထသွားကြ၍ ကျွန်တော်လည်း ကြာလျှင် မွေးသဖခင် တကယ်ဆော်တော့မည်ကို အတတ်သိ သဖြင့် အိမ်ပေါ်မှ ဆင်းသွားခဲ့လေ၏။
အိမ်အောက်ရောက်၍ နေကို မော်ကြည့်လိုက်သောအခါ စုံနံ့သာမြိုင်လူထုအား ညာပုံတော်ဝါဒ ဖြန့် ချိနေသည်ကို ရပ်ဆိုင်းစေလိုက်သော မွေးသဖခင်အား အထူးပင် ကျေးဇူးတင်မိပါတော့၏။ အကြောင်းမူကား နေမင်းသည် အနောက် ဘက်ကောင်းကင်ပြင်တွင် ထန်းတစ်ဖျားမျှ အမြင့်ကျန်၍ ညနေ ထန်းရည်ချိန် ရောက်ချေပြီတည်း။
ကျွန်တော် သည် ဝမ်းသာအားရ လေချဉ်များထကာ ရွာအရှေ့ပြင်ရှိ ကိုမောင်ခိုကြီး၏ထန်းပင်ရိပ် သာစခန်း သို့ မြန်းခဲ့လေ၏။ ထန်းတောစပ်ရောက်မိလျှင်ပင်…
"ဟေ့… ခွေးဆိုး ခုမှလာသလား…၊ မင့် ငါမျှော်နေတာကြာလှပြီကွ"
ဟူသော ကိုမောင်ခိုကြီး၏ အထက်သံကို ကြားရလေ ၏။ ကျွန်တော်လည်း ခါးတောင်းကျိုက်ကျားကျား၊ ထန်းလက်ကြား၌ ကားယားခွလျက်၊ ထန်းစ လှီးနေသော ကိုမောင်ခို ကို မော်ကြည့်ကာ…
"အေးဗျ… အခုမှပဲ ဧည့်စဲသွားတော့တယ်၊ အပင်ကောင်းကောင်းထဲက ရှိသေးလားဗျ"
"ရှိပါတယ်၊ မင်းဖို့ ငါ တမင်သက်သက် "မြွေဟောက်ပင်" က တစ်ကျည်တောက် ချန်ထားတာ၊ သိပ် ကောင်း တာပဲကွ၊ မင့်အကြိုက်ပဲ၊ ကြောင်သားဟင်းလည်း ရှိတယ်ကွ"
ဤသည်ကို ကြားလိုက်ရလျှင် ကျွန်တော့်မှာ "ဟေ့"ခနဲ လေတက်လာပြီး ကျွင့်ခနဲ သွားရည်ကို မျိုချ လိုက်ရ၏။
"ထန်းရည်နှင့် ကြောင်သား၊ မယားနှင့်လင်၊ ဘဲကင်နှင့် ဘီယာ၊ ဆိုဒါနှင့် ဝီစကီ" ဤသည် တို့ကား လောကကြီး တွင် တတ်နိုင်သမျှ တွဲဖက်ရန် အသင့်လျော်ဆုံးသော အရာဝတ္ထုများတည်း။ "ထန်း ရည်ခါးနှင့် ကြက်သား" ဆိုသော စကားမှာ ကြောင်သားနှင့် ထန်းရည်သောက်ဖူးသူတို့ဖို့ များစွာ ရယ် စရာကောင်းသော ပြက်လုံး ကလေးတစ်ခုဖြစ်ချေသေး၏။
လက်ငုတ်ထန်းစ ထန်းဖိုရည် ညနေချ။ ခေါင်းပေါင်းစ တဝေဝေလေးနှင့် အခေါက် တစ်ထပ်၊ အဆီ တစ်ထပ်၊ အသားတစ်ထပ် သုံးထပ်သား ကြောင်သားဟင်းဆီပြန်ကို တွဲယှဉ်၍ ထားလိုက် ပါမူကား သောက်စားဖူး သူတို့၏နှာဝ တွင် ၎င်းတို့မှထွက်ပေါ်လာသော ဂန္ဓာရုံသည် မည်မျှထိခိုက်စွဲလမ်းပါအံ့ နည်း။ ဥပမာပြ ရသော် မွှေးနံ့သာ လိမ်းခြယ်ထားသော ကညာပျို၏ပါးပြင်ကို နှာခေါင်းတင်၍ မွှေးရ သည်နှင့်ပင် နှိုင်းယှဉ် ၍ အားမရသေး။ သောက်စားလိုက်ရခြင်း၏ အရသာကိုမူကား အထူးအဖော်ပြ တော့ပြီ…။ "နင့် နန်းမြေတ၀က်၊ ထန်းရည် တစ်ခွက်နှင့် ငါမလဲ" ဟူသော စကားတစ်လုံးတည်းနှင့် ပင် အတော်အတန် လုံလောက်ပေပြီ ဟု အောက်မေ့ မိပါ၏။
မကြာမီ ထန်းတက်ဝိဇ္ဇာကိုမောင်ခိုသည် "မြွေဟောက်ပင်"ပေါ်မှ ထန်းရည်တစ်ကျည်တောက်ကို ချ လာကာ ကြောင်သားဟင်းတစ်ခွက်နှင့် ထန်းလက်ကာ ထန်းလက်မိုး တဲစုတ်ကလေးပေါ်တွင် ကျွန်တော် တို့ အား နေရာချထားခဲ့ပြီး သူ၏ထန်းပင်များကို ပြန်၍လှီးနေလေ၏။ "မြွေဟောက်ပင်" ဟု ခေါ်သည်ကား အပင်လည်ဆစ် သို့ရောက်လေလျှင် မြွေဟောက်မြည်သံကဲ့သို့ တရှီးရှီး ထန်းရည်ဆူပွက်သံ အမြှုပ်တက်သံကို ကြား ရသောကြောင့်ဖြစ်၏။
အောက်ရောက်၍ သောက်နေ စဉ်၌ လည်း သူ၏တရှီးရှီး ခေါ်ငင်သံမှာ လက်တစ်လှမ်း ခွက်တစ်ကမ်းမှပင်နေ၍ ကြား ရ၏။
လေတ၀ူးဝူးနှင့် တဲစုတ်ကလေးပေါ်တွင် ကျွန်တော်သည် ဤထန်းရည်တစ်ကျည်တောက်နှင့် ကြောင် သားဟင်း ကို ခံတွင်းတွေ့နေလိုက်ရာ၊ ဘာနုရာဇာ၏ ဒေါင်းစကြာသည် နောက်ဂေါယာသို့ တဖြည်းဖြည်း စိုက်ဆင်းနေ၍ ကျည်တောက် အတွင်းရှိ ထန်းရည်တို့မှာလည်း တစတစ နိမ့်ကျလေပြီ။ နေမင်း၏ မျက်နှာပြင်သည် အလင်းရောင် အားနည်းလာသကဲ့သို့ ကျွန်တော်၏ မျက်စိများလည်း မှေးမှိန်ရီဝေ၍ လာချေပြီ။ နောက်ဆုံး ကျည်ထောက်ခေါင်း ထဲရှိ ထန်းရည်များသည် ကျွန်တော်၏ဗိုက်ထဲသို့ ပြောင်းရွှေ့ ပြီးကာ ကျည်တောက် ကလေးမှာ သူ၏တာဝန်ပြီးဆုံး၍ တုံးလုံးလှဲလိုက်သည်တွင် ကျွန်တော်လည်း နံဘေးရှိ တဲတိုင်ကို ခပ်ယိုင်ယိုင် ကလေး မှီခွေ့လိုက်လေ၏။
မူးယစ်သောအခါတွင် စံစားရသော စည်းစိမ်ကား ကိုယ်ကြီးတစ်ခုလုံး လေထဲတွင် လွင့်ပါနေသကဲ့သို့ လွတ်လပ်လပ် ရှိလှသည်။ ခြင်ကိုက်ခြင်း၊ ယင်နားခြင်း၊ ညောင်းညာခြင်း၊ ပူအိုက်ခြင်း၊ လေ တိုက်ခြင်း၊ အေးစိမ့်ခြင်း စသော အသေးအဖွဲနှောက်ယှက်မှု ကိစ္စကလေးများကို ခန္ဒာကိုယ်ကြီး က အသိအမှတ် အပြုတော့ပြီ။
စိတ်မချမ်းသာစရာ သောကကလေးများလည်း ဝေးရာသို့ ပြေးကြလေ ပြီ။ ရှေ့ရေးအဖို့ မိမိကြံစည်နေ သော(၀ါ) တမ်းတနေသော လိုရင်းကိစ္စ အရာ ၀တ္ထုများအတွက် လုပ်ငန်းစဉ် စိတ်ကူးအကြံဥာဏ်များ သာ လွတ်လပ်နေသော ခန္ဒာကိုယ် ကြီး တစ်ခုလုံးရှိ အင်အားများများနှင့် စုပေါင်းပေါ်ထွက်လာလေ သည်။
(အလွန်အကျွံ မူးနေသောအခါကို မဆိုလို)
ဤစဉ်တွင် ကျွန်တော့်စိတ်ကူးထဲ၌ ပေါ်လာသည်ကား (ကျွန်တော်မှာ လူပျိုလေးဖြစ်သည့်အားလျော် စွာ) စတယ်လာ မှာ လှပကြော့ရှင်း ဘယ်နှပြစ်ကင်းလဲမသိ။ အတွင်းပစ္စည်း တောင့်တောင့်၊ ရုပ်ဖြောင့် ဖြောင့်နှင့် တအောင့် ကလေး မြင်မိလျှင် ဘ၀င်မချိအောင် အတွင်းစိတ်များရတဲ့ အင်္ဂလိပ် ကပြားကော့ပျံ ကားမ ကလေး ဖြစ်လေသည်။
စတယ်လာ၏ နေအိမ်မှာ ကြည့်မြင်တိုင်တွင် ကျွန်တော်နေခဲ့သော အိမ်နှင့် တစ်လမ်းတည်း ဖြစ်၍ ကျွန်တော်တို့ သူငယ်ချင်းတစ်စု သူ့ကို ဂေါ်ရာဝယ် စတယ်လာမှာ ကပြားမလေးလည်း ဖြစ်ပြန်၊ ပင်ကိုယ် ကလည်း ဂေါ်သူများစေချင်ပြန်ဖြစ်သောကြောင့် မည်သူမည်ဝါ မခွဲခြားဘဲ တင်ဆက်သမျှ လက်ဆောင်များကို ခပ်ပြောင်ပြောင် ပင် ယူငင်ကာ ကျွန်တော်တို့လူစုအား ခွေးဝမ်းသာအောင် လေလည်ပြ ဆိုသကဲ့သို့သော အမူအရာမျိုးဖြင့်သာ ဝေ့လည်ကြောင်ပတ် လုပ်နေသောကြောင့် ကျွန်တော်တို့ လူစုမှာ သူလိုလို ငါလိုလိုနှင့် ရင်တဖိုဖိုနေ ခဲ့ရာ ဤ ၂၃ ရက်နေ့ ဗုံးကြဲလိုက်မှပင် ကျွန်တော်တို့ ဂေါ်လူတစ်စုစီ ကွဲပြား၍ တခြား စီ ပြေးလွှားခဲ့ကြရပါတော့သည်။
ယခုအချိန်၌ ကျွန်တော်၏ စိတ်ကူးထဲတွင် ရွှေဥာဏ်တော် စူးရောက်ပုံကား ....
စတယ်လာတို့မှာ မိခင် မုဆိုးမကြီး၊ မောင်ကလေးတစ်ယောက်၊ အစေခံတစ်ယောက်နှင့် ပေါင်းလေးယောက်မျှသာဖြစ်၍ မြို့ပေါ်မွေး ကပြားမျိုး ဖြစ်သောကြောင့် ရွှေ့ပြောင်းနေရန် တောအရပ်တွင် ရွှေမျိုးရှိဟန်မတူ၊ ယခုအချိန်မူ မြို့ပေါ် တွင်ပင် ကြောင်လည် ကြောင်ပတ်ပင် ရှိချေဦးမည်။ ဤသည်တွင် သူတို့တစ်အိမ် သားလုံးကို သွားရောက်ခေါ်ငင် ကာ ကျွန်တော်တို့အိမ်၌ တည်းခိုနေစေပါက သူ့မိခင်လည်း မည်မျှကျေး ဇူးတင်ချိမ့် မည်နည်း။ စတယ်လာနှင့် ကျွန်တော်မှာ မြေကြီးလက်ခတ် မလွဲနိုင်တော့ပြီ။
ယင်းသည့် စိတ်ကူးဖြင့် မူးရာမှ ငေါက် ခနဲထကာ ထန်းပင်ပေါ်မှ ကိုမောင်ခိုကြီးအား လှမ်း၍ နှုတ်ဆက်ပြီး အိမ်သို့ ပြန်ခဲလေ၏။
အချိန်မှာ ညနေ ငါးနာရီမျှဖြစ်၍ ရန်ကုန်သွား မီးရထားမှာ ည ၁၁ နာရီခွဲမှ ဆိုက်မည်ဖြစ်သော် လည်း မြို့သို့ ညဥ့် မနက်မီ အရောက်သွားရမည်။ အဆင်သင့်ပင် မွေးသဖခင်အလစ်၊ အိမ်ပေါ် သို့ ရောက်ရှိ၍ လုံချည် တစ်ပတ်နွမ်းကလေးနှင့် စပို့ရှပ်အဟောင်းကလေးပေါ်မှ ကုတ်အင်္ကျီကို ထပ်ဝတ်ပြီး .... မည်သည့်အခါမှ မမေ့ အပ်သော ကြပ်ဖုံးမာဖလာကို လည်ပင်းတွင် ပတ်လိုက်၏။ အိတ်ထဲ၌ ပိုက်ဆံ ထုတ်ကြည့် ရာ လေးကျပ် မျှသာ တွေ့သဖြင့် အဖေ၏ ပိုက်ဆံအိတ်ကို ရှာရလေ၏။
အဆင်သင့် ပင် သူ့သက္ကလပ်အင်္ကျီထဲမှ တွေ့၍ ငွေအစိတ်လောက်နှိုက်ယူမည်ဟု သားရေ အိတ်ကို ဖွင့်လိုက် စဉ် နွားတင်းကုပ် ထဲ မှ မွေးသဖခင် ၏ ချောင်းဟန့်လာသံကို ကြားရသဖြင့် ဖွင့်နှိုက်မနေတော့ဘဲ၊ သားရေအိတ် တစ်ခုလုံး ကို ကျွန်တော့်ဘလေဇာ အတွင်းအိတ်ထဲသို့ ထည့်ကာ အိမ်ပေါ်မှ ဆင်းခဲ့လေ၏။
မြောက်ဘက်ဝင်း တံခါးပေါက် ထွက်မည်အပြုတွင်...
“ဟဲ့နွားကလေး၊ ဘယ်သွားမလို့လဲ၊ ထမင်းစား တော့မယ်”
ဟု မွေးသဖခင် ၏ မေတ္တာသံကြားရ၍
“ဟာ...အဘရယ် ဟောဒီအရှေ့ ဘက်တန်း ကေလးတင်ပါ၊ အခု ခဏလေး ပြန်လာခဲ့ပါမယ်”
ဟု ဆိုပြီး သုတ်ခြေတင်ခဲ့၏။
မြို့မှ ကျွန်တော်တို့ရွာမှ သုံးမိုင်ခန့်ဝေး၍ ညဥ့်မှောင်ခါနီးတွင် ရောက်ခဲ့လေ၏။ ဈေးအ၀င်ဝတွင် နောက်မှ .....
“ဟေ့ တောသား ဘယ်သင်္ချိုင်း သွားမလို့လဲ”
ဟုချိုသာစွာသော နှုတ်ဆက်သံကို ကြားရ၍ ပြန်လှည့် ကြည့်လိုက်ရာ... မကြာမီကပင် ဘင်ခွဲထားရသဖြင့် လက်ကိုင်ပ၀ါ နှာခေါင်းပိတ်ရင်း ကွတကွတနှင့် လျှောက် လာသော သူငယ်ချင်းကျော်ထူး ကို မြင်ရလေ၏။
“ငါ ရန်ကုန် ပြန်မလို့ကွ”
“ရန်ကုန် ဗုံးတွေချနေတဲ့အထဲ မင်းက အ၀ီစိအရင်သွားမလို့လား”
“အေးလေ... မင့်အတွက်ပါ နေရာယူထားနှင့်မလို့ကွ”
ဟု ပြန်ပြောပြီးမှ ကျွန်တော်၏ အကြံအစည်ကို ဖွင့်ဟ လိုက်၏။
“ဗုံးထိမသေဘဲ ချောချောမောမော တွေ့လိုက်ပါလာရင်တော့ ကောင်းတာပေါ့၊ နို့ နေပါဦး ..... မင်းလို ကောင်က ဒီလောက် များ စွန့်စွန့်စားစား သွားရအောင် မင့်ကောင်မလေးက တော်တော်ချောလို့လား ကွ”
''တော်တော်တင် မဟုတ်ဘူး၊ တော်ထက်တော်....၊ တော်တော်ချောမချောမှန်က ငါရသေ့ပျံ ဈာန်ကလျှော၊ ချောလို့သာက၊ ငါခင်မက်မော ရတက်ဇော ဈာန်လျှော၍ ကျရသည်ပေါ့ကွ”
“တယ်ဆိုတဲ့စာပါလားဟေ့....၊ မင့်အိမ်ရောက်မှ ငါလည်း ဂေါ်ရဦးမယ်...၊ ဒါထက် မင်းည ၁၁ နာရီ ရထားစောင့် မနေနဲ့၊ အချိန်လည်းကုန်သေး၊ ပျင်းလည်းပျင်းစရာကြီး ...၊ မော်တော်ကားကြုံစီးသွား၊ ပိုက် ဆံလည်းမပေးရဘူး၊ ရန်ကုန် လည်း စောစောရောက်မယ်”
“ဘယ်သူ့မော်တော်ကားနဲ့လဲ”
“ကားတွေ အပုံကွာ....၊ ရန်ကုန်က ထွက်ပြေးတဲ့ လူတွေကို လိုက်ပို့ပြီး ခါလီပြန်လာရတဲ့ကားတွေ၊ ဒရိုင်ဘာတစ်ယောက်တည်းပျင်းလို့ အဖော်ခေါ်တဲ့ကားတွေ ပြည့်လို့ကွာ....၊ မင်း အမူကာကာဆိုင်က သာ ထိုင်စောင့်နေ၊ ကြိုက်တဲ့ကားသာ ရွေးစီး”
“အေး ...ဒါဖြင့် နေရာကျတာပဲဟေ့...၊ ဒါထက် မင်းတို့အိမ်မှာ လွယ်အိတ်တစ်လုံးလောက် မရှိဘူး လား...”
ဟု မေးကာ ရန်ကုန်တွင် စားသောက်စရာဆိုင်များ မရှိတော့ပြီကို တွေးမိ၍ ပေါင်မုန့်နှင့် စားစရာတစ်ခုခု ထည့်သွား ရန် ကျော်ထူးအိမ်မှ လွယ်အိတ်တစ်လုံးယူပြီး လမ်းဆုံလမ်းခွကျသော အမူကာကာဆိုင်သို့ လာခဲ့လေ၏။
အချိန် မှာ အတော်ပင် မှောင်၍လာချေပြီ။ ကျွန်တော်စောင့်၍ မကြာမီပင် ဆလွန်းကားကြီးတစ်စီးသည် လက်ဖက်ရည် ဆိုင်ရှေ့၌ ထိုးရပ်ပြီး ဒရိုင်ဘာသည် တစ်ဝက်သာသာမျှ ကျန်သော ၀ီစကီပုလင်းနှင့် ဆိုင်ထဲသို့ ၀င်လာကာ ကာကာ အား ဖန်ခွက်တောင်းလေ၏။ ကျွန်တော်သည် နှေးကွေးသော ကာကာဆီမှ ဖန်ခွက်ကို ယူငင် ကာ ထိုသူအနား သို့ ချဉ်းကပ်ပေးအပ်ပြီး ....
“နောင်ကြီး ကား ဘယ်သွားမလို့လဲ”
ဟု နှုတ်ဆော့လိုက်၏။
ထိုသူမှာ အသက်၃၀ ခန့်၊ အသားမည်းမည်း ၀၀ဖိုင့်ဖိုင့်နှင့် အတော်ပင် ထွေလာဟန်ရှိ၍ ကျွန်တော့်ကို မျက်လွှာ ပင့်ကာ စေ့စေ့ကြည့်ပြီး ....
“အင်း...ဟင်း၊ ရန်ကုန်ပြန်မလို့ ...ဘာပြုလို့လဲ ခင်ဗျားလိုက်ချင်လို့လား”
''ဟုတ်တယ်.... ခင်ဗျား ခေါ်နိုင်မယ်ဆိုရင်''
''ဟာ.... မခေါ်နိုင်ဘဲရှိပါ့မလား။ ဒီကားဟာ... ခု ကျုပ်ကားဖြစ်နေပြီဗျ၊ ဗိုလ်လင်မယားကို ပြည်မှာပို့ခဲ့ ပြီး ခုကျန်တဲ့ပစ္စည်းတွေ ပြန်ယူခိုင်းလို့ ည မောင်းရမှာ တစ်ယောက်တည်းပျင်းနေတာနဲ့ အဆင်သင့်ပဲ ခင်ဗျား သောက်တတ်လား... ၊ ရော့... သောက်တတ်ရင်သောက်ဗျာ''
ကျွန်တော်သည် အဘယ်မှာလျှင် ငြင်းန်အံ့နည်း။ ကြက်သားဟင်းနှင့် ဆော်ဒါတစ်ပုလင်း မှာယူကာ နှစ်ယောက်သား စားပွဲထိုင်ကြလေ၏။ အရက်သည် မိတ်ဖွဲ့ရာတွင် လျှပ်စစ်တမျှ မြန်ဆန်လှ၏။
မကြာမီပင် ကျွန်တော်တို့ နှစ်ယောက်မှာ ပုဆိုးလည်ပင်းရောက် ဘဝကပင် လည်ပင်းဖက်ကြီးလာသော သူငယ်ချင်းများကဲ့သို့ တစ်မဟုတ်ချင်း ရင်းနှီးသွားကြလေ၏။
အရက်ကုန်ခါနီးတွင် သူက...
''ဟားဟား...ဟားဟား...မိတ် ဆွေ...ဒါထက်...တစ်ယောက်နာမည် တစ်ယောက် မသိရသေးဘူး၊ ကျွန်တော့်နာမည် ဘလှတဲ့..၊ မိတ်ဆွေ နာမည်ကကော...”
“အင်း...ကျွန်တော့်နာမည်ကတော့ ခင်မောင်ညွန့်တဲ့”
ဟု ပြောရင်း ကျွန်တော့်မှာ အတော်အာယား သွားပါသည်။ တယ်ပြီး စိတ်မလုံလှပါ။ အနီး၌ အသိများ ရှိနေသလားဟု ပတ်ဝန်းကျင်ကို လှည့်၍ ကြည့်မိပါသေးသည်။ အကြောင်းမူကား ကျွန်တော့်နာမည်မှာ မိတ်ဆွေတို့သိကြသည့်အတိုင်းပင် ကျော်စံကေးနှင့် ခွေးဆိုးဖြစ်ပါသည်။ တောမွေးတာများ တယ်ပြီးသောက်သုံးမကျ၊ နာမည်မှ ကောင်း ကောင်းအမှည့်မခံရ...၊ ကျော်စံကေးဆိုသည်မှာ နွေရာသီတွင် လယ်ပင်ကြားထဲမှ ညအခါ ထွက်လေ့ရှိသော ဖားအငယ်စား ကလေးမျိုးကို ခေါ်ပါသည်။
ကျွန်တော်မှာ ကျော်စံကေး လှိုင်ချိန် မနက်ဘုန်းကြီးအရုဏ်ဆွမ်းမီ ညမီးအုပ်နှင့် လယ်ထဲထွက်၍ ရိုက်ရသောအခါတွင် ကျွန်တော့် မွေးသဖခင် ဖားရိုက်ထွက်ခိုက် မီးရှူးသန့်စင် ဖွားမြင်သဖြင့် ကျွန်တော့် အား ကျော်စံကေးဟု ခေါ်ပါသည်။ ခွေးဆိုးမှာ အထူးဖော်ပြစရာမလိုပါ။ ငယ်ငယ်က (အခုကြီးသည့် တိုင်အောင်ပါပဲလေ) အကျင့်စာရိတ္တ ကောင်းလွန်း၍ သမုတ်ကြသော နိမိတ္တအနာရွတ်ထ နာမည်ဖြစ်ပါ သည်။
ကျွန်တော်မှာ ဤမည်သော ကိုယ်ပိုင်နာမည်များကို တွေးလိုက်တိုင် ရှက်မိသဖြင့် ယင်းကဲ့သို့ မသိသော သူများက မေးလေလျှင် နာမည်ကောင်း အညွန့်အဖူးကလေးများကို ရွေးပြီးထိတ်ခနဲ ပြာခနဲ မျက်စိမှိတ်၍ ၀ါလေ့ရှိသည့်အတိုင်း ထိုသူအား ရုတ်ခြည်း ရယ်ဒီမိတ် နာမည် ခင်မောင်ညွန့်ဟု ပြောလိုက်ခြင်းဖြစ်ပါသည်။
သူက...
“သြ....ကျောင်းသားကိုး၊ ကောင်းတယ်ဗျာ၊ ကောလိပ်က ထင်ပါရဲ့၊ ဘယ်နှတန်းရောက်ပြီလဲဗျ”
“ဘီအေစီနီယာတွင် ရှိပါသေးတယ်ဗျာ”
ဤသို့ပြောပြီး ကျွန်တော်မှာ အတော်ပင် မနေတတ် မထိုင်တတ် ဖြစ်သွားပါသည်။ အကြောင်းမူကား ကျွန်တော့်မှာ ဘီအေမဆိုထားဘိ ၁၀ တန်းမျှ မအောင်သေးပါ။ စင်စစ် ကျွန်တော့်အသက်အရွယ်နှင့် တွက်လျှင် ဘီအေမက အောင်သင့်ပါသည်။ ထို့ကြောင့် ကျွန်တော် လူရွယ်နှင့်လိုက်အောင် ၀ါလိုက်ရ ခြင်းဖြစ်ပါသည်။
အရက်သောက်ပြီးကြ၍ ကျွန်တော်က ထမင်းစားရန်ပြောသောအခါ ကိုဘလှက ...
“ဟာ....ကျွန်တော်က ထမင်း ဒီမှာ မစားနိုင်ဘူးဗျ၊ ခင်ဗျားလည်း မစားပါနဲ့။ ရှေ့ ကျွန်တော်တို့ေ၇ာက် မယ့်မြို့က ကျွန်တော့်မိတ်ဆွေ ကိုကျူးတစ်ယောက်က ပြည်မှာ ကျန်ခဲ့နဲ့ ခင်ဗျား လူစားပါလာတာနဲ့ အဆင်သင့်ပဲဗျို့၊ ကဲ...သွားကြမယ်၊ ခုလောက်ရှိ မျှော်လှရော့မယ်”
မကြာမီ ကျွန်တော်တို့နှစ်ယောက်သည် လူနှင့်မတန်သော ကားကြီးပေါ်တွင် စတိုင်နှင့်ထိုင်ကာ ရန်ကုန် ဆီသို့ ရှေ့ရှုမောင်းနှင်လျက်ရှိကြလေ၏။ ကားမီးရောင်ဖြင့် အမှောင်ထုကို ဖောက်ထွင်းကာ အတန် မောင်းမိလျှင် ကိုဘလှက...
“ကိုခင်မောင်ညွန့်...ခင်ဗျားခုန ကျွန်တော်ပြောတဲ့ ကိုကျူးစိန်ကို သိရဲ့လားဗျ”
“ဟင့်အင်း....ကျွန်တော်မသိဘူး”
“ဒါဖြင့် ဟန်ကျတာပဲဗျို့၊ သူ့ညီမအပျိုကလေးရှိတယ်။ တရုပ်ကပြားမလေး....သိပ်ချောတာပဲဗျ...၊ ခင်ဗျားကလည်း ရုပ်ချော....”
“မမြှောက်ပါနဲ့ဗျာ...မချောပါဘူး”
ကျွန်တော်သည် လည်ပင်းက ကြပ်များကို စိတ်မလုံသလို မာဖာလာနှင့် မြင့်ဖုံးရင်း ပြောလိုက်၏။
“အဟုတ်ပြောတာပါဗျ။ သူတို့က ခေတ်ပညာတတ်၊ ရုပ်ချော၊ အလုပ်အကိုင်နဲ့ဆိုရင် သိပ်သဘောကျ တာပဲ။ ဒီတော့....ကျွန်တော်က ကိုခင်မောင်ညွန့် ဘီအေ၊ မြို့အုပ်စာမေးပွဲ ၀င်ထားတယ်လို့ဆိုပြီး မိတ်ဖွဲ့ပေးမယ်...သိလား၊ ခင်ဗျားက ဂေါ်ပေတော့။ ကိုကျူးစိန်တို့ လင်မယားကလည်း သိပ်ဖေါ်ရွေတာ ပဲ...ကိုကျူးစိန်မိန်းမက ရုပ်လည်းချောဗျ...၊ သူုတို့လက်ထပ်တာ မကြာသေးဘူးဗျ”
“ဒီမှာ ကိုခင်မောင်ညွန့်၊ ခင်ဗျား...ကိုကျူးစိန်နှမ ရရင်တော့ ပွတာပဲ။ သူတို့လူမျိုးက မန်းနီးဘော့စ်တွေ ဗျ၊ ရုပ်ချောဥစ္စာပေါကလေးဗျာ... ဂေါ်သာဂေါ်၊ ကျွန်တော်က ခင်ဗျားကို ကျလောက်အောင် ဂုဏ်ယူ ပြောမယ်။ ခင်ဗျားက အလိုက်သင့်သာ စတိုင်နဲ့ ရောပေတော့ ခင်ဗျားက ကောလိပ်ကျောင်းသားဆို တော့ နောက်ပိုင်းစာမေးပွဲ အောင်ပြီးသားပဲ။ ကျွန်တော်ကလည်း အဆွယ်ကောင်း... အပြောကောင်းဗျ၊ ဟင်...ဘယ့်နှယ်လဲ ကိုခင်မောင်ညွန့်”
ကျွန်တော်မှာ ရတာ မရတာ အပထား၍ မြာချောချော ဂေါ်ရလျှင်နည်းသလားဟု သဘောပိုက်ကာ လသာတုန်း ဗိုင်းငင် အခွင့်သာတုန်း ဂေါ်ပေါက်ထွင်ရန် သဘောတူညီလိုက်၏။
၉ နာရီအချိန်တွင် ကိုဘလှ ပြောသော အိမ်ရှေ့သို့ ရောက်၍ ကားပေါ်မှ ဆင်းကြကာ...
“ကဲ....ကိုခင်မောင်ညွန့်၊ ဆင်း ဂေါ်ဖို့ စတိုင်လေးဘာလေး ပြင်ပေတော့...”
ကျွန်တော်သည် လုံချည်ကို ပြင်ဝတ်ကာ ပိန်ချပ်သော ရင်အုပ်နှင့် ဟောင်းနွမ်းသော စပို့ရှပ်ကို ဖုံးအုပ်ရန် ကုတ်အင်္ကျီကြယ်သီးကို တပ်လိုက်ပြီး ကြပ်ဖုံးမာဖလာကို ကြပ်လုံအောင် ပြင်ပတ်ရင်း ကိုဘလှနောက်သို့ လိုက်ခဲ့လေသည်။
“၀ုတ် ၀ုတ် ၀ူး....”
ကျွန်တော်တို့နှစ်ယောက် အိမ်ထဲဝင်လျှင် ခွေးတစ်ကောင်က နှုတ်ဆက်လိုက်၏။
“ဗျို့..ကိုကျူးစိန်၊ ခွေးကြည့်ပါဦးဗျ”
“၀ုတ် ၀ုတ်....၀ူး”
အိမ်ပေါ်မှ လူတစ်ယောက် ဆင်းလာကာ...
“ဟာ...ကိုဘလှတို့ ခုမှလာသလား၊ စောင့်နေတာကြာပြီဗျာ၊ လာ....လာ တက်တက်”
ဟု ဆိုရင်း ခွေးကို ချုပ်ကိုင်ထား၏။
ကိုဘလှက ရှေ့မှတက်၍ ကျွန်တော်က နောက်မှလိုက်သွားကာ လှေခါး ၉ ထစ်မျှ ဆုံးလျှင်...
“ဟော....အကြည်ရေ၊ ကိုဘလှကြီး လာပြီဟေ့”
ဟု ၀မ်းသာအားရ ပြောလိုက်သော မိန်းမသံတစ်ခု ပေါ်ထွက်လာလေ၏။ ထိုအသံကို ကြားလိုက်လျှင် ကြားလိုက်ချင်း ကျွန်တော့်ရင်ထဲတွင် ဒိတ်ခနဲ ဖြစ်သွားပြီးနောက် အသံကို သေသေချာချာ ကျက်မိသောအခါ၌ မူကား ကျွန်တော့်မှာ နားအုံကို ကြာပွတ်နှင့်ပတ်၍ အရိုက်ခံလိုက်ရသော မြင်းကဲ့သို့ တစ်ကိုယ်လုံး နောက်သို့လန်တက်သွားသည်ဟု အောက်မေ့လိုက်ရ၏။ အကြောင်းမူကား ထိုအသံရှင်သည် အခြားမဟုတ်၊ တစ်နှစ်ကျော်ကျော်မျှ ကျွန်တော်ဆက်သနေသော လက်ဆောင်များကို ယူကာ နို့မတိုက်ချင်သော ခွေးမကြီး ခွေးကလေး လှည့်စားသကဲ့သို့ ဝေ့လည်ကြောင်ပတ် လုပ်ခဲ့ပြီး နောက်ဆုံး ကျွန်တော့်ထံသို့ မထီမဲ့စာတစ်စောင်ရေး ၍ မကြာသေးမီကပင် လတ်လတ်ဆတ်ဆတ် လင်ယူသွားသော ကျွန်တော့်ရည်းစား မိခင်မြင့်ဖြစ်ချေ၏
ဒုတိယတစ်ဖန် ကျွန်တော့်နားနှစ်ဖက်ကို ဆောင့်၍ ကန်လိုက်ပြန်သည်ကား...
“ဟုတ်လား မြင့်ရေ၊ ဒီလူကြီး စောစောလာမယ်ဆိုပြီး သိပ်နောက်ကျတာပဲ”
ဟု ဆိုကာ အိမ်ခန်းထဲမှ ပြေးထွက်လာသော ကျွန်တော်ဂေါ်မစွံခဲ့သည့် တရုတ်ကပြားမ မိကြည်ကြည်ဖြစ်ချေ၏။ လွန်ခဲ့သော ကျောင်းပိတ်ချိန်တွင် ကျွန်တော်သည် ဤမြို့သို့ လာရောက်လည်ပတ်စဉ်၌ ကြည်ြှကည်၏ ချောမော လှပသော ရုပ်ရည်ရူပ ကာယကို မြင်ရ၍ ရွှေဘောတော်ကျသဖြင့် အဒေါ်ကြီးတစ်ယောက်အား ဘဏ္ဍာဆက်ပြီး ကြည်ကြည် ကို ကပ်၍နူးစေ၏။ အောင်သွယ်ကြေး အတော်ကုန်ကျသည့်နောက် အဒေါ်ကြီးက သေချာလှပြီဟု ပြောသဖြင့် ကျွန်တော်လိုက်၍ လူပျိုစကားပြောသည်တွင် ကြည်ကြည်သည် တရုတ်သွေး တရုတ်မာန် ထကြွလာကာ စီးတော်ဖိနပ်နှင့် လိုက်၍နှံသောကြောင့် ကျွန်တော့်မှာ တစ်နာရီ ၇၅ မိုင်နှုန်းမျှ သုတ်ခြေ တင်ခဲ့ရဖူး၏။
ခင်မြင့်နှင့် ကြည်ကြည်၏အသံကို ကြားရလျှင် ကိုဘလှက...
“စောစောတော့ လာခဲ့တာပဲ ဆရာတို့ရေ၊ ဟောဒီမြို့အုပ်မင်းနဲ့ တွေ့နေတာနဲ့ပဲ”
ဟုဆိုကာ ရှေ့မှအသွား တွင် ကျွန်တော့်မှာ ဆင်းပြေးရလည်း အခက်နှင့် ကိုဘလှကို လက်ကုတ်ရင်း နောက်မှလိုက်သွား၍ မီးရောင်အောက်သို့ ၀င်မိသည်တွင် ခင်မြင့်နှင့် ကြည်ကြည် ကျွန်တော့်အား ပြူးတူးပြဲတဲနှင့် ကြည့်နေ ကြလေ၏။
ဤတွင် လူရည်လည်ကိုဘလှက...
“ဒါ ကျွန်တော့်မိတ်ဆွေ ကိုခင်မောင်ညွန့်လေ....၊ ဘီအေအောင်ပြီးလို့ တိုင်းပြည်အခြေအနေမကောင်း တာနဲ့ ဘိလပ်မသွားဘဲ မြို့အုပ်စာမေးပွဲ ၀င်ထားတယ်ဗျ”
ဟု မိတ်ဆက်ပေးလိုက်လေ၏။
သူ၏စကားမှာ ကျွန်တော့်ကို အရှင်လတ်လတ် တာဝတိံသာသို့ ရောက်အောင် ခြေထောက်ဖြင့် ပင့်ကန် ပေးလိုက် သည် မှန်ပါ၏။ သို့သော် အ၀ီစိ ဒုတ်ဒုတ်ထိအောင် ငယ်ထိပ် ဖနောင့်ဖြင့် ပေါက်ချ လိုက်သည် နှင့် တူ၏။ အကြောင်းမူကား ခင်မြင့်နှင့် ကြည်ကြည်သည် ကျွန်တော့်အကြောင်း အူတွင်းချေးခါး သိ သော အဒေါ်ကြီးတစ်ယောက်၏ စေတနာ့ဝန်ထမ်း ၀ါဒဖြန့်မှုကြောင့် ကျွန်တော့် နာမည် ကျော်စံကေး ခေါ် ခွေးဆိုးဖြစ်ကြောင်းနှင့် ၁၀ တန်းကို ၁၀ နှစ်နေ၍မျှ ကျောင်းဂုဏ်သရေကို အားနာဖွယ်ရာ သာရှိမည် ဖြစ်ကြောင်းကို သိပြီးဖြစ်ကြ၏။
ကိုဘလှ၏ မိတ်ဆက်သံကို ကြားရလေလျှင် ကြည်ကြည်နှင့် ခင်မြင့်သည် ၀က်စင်စစ်က ဆင်ဖြစ် သည့် ဗြောင်လိမ်ခြင်း ကို ခံရသကဲ့ သို့ သူတို့နားကို သူတို့မယုံကြည်သလို တစ်ယောက် မျက်နှာတစ် ယောက် ကြောင်စီစီနှင့် ကြည့်ကြပြီးနောက် နှုတ်ခမ်းများတွင် မဲ့ပြုံးအရိပ်အရောင် ကလေး များ ပေါ်လာ ကာ ပါးစပ်ကို လက်ဖြင့်ပိတ်လိုက်ကြလေ၏။
သို့တိုင်အောင် အရိပ်အခြေ ဘာမျှနားမလည်သော ခပ်ထွေထွေ ကိုဘလှသည် ကျွန်တော့်ဘက်သို့ လှည့်ကာ....
“ကိုခင်မောင်ညွန့်၊ ဒါက ကိုကျူးစိန်...မိန်းမ မခင်မြင့်လေ၊ ဒါက ကိုကျူးစိန်နှမ မကြည်ကြည်ပေါ့”
ဟု ပြောပြီး ဂေါ်ဟူသော အထိမ်းအမှတ်ဖြင့် ကျွန်တော့်ပေါင်ကို လက်ဖြင့် ကုတ်လိုက်၏။
ဤအချိန် တွင် ကျွန်တော်၏ တစ်ကိုယ်လုံးမှာ မေ့ဆေးပေး၍ မေ့ခါနီး လူနာနှင့်မခြား မျက်လုံးများ ရီဝေ လျက် လေယာဉ်ပျံပေါ် က ခုန်အဆင်းတွင် လေထီးမပွင့်သော သူရဲကောင်း၏ ခန္ဒာကိုယ်ကဲ့သို့ လေဟာထဲတွင် ကပြောင်း ကပြန် ဖြစ်နေသည်ဟု အောက်မေ့ရ၏။
ထိုအခိုက် ကိုကျူးစိန် အိမ်ပေါ်သို့ ရောက်လာကာ ကျွန်တော့်တို့အား နေရာထိုင်ခင်းပေးပြီးနောက်
“ကဲ....မြင့်တို့ရေ... ကိုကိုတို့ စားသောက်ဖို့ ပြင်တော့ကွယ်”
ဟု အမိန့်ပေးလိုက်၏။
စားပွဲဝိုင်း ကလေးတွင် သုံးယောက် မျက်နှာချင်းဆိုင်ထိုင်မိလေလျှင် ကိုဘလှသည် သူ၏၀တ္တရားအ တိုင်း ကျွန်တော့်အား ကိုခင်မောင်ညွန့် ဘီအေ၊ မြို့အုပ်လောင်းအဖြစ်နှင့် ကိုကျူးစိန်ကို မိတ်ဆက်ပေး ပြန်လေ၏။ ကိုကျူးစိန်မှာ ကျွန်တော့် ဇာစ်မြစ်ကို သိသူမဟုတ်သဖြင့် မည်သို့မျှ အရေးမကြီးသော် လည်း နောက်ဖေးဆောင် က ကမြင်းမနှစ်ကောင်ကား နှာခေါင်းထဲ ထမင်းစေ့ဝင်သလို တခွီးခွီးဖြစ်နေပါ တော့၏။
ကိုဘလှနှင့် ကိုကျူးစိန်ကား ခင်မြင့်တို့ဖြစ်နေပုံကို အရိပ်အခြည်မျှ နားလည်ဟန်မတူ။ ကျွန်တော်မူ ကား မနေတတ် မထိုင်တတ် ရှိလာသည်နှင့် ကိုဘလှအား အပြောလျှော့ပါစေတော့ဟု စားပွဲအောက် မှ ခြေဖြင့်ကုတ်ကာ မျက်နှာရှုံ့ပြလိုက်ပါည်။ ဤမှပင် သာဆိုးပါတော့သည်။ သူ့အား ပို၍အဲယားကန်ရန် တိုက်တွန်းသည် ဟု ယူဆကာ ကျွန်တော်၏မိဘ မျိုးရိုးဇာတိကို သူနှင့် ရင်းရင်းနှီးနှီး သိနေခဲ့သည့် အလား ကျွန်တော့် မိဘများမှာ စက်ပိုင်ရှင်များဖြစ်ကြောင်း၊ သဘောသကာယ အလွန်ကောင်းမွန် ကြောင်း... ၊ လက်အောက် ငယ်သားများပေါ်တွင် မည်မျှရက်ရောကြောင်း...စသည့်ဖြင့် သူတတတ်သ မျှ မှတ်သမျှ ကရွတ်ကင်းလျှောက်၊ ရောက်တတ်ရာရာ ၀ါဒဖြန့်ပါတော့သည်။
ကိုကျူးစိန်မှာ ကျွန်တော့်ကို အတော်အထင်ကြီး လေးစားလာဟန်တူပါသည်။ သို့သော် ကျွန်တော့် အဖေ ချစ်တီးကြွေးလည်ပင်းခိုက်နေကြောင်းကို သိနေကြသော သေချင်းဆိုးမနှစ်ကောင်ကား ကိုဘလှ ၏စကားများမှာ သူတို့ အတွက် ပျော်တော်ဆက်ပြက်လုံးများ ဖြစ်နေကြ၍ လုပ်ကိုင်စရာရှိသည်တို့ကိုပင် မလုပ် မကိုင်နိုင်လောက်အောင် ခွက်ထိုးခွက်လှန် အူတက်နေကြဟန်တူသဖြင့် အတန်ကြာလတ်သော် ကိုကျူးစိန် ကပင်...
"မြင့် တို့ရေ ကြာလှချေလားကွယ်''
ဟုပင် သတိပေးလိုက်ရလေ၏။
သို့စဉ်တိုင် အတော်ကြာမှ စားသောက်စရာ တို့ကို ရေငုံထားသည်နှင့်တူသော မျက်နှာများဖြင့် တစ် ယောက်စီ လာပို့ကြ ကုန်၏။
စားသောက်စရာများ စုံလင်သောအခါ ကိုကျူးစိန်က အားမနာပါးမနာ သဘောရှိ စားသောက်ရန် စိတ်ပါလက်ပါ တိုက်တွန်း ပါသည်။ စားသောက်စရာတို့မှာလည်း တရုတ်အချက်အပြုတ်၊ အချိုအချဉ်၊ ၀ီစကီ၊ ဆိုဒါတို့နှင့် အလွန် ပင် မြိုင်ဆိုင်လှ၍ အမှန်အတိုင်းဆိုလျှင် မြင်ရုံနှင့်ပင် သွားရည်ကျလောက်ပါ ပေသည်။ သို့သော် အပွဲပွဲ နွဲခဲ့သမျှ ဤပွဲကျမှ မရှက်စဖူး အရှက်ကျူးနေရသော ကျွန်တော်သည် အဘယ်မှာလျှင် စားချင်စားဝံ့စိတ်ရှိတော့အံ့နည်း။
ကိုကျူးစိန် ၏ အကြိမ်ကြိမ် တိုက်တွန်းချက်ကို ညစာစားပြီးကြောင်း အခြေပြုကာ အဖန်ဖန် ငြင်း ဆိုရ လေ၏။ နောက်ဆုံးတွင် ကိုကျူးစိန် လက်လျှော့ကာ ထမင်းမစား အရက်မသောက်လျှင် ကော်ဖီတစ် ခွက်တော့ ငြင်းဆို ရန် မသင့်ဟုဆိုပြီး ကော်ဖီအဖျော်ခိုင်းလေ၏။
အရက်မသောက်ဟု ငြင်းဆန်စဉ် ပထမဦး၌ ကိုဘလှမှာ ခေတ္တမျှ အံ့အားသင့်သွားပြီးမှ... မိန်းမလေး များရှေ့ တွင် မသောက်တတ် မစားတတ်ဟန်နှင့် ဂေါ်ပေါက်ထွက်တာ ဖြစ်မှာပဲ ရွေဥာဏ်တော် စူးရောက်သွားကာ ကျွန်တော် မသောက်တတ် မစားတတ် ရိုးသားဖြောင့်မှန်ကြောင်း၊ အကျင့်စာရိတ္တ ကောင်းမွန်ကြောင်း၊ ငယ်ရွယ်စဉ် မို့ ပညာကိုသာ ဂရုစိုက်ကြောင်း စသည်ဖြင့် ၀ါဒဖြန့်ပါတော့သည်။
ဖဲရိုက်၊ ကြက်တိုက်၊ အရက်သောက်လွန်း၍ အိမ်က အကြိမ်ကြိမ်မောင်းထုတ်ခြင်း ခံရပုံနှင့် ကျွန်တော့် ကိုယ်တွင် မရေတွက်နိုင်သော ဆစ်ဖလစ် အနာရွတ်များကို အပထား၍ လည်ပင်းတွင် ကြပ်ဘယ်နှလုံး၊ ပေါင်ခြံတွင် ဘင် ဘယ်နှစ်ခါ ခွဲဖူးသည် ကိုပင် သိနေကြသော ကောင်မနှစ်ကောင်၏ ဖြစ်ပုံကိုကား အထူး မဖော်တော့ပြီ။ အခုညတွေ့၊ အခုမှသိရသော ကိုဘလှ၏ ထွင်လုံးဆင်လုံး၊ လုပ်ဇာတ်များနှင့် ယုတ္တိရှိ အောင် ကျွန်တော့်ဂုဏ်ကို ချီးမြင့်၊ ၀ါဒဖြန့်ခြင်းမှာ အထူးပင် ချီးမွမ်းဖွယ်ကောင်းပါပေသည်။ အကယ်၍ ကျွန်တော့်အကြောင်းကို သူတို့ မသိဖြစ်ဘိ မူကား ယခုညတွင်းချင်းပင် ဂေါ်ပေါက်စွံနိုင်ပါပေသည်။ ယခု မူကား ခုတ်ရာတစ်လွဲ၊ ရှာရာတခြား နှင့် လှုပ်လေမြှုပ်လေ ဖြစ်နေပါတော့သည်။
ကိုဘလှ မှာ ကြာလေသောက်လေ... သောက်လေမူးလေ၊ မူးလေစကားများလေနှင့် ကျွန်တော့်မှာ ရှက်လွန်းလှ ၍ မပြောရန် ခြေကုတ်လက်တို့လုပ်လေ..သူအားသတိပေးသလိုဖြစ်ကာ ပိုမိုပြောလေနှင့် နောက်ဆုံးတွင် သူ့အရှိန်နှင့်သူ သွားပါစေတော့ဟု လက်လျှော့လိုက်ရပါတော့သည်။ ကျွန်တော့်တစ် ကိုယ်လုံးတွင် ရှက်စိတ် ရှက်သွေးများ မွန်လာကာ သဲကန္တာရထဲတွင် မီးမြိုက်ခံရသလို ချွေးသီးချွေးပေါက် များကျနေသဖြင့် ကွတ်အင်္ကျီနှင့် လည်ပင်း က ကြပ်ဖုံးမာဖလာ ကိုပင် ချွတ်လိုက်ရပါတော့သည်။
စားသောက်ပြီးလျှင်ပြီးချင်း သွားရန် ပြောဆိုမည်ဟု စိတ်ကူးထားပါသော်လည်း ကိုဘလှအခြေအနေမှာ ယခုစားသောက် ၍ မပြီးမီပင် သူ့ကိုယ်သူ မထနိုင်ငဘဲ မျက်တောင်များ စင်းနေလေတော့သဖြင့် ကျွန်တော်က...
“ကိုဘလှ ခင်ဗျား ခုလောက်သောက်နေလို့ ကျွန်တော်တို့ ခုညသွားနိုင်ပါတော့မလား''
ဟု ပြောလိုက်ရာ သူသည် မျက်လုံး များကို အနိုင်နိုင် ဖြဲထုတ်ပြီး
''ဗျာ...ခုညသွားမလို့ ဘယ်သွားမှာလဲ၊ ဟားဟား...ဟား ဟား ဒီမှာအိပ်ပေါ့ဗျ၊ ကိုခင်မောင်ညွန့်ရာ၊ ခင်ဗျားအိမ်လို သဘောထားပါ၊ ...ဟဲဟဲဟဲဟဲ''
အနီးရှိကြည်ကြည်နှင့် ခင်မြင့်ကား တခွီးခွီးဖြစ်နေကြသည်။ ကျွန်တော်ကား ပြတင်းပေါက်မှ ဒိုင်ဗင်ထိုး ၍ ချလိုက် ချင်တော့ သည်။ ည ၁၁ နရီကျော်ခန့်တွင် ကိုဘလှနှင့် ကိုကျူးစိန်တို့ နှစ်ယောက်မှာ စကား မျှ မပြောနိုင်တော့ ဘဲ ပက်လက်ကုလားထိုင်များပေါ်တွင် စောင်းခွေယိုင်သွားကြ၍ ကျွန်တော်နှင့် ကြည် ကြည်၊ ခင်မြင့် ပေါင်း ၃ယောက်သာ မတ်တတ်ငုတ်တုတ် ကျန်ကြတော့သည်။
ဤတွင် ကြောင်မရှိ ကြွက်ထ ဆိုသလို ခင်မြင့်နှင့် ကြည်ကြည်သည် ထမင်းပွဲသိမ်းရန် ကျွန်တော့်ကို မထေမဲ့မြင် ပြုကြတော့သည်။ ကျွန်တော့်အား တိရစ္ဆာန်ရုံထဲတွင် မတော်တရော် လုပ်ပြနေသော မျောက်ကိုတွေ့သလို...မကြည့်ချင် မြင်ချင်လျက်သား အမူအရာမျိုးနှင့် ကျွန်တော့်ကို ကြည့်ကြည့်ပြီး သူတို့ချင်း တီးတိုးပြောကာ တခစ်ခစ်ရယ်ကြသည်။
“မြို့အုပ်လောင်းများ မြင်ဖူးအောင် ကြည့်ထားလိုက်ကွ”
“အခါမကောင်းတော့လည်း...ဘယ် ဘိလပ်သွားနိုင်မလဲကွယ်”
''မိဘ က ချမ်းသာတော့ လည်းပင်းကြပ်ပြည့်တာပေါ့ကွဲ့...''
စသည်ဖြင့် ကျွန်တော်ကြားအောင် တမင်လှောင်ကြသည်။ ကျွန်တော်သည် အရှက်ကို တတ်နိုင် သလောက် နည်းပါးအောင် ခြိုးခြံခဲ့သူဖြစ်၍ တော်ရုံတန်ရုံ ချောက်ကျမှုကို ပု၍ ခံနိုင်ပါသည်။ ယခုမူ ကား ကျွန်တော်၏ အရှက်နည်း ဒီဂရီ ကုန်ကျပြီဖြစ်၍ ဆက်လက် ခံနိုင်ရည်မရှိတော့ဘဲ၊ ကိုဘလှ၏ ကား ကိုလည်း မျှော်လင့်စရာမရှိတော့သဖြင့် ဤမြို့၌ ၁၂ နာ၇ီခွဲအချိန်တွင် ဆိုက်ရောက်မည့်ရထားကို လိုက်ရန် ရုတ်တရက် ဆွဲလျက်ထိုင်ရာမှ ငေါက်ခနဲထကာ လှေခါးဆောင်တံခါးကို ဖွင့်ပြီး ကမူးရူးထိုး ဆင်းခဲ့ ပါသည်။ လှေခါးထစ်ဆုးံ ခါနီးတွင်...
“မြို့အုပ်မင်း ကြွတော့မလားရှင့်”
ဟူသော မိခင်မြင့်၏ သရော်သံနှင့် အတူ ဗျောင်းခနဲ တံခါးပိတ်သံကို ကြားရလေ ၏။
အခြားပစ္စည်းများ မပါရင်နေရမည်၊ ဤမာဖလာကား လည်ပင်းက ကြပ်ဖုံးရန်ဖြစ်၍ ကျွန်တော့်အင်္ဂါရုပ် အတွက် ချစ်သူနှင့် တွေ့ရန်တွင် အလွန်ပင် အရေးကြီးလှသောကြောင့် မည်သည့်နည်းနှင့်မျှ ထားမပစ် နိုင်ခဲ့ပါ။ မရ ရအောင် ယူမည်။ ထို့ကြောင့် ကျွန်တော်သည် လှေခါးကို ပြန်တက်ပြီး တံခါးကို ခေါက်လိုက်ပါသည်။
“ဘယ်သူလဲ...”
ခင်မြင့်၏အသံ ထွက်လာသည်။
ကျွန်တော်သည် လည်ချောင်း တစ်ဆို့ဆို့နှင့်...
“အင်း...ငါပါ”
“သြ....မြို့အုပ်မင်း ပြန်လာသကိုး”
ဟု ဆိုကာ တခစ်ခစ် ရယ်ရင်း...
“ဘာများ မေ့ကျန်ခဲ့လို့ပါလဲရှင်...”
“ငါ့မာဖလာ ကျန်ခဲ့လို့...၊ ပေးစမ်းပါ...”
“သြ...ကြပ်ဖုံးမာဖလာ ကျန်ခဲ့တာကိုး၊ အရေးကြီးပေတယ်၊ ပေးပါ့မယ်”
ဟုဆို၍ တံခါး မဖွင့်သေး ဘဲ လျှောက်သွားသော ခြေသံကို ကြားရပြီးနောက် ကြည်ကြည့်နှင့် နှစ်ယောက်သား တခစ်ခစ် ရယ်ရင်း ပြန်လာကြကာ တံခါးကို ဟရုံကလေးဖွင့်၍ ရော့ရှင့်...မြို့အုပ်မင်း ဟုဆိုလျက် တံခါးကြားမှ ထိုးပေး လိုက်၏။
ကျွန်တော်ဘူတာဝင်းအရောက်နှင့် မီးရထားအလာမှာ တစ်ပြိုင်တည်း ဆုံစည်း၍ ဘူတာအတွင်းသို့ လက်မှတ် ယူရန် ပြေးဝင်ခဲ့ရာ မီးရောင်အောက်ရောက်သောအခါ လူ ၄-၅ ယောက်သည် ကျွန်တော့်ကို အထူးအဆန်း သဖွယ်ဝိုင်းအုံကြည့်ရှုနေကြသေးရုံမျှမက ပြုံးစိစိများ လုပ်နေကြသဖြင့် ကိုယ့်စိတ်ကိုယ့် မလုံတော့ ဘဲ၊ သူတို့စိုက်ကြည့်သောနေရာ ကျွန်တော့်ရင်ဘတ်ကို ကျွန်တော် ငုံ့ကြည့်လိုက်ရာ မာဖလာ တစ်ဖက်စမှာ မဲနက်၍နေသည်ကို တွေ့ရသောကြောင့် ရုတ်တရက် ဆွဲဖြေ၍ ကြည့်လိုက်မိသည်တွင် ကျွန်တော်၏ တစ်ကိုယ်လုံး မှာ စကြာဝဠာတံတိုင်းအပြင်သို့ရောက် အောင် ကိုင်ပေါက်ခြင်းခံလိုက်ရသည် ဟု အောက်မေ့ လိုက်မိပါသည်။ အကြောင်းမူကား ထိုအရာ သည် မာဖလာမဟုတ်၊ ပိုးတွန့်လုံချည်ထမီ စုတ်ကလေးဖြစ်နေသောကြောင့်တည်း။ လက်နှစ်ဖက် ပေါ်တွင် ဤပစ္စည်း ကို ဖြန့်တင်ကာ အလွမ်း မင်းသားဆွေးခန်းဖော် သလို ခေါင်းငိုက်စိုက်နှင့် စိုက်၍ ကြည့်နေမိရာ ကျွန်တော့်တစ်ကိုယ်လုံးသည် ကမ္ဘာမြေကြီး ကဲ့သို့ ၂၃ နှစ်ပိုင်း တစ်ပိုင်း ဒီဂရီစောင်း ပြီး ကပြောင်းကပြန် လည်ပတ်နေသည်ဟု ထင်မိပါ၏။
စေ့စေ့တွေးတော့ ရေးရေးပေါ်၊ ဤထမီကို ကျွန်တော်ကောင်းစွာ မှတ်မိပါသည်။ လွန်ခဲ့သော နှစ် နိုဝင်ဘာလ ၁၃ ရက်နေ့ က စကော့မားကက်၊ မြပိုးထည်ဆိုင်မှာ ၆ ကျပ် ၈ ပဲနှင့် ဝယ်၍ မိခင်မြင့်အား ဂေါ်လက်ဆောင် ဆက်ခဲ့ သည်ကို ဒိုင်ယာရီ လှန်မကြည့်ဘဲနှင့် ပြောနိုင်ပါသည်။ ဤလက်ဆောင်ပေး စဉ်က ခင်မြင့်မျက်နှာ အလွန်ချို ပါသည်။ ထမီကလေး ကလည်း ရက်ရက်စက် စက်လှပါသည်။ ဝတ် လိုက်သောအခါတွင် ကြည့်၍ပင် အားမရနိုင်လောက်အောင် ခင်မြင့်နှင့် ပဏာရ လှပါပေသည်။ ယခုမူကား ခင်မြင့်သည် ပျိုရာမှ အိုခဲ့၍ ထမီ ကလေး မှာ နဂိုရ်အသွေးအရောင် နွမ်းပျက်ပြီး မတွေးဝံ့အောင် စွန်းကွက်နေပါပြီ။
မာရ်နတ်၏လည်ပင်းတွင် ရှင်ဥပဂုတ်က ဆွဲပေးလိုက်သည်မှာ ခွေးသေ ကောင်ပုပ်၊ ယခုကျွန်တော့်လည်ပင်းတွင် မိခင်မြင့် ဆွဲပေး လိုက်သည်က ထမီ စုတ် ယုတ်လှတဲ့ကောင်မ၊ လုပ်မှလုပ်ရက်ပလေ မိခင်မြင့်ရယ်၊ ငါဝယ်ပေးတဲ့ လုံချည်နင့်လင် နဲ့ ဝတ်အိပ် လို့ စုတ်ခါမှ ငါ့လည်ပင်းတွင် မာဖလာလုပ်လို့ပေး လိုက်ကရော့ တောက် ရှက်လည်းရှက်၊ ဒေါသလည်းထွက်နှင့် တောက်တစ်ချက် ပြင်းစွာခေါက်လိုက်မိရာ အနီး၌ ဝိုင်းကြည့်နေကြသော လူစုထဲ မှ လူတစ် ယောက်က...
''ကိုယ့်လူ ဘယ့်နှယ် ဘယ်လိုက ဘယ်လိုများ စက်ရာထမှားခဲ့တာလဲ''
ဟု ဆို၍ အခြားတစ်ယောက်က
''ကျွန်တော်တို့ ထမီခြုံဆရာ လို့သာ ကြားဖူးတာ အခုမှ ထမီလည်ပတ်ဆရာတွေ့ရတော့တယ်''
ဟု ပြောပြီး ဝေါခနဲ ဝိုင်း ရယ်လိုက် ကြသည်တွင် ကျွန်တော်မှာ ရှူရှူပေါက်တုန်း လူမိခံရသော မိန်းမပျိုကလေး ကဲ့သို့် လက်ထဲကလုံချည်စုတ် ကို ဖုတ်ခနဲ ပစ်ချပြီးထွက်ခါနီး မီးရထားကြီးဆီသို့ ကသုတ်ကယက် ပြေး၍ ဦးတည်ရာတွဲ တွင် ကမူးရှူးထိုးတက်ကာ လိုက်ပါ လာခဲ့လေ၏။
ခင်မြင့်နှင့် ကြည်ကြည်၏ ရန်စနက်မှာ ဤမျှနှင့်မအေးသေး၊ ရထား ထွက်၍ နာရီဝက်မျှ အကြာတွင် ကျွန်တော့် ဝမ်းဗိုက်ထဲ၌ နောက်ချေးဒီပိုးတစ် ကောင် အရှင်လွှတ်ထားသကဲ့သို့တဂွီးဂွီးတထိုးထိုးနှင့် အမျိုးမျိုးအခံရ ခက်ပါ တော့သည်။ မကြာမီအိမ်သာသို့ ပြေးရပြီး ညနေက သောက်စားခဲ့သော ထန်းရေနှင့် ကြက်သားဟင်း၊ ဝီစကီ တို့ ဒလဟော ထိုးဆင်းပါတော့သည်။ တစ်ခါနှင့်မပြီး နှစ်ခါနှင့်မပြီး၊ ဂဒီးဂဒီး အိမ်သာနှင့်နေရာ ခဏခဏ ကူးက လန်ခတ်နေရသဖြင့် ဘယ့်နှယ်ငါဘာများ အစားမှားမိပါလိမ့်ဟု စဉ်းစားလိုက်ရာ ဘာကိုမျှအထူးမတွေ့၊ ကိုကျူးစိန်က ခိုင်း၍ ကော်ဖီဖျော်ပြီး စပ်ဖြဲဖြဲမျက်နှာ နှင့်ယူလာသော ကြည်ကြည်၏အမူအရာကို မျက်စိထဲ၌ ကွင်းခနဲ မြင် မိတော့ သည်။
ချောကလက်ဝမ်းနှုတ်ဆေးပေါ့။
အင်းလုပ်ရက်တဲ့ ကောင်မတွေ လုပ်ကြပေါ့ကွာ၊ နင်တို့ဆေးကပဲစွမ်းမ လား ငါကပဲယိုနိုင်မလားဟု အသားလွတ်ကြိမ်းကာ အိမ်သာထဲ မှာ မထတော့ဘဲ တစ်ဆက်တည်း ထိုင်နေလိုက်ပါတော့သည်။
မင်းလှဘူတာ လွန်မြောက်၍ လက်ပံတန်းမြို့ ရောက်ခါနီးတွင် အိမ်သာတံ ခါးကို အပြင်းအထန် ခေါက်သံကြားရလေရာ ကျွန်တော့်မှာတစ်ခါယို၊ တစ်ခါနား နှင့်
''နေပါဦး မပြီးသေးလို့ ပါ''
ဟု ညောင်နာနာအသံဖြင့် ပြန်ပြောလိုက်ရာ။
''ဟေ့ဘာညာလို့ရမလဲ၊ မင့်ဥာဏ်ဒါပဲလား လာထွက်ခဲ့''
ဟု တင်းမာသော ဟောက်သံကိုကြားရသဖြင့်
''မဟုတ်ပါဘူး ဗျာ ခင်ဗျားကလည်း ဒေါသကြီးလှချည် လား မပြီးသေးလို့ မပြီးသေးဘူးပြောတာပဲ ဝမ်းနာလွန်းလို့ပါဗျာ၊ ကျွန်တော် ယို လက်စနဲ့မို့ ခင်ဗျားက ခဏအောင့်ပါဦးဗျာ''
သူ့အသံမှာ ပိုမိုဒေါသထွက်လာကာ
''ဟေ့ငါအိမ်သာထဲ ဝင်ချင်လို့မဟုတ် ဘူးကွ၊ လက်မှတ်စစ်ရအောင်လာတာ၊ ငါလက်မှတ်စစ်ကွ မင်းအရိပ်အခြည် ကြည့်ပြီး စောင့်နေတာကြာလှပြီ ဒီနည်းမျိုးနဲ့ ငါဘယ်လိုလုပ်လို့ ရမလဲကွာ။ ထွက်ပြလက်မှတ်''
ကျွန်တော်၏ဖြစ်ပုံ မှာ သူထင်မယ်ဆို ထင်စရာပင် ဖြစ်နေပါတော့သည်။ ထို့ကြောင့် ကျွန်တော်က စိတ်မဆိုးနိုင်ဘဲ...
''သြော်ဒီလိုလား လက်မှတ်စစ်ဆို လက်မှတ်ပြတာပေါ့ဗျာ''
ဟု ခပ်လှောင်လှောင်ကလေး ပြောပြီး အင်္ကျီအိတ်ထဲ၌ လက်မှတ်ကိုနှိုက်လိုက်ရာ မည်သည့်အိတ်ထဲတွင်မှ မတွေ့။ ဟိုက်ချောက်ပဲဟု လွှတ်ခနဲဆိုရင်း ပေါင်မုန့်ထည့်သော လွယ်အိတ်များ ထည့်မိလေရော့လားဟု အောက်မေ့ကာ ထိုင်ရာမှ ကပျာကယာ ထပြီး တံခါးဖွင့်၍ အပြင်ထွက်လိုက် သည်တွင် ဘယ်မှာလဲလက်မှတ်ဟုဆိုလျက် မျက်နှာ ဆိုးဆိုးနှင့် ကြည့်နေသာ အင်္ဂလိုအင်ဒီးယန်း ခေါ် ကုလားလက်မှတ်စစ်တစ်ယောက်ကို တွေ့ရလေ၏။
''နေဦးလွယ်အိတ်ထဲမှာ ရှိလိမ့်မယ်''
ဟု ပြောပြီး လွယ်အိတ်ကိုသွားရောက် ယူငင်ကာ လွယ်အိတ်ကို မှောက်၍ ရှာဖွေသော် လည်း လက်မှတ်ကိုမတွေ့ရ ထမီစုတ်ကို လွှင့်ပစ်ရာတွင် ညပ်ပါသွားဟန်တူပါ သည်။ နံဘေးက လူများလည်း ဝိုင်းအုံကြည့်နေကြ၍ ကျွန်တော့်မှာ အတော်အတန် ရှက်လာပြန်သဖြင့် လက်မှတ်စစ်အား သနားစရာ မျက်နှာကလေးဖြင့် ကြည့်၍
''ကျွန်တော်လက်မှတ် တော့ ယူခဲ့တာပဲဗျာ ဘယ်မှာကျနေရစ်ခဲ့မှန်း မသိဘူး၊ ဆရာပဲ လက်ဖက်ရည်ဖိုး ကြည့်ယူပါတော့ဗျာ''
ဟု အိတ်ထဲမှ သားရေအိတ်ကိုနှိုက်ယူရင်း ထုံးစံအတိုင်း ခပ်တိုးတိုးပြော လိုက်ရာ...
''မင်းကငါ့ဘာကောင်မှတ်လို့လဲ မင့်လက်ဖက်ရည်ဖိုးယူရအောင် ငါလာဘ်စားတဲ့ကောင်များ မှတ်လို့လား''
ဟု သူ့အား လာဘ်စားမှုနှင့် အလုပ်ဖြုတ်ရန် ဝမ်နင်ပေးထားလေသလားမသိ၊ မခံနိုင်မရပ်နိုင် အများကြားအောင် အပြင်း အ ထန်ဟောက်လေ၏။
ကျွန်တော်လည်းစိတ်ဆိုးလာကာ...
''ခင်ဗျားမယူချင်နေပေါ့ဗျ၊ ထုံးစံအတိုင်း နှစ်ဆဒဏ်အရိုက်ခံရုံအပြင် ဘာတတ်နိုင်သေးသလဲ လက်မှတ်မပါလို့ မပါလို့မပါ ဘူးပြောတာဘဲ''
''ဘာလို့လက်ဖက်ရည်ဖိုး ယူပါတွေ ဘာတွေပြောနေရ သလဲ လာဘ်စားတဲ့ကောင် မဟုတ်ဘူး နားလည်လား ဝတ္တရားအတိုင်း ဖမ်းဒဏ်ချ၊ ဒဏ် မဆောင်နိုင် ထောင်သွားရုံပဲ''
ကျွန်တော်လည်းပိုမိုဒေါပွလာကာ
"ဟေ့ဒီမှာမျက်နှာသေသေချာချာကြည့်စမ်းပါကွ ငွေကလေး ၄-၅ ကျပ်နဲ့ ထောင် သွားမယ့် ရုပ်လား၊ လူကြည့်ပြောပါကွ''
ဟုကျွန်တော်သည် ဝမ်းသွား ထားရ၍ အားမရှိသော ကာယဗလကို ဟန်နှင့်ပန်နှင့် လက်သီးလက် မောင်းတန်းကာ ဟောက်လိုက်သည်တွင် နဘေးရှိခရီးသည်များက ကျွန်တော့်အား တကယ်ထိုးဝံ့မည့်ကောင် မှတ်၍ ဝိုင်းဝန်းဖြန်ဖြေကြတော့၏။ ဤတွင်မှ လက်မှတ်စစ်နှင့် ကျွန်တော့် မှာ တစ်ယောက်နှင့်တစ်ယောက် စကားပြောရပ်သွားကြ၍ သူသည် နံဘေးမှရပ်ကာ ကျွန်တော့်အား တရားခံ စောင့်စောင့်နေလေ၏။
လက်ပံတန်းရောက်သောအခါ ကျွန်တော့်အား ဘူတာတွင်းခေါ်သွား၍ ဒဏ်ချစေ၏။ လက်မှတ်စစ် စာ ရေးသည် ဖြတ်ပိုင်းတစ်ခု ကိုရေးကာ ပြည်မှ လက်ပံတန်းအထိ ဒဏ်ငွေ ၃ကျပ် ၈ ပဲ။ လက်ပံတန်း မှ ကြည့်မြင်တိုင် အတွက် ၁ကျပ် ၄ ပဲ၊ ပေါင်း ၄ကျပ် ၁၂ ပဲတောင်းလေ၏။ ကျွန်တော်လည်းဖမ်းလာသော လက်မှတ်စစ်ရှေ့ တွင် မခန့်လေးစားအမူအရာနှင့် မွေးသဖခင်အင်္ကျီထဲမှ အလစ်သုတ်လာခဲ့သော သားရေအိတ်ဖောင်းဖောင်းကြီး ကို စတိုင်နှင့်ဖွင့်ကာ စက္ကူတစ်ထပ်ကြီးကို ဆွဲထုတ်လိုက်လေ၏။
သို့သော် ကျွန်တော် ၏ ခန့်ထည်သောစတိုင်မှာ တစ်စက္ကန့်အတွင်း ကြေမှုန်းပျောက်ကွယ်၍ သွားရတော့သည်။ စက္ကူထပ် ကို မီးရောင်အောက်တွင် ကဖြန့်လိုက်တွင် ရင်ထဲ၌ ဒိတ်ခနဲဖြစ်ကာ ဟိုက် သောက်ကျိုးနည်းရောဟု စိတ်ထဲ မှ ရေရွှတ်မိရင်း ကျွန်တော်၏ခန္ဓာကို မြေမျိုသွားသည်ဟု အောက်မေ့ လိုက်ရ၏။ အကြောင်းမူကား ထိုစက္ကူထပ် သည် ငွေစက္ကူများမဟုတ်၊ မွေးသ ဖခင်၏ ရာမချစ်တီးထံ လယ်အပ်ထားသော အပေါင် လက်မှတ်များ ဖြစ်နေတော့ သည်တကား။
ကျွန်တော်သည် မျက်လုံးပြဲပြဲ၊ သွားကြဲကြဲကလေးနှင့် အိတ်ထဲတွင် ထပ်မံနှိုက်စမ်းပါသော်လည်း ညနေက ရှိနေသော ငွေ ၄ ကျပ်လည်းကုန်၍ ရုတ်တရက် မည်သို့မျှမကြံတတ်။ နဖူးကချွေးကို လက်ကိုင်ပဝါနှင့်သုတ်ရင်း စာရေး အား ရည်စားလူလုခံရသော မျက်နှာကလေးဖြင့်...
''ဆရာ ကျွန်တော် ပိုက်ဆံအိတ်ရယ်လို့ထည့်လာတာ ပိုက်ဆံမပါတော့ဘူး ဘယ့်နှယ့်လုပ်ရပါ့။ ဘယ့်နှယ့် လုပ်ရမလဲ''
''အချုပ်ခန်းသွားရုံပေါ့''
ဟု လက်မှတ်စစ် ကုလားဗိုလ်က အောင်မြင်စွာဟောက်လိုက်သည်။
လက်မှတ်စာရေး ကလည်း ပိုက်ဆံမပေးနိုင်ရင်တော့ ဒါပဲရှိတာပဲဟု အေးစက်စက် အားရှိစရာ ပြောလိုက်၏။ ကျွန်တော် လည်း မည်သည့်နည်းနှင့်မျှ လက်ပံတန်းအချုပ်ခန်းထဲတွင် မနေနိုင်။ နက်ဖြန်နံနက် စတယ်လာ တို့အိမ်ကို မလွဲတမ်းရောက်ရှိရမည်။ တစ်ရက်၊ တစ်နာရီ၊ အို တစ်စက္ကန့်မျှ မဆိုင်းနိုင်။ ထို့ကြောင့် ၄ကျပ် ၁၂ပဲ ရရှိ ရန် ရုတ်တရက် ကျောင်းသားဖော်မြူလာနည်းကို သုံးလိုက်ရတော့သည်။
ကျွန်တော့်ကိုယ်၌ ပါသောပစ္စည်းများကို စိစစ်လိုက်သော်။ ၁။ လက်ပတ်နာရီတစ်လုံး။ ၂။ ပလေဇာကုတ်တစ်ထည်။ ၃။ လုံချည်တစ်ပတ်နွမ်း။ စပို့ရှပ်အဟောင်းနှင့် အတွင်းခံဘောင်းဘီတစ်ခု။
နံပတ်(၁) ကို စဉ်းစားလိုက်သော် ၄ ကျပ် ၁၂ ပဲနှင့် ထားမပစ်ခဲ့နိုင်။ နံပတ်(၃)ကား သုံး၍မဖြစ်။ နံပတ်(၂)နှင့်သာ သင့်လျော်သည်။ ထို့ကြောင့် ကျွန်တော်သည် ကုတ်အင်္ကျီကို ချွတ်ကာ လက်မှတ်စာရေးအား ပြ၍
''ကဲဆရာ၊ မတတ်နိုင်တော့ဘူး။ ကျွန်တော့်ကိစ္စကလည်း အရေးကြီးနေလို့ ဒီ ၁၅ ကျပ် ၈ ပဲပေးရတဲ့ အကျီင်္ကို ၁၀ ကျပ်နဲ့ထား ယူလိုက်ပါ''
ဆောင်းဦးပေါက်စ ဘလေဇာကင်းမဲ့နေသေးသော စာရေးသည် အကျီင်္ကို ဝတ်ကြည့်ပြီး၍ သူနှင့် အံကိုက်ဖြစ်နေကြောင်း တွေ့ရသောအခါမှ ထုံးစံအတိုင်း မနှစ်သက်သော အမူအရာနှင့် ငြင်းဆန်ပြီးသည် ၏ နောက်ဆုံး၌ ၅ ကျပ်နှင့် အရောင်းအဝယ်တည့်ကြလေ၏။
ကျွန်တော်လည်း ကွတ်အကျီင်္မပါတော့ဘဲ စပို့ရှပ်အဟောင်းကလေးနှင့် လွယ်အိတ်အနွမ်းကလေးကို လွယ်ကာ ထွက်ခါနီး ဥသြပေးနေသော မီးရထား ဆီ သို့ ပြန်လာခဲ့၍ ပထမတွဲကို ပြန်မတက်တော့ဘဲ အဆင်သင့်ရာ အခြား တွဲတစ်ခု တွင် လိုက်ပါခဲ့လေ၏။
ဤတွဲရှိလူများ အားလုံးမှာလိုလိုပင် အိပ်နေကြ၍ ကျွန်တော်သည် ခုံရှည်ပေါ်တွင် တခေါခေါနှင့် အိပ်နေသော မိန်းမဝဝကြီး အနီး ထိုင်ခုံကလေးပေါ် တွင်ထိုင်ကာ ချမ်းစိမ့်စိမ့်ရှိလှသည်နှင့် ဟန်မလုပ် နိုင်ဘဲ ပုဆိုးခြုံ၍ ခပ်ပုပု ကလေး ကွေးနေလိုက်လေ၏။
ပုဆိုးခြုံ၍ နွေးမည်မျှမကြံရသေးမီ ခင်မြင့်နှင့် ကြည်ကြည်တို့၏ မေတ္တာလက်ဆောင် ဝမ်းနှုတ်ဆေး သည် နောက်ဆက်တွဲ ဗလောင်ဆန်လာပြန် သည်နှင့် အိမ်သာသို့သွားရပြန်လေ၏။ အိမ်သာတံခါးကို ဆွဲအဖွင့် လိုက်တွင် တံခါးမှာပွင့်မလာဘဲ ''အိုဘာလဲ လူရှိတယ်ရှင့်'' ဟု တယ်မူမမှန်လှသော မိန်းမသံ တစ်ခုပေါ်ထွက်လာပြီး ခဏကလေး အတွင်းမှာပင် အသက်၂၀ ခန့် မိန်းမတစ်ယောက် ပြူးတူးပြဲတဲနှင့် ထွက်လာလေ၏။ ကျွန်တော်ဝင်၍ အထိုင်လိုက်တွင် အိမ်သာတစ်ဖက်ထောင့်၌ အဝတ်ပုံတစ်ခုကို တွေ့ရှိ၍ မနေနိုင်မထိုင်နိုင် မီးရောင်အောက်တွင် ဖြန့်ကြည့်လိုက်ရာ ကောင်းမွန်သစ် လွင်သော ကတ္တီပါနက်ပြာရောင် မိန်းမဝတ် ကွတ်အကျီင်္တစ်ထည်ဖြစ်ကြောင်း တွေ့ရလေ၏။
အင်း ဧကန္တမအဝှာ နောက်ဖေးသွားရင်း အကျီင်္ဘေးချွတ်ထားတုန်း ဗြုံးဆို ဒီတံခါးဆွဲဖွင့်လိုက်တာနဲ့ လန့်ထပြီး အကျီင်္တောင် ပြန်မကောက်နိုင်ဘဲ၊ ပြူးတူးပြဲတဲ ရှက်ကိုးရှက်ကန်းနဲ့ ထွက်လာတာကိုး ဟု တွေး၍ပြုံး မိလေ တော့ သည်။
ခုလောက်ရှိ သူ့ကွက်အကျီင်္ သတိရပြီး ပြန်ယူဖို့များ အပြင်ကများစောင့်နေ ရောလား။ မစောင့်လဲ ငါသွားပေးလိုက် မှပဲ ဟု စိတ်ကူးပြီး ကျွန်တော်အိမ်သာ မှအ ထွက်တွင် အကျီင်္ကို ယူခဲ့လေ၏။
ထိုမိန်းမ မှာ သူ့အကျီင်္ကို သတိရဟန်မတူ ထောင့်တစ်ထောင့်တွင် အေးဆေးစွာ အိပ်နေသည်ကို တွေ့ရသဖြင့် အနီးသို့လျှောက်သွားကာ...
''ဗျို့မအဝှာ ဒီမှာ ခင်ဗျားအကျီင်္ အိမ်သာထဲမှာ ကျန်ခဲ့တာရော့''
ဟု ဆိုလိုက်သည်တွင် ထိုမအဝှာ သည် မျက်စိပြူးတူးပြဲတဲနှင့် ရုတ်တရက် ထထိုင်ကာ
''ဘာ ဘယ္ကကၽြန္မအက်ီၤ ဟုတ္ရမွာ လဲ''
ကျေးဇူးမတင်သည့်အပြင် သဘောမကျဟန် နှင့်ပင် ငြင်းပြန်သေး ၏။
''ခင်ဗျားထွက်သွားတော့ အိမ်သာ ထဲမှာတွေ့တာ ခင်ဗျားမေ့ကျန်ခဲ့တယ် မှတ်လို့''
''ဘယ်ကလာ ဟုတ်ရမှာလဲ''
''ဟင်ဒါဖြင့် ဘယ်သူ့ဟာပါလိမ့်''
''မသိတော့လား ရှင်တွေ့ ရှင်ယူပေါ့''
အေး ဒီလိုဆို လည်း အဟန်သား ကိုယ့်အကျီင်္မရှိလို့ ချမ်းနေတာနဲ့ အဆင်သင့်ပဲ ဟု သဘောပေါက်ပြီး ပြန်ခဲ့၍ မိန်းမဝတ်ပင်ဖြစ် လင့်ကစား ချမ်းအေးလှသည်နှင့် ခါးတိုကလေးကိုဝတ်ကာ ဒူးနှစ်လုံးပေါ် လက်တင်လျက် ငုတ်တုတ် အိပ်လိုက်လေ၏။
မည်မျှကြာအေင် အိပ်ပျော်သွားသည်မသိ ကျွန်တော့်လည်ကုပ်ကြမ်းတမ်း စွာ ဆွဲကိုင်လျက်
''မအေးပေး ဂျပိုး သူခိုး ငါ့အကျီင်္ ယူဝတ်ထားတယ် ခုချွတ်''
ဟု ပြောလိုက်သော ဒေါသသံကိုကြားမှ ရုတ်တရက်လန့် ဖျပ်ကာ တရားခံနိုးနိုး ရလေ၏။ မျက်စိကိုမျှ မပွတ်နိုင်ဘဲ ငေါက်ခနဲ မတ်တတ်အရပ်လိုက်တွင် စောစောက ကျွန်တော့် အနီး ၌ တခေါခေါနှင့် အိပ်မောကျနေသော အဒေါ်ကြီးသည် မျက်လုံးပြူးပြူးနှင့် လက်နှစ်ဖက်ကို ခါးထောက်ကာ
''နင်က ဘာကောင် လဲ ငါ့အကျီင်္ဘာလို့ယူဝတ်ရတာလဲ ခုချွတ်ပါ ဘာမှတ်လို့လဲ''
ဟု ကိုက်စားမတတ် မျက်နှာကြီးနှင့် ဒေါသတကြီးပြောနေသည် ကို တွေ့ရလေ၏။
အခြားလူများလည်း သူ့ဒေါသသံကြီးကြောင့် အိပ်ရာမှ နိုးလာကြကာ မြင်မတော် ဆင်မတော် ဝတ်ထားသော ကျွန်တော့် စတိုင်နှင့် သူ့လင်မယားငယ် လက်ပူးလက်ကြပ် မိသလောက် မျက်နှာပေါက် ဆိုးနေသော အဒေါ်ကြီး ကို ဝိုင်းဝန်းကြည့်ရှုနေကြလေ၏။ ကျွန်တော်လည်း ရုတ်တရက်အံ့သြလန့်ဖျပ် ကာ..
''မဟုတ်ဘူးဒေါ်ဒေါ် ကျွန်တော်အိမ်သာထဲက တွေ့ခဲ့ရလို့''
''ဘာနင်အိမ်သာ ထဲကတွေ့ခဲ့တာလဲ ငါနံဘေး ချွတ်ပြီး ချထားတာ နင်ရူးသလား ပေးခုချွတ်''
''မဟုတ်ဘူး ဒေါ်ဒေါ်မယုံရင် ဟောဟိုမိန်းမမေးကြည့်ပါ''
ဟု ပြော၍ ကျွန်တော် အကျီ်စ သွားပေးခဲ့သော မအဝှာကိုကြည့်လိုက်ရာ ထိုမိန်းမတွဲပေါ်၌ မရှိတော့ချေ။ ကိုယ့်အပြောနှင့် ကိုယ် ကြောင်စီစီဖြစ်ကာ...
''ဟင်မရှိတော့ဘူး ဒီမိန်းမ ဘယ်တုန်းကများ ဆင်းသွားပါလိမ့်အဟုတ်ပါ အဒေါ်ရဲ့၊ ကျွန်တော်အိမ်သာ ထဲက တွေ့တာနဲ့ ဥစ္စာရှင်ပေါ်တော့ ပြန်ပေးမယ်ဆိုပြီး ချမ်းလွန်းလို့ ဝတ်ထားတာပါ''
ဟု ပြောပြီး အကျီင်္ကို ချွတ်ပေးလိုက်ပါသည်။ မိန်းမကြီးသည် ဒေါသတကြီးနှင့် ဆတ်ခနဲဆောင့်ဆွဲယူကာ အကျီင်္အိတ်တွေ ကို နှိုက်ကြည့်ပြီး မျက်လုံးပြူးလာကာ...
''ဘာ နင်ပရိယာယ်တွေ လုပ်နေတာလဲ အိတ်ထဲက ငွေတွေလည်းမရှိတော့ဘူး။ နင် သူခိုး… ပုလိပ် လက် အပ်ရမယ်၊ ဘယ်မှ မသွား နဲ့''
ဟု ပြောလိုက်လေ၏။
ကျွန်တော့်မှာ ထ၍ခုန်မိမတတ် လန့်ဖျပ်သွားကာ မျက်လုံးများ ပြာလျက်…
"ဘာ… ငွေမရှိတော့ဘူး။ ကျွန်တော် ဘာမှမတွေ့ဘူး။ အင်္ကျီချည်းပုံ့ပုံ့ကလေး အိမ်သာထဲမှာ တွေ့တာ ပဲ"
"ဘာ… အိမ်သာ ထဲမှာ တွေ့တာလဲ၊ နင့်ဉာဏ် ဒီလောက်ပဲလား၊ ငါ့အင်္ကျီကြေမှာစိုးလို့၊ ချွတ်ပြီး နံဘေး ထား အိပ်တာ… နင်က ငါ့အနားမှာ ထိုင်ပြီး ငါ့အင်္ကျီဝတ်ထားတာတွေ့ရတယ်… အိတ်ထဲက ပိုက်ဆံမရှိ တော့ဘူး။ ဒါ… နင် မယူ ဘယ်သူယူမလဲ…"
ဟု ပြောပြီး နံဘေးက လူများဘက်သို့လှည့်ကာ…
"ဒီမှာရှင့်… ရှင်တို့မြင်တဲ့ အတိုင်းပဲ မှတ်ထားကြပါ။ သူလည်း ဘယ်မှမသွားပါစေနဲ့၊ ရှေ့ဘူတာ ရထား ရပ်ရင် ပုလိပ် လက် အပ်ရပါလိမ့် မယ်"
ဟု စီရင်ချက်ချလိုက်လေ၏။
ချမ်းအေးလှသည့်အထဲ၌ပင် ကျွန်တော့်နဖူးမှာ ချွေးများကျလာ၍ မျက်စိထဲတွင် ပုလိပ်၊ လက်ထိပ်၊ ဂါတ်တဲတို့ကို အစီအရီမြင်လာကာ အဒေါ်ကြီးအား သေခါနီး မျက်နှာကလေးနှင့် တောင်းပန်လျက် ဖြစ် ကြောင်းရယ်တဲ့မှ ကုန်စင်ကို နံဘေးက လူများပါ သနားလာအောင် ရှင်းပြရပါတော့သည်။
ဤတွင်မှ လူအချို့သည် ကျွန်တော့်ဘက်က ယုံကြည်လာ၍ တစ်ယောက်သောသူက…
"ခင်ဗျား ပြောတဲ့ အတိုင်းဆိုရင်တော့ ခင်ဗျားမယူတာ မှန်တယ်။ ဟိုမိန်းမဖြစ်မှာပဲ။ သို့သော်လည်း အဲဒီ မိန်းမက မရှိတော့ဘူး။ ပစ္စည်းကလည်း ခင်ဗျာ့ကိုယ်မှာ အထင်ကရတွေ့နေတယ်ဆိုတော့… ပုလိပ် ရယ်၊ လက်ထိတ် ရယ်၊ ခင်ဗျား ရယ် အမြွှာပူးဖြစ်နေပြီဗျ…။ အဲဒီတော့ ခင်ဗျားက အဒေါ်ကြီးငွေကို ကြံ ဖန်ပြီး ပေးလိုက်…၊ သူ့ခမျာ ဟုတ်ဟန် လည်း မတူပါဘူး"
အဒေါ်ကြီးက ခါးထောက်ရင်း မျက်နှာရှုံ့ကာ…
"ကိုယ့်ပစ္စည်း ကိုယ့်အစုံအစေ့ရရင်တော့ ဘာသောက်မှုလုပ်စရာ ရှိသလဲ…"
နံဘေးက လူက
"ခင်ဗျာ့ငွေဘယ်လောက်လဲ…"
အဒေါ်ကြီးသည် အနည်းငယ်မျှ မျက်လုံးကစားပြီးမှ "ငါးဆယ်" ဟု ပြောလိုက်၏။
စင်စစ်မှာ သူ့အမူအရာကို အကဲခတ်ခြင်းအားဖြင့် ဤမျှဟုတ်ဟန်မတူပါ။ သို့သော် သူ ပြောသမျှ ဟုတ် ရမည်ဖြစ်သောကြောင့် ကျွန်တော်မှာ တစ်စုံတစ်ရာ မငြင်းဆိုနိုင်သည့်အပြင် ၉၇ ကျပ် ၈ ပဲ ပေးရသော ဝါတာပရု(ဖ်) ညကြည့် အဲလ်ဂျင်နာရီ အသစ်စက်စက်ကလေးကို တောင်းတောင်းပန်ပန် ပေးအပ်ခြင်း ဖြင့် နံဘေး က လူများ၏ ထိုက်တန်ကြောင်း တိုက်တွန်းချက်အရ ကျေနပ်သွားသည်ကိုပင် သူ့အား အထူး သဖြင့် ကျေးဇူး တင်ရပါတော့သည်။
ယခုအခါ၌ ကျွန်တော်မှာ ခင်မြင့်၊ ကြည်ကြည်တို့၏ ပယောဂကြောင့် အရေးကြီးသော ကြပ်ဖုံးမာဖလာ ဆုံးခဲ့၍၊ ကုတ်အင်္ကျီလည်း လက်ပံတန်း ဘူတာတွင် ချွတ်ခဲ့ရပြီး၊ မွေးသဖခင် တညည်းညည်းတညူညူ နှင့် ဝယ်ပေး ထားသော နာရီအသစ်စက်စက်ကလေးကိုလည်း အဒေါ်ကြီးအား အပ်ခဲ့ရချေပြီ။ တစ်ည လုံး ဝမ်းသွားရ၍ အားလည်း မရှိတော့ပြီ။ "ဖြစ်သမျှ အကြောင်း အကောင်းချည်း" ဆိုသော စကားမှာ ကျွန်တော့်အား တမင်သက်သက် လှောင်ဖို့ ထင်ပါသည်။ စင်စစ် ကျွန်တော့်အဖို့ ဘာမျှမကောင်းပါ။ နောက်ထပ် မည်သို့များ ဖြစ်ချေဦးမည်နည်း။ စတယ်လာ တို့ သားအမိနှင့်တွေ့ လျှင် ကျွန်တော့်ဖြစ်ပုံကို မည်သို့ပြောပါမည်နည်း။ မဖြစ်စဖူး မချိတင် ကဲ ဝမ်းနည်း ပက်လက် တွေးတောရင်း နံနက်လင်းအားကြီး အချိန်တွင် ကြည့်မြင်တိုင်ဘူတာသို့ ရောက် ခဲ့လေ၏။
နဂိုရ်ကမှ မသန်စွမ်းသော ကိုယ်ကာယတွင် တစ်ညလုံး ဝမ်းသွားထားရသောကြောင့် ခါးချည့် ယိုင်နွဲ့နေ သော ခြေလှမ်း များဖြင့် ပိုးလုံချည်အနွမ်းကလေးနှင့် စပို့ရှပ်နောက်ကျောပေါက်ကလေးကို ဝတ်ဆင် ကာ၊ လွယ်အိတ် အဟောင်းကိုလွယ်၍၊ ရထားပေါ်က ဆင်းလာရသော ကျွန်တော့်မှာ တောသူဌေး ဦးကြံဘော် ၏သား ကျော်စံကေးနှင့် လားလားမျှ မတူ။ ထမင်းသုံးရက်မျှ မစားရသော သူတောင်းစားနှင့် တူပါတော့သည်။
ဘူတာမှလျှောက် လာခဲ့၍ ဝါးခယ်မလမ်း ကုန်းမြင့်ထိပ်သို့ရောက်သောအခါ ပတ်ဝန်းကျင်ကို မျှော်ကြည့် လိုက်မိပါသည်။
ဆောင်းဥတုနံနက်ခင်း၏ တမျှဉ်းမျှဉ်းကျလျက်ရှိသော ဆီးနှင်းများသည် လူသူအပေါင်း တို့ စွန့်ခွာသွားသောကြောင့် ဝမ်းနည်းပက်လက် ငိုယိုနေသော ရန်ကုန်မြို့ကြီး၏မျက်ရည်ပေါက်များ နှင့် တူတော့သည်။ အိမ်တိုင်းစေ့ အပေါက်များပိတ်၊ သော့ခလောက်ချိတ်ကာ၊ လူသံ သူသံ ကျေးငှက် သံတို့ မရှိတော့ဘဲ အစာရေစာ ငတ်ပြတ်သဖြင့် ဟိန်းဟောက်ညည်းညူ အူဆူ၍နေကြသော ခွေးသံများ သာ အရပ်လေးမျက်နှာ မှ မသာမယာပေါ်ထွက်နေကြသည်။
"စတယ်လာတို့ မှ ရှိပါတော့မလား" ဟု လေးလံသောစိတ်နှလုံးဖြင့် ကုန်းပေါ်မှ ဆင်းအလာတွင် ခွေးနှစ် ကောင် သုံးကောင်သည် ကျွန်တော့်ဆီသို့ ပြေးလာပြီး၊ လွတ်အိတ်ထဲမှာပါလာသော ကြက်သားကြော် ပေါင်မုန့်နံ့ ကို ခံကာ အစာတောင်းကြတော့သည်။ ကျွန်တော် က တောက်တစ်ချက်ခေါက် ၍ မောင်းလိုက် သည်ကို သူတို့ ဂရုမစိုက်။ ၂ ချက် ၃ ချက်မျှ ဆက်ခေါက်မိလျှင် ရှိရင်းခွေးများ မသွားရုံမျှ မက၊ နောက် ထပ်ခွေးများပင် အမြီးနှံ့ကာ ဝိုင်းအုံလာကြပါတော့သည်။ ဤတွင် သူတို့ကို အပြစ်မဆိုသင့်ပါ။ လူနှင့် ခွေး ဆက်ဆံမှုတွင် တောက်တစ်ချက် ခေါက်ခြင်းသည် သူတို့ကို မောင်းနှင်ခြင်းဖြစ်၍ တစ်ချက် နှစ် ချက်မက ဆက်ခေါက်ခြင်းသည် သူတို့ကို လာရန် ခေါ်ငင်ခြင်းဖြစ်နေပါသည်။ ယင်းသည်ကို ကျွန်တော် သတိမပြုမိ ဘဲ ခွေးလာလေ… တောက်ခေါက်လေ၊ တောက်ခေါက်လေ ခွေးလာလေနှင့် နောက်ဆုံးတွင် များစွာသော အစာပြတ် အငတ်ခွေးထုသည် ကျွန်တော့်အား လမ်းသွားမဖြစ်အောင် ဝိုင်းရံပိတ်ဆို့လိုက် ပါတော့သည်။
မည်သည့် အခါမျှ သူတို့ချင်း မတည့်၊ တွေ့လျှင် တစ်ကောင် တစ်ကောင် ကိုက်လေ့ရှိသော ခွေးထု သည် ယခုအခါ၌ အံ့သြဖွယ်ရာ အစာငတ်ကြသည်နှင့် အချင်းချင်း ရန်မမူကြတော့ဘဲ ကျွန်တော့်ကို သာ အမြီးနှံ့ကာ နားရွက် စူကာနှင့် အစာပေးရန် အရေးဆိုကြတော့သည်။ ခွေးထုအလယ်၌ ဓနရှင်ဖြစ် နေသော ကျွန်တော်သည် ဓနရှင် ပီပီ အကြိမ်ကြိမ် ခြိမ်းခြောက်မောင်းမဲကာ မိရာခွေးများကို ခြေဖြင့်ကန် ရင်း
"နင်တို့ပေးမလားဟေ့… ငါ စားဖို့ သက်သက် ယူလာခဲ့တာ၊ ငါ့နာမယ် လူစင်စစ်က ခွေးဆိုးတဲ့ဟေ့၊ နင်တို့ထက်မိုက်တယ် မှတ်လိုက်ပါ"
ဟု ကြိမ်းဝါးပြီး လွတ်အိတ် ကို လက်တစ်ဖက်နှင့် အပေါ်မြှောက် လျက် ဘက်လှည့်ညာကန်ဖြင့် ပတ်ပတ်လှည့်၍ အငတ်တပ် ခွေးထုအပြင်ဘက်ထွက်ရန် ကြိုးစားပါ သည်။
ခွေးထုလည်း အနုနည်းနှင့် မရလျှင် အကြမ်းတွယ်မှပဲဟု ဆုံးဖြတ်ကြကာ ကျွန်တော့်လုံချည်စ ကို ပတ်ပတ်လည် မှ ဝိုင်းဝန်းကိုက်ဆွဲကြပါတော့သည်။ ကျွန်တော့်မှာ ပုဆိုးကိုင်ရ၊ လွယ်အိတ်မြှောက်ရ နှင့် နဂိုရ် ကပင် အားကုန်ခမ်းနေပြီဖြစ်သဖြင့် နောက်ဆုံးတွင် လုံချည်ကျွတ်၍ ပါသွားပါတော့သည်။ သူတို့ ကိုက်ဖြဲပစ်ကြသည်နှင့် ပုဆိုးမှာလည်း ရစရာမရှိတော့ပါ။ ကျွန်တော့် ကိုယ့်မှာ မျှော့ကြိုးပတ် ဘောင်းဘီတို ညစ်ထပ်ထပ်ကလေးသာ ကျန်ခဲ့၍ ကြာလျှင် လူ့အသားကိုပင် ဝိုင်းဝန်းကိုက်ခဲကြတော့ မည် စိုးရသဖြင့် ပေါင်မုန့် တစ်လုံးကို နှမြောစွာနှင့်ပင် ပစ်ပေးလိုက်ရပါတော့သည်။ ဤတွင်မှ ခွေးထု သည် ပေါင်မုန့်ကို ဝိုင်းဝန်း လုယက်နေကြသဖြင့် ကျွန်တော် စတယ်လာတို့အိမ်ဆီသို့ သုတ်ခြေတင်လာ နိုင်ပါတော့၏။
လူသူတစ်ယောက်မျှ မတွေ့သဖြင့် တစ်လမ်းလုံး တိတ်ဆိတ်လှသဖြင့် "ရှိမှ ရှိပါ့မလား" ဟု ရင်တ ထိတ်ထိတ်နှင့် ကျွန်တော့် တစ်ကိုယ်လုံး တွင် သူတောင်းစားလောက်မှမပြောင်အောင် ရုပ်ပျက်ဆင်း ပျက်ဖြစ်နေသည်ကို စတယ်လာ တို့နှင့်တွေ့လျှင် မည်သို့ပြောရမည်နည်းဟု စိတ်ကူးလာခဲ့ရာ၊ စတယ် လာတို့ အိမ်ရှေ့အရောက်တွင် အိမ်ရှေ့တံခါးပေါက်မှ အစိတ်သားခန့်သော့ခလောက်ကြီးသည် ကျွန်တော့်မျက်နှာကို ဆီး၍ ပေါက်ပါတော့၏။
မြင်ရုံနှင့် မကျေနပ်နိုင်သေးဘဲ၊ အိမ်ပေါ်သို့ အပြေးကလေးတက်ပြီး တံခါးကို တွန်းကြည့်မိရာ၊ နံဘေး နံရံပေါ်တွင် "ခရမ်းသုံးခွ၊ ကိုကျော်လှဆီသို့ လိုက်သွားသည်" ဟု ရေးသားထားသည်ကို တွေ့ရသ ဖြင့်…
"တောက်… လူ့အကြံ ခွေးဦးသွားပေါ့" ဟု တောက်တစ်ချက် ခေါက်၍ ညည်းလိုက်ရာ ခွေးနှစ်ကောင်သည် ရုတ်တရက်ပေါ်လာသဖြင့် နောက်ထပ် ထပ်မခေါက်ဝံ့တော့ဘဲ ဆိတ်ငြိမ်၍ နေရပါတော့သည်။ ဤတွင် နောက်ဆီမှ…
"ဟေ့ ကိုကျော်စံကေး… ခင်ဗျား ဘယ့်နှယ်ဖြစ်လာတာလဲ၊ ခင်ဗျား နောက်ကျသွားပြီ ကိုကျော်လှ ဦး သွားပြီဗျ…၊ မနေ့က ခင်ဗျာ့လိုလဲ ဆုတ်ပြန်ဖြစ်သွားတဲ့ ငနဲတွေ ၃-၄ ယောက်ပဲ…၊ ဒါထက် ခင်ဗျားက အဝတ်အစားတောင် မရှိတော့လောက်အောင် ဘယ်လိုဖြစ်တာလဲဗျ"
ဟု မေးသံကို ကြားရသဖြင့် လှည့်ကြည့်လိုက်ရာ၊ ပြေးချင်လျက် မပြေးရသေးဖြစ်နေသော မီးရထားဂါတ်ဗိုလ် ကိုတင့်ကြီးကို မြင်ရ ၍…
"ဟာ… ဖြစ်ပုံတော့ မပြောပါနဲ့တော့ဗျာ၊ အဖြစ်ဆိုးလွန်းလို့ စိတ်ညစ်တာနဲ့ တောက်ခေါက်လိုက်ပါ တယ်…၊ ခွေးတွေ သာ လာတော့တယ်"
"ဟာ… ဒါဖြင့် တောက်မခေါက်နဲ့တော့ဗျာ၊ အသာလာခဲ့တော့… ဘုရားကြီးသွားကြစို့ရဲ့၊ ဒီနေ့ ၁၀ နာရီ ဂျပန် ဗုံးလာချဦး မလို့တဲ့"
ဟု ပြောသဖြင့် ကျွန်တော်သည် ကိုတင့်ကြီးနှင့်အတူ ဘုရားကြီးသို့ သုတ်ခြေ တင်ခဲ့ရပါ သတည်း။
သော်တာဆွေ
ရွှေစင်ဦး ဘလော့ဂ်ကနေ ကူးယူပါတယ်။ ဆရာမရွှေစင်ဦးကို ကျေးဇူးတင်ပါတယ်။
Comments
Post a Comment