တစ်ကိုယ်လုံး ပစ်ထည့်လိုက်သည့် အတိုဆုံးခေတ် 🖋 ဂျက်ကွမ်းခြံကုန်း
တစ်ကိုယ်လုံး ပစ်ထည့်လိုက်သည့်
***************************
အတိုဆုံးခေတ်
*************
ဂျက်ကွမ်းခြံကုန်း
(တစ်)
အင်မတိ အင်မတန်မှကိုပင်လျှင် မင်္ဂလာအပေါင်းနှင့် ခ,ညောင်းလှပါပေသည်ဟူ၍ သပ္ပူရိသ အနွယ်ဝင် သူတော်စင်အပေါင်းတို့က ကောင်းချီးထောမနာပေးမှုကို ခံရရှာလေသော ကျွန်ုပ်တို့၏ ၂၀ ရာစုခေတ်ကြီးသည်ကား ဆန့်ငင်ဆန့်ငင် ဖြစ်၍ နေရှာပါပြီ။ ဟုတ်ကဲ့။ ဘာမှ မကြာလတ္တံ့ သော ကာလတိုကလေး အတွင်းမှာပင် ရာစုအသစ် ၂၁ ကြီးက ကျွန်ုပ်တို့၏ ကမ္ဘာမြေကြီးပေါ်ကို ဖုတ်ခနဲဆိုသလို ပြုတ်လွှဲ၍ ကျလာပါတော့မည်။ အနှီသော အခါသမယ ၂၀ အထွက် ၂၁ အဝင် သောင်မတင် ရေမကျ စပ်ကူးမတ်ကူး ကာလကြီးထဲတွင် ကျွန်ုပ် ဆရာကြီးဂျက်ကွမ်းခြံကုန်းတို့၏ စာပေလောကကြီးသည်ကား အတော်ကလေးပင်လျှင် ထူးခြား၍ နေပါဘိသည်။
ယင်းမှာကား ကျွန်ုပ်တို့၏ မြန်မာဝတ္ထုတို လောကကြီးသည် တစ်ခေတ်ပြောင်း၍ နေခြင်းပါပေတည်း။ ဟုတ်ပါရဲ့။ ဂျက်တို့၏ ဝတ္ထုတိုလောကကြီးသည် တကယ့်ကိုပင် တစ်ခေတ်ပြောင်း၍ နေခဲ့ပါလေသည်တည့်။
(နှစ်)
ယခုကာလ သမယသည်ကား အတော့်ကိုပင် အတိုကြိုက်သော ကာလဟု ဆိုသော် ရနိုင်ကောင်းစွာ၏။ မိန်းမ ကြီးကြီး ငယ်ငယ်တွေ ဆံပင်တိုတို ညှပ်ကြလေကုန်၏။ ကောင်မလေးတွေ စကတ်တိုတို ဝတ်ကြလေကုန်၏။ ကောင်ကလေးတွေ ဘောင်းဘီတိုတို ဝတ်ကြလေကုန်၏။ ယင်းမျှသာမက အနို့ကလို သို့ကလို ဂယက်လှိုင်းများနှင့်အတူ ဂျက်တို့၏ အနုသုခုမ စာမျက်နှာများပေါ်မှာ ဝတ္ထုတိုများသည်လည်း တိုလို့ စွမ်းနိုင်သမျှ အတိုချုံးကာ အတိုဆုံး ဝတ္ထုများအဖြစ်ဆီသို့ ဒုန်းစိုင်း ပြောင်းလဲလျက် ရှိကြလေကုန်၏။
ဂျက်မှတ်မိသလောက် ပြန်ပြောရလျှင် အတိုဆုံး ဝတ္ထုတို့၊ တစ်မျက်နှာဝတ္ထုတို့ ဆိုသည်မှာ အခုမှ မဟုတ်ပါလေ။ ဟိုး မဆွကပင်လျှင် ရှိခဲ့ဖူးသော ဝတ္ထုတို ပုံသဏ္ဌာန်များ ဖြစ်ကြပါလေသည်။ ၁၉၅၂ ခုနှစ် မတ်လထုတ် ရှုမဝမဂ္ဂဇင်းထဲတွင် ပါဝင်သော ''ချစ်မေမေ'' ဟူသည့် ဝတ္ထုကို ဂျက် အမှတ်ရမိပါသေး၏။
''ကိုရီးယား စစ်မျက်နှာရှိ အမေရိကန် စစ်သားတစ်ဦးထံသို့ သူ၏ ရည်းစားထံမှ သံကြိုးတစ်စောင် ရောက်လာ၏။ မစောင့်နိုင်လို့ ရှင့်အဖေကို လက်ထပ်လိုက်ပြီ။ ချစ်မေမေ။''
ညောင်ဦးသား စာရေးဆရာ၏ ဝတ္ထုက ထိုမျှသာ ဖြစ်ပါသည်။ ဘာလိုလိုနှင့် ထိုဝတ္ထုကလေးပင် အနှစ် ၅၀ ပြည့်တော့မည်။ ဟော... ခုတော့ဖြင့်တစ်ခါ ဂျက်တို့၏ စာမျက်နှာတွေပေါ်မှာက တစ်မျက်နှာဝတ္ထုတိုတဲ့။ အတိုဆုံးဝတ္ထုတဲ့။ ထိုမျှနှင့် ဘာကဦးလိမ့်မလဲ။ နောင်အခါ ဂျာနယ်မျိုးစုံတို့ လှိမ့်၍ လှိမ့်၍ ထွက်ချလာလေသောအခါ သုံးကြောင်းဝတ္ထုဟု ဆိုကာ ဖော်ပြလာကြပါ၏။ ထို့နောက် ဂျာနယ်တစ်စောင်က နှစ်ကြောင်းဝတ္ထုတဲ့။ ၎င်းနောက် အခြားဂျာနယ်တစ်စောင်က တစ်ကြောင်းဝတ္ထုတဲ့။ ယင်းနောက် တစ်ကြောင်းမှမပါ ဝတ္ထုတဲ့။ တစ်ယောက်နှင့် တစ်ယောက် တပည့်လက်သရမ်းတွေနှင့် လက်တည့်စမ်းချင်တိုင်းစမ်းပြီး အတိုပြိုင်၍ နေကြရာ အတော်ကလေးကိုပင်လျှင် စည်ကားသိုက်မြိုက်၍ ရှိနေခဲ့ပါလေပြီ။
ဂျက်အနေနှင့်ကား ယင်းကို ထောက်ခံအပ်ပါသည်။ ပြီးတော့ ကြိုက်လည်း အတော်ကြိုက်ပါသည်။ အဘယ့်ကြောင့်ဟူမူကား သုတ်သုတ်သွား၊ သုတ်သုတ်လာ၊ သုတ်သုတ်ရှာ၊ သုတ်သုတ်စား အချိန်အား များများမရနိုင်သည့် ယနေ့ခေတ်သစ် လူသားတို့အဖို့ သို့ကလို ဖုတ်ပူမီးတိုက် ဝတ္ထုတိုကလေးများ ပေါ်ပေါက်လာခြင်းမှာ အလွန်တရာမှပင် ကံထူးလွန်း၍ ဖြစ်ပါသည်။ သို့ဖြစ်ပေရာ အနှီ ဖုတ်ပူမီးတိုက် ဝတ္ထုတိုကလေးများကို ငေးမောအားကျပြီးသည့်သကာလ ကျွန်ုပ် ဆရာကြီးဂျက်ကွမ်းခြံကုန်းသည်လည်း ထိုအတိုဆုံးခေတ်ထဲသို့ တစ်ကိုယ်လုံးပစ်ကာ ဝင်ရောက်လိုက်ရန် ဆုံးဖြတ်လိုက်မိခဲ့ပေသည်တမုံ့။
(သုံး)
ဆင်သွားရင် လမ်းဖြစ်သည်ဟူသည့် စကားကဲ့သို့ပင် ဂျက်သွားတော့လည်း ဂျမ်း (Jam = အကျပ်အတည်း ဖြစ်သည်) ဖြစ်ရသည်လေ။ ဟုတ်ကဲ့။ မမျှော်လင့်ဘဲနှင့် ထွက်ချလာသော ဂျက်၏ ဝတ္ထုတိုပေါင်းချုပ် နောက်ကွယ်ဆီဝယ် စာပေလောကတစ်ခုလုံး အုတ်အော်သောင်းတင်း ဖြစ်၍နေပါတော့သည်။
ဂျက်က မိမိ၏ ဝတ္ထုကို ဝတ္ထုတိုပေါင်းချုပ်အဖြစ် ထုတ်ဝေလိုက်ခြင်း ဖြစ်သည်။ ဝတ္ထုတိုပေါင်းချုပ် ဆိုသော်လည်း စာမျက်နှာက တစ်မျက်နှာပဲ ရှိပါသည်။ အကြောင်းကား ဂျက်၏ ဝတ္ထုတိုများသည် တစ်ပုဒ်ကို စာလုံးတစ်လုံးသာ ပါသော ဝတ္ထုများ ဖြစ်နေသောကြောင့်ပေတည်း။ ကျွန်ုပ်က ကျွန်ုပ်၏ အတိုဆုံး တစ်လုံးဝတ္ထုတိုများကို ''ဟိုက်ဟာဟင် ကျွတ်အော်တောက်ထွီ'' ဝတ္ထုများဟူ၍ အမည်ပေးထားလိုက်ပါသည်။ အတိုဆုံး ခေတ်ထဲသို့ တစ်ကိုယ်လုံး ပစ်ဝင်လိုက်သည့် ဆရာကြီးဂျက်ကွမ်းခြံကုန်း၏ ခုဖတ်ခုလွမ်း အတိုတကာ့အတိုဆုံး တစ်လုံးဝတ္ထုများ ထွက်ပြီဘာညာနှင့်လည်း ကြော်ငြာပြီးသည့်သကာလ ထွက်ချလာလိုက်ရာ အကုန်လုံး ပွက်ပွက်ညံ၍ နေပါတော့သည်။ သို့နှင့် တစ်နေ့သော အခါသမယတွင်ကား မဂ္ဂဇင်းများက လာရောက် အင်တာဗျူးသည်အထိ ဖြစ်လာခဲ့ရပါတော့သည်တည့်။
(လေး)
''ဆရာ့ ပထမဦးဆုံး ဝတ္ထုတိုကလေးက 'ဟိုက်' နော်... အဲသည့် 'ဟိုက်' ရဲ့ အကြောင်းလေး နည်းနည်းပါးပါး ရှင်းပြပေးပါလား''
''အင်း... 'ဟိုက်' က သိပ်ကို ရင်နာစရာ ကောင်းတဲ့ ဇာတ်လမ်းပေါ့ဗျာ... ဒါ ဆရာဒဂုန်တာရာရဲ့ မေ ဝတ္ထုကို ပြန်လည်ခံစားပြီး ရေးထားတာပါ။ မေက တက္ကသိုလ်ကျောင်းသူလေ၊ ပညာ တစ်ပိုင်းတစ်စနဲ့ ကျောင်းကထွက်၊ ပဲခူးဘက် ရောက်သွားပြီး မိသားစုဆရာမ ဝင်လုပ်၊ နောက် ရန်ကုန်ပြန်ရောက်လာပြီး ခပ်ပေါ့ပေါ့ ခပ်ပျက်ပျက် လောကထဲမှာ အလိုက်သင့် မျောနေရာက နောက်ဆုံး ပျက်သွားတဲ့ ဝတ္ထုပေါ့... ဒါကို ကိုယ်က တစ်လုံးတည်းနဲ့ ဖော်ပြလိုက်တာပါ... 'ဟိုက်' ဆိုပြီး ဘယ်လောက် ခံစားဖို့ ကောင်းလဲ''
''ဟုတ်တယ် ဆရာ၊ အချိန်မကုန်ဘူးပေါ့။ ဆရာ့နောက်ဝတ္ထုတစ်ပုဒ်ကလည်း 'ဟာ' ဆိုတဲ့ စာလုံးတစ်လုံးတည်းနော် ရှင်းပြပေးပါလား ဆရာ''
''အဲဟုတ်တယ်... အဲသည့် 'ဟာ' ကလည်း အတော့်ကို စိတ်ထိခိုက်စရာကောင်းတဲ့ ဇာတ်ပါပဲ။ ခင်ဗျားတို့ သိပါတယ်။ ဆရာမြသန်းတင့်ရဲ့ ဓားတောင်ကိုကျော်၍ မီးပင်လယ်ကို ဖြတ်မည်။ အဲဒါကို ကိုယ်က တစ်လုံးဝတ္ထုနဲ့ ပြန်ရေးထားတာပါ။ သူဌေးကြီး ဦးရန်ရှင်းရဲ့ စက်လှေအလုပ်သမား သံချောင်းလေဗျာ။ မိသားစုမဲ့ အတွယ်အတာမဲ့၊ စက်လှေနစ်တော့ ကျွန်းပေါ်မှာ ကဗျာဆရာ ပညာတတ်ရယ်၊ ကြေးရတတ် အိမ်ပြေး လူငယ်နှစ်ယောက်ရယ်ကို ဦးဆောင်ပြီး ရင်ဆိုင် ကျွေးမွေးစောင့်ရှောက်ခဲ့ရတာ၊ နောက်ဆုံးတော့ ရဲမြင့်ကို ကာကွယ်ပေးရင်းနဲ့ သံချောင်း ငါးမန်းစာမိခဲ့ရတာ မဟုတ်လား၊ နောက်ဆုံး လွတ်မြောက်ကြချိန်မှာ သံချောင်း မပါတော့ဘူးလေ၊ ကိုယ် ဒါကို ခံစားမိလို့ 'ဟာ' ဆိုပြီး တစ်လုံးဝတ္ထုတို ချရေးပစ်ခဲ့တာပါ''
''ဆရာပြောပြတော့လည်း ဆရာ့ဝတ္ထုတိုကလေးတွေက တစ်လုံးတည်းနဲ့ ထိမိလိုက်တာနော်၊ ဒါနဲ့ နောက်တစ်ပုဒ်ကလည်း 'ဟင်' ဆိုတဲ့ တစ်လုံးတည်းနော် ဆရာ''
''ဟုတ်ပါတယ် အဲသည့် 'ဟင်' ကလည်း စကားတွေ အများကြီး ပြောနေပါတယ်''
''လင်းပါဦး ဆရာ''
''ဆရာမကြီး ခင်နှင်းယုရဲ့ ပန်းပန်လျက်ပါကို ပြန်ရေးထားတာဗျ၊ ခင်ဗျားတို့ စဉ်းစားကြည့်လေ မဗေဒါဆိုတဲ့ အငြိမ့်သမကလေးတစ်ယောက်၊ သူ့ကို ချစ်လှပါတယ်ဆိုတဲ့ တက္ကသိုလ်ကျောင်းသားက တခြားလူနဲ့ လက်ထပ်သွားရုံမက သူ့မင်္ဂလာဆောင်မှာတောင် မဗေဒါအငြိမ့် ငှါးထည့်လိုက်သေးတယ်။ ပြီးတော့ တက္ကသိုလ်က ဆရာကိုစောထွန်းကရော မဗေဒါ ခုလိုဖြစ်ရတဲ့အတွက် သူ့သူငယ်ချင်း သစ္စာပျက်ကို ဒေါသထွက်နေလိုက်တာ။ သူကရော မဗေဒါတို့လို လူမျိုးကို လက်ထပ်ရဲသလားဆိုတော့ မထပ်ရဲဘူး။ သည်ဝတ္ထုကို ကိုယ်က 'ဟင်' ဆိုပြီး ပြန်ရေးလိုက်တာပါ''
''တစ်လုံးဝတ္ထုလေးပေမယ့် စကားတွေ အများကြီး ပြောနေတယ်နော် ဆရာ''
''ဒါပေါ့၊ စကားတွေ အများကြီး ပြောတာပေါ့၊၊ ဩော်... ဒါနဲ့ 'ကျွတ်' ဆိုတာကလေးရော ဖတ်ပြီးတော့ ရင်ထဲ ထိမသွားဘူးလား...''
''ထိလွန်းပါတယ် ဆရာ၊ နည်းနည်းတော့ ရှင်းပြပါဦး''
''ဒါက ဆရာသိန်းဖေမြင့်ရဲ့ တက်ခေတ် နတ်ဆိုးကို ပြန်ရေးထားတာဗျ၊ ဇာတ်လိုက်က ညွန့်မောင်လေ။ မိန်းမတစ်ယောက်ရဲ့ လှည့်စားတာကို စိတ်နာပြီး အလုပ်ကထွက်၊ အလေလိုက်၊ နောက်တော့ ကာလသားရောဂါရပြီး ဆေးရုံပေါ်မှာ ဆရာမလေးအဖြူနဲ့ ဆုံပြီး မေတ္တာမျှ၊ နောက်ဆုံး လက်ထပ်ဖြစ်ကြပြီး အသိတရားနဲ့ ဘဝကို တည်ဆောက်ပြီဆိုမှ ညွန့်မောင် ရုတ်တရက် ဆုံးခဲ့ရတယ်။ ဒါကို ကိုယ်က တစ်လုံးတည်းနဲ့ အနှစ်ချုပ်ပြီး 'ကျွတ်' လို့ ရေးချလိုက်တာ။ ကရုဏာသက်တဲ့ သဘောပေါ့။ ဘယ့်နှယ် ဝတ္ထုတစ်ပုဒ်လုံးကို ခြုံမိတယ်မဟုတ်ဘူးလား''
''ဟုတ်တယ် ဆရာကြီးဂျက်ရယ်၊ ဆရာ့ဝတ္ထုတွေက ကျစ်လျစ်လွန်းတော့ ဘာမှန်းကို မသိနိုင်ဘူး။ တစ်လုံးဝတ္ထုပေမယ့် နောက်မှာ ဇာတ်လမ်းက အခိုင်ရှိတယ်နော်''
''ခိုင်တာပေါ့၊ မခိုင်ဘဲနဲ့ ကိုယ်က ဘယ်ရေးပါ့မလဲ။ 'ဩော်' ဆိုတဲ့ ဝတ္ထုကလည်း သည်လိုပါပဲ၊၊ ဆရာနတ်နွယ်ရဲ့ တစ်ကွေ့တော့ တွေ့ကြဦးမယ် ဝတ္ထုကြီးကို တစ်လုံးတည်းနဲ့ ပြန်ရေးထားတာ။ သည်ဝတ္ထုက မျိုးဆက်အသီးသီးရဲ့ ပြဿနာလေ။ နယ်ချဲ့ သူ အင်္ဂလိပ်တွေက မြန်မာပြည်ကို သိမ်းတဲ့အခါ မျိုးဆက်တစ်ခုက တော်လှန်တဲ့ဘက်က။ တစ်ခုက အင်္ဂလိပ်ဘက်က။ တစ်ခါ ဂျပန်နဲ့ ပေါင်းပြီး တော်လှန်ဖို့ လုပ်တဲ့အခါ မျိုးဆက်တစ်ခုက တော်လှန်သောဘက်က၊ တစ်ခုက အင်္ဂလိပ်ဘက်က။ နောက်တစ်ခါ ဂျပန်ကို တော်လှန်ဖို့ လုပ်ကြပြန်တော့ မျိုးဆက်တစ်ခုက တော်လှန်တဲ့ဘက်က၊ တစ်ခုက ဂျပန်ဘက်က။ တစ်ခါ အင်္ဂလိပ် ပြန်ဝင်လာတော့ လွတ်လပ်ရေး ကြိုးပမ်းကြတဲ့အခါ မျိုးဆက်တစ်ခုက လွတ်လပ်ရေးတိုက်ပွဲဝင်တဲ့ဘက်က၊ တစ်ခုက အုပ်စိုးသူဘက်က။ ကိုယ်က အဲသည့်ဝတ္ထုကြီးကို ဖတ်ပြီး တစ်လုံးတည်းနဲ့ 'ဩော်' လို့ ရေးချလိုက်တာပါ။ ဘယ့်နှယ် အနှစ်သာရ ရှိပါစ''
''ရှိပါ့ ဆရာကြီးဂျက်ရယ် ရှိပါ့။ ပြီးတော့ 'တောက်' လို့ ရေးထားတဲ့ ဝတ္ထုလေးကရော ဘာအဓိပ္ပါယ်လေးလဲဆိုတာ တစ်ဆိတ်လောက်''
''ကိုယ့်လူတို့ ဖတ်ဖူးမှာပါ၊၊ ဆရာငြိမ်းကျော်ရဲ့ အပြာရောင် သစ်ခွပွင့်ရဲ့ သမိုင်းအစ၊ မိန်းကလေးတစ်ယောက်ကို လွန်ကျူးမိပြီးမှ ရှောင်ပြေးနေတဲ့ကောင်အကြောင်းလေ။ အဲဒါကို တစ်လုံးဝတ္ထုအဖြစ်နဲ့ ဒေါသနဲ့ ရေးချလိုက်တာပါ 'တောက်' လို့''
''ခံစားမှုပါလိုက်တာ ဆရာကြီးဂျက်ရယ်''
''ဒါပေါ့... ကိုယ့်ဝတ္ထုတိုပေါင်းချုပ်မှာ နောက်ဆုံးဝတ္ထု 'ထွီ' ကျတော့ ဆရာမမိုးမိုး(အင်းလျား) ရဲ့ ငြိမ်းကိုရှက်ပါကို ရေးထားတာပဲ... ဒုက္ခိတ လူမမာကြီး ဘေးမှာထားပြီး လောဘ ဒေါသ မောဟတွေ လောင်မြိုက်နေကြတဲ့ မိသားစုအကြောင်းလေ။ ကိုယ် ရွံလွန်းလို့ 'ထွီ' ဆိုပြီး တစ်လုံးတည်း ချရေးပစ်ခဲ့တယ်''
ဩော်... အများတကာတွေက သုံးကြောင်းဝတ္ထု၊ နှစ်ကြောင်းဝတ္ထု၊ တစ်ကြောင်းဝတ္ထု... စသည်... စသည်ဖြင့် လက်စွမ်းပြနေကြသောကြောင့် မခံချင်စိတ်ဖြင့် တစ်လုံးဝတ္ထုများကို ပေါင်းချုပ်ထုတ်ခဲ့သော ကျွန်ုပ်သည် ရေးစဉ်က မလေးပင်လှသော်လည်း ပြောပြခိုက်မှာတော့ မောလျဟိုက်ကာနေဘိသည်။
ကမ္ဘာကျော် စာအုပ်တိုက်ကြီးများက ဂန္ထဝင် စာအုပ်ကြီးများကို Retold တွေ၊ brief တွေ၊ Ladder Edition တွေ၊ Digest တွေ လုပ်သလို ကျွန်ုပ် ဂျက်ကွမ်းခြံကုန်းကလည်း ကျွန်ုပ် ကြိုက်ခဲ့သော မြန်မာဝတ္ထုရှည်များကို ခံစားကာ တစ်လုံးဝတ္ထုတိုများအဖြစ် တစ်ပုဒ်ကို တစ်လုံးနှုန်းဖြင့် ''ဟိုက်၊ ဟာ၊ ဟင်၊ ကျွတ်၊ ဩော်၊ တောက်၊ ထွီ'' ဟု ထုတ်ဝေခဲ့သည်မှာ ပုဒ်ရေနည်း၍ပင် တော်တော့သည်။ အပုဒ်များပါက ရှင်းပြ၍ အဟုတ် မအားအောင်ပင် ရှိချေပေတော့လေမည်တည့်။
(ငါး)
ကျွန်ုပ် ဂျက်ကွမ်းခြံကုန်း၏ တစ်လုံးဝတ္ထုတိုများ ထွက်ရှိပြီး၍ မကြာမီမှာလျှင်ပင် ဝေဖန်ရေးဆရာတစ်ယောက်ကလည်း မဂ္ဂဇင်းတစ်ခုပေါ်မှနေ၍ ကျွန်ုပ်ကို ဝေဖန်လာပါသည်။ သူ့ဝေဖန်ရေးကလည်း ဆန်းလှစွာပါ၏။ တစ်လုံး ဝေဖန်ရေး။ သူက စကားလုံး တစ်လုံးတည်း ချရေးထားပါသည်။
ဩော... တဲ့။
ဘာသဘောပါလိမ့်။ ကောင်းတာလား။ ဆိုးတာလား။ ဘာမှန်းလဲ မသိ။ ဆရာကြီးဂျက်ကွမ်းခြံကုန်း၏ ''ဟိုက်၊ ဟာ၊ ဟင်၊ ကျွတ်၊ ဩော်၊ တောက်၊ ထွီ'' တစ်လုံးဝတ္ထုတိုပေါင်းချုပ် အထူးဝေဖန်ရေးတဲ့။ စာအုပ်မျက်နှာဖုံးကိုတောင် ဒီဇိုင်းတွေ ဘာတွေလုပ်ပြီး ဖော်ပြလို့။ ဝေဖန်တဲ့ နေရာကျမှ စကားက တစ်လုံးတည်း။
ဩော... တဲ့။
ကျွန်ုပ်ကား အနှီဝေဖန်ရေးဆရာထံသွားကာ ဩော၏ အဓိပ္ပါယ်ဗျုပ္ပတ်ကို ထုတ်လှပ်၍ ပြပါရန် တောင်းပန်သမှု ပြုရပြန်ချေဦးတော့ပေမည်တမုံ့။
ဂျက်ကွမ်းခြံကုန်း
မြားနတ်မောင် မင်္ဂလာမဂ္ဂဇင်း၊
စာမျက်နှာ ၁၁၀ - ၁၁၃၊
ဇန်နဝါရီ၊ ၁၉၉၉။
မြားနတ်မောင် မင်္ဂလာမဂ္ဂဇင်း ပေ့ဂ်ျကနေ ရယူထားတဲ့ ဓာတ်ပုံတွေကနေ ကျနော်ငနော့ကိုယ်တိုင် စာရိုက်ကူးယူထားပါတယ်။ ပုံတွေအတွက် မြားနတ်မောင်ကို ကျေးဇူးတင်ပါတယ်။
စလေ ငနော့ (ကျော်ဇင်လတ်)
Comments
Post a Comment