တစ်ကိုယ်လုံး ပစ်ထည့်လိုက်သည့် အတိုဆုံးခေတ် 🖋 ဂျက်ကွမ်းခြံကုန်း
တစ်ကိုယ်လုံး ပစ်ထည့်လိုက်သည့် *************************** အတိုဆုံးခေတ် ************* ဂျက်ကွမ်းခြံကုန်း (တ စ်) အင်မတိ အင်မတန်မှကိုပင်လျှင် မင်္ဂလာအပေါင်းနှင့် ခ,ညောင်းလှပါပေသည်ဟူ၍ သပ္ပူရိသ အနွယ်ဝင် သူတော်စင်အပေါင်းတို့က ကောင်းချီးထောမနာပေးမှုကို ခံရရှာလေသော ကျွန်ုပ်တို့၏ ၂၀ ရာစုခေတ်ကြီးသည်ကား ဆန့်ငင်ဆန့်ငင် ဖြစ်၍ နေရှာပါပြီ။ ဟုတ်ကဲ့။ ဘာမှ မကြာလတ္တံ့ သော ကာလတိုကလေး အတွင်းမှာပင် ရာစုအသစ် ၂၁ ကြီးက ကျွန်ုပ်တို့၏ ကမ္ဘာမြေကြီးပေါ်ကို ဖုတ်ခနဲဆိုသလို ပြုတ်လွှဲ၍ ကျလာပါတော့မည်။ အနှီသော အခါသမယ ၂၀ အထွက် ၂၁ အဝင် သောင်မတင် ရေမကျ စပ်ကူးမတ်ကူး ကာလကြီးထဲတွင် ကျွန်ုပ် ဆရာကြီးဂျက်ကွမ်းခြံကုန်းတို့၏ စာပေလောကကြီးသည်ကား အတော်ကလေးပင်လျှင် ထူးခြား၍ နေပါဘိသည်။ ယင်းမှာကား ကျွန်ုပ်တို့၏ မြန်မာဝတ္ထုတို လောကကြီးသည် တစ်ခေတ်ပြောင်း၍ နေခြင်းပါပေတည်း။ ဟုတ်ပါရဲ့။ ဂျက်တို့၏ ဝတ္ထုတိုလောကကြီးသည် တကယ့်ကိုပင် တစ်ခေတ်ပြောင်း၍ နေခဲ့ပါလေသည်တည့်။ (နှစ်) ယခုကာလ သမယသည်ကား အတော့်ကိုပင် အတိုကြိုက်သော ကာလဟု ဆိုသော် ရနိုင်ကောင်းစွာ၏။ မိန်းမ ကြီးကြီး ငယ်ငယ်တွေ ဆံပင်တိုတို ညှပ်ကြလေကုန်၏။ ကောင်မလေးတွေ စကတ်တိုတို ဝတ်ကြလေကုန်၏။ ကောင်ကလေးတွေ ဘောင်းဘီ...