စေတနာရှင် ဓာတ်ခဲ 🖋 မင်းလူ

စေတနာရှင် ဓာတ်ခဲ

****************


မင်းလူ


ဓာတ်ခဲသည် ကလေးလည်းမက လူပျိုကြီး ဖားဖားလည်း မဖြစ်သေးသော “ကြီးကောင်ဝင်” သည့် အရွယ်ရောက်လာပြီ။ ထို့ကြောင့် တစ်ခါတစ်ခါ ကလေးလိုဆိုးပြီး တစ်ခါတစ်ခါ လူကြီးလို ဆိုးချင်သည်။ ဓာတ်ခဲဆိုးတယ်ဆိုတာကတော့ လူတိုင်းသိပြီးသားပင်ဖြစ်၏။


ငယ်ငယ်က သူများမွေးထားတဲ့ ကြက်ကို လေးခွနဲ့ လက်စွမ်းပြသဖြင့် လျော်ရတာ၊ သူ့အဖေလှူထားသော ရေချမ်းစင်က ရေအိုးကို လက်တည့်စမ်းခဲ့တာ၊ ကျောင်းအုပ်ဆရာကြီး၏ စက်ဘီးကို လေလျော့ထားခဲ့တာတို့မှာ သာမန် လုပ်ရိုးလုပ်စဉ်သာဖြစ်၏။ သူဆိုးသမျှ လိုက်တောင်းပန်ဖို့၊ သူဖျက်ဆီးသမျှ လိုက်လျော်ဖို့အတွက်လည်း သူ့အဖေနှင့် အမေဖြစ်သော ဦးကုလားနှင့် ဒေါ်ခင်တီတို့က အဆင်သင့် ရှိ၏။


ရှင်ပြုတုန်းကတော့ ကိုရင်ဘ၀နှင့် ကျောင်းမှာ မွှေခဲ့သေးသည်။ ဒါကျတော့ သူ့အဖေနှင့် အမေက ခွင့်မလွှတ်။

မှတ်လောက်သားလောက်အောင် မရိုက်စဖူး ရိုက်ခဲ့သည်။ ဒီနောက်မှာ ဓာတ်ခဲ နည်းနည်း ငြိမ်သွားသည်။ သို့တိုင်အောင် ကုန်ပစ္စည်းဈေးနှုန်း တက်ချင်ပါလျက် အခြေအနေအရ အောင့်ထားရသော ကုန်သည်လိုသာ ဖြစ်၏။


ဓာတ်ခဲသည် အရင်ကလို ခဏခဏ စိတ်မဆိုးတော့။ တစ်နည်းအားဖြင့် လေးခွလက်တည့်စမ်းတာမျိုးလောက်ကို မလုပ်တော့။  အရွယ်ကလေး လည်းရလာတော့ ကလေးဆန်ဆန် ဆိုးရတာမျိုးကို သိပ်အရသာမတွေ့တော့။ သို့ရာတွင် ဗီဇလေးတွေ ကျန်နေသေးသည်။ ငုပ်လျှိုးနေရာမှ 

တစ်ခါတစ်ခါ ပြူထွက်လာတတ်၏။


ဒါမှလည်း ဓာတ်ခဲ ပီသတော့မပေါ့။


* * *


ဓာတ်ခဲသည် သူ့ကို ကျောတာမျိုးတော့ နည်းနည်းမှ သည်းမခံချင်။ ဟိုတစ်နေ့က ကိစ္စကိုပဲ ကြည့်။


ဆရာကြီးဟု သူ့အဖေ အမေက ခေါ်သော လူကြီးတစ်ယောက်သည် သူတို့အိမ်သို့ တစ်လတစ်ခါလောက် လာတတ်၏။

ဘာဆရာကြီးလဲတော့ သေသေချာချာမသိ။ ကျောင်းဆရာတော့ မဟုတ်။ ဗေဒင်ဆရာကြီးလား။ ဘာဂိုဏ်း၊ ညာဂိုဏ်းက ဆရာကြီးလား တစ်ခုခုပဲ။ ဦးကုလားနှင့် ဒေါ်ခင်တီတို့ကတော့ အတော်လေးစား အထင်ကြီးကြပုံရ၏။ သူက အထက်စီးနှင့် ဆက်ဆံပြောဆိုတတ်ပြီး ဦးကုလားတို့က ရိုရိုသေသေ ပြန်ပြောကြရသည်။


သူက တရား လာလာ ဆွေးနွေးတာဟု ဆို၏။ တရားဆွေးနွေးတယ်လည်း ဆိုသေး။ တစ်ခါတစ်ခါ ဒေါသတကြီး အော်ဟစ်ငြင်းခုံတာများ နဘမ်းထလုံးတော့မလား အောက်မေ့ရသည်။

ဓာတ်ခဲအမြင်မှာတော့ တရားဆွေးနွေးတာက နည်းနည်း၊ စားတာ သောက်တာက များများဟု ထင်မိသည်။ ဆရာကြီး လာမည့်နေ့ဆိုလျှင် ကြက်သား၊ ၀က်သား၊ ငါးခူကြော်စသည်ဖြင့် အသားဟင်းကောင်းကောင်း နှစ်မျိုး၊ သုံးမျိုးချက်ရသည်။ ထမင်းစားပြီးလျှင် သီးမွှေးငှက်ပြောသီး၊ ပန်းသီး၊ လိမ္မော်သီး စသညို့ ကျွေးရသည်။ ပန်းသီးဆိုလျှင် ဈေးပေါသော တရုတ်ပန်းသီး အစိမ်းရောင်ကို မကြိုက်။

“ပန်းသီးဆိုကတည်းက အနီရောင်ရှိမှ ပန်းသီးပီသတော့မပေါ့” .. ဟု ပြောသေးသည်။

နေ့လယ် တရားဆွေးနွေးချိန်ကျတော့လည်း လက်ဖက်၊ ဆက်သားခြောက်၊ ငါးရန့်ခြောက်မီးဖုတ်၊ အိုဗာတင်း စသည်တို့ တိုက်ကျွေးရသေးသည်။


ဓာတ်ခဲ၏ စိတ်ထဲမှာ မတင်မကျဖြစ်နေတာရှိ၏။

ရပ်ကွက် ဘုန်းကြီးကျောင်းက ဆရာတော်ကို သူတို့အိမ် ပင့်ဖိတ်ပြီး ဆွမ်းကျွေးဖူးသည်။ ဆရာတော်မှာ အစားအသောက်ကို အတော်ခြိုးခြံတာတွေ့ရ၏။ အသား တစ်တုံးတလေလောက်သာ စားသည်။ ချဉ်ရည်ဟင်း၊ အသီးအရွက်ကြော် စသည်တို့ကိုသာ အားပြုစားလေ့ရှိ၏။ ဘုဉ်းပေးရာမှာလည်း ထမင်းအသင့်အတင့် တစ်ပန်းကန်လောက်သာ ဖြစ်၏။ အချိုပွဲဆိုလည်း ငှက်ပျောသီးလေး တစ်လုံးလောက် သို့တည်းမဟုတ် ပန်းသီးလေး တစ်စိတ်လောက်နှင့် ပြီး၏။


“ဘုန်းဘုန်း စားတာကလည်း ကျွန်တော့်လောက်တောင် မများဘူး” ဟု ဓာတ်ခဲက အားမလိုအားမရပြောသောအခါ...

“သူတော်ကောင်းဆိုတာ အစစအရာရာ ခြိုးခြံတတ်တယ်” ဟု ပြောဖူး၏။


အခု ဒီဆရာကြီးဆိုတဲ့ လူကြီးကတော့ သွားဖြဲ နားဖြဲ စားတာပဲ။ ထမင်းကို သုံးပန်ကန်လောက် အသာလေးစားနိုင်သည်။ အသားတွေလည်း အများကြီးစားသည်။ တစ်ခါတလေ ထမင်းကုန်သွားတာတောင် ကြက်ပေါင်ကြော်ကို ထပ်ကိုက်လိုက်သေးသည်။ ငှက်ပျောသီးဆို နှစ်လုံးလောက်၊ ပန်းသီးဆိုလည်း စားရုံသာ မဟုတ်၊ ဘိုးတော်တင်ဖို့၊ မယ်တော်ဆက်ဖို့ဆိုပြီး အိမ်ယူသွားတတ်သေးသည်။

ဓာတ်ခဲ သဘောမကျသည့် အချက်တစ်ချက်လည်း ရှိသေးသည်။ သူပြောတာနဲ့ သူ့လုပ်ပုံနဲ့ သိပ်မကိုက်ဘူးထင်နေခြင်းဖြစ်၏။

ဥပမာ...

“အာဟာရဆိုတာကလည်း တကယ်တော့ ဒီခန္ဓာဝန်ကို ထမ်းနိုင်ဖို့အတွက် မတတ်သာလို့ ဖြည့်တင်းနေရတဲ့ သဘောကိုး ဦးကုလားရဲ့”..ဟု ပြောရင်း ပဲဆီစစ်စစ် ဆမ်းထားသော ဆတ်သားခြောက်ဖုတ် ခပ်ကြီးကြီးတစ်ဖက်ကို ယူ၍ မြုံ့လိုက်ပြီး...

“အင်း.. ဆတ်သားများ တကယ်စစ်ရင် တယ်ချိုသကိုးဗျ”... ဟု ပြောတတ်တာမျိုး။


တစ်ရက်မှာတော့ ဓာတ်ခဲသည် ဘောလုံးကန်ပြီးနောက် ဗိုက်အလွန်ဆာလာသဖြင့် အိမ်ကို အမြန်ပြန်လာခဲ့သည်။ လှေကားမှ တတ်ပြီး အိမ်ထဲဝင်မည်အလုပ်တွင် သူ့အမေပြောနေသည့် စကားကို ကြားသဖြင့် တံခါးအကွယ်မှ အသာနားထောင်နေလိုက်သည်။


“ကျွန်မလည်း ဒီ သားတစ်ကောင်ကြောင့် တော်တော် ဒုက္ခရောက်ပါတယ် ဆရာကြီးရယ်။ ဒီကောင်က တော်တော်ဆိုးတာ။ တစ်နေ့တစ်နေ့ သူဘာပြဿနာရှာလို့ လိုက်ရှင်းရမလဲဆိုတာပဲ တွေးပူနေရတယ်”...

ဆရာကြီးက ....

“ အင်း ... တစ်ရက်လောက် ဒီကောင့်ဇာတာကို စစ်ဆေးပြီး အဆောင်လေး ဘာလေး လုပ်ပေးရဦးမယ်”


ဓာတ်ခဲ မဲ့ပြုံးတစ်ချက် ပြုံးသည်။ လူကြီးများ ဒီလိုပါပဲ။

ကိုယ့်သားသမီးဆိုးတာကိုပဲ ကြံဖန် ဂုဏ်ယူတတ်ကြသေးတယ်..ဟု တွေးသည်။ ခုပုံအတိုင်းဆိုလျှင် အိမ်ရှေ့ပေါက်က ၀င်လို့ မကောင်း။

မျက်နှာပူစရာကြီး။ နောက်ဖေးပေါက်က လှည့်ပြီး မီးဖိုချောင်က ၀င်ရမည်ဟု စဉ်းစားပြီး အသာလှည့်ထွက်သည်။ လှေကားထစ်ကို နင်းလိုက်စဉ် ကျွီခနဲအသံမြည်သွား၏။


“ ဟဲ့ ..ဘယ်သူလဲ..”

ဒေါ်ခင်တီကလှမ်းအော်မေးသည်။ ဓာတ်ခဲလည်း မတတ်သာသဖြင့် “ကျွန်တော်ပါ” ဟု ပြောပြီး အိမ်ရှေ့မှပင် ၀င်လိုက်ရ၏။ အိမ်ရှေ့ခန်းကို ဖြတ်ပြီး မီးဖိုခန်းဘက်သွားမည် အပြု.....

“ဟေ့ကောင် ..ဓာတ်ခဲ..လာပါဦးကွ”

ဆရာကြီးက လှမ်းခေါ်သည်။ ဓာတ်ခဲက ပေပြီး ရပ်နေလိုက်ရာ...

“ ဟေ့ကောင်...ခေါ်နေတယ်လေကွာ..” ဟု ဦးကုလားက လှမ်းပြောမှ ကန်တန်တန် ပုံစံဖြင့် ဆရာကြီးနား လျှောက်သွားသည်။

“မင်းက တော်တော် ဆိုးတယ်ဆိုကွ..ဟေ”

ဆရာကြီးက မေးသည်။

ပေါ်တင်ကြီးပါ့လားဟု စိတ်ထဲက တွေးသည်။ နှုတ်ကတော့ ....

“ ကြားစကားတွေ မယုံပါနဲ့ ..ဆရာကြီးရာ..” ဟု ပြောလိုက်သည်။


“ဟဲ့ကောင်..လူကြီးကို နောက်တောက်တောက် မလုပ်နဲ့”

ဒေါ်ခင်တီက ၀င်မာန်လိုက်သည်။ ဆရာကြီး ဓာတ်ခဲကို စေ့စေ့ကြည့်ပြီး....

“ လိမ်လိမ်မာမာ နေမှပေါ့ကွ..။ ကလေးဆိုတာ မိဘစကား နားထောင်ရတယ်။ လူကြီးတွေ စိတ်ဆင်းရဲအောင် မလုပ်ရဘူး။ စာကို ကြိုးစားသင်ရမယ်။ လက်လျားလတ်လျား မနေရဘူး။ ကစားတာကိုလျှော့ပြီးတော့ .....” အစချီပြီး...

ဆယ်မိနစ်လောက်ကြာအောင် ဆုံးမ သြ၀ါဒ ပေးနေလေတော့သည်။

ဓာတ်ခဲမှာ ဗိုက်ထဲက တကြုတ်ကြုတ်မြည်အောင် ဆာနေလျက်က အောင့်အည်းနားထောင်ရလေသည်။


ဒီနောက်ပိုင်းမှာလည်း မစားသာ။ ဆရာကြီးရှိနေသည့် အချိန်ဆိုလျှင် ဦးကုလားနှင့် ဒေါ်ခင်တီတို့က ဓာတ်ခဲကို မျက်နှာသာမပေး။ ထစ်ခနဲရှိ ဆူဖို့သာ ပြင်နေသည်။ ထိုကိစ္စမှာ ပြုမြဲ အစဉ်အလာလို ဖြစ်နေ၏။

ဓာတ်ခဲခမျာ ဆရာကြီးလာတဲ့နေ့ဆိုလျှင် အိမ်မှာ မနေရဲအောင် ဖြစ်လာ၏။

သို့ရာတွင် ဓာတ်ခဲသည်.. ဓာတ်ခဲပဲ မဟုတ်လား..။


* * *


တစ်ရက်တွင် ဆရာကြီးက ဦးကုလားနှင့် ဒေါ်ခင်တီတို့ကို တရားအကြောင်း ဆွေးနွေးပြောပြနေသည်။ ကိတ်မုန့်နှစ်ချပ်နှင့် မိုင်လိုကတော့ လောဘအကြောင်း ရှင်းပြနေခိုက်မှာပင် ကုန်သွားခဲ့ပြီ။ သူသည် လက်ဖက်တစ်ဇွန်းကို ပုဇွန်ခြောက်ပါအောင် ရွေး၍ ခပ်စားလိုက်ပြီးနောက်......


“လူမှာ ဒုက္ခအပေးဆုံးက တဏှာပဲဗျ။ တဏှာကို သတ်နိုင်ရင် အားလုံးပြီးပြီ။ ဘာနဲ့အလားသဏ္ဍာန်တူသလဲဆိုတော့ကာ မီးနဲ့ ရေလိုပဲ။ မီးများမီးနိုင်၊ ရေများရေနိုင်ဆိုတဲ့ စကားကို မီးနဲ့တူတဲ့ တဏှာကို ရေနဲ့တူတဲ့ သတိတရားနဲ့ ..အဲ့...အဲ့..”

ပြောနေရင်းက အပေါက်ဝဘက် ကြည့်ပြီး ကြောင်အအ ဖြစ်သွား၏။

တံခါးပေါက်မှာတော့ သူနှင့် အသက်ချင်း မတိမ်းမယိမ်းလောက်ရှိသော မိန်းမကြီးတစ်ယောက် ခါးထောက်ရပ်ရင်း စူးစူးရဲရဲ စိုက်ကြည့်နေ၏။ ထို့နောက် မိန်းမကြီးသည် အိမ်ပေါ်သို့ ခြေဆောင့်နင်း တက်လာပြီး ဆရာကြီးရှေ့မှာ ရပ်လိုက်သည်။

ဆရာကြီးမှာ ပါးစပ်ကြီး ဟပြီး ငေးကြည့်နေတုန်း မိန်းမကြီးက...


“ ကဲ .. ခုနစကားလေးကို ပြန်ပြောပါဦး.. ဘာတဲ့ တဏှာကို သတ်ရမယ် ဟုတ်လား..။ ဟားဟား...ဟား.. အပြောလေးကတော့ ကောင်းလိုက်တာ။ ရှင်ကိုယ်တိုင်တောင် တဏှာနဲ့ ကင်းနိုင်လို့လား”

“မင်း ..မင်း..ဘာတွေ လာပြောနေတာလဲ..”

ခုမှ ဆရာကြီး အသံထွက်လာ၏။ မိန်းမကြီးက

“ ဘာတွေပြောရမှာလဲ ... ရှင်မဟုတ်တာ လုပ်ထားတာတွေကို လာအမိဖမ်းတာလေ။ ဘယ်မလဲ ရှင့်မယားငယ်၊ ဘယ်မှာလဲ..”

ပြောရင်း ဟိုဟိုဒီဒီ ရှာသလို ကြည့်နေ၏။


“ဟာ ..ဒီမှာ ဘယ်ရှိပါ့မလဲ..”

ဆရာကြီး လွှတ်ခနဲ ပြောမိ၏။

“ဒီမှာ မရှိလို့ ..ဘယ်မှာ ရှိရမလဲ။ ရှင်တို့ကကော ဟိုကောင်မကို ဘယ်မှာ ၀ှက်ပေးထားသလဲ” ဆိုပြီး ဦးကုလားနှင့် ဒေါ်ခင်တီတို့ဘက် လှည့်မဲလေသည်။ ဦးကုလားတို့လည်း ရုတ်တရက်မို့ ကြောင်နေရာမှ သူ့တို့ကိုပါ ဆွဲထည့်လာသဖြင့် .....

“ခင်ဗျား ..ဘာတွေ လာပြောနေတာလဲ.. ကျုပ်တို့ တရားဆွေးနွေးနေတာ...”


မိန်းမကြီးက ဟက်ဟက်ပက်ပက် ရယ်သလို လုပ်ပြီး...

“အမယ်လေး အရပ်ကတို့ရေ.. ကြောင်သူတော်ကြီးက တရားဆွေးနွေးနေသတဲ့... လာနားထောင်ကြပါဦး”

“ဟာ .. ခင်ဗျား ဘယ်လိုဟာလဲ။.. ခင်ဗျားက ဘယ်သူလဲ...”


“ကျုပ်က သူ့ရဲ့ မယားကြီးပဲ..။ ဒီအိမ်မှာ သူ့မယားငယ်နဲ့ ချိန်းတွေ့နေတယ်ဆိုတာ သတင်းအတိအကျရလို့ လက်ပူးလက်ကြပ်လာဖမ်းတာလေ.. ဘယ်မလဲ ..ဟိုကောင်မ...”

“ ဒီမှာ ...မရှိ... ရှိ...ရှိ...”

ဆရာကြီးသည် ဒုတိယအကြိမ် ပါးစပ်အဟောင်းသားဖြစ်သွားရပြန်၏။ သူ့အသက်၏ ထက်ဝက်လောက်သာ ရှိမည်ဟု ထင်ရသော အမျိုးသမီးတစ်ဦးသည် တံခါးဝမှာ ပေါ်လာပြန်သောကြောင့်ပင် ဖြစ်လေ၏။


“ဟင်...မင်း...မင်း...ဘာဖြစ်လို့ လိုက်လာရတာလဲ...”

ဆရာကြီး အလန့်တကြား မေးသည်။ အမျိုးသမီးကလည်း ကြောင်တောင်တောင် ကြည့်နေရာမှ...

“ဟို.. အစ်ကိုကြီးပဲ .. ဒီအိမ်ကို လာခဲ့လို့ ချိန်းထားပြီးတော့... ”

“ ဟာ ... ငါ မချိန်းဘူး။ ငါ .. ဟာ .. ဘာတွေဖြစ်ကုန်တာလဲ”

မိန်းမကြီးသည် ကိုင်း.. ဘယ့်နှယ်ရှိစဆိုသော အကြည့်မျိုးဖြင့် ဆရာကြီးကို တစ်ချက်ကြည့်သည်။

ထို့နောက် ... ဒုတိယမိန်းမ ဆီသို့ လျှောက်သွားသည်။

မျက်နှာချင်းဆိုင် ခါးထောက်ရပ်လိုက်ပြီး.....

“ညည်းက ဒီကို ဘာလာလုပ်တာလဲ....”

“ဟို...ဟို...သူက ခေါ်လို့ ”

ဒုတိယမိန်းမက ယောင်ယောင်ကန်းကန်းဖြင့် ပြောရင်း ဆရာကြီးကို လက်ညှိုးထိုးပြသည်။

“ဘာ... ခေါ်ရင် လာတဲ့အစားထဲကပဲ ဟုတ်လား။ ဒါကြောင့် သူများ ယောက်ျားကို ကြောင်တောင်နှိုက်တာပေါ့လေ..”


မိန်းမကြီး၏ စကားက မိန်းမငယ်၏ အရှိုက်ကို ထိသွားသည်။ စောစောက ကြောက်သလို ရွံ့သလိုဖြစ်နေရာမှ ရုတ်တရက်မျက်လုံးတွေ ၀င်းခနဲ လက်လာပြီး......

“ဒါကတော့ ကိုယ့်ယောကျာ်းကိုယ် မထိန်းနိုင်လို့ ဖြစ်ရတာပဲ..” ဟုတစ်ချီကောင်းပြန်ပက်ရာ မိန်းမကြီး၏ ရင်ကို ထိမှန်သော စကားဖြစ်သွားပြန်၏။

“ဟင်း... ညည်းကများ....”

မိန်းမကြီး၏ လက်ဝါးသည် မြောက်ခနဲ ဖြစ်သွား၏။ မိန်းမငယ်ကလည်း ခေသူမဟုတ်။

ဗီဒီယိုဇာတ်ကားတွေ မြောက်မြားစွာ ကြည့်ခဲ့ဖူးသူပဲလေ။ ဗွီဒီယိုကားတွေထဲမှာ ဒီလောက် ဇာတ်ရှိန်တက်လာပြီဆိုလျှင် ပါးရိုက်တဲ့ အခန်းလာတော့မယ်ဆိုတာ သိတာပေါ့။

ထို့ကြောင့် သူကလည်း သတိအနေအထားနဲ့ စောင့်နေခဲ့သည်။ မိန်းမကြီး၏ မြောက်သွားသော လက် လွှဲချလိုက်စဉ်မှာ ဖမ်းကိုင်တားထားလိုက်သည်။


ဗွီဒီယိုထဲမှာ ဆိုလျှင်တော့ “ရိုက်ပါ အစ်မကြီးရယ်.. ကျွန်မကိုက ကံဆိုးတာပါ” တွေ ဘာတွေ လုပ်ချင်လုပ်မည်။

အပြင်မှာတော့ ဘယ်အရိုက်ခံပါ့မလဲ။ သူက အရင်ဦးအောင် မိန်းမကြီး၏ လက်ကို တအား ကိုက်လိုက်လေ၏။

“ ဟင်...ခွေးမ ..ကိုက်တယ်...” ဆိုပြီး မိန်းမကြီးက ထပ်ရိုက်ဖို့ ကြိုးစားသည်။ မိန်းမငယ်က “စမော သိုင်း”နှင့် ရှောင်တိမ်းရင်း ပြန်လည်တိုက်ခိုက်သည်။

ဤသို့ဖြင့် လုံးလား..ထွေးလား ဖြစ်ရင်းက ကြမ်းပေါ် လဲကျပြီး နှစ်ယောက်သား သူတစ်ပြန် ကိုယ်တစ်ပြန်ဖြစ်နေကြစဉ်....

ကျန်သူများလည်း ကြောင် ကြည့်နေရာမှ ဆရာကြီး သတိဝင်လာပြီ။


“ဟဲ့...ဟဲ့..တော်ကြတော့ ..တော်ကြတော့..ခက်ကုန်ပါပြီ..”

ဆိုပြီး ၀င်ဆွဲသည်။ တစ်ယောက်ကို ဆွဲလျှင် တစ်ယောက် လွတ်သွားသည်။ မိန်းမကြီးက မောနေပြီဖြစ်သောကြောင့် ဆွဲလို့လွယ်သည်။

ဒီတစ်ခါကျပြန်တော့လည်း ...

“ရှင်က ကျုပ်ကို ချုပ်ပေးတယ်ပေါ့လေ...” ဆိုပြီး ရုန်းကန်ပြန်သည်။ ထိုအခါ....

“ဗျို့..ဦးကုလား... လာကူဆွဲပါဦးဗျ” ..ဟု အကူအညီတောင်းရလေ၏။

ဦးကုလားပါ ၀င်ကူဆွဲမှ လူချင်းကွဲသွားသည်။ ကိစ္စက မပြီးသေး။ မိန်းမကြီးက ဆရာကြီးဘက် လှည့်ရမ်းပြန်သည်။


“ဟင်... ရှင့်ကို မသင်္ကာတာ ကြာပြီ...။ ခုတော့ ဘာငြင်းချင်သေးလဲဟင်...ကြောင်သူတော်ကြီး”

“ဟေ့.. လူရှေ့ သူရှေ့မှာ ...မင်း ..ငါ လုပ်လိုက်ရ”

“လုပ်ရဲ လုပ်ကြည့်လေ...”

ဦးကုလားမှာ ဒီအတိုင်းကြည့်နေလို့ မဖြစ်တော့...။

ရုန်းရင်းဆန်ခတ် အသံကြားသဖြင့် ခေါက်ဆွဲစက်ထဲက အလုပ်သမားတွေ...၊ အိမ်နီးချင်းတွေ ရောက်လာပြီး ၀ိုင်းကြည့်နေကြပြီ။

ထို့ကြောင့်....

“ကဲ... ခင်ဗျားတို့ ပြဿနာ တခြားမှာ သွားရှင်းဗျာ။ ကျုပ်အိမ်ထဲက အမြန်ထွက်သွားကြ” ဟု နှင်လွှတ်လိုက်ရလေသည်။


* * *


ဒီကိစ္စတွေ အားလုံး ဓာတ်ခဲလက်ချက်ဆိုတာ .. ခန့်မှန်းလို့ ရလောက်ပါပြီ။ ဖြစ်ပုံကတော့....

ဓာတ်ခဲသည် ဆရာကြီးဆိုသူ အိမ်လာလာနေသဖြင့် အနေကြုံ့ရသည်။ ဆရာကြီးလာတဲ့အချိန် ရှောင်နေပြန်တော့လည်း အိမ်ကပ်တယ်ဆိုတာ မရှိဘူးဆိုပြီး အဆူခံရပြန်သည်။


ဓာတ်ခဲအနေဖြင့် ဆရာကြီးအပေါ် မနှစ်မြို့ရတာတော့ ဒီအကြောင်းတစ်ခုတည်း မဟုတ်။

သူ့စိတ်ထဲမှာ အလိုလို မသိုးမသန့် ဖြစ်နေရ၏။ ဓာတ်ခဲတွေးပုံကတော့ ကလေးလူငယ်ပီပီ ရိုးရှင်းသည်။ ဘာလဲဆိုတော့....

“တကယ်လို့ ဆရာကြီးသာ တကယ့် တရားသမားဆိုလျှင် ဒီလောက် အစားကြီးမှာ မဟုတ်ဘူး..”ဆိုတော့ ကောက်ချက်ပင်။

ကလေးအတွေးပင် ဖြစ်သော်လည်း ကြောင်းကျိုးဆက်နွယ်မှုရှိနေ၏။ တစ်ခါတစ်လေ တည့်တည့်တွေးခြင်းက ဆင်ခြင်တွေးတောခြင်းထက် ပိုထိရောက်တတ်ကြောင်း သာဓကပြသည့် သဘောလည်းဖြစ်နေ၏။


ဒီလူကြီးမှာ ထောက်စရာ ချို့ယွင်းချက် တစ်ခုခုတော့ ရှိရမှာပဲဟု သူတွက်သည်။

တိုက်တိုက်ဆိုင်ဆိုင် ဖြစ်ချင်တော့ တစ်ရက်တွင် ဓာတ်ခဲသည် စက်ဘီးတစ်စင်းနှင့် လျှောက်သွားခဲ့သည်။ သူတို့မြို့နယ် အစွန်ပိုင်းရှိ ချောင်ကျသော ရပ်ကွက်တစ်ခုအတွင်းသို့ ဆိုက်ကားတစ်စီးနှင့် ၀င်သွားသော ဆရာကြီးကို လှမ်းမြင်သည်။ အိမ်တစ်အိမ်ရှေ့မှာ ဆိုက်ကားပေါ်က ဆင်းသည်။ အိမ်ထဲက မိန်းမတစ်ယောက် ထွက်လာပြီး ကြိုဆိုသည်။ ထိုမိန်းမ၏ အသက်မှာ ဆရာကြီးထက် များစွာ ငယ်နေ၏။ သမီးအရွယ်လည်း မက။


ဓာတ်ခဲ အတွေးတစ်ခုပေါက်သွားသည်။ ထိုရပ်ကွက်ထဲတွင် သူတို့အတန်းထဲက သူငယ်ချင်းတစ်ယောက်ရှိ၏။ ဒီကောင့်ကို စုံစမ်းတော့ ဆရာကြီးဆိုသူ၏ တိတ်တိတ်ပုန်း ဇာတ်လမ်းကိ သိရသည်။

ဒီနောက်မှာတော့ ဓာတ်ခဲ အတွက် ဆက်လုပ်ဖို့ လွယ်သွားပြီ။

ဆရာကြီး သူတို့အိမ်လါလျှင် တစ်နေကုန်တတ်ကြောင်း သိပြီးသား။ ထို့ကြောင့် ဆရာကြီးရောက်လာသော တစ်ရက်တွင် မိန်းမကြီးထံ သွားပြီး စာတစ်စောင် ပေးခဲ့သည်။ စာထဲမှာ ဆရာကြီး ရှုပ်နေတဲ့ ကိစ္စ သိချင်လျှင် ဘယ်အချိန်လာခဲ့ပါ..ဆိုပြီး သူ့အိမ်လိပ်စာရေးပေးထားသည်။ မိန်းမငယ်ထံသို့လည်း ဒီအချိန်အတိုင်း ကိုက်၍ ဆရာကြီးက ချိန်းလိုက်သယောင်သွားပြောသည်။ ဒီလိုနှင့် သူတို့အိမ်မှာ ထိပ်တိုက်ဆုံပြီး ပွဲကြီးပွဲကောင်း နွဲကြခြင်းဖြစ်၏။


တကယ်တော့ ဆရာကြီးဆိုသူမှာ ဗေဒင် ယတြာကိုလည်း ကျွမ်းကျွမ်းကျင်ကျင် တတ်သူမဟုတ်။ တရားဓမ္မကိုလည်း နက်နက်နဲနဲ လေ့လာဖူးသူမဟုတ်။ တရားသမားအစစ်လည်း မဟုတ်။ အဟိတ်အဟန့်ကောင်းကောင်း၊ အာဝဇ္ဖန်းရွှင်ရွှင် လိမ်ညာစားနေသူသာဖြစ်၏။

ဒါကို ဓာတ်ခဲက ဖော်ထုတ်လိုက်ခြင်းဖြစ်၏။ ဦးကုလားတို့ကလည်း သူ့လက်ချက်မှန်း သိသည်။


သို့ရာတွင် သူတို့ဘက်က ချွတ်ယွင်းချက်ဖြစ်နေသောကြောင့် ဘာမျှ မပြောဘဲ ငြိမ်နေရ၏။

ဒေါ်ခင်တီကတော့ ....

“ကျုပ်သားလေး လျှင်ပေလို့ပေါ့။ နို့မို့ဆို ဘယ်အထိ အလိမ်ခံရမလဲ မသိဘူး..” ဟု

ဓာတ်ခဲကိုတောင် ချီးကျူးလိုက်သေးသည်။

ဘာပဲဖြစ်ဖြစ် ဒီကိစ္စမှာ ဦးကုလား သိက္ခာကျရတာတော့ အမှန်ပဲဖြစ်၏။ ဆရာတု ဆရာယောင်ကို ဆည်းကပ်မိတာက တစ်ကြောင်း၊ သူ့အိမ်ပေါ်မှာ “အကြီး အငယ်” ပြဿနာဖြစ်ပြီး ရုန်းရင်းဆန်ခတ်ဖြစ်ခဲ့ရတာက တစ်ကြောင်း..... သူနှင့် မသင့်မတင့်ဖြစ်နေသော... ဦးဖိုးဗြော့က ဆိုလျှင် ....

“ဦးကုလားတို့ လည်လှလည်လှနဲ့ ဒီတစ်ခါတော့ နှပ်ပစ်ခံရတာပဲ။ လူက ကိုယ်ကိုယ်ကိုယ် တယ်အထင်ကြီးသကိုး” ဟု ကွယ်ရာမှာ ပြောနေခြင်းက ပို၍ မခံမရပ်နိုင် ဖြစ်စရာကောင်းလေသည်။


* * *


ဓာတ်ခဲမှာ ကောင်းကွက်ကလေးတွေလည်း ရှိပါသေးသည်။

သူသည် လူကြီးတွေကို ပြဿနာရှာတတ်သော်လည်း ကလေးချင်းကျတော့ တည့်အောင်ပေါင်းသည်။ သူ့ထက် ငယ်သူကို အနိုင်ကျင့်တာတို့ ဘာတို့ မလုပ်တတ်။ သူများက မတရားလုပ်လျှင်တောင် အားနည်းသူဘက်က ၀င်ကူတတ်၏။


ကျော်ကွန့်နှင့် လှထုံတို့၏သား မောင်ကျော်လှသည် အ တီး အ တ ဖြစ်ရုံမက ကြောက်လည်း ကြောက်တတ်သည်။ အတန်းထဲမှာ ငယ်လည်း ငယ်နေတော့ အနိုင်ကျင့်ချင်တဲ့ကောင်တွေ ရှိသည်။ ထိုအခါ ဓာတ်ခဲက ၀င်၍ အကာအကွယ်ပေးရ၏။ ထို့ကြောင့် မောင်ကျော်လှက သူ့ကို အလွန်အားကိုးသည်။ တစ်စုံတစ်ခုဖြစ်လျှင်...

“ ကိုကြီး ဓာတ်ခဲ..၊ ဟိုကောင်က ကျွန်တော့်ပေတံယူပြီး ပြန်မပေးဘူး၊ ဟိုကောင်က ကျွန်တော့်မုန့်လုစားတယ်” စသည်ဖြင့် လာတိုင်လေ့ရှိ၏။ ဓာတ်ခဲကလည်း ဒီလို အားကိုးခံရတာကို ကျေနပ်သည်။ သို့တိုင်အောင် သူသည်လည်း သူ့ဝသီအတိုင်း အကျီစားတော့ သန်လေသည်။


ကျောင်းမုန့်စားဆင်းချိန်တစ်ခုတွင် ခပ်သုတ်သုတ် လျှောက်လာနေသော မောင်ကျော်လှနှင့် ဆုံသည်။

“ဘယ်လဲကွ..မောင်ကျော်လှ ”

“ အိမ်သာသွား မလို့ ”

မောင်ကျော်လှမှာ မျက်နှာက ရှုံ့မဲ့နေသည်။ ကြွက်သားတွေကို တောင့်ပြီး အတင်းအောင့်ထားတာမျိုးဖြင့် သဖြင့် မထိန်းနိုင်လောက်အောင် ဗိုက်နာနေကြောင်း သိသာ၏။ ဓာတ်ခဲက နောက်ချင်လာသဖြင့် ....

“ နေပါဦးကွ ..နေကြာစေ့ စားသွားပါဦး ”

“ မစားတော့ဘူး...ဟိုဒင်း..” ဆိုပြီး သွားမည်အပြု ဓာတ်ခဲက လက်မောင်းဖမ်းဆွဲထားပြီး ...

“ ခဏနေဦး..ငါပြောစရာ ရှိသေးတယ်”

မောင်ကျော်လှမှာ ချွေးတွေတောင် ပြန်နေသည်။ လက်မောင်းကို ရုန်းရင်း....

“ လွှတ်ပါ..ကိုကြီးဓာတ်ခဲရ.. ဒီမှာ ..ထွက်..ထွက်ကျတော့မယ်..” ဆိုတော့မှ ဓာတ်ခဲက လွှတ်ပေးလိုက်သည်။ မောင်ကျော်လှလည်း လိမ်ကျစ်လိမ်ကျစ်နှင့် ပြေးထွက်သွားသည်။ ဓာတ်ခဲလည်း တဟားဟား ရယ်လိုက်ပြီးမှ စိတ်ကူးတစ်ခုပေါ်လာပြန်သဖြင့် အိမ်သာဆီသို့ လိုက်သွား၏။ ပိတ်ထားသော အခန်းတံခါးကို ခေါက်လိုက်ပြီး...

“ မောင်ကျော်လှ.. မောင်ကျော်လှ...”

“ခင်ဗျာ....”

“အေးအေးဆေးဆေးသာ .. ပါကွ၊ ဘာမှ မကြောက်နဲ့..”

“ဘာ... ဘာကြောက်ရမှာလဲ..”

“ သြော်... ငါက ငါ့လိုဖြစ်နေမှာ စိုးလို့ပါ..”

“ ကိုကြီးဓာတ်ခဲက ဘာဖြစ်လို့လဲ..”

“မင်းကို အဲဒါတောင် ပြောမပြရသေးဘူး။ ဟိုနေ့က ငါအိသာတတ်နေတုန်း သရဲခြောက်ခံရတယ်ကွ”

“ ဗျာ....”

“ ဟုတ်တယ်ကွ.. ခေါင်းပြတ်သရဲကွ။ ခေါင်းလုံးဝမပါဘူး၊ ကိုယ်လုံးချည်းပဲ မြင်ရတာ..။ ငါ့ကို ပြုံးပြုံးကြီး ကြည့်နေရင်းက လျှာကြီးထုတ်ပြတာကွ၊ ငါဖြင့် ကြက်သီးတွေတောင် ထသွားတယ်”

“ဟင်...တကယ်ပြောတာလား..”

အိမ်သာခန်းထဲက မောင်ကျော်လှ အသံမှာ ချောက်ချောက်ချားချား ဖြစ်နေ၏။

“ တကယ်ပေါ့ကွ... အဲဒါ မင်းများကြောက်နေမလားလို့ လိုက်လာတာ..၊ အေးလေ ..မင်းက သတ္တိကောင်းပါတယ်၊ ဒါပေမယ့် ရုတ်တရက်ဆို လန့်မှာစိုးလို့ လာသိပေးတာ... ကဲ... သွားလိုက်ဦးမယ်ဟေ့...”

“ ဟာ ...ကိုကြီးဓာတ်ခဲ.. ခဏနေပါဦး၊ ကျွန်တော့်ကို စောင့်ပါဦး”

မောင်ကျော်လှ အလန့်တကြားအော်သည်။ ဓာတ်ခဲက အသံမပြုတော့ဘဲ လှည့်ထွက်သွား၏။ မောင်ကျော်လှမှာ နဂိုက အသည်းငယ်သူဖြစ်သည့်ပြင် ရပ်ကွက်ထိပ်က ညောင်ပင်ကြီးနားမှာ အပူရှပ်ပြီးကတည်းက သွေးလန့်နေသူဖြစ်၏။

ထို့ကြောင့် ဓာတ်ခဲကို အော်ခေါ်လို့ မရသောအခါ အိမ်သာထဲ ဆက်မထိုင်ရဲတော့ဘဲ တံခါးဖွင့်ပြီး အမြန်ပြေးထွက်လာသည်။ ကိုယ်လက်သန့်စင်မှုတောင် စင်အောင်လုပ်ခဲ့ရဲ့လားမသိ။ သူငယ်ချင်းတွေရှိရာသို့ ပြန်ရောက်သွားသော အခါ...

“ဟေ့ကောင်.. မင်းချီးပုံတွေ ဘာတွေများ နင်းမိလာသလား၊ နံတယ်ကွ..”ဟု ၀ိုင်းပြောကြသောကြောင့်ဖြစ်၏။


တကယ်တော့ ဓာတ်ခဲသည် ရုတ်တရက်စိတ်ကူးရပြီး နောက်လိုက်ခြင်းသာဖြစ်၏။ ဒီလောက်နဲ့ ပြီးသွားမယ် အောက်မေ့ခဲ့သည်။ သို့တိုင်အောင် သူသည် ဒီလို ကိစ္စမျိုးမှာ ပါရမီပါသူဟု ဆိုရမည်။ သူ စ လိုက်သည့် ဇာတ်လမ်းသည် နည်းနည်းတော့ မွှေနောက်သွား လိုက်သေးသည်။ ဓာတ်ခဲက နောက်လိုက်သည့် အချိန်မှ စ၍ မောင်ကျော်လှသည် အိမ်သာသို့ တစ်ယောက်တည်း မသွားရဲတော့။

သူငယ်ချင်းတစ်ယောက်ယောက်ကို အမြဲခေါ်သည်။ မလိုက်ဘူးဆိုလျှင် သူလည်း မသွားတော့ဘဲ အောင့်ထားသည်။

“မင်းက ဘာဖြစ်တာလဲကွ၊ ခါတိုင်း တစ်ယောက်တည်းသွားနေကျပဲ” ဟု မေးသောအခါ....

“မင်းတို့ ..ဘာသိလို့လဲ..” ဆိုပြီး ဓာတ်ခဲ၏ ခေါင်းပြတ်သရဲအကြောင်းကို ပြောပြသည်။ ထိုအခါမှ စ၍ သူတို့ သူငယ်ချင်းတွေ အိမ်သာသွားလျှင် နှစ်ယောက်၊ သုံးယောက်စုသွားသည့် အကျင့်ဖြစ်လာသည်။ ဒီလိုနှင့် တစ်ယောက်တစ်ဆင့် ပြောကြရာမှ တစ်တန်းလုံးလိုလို အိမ်သာကို တစ်ယောက်ထဲ မသွားရဲကြတော့။ ဒီအကြောင်း ဆရာမသိသွားတော့.....

“ပေါက်ပေါက်ရှာရှာဟယ်... ဘယ်သူကများ နောက်သွားတယ် မသိပါဘူး။ ဆရာမ ဒီကျောင်းမှာ လုပ်ခဲ့တာ ငါးနှစ်ကျော်ပြီ.. တစ်ခါမှ မကြားဖူး...မမြင်ဖူးပါဘူး... “ ဟု ပြောရ၏။


ဆရာမအနေဖြင့် ကလေးတွေဟာ ဒီလိုပဲ တစ်ယောက်ယောက်က နောက်ပြောင်လိုက်တာကို တကယ်ထင်ပြီး တစ်ဆင့်တစ်ဆင့် ပြောကြတာမျိုး ဖြစ်တတ်ကြောင်းကို သိ၏။ အခုကိစ္စကလည်း တကယ်မဖြစ်နိုင်မှန်း သိ၏။ သို့ရာတွင် လူဆိုတာက ဒါမျိုးဆိုလျှင် မယုံတာတောင် နည်းနည်းတော့ ကျောချမ်းချင်ကြတာ သဘာဝပဲဖြစ်၏။ ထို့ကြောင့် ဆရာမလည်း အိမ်သာ သွားချင်လျှင် အခြား ဆရာမတွေကို “လိုက်ဦးမလား” ဟု လက်ကုတ်တတ်လာသည်။ တခြားဆရာမတွေကလည်း အခုတလော ဒီဆရာမ ထူးခြားပါတယ် ဆိုပြီး မေးကြတော့မှ..

“ဘာရယ် မဟုတ်ပါဘူးကွယ်..ကလေးတွေ ပြောနေကြတာပဲ” ..ဆိုပြီး တစ်ဆင့် ဖောက်သည်ချ။ ဒီနောက်မှာတော့ ဆရာမတစ်ချို့လည်း အိမ်သာသွားလျှင် နှစ်ယောက်တစ်တွဲ ဖြစ်ကုန်ကြ၏။ နောက်ဆုံး ထိုကိစ္စ ဆရာကြီးသိသွားတော့...

“ဆရာမတို့နှယ်ဗျာ.. ယုတ္တိရှိ မရှိဆိုတာလည်း စဉ်းစားစမ်းပါဦး၊ သရဲက ခေါင်းမပါဘူးဆိုသေးတယ်၊ ပြုံးပြတယ်လည်း ဆိုသေးတယ်၊.. ခေါင်းတောင် မရှိပါဘူးဆိုမှ ဘယ်လိုလုပ် ပြုံးပြမလဲ..ဘယ်လိုလုပ် လျှာထုတ်ပြမလဲ...”

ထိုအခါကျမှ အားလုံး စဉ်းစားမိပြီး ရယ်ကြတော့သည်။

မောင်ကျော်လှသည် အခုမှ အိမ်သာကို တစ်ယောက်တည်း သွားရဲတော့သည်။


* * *


ဒီနေ့ည ပြသမည့် ဗီဒီယို ဇာတ်ကား လူမပြည့်မှာ မပူရ။

မင်းသားတွေက စူပါ့ စူပါတွေတော့ မဟုတ်။ သို့ရာတွင် သူတို့ရပ်ကွက်၏ အသည်းစွဲ မိုးဒီနှင့် မော့စ်တို့ ပါဝင်သည်။ ဇာတ်လမ်းသဘောကလည်း ထူးခြားသည်။ မိုးဒီနှင့် မော့စ်တို့သည် စီးပွားပြိုင်ဘက်များဖြစ်ပြီး တစ်ယောက်နှင့် တစ်ယောက် အပြန်အလှန် လူလည်ကျကြပုံများကို ဇာတ်လမ်းဆင်ထားသည်။ ဗွီဒီယိုရုံ တာဝန်ခံ ဖိုးနီကလည်း “မိုးဒီနှင့် မော့စ်တို့၏ ပညာပြိုင်ပွဲကြီးအကြောင်း”ဆိုပြီး ကျောက်သင်ပုန်းမှာ ရေးပြီး ကြော်ငြာထားသေးသည်။


ထို့ကြောင့် ပွဲမစပြခင် နာရီဝက်လောက်ကပင် ရှေ့ဆုံးမှာ နေရာရရန် ကြိုတင်ဝင်ရောက်နေသူတွေ တဖွဲဖွဲရှိနေ၏။ ပွဲစခါနီးတွင်  ဓာတ်ခဲ၏ သူငယ်ချင်း သုံးလေးယောက် ရောက်လာသည်။ ဖိုးနီက ရုံဝင်ခငွေတောင်းသည့် သဘောလက်ဖြန့်ပေးလိုက်၏။  ထိုအခါ ကောင်လေးတွေက ပိုက်ဆံမပေးဘဲ လက်လေးလုံးလောက်ရှိသည့် စာရွက်ပိုင်းလေးတွေ လက်ထဲ ထည့်ပေးသည်။

ဖိုးနီ ကြောင်သွားပြီး...

“ဒါက ဘာလဲ..”

“မေတ္တာလက်မှတ် လေ..”

“ ဘာ.. ဘာမေတ္တာလက်မှတ်လဲ .. ဒီရုံမှာ..”

“ ဖတ်ကြည့်ပါဦး..” ဟု ပြောသဖြင့် ကြည့်လိုက်တော့ စာရွက်ပိုင်းလေးတွေပေါ်မှာ....

“ အခမဲ့ ကြည့်ခွင့် ပြုသည်။  ပုံ- ဓာတ်ခဲ ..” ဟု ရေးထားပြီး လက်မှတ်ထိုးထား၏။

“ ဟာ.. မရဘူးကွ.. ဒီလို ဘယ်ဖြစ်မလဲ၊ ဦးလေးတို့ ဆူလိမ့်မယ်..”

“ ဓာတ်ခဲက ရတယ်လို့ ပြောတယ်၊ သူကိုယ်တိုင် လက်မှတ်ထိုးပေးတာ..”

“ ဟာ.. ဒုက္ခပါပဲ..ဒီကောင် ဘယ်မလဲ..” ဆိုပြီး ရှာကြည့်တော့ မတွေ့။ ထို့ကြောင့် ဦးကုလားဆီ သွားပြတော့....

“ ဘယ်ဖြစ်မလဲကွ...  ဒီကောင် ဓာတ်ခဲ ငါ့ကို စီးပွားပျက်အောင် လုပ်ပြန်ပြီ”

ထိုစဉ်မှာပင် ဒေါ်ခင်တီထွက်လာပြီး ဘာဖြစ်တာလဲ မေးသည်။

“မင်း သားလုပ်ပုံ ကြည်ဦး”

ဦးကုလားက စာရွက်ကလေးတွေကို ပြသည်။ ဒေါ်ခင်တီက ယူကြည့်ပြီး ပြုံးလိုက်သည်။ ထို့နောက်...

“ အေး ..၀င်ပစေ.. ပြလိုက်...”

“ဟာ.. ဒီလိုတော့...”

ဦးကုလားက ကန့်ကွက်မည်ပြုစဉ် ဒေါ်ခင်တီက..

“ ဒါ ..ကျုပ်သားအလှူလုပ်တဲ့ သဘောပဲ။ သုံးလေးယောက် အလကားပြရလို့ ကျုပ်တို့ မွဲမသွားပါဘူး... သူ့မှာ စိတ်ကောင်းလေးဝင်နေတာ ကို မပိတ်ပင်ကောင်းပါဘူး.. ကုသိုလ်တောင်ရသေးတယ်....” ဟု ဆိုသည်။

ဤသို့ဖြင့် ဓာတ်ခဲသည် သူ စေတနာရှီသူတွေကို တစ်နေ့လျှင် အခမဲ့ ကြည့်ခွင့်လက်မှတ် သုံးလေး ငါးစောင် ပေးနေလေတော့သည်။


ရုပ်ရှင် ကုမ္ပဏီကြီးများသည် သူတို့၏ မိတ်ဆွေများကို အခမဲ့ ရုပ်ရှင်ကြည့်နိုင်သော မေတ္တာလက်မှတ်များပေးလေ့ရှိကြောင်း ဟိုတစ်လောက ပတေးပြောတာကို ကြားမိသည်။ ဒါကို ဓာတ်ခဲက အားကျပြီး လိုက်လုပ်ခြင်းဖြစ်၏။ သူ့မှာ ဒီလို စေတနာကောင်းတာမျိုးလေးတွေ ကြိုကြားပေါ်တတ်လေသည်။


* * *


အိမ်ရှေ့မှာ မေးထောက်ပြီး ငုတ်တုတ်လေးထိုင်နေသော မောင်ကျော်လှကို ဓာတ်ခဲက ..

“စာတွေ ကျက်ပြီးပြီလားကွ...” ဟု လှမ်းမေးသည်။

မောင်ကျော်လှက စိတ်မပါ့တပါဟန်ဖြင့် ခေါင်းငြိမ့်ပြသည်။ ဒီကောင့် ကြည့်ရတာ တစ်ခုခုဖြစ်နေသလိုပဲ.. ငိုင်တိုင်တိုင်နဲ့ဟု ဓာတ်ခဲတွေးလိုက်ပြီး အနားကို လျှောက်သွားသည်။

“ဘာဖြစ်လို့လဲကွ...မင်းအမေဆူလို့လား...”

“မဟုတ်ပါဘူး..”

“ဒါဖြင့် ..ဘာလဲပြော၊ မင်းကို ဘယ်သူက အနိုင်ကျင့်လို့လဲ.. အဲဒီကောင်ကို ငါသွားဆုံးမလိုက်မယ်..”

“အဲဒါလည်း မဟုတ်ပါဘူး.အစ်ကိုရာ..၊ ဟို .. ကျွန်တော့် ကက်ဆက်ကလေး......”


ကျော်ကွန့်တို့ စက်ရုံနှစ်ပတ်လည် အခမ်းအနားတွင် ဘောနပ်စ်ပေးသည့်အနေဖြင့် ကဲစမ်းမဲ နှိုက်ခိုင်းရာ..ကျော်ကွန့်က ကက်ဆက်ရီကော်တာလေးတစ်လုံး မဲပေါက်သည်။ အကောင်းစားတော့ မဟုတ်။ နယ်စပ်ဘက်က ၀င်လာသည့် ပေါချောင်ကောင်း ပစ္စည်းလေးသာဖြစ်သည်။ နှစ်ထောင့် ငါးရာလောက်သာ တန်သည်။ သို့ရာတွင် သူတို့အဖို့ကတော့ လူနေမှုအဆင့်အတန်း တထစ်တိုးသွားသလို အဖိုးတန်လှသည်။ မောင်ကျော်လှလေးမှာ သီချင်းနားထောင်တာ ၀ါသနာပါသူမို့ ကက်ဆက်ကလေးကို အလွန်မြတ်နိုးလေသည်။


ပြီးခဲ့သော သုံးလလောက်ကတော့ ကျောင်းတွေ ဖွင့်ကာနီးဖြစ်၍ မောင်ကျော်လှ ကျောင်းအပ်ဖို့ ငွေလိုလာသည်။ ထို့ကြောင့် ကက်ဆက်ကို မသီး ဆီမှာ တစ်ထောင်နှင့် ပေါင်လိုက်ရ၏။ တစ်လအတွင်း ပြန်ရွေးနိုင်မည်ဟု ထင်ခဲ့သော်လည်း မောင်ကျော်လှ ဖျားလို့ ကုန်ရတာရယ်၊ အိမ်အမိုးတွေ ပြင်ရတာရယ်ကြောင့်....

“အဲဒါ..ထုံးစံအတိုင်း သုံးလအတွင်း ပြန်မရွေးနိုင်လို့ အပေါင်ဆုံးသွားပြီလို..အဖေတို့၊ အမေတို့ ပြောနေတာ ကြားတယ်”

“ဒေါ်သီးကို တစ်လ ထပ်ဆိုင်းခိုင်းပါ့လားကွ ”

“မရဘူးတဲ့..ဒေါ်သီးအကြောင်းလဲ ကိုကြီးဓာတ်ခဲ သိသားပဲ...”

“အေး...ဒါလဲ ဟုတ်တယ်၊ ဒါနဲ့ အတိုးက ဘယ်လောက်ပေးရမလဲ”

“တစ်ရာကို တစ်ဆယ်တိုး တဲ့”

“ဟာ.. တော်တော် လောဘကြီးတဲ့ မိန်းမကြီးပဲ”

“ကျွန်တော် ကက်ဆက်လေးတော့ ပြန်မရတော့ပါဘူး.. အဲဒါကြောင့်....”

မောင်ကျော်လှမှာ ပြောရင်းက အသံလေးတုန်ပြီး မျက်ရည်ဝဲလာ၏။

ဓာတ်ခဲ သနားသွားသည်။ ဘယ်လို ကူညီရကောင်းမလဲ စဉ်းစားသည်။ အရင်းက တစ်ထောင်၊ အတိုးက သုံးလအတွက် သုံးရာဆိုတော့ အားလုံး ထောင့်သုံးရာ ကျသည်။ သူ့အနေဖြင့် စိုက်ပြီး ရွေးပေးဖို့ မလွယ်။ သူ့လက်ထဲမှာ သုံးရာကျော်လောက်သာ စုထားတာ ရှိ၏။

သူ့အဖေ အမေဆီ တောင်းဖို့လည်း မဖြစ်နိုင်။ ခုတလော စီးပွားရေး သိပ်မကောင်းဘူးဟု ညည်းသံညူသံ ကြားနေရ၏။ ပြီးတော့ ဗွီဒီယိုအခမဲ့ကြည့်ခွင့် မေတ္တာလက်မှတ်တွေ ပေးခဲ့တာလည်း ၀င်ငွေလျော့တယ်ဟု အဖေက ပြောပြောနေသည်။ ကျောင်းမှာ အလှူငွေ ထည့်စရာရှိတယ်ပြောပြီး တောင်းရင်ကော..၊ ဒါလည်း မဖြစ်သေး။ အဖေက သူ့ကို မယုံလို့ ကျောင်းကို လာမေးလျှင် ပေါ်ကုန်မည်။

ငွေရှိတယ်ပဲထား ကက်ဆက်က အပေါင်ဆုံးနေပြီ။ မသီးက အတိုးအရင်း ရရုံနှင့် ကျေနပ်မှာ မဟုတ်။ ဒီပေါ်မှာ အမြတ်ထပ်လိုချင်လို့သာ သုံးလအတွင်း မရွေးလျှင် အဆုံးပဲဟု စည်းကမ်းချထားတာ မဟုတ်လား။

ဓာတ်ခဲ ဦးနှောက် စားရလေပြီ။


* * *


ဒေါ်ခင်တီသည် လက်ထဲမှာရှိသော ငွေနှင့် ၀ယ်စရာပစ္စည်းများကို တွက်ချက် ချိန်ဆနေ၏။ ခုရက်ပိုင်း ဆန်ဈေးတွေ ကျနေသည်။ သူတို့အိမ်မှာက အလုပ်သမားတစ်ချို့ကို ထမင်းပါ ကျွေးရသည်။ အလုပ်ပင်ပန်းတော့လည်း စားနိုင်ကြသည်။ ထို့ကြောင့် ခုလိုအချိန်မှာ ဆန်များများဝယ်ထားရကောင်းမလား စဉ်းစားနေစဉ်......

ဓာတ်ခဲ၏ သူငယ်ချင်းတစ်ယောက် အိမ်ပေါ်သို့ မောကြီးပန်းကြီး ပြေးတတ်လာ၏။

“ကြီးကြီး... ဓာတ်ခဲလေ... ဓာတ်ခဲ..”

“ဟင်...ဓာတ်ခဲ ..ဘာဖြစ်လို့လဲ...” ဒေါ်ခင်တီ ရင်တုန်ပန်းတုန် ပြန်မေးသည်။

“ဓာတ်ခဲတော့ ဘာမှ မဖြစ်ပါဘူး၊ ဟို..ဟို မောင်ကျော်လှ...”

“မောင်ကျော်လှ ဘာဖြစ်တာလဲ.. ရှင်းအောင်ပြောစမ်းပါဟဲ့ ...”

“မောင်ကျော်လှ ခေါင်းကွဲသွားလို့... ”

“ဟင်..ဒါဆို သူ့အဖေ၊ သူ့အမေကို သွားပြောလေ..”

“မရှိကြဘူး၊ ပြီးတော့ အဲဒါလည်း ဓာတ်ခဲကြောင့်ဖြစ်တာ..”

“ဘာာ”

“ဟို..ကစားရင်းက ဖြစ်တာ..ဓာတ်ခဲက ၀ူခုန်းလုပ်မယ်ဆိုပြီး တောင်ဝှေးနဲ့ ရိုက်တာ၊ မောင်ကျော်လှက မရှောင်တတ်တော့ ထိပြီးခေါင်းကွဲသွားတာ.. ”

“ဟယ်..အခုဘယ်မှာလဲ... ”

“ဆေးခန်းကို ခေါ်သွားကြပြီ..”

“ဓာတ်ခဲကော...”

“သူပဲလိုက်ပို့တာ.. အဲဒါ ကျွန်တော့်ကို ကြီးကြီးဆီ လွှတ်လိုက်လို့ ...ဟို... ဆေး...ဆေးဖိုး..”

ဒေါ်ခင်တီ သဘောပေါက်သည်။ ထို့ကြောင့် ငွေငါးရာတန်တစ်ရွက် ထုတ်ပေးလိုက်ရ၏။


* * *


အခုအခါ ဓာတ်ခဲ၏ လက်ထဲတွင် နဂိုက ရှိတာ သုံးရာကျော်နှင့် ဒေါ်ခင်တီဆီက ရတာ ငါးရာဆိုတော့ စုစုပေါင်း ရှစ်ရာကျော်တော့ရှိပြီ။

ဒီလောက်ငွေနဲ့ ကက်ဆက်ကို ဘယ်လို ပြန်ရမလဲ။ နည်းလမ်းရှာရသည်။ မသီး လောဘကြီးတတ်တာကို ဓာတ်ခဲ ကြည့်မရတာ ကြာပြီ။

ထို့ကြောင့် ......


မသီး တစ်ယောက်တည်း အိမ်မှာ ရှိနေစဉ် လူတစ်ယောက် ရောက်လာသည်။ မသီးဆီမှာ ကက်ဆက်တစ်လုံးရောင်းဖို့ရှိကြောင်း ဈေးထဲက အထည်ဟောင်းဆိုင်က ပြောလို့ လိုက်လာတာဟု ဆို၏။ မသီးက အပေါင်ဆုံးသည့် အထည်တွေကို ထိုဆိုင်မှာ ပြန်သွင်းတတ်သည်။ အခြားပစ္စည်းရောင်းစရာရှိလျှင်လည်း ထိုဆိုင်မှာ သတင်းပို့ထားတတ်သည်။ ကျော်ကွန့်တို့၏ ကက်ဆက်အကြောင်းလည်း မှာထားခဲ့သည်။

“သြော်...ဟုတ်ပြီ..လာ...လာ...”

မသီးက ကက်ဆက်ကိုယူပြီး ပြသည်။ ဟိုလူက ကက်ဆက်အကြောင်း နားလည်ဟန်တူ၏။ အတော် စေ့စေ့စပ်စပ်ကြည့်သည်။

“အပြင်ပန်းအားဖြင့်တော့ မဆိုးပါဘူး။ အစ်မက ဘယ်လောက်လိုချင်တာလဲ”

မသီး ၀မ်းသာသွားပြီး...

“အစ်မကတော့ ထောင့်ရှစ်ရာလောက် လိုချင်တယ်..”

“ဟာ.. အဲဒီဗလာက်ထိတော့ မပေါက်ပါဘူး..အစ်မရယ်..”

“ဘယ်လောက်ပေးမလဲ ပြောလေ.. နည်းနည်းပါးပါး လျှော့မှာပေါ့...”

“နည်းနည်း အသံလေး ..ဘာလေး စမ်းကြည့်ပါရစေ..” ဆိုပြီး ... သူ့ဆီမှာ ပါလာသည့် တိပ်ခွေကို ထည့်ပြီး ဖွင့်လိုက်သည်။

ဘာသံမှ ထွက်မလာ။ တရှဲရှဲ မြည်သံသာ တစ်ချက်တစ်ချက် ပေါ်လာသည်။

“အသံ မလာပါ့လား၊ ဟက်များ ထိထားလား မသိဘူး” ဆိုပြီး ဆောင်းဟက်ကို လက်ဖျားနှင့် စမ်းကြည့်သည်။ မသီးက ..

“လာပါတယ်... ဟိုတလောကတောင် ကိုကြီးငွေ စမ်းဖွင့်ကြည့်သေးတယ်။ နင့်အခွေ မကောင်းလို့ထင်တယ်..အိမ်က ခွေနဲ့ စမ်းပါ့လား” ဆိုပြီး အခွေတစ်ခွေ သွားယူလာသည်။ ဒီအခွေ ထည့်ဖွင့်တော့လည်း ဘာသံမှ ထွက်မလာ။

“အစ်မ စက်က ဟက်စားသွားပြီ.. ပြီးတော့ အိုင်စီလဲ လောင်သွားပြီထင်တယ်..”

မသီး စဉ်းစားရပြီ..။ တစ်ခုသွားသတိရသည်။ တစ်လောက ကိုကြီးငွေ သီချင်းဖွင့်နားထောင်သည်။ ပြီးတော့ဟက်ဆေးတယ်ဆိုလား ပြောပြီး  ကလိနေတာတွေ့လို့ ပြောခဲ့ရသေးသည်။ ကိုကြီးငွေတော့လား.. လာရင်သိမယ်ဟု ..စိတ်ထဲက တေးထားလိုက်သည်။

“အဲဒီတော့... ”

မသီးက စကားထောက်လိုက်သည်။

“အင်း.. စက်က စမ်းလို့ မရတော့ ခက်တယ်။ ပြင်ပြီးတော့မှပဲ စကားပြောရင်ကောင်းမယ်

“မင်း..ပြင်တတ်တယ် မဟုတ်လား.. ကိုယ့်ဘာသာပြင်လိုက်ပေါ့.. အစ်မနည်းနည်းလျှော့ပေးမယ်လေ..”

မသီး၏ လေသံက ပျော့လာသည်။

“ဒီလို ရှိတယ်အစ်မရဲ့.. ဟက်ရော.. အိုင်စီရော လဲရမယ်။ အဲဒါကပဲ တစ်ထောင်လောက် ကျမှာ။ ဒါကြောင့် ဒီအတိုင်းယူရမယ်ဆိုရင်တော့ ခုနှစ်ရာလောက်ပဲ ပေးနိုင်မယ်”

“ဟယ်.. နည်းလိုက်တာ.. မကိုက်ဘူး..”

မသီးက သူ့တွက်ကိန်းနှင့် သူပြောသည်။

“ကျွန်တော်ကလည်း အရဲစွန့်ပြီး ၀ယ်ရမှာ.. အထဲမှာ တခြားဘာတွေ ဖြစ်နေမှန်း မသိသေးဘူး။ ဒါတောင် ..ကိုယ့်ဟာကိုယ် ပြင်မှာမို့နော်.. ဆိုင်မှာ သွားပြင်ရင် လက်ခ ငါးရာလောက် ထပ်ပေးရဦးမှာ.. ကျွန်တော်ပေးတာ နည်းတယ်ထင်ရင်အစ်မဘာသာ သွားရောင်းကြည့်။ ဒီအခြေအနေနဲ့ဆို အခွံဈေးပဲ ပေးမှာ။ ငါးရာရရင် ကံကောင်း။ အင်းလေ .. အစ်မ စဉ်းစားပေါ့...”


မသီး ဦးနှောက်စားရပြီ။ ခုပြောပုံအရ ကက်ဆက်ကို ပြန်ပြင်လျှင် အိတ်ထဲက ထောင့်ငါးရာလောက်တောင် ထပ်စိုက်ရမည့် သဘောရှိ၏။ ဒီလောက်တော့ မတတ်နိုင်။ ပြီးတော့ လဆန်းပိုင်းကလည်း ရောက်တော့မည်။ ပစ္စည်းလာပေါင်ကြတော့မည်။ ငွေက လက်ထဲမှာ နည်းနေပြီ။ ထပ်ဆောင်းထားဖို့ လိုနေပြီ။ အဘက်ဘက်က တွက်ချက်ပြီးနောက်ရှစ်ရာတော့ ပေးပါရန် ချော့ချော့မော့မော့ ပြောရလေသည်။


ဝယ်မည်သူက သဘောတူသည်။ ငွေ ရှစ်ရာပေးပြီး ကက်ဆက်ယူသွားသည်။ ထို့နောက် လမ်းတစ်နေရာတွင် စောင့်နေသော ဓာတ်ခဲ၏ လက်ထဲသို့ လွှဲပြောင်းပေးလိုက်လေသည်။ ဓာတ်ခဲက သူ့ကို ငွေ ငါးဆယ်ပေးသည်။ ထိုသူလည်း သစ်ပင်ရိပ်မှာ ရပ်ထားသော သူ့ဆိုက်ကားပေါ်တက်ပြီး နင်းထွက်သွားသည်။ ဓာတ်ခဲက ကက်ဆက်ကို ပိုက်ပြီး မောင်ကျော်လှဆီသို့ သွားလေသည်။


ဓာတ်ခဲဆင်လိုက်သော အကွက်က ရိုးရိုးလေးသာဖြစ်၏။ ကက်ဆက်နှင့် ပက်သက်လို့ သူသိချင်တာကို ဖိုးနီဆီမှာ မေးသည်။ ပြီးတော့ သူ့အိမ်က ကက်ဆက်နှင့် စမ်းသည်။ ရပြီဆိုမှ သူ့အသိ ဆိုက်ကားဆရာကို ကက်ဆက် အိပ်စပတ်လိုလုပ်ပြီး မသီးဆီ လွှတ်လိုက်သည်။ ဈေးထဲက အထည်အဟောင်းဆိုင်က လွှတ်လိုက်တာလို့ ပြောတော့ မသီးကလည်း ယူံသွားသည်။


ပထမဆုံး စစမ်းသည့် ကက်ဆက်ခွေမှာ ဘာသီချင်း၊ ဘာအသံမှ မသွင်းရသေးသော အခွေလွတ်ဖြစ်သောကြောင့် ဘာသံမှ မထွက်ခြင်းဖြစ်၏ ။ နောက်ပြီး မသီးက သူ့အိမ်က အခွေကို သွားယူနေစဉ် ဆိုက်ကားဆရာက ဓာတ်ခဲ မှာလိုက်သည့်အတိုင်း ကက်ဆက်၏ အသံဟက်ပေါ်မှာ ပလာစတာအကြည်လေးကို ကပ်ထားလိုက်သည်။ မသီးပေးသည့် အခွေကို ထည့်ကြည့်တော့လည်း တိပ်သားနှင့် ဟက်ကြားမှာ ပလာစတာခံနေသဖြင့် အသံမထွက်တော့။ ထိုအခါ ဆိုက်ကားဆရာလည်း အလွတ်ကျက်ထားသည့်အတိုင်း အိုင်စီတွေ ..ဘာတွေ လျှောက်ရွက်လိုက်သဖြင့် မသီး ပျာပြီး လျှော့ဈေးနှင့် ပေးလိုက်ရခြင်းဖြစ်၏။


မသီးမှာ အရင်းက တစ်ထောင်၊ အတိုးက သုံးရာမှာ ..ရှစ်ရာတည်းပြန်ရသဖြင့် ငါးရာလောက် နာသွားသည်။ သူ့ စမှန်းတုန်းက ထောင့်ငါးရာလောက်ရမည် ထင်ခဲ့တာပါ။ တွက်လျှင် ပိုတောင် ဆိုးသေး။


ဓာတ်ခဲကတော့ မသီးကိုလည်း ပညာပေးရ၊ မောင်ကျော်လှကိုလည်း ကက်ဆက်ပြန်ပေးရသဖြင့် ကျေနပ်နေ၏။ ကျော်ကွန့်တို့က မေးလျှင်လည်း သူပြန်ဝယ်ထားတာ.. မောင်ကျော်လှကို ခဏငှားထားတာလို့ ပြော။ နောက်မှ ငါ့ဘာသာ ကြည့်ရှင်းမယ်ဟု မှာထားသည်။

သူ့ လုပ်ပုံမှာ အကွက်စေ့လှသည်။ သို့ရာတွင် ဟာကွက်ကလေးတစ်ခုတော့ ရှိနေတာ သတိမထားလိုက်မိ။


* * *


“မင်း သားလုပ်လို့ မောင်ကျော်လှ ခေါင်းကွဲသွားတယ်..ဆို” ဟု ဦးကုလားက မေးတော့.. ဒေါ်ခင်တီက ...

“ဟုတ်တယ်..ဆေးဖိုး ငါးရာတောင် ပေးလိုက်ရသေးတယ်...”

“ငွေ ပေးရုံနဲ့ ဘယ်ပြီး မလဲကွ။ သတင်းလေး ဘာလေး သွားမေးဦးမှပေါ့ ”

“ကျုပ်လဲ အဲဒါ ပြောမလို့ပဲ”

“ဒါဆိုလဲ သွားကြရအောင် ”

သို့ရာတွင် .. သူတို့ သွားဖို့ မလိုတော့...။ ကျော်ကွန့် အိမ်ပေါ်တက်လာသောကြောင့် ဖြစ်၏။

သူ့နောက်မှာတော့ မောင်ကျော်လှသည် ကက်ဆက်ကလေးကို ပိုက်ပြီး ကုပ်ကုပ်ကလေး ပါလာသည်။

“ ဟာ.. အတော်ပဲ.. ။ ငါတို့ အခုပဲ မင်းဆီကို လာမလို့.. မောင်ကျော်လှ ...မင်းခေါင်းကွဲ.. အဲ... ”

မောင်ကျော်လှ ခေါင်းမှာ ပတ်တီးလည်း မရှိ။ ပလာစတာလည်း ကပ်မထားသဖြင့် ဦးကုလားကြောင်သွားသည်။

“ဒီလိုပါ ..ဦးလေး” ဆိုပြီး ကျော်ကွန့်က ရှင်းပြသည်။ ထို့နောက်.....

“အဲဒါ .. ကျွန်တော့်သားကပါ ၀ိုင်းကူပြီး လိမ်ပေးသလို ဖြစ်နေလို့ .. လာတောင်းပန်တာပါ။ ကျွန်တော်လဲ မသင်္ကာလို့ သားကို စစ်ကြည့်တော့မှ သိရတာ။ ဒီကက်ဆက်ကလည်း ဦးလေးတို့ငွေနဲ့ ပြန်ဝယ်ထားရတာမို့လို့ ဦးလေးတို့ကိုပဲ လာပြန်ပေးတာပါ.. ကဲ..သားကြီး ကက်ဆက်ပေးလိုက်...”


မောင်ကျော်လှလေးသည် ကက်ဆက်ကလေးကို အမြတ်တနိုး ပွေ့ပိုက်ထား၏။

“ပေးလိုက်လေကွာ...” ဟု သူ့အဖေက ထပ်ပြောမှ လမ်းပေးလိုက်သည်။ သူ့ပုံစံမှာ မငိုမိအောင် ကြိတ်ပြီး အားတင်းထားရရှာဟန်တူသည်။

ကျော်ကွန့်တို့ ထွက်သွားပြီးနောက် ဦးကုလားက ဒေါ်ခင်တီဘက် လှည့်၍....

“ ကဲ.. ဘယ်လိုလဲ.. မင်း သားလုပ်ပုံ...”

“သူ လုပ်ပုံ မဟုတ်တာတော့ မှန်ပါတယ်.. ၊ ဒါပေမယ့်  သားက ဒါ သူ့ ကိုယ်ကျိုးအတွက် လုပ်တာမဟုတ်ဘူး..၊ မောင်ကျော်လှလေးကို သနားလို့ ကူညီချင်လို့ လုပ်တာ.. သူ့စေတနာကိုတော့ ချီးကျူးသင့်တာပေါ့...”

“ဒီလို နည်းမျိုးနဲ့ ကူညီတာတော့ ငါ မကြိုက်ဘူး...”

“ရှင် ..စဉ်းစားဦးနော်.. သားက အဲဒီငွေကို ကျုပ်တို့ မသိအောင် အလစ်နှိုက်ယူသွားလဲ ရတာပဲ၊ .. အခု ဒါမျိုးမလုပ်တာကိုပဲ ကျေနပ်ဖို့ ကောင်းနေပြီ”

ဦးကုလားမှာ ဘာမျှ ပြန်မပြောဘဲ တွေ နေသည်။

အိမ်အပြင်မှာ အသာချောင်းနားထောင်နေသော ဓာတ်ခဲက ခုလောက်ဆို အခြေအနေကောင်းပြီဟု တွက်ပြီး အိမ်ထဲဝင်လာသည်။ ဦးကုလားက တစ်ခုခု လှမ်းပြောမည်ပြုစဉ်.....သူကပဲ ဦးအောင်ပြောလိုက်သည်။


“ဒီကိစ္စမှာ အဖေတို့ မနစ်နာရအောင် လုပ်ပေးဖို့ စိတ်ကူးရှိပြီးသားပါ အဖေရာ... ”

“ဘာလဲ.. ဘာစိတ်ကူးလဲ..”

“ဒီလိုလေ... အိမ်မှာလဲ ကက်ဆက်တစ်လုံးရှိနေတာပဲဟာ.. ဒီကက်ဆက်လေးက ပိုနေမှာပေါ့.. ဒါကြောင့် မောင်ကျော်လှတို့ကို ပြန်ပေးလိုက်ဖို့ ..”

“ဘာ...”

“ နေပါဦး အဖေရာ.. ပြောပါရစေဦး.. ဒီကက်ဆက်ကို အလကားပြန်ပေးခိုင်းတာ မဟုတ်ပါဘူး.. ပိုက်ဆံချေးထားတဲ့ သဘောမျိုးပေါ့.. သူတို့ အဆင်ပြေတဲ့အခါ ပြန်ဆပ်ခိုင်းပေါ့.. ဒါဆို အဖေ့ငွေလဲ မဆုံးတော့ဘူး.. ကုသိုလ်လဲရတယ်..”

“ဟေ့ကောင်.. မင်းငါ့ကို ဆရာလာ မလုပ်နဲ့..”

ဟု ဦးကုလားက ဟောက်လိုက်၏။


* * *


မောင်ကျော်လှသည် အိမ်အပြန်လမ်းမှာ တရှုံရှုံ့ ငိုလာသည်။ ကျော်ကွန့်က ...

“ မငိုပါနဲ့ သားရယ်.. အဖေ ပိုက်ဆံရှိတော့ ပြန်ဝယ်ပေးပါ့မယ်..” ဟု တတွတ်တွတ် ချော့နေသည်။

ပြောသာ ပြောနေရသည်။ ကက်ဆက်တစ်လုံး ပြန်ဝယ်ဖို့ဆိုတာ မလွယ်လှကြောင်း စိတ်ထဲက သိနေ၏။ သူ့လေသံမှာ မောင်ကျော်လှကို ချော့တာအပြင် သူ့ကိုယ်သူ ပြန်အားပေးနှစ်သိမ့်နေသလိုလည်း ဖြစ်နေ၏။

ပိုက်ဆံက ဘယ်တော့ရှိမှာလဲဟု မောင်ကျော်လှက ပြန်မေးခြင်း မပြုတာကိုပဲ ကျေးဇူးတင်ရလိမ့်မည်။

မောင်ကျော်လှသည် သူ့အဖေ စိတ်မကောင်းဖြစ်နေမှန်း သိသဖြင့် မငိုမိအောင် စိတ်ကို တင်းလိုက်ကာမှ

ဟင့်ခနဲ ရှိုက်သံတစ်ချက် ထွက်သွားရသေးသည်။ ထိုစဉ်မှာ......


“မောင်ကျော်လှရေ.... ဟေ့.. မောင်ကျော်လှ......”

နောက်မှ အော်ခေါ်သံ ကြားသဖြင့် လှည့်ကြည့်ကြသည်။

ဓာတ်ခဲသည် တကြော်ကြော်ခေါ်ရင်း စက်ဘီးကို အမြန်နင်းပြီး နောက်က လိုက်လာနေသည်။

သူသည် စက်ဘီးကို လက်တစ်ဖက်တည်းနှင့် ထိန်းကိုင်ပြီး နင်းလာခြင်းဖြစ်၏။

ကျန်လက်တစ်ဖက်မှာ ဆွဲယူလာတာကတော့ ဘာပစ္စည်းလဲဆိုတာ ကလေးက အစ သိပါသည်။


ဟုတ်ပါ့.. ။ မောင်ကျော်လှ မျက်လုံးတွေ လက်ခနဲ တောက်ပသွားတာကို ကြည့်ပါ့လား။


မင်းလူ


တမာသားလေးမှတ်စု ဘလော့ဂ်ကနေ ကူးယူပါတယ်။ ဘလော့ဂ်ကို ကျေးဇူးတင်ပါတယ်။


စလေ ငနော့ (ကျော်ဇင်လတ်)

Comments

Popular posts from this blog

ငရဲဆိုတာ ဂျိုနဲ့လား 🖋 ဟံသာဝတီ ဦးဝင်းတင်

ဘာလဲဟဲ့... လူ့ငရဲ (မိတ်ဆက်) 🖋 ဟံသာဝတီ ဦးဝင်းတင်

ပုံစံခွက်ထဲက နိုင်ငံရေးမုန်တိုင်း (၁) 🖋 ဟံသာဝတီ ဦးဝင်းတင်