သူငယ်ပြန်အလှ ၁ + ၂ + ၃ 🖋 အောင်သင်း
သူငယ်ပြန်အလှ
*************
အောင်သင်း
မျိုးဆက်သစ်လူငယ်တွေ အတွက် ငါစာရေးနေတာ တော်တော် များပြီ။ ဒါပေမယ့်စိတ်ထဲမှာသာ ရေးနေတာ။ လက်ကမပါနိုင်ခဲ့ဘူး။
ဘာကြောင့်လဲဆိုတော့ကျန်းမာရေး ယိုင်ပြီး မစားနိုင်၊ မသောက်နိုင်၊ မသွားနိုင်၊ မလျှောက်နိုင် ဖြစ်နေတာ သုံးလေးလကြာနေပြီ။ ထိုင်ရာကထ ရင်တောင်မှ လူတွဲပြီး ကူဆွဲပေးမှ ထူနိုင်ထနိုင်တဲ့အဖြစ်မျိုး ဆိုပါတော့ ကွယ်။ ၈၆ နှစ်တိုင်တိုင် အမှုထမ်းပေး ခဲ့တဲ့ ခန္ဓာကိုယ်ကြီးကလည်း ပင်ပန်း ရှာပြီပေါ့။ ဒါကြောင့် အိပ်ရာထဲမှာ လှည့်လိုက်၊ စောင်းလိုက်၊ ကွေးလိုက်၊ ဆန့်လိုက်နေရတာ ပိုများလာတယ်။ လူကသာ အိပ်ရာထဲမှာလဲနေတာ။ စိတ်ကတော့ ငြိမ်နေတာမဟုတ်ဘူး။ ပြေးလိုက်လွှားလိုက် ပြန်လိုက်သွား လိုက် တရစပ်မရပ်မနား လှုပ်ရှားနေ တော့တာပဲ။
ဒီတော့ သူငယ်ပြန်တာ တစ်မျိုး ဖြစ်လာတယ်။ ရိုးရိုးသူငယ်ပြန်တာက သတိလက်လွတ် စိတ်ဖောက်ပြန်သွား တာ။ ငါသူငယ်ပြန် ပုံက ကလေး သာသာ သိတတ်မှတ်တတ်တဲ့အရွယ် မှာ ကြုံခဲ့တဲ့အရာ၊ တွေ့ဆုံခဲ့တဲ့ကဗျာ တွေကို စိတ်ထဲမှာပြန်ပြီး ရွတ်နေမိ တာပါ။ ဒါကြောင့် စာပေသူငယ်ပြန်မှု လို့ဆိုရလေမလား မသိတော့ဘူး။ ငါ့မှာလေ ဆယ်နှစ်၊ ဆယ့်တစ်နှစ် သာသာလောက်ဆီက ကြားဖူးနားဝ မှတ်သားခဲ့ရတဲ့ အချိုးကဗျာတိုတို ထွာထွာတွေကို စိတ်ထဲမှာ ပြန်လည် ရွတ်ဆိုရင်း ကြည်နူးနေမိပါတယ်။ လူက နေ မကောင်းပေ မယ့် စိတ်က တော့ ပျော်ပျော်ပါးပါး ပြေးပြေးလွှား လွှား နေကောင်းနေပြန်တယ်ဆိုပါစို့။ သတိရ ရေရွတ်မိတာက လက်တန်း ကောက်ကာငင်ကာ ရွတ်လိုက်ကြတဲ့ ဥာဏ်ရွှင်သူတွေရဲ့ အချိုးကဗျာတွေ ပါပဲ။ ဒီလိုရေရွတ်လိုက်တာကို စာချိုးလို့ခေါ် ကြတယ်။ ဘာကြောင့် လဲဆိုတော့ သူတို့စာချိုးတွေက များသောအားဖြင့် ဒွေးချိုးလင်္ကာတွေ ဖြစ်နေလို့ပါပဲ။ ဒွေးချိုးဆိုတာက အချိုးနှစ်ချိုးပါလို့ခေါ်ကြတာပါ။ ဒီတော့ ဒွေးချိုးဆိုတာတွေ ရှင်းပြရပါ ဦးမယ်။ မင်းတို့ကြားဖူးမှာပါ။
”တောင်တောရယ်သာ
မာလာ က ငုံဖူး၊
တစ်ပင်ကို နှစ်ပင်ယှက်တယ်
ကျေးငှက်ကမြူး”
အထက်ကပြောခဲ့တဲ့ ကဗျာကို ဒွေးချိုးကဗျာလို့ခေါ်တယ်။ အဲဒီမှာ အချိုးနှစ်ချိုးပါတယ်။ ပထမအချိုးကို အခံပိုဒ်လို့ခေါ်တယ်။ ဒုတိယအပိုဒ်ကို အအုပ်ပိုဒ်လို့ခေါ်တယ်။
အခံပိုဒ်မှာ ကာရန်အဖြစ် သာ နှင့် လာကို ယူထားတယ်။ ဒုတိယ အကြောင်း အအုပ်ပိုဒ်မှာ ယှက် နှင့် ငှက်ကို ယူထားတယ်။ အတွင်းကာ ရန်တွေပေါ့။ ပထမပိုဒ်မှာ ဖူးဆိုတဲ့ ကာရန်နဲ့ခံထားတယ်။ ဒီတော့ အအုပ် ပိုဒ်မှာ မြူးနဲ့ အုပ်လိုက်တယ်။ အသံ ထွက်ပြီး ရွတ်ကြည့်လိုက်ရင် အခံ အအုပ်ကာရန်သံတွေကို မင်းတို့ရဲ့ နားထဲမှာ သိလာပါလိမ့်မယ်။
အဲဒီလို ဒွေးချိုးကဗျာတိုလေး တွေကို မင်းတို့လည်း တွေ့ဖူးကြမှာ ပါပဲ။
”လူလေးရယ်ငို၊ ခိုဖမ်းလို့ပေး
ခိုဖြူခိုပြာနက်ကယ်
ဖမ်းခက်လှသေး”
အဲဒီဒွေးချိုးမှာပါတဲ့ အခံပိုဒ်၊ အအုပ်ပိုဒ်၊ အတွင်းကာရန်၊ အခံကာ ရန်၊ အအုပ်ကာရန် ဆိုတာတွေကို မင်းတို့ကြားနိုင်ပါတယ်။ အဲဒါတွေ က မူလတန်းဖတ်စာတွေထဲမှာ တွေ့ရတဲ့ ဒွေးချိုးလေးတွေဖြစ်ပါ တယ်။ အဲဒီလို ဒွေးချိုးလေးတွေကို ကဗျာဥာဏ်ကာရန် ထက်မြက်သူတွေ က ရုတ်ခြည်း ကောက်ကာငင်ကာ ရွတ်ဆိုနိုင်ကြသတဲ့။ တစ်ခါတစ်ရံ မှာတော့လည်း တစ်ယောက်က အခံ ပိုဒ်ကို ရွတ်လိုက်ရင် နောက်တစ် ယောက်က အအုပ်ပိုဒ်ကို ရွတ်ပြီး ကဗျာကို အပြီးသတ်ပေးသတဲ့။
ကုန်းဘောင်ခေတ်က အဲဒီလို စာချိုးကောင်းသူတွေ ပေါ်ထွက်ခဲ့ရာ မှာ ဖိုးသူတော်ဦးမင်းနဲ့ လူဦးမင်းလို့ နှစ်ယောက်ရှိသတဲ့။ သူတို့နှစ်ယောက် က အပျင်းပြေစာချိုးလေ့ရှိကြတယ် ဆိုကိုး။
တစ်နေ့မှာတော့ သူတို့နှစ် ယောက်က လှေကလေးနဲ့ မြစ်ထဲမှာ လှော်ခတ်သွားသတဲ့။ ငါးလေးတစ် ကောင်က ရေထဲမှာ ကူးရင်းခတ်ရင်း ခုန်ပြီးတော့ လှေဝမ်းထဲကိုကျလာ တယ်။ ဒီတော့ လူဦးမင်းက ငါးလေးကို ကောက်ယူပြီး ဖိုသူတော်ဦးမင်းဆီ ကို ပေးလိုက်တယ်။ ပေးရင်းက ဒွေးချိုး အခံပိုဒ်ကလေးရွတ်ပြီး ပေးလိုက်တာ။ သူရွတ်တာက-
”နိဗ္ဗာန်ကိုရွယ် ကယ်ပါတော့ လား”
ဒီတော့ ဖိုးသူတော်ဦးမင်းက ငါး ကလေးကိုယူလိုက်ပြီး ရေထဲပြန်ပစ် လိုက်ရင်း အအုပ်ပိုဒ်ကို ရွတ်လိုက် သတဲ့။
”ကြုံပလေ တစ်ကောင်တည်း ဖော်ကွဲတဲ့ငါး”
ဒီလိုနဲ့ပဲ မြစ်ထဲမှာ လှော်ခတ် သွားနေကြရင်းနဲ့ တစ်နေရာရောက် တော့ ကမ်းပါးမြင့်တဲ့ မြစ်ရေကြော ကြီးကို ရောက်လာတယ်။ မင်းတို့ လည်း တွေ့ဖူးမှာပါ။ မြစ်ရဲ့ကမ်းပါး ပေါ်မှာ အိမ်သာတွေဆောက်တတ် ကြတယ်။ ရေတက်ချိန်မှာ ရေနဲ့အိမ် သာနဲ့နီးနေသော် လည်း ရေကျတဲ့ အချိန်မှာ အိမ်သာနဲ့ မြစ်ရေ အဝေးကြီး ဖြစ်သွားတတ်တယ်။ ဦးမင်းနှစ် ယောက်ရဲ့ လှေကလေးက ရေထဲ မှာ ဖြတ်ပြီး လှော်သွားခိုက် ကမ်းပါးအိမ် သာပေါ်က အမျိုးသမီးတစ်ယောက် က ဗြန်းဗြန်း ဗြန်းဗြန်းနဲ့ အပေါ့သွား လိုက်တယ်ဆိုကိုး။ ဒီတော့ လူဦးမင်း က အခံပိုဒ်ကိုရွတ်ပြီး စာချိုးလိုက် တယ်။
”မဆင်ပဲနဲ့ရွာ အိမ်သာကမိုး”
ဒီတော့ ဖိုးသူတော်ဦးမင်းက အအုပ်ပိုဒ်ကို ရွတ်ရပြန်တာပေါ့။ သူ အုပ်လိုက်ပုံက-
”ခြေမမှန် ရေပြန်ကို စာဆို တတ်သူက မိုးမှတ်လို့ချိုး”
အဲဒီမှာ တစ်ခုသတိထားမိတာ က မိုးမှတ်လို့ချိုးဆိုတာမှာ ချိုးက စာချိုးတာလည်းဖြစ်တယ်။ ရေချိုး တာလည်းဖြစ်နိုင် တယ်။ နှစ်ခွထွက်တဲ့ စကားလုံးပေါ့။ ရှေ့မှာက ခြေမမှန် ရေပြန်လို့ဆိုထားတယ်လေ။ ရေပြန် ဆိုတာက ရေသောက်ပြီး ပြန်ထွက် တဲ့ ရေမဟုတ်လား။ ဒီတော့ သေး ပေါက်ချတာပေါ့။ အဲဒါကို မိုးမှတ် လို့ချိုးတယ်လို့ အဓိပ္ပါယ်ထွက်မလာ ဘူးလား။
ငါ့မှာလေ လူကြီးတွေရှင်းပြတာ ကို ကလေးဘာဝ တစ်ခစ်ခစ်မြူးထူး စွာ ရယ်မောခဲ့မိတာကို ပြန်ပြီးသတိရ နေမိတယ်။
ဒီလိုကွယ့်။ လူကြီးတွေဆိုတာ က နွေရာသီနေ့လယ်ခင်းမှာ ဝိုင်းဖွဲ့ပြီး လက်ဖက်ရည်ကြမ်းသောက်တတ် ကြတယ်။ လက်ဖက်သုပ်ကလေး တွေလည်း ပါတတ်သပေါ့။ ငါက တော့ ပဲခြမ်းကြော်လေးစားလိုက်၊ ရေနွေးအိုး မီးသွားထိုးလိုက်နဲ့ပေါ့ ကွယ်။
ငါကြုံရတဲ့ လူကြီးပိုင်းဆိုတာက အသက်နှစ်ဆယ်ဝန်းကျင်လောက်ပေါ့။ ဒါပေမယ့် ငါက တစ်ဆယ့်တစ် လောက်ဆိုတော့ သူတို့ကို ဧရာမလူ ကြီးတွေလို့ ခံစားမိခဲ့တယ်။ ခုပြန်ပြီး စဉ်းစားလိုက်တော့ လူပျိုပေါက်ကာလ သားတွေပါ။ အဲဒီထဲမှာ တစ်ယောက် ကိုတော့ မှတ်မှတ်သားသား သတိရ နေမိတယ်။ သူ့နာမည်က ကိုမြသော် တဲ့။ သူက ကောလိပ်ကျောင်းသား ဖြစ်နေပြီ။ ကောလိပ်ကျောင်းသား ဆိုတာ မြင်ဖူးအောင်ကြည့်ကြရတဲ့ ခေတ်ပေါ့။ မှတ်မိသလောက် ဒီအချိန် က ငါတို့တောင်တွင်း ကြီးမှာ ကောလိပ်ကျောင်းသား နှစ်ယောက်ပဲ ရှိတယ်။
အဲဒီကိုမြတ်သော်က စာအလွန် ဖတ်တယ်။ မှတ်မှတ်သားသားလည်း ရှိတယ်။ ကဗျာတိုကဗျာစတွေ တဝါးဝါးပွဲကျအောင် ရွတ်ပြတတ် တယ်။ ငါကိုယ်တိုင် စာပေဝါသနာ အခြေပျိုးခဲ့တာ သူ့ကျေးဇူးဆိုတာ မကြာခဏ သတိရတယ်။ စောစော ကပြော ခဲ့သလို ငါကိုယ်တိုင် အိပ်ရာ ပေါ်မှာလဲလျောင်းနေရင်း သူ့ကိုလည်း အလွမ်းပြေမိပြန်တာပေါ့။ သူပြောတဲ့ အထက်က ကဗျာတွေ၊ ဖိုးသူတော်ဦးမင်း၊ လူဦးမင်းဆိုတဲ့ နာမည်တွေ ကြောင့် မှော်ပီဆရာသိန်းရေးတဲ့ ပါးစပ်ရာဇဝင်၊ အရူးလွယ်အိတ် စာတမ်း ဆိုတာတွေ ကို ဖတ်မိလာပြန် ပါတယ်။ ဒီအခါမှာ ငါ့အသက်က ဆယ်နှစ်၊ ဆယ့်တစ်နှစ်ပဲရှိပါသေး တယ်။ ဒုတိယတန်း တတိယ တန်း လောက်ပေါ့။
လွမ်းရတဲ့ သူငယ်ပြန်မှုကို ဆက်ချင်သေးတယ်ကွာ။
အောင်သင်း
Sayaraungthin Wordpress ဝက်ဘ်ဆိုဒ်ကနေ ကူးယူပါတယ်။ Sayaraungthin Wordpress ကို ကျေးဇူးတင်ပါတယ်။
စလေ ငနော့
_____________________________________
သူငယ်ပြန်အလှ ၂
***************
အောင်သင်း
လွမ်းရတဲ့ စာဆိုတွေနဲ့ ကဗျာတို လေးတွေအကြောင်းကို ဆက်လိုက်ပါ ဦးမယ်။
ရှေးက ကာရန်၊ အခံ၊ အအုပ် အလွန်ဝါသနာကြီးတဲ့ ဘုန်းကြီးတစ် ပါးရှိတယ်ဆိုကိုး။ သူ့ကျောင်းမှာ နေပါရစေ၊ ခိုပါရစေလို့ ခွင့်ပန်တဲ့ ရဟန်းတစ်ပါးလာလိုက်ရင် ကဗျာအခံအအုပ် မဆိုတတ်ရင် လက်မခံဘူးတဲ့။ တစ်နေ့မှာတော့ ရဟန်းပျိုနှစ်ပါး ရောက်လာ တယ်။ ဒီတော့ စာဆို၊ စာရွတ်ဝါသနာရူး ဘုန်းကြီးက
”မင်းတို့ ကဗျာ အခံ၊ အအုပ်ဆိုတတ် ရင် ငါ့ကျောင်းမှာ နေခွင့်ပြုမယ်။ ကိုင်း-အခံပိုဒ်ကို ငါရွတ်ပြမယ်။ မင်းတို့ အအုပ်ပိုဒ်ကိုဆိုကြစမ်း”
လို့ ပြောပြီး-
''နေမင်းကပူ၊ ဘဝင်ဆူလို့ဆွေး
အဲဒီအခံကို အုပ်ကြစမ်း''
လို့ ပြောသတဲ့။ ဒီတော့ ပထမရဟန်းပျို လေးက မအုပ်တတ်ပါဘူးဘုရားလို့ လျှောက်လိုက်တယ်။ ဘုန်းတော်ကြီးက သူ့ကျောင်းမှာနေခွင့်မပြုနိုင်ဘူး ပေါ့။ ဒုတိယရဟန်းလေးကို မင်း ကော အုပ်နိုင်သလား။ အအုပ်ပိုဒ်ကို ဆိုစမ်းဆို တော့ ဒုတိယရဟန်းလေး က-
''ပျိုတို့မောင် သစ်ခက်ချိုး၊ မိုးခါမှအေး'' လို့ အုပ်ပေးလိုက်သတဲ့။ ဒီတော့အခံပိုဒ် ဆက်လိုက်ရင်-
နေမင်းကပူ၊ ဘဝင်ဆူလို့ဆွေး
ပျိုတို့မောင် သစ်ခက်ချိုး၊ မိုးခါမှအေး
အခံအအုပ်ပြည့်စုံတဲ့ ဒွေးချိုး ကလေးဖြစ်သွားတယ်မဟုတ်လား။ ငါက ခပ်ငယ်ငယ် မဟုတ်လား။
ရွတ်လို့ဆိုလို့ ကောင်းတာကြောင့်၊ နားဝင်လည်းချိုတာကြောင့် အလွန်သဘော ကျခဲ့တာပေါ့။
ဒီလိုနဲ့ပဲ ဒုတိယကဗျာဆိုတတ်တဲ့ ကိုယ်တော်လေးကို သူ့ကျောင်းမှာ နေခွင့်ပေးလိုက်တယ်။ ဘုန်းကြီးနဲ့ ဒီဦးဇင်းလေးဟာ အခံပိုဒ်၊ အအုပ်ပိုဒ် ခံလိုက်၊ အုပ်လိုက်ရွတ်ဆိုပြီး နှစ်ဦးသား ပျော်နေကြတာပေါ့လေ။ တစ်နေ့မှာတော့ သူတို့နှစ်ပါးတည်း ဆွမ်း စားဖို့ပြင်ဆင်နေကြတယ်။ ကျောင်းထိုင်ဘုန်းတော်ကြီးကတော့ ဆွမ်းစား စားပွဲမှာထိုင်ပြီး ဆွမ်းပွဲပြင်ဆင်နေတယ်။ ရဟန်းတော်လေးကတော့ သွားလိုက်လာလိုက် ဆွမ်းဟင်းခွက် တွေကို ယူလိုက်ပို့လိုက် ကူညီနေ သတဲ့။ ဒီအခိုက်မှာ ကျောင်းပြတင်း ပေါက်မှနေပြီး မြင်လိုက်ရတာက မိန်းကလေးတစ်ယောက် ဟာ ကျောင်းအနီးမှာရှိတဲ့ ပြည်ပန်းညိုပင် ပေါ် ပြည်ပန်းညိုရွက် ခူးနေရင်း မိုးရေ စွတ်နေတဲ့ သစ်ကိုင်းကြီးပေါ်မှာ ချော်လဲတာကို မြင်လိုက်ရတာနဲ့ ဦးဇင်းလေးက-
ပြည်ပန်းညိုပင်ပေါ် ပျိုချော် လို့လဲ လို့အခံပိုဒ်ကို ရွတ်လိုက်တယ်။ ဒီတော့ ဆွမ်းပွဲပြင်နေတဲ့ ကျောင်း ထိုင်ဘုန်းကြီးက-
အလိုတော် အပေါက်ဟောင်း ကံကောင်းလို့လွဲ လို့ အော်ပြီး အအုပ် ပိုဒ်ကိုရွတ်လိုက်တယ်။ ပြီးမှ ဘယ်သူ လဲဟဲ့လို့ ထပြီးကြည့်လိုက်တယ်။
”ဟယ်-အဲဒါငါ့တူမဟဲ့။ ဒါပေမယ့် မတတ်နိုင်ဘူးဟေ့။ ကာရန်က အဲဒီလိုပြေးနေတော့ ကာရန်ပြေးတဲ့ အတိုင်း အုပ်ထည့်လိုက်ရ တာပဲ”
”ပြည်ပန်းညိုပင်ပေါ် ပျိုချော် လို့လဲ၊
အလိုတော် အပေါက်ဟောင်း၊ ကံကောင်းလို့လွဲ”
မင်းတို့ကော၊ ဒီ ဒွေးချိုးလေးကို ဖတ်ပြီး ဘယ်လိုနေမယ်မသိဘူး။ ငါ့မှာတော့ ခပ်ငယ်ငယ်ကလေးဘဝ မှာ တခစ်ခစ်နဲ့ သဘောကျသွားတာ ပေါ့။ ခုထက်တိုင်အောင် ဒီဒွေးချိုး လေးတွေကို ပြန်တွေးမိတိုင်း ပြုံးမိ တတ်ပါတယ်။
နောက်တစ်ခုပြောရဦးမယ်။ ဗန်း မော်ဆရာတော်လောင်းလျာ ကျောင်း သားငယ်ဘဝက ဆိုခဲ့တဲ့စာလို့ပြော တာပဲ။ ဟုတ်လေ၊ မဟုတ်လေတော့ ငါလည်းမပြောတတ်ဘူး။ တစ်ဆင့် စကားတစ်ဆင့်နား ကြားခဲ့ရတဲ့ မှတ် တမ်းတွေကိုးကွယ့်။ ဟုတ်ပါတယ်။ မှန်ပါတယ်လို့ ဘယ်သူမှ မပြောနိုင် ကြဘူးပေါ့။ ငါမှတ်သားဖူးတဲ့ မှတ်တမ်းအရဆိုရင်တော့-
တစ်နေ့မှာ ရွာသူရွာသားတစ်စု ဈေးရောင်းဈေးဝယ်ရွာနီးနားကို ခရီး သွားကြသတဲ့။ ခရီးသည်ထဲမှာ အပျိုကြီးမဘုတ်ဆုံနဲ့ သူ့မောင်ငယ် ဖိုးစွံတို့လည်း ပါကြသတဲ့။ ဗန်းမော် ဆရာတော်လောင်းလျာလည်း ပါသ ပေါ့လေ။ အဲဒီမှာ ညောင်ပင်ကုန်းကလေး တစ်ခုရောက်တော့ နားကြတဲ့ အခါ အပျိုကြီး မဘုတ်ဆုံက ခေါင်း ပေါ်က တောင်းကိုချလိုက်ရင်း ‘ဗျိ’ ခနဲ အသံ ကျယ်ကျယ်နဲ့ လေလည် လိုက်သတဲ့။ ဒီတော့ ဗန်းမော်ဆရာ တော်လောင်း ကောင်လေးက မနေ နိုင်တော့ဘဲ-
ရွှေညောင်ပင်သာတဲ့ကုန်း
စုရုံးလို့နေကြရှာ
မဘုတ်ဆုံ အပျိုကြီး
အီးမတ်တတ်ပါ
လို့ အခံပိုဒ် စာချိုးလိုက်တယ်။
ဒီတော့ မဘုတ်ဆုံရဲ့မောင်ငယ် ဖိုးစွံက စာချိုးတဲ့ကောင်လေးကို ဒေါသဖြစ်ပြီး ထဆဲပါသတဲ့။ အဲဒီ တော့မှ ဗန်းမော် ဆရာတော်လောင်း ကောင်လေးက ဆက်ပြီးအအုပ်ပိုဒ်ကို ဆိုလိုက်ပြန်တယ်။
မလိမ္မာ၊ ဗာလာနမိုက်ခဲ
သူ့နှမ စအိုတွန်လို့
ငဖိုးစွံ ဗာလရယ်
ဒင်းထလို့ဆဲ
ကဲ-ငါတို့ကလေးဘဝမှာ ကြား လိုက်ရတော့ တဟိဟိ တဟားဟား ပွဲကျသွားတာပေါ့။ အခုပြောခဲ့တဲ့ ကဗျာကလေး ကိုတော့ လေးဆစ် လို့ခေါ်ကြတယ်။ လေးချိုးကဗျာကို အတိုဆစ်ပိုင်းထားလို့ လေးဆစ်လို့ ခေါ်ကြတာပေါ့။ ဒီကဗျာကို သေချာ စုပေါင်းရေးကြည့်ရင်-
ရွှေညောင်ပင်သာတဲ့ကုန်း
စုရုံးလို့နေကြရှာ
မဘုတ်ဆုံ အပျိုကြီး
အီးမတ်တတ်ပါ
မလိမ္မာ၊ ဗာလာနမိုက်ခဲ
သူ့နှမစအိုတွန်လို့
ငဖိုးစွံ ဗာလရယ်
ဒင်းထလို့ဆဲ
ခပ်ငယ်ငယ်က ကြားခဲ့ရဖူးတဲ့ စာဆိုပုံပြင်တစ်ခုကိုလည်း ပြောလိုက် ရဦးမယ်။ ကြမ်းပြဲဆိုတဲ့ရွာမှာ စာဆို စာချိုး အလွန် ဝါသနာပါတဲ့ ဘုန်းကြီး တစ်ပါးကျောင်းထိုင်သတဲ့။ တစ်နေ့မှာ တော့ သူ့လိုပဲ စာဆိုစာချိုး ဝါသနာ ပါတဲ့ ကောင်လေး တစ်ယောက်ဟာ ခရီးသွားဖော်တစ်စုနဲ့ အဲဒီကျောင်းကို ရောက်သွားပါလေရော။ စာဆိုစာချိုး အကြောင်း စကားစပ်မိတော့ ကျန်တဲ့ ဒကာတွေက ဒီကောင်လေးဟာ စာဆိုစာချိုးကောင်းကြောင်း ဘုန်းကြီး ကိုလျှောက်တာပေါ့။
ဒီတော့ ဘုန်းကြီးကလည်း ဝမ်းသာအားရနဲ့-
”အေးကွယ်။ ဝမ်းသာလိုက် တာ။ ငါလည်းဖျားနေတုန်းမို့ စိတ် ပြောင်းစိတ်လွှဲပျော်ရအောင် စာချိုးစမ်း ကွယ်။ မင်းချိုးတဲ့စာထဲမှာ ငါ့ထိုး ကွင်း မှင်ကြောင်လည်းပါရမယ်။ ငါ့တူတော်မောင် သာဘော်လည်းပါရမယ်။ ဟောဒီ ဆွမ်းအုပ်နီကြီးလည်း ပါရမယ်”
လို့ ပြောပြီး စာချိုးခိုင်း သတဲ့။ ဒီတော့ အဲဒီသူငယ်လေးက စာချိုးလိုက်တယ်။
ကွမ်းအစ်ကြီးနီတာရဲ
ကြမ်းပြဲမှာသူပျော်
သာဘော်တို့တူဝရီး
ထိုးကွင်းမှင်ကြောင်နဲ့
တွေ့မရှောင် အကုန်စား
ဖျားတဲ့ခင်ကြီး
လို့ စာချိုးလိုက် တော့ ဘုန်းတော်ကြီးက အလွန် သဘောကျ ကျေနပ်သွားပြီး မုန့်တွေ၊ ထန်းလျက်တွေ ချကျွေးတာပေါ့။
ကဲ-အလျဉ်းသင့်ရင် နောက် တစ်ပတ်ဆက်ပါဦးမယ်။
အောင်သင်း
Sayaraungthin Wordpress ဝက်ဘ်ဆိုဒ်ကနေ ကူးယူပါတယ်။ Sayaraungthin Wordpress ကို ကျေးဇူးတင်ပါတယ်။
စလေ ငနော့
______________________________
သူငယ်ပြန်အလှ ၃
***************
အောင်သင်း
”ကဗျာတတ်ချင် စာစပ်သင်” ဆိုတဲ့ စကားရှိတယ်။ စာစပ်သင်ဆို တဲ့ စကားက ကာရန်သွင်းပြီးရေးတာ ပါပဲ။ စာစပ်တယ်ဆိုတာ ကာရန် နဘေသွင်းပြီးရေးတာဆိုတာပါပဲ။ အဲဒီလို ကာရန် နဘေကို ရေးတတ်ပြီး မှ စာချိုးတဲ့အဆင့်ကို တက်ရပြန် တယ်။ စာချိုး တယ်ဆိုတာကတော့ ကာရန် နဘေသွင်းထားတဲ့ စကား တွေကို ဒွေးချိုး၊ တြိချိုး၊ လေးချိုး စသည်အား ဖြင့် အချိုးကိုက်အောင် စပ်ဆို သွားတာပါပဲ။
ဘဲအုပ်ကတစ်ရာ၊ နှစ်ရာ
မဗေဒါက တစ်ပင်တည်း
အယက်အကန်ခံလို့
ဗေဒါပျံအံကိုခဲ
ပန်းပန်လျက်ပဲ
အဲဒါဟာ မင်းတို့သိပြီးသား ဆရာဇော်ဂျီရဲ့ ဗေဒါလမ်း ကဗျာထဲ က ဒွေးချိုးကလေးပဲပေါ့။
ဒွေးချိုး အခံပိုဒ်၊ အအုပ်ပိုဒ်ကိုတော့ နားလည် ခဲ့ပြီးသားဖြစ်ပါတယ်။ အခံအအုပ် လွဲတာတွေကို ငါတို့မြန်မာလူမျိုးတွေ က လှောင်ပြီး ရယ်မောတတ်ကြ တယ်။ ဆိုကြပါစို့။ သားအဖ နှစ် ယောက် ခရီးသွားရင်း အခံပိုဒ်၊ အအုပ်ပိုဒ်ကို စာဆိုကြသတဲ့။ သား က အခံပိုဒ်ကို ရွတ်လိုက်တယ်။
ဟိုရှေ့ကတောင် တယ်မြင့်တဲ့ တောင်
အဲဒီတော့ ဖအေက ငါအဖေ မော့ကာကြည့် ခေါင်းပေါင်း ကျွတ် လို့ကျ ဆိုကိုး။ အဲဒါကို ပြောပြီး ငါတို့ မြန်မာ လူမျိုးတွေက ပျော်ရွှင်စွာ ရယ်မောတတ်ကြတယ်။ အောက်က အချိုးလေးကိုလည်း ကြည့်လိုက်ပါဦး။
လင်းကြက်ကယ်ဆော်၊
စည်တော်ကနောင်ဒိုင်း
ပျိုတို့မောင် ကြက်ပြာပိုက်တယ်၊
ပုသိမ်ထီးကုတ်ကုတ်။
အဲဒီစာစုမျိုးဆိုလျှင် ငါတို့ကိုယ် တိုင် ကလေးဘဝက တခစ်ခစ်ရယ်ခဲ့ ဖူးတယ်။ အဲဒီတော့ ငါတို့မြန်မာ လူမျိုးတွေဟာ ကလေးဘဝကကိုပဲ ကာရန် နဘေကို ချစ်တတ်နေကြပြီ။
တစ်နည်းအားဖြင့် အသံအလှကို တို့ နားက အရသာခံတတ်ကြပြီ။ အသံ အလှပျက်ရင်လည်း ရယ်မောတတ် ကြပြီဆိုတာ အလွန်သိသာတယ်။ အောက်ကဒွေးချိုးလေးကို သေချာ ကြည့်စမ်းပါ။ အခံ၊ အအုပ် ကာရန် ဝေးသော်လည်း အဲဒီကာရန်သံကို ငါတို့မြန်မာတွေက ကြားနိုင်ကြ တယ်။ အရသာခံနိုင်ကြတယ်။
မှုန်ပြာငယ်ရီ၊ ကုံရာသီတပို့တွဲ မှာလ
ပေါက်လဲတွေအရောင်တောက် ရှာကြတယ်။ တောင်မြောက်လေနှော
နီးလို့ငယ်ဝါ၊ မီးရှို့ကာ ဘယ်သူ တွေနှိုက်ပါလိမ့်
ပူလိုက်လေ၊ အကျိုးဘာမျှမနပ် ပါတကား၊ ရိုးပြတ်လယ်တော
အဲဒီမှာဆိုရင် အခံကာရန် နှော နဲ့ တော ဟာ အတော်လေးကွာ တယ်။ ဒါပေမယ့် မြန်မာတွေနားမှာ ကြားနိုင်ကြတယ်။
စကားပြောနေရင်း နတ်မောက် ဦးကျော့ ရေးခဲ့တဲ့ သံဝေဂ ဒွေးချိုး ကို သွားလို့သတိရမိပြန်တယ်။ အဲဒါ မျိုးကိုတော့ သံဝေဂ ဒွေးချိုးလို့လည်း ခေါ်တယ်။ နိဗ္ဗိန္ဒ ဒွေးချိုးစသည်အား ဖြစ်လည်းခေါ်တယ်။ ဖတ်ကြည့်စမ်း ပါဦး။
ဝဋ်ကြွေးငယ်တင်၊ လွတ်ရေး ဘယ်မမြင်ဟု၊ ကိုယ်တွင်တရား။
မချိသူ သတိအနိုင်မူရတော့ ဝိဋဋူ သာကီသတ်စဉ်က၊ စောမြတ် စွာ ကိုယ်တော်တိုင်မှ မကယ်နိုင် သို့စဉ်တုန်းကကွယ် ဘုန်းအရှိသား။
အဲဒီလိုဒွေးချိုးတွေကိုလည်း သီချင်းကြီးတွေ အဆုံးသတ်မှာ သဖြန်အဖြစ်ထည့်လေ့ရှိတတ်ကြတယ်။ သံဖြန် ကနေပြီး သဖြန် ဖြစ်လာတယ် လို့လည်း ဆိုကြတယ်။ အဲဒါကိုတော့ ဒွေးချိုးသဖြန်လို့ခေါ်သပေါ့။ ဥပမာ-
ချစ်ခြင်းငယ်ပြိုင်၊ မြစ်မင်းပိုင် အဏ္ဏဝါက ပြန်မသာကဲ
ယွင်းစေ့ဝသုန် ငွေဝန်းသော်တာ ယုံသို့ ကမ္ဘာကုန်ကျယ်သ၍ကို ဘယ်မေ့လိမ့်မလဲ
အထက်မှာ ပြောခဲ့တဲ့ အချိုး ကဗျာတွေကို မြန်မာလူမျိုးတွေအနေနဲ့ အလွန်နှစ်သက်ကြတယ်။ တိုတို လည်း ရေးလို့ရတယ်။ ရှည်ရှည် လည်း ရေးလို့ရတယ်။ ဆရာကြီး သခင်ကိုယ်တော်မှိုင်းရဲ့ လေးချိုး ရှည်ကြီးတွေကို မင်းတို့သတိထားမိ မှာပေါ့။ ဆရာကြီးကတော့ လုံးထပ်၊ နဘေ၊ ကာရန်တွေကို အလွန်နိုင်နင်း တယ်။ အဲဒီလေးချိုးကိုပဲ ခပ်တိုတို အသံ ပေါ့ပေါ့ပါးပါး နဲ့ရေးပြန်တော့ လေးဆစ်လို့ခေါ်ကြပြန်တယ်။ ဒီ ခေတ် ကဗျာတွေမှာတော့ဖြင့် လေး ဆစ် ကလေးတွေကို မကြာခင် ထည့်ပြီးသုံးတတ်ကြတယ် ဆိုကြပါ စို့။
ပေါ်ပြန်လဲ မသက်သာ
ချောင်းအစွယ် မြောင်းငယ်ထဲ
က ဘဲထွက်လို့လာ
ဘဲအုပ်ကတစ်ရာ၊ နှစ်ရာ
မဗေဒါက တစ်ပင်ထဲ
အယက်အကန်ခံလို့
ဗေဒါပျံအံကိုခဲ
ပန်းပန်လျက်ပဲ
ဆရာဇော်ဂျီရဲ့ ဒီကဗျာကိုတော့ မင်းတို့ရင်းနှီးပြီးသားပါ။ တကယ်ဆို တော့ လေးဆစ်ပါပဲ။ ငါတို့ မြန်မာ လူမျိုးတွေဟာ မြန်မာဘာသာ စကား ရဲ့ အသံပျော့ပျောင်းမှုကို အခွင့်ယူပြီး ကာရန် နဘေကို အလွန်အသုံးပြု လေ့ရှိကြတယ်။ ကြားရတဲ့သူတွေက လည်း နှစ်သက်ကြတယ်။ လွမ်း ဆွေးကြတယ်။ အထက်မှာ ပြခဲ့တဲ့ အချိုးကဗျာမျိုးကို မဟုတ်ပေမယ့် ကာရန်ကို လှလှပပ လင်္ကာဖွဲ့ပြီး ရေး တတ်၊ ပြောတတ်ကြတယ်။ ငါမှတ် မိတဲ့ နန်းတွင်း ဆိုင်းဆင့် လေးတစ်ခု ကို နားထောင်ကြည့်စမ်း။
ဗွေနန်းပြာသာဒ်
လေသန်း၍ ခတ်တော့
ရွှေပန်းချခေါင်အထက်ထီးဆီက
ညောင်ရွက်ကြီး တဝဲဝဲယမ်းပြီးတော့
(ရွာစားရေ) ဆွဲလည်း နှုတ်ခမ်း ရိုက်သံထင့်
အဲဒီဆိုင်းဆင့်မှာဆိုရင် အချိုး တွေဘာတွေမပါဘူး။ ကာရန် နဘေ သက်သက်ပဲ။ ဒါပေမယ့် ကြိုက်ကြ တယ်။ ညောင်ရွက်ကြီး တဝဲဝဲယမ်းပြီး တော့ ဆိုတဲ့စကားအသုံးကို ဘယ်လို သဘောကျမှန်းမသိဘူး။ မျက်စိထဲ မြင်ယောင်လာတာပဲ။
အဲဒီလို ငယ်စဉ်ကလေးဘဝမှာ ကဗျာသမား၊ စာသမားလူကြီးတွေရဲ့ အနားမှာ ရောက်သွားမိတော့ ကဗျာ တွေ၊ စာတွေ ချစ်တတ်မိလာတယ်။ ဒီလိုနဲ့ပဲ ဦးဖေမောင်တင်ရဲ့ မြန်မာစာ ပေသမိုင်းတွေကို သွားကိုင်မိတော့တာ ပဲ။ အဲဒီအခါက မြန်မာ စာပေ သမိုင်း ဟာ တက္ကသိုလ်အဆင့်မှာ ပြဋ္ဌာန်း ထားတဲ့စာအုပ်ပါ။ အထက်မှာ ပြော ခဲ့တဲ့ ကောလိပ်ကျောင်းသားကြီး ကိုမြတ်သော်ရဲ့ စာအုပ်စင်မှာ တွေ့ တာကြောင့် ဖတ်ကြည့်မိတာပေါ့။ ပထမဆုံး စိတ်ဝင်စားတဲ့ စာဆိုတွေ အကြောင်းကို ဖတ်တာပေါ့လေ။ ဦးပုည တို့၊ လှိုင်ထိပ်ခေါင်တင်တို့ မြဝတီမင်းကြီးဦးစတို့ ဆိုတာမျိုးတွေ ပေါ့။ နောက်တော့ ငါတို့တောင်တွင်း ကြီးသား စာဆိုတော်တွေဖြစ်တဲ့ ရှင်မဟာသီလဝံသ၊ ရှင်ဥတ္တမကျော် ဆိုတာတွေကို ဖတ်မိပြန်တာပဲ။ အဲဒီ စာအုပ်နောက်မှာတော့ ဦးကြင်ဥရဲ့ ပဒေသာ သီချင်းများ။ အဲဒီနောက် ဦးပုညမေတ္တာစာများ စသည်အားဖြင့် ဖတ်မိတော့တာပဲ။ သူတို့စာတွေအား လုံးကို နားမ လည်သော်လည်း ထိုက် သင့်သလောက်တော့ ခံစားနိုင်ခဲ့ တယ်။ အဲဒီလိုပဲ ကိုမြတ်သော်ရဲ့ စာအုပ်စင်မှာတွေ့ရတဲ့ ရေသည်ပြ ဇာတ်၊ ဝိဇယပြဇာတ်တွေကိုလည်း နားမလည်တစ်ချက် လည်တစ်ချက်နဲ့ လျှောက်ဖတ်နေမိတယ်။
ငါတို့ခေတ်က မင်းတို့ခေတ်လို ဝတ္ထုတို၊ ဝတ္ထုရှည်တွေ၊ မဂ္ဂဇင်း၊ ဂျာနယ်တွေ သိပ်မရှိသေးဘူး။ ဇာတ် သမားတွေ စင်တင်ကပြကြတဲ့ ဇာတ် ကြီးတွေကို ရေးသားထုတ်ဝေတဲ့ ဝတ္ထုဆန်းလို့ခေါ်ကြတဲ့ တစ်မူးတန် စာအုပ်တွေကိုတော့ တွေ့ရလေ့ရှိ တယ်။ ဥပမာ-ပဒကုသလ ဝတ္ထု ဆန်း၊ မင်းကုသဝတ္ထုဆန်း၊ သူခိုး ငတက်ပြား ဝတ္ထုဆန်းဆိုတာမျိုးတွေ ပေါ့။ ငါကတော့ အဲဒီ ဝတ္ထုဆန်းတွေ ကို သိပ်အရသာမတွေ့ခဲ့ဘူး။
အခုပြန်ပြီးစဉ်းစားလိုက်တော့ ကလေးဘဝက စာသမား၊ ကဗျာ သမား လူကြီးတွေနဲ့ နီးနီးစပ်စပ် နေခဲ့ရတဲ့အတွက် ငါကိုယ်တိုင်လည်း စာပေသမားတစ်ယောက်ဖြစ်လာတာ ပါပဲလို့ တွေးမိတယ်။ အဲဒါဟာ ငါ့ရဲ့ သူငယ်ပြန်စာပေအိပ်မက်တွေပါပဲ။
အောင်သင်း
Sayaraungthin Wordpress ဝက်ဘ်ဆိုဒ်ကနေ ကူးယူပါတယ်။ Sayaraungthin Wordpress ကို ကျေးဇူးတင်ပါတယ်။
Photo - Google.
စလေ ငနော့
Comments
Post a Comment