ငှါးဖို့ ချိန်တဲ့ သားတို့အိမ် 🖋 မောင်သာချို
ငှားဖို့ ချိန်တဲ့ သားတို့အိမ်
*******************
မောင်သာချို
7Day
Fri, 2018-12-21 09:05
Issue No. အတွဲ(၁၇)၊ အမှတ်(၄၁)
(တစ်)
ကိုယ့်ရေ၊ ကိုယ့်မြေပေါ်ရှိ စိုက်၍ ပျိုး၍ ကောင်းသော မြေများကို ငှားရမ်းကာ သူတို့စိတ်ကြိုက်သီးနှံ များကို စိုက်ပျိုးပြီးသည့်နောက် အသီးအပွင့်အခက်အရွက်များကို လက်ရွေးစင် ခူးဆွတ်ယူငင်ကာ အချိန်တန်တော့ ကိုယ့်အိမ်ကို ကိုယ်ပြန်သွားကြသူတို့၏ မြင် ကွင်းကို ကြည့်ကာ နိုင်ငံကျော် ကာတွန်းဆရာ ကိုအော်ပီကျယ် က ကိုယ့်သားအိမ်ထဲမှာ ကိုယ်ဝန် လာအဆောင်ခိုင်းပြီး ကလေးမွေး လာတော့ ကလေးကို ယူဆောင် သွားကာ ခြေကုန်လက်ပန်းကျ သွားသည့် မိခင်ကို ပစ်ထားခဲ့ သည့်အဖြစ်နှင့် တင်စား၍ မကြာ ခဏပြောတတ်ပါသည်။
မှန်ပါသည်။ မြန်မာနိုင်ငံ အနှံ့အပြား၌ ခြေကုန်လက်ပန်း ကျနေသည့် စိုက်ပျိုးမြေတို့ကို အနှံ့အပြားတွေ့ရတတ်ပါသည်။ ပလတ်စတစ်အဟောင်းအမြင်း အတိုအစအပိုင်းအပြတ်များ ရှုပ် ပွလျက်။ မည်သည့်သီးပင်စားပင် မှ စိုက်မရတော့။ မြေပျက်မြေသုဉ်းကြီးများ။ မူလမြေဆီမြေနှစ်ပြည့်ဝ သည့် အနေအထားသို့ ပြန်ရောက် ရန် ဘယ်နှနှစ်စောင့်ရလေမလဲ မသိ။
ထိုမြေများကို ငှားရမ်းစဉ်က တစ်ဧကကို နှစ်သိန်း၊ သုံးသိန်း နှုန်းဖြစ်လေရာ စိုက်ပျိုးမြေဆယ် ဧကရှိလျှင် သိန်းနှစ်ဆယ်ဆိုလည်း ဟုတ်၊ သိန်းသုံးဆယ်ဆို လည်း ဟုတ်သည့်အတွက် မည် သည့်သီးနှံပဲစိုက်စိုက် ထိုငွေပမာ ဏခန့် မရနိုင်သည့်အတွက် ခပ်လွယ်လွယ်၊ခပ်ပေါ့ပေါ့ပဲ တွေးကာစိုက်ပျိုးမြေကို အငှားချပြီး ဆိုင် ကယ်ကလေးဝယ်စီး၊ ဘီယာက လေးမော့သောက်၊ ရွှေတိုရွှေစ ကလေးလုပ်ဝတ်နှင့် မြောက်ကြွ မြောက်ကြွ ဖြစ်ခဲ့ကြသည်မှာ ဘာမှ မကြာလိုက်။ အသီးအပွင့်များကို ဆွတ်ခူးသွားကြပြီးသည့် နောက် စိုက်ပျိုးချိန် နောက်တစ် ခေါက်ပြန်ရောက်လာသောအခါ ထိုမြေနေရာသို့ မည်သူကမှ အငှားမလာပါလေတော့။ ကိုယ့်ဘာသာ ကိုယ်ပြန်၍ စိုက်စားပျိုးစားရန် ကြံတော့လည်း ဘာပင်မှ စိုက်မရ ပါလေတော့။ ပိုးသတ်ဆေးအမျိုး မျိုးက ကိုယ့်ကျေးဇူးရှင်မြေလွှာ ကို တော်တော်နှင့်ပြန်၍ မနိုး အောင် ဖျက်ဆီး၍ ပစ်ခဲ့ပြီ။
သြော်...သူတစ်ပါးရင်သွေး ကို အငှားကိုယ်ဝန်ဆောင်ပေးရ သလိုပါပဲတဲ့။ မွေးလာသည့် ကလေးက ကိုယ့်ကလေးမဟုတ်။ ကိုယ့်မှာသာ ကိုးလလွယ် ဆယ် လဖွားပြီးသော် ခြေကုန်လက်ပန်း ကျကာ ကျန်ရစ်ခဲ့ရ။
လူတို့ဆင်းရဲပြီဆိုသောအခါ အိမ်ကို အငှားချ၊ မြေကို အငှားချ ရုံသာမက သားအိမ်ကိုပါ ငှားဖို့ စိတ်ကူးကြရပြီ။
(နှစ်)
ယခုရက်ပိုင်းများအတွင်း အငှားကိုယ်ဝန်ဆောင်ပေးရန် အလုပ်ကမ်းလှမ်းသည့် ကြော်ငြာများ မူဆယ်မြို့၌ နေရာအနှံ့လိုက် လံကပ်ထားသဖြင့် ဒေသခံတို့ စိတ်ဆိုးကာ ကြော်ငြာများကို ဆုတ်ဖြဲ ဖျက်ဆီးပစ်သည့်အကြောင်း သတင်းများကို နေရာ ပေါင်းစုံက တွေ့ရ၊ မြင်ရ၊ ဖတ်ရှုရပါသည်။ စီးပွားရေးအဆင်မပြေလှသူ အမျိုးသမီးအချို့ မည်သို့ သဘောထားကြလေမည်မသိ။
ထိုင်းနိုင်ငံတွင် တစ်ခါက အငှားကိုယ်ဝန်ဆောင်ကုမ္ပဏီ တစ်ခု လာဖွင့်ဖူးပါသည်။ Baby 101 ကုမ္ပဏီတဲ့။ တိုင်ပေ (Taipei) အခြေစိုက်လုပ်ငန်းရှင်များက လာဖွင့်ခြင်းဖြစ်ပါသည်။ Email နှင့် ကိုယ်စားလှယ်အေးဂျင့် (Agent) များကတစ်ဆင့် အလုပ် ကို လက်ခံခဲ့ကြပါသည်။ ငယ်ရွယ်သူ မိန်းကလေးတို့ကို အလုပ်လုပ် ရန် ဆွဲဆောင်ပါသည်။ အငှား ကိုယ်ဝန်ဆောင်ခက အမေရိကန် ဒေါ်လာ ၅,၀၀၀။ ယခု တစ်ဒေါ် လာ ၁,၅၇၀ ကျပ်နှင့်တွက်သော် မြန်မာငွေသိန်း ၈၀ ကျပ်ထား။ သို့ ဖြစ်ရာ ကိုယ်ဝန်ဆောင်ချိန် ဆယ် လထား၍ တွက်သော် တစ်လဝင် ငွေရှစ်သိန်းကျပ်ဝန်းကျင်။ မဆိုး လှသည့် ဝင်ငွေဟုဆိုသော် ရနိုင် ကောင်းပါ၏။
ထို Baby 101 ကုမ္ပဏီက ချောမောလှပသည့် အမျိုးသား၊ အမျိုးသမီးတို့၏မျိုးဥများရနိုင် ကြောင်းကိုပင် ကြော်ငြာထုတ်ဝေ ပါသည်။
ထိုင်းနိုင်ငံက အငှားကိုယ် ဝန်နှင့်ပတ်သက်၍ ဥပဒေရှိပါ သည်။ အမျိုးတော်လျှင် အငှား ကိုယ်ဝန်ဆောင်ခွင့်ရှိပါသည်။ ငွေ ကြေးအသပြာကိစ္စမပါလျှင် အငှား ကိုယ်ဝန်ဆောင်ခွင့် ရှိပါ သည်။ ဆိုကြပါစို့။ မိမိ၏အမျိုးသမီးက ကိုယ်ဝန်ဆောင်ရန် မဖြစ် နိုင်သဖြင့် (သို့မဟုတ်)ကိုယ်ဝန် ဆောင်ကြီးတကားကားဖြင့် မနေ လိုသဖြင့် မိမိ၏အမျိုးတော်စပ်သူ အမျိုးသမီးတစ်ဦးဦး၏သားအိမ် ထဲသို့ မိမိတို့ဇနီးမောင်နှံ၏အသွေး အသားဖြင့် ပြင်ပတစ်နေရာရာ၌ သန္ဓေအောင်ထားသည့် သား လောင်းကို ထည့်သွင်းကာ အငှား ကိုယ်ဝန်ဆောင်ခွင့်ရှိပါသည်။ သို့ သော် အမျိုးမတော်စပ်ဘဲ အခ ကြေးငွေပေးကြ၊ ယူကြကာ အငှား ကိုယ်ဝန်ဆောင်ခြင်းမျိုးကိုကား ထိုင်းဥပဒေက တားမြစ်ပါသည်။
ကမ္ဘာ့လူမှုဆက်သွယ်ရေး လောက (Social Media) ထဲတွင် Womb for Rent ဟူ၍ သားအိမ် ကို ငှားရမ်းလိုကြောင်း ကြော်ငြာ များ မကြာခဏတွေ့ရလေ့ရှိပါ သည်။ ကိုယ်စားမိခင် (A Surrogate Mother) အဖြစ် ဆောင် ရွက်ပေးလိုသူတို့၏ထုတ်ပြန်ချက် ပင် ဖြစ်ပါသည်။
Social Media ထဲတွင် အမျိုးသမီးတစ်ဦးက ပြည့်စုံသော မိသားစုတစ်ခုအဖြစ် မိမိကဲ့သို့ပင် ပျော် ရွှင်စေလိုသည့်အတွက် မိမိသား အိမ်ကို တစ်ဦးဦးအတွက် အကူ အညီပေးလိုပါကြောင်း ဤသို့ တင်ဖူးပါသည်။
‘‘I hope my womb can finally help someone else finally complete their family and be as happy as I am.’’ စသည်ဖြင့်။
အငှားကိုယ်ဝန်ဆောင်ပေး သူအမျိုးသမီးတစ်ဦးကမူ ‘Rent’ ဟူ၍ သုံးသည်ကိုပင် မကြိုက် ကြောင်း သူ၏ Post ၌ ရေး၍ တင်ပါသည်။ သားအိမ်ကို အငှား ဟုသုံးသည်ကို ရင့်သီးသည်ဟု ခံစားရ၍ ဖြစ်ဟန်တူပါသည်။
ကမ္ဘာပေါ်၌ သားသမီးမရ နိုင်သဖြင့် ကိုယ်ဝန်ဆောင်မထား လိုသဖြင့် အငှားကိုယ်ဝန်ဆောင် ကာ သားသမီးရရန် ကြိုးပမ်းမှုများကတော့ ရှိနေမည်ပင်ဖြစ်ပါသည်။
(သုံး)
ယခု မြန်မာ့နယ်နိမိတ်ထဲ၌ ဗိုက်(သို့မဟုတ်)သားအိမ်ငှားရန် ကြိုးစားလာမှုကမူ မြန်မာတို့ ဆင်း ရဲမွဲတေမှုပေါ်တွင် အခြေခံပါ သည်။
အသီးအပွင့်များကို ဆွတ်ခူး ပြီးနောက် စိုက်ပျိုးမြေအပျက်ကြီး များကို တစ်ချက်မှ ငဲ့မကြည့်တော့ ဘဲ ပြန်သွားကြသလို ရင်သွေး ငယ်ကလေးများကို ယူ၍ ပြန်သွားသည့်အခါ အသက်ကိုရင်း၍ မွေး ပေးသူ မြန်မာနိုင်ငံသား အမျိုး သမီးတို့ ခြေကုန်လက်ပန်းကျကာ မျက်တွင်းဟောက်ပက် စိတ်ကယောက်ကယက်နှင့် ကျန်ရစ်ခဲ့ရ မည်သာ ဖြစ်ပါသည်။
စားစရာမရှိ၍ အိမ်ငှားချင် ငှားပါ။ သားအိမ်တော့ မငှားလိုက် ကြပါနှင့်ဦးဟုပဲ မေတ္တာရပ်ခံစကား ဆိုလိုက်ပါရစေတော့လား။ ။
(စာရေးဆရာမောင်သာချိုသည် ကဗျာ၊ ၀တ္ထုတို၊ ခရီးသွား၊ စာပေ၊လူမှုရေး၊ ပညာရေး၊ စာပေရေးရာဆောင်းပါးများ ရေးသားနေသူ ဖြစ်သည်)
7Day Daily webpage ကနေ ကူးယူပါတယ်။ ဆဲဗင်းဒေးကို ကျေးဇူးတင်ပါတယ်။
စလေ ငနော့
Comments
Post a Comment