ကလေးကဗျာ ၁ + ၂ 🖋 အောင်သင်း
ကလေးကဗျာ – ၁
*****************
အောင်သင်း
လွန်ခဲ့တဲ့ ၃၊ ၄ ရက်က ရန်အောင်စာပေတိုက်က သူတို့ထုတ်ဝေတဲ့စာအုပ်သုံး၊ လေးအုပ်နဲ့အတူ စာလေးတစ်စောင်ပါလာပါတယ်။ ဖတ်ကြည့်လိုက်တော့ ကဗျာဆရာ မောင်ယဉ်မှူးရဲ့စာလေး ဖြစ်နေတယ်။ မောင်ယဉ်မှူးဆိုတဲ့ ကလောင်နာမည်ကို ဒီခေတ်လူ ငယ်တွေအဖို့မှာ နားစိမ်းကောင်း စိမ်းနေလိမ့်မယ်။ ဒါပေမယ့် သူတို့ ကလောင်တွေက ငါတို့ထက် ရှေးကျ တယ်။ စာပေလောက ထဲကိုဝင်တာ တို့များထက်စောသေးတယ်ဆိုပါတော့။
စာထဲမှာပါလာတဲ့ ပဓာနအချက်ကတော့ သူရေးတဲ့ မောင်ရေခဲ၊ မရွှေဖဲ ကလေးကဗျာ များ စာအုပ်လေးကို ရန်အောင်စာပေတိုက်က ထုတ်ဝေဖြန့်ချိလိုက်တယ်။ ဝယ်တဲ့သူမရှိဘူး။ ကလေး ကဗျာကို မူကြိုကလေးတွေကတောင် ချစ်ချစ်ခင်ခင် အော်ကာ၊ ဟစ်ကာ ရွတ်ဆိုလေ့မရှိကြတော့ဘူး။ ဆရာ ဦးအောင်သင်း ဒီအကြောင်းတွေ ကို စာမရေးချင်တော့ဘူး လား။ ကလေးကဗျာဘက်ကို လှည့်မကြည့်တော့ဘူးလား ရယ်လို့ ငါ့ကို ငိုသံပါကြီးနဲ့ တိုင်တည်လိုက် တဲ့စကားပါပဲ။
အဲဒီစာဖတ်ပြီးတော့ ငါလည်း တော်တော်လေး ငိုင်သွားမိတယ်။ ဘာကြောင့်လဲဆိုတော့ ငါကိုယ်တိုင်က မူကြိုသင်တန်းတွေ၊ မူကြိုကလေးထိန်းကျောင်းသား၊ ကျောင်းသူလေးတွေအကြောင်းတွေကို အတော်လေး အာရုံပြုနေမိတာကြောင့် ဖြစ်ပါတယ်။ သို့သော် လည်း ကလေးကဗျာတွေရဲ့ အခြေအနေတွေကို သီးသန့်မတွေးမိ ဘူး။ အခုတော့ သီးသန့်စဉ်းစားရမယ့်အချိန်ကို ရောက် လာပါတယ်။
ကလေးတို့ရဲ့ ဘဝနိဒါန်း
ကလေးကဗျာအကြောင်းကို မပြောမီ ကလေး တို့ဘဝရဲ့ နိဒါန်းအကြောင်းကို ပြောချင်တယ်။ ကလေး စိတ်ပညာ သင်ကြားမှုဆိုင်ရာ စိတ်ပညာဆိုတာမျိုးတွေထိ အောင် လေးလေးနက်နက် ပြောဖို့ မရည်ရွယ်ပါဘူး။ ပြောလည်းမပြောတတ်ပါဘူး။ ရိုးရိုးရှင်းရှင်း သူသူ ငါငါ တွေ့မြင်နေကြတဲ့ ကလေးပေါက်စတွေရဲ့ လေ့လာသင်ယူ ပုံတွေကို ပြောသွားမှာပါ။ တစ်နည်းအားဖြင့် မျိုးဆက်သစ် နိဒါန်းတွေရဲ့သင်ယူပုံ၊ သင်ယူနည်းကို လေ့လာခြင်းပဲ ဆိုကြပါစို့။ ငါလည်း ကလေး ကဗျာအကြောင်းကို ရေး ရင်းက ချော်တောငေါ့ ပြီး ကလေးပေါက်စတွေရဲ့ လေ့လာ သင်ယူမှုတွေ အကြောင်းကို ရေးနေမိပြန်ပြီ။ သည်းခံပြီး ဖတ်ကြတော့ကွာ။
သာမန်အားဖြင့် အင်္ဂါ စုံစုံလင်လင် မွေးလာတဲ့ ကလေးတစ်ယောက်မှာ ခြေ၊ လက်အင်္ဂါ၊ နား၊ လျှာ၊ မျက်စိ ရယ်လို့ အာရုံငါးပါးကို ဖမ်းထိခံစားနိုင်တဲ့ပစ္စည်းကိရိယာ တွေပါလာလေ့ရှိတယ်။ ဒီပစ္စည်းတွေဟာ မွေးရာပါပစ္စည်းတွေမို့ အမေ မွေးကတည်းက အလကား ရလာတာလို့ ဆိုနိုင်သော်လည်း ဒီပစ္စည်းတွေကို သုံးစွဲပုံ၊ သုံးစွဲနည်းတွေကိုတော့ မိမိဘာသာ (ကလေးကိုယ်တိုင်က) လေ့လာ ဆည်းပူးရတာပါ။ ကုန် ကုန်ပြောလိုက်မယ်။ တစ်စုံတစ်ရာကို မျက်စိနဲ့ လှမ်း ကြည့်လိုက်တာ ဘာမှမခက်ပါဘူး။ လူရော၊ ခွေးရော အားလုံး ကြည့် တတ်တာချည်းပဲ။ ခဲရာခဲဆစ် ဘာမှမဖြစ်ပါဘူး။ ဒါပေမယ့် မွေးကင်း စကလေးတစ်ယောက်အဖို့ မနည်း ကြီး အားထုတ်ရတယ်။ သူတို့အဖို့ မှာ ကြည့်ဖို့ရာ မဆိုထားနှင့်။ မျက် လုံးကိုတောင် မဖွင့်နိုင်ရှာဘူး။ မျက်လုံးဖွင့်လာနိုင်တဲ့အခါမှာလည်း သူမြင်ချင်တာကို မျက်လုံးက မကြည့်တတ်သေးဘူး။ ယက် ကလည်လိုက်ပြီး မျက်လုံး ချာလပတ်လည်နေတတ်တယ်။ ဒါတွေ ကို မိခင်က သိတယ်။ ဒီတော့မှ မိခင်က လက်ခုပ်တီးပြီး ”သားရေ၊ မေမေ ဒီမှာ၊ မေမေ ဒီမှာ” စသည် အားဖြင့် အသံပေးလိုက်မှ ကလေး က အသံမြည်ရာဌာနကို လိုက်ရှာတယ်။ မျက်လုံးလေး ကလယ်၊ ကလယ်နဲ့ ပေါ့ကွယ်။ ဒီနေရာမှာ ပြောချင် တာက ကိုယ်အင်္ဂါတွေ ကို အသုံးပြုပုံ၊ အသုံးပြုနည်း၊ ကလေး များ သင်ယူရပုံကို ပြောချင်တာပါ။ ခုနက ကလေးသင်ယူပုံ တွေကို တွေ့ရ လိမ့် မယ်။ ပထမ မိခင်ရဲ့ အသံကို နားက ကြားလိုက် ရတယ်။ မျက်စိက အသံလာရာကို လိုက်ရှာရတယ်။ မျက်စိရှာဖို့ အတွက် ဦးခေါင်းက ဘယ် ညာ စသည်အားဖြင့် စောင်းငဲ့ပေးရ တယ်။
အဲဒီလိုပဲ နှာခေါင်းက လည်း ပဓာနအားဖြင့် အသက်ရှူ ခြင်းဟာ သူ့အလုပ်ဖြစ်သော် လည်း အနံ့ခံခြင်း၊ မွှေးခြင်း၊ နံခြင်း စသည်အားဖြင့် ပိုင်းခြားစစ်ဖြာ ခြင်း၊ အနံ့ရဲ့အန္တရာယ်ကို ပိုင်းခြား စစ်ဖြာခြင်း စတာတွေကို နှာခေါင်း က လုပ်ကိုင်ပေးနေရတယ်။ အဲ -ပါးစပ်အကြောင်းကို တော့ ကုန်အောင်မပြောနိုင်တော့ ဘူး။ လူတစ်ကိုယ်လုံးမှာ ဒီကောင် ဟာ အလုပ်အရှုပ်ဆုံးလို့ ထင်မိ တော့ တာပဲ။ ပါးစပ် (ဝါ) နှုတ်ဆို တာဟာ စားတာ၊ သောက်တာနဲ့ လည်း ဆိုင်တယ်။ စကားပြောတာ၊ အသံပြုတာတွေနဲ့လည်း ဆိုင် တယ်။ လျှာဟာ အရသာခံတာ သက်သက်ပဲလို့ ထင်ရတယ်။ ပါး စပ်ထဲ သွင်းလိုက်တဲ့ စားစရာကို သွားနဲ့ကြိတ်ခြေဖို့ လျှာနဲ့ တွန်းပို့ ပေးရတယ်။ အဲဒီလို လျှာက စား စရာတွေကို တွန်းလား၊ ထိုးလာ လုပ်နေရင်း အရသာလည်း ခံရ သေးတယ်။ ပြီးတော့ ဒီလျှာကို လှုပ်ရှားမှုအမျိုးမျိုး လုပ်ပေးပြီး စကားသံ၊ နှုတ်ကထွက်တဲ့ အသံကို ဖန်တီးပေးရသေးတယ်။
ငါလည်း လျှာရှည်တာ တော်တော်များသွားပြီ။ ကလေး ကဗျာ ဆက်ကြဦးစို့။
အောင်သင်း
____________________________
ကလေးကဗျာ – ၂
*****************
အောင်သင်း
ကလေးကဗျာစာအုပ်တွေ ဘာကြောင့် အရောင်းထိုင်းလာတာလဲဆိုတာကို စဉ်းစားကြည့်မိတယ်။ ကဗျာဆိုတာ ပဓာနအားဖြင့် ရွတ်ဆိုဖို့ဖြစ်တယ်။ ဒီတော့ ကလေးတွေ ရွတ်ဆိုဖို့ကဗျာတွေကို သင်ကြားပေးတဲ့ ဌာန ရှိရလိမ့်မယ်။ ကလေးတွေဟာ ကဗျာရွတ် ဆိုရတာကို ကြိုက်ကြပါတယ်။ သို့သော် သူတို့တစ်တွေကို စည်းမှန်၊ ဝါးမှန် ကဗျာရွတ်သံ သင်ကြားပေးတဲ့ဌာန မရှိဘဲဖြစ်နေ တယ်။
ကလေးအသက်အရွယ်နဲ့ စဉ်းစားကြည့်လိုက် ရင် ကဗျာရွတ်သံ၊ ဖတ်သံကို သူတို့နှစ်သက်ကြပါတယ်။ သို့သော်လည်း နှစ်နှစ်၊ သုံးနှစ်လောက်ရှိလာတဲ့အခါမှာ ပုံပြင်တွေကို ပိုပြီးနှစ်သက်လာကြတယ်။
အကြောင်း အကျိုးဆက်စပ်မှုရှိတဲ့ ဖြစ်ရပ်တွေကို စိတ်ဝင် စားတယ်။ အထူးသဖြင့် ထူးခြားဆန်းကြယ်တဲ့ ဖြစ်ရပ်တွေကို ပိုလို့ စိတ်ဝင်စားကြတယ်။ အဲဒီအထဲမှာ သူတို့ကို သတ္တဝါငယ် တိရစ္ဆာန်လေးတွေရဲ့ ပုံပြင်၊ ဖြစ်ရပ်တွေအကြောင်းဆိုရင် ပိုလို့တောင် စိတ်ဝင်စားတတ်ကြသေးတယ်။ ဒါကြောင့် ပုံပြောကောင်းတဲ့ လူကြီးတွေအနားမှာ ကလေးတွေ ဝိုင်း နေလေ့ရှိကြတယ်။
ဒါကို တင်ပြလိုက်တဲ့ ရည်ရွယ်ချက်က ကလေး တွေဟာ ဆိုရ၊ ရွတ်ရတဲ့ ကဗျာထက် ကျိုးကြောင်းဆက် စပ်ဖြစ်ရပ်ပုံပြင်တွေကို ပိုမိုစိတ်ဝင်စားတယ် ဆိုတာပါပဲ။
စာသင်ကျောင်းတွေမှာ မူလတန်းသာမက မူကြို ဆိုတဲ့ စာသင်ကျောင်းလေးတွေပါရှိလာတယ်။ မူလတန်း ကို အသက် ၅ နှစ် အရွယ်ကစပြီး ကလေးတွေကို လက်ခံ သင်ကြားပေးတယ်။ မူကြိုကျတော့ အသက် ၃၊ ၄ နှစ် အရွယ်တွေကို လက်ခံပေးတယ်။
ဒီအရွယ်ကလေးတွေဟာလည်း ကဗျာရွတ်ဆိုခြင်းကို ကြိုက်နှစ်သက်တာပါပဲ။ သို့သော်လည်း ပုံပြင်နားထောင်ရခြင်းကို ပိုပြီးနှစ် သက်ကြတယ်။ အထူးသဖြင့် တိရစ္ဆာန်ပုံပြင်လေးတွေကို ပိုပြီးနှစ်သက်ကြတယ်။ သူတို့ကိုယ်တိုင်တော့ စာကိုသိပ်မဖတ် တတ်ကြ ဘူး။ မူကြိုဆရာမလေးများက ပုံပြင်လေးတွေကို ဖတ်ပြီး ပြန်ပြောရတာပေါ့။ တချို့ မူကြိုကျောင်းလေးတွေ မှာ အသက်လေးနှစ်လောက်ကလေးတွေကို စာဖတ်သင် ပေးနေကြပြီ။ ဒါကြောင့် စာဖတ်တတ်တဲ့ ကလေးတွေ ရှိလာပါတယ်။ ကလေး ဆိုတာ ပုံပြင်ကြိုက်တတ်ကြလေ တော့ ပုံပြင်စာအုပ်တွေကို ကလေးတွေနဲ့ မိတ်ဆက်ပေး တတ်တယ်။ ဒီတော့ ရောင်စုံ၊ ရုပ်စုံ လှလှပပ တန်ဆာဆင် တဲ့ အရုပ်များများ၊ စာနည်းနည်း ပုံပြင်စာအုပ်တွေက ပိုပြီး ခေတ်စားလာတယ်။
အဲဒီလို ပုံပြင်စာအုပ်တွေဟာ လစဉ်ထုတ်စာ စောင်ကြီးတွေတောင် ဖြစ်လာတယ်။ ဒီတော့ ကလေးတွေ ဟာ မူကြိုကစပြီး တစ်ဆက်တည်း မူလတန်းတိုင်အောင် ပုံပြင်စာအုပ်တွေကို လစဉ် မက်မက်မောမော ငှားရမ်း ဖတ်ရှုကြတော့တာပဲ။ ပုံပြင်စာစောင် ထုတ်ဝေသူတွေက လည်း အရုပ်လှလှ၊ စာကောင်းကောင်း၊ ပုံပြင်ဆန်းဆန်း တွေကို တတ်နိုင်သမျှ ရအောင်စုဆောင်းပြီး လစဉ် ထုတ် ဝေနိုင်ဖို့ ကြိုးစားလာကြတယ်။ သူတို့ ကြိုးစားထုတ်ဝေ သလောက် ကလေးတွေကလည်း ကြိုးစားပမ်းစား ရှာဖွေဖတ်ရှုလာ ကြတယ်။
သို့သော်လည်း တစ်ခု သတိထားမိတာက ရုပ်ပြ၊ ပုံပြင် တွေကို ဘယ်လောက်ပဲနှစ်သက် ကြသည်ဖြစ်စေ၊ သူတို့ နှစ်သက် တဲ့ ကဗျာရုပ်ပြလေးတွေကို တွေ့လိုက်ရင်လည်း နှစ်သက်မြတ်နိုးစွာ ဖတ်ရှုလေ့ရှိကြတယ်။ သို့သော်လည်း စကားပြေ၊ ပုံပြင်တွေလောက် ရုပ်ပြကဗျာများများ၊ ကောင်းကောင်း ဘယ်မှာထွက်နိုင် ပါ့မလဲ။ ဒီတော့ စကားလုံးနည်း နည်းနဲ့ ထိထိရောက်ရောက် ဇာတ် လမ်းဆင်ပေးနိုင်တဲ့ ကဗျာလေး တွေကို ပန်းချီကောင်းကောင်းနဲ့ တန်ဆာဆင်လိုက်ရင်ဖြင့် ကလေး ကဗျာတွေဟာ ပိုပြီးအရောင်းရ သွက်လာလိမ့်မယ်ထင်တာပဲ။ အဲဒီ လို စာအုပ် ပြုစုတဲ့အခါမှာတော့ ကဗျာဆရာနဲ့ သရုပ်ဖော်ပန်းချီ ဆရာနှစ်ဦးတို့ဟာ နားလည်မှု အတော်ကို ညှိရမယ်ထင်တယ်။ ကဗျာဆရာကလည်း စကားလုံး နည်းနည်းနဲ့ ခရီးတွင်အောင် ဇာတ်လမ်းဆင်ရလိမ့်မယ်။ ပန်းချီ ဆရာကလည်း ကလေးတွေ စိတ် ကူးကို လှုပ်ရှားမြူးပွင့်လာအောင် အရုပ်ကို ကြည့်ပြီး စိတ်ကူးလောက ကြီး ဖန်တီးလာအောင် ကြိုးစားရေး ဆွဲကြရလိမ့်မယ်။
ငါတို့တတွေ ပြန်လည် စဉ်းစားဖို့ ကောင်းတာက ငါတို့ ငယ်ဘဝက စွဲလမ်းနှစ်သက်ခဲ့တဲ့ ပုံပြင်တွေ အကြောင်းပါပဲ။ ပုံပြင် က ဆန်းကြယ်လေလေ ငါတို့ စွဲလမ်းနှစ်သက်လေလေ မဟုတ် လား။ မောင်ပေါက်ကျိုင်းပုံပြင်ကို ယုတ္တိယုတ္တာရှိအောင် ဘယ် လောက် ပဲ ရာဇဝင်သမိုင်းကြောင်း နဲ့ ဆက်စပ်ထားပါစေတော့။ ရှေး က လူကြီးများ ဖန်တီးထားတဲ့ သမိုင်းပုံပြင်ဖြစ်ကြောင်း အလွန် သိသာပါ တယ်။ ဒါပေမယ့် ငါတို့ဒီနေ့ထက်ထိ နှစ်သက်စွဲလမ်းခဲ့ကြတယ်။ အဲဒီအထဲမှာ ထူးခြားတာက ဇာတ်ဝင်ကဗျာ လင်္ကာလေးတွေ ဖြစ် ပါတယ်။ မောင်ပေါက် ကျိုင်းဟာ ပညာသင်လို့ မရအောင် သူ့ဥာဏ်ရည်က ထုံထိုင်း လှပါတယ်။ သို့သော်လည်း အလွန် ရိုးသားဖြောင့်မတ်ပြီး ဆရာ ကို ရိုသေတတ်တယ်။ ဆရာ့ စကားကို မြေဝယ်မကျ မှတ်သား ကျိုးနွံတတ်ပါတယ်။ ဒါကြောင့် ”သွားပါ များ ခရီးရောက်၊ မေးပါ များ စကားရ၊ မအိပ်မနေ အသက် ရှည်” ဆိုတဲ့ ဆရာပေးလိုက်တဲ့ မှာ တမ်းစကားလေးကို ရိုရိုသေသေ ရင်ဝယ်ပိုက်ထားလာခဲ့တယ်။
ဒီနေရာမှာ သတိထား သင့်တာက ပုံပြင်ထဲမှာ ကဗျာသွင်း လိုက်တယ်ဆိုတဲ့ အချက်ပဲ ဖြစ်ပါတယ်။ ပုံပြင်ဖြစ်ရပ်နဲ့ ဆက်စပ်နေတဲ့ ကဗျာလင်္ကာကို ကလေး တွေ နှစ်သက်စွဲလမ်းတတ်တယ် ဆိုတဲ့ အချက်ကို ကဗျာချစ်တဲ့ စာပေပညာရှင်များ၊ ကဗျာ စာဆိုများ ပြန်လည်သတိထားသင့်တယ်။ ဒါကြောင့် ကလေးကဗျာ တွေကို ကလေးပုံပြင်လေးများနဲ့ ရောယှက်ဖန်တီးနိုင်ခဲ့ရင် ကလေးတွေရဲ့စိတ်ကို ပိုပြီးဆွဲဆောင်နိုင် လိမ့်မယ်လို့ ထင်တယ်။
ဆိုလိုတာက ကလေး ကဗျာတွေကို ဖန်တီးနေတဲ့အခိုက် မှာပင် ကလေးတွေရဲ့စိတ်ကို ဆွဲဆောင်နိုင်အောင် ပုံပြင်လေးတွေ ကို ဖန်တီးရေးဖွဲ့သွားမယ်ဆိုရင် ကလေး တွေ ချစ်တဲ့ ကလေးစာပေ ပညာရှင်များ ဖြစ်လာပါလိမ့်မယ်။
အောင်သင်း
နှစ်ပုဒ်စလုံးကို Sayaraungthin Wordpress ဝက်ဘ်ဆိုဒ်ကနေ ကူးယူပါတယ်။ Sayaraungthin Wordpress ကို ကျေးဇူးတင်ပါတယ်။
Photo - Google.
စလေ ငနော့
Comments
Post a Comment