ကြုံခဲ့ရသည် 🖋 သော်တာဆွေ
ကြုံခဲ့ရသည်
***********
သော်တာဆွေ
တစ်နေ့သ၌ ကျွန်တော်သည် မောင်ထော်လေးလမ်း၊ ရှုမဝ စက်ခန်းတွင် လမ်းမဘက်ကို ကျောခိုင်းကာ စာ တစ်အုပ်ကို ဖတ်နေစဉ် တိုက်ရှေ့မှ ကားတစ်စီး ရပ်သံကို ကြားရပြီးနောက် ခဏ အကြာ၌ ကားပိုင်ရှိသော ကျွန်တော့်မိတ်ဆွေ တစ်ယောက် ဝင်လာကာ ...
“ဟေ့ ... ဖိုးသော်တာ ဘာစာအုပ် ဖတ်နေတာလဲကွ၊ ခဏလောက် ဟော့ဟိုကားနား သွားပြီး စုံထောက် မျက်စိနဲ့ ကြည့်စမ်းကွာ ...”
သူ ပြသော ကားမှာ သူ့ကား မဟုတ်ချေ။ တစ်ဖက်ခန်း ရှေ့တွင် ရပ်ထားသော စတူဒီဘေကာ တစ်ပတ်နွမ်း ဖြစ်သည်။ ဒရိုင်ဘာက ကြက်မွေးတုတ်ဖြင့် ဖုန်သုတ် နေ၏။
ကျွန်တော် သူ့ကို မော့်ကြည့်ကာ ...
“ဘာကြောင့်တုန်းဗျ”
“နို့ပြီး ... မင်း ငါပြောမယ် လေကွာ၊ သွားသာ ကြည့်ချေ”
သူ့ စကားသည် အလဟဿ မဖြစ်တန်ရာဟု ထိုင်ရာမှ ထခဲ့သည်။
ကျွန်တော် ပထမ ကား၏ ရှေ့တည့်တည့်က သွားကြည့်သည်။ ဘန်ဘာ လက်ျာဘက်က နည်းနည်း ရှုံ့နေပြီး မဒ်ကပ် တော်တော် ချိုင့်နေသည်။ စတီယာရင် ရှေ့တည့်တည့်က ကော်သားမှန်မှာ ကွဲအက် ကြေမွကာ အရစ်ရစ် ထနေသည်။ ထို့နှောက် ကျွန်တော်သည် ကား ကိုယ်ထည် နံဘေးသို့ လျှောက်ခဲ့ကာ အတွင်းဘက်ကို လည်းကောင်း၊ အပြင်ဘက်ကို လည်းကောင်း ခေါင်းငုံ့ ကြည့်လိုက်၊ စောင်းကြည့်လိုက် ပြုသည်။
စင်စစ် ကျွန်တော်သည် ကားကို ဘာမျှ နားလည်သူ မဟုတ်ပါ။ ကိုယ့် လူက ခိုင်းစေ၍သာ ဤကားနှင့် ပတ်သက်သော ဝတ္ထုတစ်ပုဒ်များ သူက ပြောပြ လေမည်လားဟု ...။
သို့သော် မဟုတ်ပါချေ။ မကြာမီ၌ ဖုန်သုတ် နေသော ဒရိုင်ဘာ ကျွန်တော့် အနီးသို့ ရောက်လာကာ ဤကား ဂုဏ်ပုဒ်ကို ဖော်ထုတ် ပါသည်။
“ကားက မျက်မြင်သာ စိတ်ပျက် စရာဗျ၊ စက်ကျတော့ တယ် စိတ်ချ ရတယ်ဗျ။ ခရီးမိုင်က ဘာမှ မောင်းရသေးတာ မဟုတ်သေးဘူး။ ကျွန်တော့် အုံနာက ရမ်းလွန်လွန်း လို့ဗျ။ မူးရင် သူကိုယ်တိုင် မောင်းချင်တယ်။ ရှေ့က ဘန်ဘာနဲ့ မဒ်ကပ်က သူ တိုက်ထားတာပေါ့ဗျ”
ကျွန်တော်က ဘာရယ်လို့ မဟုတ်၊ သူနှင့် စကားအလျဉ် ဆက်မိရန် ...
“နို့ ... ဟောဒီ ရှေ့မှန်က ကွဲကြေနေပြီး အရစ်ရစ် ထနေတာ ကကော မောင်းလာတုန်း ရှေ့က ခဲနဲ့ ထုလို့လား”
“ဘယ် ဟုတ်မလဲဗျ။ ကျည်ဆံဗျ။ တစ်နေ့ ပဲခူးက ပြန်အလာမှာ ဓားပြတွေက ဟေ့ ... ရပ် ဆိုပြီး ပစ်လိုက်တာ ကျွန်တော်က မရပ်ဘူး၊ အတင်း စွတ်တင်တာ ဟာ ... နားထင်နား၊ နားရွက်နား ကျည်ဆံတွေ ရွှီခနဲ ဖြတ်ဖြတ် သွားတာပဲ၊ ကားစက်က ကောင်းလို့သာ ကျွန်တော်တို့ အသက် ချမ်းသာ ရခဲ့တာဗျ။ နို့မဟုတ်ရင် ပါလာတဲ့ ပစ္စည်းလည်း ကုန်အုံးမယ်။ လူတွေလည်း မာလကွိ ကုန်အုံးမယ်။ ကျွန်တော်ဖြင့် ဟော့ဒီကား ကျေးဇူးကို ဘယ်တော့မှ မမေ့ဘူး။ အခု အုံနာက ရောင်းချင်တယ် ပြောတော့ ကျွန်တော် အမျိုးမျိုး ဖျက်တယ်ဗျာ၊ မရဘူး။ ဝယ်မယ့်လူ ကလဲ သူ ပြောမယ့်ဈေး ပေးမှာပဲ။ ဘာကြောင့်လဲဆို စက်ကောင်းမှန်း သိနေတာပဲ။ ဒီကားမှာ နည်းနည်းပါးပါး တိုက်ရာ ခိုက်ရာ ရှိတာတော့ ဘာအရေးလဲဗျ၊ အခု ပြင်လိုက်ရင် ရတာပဲ။ အမှန်ကဗျာ ကျွန်တော်တို့ အုံနာဟာ ဒီကားကို ရောင်းပစ်ဖို့ မကောင်းဘူး၊ သူတို့ အကျိုးပေးတဲ့ ကားဗျ။ ဘယ့်နှယ်ဗျာ ... ဒီကား ဝင်မှ သူတို့ ဖြစ်လိုက်တဲ့ စီးပွါး မပြောနဲ့တော့။ ကဲ ... အခု စီးပွါး တက်တော့ ဒီကား ပစ်ပြီး အသစ် စီးချင် သတဲ့။ လူများ ဘယ်လောက် ခက်သလဲ၊ ကိုယ့် အကျိုးပေးတဲ့ ပစ္စည်းဆိုရင် ထာဝစဉ် ထားရမယ် မဟုတ်လား။ နောင်ကြီးလည်း သိမှာပေါ့၊ ပိုင်ရှင်ကို အကျိုးပေးတဲ့ ပစ္စည်း၊ အကျိုး ပျက်စေတဲ့ ပစ္စည်း ရှိတယ် ဆိုတာ ...”
ဤ အချိန်၌ ကျွန်တော် သူ့စကားကို ဖမ်းမိကာ ...
“ခင်ဗျာ့ အလိုက ဒီကား နောက်ဝယ်တဲ့ လူလည်း စီးပွါး တက်အုံးမယ် ဆိုပါတော့”
သူ့ အမူအရာက အခိုင်အမာပင် ...
“ဟုတ်တယ် ... ကျွန်တော် ပြောရဲတယ်။ လက်ထဲ ကြာကြာ မကိုင်ချင်နဲ့အုံးဗျာ၊ ဟောဒီ ပုံပျက်နေတာ ကလေးတွေ နည်းနည်း ပြင်ပြီး ရောင်း၊ ၃-၄ ထောင် ချက်ချင်း မြတ်ရမယ်ဗျ”
“ဒီလောက်ပဲ သေချာသလား”
“ကျွန်တော် အာမခံ ရဲတယ်ဗျာ၊ ကျွန်တော်က ငယ်ငယ်ကလေး ကတည်းက ဒရိုင်ဘာ ဘဝနဲ့ ဟောဒီ မော်တော်ကား နယ်မှာ ကျင်လည် လာခဲ့တာ”
ကျွန်တော်သည် ပြုံးစိစိနှင့် သူ့ကို ကြည့်ပြီးနောက် တိုက်ထဲသို့ ပြန်ဝင်ခဲ့ လေသည်။ ကျွန်တော့် မိတ်ဆွေက ကိုကျော်နှင့် စကား ပြောနေရာမှ ပြုံးလိုက်ကာ ...
“ဘယ့်နှယ်လဲ ကိုယ့်လူ၊ ဒရိုင်ဘာ ဘာတွေ ပြောလိုက်သလဲ”
ကျွန်တော်က မည်သို့မျှ ထူးခြားဟန် မပြဘဲ မျက်နှာထားသာ ရွှင်လိုက်ပြီး ...
“ခင်ဗျားက ဒရိုင်ဘာကို ကျွန်တော်ဟာ ကားဝယ်မည့် လူလို့ ပြောခဲ့တာကို ဒရိုင်ဘာက ယုံတာ ကျွန်တော် ဝမ်းသာ ပါတယ်ဗျာ၊ ဟင် .. ကိုကျော် ဒီမှာ ကြည့်စမ်း၊ ကျွန်တော်က စတူဒီဘေကာ ဝယ်စီးနိုင်မယ့် အင်္ဂါရုပ်မျိုး ပေါ်နေပြီဗျ”
ကျွန်တော်က အမူအရာ လုပ်ပြသည်၌ ထိုမိတ်ဆွေက ...
“ဘာလဲ ဒရိုင်ဘာက ကိုယ် သူ့ပြောခဲ့တဲ့ စကားကို မောင်ရင့် ပြန်ပြောသလား”
“မပြောပေါင်ဗျာ၊ မပြောပေါင်၊ သူ မပြောပေမယ့် ကျွန်တော်က သိတယ် ခင်ဗျ”
စင်စစ် ကျွန်တော့် မိတ်ဆွေသည် သူခိုင်းသည့် အတိုင်း မော်တော်ကားကို သွားကြည့်၊ ဒရိုင်ဘာ ပြောလိုက်သည့် စကားတွေကို သူ့ ပြန်ပြောပြ၊ ဤ အခါ၌ သူက “ဒရိုင်ဘာက မောင်ရင့် ဒီစကားတွေ ဘာကြောင့် ပြောသလဲ သိလား၊ ကိုယ်က မောင်ရင်ဟာ ကားဝယ်မယ့် လူလို့ ပြောခဲ့လို့ ဆရာရေ - သူ့အုံနာက ဒီကား ရောင်းချင်နေတာ နန့်နန့် တက်လို့၊ ဝယ်မယ့် လူက မရှိ၊ အဲဒီကား ကောင်းကြောင်း သူ ပြောတာတွေဟာ ဆန့်ကျင်ဘက် ချည်းပဲ မှတ်ရမယ် မောင်ရင်ရဲ့” ဟူသော လောကီ သင်ခန်းစာကို ပေးလို၍ ဖြစ်သည်။ သို့သော် ကျွန်တော်သည် ဤမျှ မကသော သင်ခန်းစာများကို လွန်ခဲ့သော ကျွန်တော့် ဘဝ တက္ကသိုလ်မှ ဆည်းပူးခဲ့ပြီး ဖြစ်ကြောင်း ကျွန်တော့် မိတ်ဆွေ မသိခဲ့လေ။
* * *
၁၉၄၂- ခု (ဂျပန်ခေတ်) ပူပြင်းလှသော မတ်လအတွင်း တစ်နေ့သော မွန်းလွဲ တစ်နာရီခန့် အချိန်တွင် ကမာရွတ် ဂတ်တဲနှင့် မျက်နှာချင်းဆိုင် လက်ဖက်ရည် ဆိုင်ရှေ့ ကုက္ကိုပင်ရိပ်၌ ကျွန်တော့် မြင်းသိုး ကလေးသည် ဖိုထိုးလျှက် ရှိလေသည်။ မြင်း အဂ္ဂိရတ် ထိုးတယ်လို့ မအောက်မေ့နဲ့ ခင်ဗျ။ မောလွန်း လှ၍ နံရိုးတွေ အပြိုင်းသား အပြိုင်းသားနှင့် ကိုယ်က ကျုံ့လိုက် ပွလိုက် နေရုံမက တစ်ကောင်လုံးမှာ ထွက်သက် ဝင်သက်နှင့် ရှေ့တိုး နောက်ငင် ယိမ်းလျက်ပင် ရှိသည်။ နှာခေါင်း နှစ်ပေါက်လည်း အစွမ်းကုန် ပွကုန်၏။ ပါးစပ်မှ အမြှုပ်တို့လည်း စီးကျ၏။ ပေါင်ခြံ ဂွကြားမှ ချွေးမြှုပ်တို့လည်း စက်စက် ယို၏။ ကိုယ်တွင်လည်း ချွေးထွက်၏။ (ရောဂါရှိသော မြင်းသည် ချွေးထွက် မညီချေ။)
စင်စစ် ကျွန်တော့် မြင်းကလေး အမောရောဂါ စွဲကပ် နေသည်မှာ ကျွန်တော်က အသိဥာဏ် ကင်းမဲ့စွာ မညှာမတာ ခိုင်းခြင်းကြောင့် ဖြစ်၏။
ကျွန်တော် မညှာမတာ ခိုင်းရသည်မှာ ကျွန်တော့် ယောက္ခမ မျက်နှာ ရအောင်သာ ဖြစ်၏။
ယောက္ခမ မျက်နှာရအောင် ပြုရသည်မှာ ကျွန်တော့် မယား ပူပူနွေးနွေး ကလေးကို ကျွန်တော် ချစ်လို့သာ ဖြစ်၏။
ရှေးစကား ရှိသည်မှာ “မယားနေစ၊ ကြောင်သေမှ” ယခု ကျွန်တော့် မှာတော့ မြင်းသေမှ ...။
သို့သော် ... ဤ ဒုက္ခကောင် ကလေးသည် မသေနိုင်ပါချေ။ ကျွန်တော်တို့ ဗမာစကားနှင့် ပြောရလျှင် ရှေးက ဝဋ်ကြွေး ကြောင့်ပင် ထင်သည်။ ကျွန်တော် ခိုင်းသမျှကို ဘယ်တော့မျှ မငြင်း၊ ခိုခြင်း, ကတ်ခြင်း မရှိ၊ လေးဖက် မပြေးနိုင်လျှင် တစ်လှမ်းချင်း ဆွဲ၏။ ကိုယ့်မြင်း မပြေးနိုင်မှန်း သိလျှက် အမြန် ရောက်စေချင်သော ခရီးသည်၏ မျက်နှာသာ ရအောင် ကျွန်တော်က သူ့ကို ကြာပွတ်နှင့် ရိုက်ဘိလည်း သူသည် ကျွန်တော့်ကို ရန်မူခြင်း မပြု။ အချို့မြင်း ဆိုလျှင် သူတို့ မပြေးနိုင်ဘဲ ရိုက်ခဲ့သော် ပြန်၍ ကန်ကျောက် တတ်၏ ကျွန်တော့် မြင်းကလေးကား သဘောကောင်းလှ ပါသည်။
ကျွန်တော်သည် ကျောင်းသား ဘဝမှ ယောက္ခမ ဆန္ဒအရ မြင်းလှည်းမောင်း ရတော့မည် ဖြစ်သောအခါ “အစမို့ စိတ်ကောင်း သဘောကောင်း မြင်းရမှ ဖြစ်မှာ” ဆိုသည့် အတိုင်း နားလည်သူ၏ အကူအညီဖြင့် ကျွန်တော် သူ့ကို ရခဲ့လေသည်။ လှည်းနှင့် ၄၀၀- ကျပ် ပေးရသည်။
မြင်းကလေးမှာ ဘာမှ အပြစ် ဆိုစရာ မရှိ၊ မဲမဲ ပုပုဝဝနှင့် ဂင်တိုတို အသိုးကလေး ဖြစ်သည်။ သူ့ကို ကျွန်တော်က “နက်ကြုတ်” ဟု နာမည်ပေး ထားသည်။ စိတ်သဘော အင်မတန် ကောင်းလှသည်။ မောင်းသွား- ထားနေ အတပ် အဖြုတ်လည်း လွယ်ကူလှသည်။ အကောင်နှင့် စာလျှင်လည်း သူ့ခြေ မခေ၊ လေးဖက် ကွဲသည်။ ကျဲသည်။ မာလည်း မာကျောလှသည်။
သို့သော် ဒီကောင် ဘယ်လောက်ပဲ မာမာ၊ ဘယ်မျှပဲ ခြေကောင်းကောင်း၊ ကျွန်တော့် ယောက္ခမ မျက်နှာသာ ရအောင် မိန်းမကို ချစ်တဲ့ စိတ်နှင့် ဇွတ် ဖိကြိတ် လိုက်တော့ ငနဲမျိုး ကျွန်တော့် လက်ထဲ လေးလပဲ ကြာပါလိမ့်မယ်၊ အမောရောဂါ ရတော့တာပေါ့။
မရဘဲ ခံနိုင်ပါ့မလား၊ စဉ်းစား ကြည့်ပါဦးတော့။ ကျွန်တော်က မြင်းကို မကြည့်၊ ပိုက်ဆံ ကြည့်၍သာ မောင်းသည်။ ဤစဉ်၌ ကြည့်မြင်တိုင် စမ်းချောင်းမှ သိမ်ကြီးဈေးကို တစ်မတ် (၂၅- ဆင့်)၊ မြင်း တစ်ကောင်ကို အသွား အပြန် နှစ်ခေါက်ပေါင်း လေးချီမျှ ပြေးစေရာ လူ ၅- ယောက် ၆- ယောက်လောက် တင်သည် ဖြစ်၍ နေ့တွက်မှာ ၅- ကျပ် ၆- ကျပ် ရမှ ကိုက်၏။ ကျွန်တော်သည် ဤမျှသော နေ့တွက် မရမခြင်း ဘယ်တော့မှ အိမ်ပြန် မဖြုတ်ချေ။ မနက် ၅- နာရီ ၆- နာရီတွင် ထွက်ခဲ့၍ နေ့တွက် မကိုက်သေးဘူး ဆိုပါက နာရီပြန် တစ်ချက်၊ နှစ်ချက် အထိ မောင်း၏။ စင်စစ် မြင်း တစ်ကောင်ကို ၅- နာရီ (အလွန်ဆုံး ၆- နာရီထက် ပို၍ ရထားထဲမှာ တပ်မထားနိုင်ချေ။ မထားသင့်ချေ။)
ဤစဉ်၌ ကျွန်တော်က ဒါကို ဘာ နားလည်အုံးမလည်း ခင်ဗျ။ မြင်းကို နွားလို အောက်မေ့ ခဲ့သည်။ ကျွန်တော့် အဖေက လယ်သမား၊ ကျွန်တော်သည် နွားနှင့် ကြီးခဲ့ရသည် ဖြစ်၍ နွားတို့ မည်သည် လှည်းကို တစ်နေ့လုံး မောင်းနိုင်သည်။ (မြင်းက ပြေးရတာ၊ နွားက တဖြေးဖြေး သွားရတာဟု မစဉ်းစား) မြင်းလည်း ထို့အတူ ဖြစ်လိမ့်မည်ဟု ယူဆကာ တစ်ခါတစ်ရံ ၁၁- နာရီ ထိုးနေပြီ၊ သိမ်ကြီးဈေးမှာ အိတ်ထဲ ငွေ ၃- ကျပ်သာ ရသေးသည်။ အပြန် လူလည်း ရှားပါးနေပြီ။ ဤအခါမျိုး ရေကူးကန် ဘက်ကို ၃- ကျပ်နှင့် လာငှားပါက ကျွန်တော် လိုက်လေသည်။ ဒီတော့ နာရီပြန် တစ်ချက် နှစ်ချက်မှ အိမ်ပြန် ဖြုတ်နိုင်တော့၏။ မြင်းကား ဖတ်ဖတ်မော လေပြီ။ လူကတော့ နေ့တွက် ကိုက်၍ ပျော်လို့ ရွှင်လို့ ယောက္ခမကို ငွေအပ်ပြီး မယားကို ဖက်နမ်း လေသည်။ ဤနေရာ၌ ပြောထားရဦးမည်။ ကျွန်တော့် ယောက္ခမသည် ကပြား ဆိုသော အမျိုး ဖြစ်၍ အနောက်နိုင်ငံ သောက်ကျင့်အတိုင်း မိန်းမကို အသွားတစ်ခါ၊ အပြန်တစ်ခါ ယောက်ဖရှေ့ မရှောင် ဖက်နမ်း ရသည်မှာ အင်မတန်မှ လျော်ကန် သင့်မြတ်သော အလုပ်ကြီး ဖြစ်နေပါသည်။
ကျွန်တော် မိန်းမကို ဖက်နမ်းပြီး မြင်းဇောင်းထဲ ပြန်ဆင်းခဲ့သော အခါ၌ မြင်းကလေးမှာ မောလွန်းလှ၍ မြေပြင်တွင် ခြေကားယား၊ လက်ကားယား လဲလျောင်းကာ ဖုတ်လှိုက် ဖုတ်လှိုက်နှင့် နေရှာသည်။ ဤအရာကို ကျွန်တော့် အိမ်သားများက ဘာပြောကြသနည်း။
“အေးပေါ့ကွယ်၊ အလုပ်က ပြန်လာတော့ ခဏ တုံးလုံးပက်လက် လှဲတာပေါ့”
အလုပ်သမား လူ့အဖို့ မှန်မည်ထား၊ မြင်းအဖို့ လုံးဝ မသင့်လျော်သော စကား။ စင်စစ် ရထားမှ ဖြုတ်သော မြင်းတို့သည် ဇောင်းထဲ ရောက်လျှင် ရောက်ခြင်း အစာ တောင်းရမည်။ စားခွက်ကို နှုတ်ခမ်းနှင့် ပွတ်ရမည်။ ထိုးလှန်ပစ် ရမည်။ လူက တော်တော်နှင့် မပေးလျှင် ဟီရမည်။ ခြေဆောင့်ခြင်း၊ ခွာပေါက်ခြင်း ပြုရမည်။ သို့မှ ကျန်းမာခြင်းနှင့် ညီညွတ်သော မြင်း။ ယခု ကျွန်တော့်မြင်း နက်ကြုတ် ကလေးကား အစာတောင်းဖို့ နေနေသာသာ စည်ပိုင်းထဲ အသင့်ပြင် ပြီးသည့်တိုင် သူ ဆာလွန်းလှ သော်လည်း တော်တော်နှင့် ထ မစားနိုင် ရှာပါ။ အမော ပြေလောက်မှ ထ၍ လွေးပါတော့၏။
မြင်းတို့ မည်သည် ကိုယ်ကို မြေမှာ လှဲ၍ မအိပ်ဟု ဆိုကြသည်။ သို့သော် ပင်ပန်းလှသော ရာအားမြင်းတို့ကား ... ကုလားသေ၊ ကုလားမောပင် အိပ်ကြပါသည်။ ဤစဉ်က ကျွန်တော့် နက်ကြုတ် ကလေးမှာမူ နံနက် ၄- နာရီ သူ့ကို အစာဖျော် ကျွေးသော အခါ၌ လက်နှင့် ရိုက်၍ပင် နှိုးရပါသည်။ ဤမှ သူ “ငါ အလုပ် သွားရအုံးမှာ ပါကလား” သိလေရကား ... သူ ထစား၏။ ၅- နာရီခွဲ၊ ၆- နာရီ၌ အစာ ကုန်သည်။ ဤအခါ၌ သူနှင့် ကျွန်တော်သည် ကျွန်တော့် မိန်းမ တစ်၊ ယောက္ခမ တစ်၊ ယောက္ခမ၏ အမေကြီး တစ်၊ ယောက်ဖ သုံး၊ ပေါင်း ခြောက်ဦးသော လူသတ္တဝါ တို့ကို လုပ်ကျွေးရန် လှည်းတပ်၍ ထွက်ခဲ့ရ ပြန်တော့၏။
ထိုစဉ် အခါဝယ် ကျွန်တော်သည် မြင်းလှည်းမောင်း သမားတို့၏ ရှေ့မှာ ရယ်စရာ ဖြစ်နေလေသည်။ အကြောင်းမှာ ကျွန်တော်သည် မြင်းလှည်း မောင်းနေရ သော်လည်း ကျောင်းသားစိတ် မပျောက်။ ကျောင်းသား အဝတ်အစား များလည်း ရှိနေ၍ လှလှပပ ဝတ်၏။ မျက်နှာကို ပေါင်ဒါပင် သ, လိုက် သေးသည်။ ဒါကို သူတို့ မြင်လျင် မျက်စိ ဆံပင်မွေး စူးကြသည်။ လှောင်ကြ ပြောင်ကြသည်။
“ကျောင်းသားဟေ့ ... ဂွီ ... မြင်းသတ် ထွက်လာပြီ”
ကျွန်တော် ကြားပါသည်။ သို့သော် ... ဘာမျှ ပြန်မပြောဝံ့၊ အကြောင်းမှာ ဤအခါ၌ ကျွန်တော်သည် သူတို့နှင့် ရန်မဖြစ်ဝံ့သေးချေ တကား ...။
ကျွန်တော် အချိန်မတော် ၁၂- နာရီကျော် မြင်း ပြန်ဖြုတ် လာသော အခါလည်း သူတို့မှာ ညမြင်းပင် ထွက်နေကြပြီ ဖြစ်၍ ကျွန်တော့်ကို မြင်လျှင် ...
“ဂွီ ... ကျောင်းသား မြင်းသတ်ပြီး ပြန်လာပဟေ့ ... ဒီနေ့ ဘယ်လောက်ဖိုးများ သတ်ခဲ့သလဲ မသိဘူး ...”
အခြား တစ်ယောက် “မြင်း မျက်နှာထက် ယောက္ခမ မျက်နှာ ကြည့်ရတာကွာ၊ ဘယ် ... တစ်ဆယ်ထက် အောက်မလဲ”
စင်စစ် ကျွန်တော့်မှာ သူတို့ ကဲ့သို့ပင် မြင်းတစ်ကောင် အတွက် ၅ ကျပ် ၆- ကျပ်ထက် ပိုမရပါ။ သို့သော် အချိန် ပိုကြာ၍ မြင်း ပိုပင်ပန်းမှုမှာ ကျွန်တော်၏ မြင်းလှည်းမောင်း မကျွမ်းကျင်သေးခြင်း အတွက် ကြောင့်သာ ဖြစ်ပါသည်။ မောင်းပုံ မောင်းနည်း၊ ဈေးတောင်းပုံ တောင်းနည်း ဆရာလည်း မရှိချေ။ ဥပမာ ဆိုသော် မြင်းလှည်းကို အော်ဒါ လာ၍ ငှားအံ့၊ ဘယ်လောက် ဝေးသနည်း၊ အပြန် လူရမည့် ခရီးလော။ အသွား အပြန် ဆိုအံ့၊ အချိန်ဘယ်လောက် ကြာမည်နည်း၊ တင်မည့်ကုန် အလေး အပေါ့ကို မေးကာ ဈေးတောင်း ရသည်။ ကျွန်တော်ကား ထိုအချိန်၌ ဒါတွေကို မသိ၊ ကိုယ့်အိတ်ထဲ ရပြီး ပိုက်ဆံနှင့် နေ့တွက် ကိုက်ဖို့သာ ချိန်ဆတတ် လေသည်။ တစ်ခါတစ်ရံ၌ သွားရမည့် ခရီးသည် ဘယ်ဆီ နေမှန်းပင် မသိ။ ငှားသူ၏ “ငါ လမ်းပြ ပါ့မယ်ကွာ” ဆိုစကားနှင့်ပင် ပါသွားလေသည်။ သူတို့ သမားရိုးကျ မြင်းလှည်းသမား များကား ဤအမှားမျိုး မတွေ့တတ်ချေ။ အကြောင်းမှာ သူတို့သည် စပယ်ယာ ဘဝမှ ဒရိုင်ဘာ အဖြစ်ကို ကူးပြောင်းကြ၏။ ယခု ကျွန်တော်ကား ယောက္ခမ၏ အရေးပေါ် ဆန္ဒဖြင့် တိုက်ရိုက် ခန့်အပ်ခြင်း ခံရသူ ဖြစ်သည်။
သူတို့ ကျွန်တော့်ကို 'မြင်းသတ် ထွက်ပြီဟေ့ ... မြင်းသတ် ထွက်ပြီး ပြန်လာပြီဟေ့” ဆိုစကားမှာလည်း မမှားပါချေ။ စင်စစ် ကျွန်တော်သည် နေ့စဉ်ပင် မြင်းကို သတ်နေခြင်း ဖြစ်ပါသည်။ ယခု ကျွန်တော့်မြင်း၊ 'နက်ကြုတ်' ကလေးမှာ ကျွန်တော့် လက်ထဲ ရောက်တာ ၄- လ ကြာမှ စ၍ မနက် အိမ်က ထွက်လာစဉ်သာ လေးဖက် ပြေးနိုင်၍ ပြန်ဖြုတ်ချိန်ကား နွားသွား တစ်လှမ်ချင်း မျှသာ ဖြစ်တော့သည်။ ယင်းအခါ၌ ဟိုငနဲများ ပိုပြီး လှောင်၍ ပြောင်၍ ကောင်းကြတော့သည်။ ၎င်းတို့ဘက်မှ ကျွန်တော့် မြင်းကို အချောင်ယူရန် အကြံထုတ် နေကြ သူများကော မရှိဘူး ထင်ပါသလား။
ယခု အစမှ ဖော်ပြခဲ့သည့် အတိုင်း ကမာရွတ် ဂတ်တဲနှင့် မျက်နှာချင်းဆိုင် လက်ဘက်ရည် ဆိုင်ရှေ့ ကုက္ကိုပင်ရိပ်၌ ကျွန်တော့် မြင်းသိုး ကလေးသည် ဖိုထိုးလျက် ရှိလေသည် ဆိုသော အချိန်တွင် ကျွန်တော့်မှာ လက်ဖက်ရည် ဆိုင်၌ ထိုင်ကာ ကိုယ့်မြင်း ကိုယ်ကြည့်၍ လွန်စွာမှ စိတ်ပျက်လျက် ရှိပါသည်။
ယောက္ခမ လက်ထဲ အပ်ဖို့ ယနေ့ နေ့တွက်ကား ကိုက်ပါပြီ။ ငါးမူးမျှပင် ပိုနေ၍ ကျွန်တော် ယခု တစ်မတ်တန် လက်ဖက်ရည် တစ်ခွက်ပင် သောက်လျက် ရှိပါသည်။
သို့သော် အိမ်ပြန် အဖြုတ်၊ စမ်းချောင်းထိပ်က မြင်းလှည်းဂိတ် အဖြတ်၌ တစ်လှမ်းချင်း သွားနေသော ကျွန်တော် မြင်းကို ကြည့်ကာ ဟိုလူများက လှောင်ကြ ပြောင်ကြ ပေဦးမည်။ ဤအခါ၌ သူတို့ရှေ့မှ သူတို့အသံ မြန်မြန် မကြားရအောင် မြင်းကို ခဏကလေး ဖြစ်ဖြစ်၊ လေးဖက် ပြေးရန် ဇက်ကြိုး ဆောင့်၍ ကျောကို ကြိမ်လုံးဘုနှင့် ထုရဦးမည်။
ကဲ ... သည်တစ်နေ့ ပြီးပါပြီတဲ့။ နောက်တစ်နေ့ကော ...။
မနက် စောစောမှာ လူခေါ်တဲ့ နေရာကို ရပ် “ရန်ကုန်- ရန်ကုန်” လို့ အော်။ လေးယောက်လောက် ရတော့ နောက် “တစ်ယောက်လို- တစ်ယောက်လို” လို့ အော်။ အဲ ... လူပြည့်တော့ ထွက်။ ယခု သမတ အိမ်တော် ကုန်းအတက် ရောက်တော့ မြင်းက တစ်လှမ်းချင်း တက်၊ ခရီး အလျင်လိုတဲ့ လူက စိတ်ပျက်။ “ဟေ့ ... မြန်မြန် မောင်းကွာ” လို့ ပြော။ ဒီတော့ ကျွန်တော်သည် မြင်းကလေး ဝမ်းဗိုက်ကို ကြာပ္ပတ်နဲ့ ရိုက်ရ။ အဲဒီ အခါမှာ သနားတတ်တဲ့ လူက “အမလေး မရိုက်ပါနဲ့၊ မလုပ်ပါနဲ့” တောင်းပန်။ ကဲ ... သည်တော့ ကျွန်တော် ဘယ်သူ့အလို လိုက်ရမှာလဲ။ ဘယ်သူ့ ဆန္ဒကို ဖြည့်ရမလဲ ခင်ဗျ။ ကျွန်တော့် မြင်းကလေး ကျွန်တော် မရိုက်ချင်တာလဲ အမှန်ပဲ ခင်ဗျ။ သူတို့ဆန္ဒ လွန်ဆန်လို့ကော နောက်ထပ် ကျွန်တော့်လှည်း မစီးဘဲ နေမှာလည်း စိုးရသေးတယ် ခင်ဗျ။
ကုန်းတက် တွေ့တိုင်း ဤနည်း နှင်နှင်ချည်း ဖြစ်ရပါသည်။ ဒုတိယ အခေါက်တွင်ကား မြေပြင် အညီမှာပင် ဤသို့ ကြုံရ ပြသည်။ မြင်းက မောလဲ မော၊ အားလည်း နည်းနေပြီ ကိုးဗျ။
ဟယ် ... နက်ကြုတ် ... နက်ကြုတ်၊ မင်းနဲ့ ငါနဲ့တော့ မဖြစ်တော့ ကပြီ။ အိမ်က ယောက္ခမကို ပြောပြသည်။
“ဒါဖြင့် မြင်းသစ် လဲရအောင် ဒီမြင်းကလေးကို ရောင်းပေါ့ ...”
“ဘယ်လောက်ရ ရောင်းမလဲ ...”
“ဒို့ မြင်းနဲ့ လှည်းကို ၂၀၀ိ- စီ ထားဝယ်ရတာ၊ အရင်း မရတောင် နှစ်ဆယ် အစိတ်ထက် မလျှော့နိုင်ဘူး ...”
သို့သော် နက်ကြုတ်ကို တစ်ရာ ပြည့်အောင် ပေးသူပင် မရှိချေ။
“ဒါတော့ ဒို့ကို လူသစ်မို့လို့ ဘာမှ နားမလည်ဘူး ဆိုပြီး တမင် နှိမ်တာကွာ၊ မတရား ဈေးနဲ့တော့ မရောင်းဘူး။ ဖြစ်သလိုပဲ မောင်း၊ သည့်ပြင် မြင်းလိုပဲ တစ်နေ့ ၅- ကျပ် ၆- ကျပ်လည်း ရသားပဲ၊ မြင်းကောင်းကော ဘာထူးပြီး ရတာမို့လဲ ...”
ဤကား ... ကျွန်တော့် ယောက္ခမ 'မဟာပညာကျော် ဂျူနီယာ' အလောင်းအလျား၏ ဩဝါဒ ဖြစ်ပါသည်။ (ကျွန်တော် စာရေးဆရာ ဖြစ်မှ ဒီဘွဲ့ထူး ပေးရတာကိုးဗျ ...။)
သူ့စကားသည် ငွေရတာချင်း မထူးပုံ ပြောတာ မှန်ပါသည်။ သို့သော် ဒီက အကောင် ဒီလို ဝင်ငွေရအောင် ဘယ်ပုံက ဘယ်ပုံ မောင်းရ ပါသနည်း။
ယင်းသို့လျှင် ကျွန်တော်သည် ကမာရွတ် လက်ဖက်ရည် ဆိုင်၌ ထိုင်ကာ တွေးတော ငေးမော နေစဉ် ခွာသံ နှာသံ ပြင်းပြင်းနှင့် မြင်းလှည်း တစ်စီး ဆိုင်ရှေ့တွင် ဖြတ်မောင်း သွားတာ မြင်ရပြီး ထိုလှည်းပေါ်မှ မြင်းလှည်းသမား တစ်ယောက် ခုန်ချခဲ့၍ ကျွန်တော့်ဆီသို့ ဝင်လာကာ ...
“ဟေ့ - ကျောင်းသား၊ ငါ့ကို လက်ဖက်ရည် တိုက်စမ်းကွ” ဆိုရင်း ကျွန်တော့် စားပွဲမှာ လာထိုင်၏။
ထိုသူနှင့် ကျွန်တော် သိ၏။ ဗဟန်းက ဖြစ်၏။ သူတို့သည် ကျွန်တော့်ကို 'ကျောင်းသား' ဟု ခေါ်ကြသည်။ ကျွန်တော် သူ့အတွက် လက်ဖက်ရည် မှာပြီးသော အခါ၌ ...
“ဟေ့ - ကျောင်းသား၊ မင်း စိတ်ကူး မလွဲနဲ့ကွ၊ မင့် ငါခင်လို့ ပြောတာ၊ မင့် လှည်းကောင်း၊ မြင်းကောင်း ကိုင်တာ မြင်ချင်တယ်။ မင့်ရုပ် မင့်ရည်နဲ့ ဒီနွားလိုမြင်း မောင်းနေရတာ မရှက် ဘူးလားကွာ၊ ဟိုမြင်းက မင်း အခုန မြင်လိုက်တဲ့ အတိုင်းပဲ ဆွဲဇက်နဲ့ မောင်းရတာ၊ အဲ ... စိတ်က ထန်တော့ အထွက် နည်းနည်းကလေး တွန်းပေးရတာ တစ်ခုပဲ။ ဒါလည်း နောက် ကျင့်သား ရသွားရင် မလိုပါဘူးကွာ။ မြင်းက အခုမှ လှည်းထဲ သွင်းကာစ ရှိသေးတယ်။ ဒီမြင်းမျိုးမှ ကိုင်လို့ ကောင်းတာကွ။ မင့်မြင်း ကတော့ ခြေကုန် လက်ပန်း ကျပြီး လှည်းသက်လည်း ရှည်လှပြီ။ ဒီတော့ မင်း ငွေတစ်ရာ မြင်မနေနဲ့ကွာ၊ ဟိုကောင် စိတ်ရူးထတုန်း လဲသာ ပစ်လိုက်ကွာ ...”
အကြောင်းမှာ သူသည် ခုနက ဆိုင်ရှေ့ ဖြတ်မောင်း သွားသော မြင်းနှင့် ကျွန်တော့် မြင်းကို ငွေတစ်ရာ အလိုက်ပေး၍ လဲရန် ပြောလက်စ စကား ရှိပါသည်။ ကျွန်တော်လည်း ထိုမြင်း၏ ခြေကို ကြိုက်သည်။ အလုံးအရပ်၊ အသွေးအမွေးလည်း ကျွန်တော့် မြင်းထက် သာသည်။ ထို့ကြောင့် ကျွန်တော့် စိတ်တွင် ငွေတစ်ရာ အလိုက်ပေးဖို့ မနာဟု ယူဆသည်။ သို့သော် အကြောင်း အကျိုး ဆင်ခြင်ကာဖြင့် ...
“ကဲ ... ခင်ဗျား ပြောတာတွေ မှန်ပြီထား။ ဒီတော့ ဟိုလူက သူ့မြင်းကောင်း စွန့်ပြီး ကျွန်တော့် မြင်းကို ဘာလုပ်ဖို့ လိုချင်တာတဲ့တုန်း ...”
"မင့် မြင်းကို မဟုတ်ဘူးဟေ့၊ ငွေတစ်ရာ လိုချင်လို့ သိရဲ့လား၊ သူက ငွေတစ်ရာ သုံးရရင် ပြီးရော၊ သူ့အိမ်ကို လှိမ့်မယ်။ သူ့မြင်းက အနီရောင် မဟုတ်လား။ ဒီ အနီရောင်နဲ့ သူနဲ့ မတည့်ဘူး၊ နတ်က ဟောတယ်၊ ဘာညာနဲ့ သူ့ ဖားသားကြီး ဖြီးမယ်ကွာ။ သူ့မိဘက ချမ်းသာတယ်။ သူထင်ရာ လုပ်နေတာပဲ။ နောက် မင်းမြင်း သူ့လက်ထဲ ရောက်တော့ သူ မောင်းချင် မောင်းမယ် ...။ မမောင်းချင် ပစ်ထားမယ်ကွာ။ ဒီကောင်က လူဆိုး လူပေကွ။ သူ့အဖေကို နောက်ထပ် အသစ်တစ်ကောင် ဝယ်ပေးလို့ ပြောချင် ပြောမယ်ကွာ၊ ဒီတော့ မင်း သူ့အရေးကို ဘာမှ တွက်မနေနဲ့၊ မင်းလက်ထဲ မြင်းကောင်း ရဖို့သာ စိတ်ကူးကွာ၊ ဒါဘဲ။ သူနဲ့ ငါနဲ့ ခင်မင်ပေမယ့် သူ့အဖေကြီးနဲ့ ငါနဲ့ မျက်နှာကြော မတည့်ဘူးကွ။ ရှင်းရှင်း ပြောမယ်ကွာ၊ ငနဲကြီး သူ့သားအတွက် ဂျောက်ကျတာ မြင်ချင်တယ်။ အဲဒါ မင်း ငါ အင်မတန် ခင်လို့ ပြောတာပဲ၊ အခု မင်း တိုက်တဲ့ လက်ဖက်ရည် သောက်တာ အပင်း အဆိပ် ဖြစ်ရစေရဲ့ ...”
ဤအချိန်၌ ကျွန်တော့်မှာ ဤလူစားမျိုးနှင့် ပထမ အကြိမ် ဆက်သွယ်ရခြင်း ဖြစ်၍ သူ့ကို ဘိုးဘိုးအောင် ဟုပင် အောက်မေ့သွား လေသည်။
“မုန့်စားပါအုံးဗျ။ ဒါနဲ့ သူက တစ်ရာ မလျှော့ဘူးတဲ့ လားဗျ ...”
“ဟာ ... ဒါတော့ မပြောနဲ့၊ ခုန ငါက မင့် မြင်လို့ ဆင်းပြောမယ် လုပ်တော့တောင် သူက ခပ်အင်အင် ကွ။ ဒါကြောင့် သူ မရပ်ဘဲ ရှေ့ဆက်မောင်း ပြေးတာ။ ၁၅၀ိ- အလိုက်ပေးမယ့် မြင်းတစ်ကောင် တွေ့ထားပြန်ပြီ ဆိုလား ဘာလားကွာ။ ဒီကောင့် စိတ်က အရူးလိုပဲ။ ခုတွေ့၊ ခုပြော၊ ခုလိုက်မှ ဖြစ်တာ၊ ဒီတော့ မင့် ငါ နှေးမနေ စေချင်ဘူး၊ ဒီနေ့ပဲ ဖြစ်အောင် လိုက်စေချင်တယ် ...”
“မမြန်လွန်း ဘူးလားဗျာ၊ ကျွန်တော်က သူ့မြင်း မောင်းကြည့်ချင် သေးတယ် ...”
“လာလေ ... အခု လိုက်မောင်းကြည့် ပါလား။ ဒီကောင့်လှည်း ကမာရွတ်ဈေး ဘက်မှာ ရှိမှာပဲ ...”
လက်ဖက်ရည်ဖိုး ရှင်းပြီး၍ ကမာရွတ် ဂိတ်ကို လိုက်ကြသော အခါ၌ သူက ကျွန်တော့် လှည်းကို မောင်းသည်။ မြင်းကို နက်ဖြန် သဘက် သေတော့ မလောက်ပင် စိတ်ပျက်စဖွယ် ပြော၏။
“ဒီမြင်း သူ့အဖေကြီး လက်ထဲ ရောက်မှ ၂- ရက် ၃- ရက် အတွင်းတော့ မြင်ချင်တယ်ကွာ၊ ဒီလူကြီးကို ငါ သိပ်မုန်းတာကွ၊ ဘာကြောင့် သိလား၊ အစဦးက သူ့သမီးနဲ့ ငါနဲ့ ကြိုက်ကြတယ်။ အခု ထွေးမောင်တို့၊ ဘသူတို့ ယောက်ဖ လုပ်မယ့် ကောင်တွေကပါ သဘောတူ ကြတယ်။ ဒါပေမယ့် သူတို့ အဖေကြီးက ငါနဲ့ ခွဲပြီး သည့်ပြင်လူနဲ့ အတင်း ပေးစားတယ်ကွ။ ဒီထဲက- ငါဟေ့ တစ်သက် မကျေဘူးကွ ...”
အံကြိတ်ကာပင် ပြောပါသည်။ မကြာမီ၌ ကမာရွတ်ဈေး ဂိတ်ကို ရောက်၍ ထွေးမောင် မြင်းလှည်းကို မြင်သော အခါ၌ ...
“ကြည့်ကွ ... သူဌေးသား၊ မြင်းတော့ နေပူထဲ ပစ်ထားပြီး သူက အိုက်စကရင် စားနေတယ်။ သူ့မြင်းကလည်း သိပ်သဘော ကောင်းတာ၊ ထားရာ နေတာ” ဟု ပြောရင်း ကျွန်တော်တို့ လှည်းကို ရပ်လိုက်ပြီး ဆိုင်ထဲသို့ လှမ်း၍ ...
“ဟေ့ ... ထွေးမောင် မင်းမြင်းကို ငါ့တို့ ခဏ မောင်းကြည့် စမ်းမယ်”
ထွေးမောင် ဆိုသူကလည်း ပမာမခန့်နှင့် ...
“မောင်းကြည့် ပါလားဗျ ...”
ကျွန်တော့်အား ထွေးမောင် မြင်းလှည်းပေါ် ထိုင်စေကာ ဇက်ကြိုးကို ကိုင်စေပြီး သူက လှည်းတံကို တွန်းဖယ် လိုက်သည်၌ မြင်းက ဒလကြမ်း ထွက်လေ၏။ ပြေးလွန်းသဖြင့် ဇက်ကိုပင် အတော် ဆွဲထိန်း ထားရသည်။ သူလည်း လှည်းနောက်မှ ခုန်တက်ပြီး ဖြစ်နေကာ ...
“မြင်း ဆိုတာ အဲဒိလိုဟာမှ မြင်းကွ ... မင်း ဇက်ကြိုး ကိုင်လိုက်ရုံပဲ၊ ဘာမှ တက်ခေါက်စရာ၊ ကြာပွတ် ရိုက်စရာ မလိုတော့ဘူး။ မင်း ဇက်ပြား တစ်ချက်လောက် ခတ်ကြည့်လိုက်စမ်း၊ ဟရူး - ဟရူးနဲ့ ယူသွားလိမ့်မယ်၊ ထိန်းသာထား ပေရော့ ...”
ဟုတ်ပါ၏။ ကျွန်တော် ကျောကို ဇက်ပြား တစ်ချက် ချလိုက်သည်၌ အတော်ပင် ချုပ်ထား ရပါသည်။
“ခွာထိုးကပြင်း၊ အာကြိုးကတင်း၊ အသပြာ တိုးမယ့်မြင်း ဆိုတာ ဒါပေါ့ကွ”
သူတို့ မြင်းလှည်း သမားတွေ အာဘော် ဖြစ်၏။ အကယ်တန္တိ မြင်းကို စိတ် အခန့်မသင့်သော အခါ၌ကား “ခွာထိုးကပြင်း အာကြိုးကတင်း” ဟု ဆိုပြီးမှ “ငါရိုးမမြင်း ...” ဟု ဆဲတတ်ကြသည်။
“အင်း ... ဒီမြင်း ခြေနဲ့ စိတ်တော့ သဘောကျ ပါပြီဗျာ၊ ဒါပေမဲ့ အထွက် တွန်းတွန်းပေး နေရတာက ခက်တယ် ...”
“ဟ ... ဒီလောက် တွန်းရတာလေး ဘာများ ခက်လို့လဲကွ ...”
“ခင်ဗျားတို့ အဖို့ မခက်ပေမယ့် ကျွန်တော် အဖို့ မလွယ်ဘူးဗျ၊ တွန်းပေးဖို့ လူတစ်ယောက် လိုနေဦးမှာ ...”
“အောင်မယ် ... ဘာလုပ် လိုမလဲ၊ တစ်ယောက်တည်းနဲ့ ဖြစ်ပါတယ်၊ မှန်း ငါပြမယ် ရပ်လိုက် ...”
ကျွန်တော် ရပ်လိုက်သော အခါ၌ သူသည် ရှေ့သို့ ဆင်းလာပြီး မြင်း ဇက်ကြိုးကို ကိုင်ကာ လက်တံကို ဆောင့်တွန်း လိုက်၍ မြင်း ထွက်သွားမှ လှည်းပေါ် နောက်ပြန်ခုန် ထိုင်လိုက်သည်။
“ကဲ ... ဘာများ ခက်လို့တုန်းကွ ...”
“ကျွန်တော်က အဲဒီလို နောက်ပြန် ခုန်တက် မတတ်သေးဘူးဗျ ...”
“အို ... ဒါတော့ မြင်းလှည်းသမား လုပ်တယ်ဆိုရင် တတ်ရမှာပေါ့ကွ၊ ၄-၅ ခါ မကျင့်ရ ပါဘူးကွာ၊ အလွယ် ကလေးပါ ...”
သူပြောတာ မှန်ပါသည်။ မြင်းလှည်းသမား တို့၏ တတ်အပ်သော ပညာရပ် ဖြစ်ပါသည်။
ထို့ကြောင့် ကျွန်တော် လဲရန် သဘောတူ လိုက်လေသည်။ အိမ်ရောက်သော အခါ၌ ယောက္ခမကြီးကို အကျိုးအကြောင်း ပြောပြ၏။
“အဲဒါ မနာဘူး အန်တီ၊ ကျွန်တော်တို့ မြင်းကို ၂၀၀ ထားအုံးတော့ ဟိုမြင်းက ၃၀၀ မက တန်တယ်”
ထိုမြင်း မည်မျှ ကောင်းပုံနှင့် ကိုထွန်းရှန်ခေါ် ဤ ကြားက လူက အဘယ်ကြောင့် လဲရန် ဆွယ်ပေးပုံ၊ သူ့ ရည်းစားနှင့် ထွေးမောင် အဖေကြီး ခွဲလိုက်ကြောင်း ငယ်ကျိုးငယ်နာ တွေပါ ကိုထွန်းရှန် ပြောသည့် အတိုင်း သယ်သယ်ပိုးပိုး ဖောက်သည် ချလိုက်ရာ ကျွန်တော့် ယောက္ခမ မဟာပညာကျော် ဂျူနီယာလောင်း ကြီးပါ သဘောကျ လေသည်။
သို့သော် ဘယ်ကိစ္စမဆို ပဲပြုတ်ဖိုးပင် ပိုက်ဆံ ထုတ်ရန် လက်နှေးသူ ဖြစ်သည့် အတိုင်း ...
“နေပါအုံးကွယ့် ... ငွေနဲ့ ကြေးနဲ့ လုပ်ရမယ့် ကိစ္စ မင်း တစ်ယောက်တည်း ချက်ချင်းကြီး မသွားပါနဲ့အုံး၊ ဟိုဘက်အိမ်က မောင်ဘလှနဲ့ တိုင်ပင်ကြည့် ပါအုံး”
မောင်ဘလှမှာ ရှေ့အင်္ဂလိပ်ခေတ် ကတည်းက မြင်းလှည်းသမား ဖြစ်သည်။ ကျွန်တော်တို့ အိမ်သားများ နှင့်လည်း အိမ်နီးပါးချင်း ခင်မင် ရင်းနှီးသူ ဖြစ်သည်။ ထို့ကြောင့် ကျွန်တော်မှာ ယောက္ခမ အာဏာ မလွန်ဆန် နိုင်ဘဲ ကိုဘလှ ဆီသို့ သွားရတော့သည်။ နှေးနေလျှင် ကိုထွေးမောင်က ၁၅၀- ကျပ် အလိုက်ပေးမည့် မြင်းနှင့် လဲတော့မည် ဆိုသည့် အတွက် နောက်ကျ သွားမှာ စိုး၍ ရင်ထဲက တထိတ်ထိတ်။
သို့သော် ကိုဘလှကို အကြောင်းစုံ ပြောပြသော အခါ၌ ကိုဘလှသည် ကျယ်လောင်စွာ ရယ်မော လေသည်။
“အမယ်လေး ကိုယ့်လူနှယ် ဗဟန်း ထွန်းရှန်နှင့် ထွေးမောင်နဲ့မှ တွေ့ခဲ့တယ်ဗျာ၊ ဖြစ်မှ ဖြစ်ရလေ။ လက်မတင်ကလေး ကံကြီးပေလို့”
ကျွန်တော် မျက်နှာ မထားတတ် ဖြစ်ကာ ...
“နေပါအုံး ... ကိုထွန်းရှန် ပြောတာတွေ မဟုတ်ဘူးလား”
“ဘယ်က ဟုတ်ရမှာလဲဗျ၊ ဒီ ထွေးမောင် ဆိုတဲ့ ကောင်ဟာ ငယ်ငယ်ကလေး ကတည်းက မိဘ ရှိခဲ့တာ မဟုတ်ဘူး၊ ဥတစ်လုံး တစ်ကောင်ကြွက်၊ ဟိုလူ့ မြင်းလှည်းမောင်း၊ ဒီလူ့ မြင်းလှည်းမောင်းနဲ့ ကလေကချေ ကြီးခဲ့ရတာ၊ အခု ဗဟန်းမှာ မြင်းလှည်း ၃-၄ စီး ထောင်တဲ့ ကိုအောင်ဇံကြီး အိမ်မှာ ထွန်းရှန်နဲ့ အတူ မောင်းနေ ရတာဗျ”
ကျွန်တော် မျက်လုံး ပြဲကာ ...
“ဟင် ... ဟုတ်လား ... နို့ အခု လဲမယ် ပြောလိုက်တဲ့ မြင်းကကော ...”
“ကိုအောင်ဇံကြီး မြင်းကျိုးမကလေး ပေါ့ဗျ၊ ဘယ်သူမှ ဝယ်မယ့်လူ မရှိလို့ ပစ်ထားရတာ ကြာလှပြီ”
“နို့ ... ဒီနေ့ ကျွန်တော် တွေ့ရတော့ အကောင်းပါလား”
“မကောင်းပါဘူးဗျာ ... ခင်ဗျား မကြည့်တတ်လို့ပါ၊၊ နောက်ကား နေတယ်၊ လှည်းထဲ စူထားပြီး တွန်းပေးလိုက်မှ ဂမူးရှူးထိုး ပြေးနိုင်တာ။ အဲဒါလဲ ၃-၄ ရက်မှ တစ်ခေါက် မောင်းနိုင်တာဗျ။ အဲ တစ်ခေါက် မောင်းပြီး နောက်ရက်တွေမှာ ဆိုရင် ဇောင်းထဲ လဲနေရော၊ အစာ ကျွေးတာမှ မနည်းစူပြီး ကျွေးရတယ်။ ကားတိုက်မိလို့ တင်ပါးဆစ် လွဲပြီး အကြောနာ ဖြစ်နေတာဗျ၊ ခင်ဗျား မယုံရင် နက်ဖြန်ခါတော့ သူတို့ဇောင်းထဲ အသာကလေး သွားကြည့် ပါလား၊ ပက်လက်လန်ပြီး လေးဖက် ကားနေတာ တွေ့ရလိမ့်မယ်”
* * *
သူတစ်ပါး၏ လုပ်အားကို လည်းကောင်း၊ ပစ္စည်းကို လည်းကောင်း လိမ်လည် လှည့်ဖြား ယူချင်သသူ ဟူဟူသရွေ့ တို့တွင် သူတို့၏ အထိုက်အလျောက် ဝင်္ကန္တဥာဏ် အမျိုးမျိုး ရှိကြလေသည်။ ယခု မြင်းလှည်းသမား ထွေးမောင်နှင့် ထွန်းရှန်၏ ပရိယာယ်ဆင်ပုံ ဇာတ်အိမ် ဖွဲ့ပုံတို့မှာ သင်းတို့ လောက ဝင်ခါစ ဖြစ်သော ကျွန်တော်လို ငတိကို ဇွိခနှဲ နေအောင် မိပေသည်။ ချစ်ယောက္ခမ၏ ပိုက်ဆံထုတ် နှေးနေမှုနှင့် ကိုဘလှ၏ ကျေးဇူးကြောင့်သာ ကျွန်တော်တို့ ဒုက္ခိတကလေး နက်ကြုတ်ကို သူတို့ ဒုက္ခိတမကြီးနှင့် ငွေတစ်ရာ အလိုက်ပေးကာ မလဲလိုက်ရခြင်း ဖြစ်ပေသည်။
သို့သော် နက်ကြုတ် ကလေးနှင့် ကျွန်တော်တို့ နောက်ဆုံး ခွဲခွာလိုက် ရပုံကား ဝမ်းနည်းဖွယ် ကောင်းလှပါသည်။ ကျွန်တော်၏ နားမလည်မှုနှင့် မိုက်မဲမှုကြောင့် သင်းကလေး အသက်တို သွားသည်ကို ကျွန်တော် ဝန်ခံပါသည်။ သင်းကလေး သဘောကောင်း သလောက် ယောက္ခမ မျက်နှာရအောင် ကျွန်တော်က သူ့ကို ညှဉ်းပန်း ခိုင်းစေခဲ့ရိုး မှန်ပါသည်။ သူသည် ကျွန်တော်၏ အလိုသို့ ဘယ်တော့မှ မငြင်းခဲ့၊ ဘယ်လောက်ပင် မောနေပါစေ၊ ဇက်ကြိုးကို လှုပ်၍ တောက်ခေါက် လိုက်ပါက တစ်လှမ်းချင်းပဲ ဖြစ်ဖြစ် လေးလံသော ဝန်ကို ဆွဲသွားပါသည်။ သည်အတွင်းမှ ကျွန်တော်က ခရီးသည်၏ ဆန္ဒကို ဖြည့်ရန် ကြာပွတ်နှင့် ရွှမ်းခနဲ ရိုက်လိုက်ပါက တတ်နိုင်သမျှ ကလေးပင် လေးဖက်ခုန်၍ ပြေးပါသေးသည်။
ကျွန်တော် သူ့ကို နိုင်ခဲ့ပါသည်။ ကျွန်တော် နှိပ်စက်ခဲ့ ပါသည်။ သို့သော် လောက၌ ဝိပါက်တရားတို့ မည်သည် အနှေးနှင့် အမြန်သာ ဖြစ်လေရာ အခွင့် သာသည်၌ ဒိုက်ခနဲ ဆိုက်ရောက်လာ လေသည်။ နှက်ကြုတ် ကလေးကို ကျွန်တော်က နိုင်ခဲ့ နှိပ်စက်ခဲ့သလို ကျွန်တော့်ကို နိုင်၍ နှိပ်စက်မည့် မြင်းကြီး တစ်ကောင် ပေါ်ပေါက် လာသည်ကား လူသားနှင့် တိရစ္ဆာန်မို့ ယုံနိုင်ဖွယ်ရာပင် ခဲယဉ်း ပေလိမ့်မည်။
၁၉၄၃- ခုနှစ် နောက် စွန်းခဲ့ပြီ။ ဤအခါ၌ ကျွန်တော့် ချစ်ယောက္ခမနှင့် ကျွန်တော် ဇာတ်ခေါင်း ကွဲကြကာ ကိုယ့်ဝမ်းရေးနှင့် ကိုယ် နေကြသော အချိန်၊ တစ်ကြိမ်သော သမယ၌ ကျွန်တော်သည် မြင်းတစ်ကောင် ရောင်းပစ်ရ၍ နောက် မြင်းတစ်ကောင် ဝယ်ရန် လိုလာသည်။ ယင်းကာလ၌ ကျွန်တော်သည် မြင်းအကြောင်း နားလည်စ ပြုပြီ ဖြစ်၍ ကျွန်တော် လိုချင်သော မြင်းမှာ အင်္ဂါရုပ်မလှ အပြေးမကျချင် နေပါစေ၊ လေးလေးမှန်မှန်နှင့် အခိုင်းခံရန် ခြေကောင်း လက်ကောင်း ရောဂါကင်းကင်း၊ အကောင်ကြီးကြီး အဖိုးနည်းနည်း ဖြစ်သည်။
ထိုစဉ်၌ မြင်းဈေးမှာ ပထမတန်း မြင်းက ၁၅၀၀- ကျပ် အထက်၊ ဒုတိယတန်းက ၁၂၀၀- ကျပ် ပတ်လည်၊ တတိယတန်းက ၁၀၀၀- ကျပ် အောက်၊ ၎င်းသုံးမျိုး အနက် ပထမတန်း မြင်းမျိုးမှာ ထင်ရှား နေ၍ လည်းကောင်း၊ နားလည်သူတို့ ဝန်းကျင်တွင် ရှိနေ၍ လည်းကောင်း၊ အချောင်ရရန် ခဲယဉ်းသည်။ ဒုတိယတန်း မြင်းမျိုးကား ချောင်ကျကျ၌ အပေါက်ကောင်း နှိုက်တတ်လျှင် တတိယတန်းဈေး မတိမ်းမယိမ်း ကလေးနှင့် ရနိုင်သည်။
ဖော်ပြပါ ကျွန်တော် လိုချင်သော မြင်းအစားမှာ ဒုတိယတန်းမျိုးတွင် ပါဝင်သည်။ သို့သော် ... မြင်းလှည်းပါး ဝခါစ ကျွန်တော်က လူလည်ကြီး လုပ်၍ တတိယတန်း ဈေးနှင့် လိုချင်၏။ ထို့ကြောင့် ၎င်း တွက်ကိန်း အတိုင်း ရှာလိုက်ရာ မကြာမီ၌ မြင်းပွဲစား တစ်ယောက်နှင့် ပတ်သက်၍ တွေ့လေသည်။
“အဲဒါ မင်း လိုချင်တဲ့ အစားပဲကွ။ အသွားအလာ မှန်တယ်။ လေးဖက် ကျတယ်။ စိတ်သဘော ကောင်းတယ်။ ကိုယ်ကာယကြီး ကတော့ မင်း မြင်တဲ့ အတိုင်းပဲ” ဆိုရင်း ပွဲစားသည် မြင်း၏ သွားကို ဖြဲပြကာ “ကြည့် ... အသက်က ၅ နှစ်လောက်ပဲ ရှိသေးတယ်။ နုထွားကြီး ကွ။ နောက် တက်လမ်း အများကြီး ရှိသေးတယ်။ မြင်း နည်းနည်း ညှောင်းတာ ကတော့ ...” ပွဲစား အသံ တိုးသွားကာ ကျွန်တော့်နားနား ကပ်လျက် “ဟောဒီ မြင်းပိုင်ရှင် အဘိုးကြီးနှင့် သူ့သားက နှစ်ယောက်စလုံး အာဖျန် ချည်းပဲကွ၊ ရသမျှ ရှူပစ် နေတာပဲ၊ မြင်းကို အစာကောင်းကောင်း ကျွေးကြတာ မဟုတ်ဘူး။ မင်းတို့လို မြင်း ဂရုစိုက်တဲ့လူ လက်ထဲ ရောက်ရင်တော့ကွာ ၄-၅-၁၀ ရက် အတွင်း တသွေး တမွေး ဖြစ်လာမှာပဲ။ အခု သူတို့ လက်ထဲတော့ ကြည့်လေ ...။ မြင်းမွေး မညှပ်ဘဲ ထားတာပဲ ဘယ်လောက် ကြာပြီလဲ၊ အေး ... ဒီလူမျိုး လက်ထဲ ဒီလိုမို့လည်း ဒီဈေးနဲ့ ရောင်းမယ် ပြောတာပေါ့ကွာ ...”
မြင်းကြီးမှာ ကိုယ်လက်အင်္ဂါ သန်စွမ်းဘိလည်း အသား ချောင်ချောင်နှင့် အမွေးရှည်ပြီး ညှဉ်းဆိုးဆိုး ဖြစ်နေ၏ ပွဲစား ပြောသလို ကျွန်တော့် လက်ထဲ ရောက်က ဘယ်သို့ ဘယ်ပုံ ပြုပြင် လိုက်ရလျှင် ဟုလည်း စိတ်ကူး ပေါက်၏။
ယင်းအချိန်၌ မြင်းကြီးသည် အစာ မရှိသောသူ့စားခွက်ကို နှုတ်သီးနှင့် ဂလောက်လောက် မြည်အောင် တွန်းနေရာ၊ မြင်းရှင် အဘိုးကြီး ရောက်လာပြီး မြင်းပါးကို လက်ဝါးစောင်း ရိုက်ကာ ...
“ဂမြင်းမသားကြီး စောက်စား ပုပ်လိုက်တာ၊ ကျွေးလို့ကို လောက်တယ် မရှိဘူး။ နင်စားတိုင်း ကျွေးရရင် လူတွေ ငတ်ရချည်ရဲ့။ မှန်း ... ဖယ်စမ်း အရင် တစ်ခါလည်း နင် ဒီလို အစာ တောင်းတာနဲ့ပဲ စည်ပိုင်း တစ်လုံး ကွဲပြီ” ဟုဆိုပြီး စားခွက်ကို ယူသွား၏။
ပွဲစားသည် ကျွန်တော့်ကို လက်တို့ပြီး ...
“အဲဒါပဲ ကြည့်တော့ကွ ...၊ ဘိန်းစားများ ကိုယ် ရှူဖို့ပဲ ကိုယ် ကြည့်တာပဲ”
အဘိုးကြီးမှာ အသက် (၆၀) ခန့်၊ နံရိုး ပြိုင်းပြိုင်း၊ နှုတ်ခမ်းမွေး စုတ်ဖွားဖွားနှင့် အတော်ပင် အကြင်နာတရား ကင်းမဲ့မည့် ရုပ်မျိုး ရှိ၏။
စည်ပိုင်းကို အိမ်ပေါ် ပစ်တင် လိုက်ပြီးနောက် “ဟေ့ ... ငထွန်း - ငထွန်း” ဟု ခေါ်လိုက်ရာ “ဘာလဲဗျ” ဟူသော အောက်သိုးသိုး အသံနှင့်အတူ အသက် အစိတ်ခန့် အရိုးပိန် ဘိန်းစားလုလင် တစ်ယောက် ထွက်လာ၏။ အဘိုးကြီးသည် မြင်းဇောင်းထဲ လက်ညှိုးထိုးကာ ...
“သွား ... ဟိုမြင်း သေးကွက်တွေကို ပြာနဲ့ ဖို့ပစ်စမ်း၊ မြင်းဇောင်းထဲ ဟောင်စော် နံနေတာပဲ ...”
မောင်ထွန်းသည် မျက်နှာကို ရှုံ့ကာ ...
“ဟာ ... ခင်ဗျားကြီး ကလည်းဗျာ၊ ဒီမြင်း သေးပေါက်တိုင်းသာ ပြာနဲ့ဖို့ နေရရင် လူ အားရတယ်ကို ရှိမှာ မဟုတ်ဘူး။ အချိန် ရှိသရွေ့ တဖြန်းဖြန်း ပေါက်နေတာပဲ ...”
အဘိုးကြီးသည် လက်ဝါးစောင်း ရွယ်ကာ ...
“တယ် ... ခွေးသား၊ ငါ့များ ပြန်ပြော နေရသလား” ဆိုမှ မောင်ထွန်းသည် အောင့်အောင့် ညှစ်ညှစ်နှင့် မီးဖိုက ပြာ ယူလာ၏။ ဤအချိန်တွင် ထမင်းအိုး တည်နေသော အမယ်ကြီးက သူ့သားအား ...
“ဒီလူကြီး ပြန်ပြော မနေစမ်း ပါနဲ့ဟယ် ... သူခိုင်းတာသာ လုပ်လိုက်စမ်းပါ” ဟု ပြောပြီးနောက် အဘိုးကြီးဆီသို့ လှမ်း၍ ...
“ကိုတိုး ... မောင်ထွန်းကို မြင်းလှည်း တစ်ခေါက် ထွက်ပစေအုံးတော့၊ ကျုပ်အိတ်ထဲ ပိုက်ဆံ ကုန်ပြီ ...”
အဘိုးကြီးသည် များစွာ မနှစ်မြို့ဟန်နှင့် ...
“ဟေ့ ...မနက်က မောင်းရတဲ့ ပိုက်ဆံကော ...”
“မြင်းစာ ဝယ်ရတာနဲ့၊ ဒေါ်ဖွား ဈေးကြွေး ပေးရတာနဲ့၊ တော်က ၃ ကျပ် ယူတာနဲ့ ငွေလေး ၉ ကျပ်ဟာ ကုန်ပါပြီလားတော် ...”
ဤတွင် အဘိုးကြီးသည် မောင်ထွန်းဘက် လှည့်ကာ ...
“ဟေ့ ... မင်း တစ်မနက်လုံး မောင်းတာမှ ၉ - ကျပ်ထဲ ရသလား ...”
မောင်ထွန်းက အောက်သိုးသိုးနှင့်ပင် ...
“ရန်ကုန် တစ်ခေါက်၊ ဗဟန်း တစ်ခေါက် ဆွဲရတာ အပြန်တွေမှ လူမရဘဲဗျ၊ ဒါလောက် ရတော့မပေါ့ ...”
ဤအချိန်၌ လူတစ်ယောက် ငါးမူးဖြစ်၍ ဤနှစ်ခေါက်မှာ လူမပြည့်ဘူး ဆိုပါက ဤမျှသာ ရနိုင်ပေသည်။ သို့သော် အဘိုးကြီးက ... မကျေနပ်။
“ငထွန်း ... နင် ဘယ်လောက် သုံးလာတယ် ဆိုတာ ငါ မြင်ပါတယ်။ ရှည်မနေစမ်းပါနဲ့၊ သွား ... တစ်ခေါက် ထွက်မောင်းစမ်း ...”
မောင်ထွန်း မနေသာတော့ဘဲ မြင်း တန်ဆာပလာကို သွားယူရင်း ...
“ခင်ဗျားတို့ ပိုက်ဆံ ယူချင်တိုင်းသာ မောင်း၊ မြင်း သေမှာဗျ ... သေမှာ”
အဘိုးကြီးသည် လက်ဝါးစောင်း ရွယ်ပြန်ကာ ...
“သေသေဟယ်၊ စကားရှည် မနေစမ်းနဲ့ ...”
ပွဲစားသည် ကျွန်တော်ကို လက်တို့ကာ ...
“အဲဒါဘဲ ကြည့်တော့ကွ၊ ဒီမြင်းကြီး ပိန်ရတာဟာ ဘာမှ အဆန်း မဟုတ်ဘူး၊ သူတို့ ခိုင်းချင်တာ ခိုင်းနေကြတာ”
စင်စစ် မြင်းတစ်ကောင်ကို မနက်ပိုင်း ခိုင်းပြီး ညနေပိုင်း ထပ်မခိုင်းရချေ။ မနက်မြင်း ညမြင်း ထားရ၏။ ကျွန်တော့်မှာ အဘိုးကြီး အိမ်သား တစ်စုကို တော်တော် ရွံရှာမိ၍ မြင်းကြီးကို သနားမိ၏။
ပွဲစားက ဆက်လက်၍ ...
“ဪ ... ဒါနဲ့ အဆင်သင့်ပဲဟေ့၊ ဒီမြင်းခြေနဲ့ စိတ်သဘောထား သိရအောင် မင်း မောင်ထွန်းနဲ့ လိုက်သွားပေါ့ကွာ”
ကျွန်တော်သည် မောင်ထွန်း မြင်း တန်ဆာပလာ တပ်နေသည်ကို ကြည့်နေရာမှ ...
“အင်း ... အတော်သားပဲ” ဆိုသည်၌ ပွဲစားက အဘိုးကြီးဆီသို့ လှမ်း၍ ...
“ဗျို့ ဘကြီးတိုး၊ ခင်ဗျားမြင်းကြီး သဘောကို သိရအောင် သူ့လှည်းနဲ့ လိုက်သွားပါစေဗျာ”
“အောင်မာလေး၊ လိုက်ကြည့်ပါကွာ၊ လိုက်ကြည့်ပါ၊ ငါ့မြင်းက သဘော သကာယ မှာတော့ ကလေး တင်လွှတ် လိုက်ကွ” ဆိုပြီး သူ့သားကို “ဟေ့ ငထွန်း၊ ဗဟန်းဆိုရင် စမ်းချောင်းက လူတင်သွားပြီး အပြန်လဲ စမ်းချောင်းက လူပဲ ရှာတင်နော်၊ နို့မဟုတ်ရင် ငါးမူး ရတာချင်း အတူတူ ဗားကရာဂျောက် ဖြတ်ဖြတ်ပြီး ကြည့်မြင်တိုင် လိုက်ပို့ရတာက တယ် နာတယ်ကွာ”
ယင်းကာလ၌ ဗဟန်းသည် ရန်ကုန်မြို့၏ အစည်ဆုံး ဈေးရပ်ကွက် ဖြစ်လေရာ စမ်းချောင်းဂိတ်၌ ရပ်လိုက်လျှင် မကြာမီပင် ဗဟန်းလူ ၅- ယောက် ရလေသည်။
မောင်ထွန်းသည် မြင်းဇက်ကြိုးကို ကျွန်တော့်ပေး၍ သူက ခပ်အေးအေးပင် ထိုင်လိုက် လာသည်။ အပြန်လည်း ထို့အတူပင်။ ကျွန်တော် မြင်းကြီးကို သဘောကျ လေပြီ။ အင်မတန် သဘော သကာယ ကောင်း၏။ မောင်းရ သည်မှာလည်း လွယ်ကူလှ၏။ အလန့် အဖျပ်လည်း မရှိ။ ခြေ ကတော့ လေးလေးမှန်မှန်ပင်။ သို့သော် အကောင်က ကြီးတော့ အလှမ်းကျဲ၍ သာမန် မြင်းတွေထက် မနှေးချေ။ အဖိုးလည်း ငြင်းစရာ မရှိ။ ကျွန်တော့် အိတ်ထဲတွင် အသင့် ပါခဲ့၏။ သို့ရာတွင် လေလာဘသားတို့၏ ထုံးစံအတိုင်း မောင်ထွန်းနှင့် လှည်း ပြန်ဖြုတ်သော အခါတွင် ကျွန်တော်က ပွဲစားကို လက်တို့ ခေါ်ခဲ့ပြီး “ဈေးနည်းနည်း လျှော့ဖို့ ပြောကြည့် ပါဦးဗျ” ဆိုသည်နှင့် ပွဲစားသည် မဲ့ပြုံး, ပြုံးကာ ...
“အမယ်လေး ဈေးလျော့ဖို့ နေနေသာသာ၊ လာ လာ အဘိုးကြီး အမယ်ကြီး အိမ်ထဲ ဘာဖြစ်နေကြသလဲ ဆိုတာ နားထောင်ပါဦး" ဆိုပြီး ကျွန်တော့်ကို ဆွဲခေါ်သွား၍ သူ့တို့အိမ်နား ချည်းကပ်မိသည်တွင် ...
အမယ်ကြီး။ “တော်ဟာ တစ်နေ့ ရွှေဥတစ်လုံး ဥပေးနေတဲ့ ငန်းကို တစ်ရက်ထဲ သတ်စားတဲ့ လူနဲ့ အတူတူပဲ။ ဒီမြင်းဟာ ကျုပ်တို့ကို ဘယ်လောက် အကျိုးပေးသလဲ။ နေ့စဉ် ကိုယ် လိုချင်သမျှ ငွေ ရနေတာပဲ။ ဒီမြင်းဝင်မှ ကိုယ့်စီးပွားလည်း ဖြစ်တယ် မဟုတ်လား။ မြေးကလေးကို နားဍောင်း လုပ်ပေးနိုင်တယ်။ လက်ကောက် လုပ်ပေးနိုင်တယ်။ ဒီလို ကိုယ့် အကျိုးပေးတဲ့ မြင်းကို လက်လွှတ်ပစ်ရင် မှားလိမ့်မယ် ကိုတိုး၊ ရှင် စဉ်းစားပါအုံး”
သို့သော် အဘိုးကြီးက တင်းမာသော အသံနှင့်ပင် ...
“ငါ စကား လွန်နေပြီကွ၊ ငါ လူကြီး စကားတစ်လုံး မဖျက်ချင်ဘူး”
“စကားတစ်လုံး ဖျက်ရတာထက် ကိုယ့်နောင်ရေး အတွက်က ပိုပြီး အရေးကြီးပါတယ် ကိုတိုးရယ်၊ ရှင် ဒီမြင်းမျိုး ဒီအဖိုးနဲ့ ရအုံးမလား”
“ငါ ရှာပါ့မယ်ကွာ၊ ပဲခူး၊ သနပ်ပင်က ကိုစံပဆီ ဆင်းသွားရင် ရနိုင် ပါတယ်”
“ရနိုင် ... ရနိုင်တော်၊ ကျုပ်တော့ ဟောဒီ ကျုပ်သားကြီး မခွဲနိုင်ဘူးတော့” ဆိုပြီး အမယ်ကြီး ငိုသံ ပါလာသည်၌ ကျွန်တော့် ပွဲစားက ကျွန်တော့်ကို လက်ကုတ်ကာ ...
“ကဲဟေ့ ... ကြာရင် အမယ်ကြီး ချွဲတာနဲ့ အဘိုးကြီးကပါ မရောင်းတော့ဘူး ဖြစ်သွားအုံးမယ်။ မင်း ဒီမြင်း ဒီဈေးနဲ့ ယူချင်တယ် ဆိုရင် မြန်မြန်သာ ငွေချေ လိုက်တော့ကွာ၊ ကဲ ... ဘယ့်နှယ် သဘောရလဲ”
ကျွန်တော်မှာ ဖော်ပြခဲ့သည့် အတိုင်း သဘောကျပြီး ဖြစ်၍ အမယ်ကြီးက ဤမျှ နှမြောတသ မျက်ရည်ကျ နေသည့်တိုင် ဤအချိန်၊ ဤအခါ ကျွန်တော်၏ လက်ရှိ အခြေအနေ အလုပ်အကိုင် အရ ဘယ်သူ သေသေ၊ ငတောမာ ပြီးရော ဆိုသော သဘောမျိုးလည်း ထားနေရသည်။ ထို့ပြင်လည်း လူတို့၏ သဘာဝ အလျောက် တစ်ဖက် နှမြောလေ၊ ပိုလိုချင်လေ ဖြစ်ရကား ပွဲစားဆန္ဒ အတိုင်း ငွေထုတ်ပေး လိုက်တော့သည်။
ကျွန်တော့် ပွဲစားက အဘိုးကြီးနှင့် စကား ပြောနေစဉ်မှာ အမယ်ကြီးက ငိုကြီးချက်မနှင့် ဝင်ဖျက်သေးသည်။ သို့သော် အဘိုးကြီးက လက်ဝါးစောင်း ရွယ်လိုက်ကာ ... “တယ်၊ မိန်းမ၊ ယောက်ျားချင်း စကားပြောတာ ဝင်မရှုပ်နဲ့၊ နင် ငါ့ ဘာမှတ်လို့လဲ” ဆိုမှ ရှောင်ထွက် သွား၏။ သို့သော် မြင်းကြီး ကိုယ်ကို ပွတ်သပ်၍ “သားကြီးရယ် မေမေနဲ့ ခွဲရတော့မယ်ကွယ်” ဘာညာ ဆိုပြီး ငိုနေသေး၏။ သနားစရာကား ကောင်းလှပါ၏။ သို့သော် သူ့အရေးထက် ကိုယ့်အရေး ကျွန်တော် ဘယ်တတ်နိုင် မည်နည်း။
ဤမြင်း အရောင်းအဝယ် ကိစ္စတွင် သူတို့ အိမ်သားတွေ မသာမယာ ဖြစ်ခဲ့သလောက်၊ ကျွန်တော်တို့ အိမ်သားတွေ ကြည်ရွှင်ကြသည်။ ကျွန်တော့် ယောက္ခမဆီက လက်ဝတ် လက်စားများ ငှားကာ ငွေဖလားမှာ ရေစိမ်ပြီး မြင်းကြီး၏ ဦးခေါင်းကို ရွှေရေ ငွေရေ လောင်းသည်။ ဆုတောင်း ဩဘာ စကား ပြောကြသည်။ ရာသက်ပန် ရိုးမြေကျ စွဲစွဲမြဲမြဲ မခွဲဘဲ အကျိုးပေးပါတော့။
“တောက် ... ပေးလိုက်တဲ့ အကျိုးကြီး”
အများအားဖြင့် မြင်းသစ် ရောက်သူတို့၏ ထုံးစံအတိုင်း တစ်ရက် အနား ပေးသည်။ ထိုနေ့မှာ မြင်းကြီးကို အမွေးထိုးပြီး ရေချိုး ပေးသည်။ ပြုတ်လုတည်းကာ သံခွါများကို အသစ်လဲ ပေးသည်။ နောက်တစ်နေ့ နံနက်၌ ကျွန်တော်သည် လှည်းတပ်ပြီး ထွက်ခဲ့သည်။ စမ်းချောင်းဂိတ်မှ ရန်ကုန် လူ ၆- ယောက် တင်ကာ သိမ်ကြီးဈေးသို့ လာခဲ့သည်။ အိုကေ ပါပဲ၊ ရိုက်စရာ- တက်ခေါက်စရာ မလို။ သို့သော် အပြန် လူ ၅- ယောက် တင်ခဲ့ပြီး စမ်းချောင်း ဂိတ်မှာ ၃- ယောက် ချ၍ ကြည့်မြင်တိုင် လူ ၂- ယောက်ကို ဆက်ပို့ ရမည်၌ကား ငနဲကြီး ငြင်းဆန် နေတော့သည်။ ဘယ်လို မောင်း၍မှ မသွား၊ ရိုက်လို့လည်း မထွက်၊ နောက်ပြန်ဆုတ်ကာ ရှေ့လှည်းအိမ် ခြေချကို တဗြန်းဗြန်း ပြန်ကန်တော့သည်။
ကဲ ... ခက်ပြီကော ...။
ကျွန်တော်မှာ အံ့အား သင့်ရာမှ မျက်နှာ နီရဲကာ ချွေးသီး ချွေးပေါက် ကြီးများ ကျလာ လေသည်။ ဤစဉ်၌ အခြား မြင်းလှည်းသမားတို့ ဆီမှ အသံဆိုးများ ထွက်ပေါ်လာ လေသည်။ သူတို့လူစု စကားသုံး အတိုင်း ခပ်ကြမ်းကြမ်း ပါပဲ။ (ခွင့်ပြုပါ)
“ကျောင်းသားတော့ အာဖျန်ကြီးက ဆီမဆွတ်ဘဲ ထည့်လိုက်ပြီဟေ့ ... ဂွီ ...”
“ဆီမဆွတ်တဲ့ အပြင် သဲပွတ်လိုက်သေး သတဲ့ ဆရာ၊ ၉၅၀ိ- နဲ့တဲ့”
“အောင်ကဲ က ပွဲစား လုပ်လို့လေ”
“အမယ် အဘွားကြီးက ငိုပြ လိုက်သေး သတဲ့ ဆရာ”
“အဲဒါ သေသွားတဲ့ ကိုအောင်ဇံကြီး မိန်းမ နည်းတွေပေါ့။ မြင်းတစ်ကောင် မြန်မြန် ထုတ်ချင်ပြီ ဆိုရင် လင်မယားချင်း ဂျိတ်ဆက်ပြီး အဲဒီ အပေါက်မျိုး လုပ်ကရော”
ကျွန်တော့်မှာ နာသာခံခက် အလွန်ပင်ရှက်၊ ဒေါသလည်းထွက်၊ သို့သော် ကျွန်တော် ဘာတတ်နိုင် မည်နည်း။ သူတို့ စကားတွေ နားထောင်၍ ငိုင်နေမိရာမှ စီးလာသူ တစ်ယောက်က ...
“ဟေ့ ... မင်းမြင်း မောင်းမရလဲ ဒို့ကို ဒိပြင် လှည်းနဲ့ တင်ပေး လိုက်လကွာ ...”
ကျွန်တော် မတတ်သာတော့ပါ။ ဗဟန်းက လာသော လှည်းတစ်စီးကို တင်ပေးလိုက် ရတော့သည်။
ခေတ္တမျှ အကြာ၌ မြင်းလှည်းသမား အချို့ ကျွန်တော့်ဆီ ရောက်လာကာ ...
“ခင်ဗျားဗျာ၊ မစုံစမ်းဘဲနဲ့ ဒီမြင်းကြီးမှ သွားဝယ် လိုက်ပလေ။ ဒီမြင်းကြီးက တစ်ခေါက်ကောင်းပဲ ရတယ်ဗျ။ အဲဒါလည်း စမ်းချောင်းဂိတ် ပြန်ရောက်ပြီ ဆိုရင် သူ့အိမ်ဘက်က လွဲပြီး ဘယ်မှ မသွားတော့ဘူး။ ဒါကြောင့် ရန်ကုန်က အပြန် ကြည့်မြင်တိုင် လူပါမယ် ဆိုရင် ကမ်းနားလမ်းကို လှည့်ပြီး ကြည့်မြင်တိုင် ဘက်ကို အရင် မောင်းရတယ်။ အဲ ... စမ်းချောင်း ပြန်ရောက်ပြီ ဆိုရင်တော့ နောက်တစ်ခေါက် ဘယ်မောင်းမောင်း မသွားတော့ဘူး။ ဒီနေ့ အဖို့ သူ့ဂျူတီ ကုန်ပြီတဲ့။ ဒါကြောင့် မောင်ထွန်းတို့က ဒီမြင်းကြီး သိပ်မမောင်းဘဲ လူမသိအောင် ကျိတ်နေတာဗျ။ ညနေမှ တစ်ခေါက် ထွက်မောင်း တတ်တယ် ...”
ကျွန်တော် ခေတ္တမျှ စဉ်းစားနေပြီး “နို့ ... ရန်ကုန်အပြန် ကြည့်မြင်တိုင်က နေပြီး ရန်ကုန် ပြန်တက်ရင်ကော ...”
“မရဘူးဗျ၊ သူက တစ်ခေါက်ဆို တစ်ခေါက်ပဲ၊ အဲ ... တစ်ခေါက်ပြီး ဆိုရင် သူ့အိမ်ပြန်တဲ့ လမ်းက လွဲပြီး ဘယ်မှ မသွားတော့ဘူး ...”
'ဆင်တစ်ကျင့် မြင်းတစ်ကျင့်' ဆိုတာကို ယုံပါ မိတ်ဆွေ။ ထို့ပြင် သူသည် မြင်းကတ် မဟုတ်၊ မြင်းနပ် ဖြစ်၏။ မြင်းကတ်သည် လူက နိုင်ပါက မြင်းကောင်း ဖြစ်သွားနိုင်၏။ မြင်းနပ်ကိုကား မရ။ သူ့မှာ အသိဥာဏ် ရှိ၏။ ကျွန်တော် ထိုနေ့၌ပင် သိရှိသည်။ ဟိုလူတွေ ပြောစကားကို သေချာအောင် အမောဖြေ နားစေပြီးနောက် ရန်ကုန်ဘက်ကို ထွက်စေရာ ခြေရှေ့သို့ မလှမ်းတော့၊ နောက်သို့သာ ဆုတ်ကန် နေသည်။ မြင်းလှည်းသမား ၃-၄ ယောက်က ကြာပွတ် ၃-၄ စင်းနှင့် လက်သံ ပြောင်သည်လည်း တော်တော်နှင့် မထွက်၊ နောက်ဆုံး သူ မခံမရပ် နိုင်တော့မှ ဒလကြမ်း ပြေးတော့၏။ သို့သော် ဟန်ကျ သွားပြီ မထင်ပါနှင့် မိတ်ဆွေ၊ ကြာပွတ် မာစတာတွေ ကျန်ခဲ့ပြီး လိုက်ရိုက်ကျတော့မှာ မဟုတ်သည့် အခြေ ရောက်သော အခါ၌ ဗြုန်းခနဲ ထိုးရပ် လိုက်လေ တော့သည်။ ကျွန်တော် ဘယ်လိုမှ ချော့၍ ခြောက်၍ မရတော့။ သို့သော် အိမ်ပြန်လမ်းကို ဦးတည် ပေးလိုက်သော အခါတွင်ကား လူက ဘာမှ မမောင်းရဘဲ ခြေလှမ်းကျဲကြီးနှင့် မြန်းကြွတော် မူတော့၏။ ဘယ်လောက် အော့နှလုံး နာဖွယ် ကောင်းပါ သနည်း။ သူ့အိမ်ရှေ့သို့ ရောက်သော အခါတွင် ဆတ်ခနဲ ထိုးရပ်ပြန်ကာ ရှေ့သို့ မဆက်တော့ ပြန်ပြီ။ ယင်းသည်ကို ဘိန်းစား အဘိုးကြီးနှင့် သူ့သား ငထွန်းတို့ မြင်ရာ ကျောခိုင်းကာ နောက်ဖေးဘက် ဝင်သွားကြသည်။ မနေ့က “အမယ်လေး ... အမေ့ သားကြီးနဲ့ ခွဲရတော့မယ်ကွယ့်” ဟု ငိုလိုက်သော အမယ်ကြီး သည်လည်း အိမ်ရှေ့တွင် ထင်းခွဲ နေရာမှ လှည့်၍မျှ မကြည့်။ တော်လည်း တော်တဲ့ လူစုပါပေ။
ကျွန်တော် သူတို့ကို ဘာမျှ သွား၍ မပြောတော့ပါ။ ပြောလျှင်လည်း ဘာ အကြောင်းထူး မည်နည်း။ ကျွန်တော် အရူး ဖြစ်မည်သာ။ ထို့ကြောင့် မြင်းလှည်းမှ ဖြုတ်ပြီး မြင်းတစ်ခါ၊ လှည်းတစ်ကြိမ် အိမ်သို့ ဆွဲယူရသည်။ သို့နှင့်တောင် ခွေးကောင်ကြီးက ငြင်းဆန် နေသေး၍ မနည်း ဆောင်ကြဉ်းရ၏။ ရှက်လိုက်သည့် ဖြစ်ခြင်း မပြောပါနှင့်တော့။
ထိုနေ့မှ စ၍ ကျွန်တော် ဤမြင်းကြီး၏ ခံရတော့သည်။
ကောက်ကျစ် သူတို့၏ ဝင်္ကန္တဥာဏ်ကို ကြည့်။ မိတ်ဆွေ ပြန်စဉ်းစားပါ။ ကျွန်တော် မနေ့က ဒီမြင်းကြီး ကြည့်ရန် သွားစဉ်က အဘိုးကြီးက အစာ မရှိသော စားခွက် နှုတ်သီးနှင့် ထိုးနေသော မြင်းကြီးအား “ဟဲ့ အကောင်ကြီး နင်စားတိုင်းသာ ကျွေးရင် လူတွေ ဘာစားမလဲ” ဟု မာန်မဲသည် မဟုတ်လား။ အဓိပ္ပါယ်မှာ မြင်းကြီးက စားလွန်း၍ သူက မကျွေးနိုင်ဟု ဆိုသည်။ စင်စစ်သော်ကား မြင်းကြီးသည် အစာကောင်းစွာ မစား၊ ကျွန်တော် လာမည့် အချိန်ကို မှန်း၍ မြင်းကို ဝမ်းဟာ နေအောင် ထားကာ စည်ပိုင်းကို ရေဆေးထားခြင်း ဖြစ်သည်။
ထို့ပြင် “ဟဲ့ ... ငထွန်း မြင်းသေးတွေ ပြာတွေနဲ့ သွားဖုံးစမ်း၊ နံလိုက်တာ ဟောင်လို့။ ဆီးကလည်း တဖြန်းဖြန်း ပေါက်နေတာပဲ” ဆိုသေးသည် မဟုတ်ပါလား။ မြင်းမှာ ဆီးက အရေးကြီးလှသည်။ ဆီးရွှင်လေ ကျန်းမာလေ ဖြစ်၏ သို့သော် ထိုနေ့က ငထွန်း ပြာနှင့် ဖုံးသော အစိုကွက်မှာ မြင်းသေး မဟုတ်၊ ကျွန်တော် ရောက်ခါနီးမှ လောင်းထားသော ရေမျှသာ ဖြစ်၏။
ထို့ကြောင့် ကျွန်တော့် လက်ထဲ၌ မြင်းကြီးကို ဆေးကုရ သေးသည်။ ဆေးဖိုး တော်တော်ကုန်မှ ဆီးရွှင်ကာ ခံတွင်း ကောင်း၍ အစား ကောင်းကောင်း စားပါတော့သည်။ ပထမ ကျွန်တော် မျှော်လင့်သည်မှာ သူကောင်းသားကြီး ကျန်းမာဝဖြိုး လာပါက အလုပ်ကို မခိုမကတ် လုပ်လိမ့်မည် ထင်ပါသည်။ သို့သော် အကြောင်းမထူး။ သူ့ညဉ်ဆိုးကိုမူ မဖျောက်၊ အစာဖိုး ပိုကုန်ရုံသာ ရှိပါသည်။ ကျွန်တော့်မှာ ကြာတော့ သူစားတာကို မနာလို ဝန်တိုမိစ္ဆာ ဖြစ်လာ ပါသည်။
ကြည့်ပါ မိတ်ဆွေ ...။
သူသည် အခြား မြင်းတစ်ကောင်၏ ဝင်ငွေ တစ်ဝက်မျှ မှန်မှန်ရသည် မဟုတ်ချေ။ တစ်နေ့မှ တစ်ခေါက် ဆိုတော့၊ ၅ ကျပ် ၆ ကျပ်မျှ ရပါသည်။ သူ့အစာဖိုးက ၂ ကျပ် ၈ ပဲ မှန်မှန် ကုန်နေပါသည်။ ကျန်တာကိုမှ ကျွန်တော်တို့ အိမ်သားတစ်စု စားရပါသည်။ ဟိုအဘိုးကြီး အိမ်၌ သူ့ ပစ္စုတ္ထရ ထားသည်မှာ ဘာမျှ အံ့ဩစရာ မရှိပါ။ ကျွန်တော်လည်း နောက်တော့ မေတ္တာ မဲ့လာကာ ပဲလျှော့ပြီး ဆန်ကွဲနှင့် ကျွေးတော့သည်။ ဒီတော့ ငနဲကြီး ပိန်လာ ပြန်ရော။
ခက်သည်၊ ခက်သည်၊ ခက်သမှ တော်တော် ခက်သည်။ နေ့စဉ်နှင့် အမျှ ကျွန်တော် သူ့ကို ရောင်းဖို့သာ စိတ်ကူး နေရသည်။ အနီးပါးနား ကပ်လာပြီး အချောင် နှိုက်သူတွေ ရှိပါရဲ့။ ၉၅၀ိ- ပေးရတဲ့မြင်းကို ၃၀၀ လောက်နဲ့ ရရင် ယူကြမလို့တဲ့။ ဘယ်လောက် ရက်စက်ကြ သလဲဗျာ။
စင်စစ် ကျွန်တော့်မှာ နောက်ထပ် မြင်းတစ်ကောင် ဝယ်ဖို့သာ ပိုက်ဆံ ရှိပါက ဒီကောင်ကြီးကို ငွေ ၄၀၀ မပြောနှင့် အလကား သက်သက် ပေးပစ်ချင် ပါသည်။ သို့မဟုတ် လည်မျိုကို ဓားနှင့် လှီးသတ်ပစ်ချင် ပါသည်။ ယခုတော့ ကျွန်တော်မှာ သူ့ဝယ်တုန်းက ငွေမပြည့်၍ အတိုးနှင့် ချေးထားရသော ကြွေးပင် ရှိနေပါသေးသည်။ ၎င်း ကြွေးကိုလည်း အတိုးမျှ မပေးနိုင်ပါ။ နေ့စဉ် ရငွေမှာ ကျွန်တော်တို့ အိမ်သား စား၍ မလောက် တလောက်။ ဤအချိန်၌ ကျွန်တော်တို့မှာ ရင်သွေးကလေး တစ်ယောက်လည်း ရှိနေပါပြီ။
အမှန်အားဖြင့် သူသည် ကျွန်တော်ကို ငွေရေး ကြေးရေး မျှသာ ဒုက္ခ ပေးနေသည် ဆိုပါက လောက ရင်ဆိုင်သူတို့၏ ဓမ္မတာမို့ ကျွန်တော် ဘာမျှ အထူးအထွေ ပြောနေစရာ မဟုတ်ပါ။ ယခုကဲ့သို့ စာဖွဲ့ နေစရာလည်း လိုမည် မထင်။ သို့သော် ကျွန်တော် သူ့ကို မမေ့တဲ့နိုင်သည်ကား ...။
* * *
သူသည် ကျွန်တော့်ကို လူစင်စစ်မှ မြင်း ဖြစ်စေ၏။
မြင်းလှည်း ရှေ့လက်တံ နှစ်ခုကြားမှ သူ့ကိုယ်စား ကျွန်တော့်ကို ရုန်းစေ၏။
ရုန်းရသည်မှာ မြေညီတွင် ဆိုလျှင် မထောင်းသာပါ။ ယခုမူကား သမ္မတအိမ်ဝင်း ဘေးက ရှမ်းလမ်း ကုန်းတက်ကြီးတွင် မြင်းလှည်း ဝန်အပြည့်နှင့် ဖြစ်ပါသည်။
အစက စ၍ ပြောပါမည်။ တစ်ခုသော နံနက်ခင်းတွင် ကျွန်တော်သည် စမ်းချောင်းထိပ် မြင်းလှည်းဂိတ်၌ အခြား မြင်းလှည်းများနှင့် အတူ ရပ်နေစဉ် သူက ဂျပန်စစ်ဗိုလ် တစ်ယောက်ကို ဖိတ်ခေါ် ပါသည်။ သူ ဖိတ်ခေါ် သည်ဟု ဆိုရခြင်းမှာ ဤလိုပါ။ ၎င်း စစ်ဗိုလ်က မြင်းလှည်း လာငှား သည်၌ သူ့ကို မျက်စိကျစေ ပါသည်။ အကြောင်းမှာ သူ မည်မျှပင် ဝမ်းတွင်း စိတ်ဓာတ် အသုံးမကျ ဖြစ်နေစေကာမူ အပြင်ပန်း ရုပ်ကား အခြား မြင်းတွေထက် ကြီးမား ခန့်ထယ်၏။ ထို့ကြောင့် မြင်းသန်သန် ရွေးချယ်နေသော မာစတာ သဘောကျကာ “အား ဘဲရီးဂွတ် ဟောစ်က” ဟု ဆို၍ လှည်းပေါ် တက်ထိုင်ပြီး ကျွန်တော့်ကို မောင်းစေ၏။ ဤခေတ်၌ ဂျပန် မာစတာများနှင့် ဆိုလျှင် ခရီး အစီအစဉ်လည်း မသိရ၊ ဈေးလည်း မေးမြန်း ပြောဆိုခြင်း မရှိဘဲ၊ သူတို့ သွားလိုရာသာ အတင်း ခိုင်းစေ တတ်သည် ဖြစ်၍ ကျွန်တော် မျက်လုံးပြဲကာ ...
“ဘယ်ကိုလဲ မာစတာ ...”
“ကမာရွတ်ကို မောင်းပါ၊ ပိုက်ဆံ ကောင်းကောင်း ပေးပါ့မယ် ...”
စင်စစ် ကျွန်တော့်မှာ ဤနေရာ၌ ပိုက်ဆံထက် ခရီး အစီအစဉ်ကို သိရန် အရေးကြီး သောကြောင့် သူ့ကို ဘယ်ကနေပြီး ဘယ်သွားမလဲ မေးရာ ဂျပန်လည်း ကျွန်တော့် စကား ကောင်းကောင်း နားမလည်ဘဲ ကျွန်တော့်ကို လျှာရှည်ရန်ကောဟု ...
“ခူးရား”
ကျွန်တော် မနေသာ တော့ဘဲ သူ လက်ညှိုး ညွှန်ရာကို မောင်းရပါ တော့သည်။
ပထမ ကမာရွတ် ကြိုးစက်ထဲမှာ လျှော်ထွေး အချို့ကို တင်စေပြီး ဆင်မလိုက်သို့ မောင်းစေ၏။ ရောက်လျှင် ကမ်းနားဂိုဒေါင် တစ်ခုထဲမှ ဂုံနီအိတ်စည်း များကို မြင်းလှည်း အပြည့် တင်၏။ ထို့နောက် စမ်းချောင်းဘက် ပြန်မောင်းစေ၏။ ကျွန်တော့် ရင်ထဲ၌ကား ဗားဂရာ ချောက်ထဲ ရောက်ကတည်း ကပင် ထိတ်ခဲ့ပါပြီ။
ကျွန်တော့် စိုးရိမ်မှု မလွဲပါချေ။ စမ်းချောင်းထိပ် ရောက်၍ မာစတာ လက်ညှိုး ညွှန်သည့်အတိုင်း ရှမ်းလမ်း လက်က်ျာဘက်ကို ဇက်ကြိုးဆွဲ ကွေ့လိုက်သော အခါ၌ ငနဲကြီး ဗြုန်းခနဲ ထိုးရပ် ပါတော့သည်။ အကြောင်းမှာ ဤအချိန်သည် သူ့ကို တစ်ခေါက် မောင်းပြီးပြီ ဖြစ်၍ သူ့တာဝန် ကျေပြီ အိမ်ပြန်ဖြုတ် ရတော့မည်တည်း။
ခက်ပြီ ...။
“မာစတာ ဘယ်ကို သွားမလဲ” ဟု မေးသောအခါ အလုံလမ်းက စစ်ရုံးကိုဟု ပြော၏။ အလုံလမ်းနှင့် စမ်းချောင်းမှာ တယ် မဝေးလှပါ။ ဒါပေမယ့် ကျွန်တော့် ကောင်ကြီးက ခက်၏။ ကျွန်တော် အောက်ဆင်းကာ သူ့ကို ချော့၍ တွန်းသည်။ သို့သော် ရရိုးလား၊ ဤတွင် အခြား မြင်းလှည်းသမား များက မြင်းမကောင်း ရှုမကောင်း ဖြစ်နေသည်နှင့် “ကျောင်းသား ဂျောက်ဂျ နေပဟေ့” ဟုဆိုကာ ၃-၄ ယောက် ဝိုင်းလာပြီး ကျွန်တော့်ကို လှည်းပေါ် တက်ထိုင်စေ၍ ကြာပွတ် ၃-၄ စင်းနှင့် အပြင်းအထန် နှစ်ဖက်ညှပ် ဘေလိုက်ကြရာ ငနဲသားကြီး မနေသာတော့ဘဲ တစ်အားခုန်၍ ထွက်ရတော့၏။ ဤအချိန်၌ သူ့ခြေမှာ ပထမတန်း မြင်းတွေနှင့်ပင် ပြိုင်နိုင်ပေသည်။ အကောင်ကြီး ကလဲ ကြီး၊ ခြေလှမ်းကြီးတွေ ကလည်း ကျဲ၊ လည်ပင်းကြီး ထောင်ထောင်နှင့် ခန့်က ခန့်ပါဘိသနှင့်။ နိပွန် မာစတာ သဘောကျလွန်း သဖြင့် “အိုး ... ဘဲရီးဂွတ်က၊ ဘဲရီးဂွတ်” ဟု ကောင်းချီး ဩဘာ ပြု၏။
သို့သော် ကျွန်တော်ကတော့ ဝမ်းမသာနိုင်ပါ။ ဒီကောင်ကြီး အကြောင်းကို ကျွန်တော် ကောင်းကောင်း သိပါသည်။ သူ့ကို ရိုက်သော သူများလည်း ဝေးလံ ကျန်ခဲ့ပြီ။ ကုန်းမြင့် အတက်ကြီးလည်း ရောက်ကပြီ။ ဝင်ဆာလမ်းကို လွန်သောအခါ တစ်ဟုန်တည်း ထိုးရပ် လိုက်တော့၏။
မာစတာ အံ့အားသင့်ကာ ...
“ဟိုက် ...”
ကျွန်တော်ကား စိတ်ညစ်ညစ်နှင့် မြင်းကြီး ဝမ်းဗိုက်ကို ကြာပွတ်နှင့် ပတ်၍ ပတ်၍ ရိုက်သည်။ သို့သော် ... တစ်ချက် ရိုက်လျှင် နှစ်လှမ်း နောက်သို့ ပြန်ဆုတ်သည်။ နှစ်ချက် ရိုက်လျှင် လေးလှမ်း ပြန်ဆုတ်သည်။ အနှီသို့လျှင် ဘိုးဘိုးအောင် ဝလုံး အပေါက်မျိုးချည်း လုပ်တော့ ကျွန်တော် စိတ်ဆိုးပြီး လှည်းအောက် ဆင်းကာ သူ့ဇက်သွားကွင်းကို ဆွဲပြီး ကြာပွတ်ရိုး ကြိမ်လုံးဘုနှင့် နားအုံကိုချည်း တီးမိတော့သည်။ အချက်ပေါင်း များသည်၌ ကျွန်တော့် ဆန္ဒကို မလိုက်ရုံမက ပတပ်ရပ် ခုန်ပေါက်ပြီး လမ်းမပေါ် လှဲအိပ် လိုက်တော့၏။ ရိုက်သော်လည်း မထ၊ ကန်ကျောက်၍သာ နေသဖြင့် လှည်းကျိုးမည် စိုး၍ သူ့ကို လှည်းမှ ဖြုတ်လိုက် ရတော့၏။ ဤမှ ထ၏။
ကျွန်တော် လက်လျှော့ကာ “မာစတာ ... မရတော့ဘူး။ ဒီမှာ ခဏ နေပါ။ ကျွန်တော် တခြား မြင်းလှည်း တစ်စီး သွားခေါ်ပြီး ပြောင်းတင်ပေး လိုက်ပါ့မယ်” လက်ဟန် ခြေဟန်နှင့် ပြောရာ သူကောင်းစွာ နားလည်လား မလည်လား မသိ၊ သူ့လက်က နာရီ ကြည့်ပြီး ...
“နိုးကား ... နိုးကား ...” ဟုဆို၍ ကျွန်တော့် လက်ကို ဆွဲထား၏။
“အေး၊ နင့်အမေရိုး နိုးကားဖြင့် ငါ ဘယ့်နှယ် လုပ်ရမှာလဲ” ဟု ကျွန်တော့် ပါးစပ်မှ သူ မကြားအောင် ရေရွတ်ပြီး မောမောနှင့် သစ်ပင်ရိပ်အောက် သွားထိုင်မည် ပြုသော်လည်း သူ ခွင့်မပြု။ သူ လက်ဟန် ခြေဟန်နှင့် “ခူး ရူး ခါး ရား” ပြောနေသည်မှာ ကျွန်တော့်အား “နင့်မြင်း မသွားရင် နင်ဆွဲ” ဟူသော အမူအရာပင် ဖြစ်ပါတော့သည်။ ကျွန်တော် မျက်လုံးပြူးကာ ခေါင်းခါ လက်ခါ ငြင်းသည်၌ ကျွန်တော့် ပါးကို တစ်ချက် ချလိုက်ပြီး သူ့ခါးက ဓားကို ဖြုတ်၍ ဓားအိမ်ရိုးကြီးနှင့် ရွယ်ပါတော့သည်။ ကျွန်တော် ဘာတတ်နိုင်တော့ မည်နည်း။ ဤနေရာ၌ သူနှင့် ကျွန်တော် တစ်ယောက်ချင်း ချရန်မှာလည်း ကျွန်တော် သူ့ကို ဘယ်နည်းနှင့်မျှ နိုင်မည် မဟုတ်။ ကျွန်တော် ကိုယ်လွတ် ထွက်ပြေး၍ သူက စစ်ဖိနပ်ကြီးနဲ့မို့ မလိုက်နိုင်တုံလည်း ကျွန်တော့် လှည်းကို သူ့ဓားနှင့် ခုတ်ပစ်ပါက မိမိ အသက်မွေး နေသည့် ပစ္စည်း ဆုံးပါးဖို့ ရှိသည်။ ထို့ကြောင့် ကျွန်တော် သူ့ဆန္ဒ အတိုင်း ပြုမူရ ပါတော့၏။
ကျွန်တော် လူစင်စစ်က မြင်း ဖြစ်ရလေသည်။
အမှန်မှာ ဤ ကုန်းတက်ကြီးကို ဤမျှ ဝန်နှင့် ကျွန်တော် တစ်ယောက်တည်း မဆွဲနိုင်ပါ။ မာစတာ နောက်မှ တွန်းပေး သောကြောင့်သာ တရွေ့ရွေ့နှင့် သွားရပေသည်။
အချိန်မှာ မွန်းတည့် နေမင်းက ရဲရဲတောက် ပူဘိ၏။ ကျွန်တော့် တစ်သက်မှာ ဤမျှ ပင်ပန်း ဆင်းရဲခြင်းသည် ဤတစ်ခါသာ ပထမနှင့် နောက်ဆုံး ဖြစ်ပါစေတော့။
နဖူးမှ ချွေးစက် တို့သည် ခြေမပေါ်သို့ တောက်- တောက်- တောက် တောက် ကျ၏။
မြင်းကြီးကိုကား ထားခဲ့ရ၏။ အစဦး သူ့ပါ တစ်ခါတည်း ပါခဲ့အောင် လှည်းနောက်မှ ချည်ဆွဲသေးသည်။ သို့သော် ကျေးဇူးရှင်ကြီးက မလိုက်၊ နောက်ပြန် ရုန်းနေသောကြောင့် ဓာတ်တိုင်မှာ ချည်ပစ်ခဲ့ရ၏။
ဤကုန်းတက်ကြီးမှာ ဖာလုံဝက်မျှ ရှိလေရာ အလယ်လောက်တွင် တစ်ခါ မာစတာကို နားခွင့်ပန် ရသည်။ အပေါ် ရောက်သောအခါ တစ်ကြိမ်။
အလုံလမ်း ရောက်၍ လက်ျာဘက် ချိုးရသော အခါလည်း အဆင်းကြီးမို့ လူ မသက်သာပါ။ ဟပ်ထိုး လဲမသွားအောင် မနည်းကြီး ထိန်းရပါသည်။ ဤသို့နှယ်၊ သူတို့စစ်ရုံး ရောက်ခဲ့ ပါတော့သည်။
ပစ္စည်းများကို ချပြီး ကိုယ့်လှည်း ကိုယ်ပြန် ဆွဲခဲ့၍ မြင်းကြီး ရှိရာသို့ ရောက်သောအခါ ပြန်တပ်ကာ အိမ်ပြန်လမ်းသို့ ခေါင်းစူ ပေးလိုက် သည်တွင် ငနဲကြီး ဝမ်းသာအားရ ကြွတော်မူ လေသည်။ သို့သော် ကျွန်တော့်မှာ ဒေါသအိုး ပေါက်ကွဲလျက် ကြာပ္ပတ်ကို မသုံးတော့ဘဲ နှစ်တစ်လက်မ သစ်သားစောင်းနှင့် သူ့ကျောကို ထု၍ ထု၍ လိုက်ခဲ့သည်မှာ နံဘေးလူတို့ အမြင်တွင် ကျွန်တော့်လောက် တိရစ္ဆာန်ကို ရက်စက်သူသည် လောက၌ ရှိပါဦးတော့ မည်လား။
အိမ်ရောက်၍ ဖြုတ်ပြီးသော အခါတွင် အနည်းငယ် ဆက်လက် ရိုက်နှက်ပြီးနောက် လက်မောင်းအောင့် လာသည်၌ သူ့ကို စေ့စေ့ကြည့်ကာ လည်မျိုကို ဓားနှင့် လှီးပစ်ချင်စိတ် ပေါက်လာ၏။ သို့မဟုတ် ထိုင်ပြီး ရှိခိုး ပစ်လိုက်ချင်၏။ ကျွန်တော့် စိတ်ထဲ ဘယ်သို့ ခံစား နေရသည်ကို စဉ်းစား ကြည့်တော် မူကြပါ။
ကျွန်တော့်မှာ သူ့ကိုလည်း မစွန့်နိုင်၊ အင်မတန်လည်း ရွံရှာ မုန်းတီး၏။ ကျွန်တော်သာ မဟုတ်၊ သူ့ အကြောင်းကို သိသူ မှန်သမျှက မေတ္တာ မဲ့ကြသည်။ ထို့ကြောင့် ကျွန်တော် သူ့ကို ‘ပြည်သူ့မေတ္တာ' ဟု ရှုံ့ရှုံ့မဲ့မဲ့နှင့် ခေါ်ဝေါ် သမုတ်၏။
ပြည်သူ့မေတ္တာ ကြီးကား ကျွန်တော့် လက်ထဲမှ တော်တော်နှင့် မထွက်။ ကျွန်တော့်မှာ မည်သို့မှလည်း မတတ်နိုင်ဘဲ ကံကြမ္မာကိုသာ သူနှင့် ဖြစ်သလိုပင် စခန်းသွား နေရလေသည်။ အထူးသဖြင့်ကား အခုနကလို ဂျပန် အော်ဒါမျိုး ရှောင်ရပါသည်။ မြင်းလှည်းငှားပုံ ပေါ်သည့် ဂျပန် မြင်က မောင်းပြီး ရှောင်ပြေးသင့် ပြေးရပါသည်။ သို့တိုင် မှတ်လောက် သားလောက် နောက်တစ်ချီ မိလိုက်သေး၏။ ဤအကြိမ်ကား ကျွန်တော် တစ်ယောက်တည်း မဟုတ်၊ အားလုံး မြင်းလှည်း ၆ စီး ဖြစ်၏။ သို့သော် သူတို့မှာတော့ မထောင်းတာ၊ ကျွန်တော့်မှာသာ ဒုက္ခရောက်၏။
အဖြစ်က ဒီလိုပါ။ တစ်နေ့သော အခါ၌ ကျွန်တော်သည် ကိုယ့်မြင်းကြီးက တစ်ခေါက်သာ မောင်းရသဖြင့် တစ်ယောက်ချင်း ခေါ်တင်ရသော ခရီးမျိုးကို စိတ်မကူးဘဲ တစ်ခေါက်တည်းနှင့် မြိုးမြိုး မြက်မြက် ရသော အော်ဒါမျိုးကို စောင့်မျှော် နေခြင်းဖြင့် အခြား မြင်းလှည်းတွေ ရန်ကုန်မှ လည်းကောင်း၊ ဗဟန်းမှ လည်းကောင်း၊ တစ်ခေါက်စီ ပြန်လာ ကြသည့်တိုင် ကျွန်တော် ဘယ်ကိုမှ မမောင်းရ သေးချေ။
ကျွန်တော့် စိတ်ထဲ၌ကား အထူးသဖြင့် “ကလေးမသာ ကလေးများ ရရင် ကောင်းမှာ” ဟု တမ်းတမိ၏။ ဤနေရာ၌ မိတ်ဆွေက “ဒီကောင် ဒုက္ခ ရောက်နေ ရတဲ့ အထဲ ရွှတ်နောက်နောက် လုပ်နေပြန်ပြီ” ဟု အောက်မေ့ ချိမ့်မည်။ သို့သော် ... တကယ်ပါ။
ဤစဉ် အခါ၌ ကလေးမသာ များကို ဈေးကြီး ပေးရသော မသာရထား မငှားဘဲ ရိုးရိုး မြင်းလှည်းနှင့် ချတတ်သည်။ ကလေးမသာ တင်ရလျှင် သုံးဆယ် ရသည်။ ဥပမာ- စမ်းချောင်းနှင့် ကြံတော သုသာန် မသာအော်ဒါ လိုက်ရာတွင် ရိုးရိုး လူတင်သော လှည်းက ၅ ကျပ်ရလျှင် ကလေးမသာ တင်သော လှည်းက ၁၅ ကျပ် ရ၏။ ပေါ့လည်း ပေါ့၏။ သို့သော် ကလေးအမေ လည်းကောင်း၊ အစ်မ သားချင်းများ လည်းကောင်း၊ လှည်းပေါ် လိုက်ပြီး ကျွီကျွီပါအောင် ငိုတတ် သောကြောင့် နားတော့ ငြီး၏။ ဒါပေမယ့် ကိုယ့်ဝင်ငွေ တွက်ကိန်းနှင့် ကြည့်လိုက်လျှင် သူတို့ ငိုသံသည် လှည်းသမား အဖို့ ပျော်စရာပင် ဖြစ်လေ၏။ “ဘယ်သူသေသေ ငတေမာ ပြီးရော” ဆိုသော စိတ်က လူတိုင်း လူတိုင်းတွင် အခြေအနေ အလျောက် အနည်းနှင့် အများတော့ ရှိကြသည် မဟုတ်ပါလား။
ယင်းသို့လျှင် ကျွန်တော်သည် တစ်ခေါက်တည်းနှင့် တစ်နေ့စာ ရသော အပေါက်မျိုး စိတ်ကူးယဉ် နေစဉ်တွင် ရုတ်တရက် ဂျပန်စစ်ဗိုလ် သုံးကောင် ရောက်လာပြီး ကျွန်တော်တို့ မြင်းလှည်း ၆ စီးကို ရန်ကုန် ထောင်ကြီးသို့ အတင်း မောင်းခိုင်း ပါရောလား။ နောက်ထပ် တစ်စီးပင် လိုချင်သေး သည်ဟု ပြောပါသည်။ သို့သော် လှည်း မရှိတော့။
ဘာ တင်မလဲ၊ ဘယ် သွားမလဲ မေး၍လည်း မရ၊ ပိုက်ဆံ ကောင်းကောင်း ပေးမည် ဟုသာ သူတို့ တတ်သမျှ စကားအတိုင်း ပြောပါသည်။
ရန်ကုန် ထောင်ကြီးထဲ ရောက်တော့ ဘာများ တင်ခိုင်းတယ် မှတ်သလဲ။ မသာတွေ ခင်ဗျ၊ စစ်သုံပန်း မသာကြီးတွေ အဝတ်ကြီးတွေနဲ့ ထုပ်လို့၊ စန့်စန့်ကြီးတွေ။ မြင်းလှည်း တစ်စီး တစ်လောင်းစီ တင်ရတာမှာ ကံဆိုးသူ မောင်ရှင်လှည်း ကျတော့မှ နှစ်လောင်းပြူး ခင်ဗျ။ ဘာကြောင့်လဲ ဆိုရင် မသာက ခုနစ်လောင်း၊ လှည်းက ၆ စီးထဲ ဖြစ်နေတာမှာ နှစ်လောင်း တွဲတင်ဖို့ ရွေးကြတော့ မာစတာများက ကျွန်တော့် ပြည်သူ့မေတ္တာ ကြီးကို မျက်စိကျ နေတာကိုး ငနဲကြီးက ဖော်ပြခဲ့သည့် အတိုင်း အတွင်း စိတ်ဓာတ်က သောက်သုံး မကျတယ်။ အပြင် ကိုယ်ကာယက သည့်ပြင် မြင်းတွေနဲ့ ယှဉ်လိုက်ရင် အင်မတန်မှ ကြီးမား ခန့်ထယ် ပါပေတယ်။ ချီးမွမ်းလောက်တဲ့ ကျေးဇူးရှင်ကြီး ပါပဲကွယ်။
စင်စစ်တော့ ဒီနှစ်လောင်းပြူး တင်ရလို့ ဝန်ပိုလေးတာကို ကျွန်တော် ပြောနေတာ မဟုတ်ပါဘူး။ ခွေးမသား ဂျပန်များက သူတို့ ညှဉ်းပန်းလို့ သေကြ ရှာပြီပဲ၊ မသာချရာ ကျမှ သင်္ချိုင်း တစ်ခုထဲ စုမမြှုပ်နိုင်ဘဲ မျက်နှာဖြူရယ်၊ မျက်နှာမဲရယ်၊ ခရစ်ယာန်ရယ်၊ ဟိန္ဒူရယ်၊ မူဆလမန်ရယ်၊ ခွဲခြားပြီး ဘာသာ အလျောက် သုသာန် ရွေးနေကြ ပြန်တယ်။
ပထမ တိရစ္ဆာန်ရုံ နားက အင်္ဂလိပ် သင်္ချိုင်းကို သွားကြတယ်။ သူတို့မှာ တွင်းတူးပြီးသား ကလည်း မရှိ၊ တူးမယ့် ကူလီကလည်း ၃-၄ ယောက်ထဲ ပါတော့ ဟိန္ဒူ၊ မူဆလမန် မသာတင်တဲ့ ရထားတွေ ကလည်း အဲဒီမှာပဲ ရပ်စောင့် နေကြရတယ်။ ကျွန်တော့် လှည်းပေါ်က မသာတွေက ခရစ်ယာန် တစ်လောင်း၊ ဟိန္ဒူ တစ်လောင်း ခင်ဗျာ စုံတွဲ။ ဒါကြောင့် ခရစ်ယာန် တင်တဲ့ လှည်းတွေက အဲဒီ သင်္ချိုင်းမှာပဲ ကိစ္စပြီးတယ်။ သူ့ရထားခ ပိုက်ဆံတော့ ကျန်တဲ့လူကို ပေးသမျှ ယူခဲ့ပါ မှာပြီး လစ်ကြပေမယ့် ကျွန်တော့်မှာတော့ ဟိန္ဒုမသာ တစ်လောင်း အတွက် ကျန်ခဲ့ရသေး။
အဲ ... အင်္ဂလိပ် သင်္ချိုင်းမှာ ကိစ္စပြီးလို့ ကျန်တဲ့လှည်း သုံးစီးက ဦးဝိစာရလမ်း အတိုင်း ကြံတော သုသာန်ကို မောင်းခဲ့တော့ ဟံသာဝတီ အဝိုင်းကြီး လမ်းဆုံလည်း ရောက်ကရော ကျွန်တော့် ရွှေကိုယ်တော်ကြီးက ရှေ့ခရီး မဆက်တော့ဘူး။ အိမ်ပြန်လမ်း ဖြစ်တဲ့ ပြည်လမ်း လက်ဝဲဘက် ကော်ထိုး ပါကရော။ ဟိုသင်္ချိုင်းမှာ တစ်တွင်းစီ တူးမြှုပ် နေရတာနဲ့ အချိန်ကြာပြီး မွန်းကလည်း တိမ်းနေပြီကိုး။ ကျွန်တော့် ပြည်သူ့မေတ္တာကြီး ရွှေဥာဏ်တော်မှာက “အင်း- ငါ့ခရီး တစ်ခေါက် ပြီးပြီး၊ အချိန်လည်း လွန်ပြီ” လို့ စူးရောက်တော် မူတာပေါ့။
ငနှဲကြီး ဒီလို ကိုးယိုးကားယား အလုပ်မှာ သူ့အကြောင်းကို သိနေတဲ့ ဒိပြင် မြင်းလှည်းသမား တွေက ကျွန်တော့် လှည်းပေါ်က အလောင်း သူတို့လှည်း ပြောင်းတင်ပေးမှာ စိုးတာနဲ့ ဘယ်သူမှ မစောင့်ကြဘူး။ မသိချင်ယောင် ဆောင်ပြီး မောင်းသွားကြတယ်။ ကျွန်တော် တစ်ယောက်တည်းပဲ မသာ တစ်လောင်းနဲ့ ကျန်ခဲ့တယ်။ ဂျပန်တွေ ကလဲ ဆင်းမလာကြဘူး။ “ဒီမသာတော့ ဒီကောင် ဘုံးမပြေးတန်ဘူး” ဟု ရိပ်မိကြ ထင်ပါရဲ့။
မြင်းကြီးကိုလည်း ကျွန်တော် တစ်ယောက်ထဲ ဘယ်လိုမှ တိုက်တွန်း နှိုးဆော် တောင်းပန် ခယလို့ မရမှန်း သိတော့ ကျွန်တော် ဘာမှ အကျယ် အကျယ် လုပ်မနေတော့ပါဘူး။ လှည်းပေါ်ကဆင်း၊ သူ့ကိုဖြုတ်ပြီး ကိုယ်နဲ့ ဘာမှ မတော်တဲ့ ဆဏ္ဍာလ လုပ်ပြီး ဟိန္ဒူသင်္ချိုင်း အရောက် တွန်းပို့ လိုက်ရတော့တယ်။
လမ်းက ပြေတော့ အရင်တစ်ခါ သမ္မတအိမ်ဝင်း ဘေးက ကုန်းမြင့်ကြီး ဝန်အပြည့်နဲ့ ဂျပန် ပါးရိုက် ခံပြီး ဆွဲတက် ရတာလောက် မပင်ပန်းပါဘူး။ သို့သော် လမ်းတွေ့တဲ့ လူတွေက “ကိုယ့်လူ ... ဘယ့်နှယ် ဘယ်က ဘာကြီး တင်လာတာလဲ။ ပွပေါက် တိုးလာတာပေါ့ ဟုတ်လား ...” ဘာလား ညာလားနဲ့ လုပ်ကြတော့ ကျွန်တော် ရှက်လှသဗျာ၊ (ချစ်ယောက္ခမကြီးရေ ... အဲဒါ ခင်ဗျားသမီး ယူတဲ့ ကျေးဇူးပေါ့ ခင်ဗျ။)
မြင်းကြီးကား ကျွန်တော်နဲ့ အတူ ပါမလာတော့ပါ။ ဖြုတ်ပြီး ကတည်း ကပင် သူ့ကို ကြာပွတ်နှင့် ရိုက်လွှတ်လိုက် ပါ၏။
မသာကို လှည်းပေါ်မှ ချပြီး ကိုယ့်လှည်း ကိုယ်တွန်း ခဲ့ရ၍ အိမ်ပြန် ရောက်သောအခါ ကိုယ်တော်ကြီးအား အစာ ရေစာများ သုံးဆောင် နေသည်ကို တွေ့ရပါ၏။
ကျွန်တော် ပထမဦးဆုံး သူ့ကို ရိုက်မည်ဟု စိတ်ကူးမိ ပါသေးသည်။ သို့သော် ရုတ်တရက် ကျွန်တော့် စိတ်နှလုံး ညှိုးငယ်သွားကာ လက်ထဲက ဒုတ်ကို ချပြီး သူ့ကို စေ့စေ့ကြည့်၍ ကသိုဏ်းရှု နေလိုက်မိသည်မှာ ဤနေရာ၌သာ ကျွန်တော်သည် ကမ္မဋ္ဌာန်း ဘာဝနာ စီးဖြန်းနေသည် ဆိုပါက အမှန်ပင် ဈာန်သမာပါတ် ဝင်စားပြီ ဖြစ်ပါလိမ့်မည်။ စင်စစ်သော်ကား ဒါကြီး ငါ့ကို ဘယ်လောက်ကြာ ဒုက္ခ ပေးဦးမလဲ၊ ဘယ်တော့မှ ငါ့လက်ထဲက လွတ်ပါ့မလဲ ဟူသော ဒေါမနဿ စိတ်။
သို့သော် လောက၏ ဒုက္ခ၊ သုခတို့မှာ ဘာမှ စိုးကြောက် နေစရာလည်း မဟုတ်၊ စွဲမက် နေစရာလည်း မရှိ၊ သင်္ခါရ သဘောတရားချည်း ဖြစ်ရာ အချိန်တန် သည်၌ မိမိထံမှ ခွဲခွာ သွားကြသည်သာ ဖြစ်လေသည်။
ဤမှ နှစ်လမျှ ကြာသည်၌ ဤ ဒုက္ခ ကောင်ကြီးသည် ကျွန်တော့်ဆီမှ ထွက်ခွာရန် အချိန် ဆိုက်ရောက် လေသည်။ ကျွန်တော့်လောက် မလည်သေးသော နောက်ပေါက် မြင်းလှည်း ထောင်သူကို ဆွယ်မိ လေသည်။ ကျွန်တော် မတတ်နိုင်ပါ။ သူ့ကို သနားဘိလည်း ကိုယ်မချိတော့ အမိသော်လည်း သားတော်ခဲ။
ကျွန်တော့်မှာ ဒီကောင်ကြီးကို ကိုယ်ဝယ်တဲ့ ဈေးထက် မနည်းအောင် ရောင်းနိုင်မှ နောက်ထပ် ထိုက်ထိုက်တန်တန် မြင်းတစ်ကောင် ဝယ်ကာ ကျွန်တော့် သားမယား၏ ဘဝနေရေးကို ဖန်တီးနိုင်မည်။ ရှိသော ကြွေးများကို ဆပ်နိုင်မည်။ ထို့ကြောင့် ကျွန်တော့် မြင်းကြီးသည် မြင်းကောင်း မြင်းမှန် ဖြစ်ကြောင်း လိမ်ရ, ညာရ၏။
သူ့ကို အစမ်း မောင်းကြည့် စေသည်မှာ မသာအော်ဒါ လိုက်ရင်း စမ်းချောင်းနှင့် ကြံတော အသွား အပြန် တစ်ခေါက် ဖြစ်၏။ ဤခရီးမျိုး ၌ကား ၎င်း မြင်းကြီးသည် ကလေးကို တင်လွှတ်တော့ ဘာမှ ဇက်ပေး ဇက်ယူ လုပ်နေစရာ မလို၊ သူ့ဟာသူ ချိုး၏၊ သူ့ဟာသူ ရပ်၏။
ကိုယ့်လူ မြင်းကို သဘောကျပြီး ကျွန်တော့် အိမ်၌ ဈေးဆိုင်ကြသော အခါတွင် မဆစ်ရန် လည်းကောင်း၊ အမြန် ဝယ်သွားရန် လည်းကောာ်း၊ ဟိုနောင်တော့် နောင်တော်များ ပေးထားကြသော သင်ခန်းစာ အတိုင်း ကျွန်တော်တို့ လင်မယား ဇာတ်တိုက်ပြီး နှစ်ယောက်သား ကတောက်ကဆတ် စကားများ လိုက်ကြသေး၏။
သူက မရောင်းဘူး ဒီမြင်းကြီး၊ ကိုယ့် သမီးကလေး စိန်နားကပ် ဝယ်ပေး နိုင်တာဟာ သူ့ကျေးဇူး မဟုတ်လား။
ကျွန်တော်က ဇွတ်ရောင်းမယ် ... မင်း ဘာနားလည်လို့လဲ၊ ဒို့ ယောက်ျားတွေထဲ ဝင်မစွက်နဲ့၊ သွား ... တယ် ... ငါရိုက်လိုက်ရ။
ကျွန်တော်က မျက်လုံးဖြဲ၍ လက်ဝါး ရွယ်သည်၌ သူ့မျက်နှာ လက်ကိုင်ပဝါ အုပ်ပြီး ကျောခိုင်း သွားရသည်။ ကျွန်တော် သိပါသည်။ သူ့အတွက် မရယ်မိအောင် မနည်း ချုပ်တည်း သွားရသည်။
ကျွန်တော် ကိုယ်တိုင်မှာလည်း ဟိုဆရာကြီးတွေလို ဇာတ်သား မကျတော့၊ အတော် ဣနြေ္ဒဆောင် ရ၏။
ဤသို့ ပြုမူနေစဉ် ဝမ်းတွင်းက လိပ်ပြာ မသန့်၊ ကျွန်တော့် စိတ်ထဲတွင် ယခင်က သတိရတိုင်း, ရတိုင်း ဒေါသထွက် နေခဲ့သော မောင်ထွန်းတို့ အဖေ, အမေ လင်မယားကို ချက်ချင်းပင် ခွင့်လွှတ် လိုက်ရုံမက အဘိုးကြီး အမယ်ကြီးအား သနားမိ စိတ်ပင် ပေါ်သွား ပါတော့၏။
ဪ ... ဘဝတာ ဝမ်းရေးကြောင့် သူတို့ အသက်အရွယ်ကြီး တွေနှင့် ဤသို့ ပြုမူရ ပါကလား။ ဘဝသည် ကြောက်ဖွယ်လိလိ။
သော်တာဆွေ
(ဘဝထိုထို)
(သော်တာဆွေ စာပေဆုရဝတ္ထုတိုများ ပထမတွဲ (၁၉၉၆))
မြန်မာဝတ္ထုတိုများရဲ့ မာတိကာ Index ကနေ ကူးယူပါတယ်။ မြန်မာဝတ္ထုတိုများကို ကျေးဇူးတင်ပါတယ်။
စလေ ငနော့
Comments
Post a Comment