ဘေးလူတွေ ခွေးဖြစ်မသွားကြရအောင် 🍎 မောင်သာချို

ဘေးလူတွေ ခွေးဖြစ်မသွားကြရအောင်

****************************


မောင်သာချို


(တစ်)


သမီးရေ.. ။


ဖေဖေ အလုပ်လုပ်ခဲ့ဖူးတဲ့ တက္ကသိုလ် ကောလိပ်ကျောင်းတွေကို စဉ်ပြီး ကြည့်လိုက်တဲ့အခါ အခု နိုင်ငံခြားဘာသာ တက္ကသိုလ်လို့ အမည်ပြောင်းထားတဲ့ နိုင်ငံခြား ဘာသာသိပ္ပံဟာလည်း တခု အပါအဝင်ပဲပေါ့ သမီးရယ်။ အဲသည့် ကျောင်းကလေးမှာက ပြင်သစ်ရယ် ဂျပန်ရယ် ရုရှရယ် တရုတ်ရယ် ထိုင်းရယ် တောင်ကိုရီးယားရယ် နိုင်ငံခြားဘာသာ သင်ပေးနေတဲ့ ဌာနတွေ တော်တော်များများ ရှိတယ် သမီးရဲ့။ အဲသည့် အထဲမှာ ဖေဖေတို့ကလည်း မြန်မာစာဌာနကလေး သွားဖွင့်ထားပြီး နိုင်ငံခြားကနေ မြန်မာစာလာသင်တဲ့ လူမျိုးခြားတွေကို သင်ပေးနေခဲ့ရတယ်ပေါ့။


ဖေဖေ အဲသည့်ကျောင်းမှာ အတော်ကြာကြာကလေးကို အလုပ်လုပ်ခဲ့ဖူးပါတယ်။ အဲသည့် နိုင်ငံခြား ဘာသာ သိပ္ပံမှာ အလုပ်လုပ်ခဲ့ရတဲ့ နှစ်ကာလတွေအတွင်း ဖေဖေကြုံခဲ့ရတဲ့ အဖြစ်ကလေး တခုကိုဖြင့် ခုထိတိုင်အောင်ပဲ ရင်ထဲမှာ စွဲထင်နေဆဲပါပဲ သမီးရယ်။ ဟုတ်တယ် ဖေဖေ အပါအဝင် ဖေဖေတို့ လုပ်ဖော်ကိုင်ဖက် အချို့ကို ခွေးဖြစ်ခဲ့ရတဲ့ အဖြစ်လေ။ သည်တခါတော့ အဲသည့် အကြောင်းကိုပဲ သမီးကို ပြန်ပြောပြရင် ကောင်းမယ်လို့ ဖေဖေ စဉ်းစားလိုက်မိတယ်။


(နှစ်)


အခု သမီးကို ဖေဖေ ပြောပြမယ့် အဖြစ်အပျက်ကလေး ဖြစ်တဲ့နေ့က နွေဦးဝင်စ နေ့ကလေးတနေ့ ဖြစ်ပြီး အဲသည့်နေ့ မနက်ခင်းပိုင်းမှာတုန်းက ဖေဖေတို့ ကျောင်းမှာ ဝန်ထမ်းတွေကို ဆန်ပေးဝေခဲ့တယ်လို့ပဲ ဖေဖေက မှတ်မိနေမိတယ်လေ။ အဲသည့်နေ့ နေ့လယ်ခင်းလောက်ကို ရောက်တော့ ဖေဖေရယ် အခြား ဆရာ ဆရာမ လေးငါးယောက်ရယ်ဟာ လက်ဖက်ရည် သောက်ရအောင် အပြင်ကို ထွက်ဖြစ်ခဲ့ကြပါတယ်။ 


သမီးရေ ဖေဖေတို့ ကျောင်းထဲမှာက လက်ဖက်ရည်ဆိုင် ရှိနေပေမဲ့ လက်ဖက်ရည် ကောင်းကောင်းကိုမှ ကြိုက်တဲ့ ဖေဖေတို့ကတော့ အပြင်ကိုပဲ အမြဲတမ်း ထွက်သောက်ဖြစ်ကြမြဲလေ။ ဖေဖေတို့ နိုင်ငံခြားဘာသာသိပ္ပံနဲ့ မလှမ်းမကမ်းမှာက Smile ဆိုတဲ့ လက်ဖက်ရည်ဆိုင်ကလေး ရှိခဲ့ဖူးတယ် မဟုတ်လား။ အင်းလျားလမ်းနဲ့ တက္ကသိုလ်ရိပ်သာ လမ်းထောင့်မှာ ရှိနေတဲ့ Smile က ဖေဖေတို့ လမ်းလျှောက်သွားဖို့ရာအတွက် ဝန်တာမကြီးလှဘူးလေ။


ပြောရရင်တော့ သမီးရေ အဲသည့်နေ့တုန်းက ဖေဖေတို့တတွေလည်း လက်ဖက်ရည်ဆိုင်က ပြန်ထလာကြရော တက္ကသိုလ်ရိပ်သာလမ်းမကြီး  တနေရာမှာ စိတ်ညစ်စရာ ဖြစ်ရပ်နဲ့ ရင်ဆိုင်တိုးခဲ့ရတော့တာပါပဲ။


သည်တုန်းက အဲသည် ဆရာမကလည်း အပြင်ကို သွားမလို့ ထင်ပါရဲ့ ကျောင်းထဲက ထွက်လာခါစ သမီးရဲ့။ ဖေဖေတို့ အဖွဲ့နဲ့လည်း ရင်ဆိုင်တိုးရော 'ဟယ် အတော်ပဲ ဆရာတို့ အဖွဲ့ကို မေးစရာ ရှိလို့' လို့ ဆိုလာတဲ့အတွက် ဖေဖေတို့တတွေ လမ်းဘေးက သစ်ပင်ရိပ်ကလေးအောက်ကို ဝင်ဖြစ်လိုက်ကြတယ်။ သူက စိတ်လွတ်ကိုယ်လွတ်ကြီးပါပဲ။ ဖေဖေတို့တတွေကို မေးနေ ပြောနေပုံက။


'ဆရာတို့တတွေ ကျောင်းက ပေးတဲ့ ဆန်ကို ယူကြသလား မယူဘူးဆိုရင် ကျွန်မကို ပေးပါလား သူများတွေ ပေးသလိုပဲ အမြတ်ပေးပါ့မယ်' ...စတာတွေ စတာတွေပဲပေါ့ သမီးရယ်။ သည်လောက် အထိကတော့ဖြင့် Smile ထဲကနေ ထွက်လာကြတဲ့ ဖေဖေတို့ အားလုံးရဲ့ မျက်နှာပေါ်က အပြုံးတွေကို အဟန့်အတား တစုံတရာ မဖြစ်ပေါ်စေနိုင်ခဲ့ပါဘူး။ ဒါပေမဲ့လည်းလေ ဆက်ပြောလာတဲ့ စကားအချို့ကျတော့ ဖေဖေတို့ အားလုံးရဲ့ မျက်နှာပေါ်က အပြုံးကို တန့်ခနဲ ဖြစ်သွားစေခဲံ့ပြီ။ မကောင်းတတ်လို့သာ ခပ်ယဲ့ယဲ့ ဆက်ပြုံးနေရပေမဲ့ ရင်ထဲမှာတော့ ဒဏ်ရာအနာတရတွေနဲ့ပေါ့။ သူ ဆက်ပြောပုံတွေက ...


'ကျွန်မလည်း စားဖို့တော့ မဟုတ်ပါဘူး အိမ်မှာက ခွေးတွေက မနည်းမနော မွေးထားတာ ဆိုတော့ ...'


ဟုတ်တယ် သည်နေရာမှာတွင်ပဲ ဖေဖေတို့ အားလုံးကို ထိမှန်ကုန်ခဲ့ကြရတာပါပဲ။ ဖေဖေတို့ထဲက အားလုံးလိုလိုဟာ ကျောင်းက ဆန်ကိုပဲ စားကြတယ်လေ။ တချို့ ဆရာ ဆရာမတွေဆို သားတွေ သမီးတွေ တပုံတပင်ကြီးနဲ့ ကိုယ့်ခွဲတမ်းနဲ့ မလောက်လို့ တခြားလူရဲ့ ခွဲတမ်းကိုတောင် ယူစားနေရတဲ့ သူတွေ ပါကြသေး။ ပြောတဲ့သူကတော့ ဘယ်သူ့ကို ထိခိုက်နာကျင်ပါစေတော့ ဆိုတဲ့ စိတ်မျိုးနဲ့ ပြောခဲ့တာတော့ မဟုတ်လေဘူးပေါ့။ ဒါပေမဲ့ သမီးရယ် ကိုယ်ပြောချင်ရာ ပြောချလိုက်တဲ့ စကားတခွန်းမှာ တခြားလူတွေ ခွေးဖြစ်သွားကြရလို့ မျက်နှာ ဘယ်လို ထားရမှန်း မသိတတ်အောင် ဖြစ်သွားရတာမျိုးဟာ မလိုလားအပ်ဘူးလေ။ ဘေးလူကို ခွေးဖြစ်အောင် မစဉ်းမစားနဲ့ ပြောချင်ရာ ပြောချတတ်တဲ့ လူမျိုးကို သူ့ ပတ်ဝန်းကျင်က မနှစ်လိုကြဘူးပေါ့။ သူ့ကို တွယ်တာဖို့ လေးစားဖို့ ဆိုတာတော့ ဝေးမှ ဝေးပါလေရော။


(သုံး)


အသိမိတ်ဆွေတွေ ဆုံကြတွေ့ကြရာက ထွေရာလေးပါး စကားဝိုင်းဖွဲ့ဖြစ်ကြရင်း ကိုယ့်အကြောင်းကိုယ် တခါတခါ ပြောဖြစ်ကြတဲ့အခါ မထင်မှတ်ဘဲ တခြားလူကို ခွေး ဖြစ် ဖြစ်သွားစေတဲ့ အပြောအဆိုမျိုးတွေကို ဖေဖေ မကြာမကြာ ကြားရခဲ့ဖူးတယ်။


ဟိုး တခါတုန်းဆီက စကားဝိုင်းတခုမှာ ဖေဖေ့ မိတ်ဆွေ ဆရာဝန်တယောက်ရဲ့ ပါးစပ်ကနေ ဒီစကားမျိုးကို ဖေဖေ ကြားခဲ့ဖူးတယ်လေ။ သူက အသက် ၃၅ နှစ် ဝန်းကျင်လောက် အိမ်ထောင် မရှိ။ ဆေးကုသတဲ့ လုပ်ငန်းထက် အခြားစီးပွားရေး လုပ်ငန်းတခုကြောင့် တော်တော်လေး အဆင်ပြေနေတဲ့ လူပေါ့။ ဖေဖေတို့ စကားဝိုင်းမှာ ဟိုအကြောင်း သည်အကြောင်း ပြောနေကြရင်းက အချစ်ရေးတွေ အိမ်ထောင်ရေးတွေ အကြောင်းကို ရောက်သွားကြပါလေရော။ သည်တော့ အားလုံးက ဆရာဝန်ကို ဝိုင်းပြီး မေးမေး နောက်နောက် ပြောကြပါတယ်။ ချစ်သူတွေ ဘာတွေ မရှိခဲ့ဘူးလား။ ဘာဖြစ်လို့ ကွဲသွားရတာလဲ အချစ်ရေးကို ဘာကြောင့် အလေးမပေးတာလဲ ဆိုတာတွေပဲပေါ့ သမီးရယ်။


သည်မှာ ဆရာဝန်က အဖြေတခုကို ဖျတ်ခနဲ ပေးလိုက်ခဲ့ပါတယ်။ 'အချစ်ရေးကို အလေးပေးခဲ့ရင် ခွေးဖြစ်နေတာ ကြာပေါ့ဗျာ' တဲ့။ အခြားသူတွေတော့ မသိ။ ဖေဖေတို့ ဝိုင်းမှာ ထိုင်နေတဲ့ တယောက်သောသူခမျာမှာတော့ သိသိသာသာကြီးကို မျက်နှာကွက်ခနဲ ပျက်သွားခဲ့ပါတယ်။ ဟုတ်တယ် သမီးရယ် သူ့ခမျာ ကျောင်းတပိုင်းတစနဲ့ အိမ်ထောင်ကျသွားရှာသူပေါ့။ သားတဖက် မယားတဖက်နဲ့ ဘွဲ့ရအောင်ကို ရုန်းကန်ခဲ့ရရှာသူပါ။ ခုထိလည်း ခြေကုန်လက်ပန်းကျလုလု ရှာနေ ဖွေနေရသေးဆဲ။ ဆရာဝန်ရဲ့ စကားက သူ့ကို တမင် ချိန်ပစ်သလိုတောင် ဖြစ်သွားတယ်လို့ ဖေဖေကတော့ ခံစားနေမိတယ်။ မရည်ရွယ်ဘဲ ပြောလိုက်တာ မှန်ပေမဲ့ ထိမှန်သူ တယောက်တလေသော်မျှ ရှိသွားခဲ့ပြီ ဆိုရင်ဖြင့် အဲဒီ ပစ်ချက်ဆီမှာ တာဝန်တစုံတရာ ရှိနေသင့်တယ်လေ။


တခါတုန်းက ဆိုရင်လည်း နှစ်သစ်ကူး ရက်တွေထဲမှာ ဖေဖေတို့ သူငယ်ချင်းတသိုက်က လူစုံတက်စုံ ပျော်ကြပါးကြရအောင်ဆိုပြီး သူငယ်ချင်းတယောက်ရဲ့ အိမ်ကို အခေါ်သွားကြတယ်။ ပွဲစားကြီး တယောက်အဖြစ် တော်တော်လေး ချမ်းသာအောင်မြင်နေပြီဖြစ်တဲ့ သူငယ်ချင်းက အိမ်မှာ ရှိမနေခဲ့ပါဘူး။ ဖေဖေတို့နဲ့ မျက်နှာနည်းနည်းစိမ်းတဲ့ သူ့ဇနီးကပဲ ဧည့်ခံစကားပြောခဲ့ပါတယ်။ ဒါပေမဲ့ သမီးရယ် 'ရှင်တို့ သူငယ်ချင်းက မအားပါဘူး။ သူ့အလုပ်နဲ့ သူ အသားကျနေတာဆိုတော့ ကာလသားစိတ်နဲ့ ပျော်ဖို့ပါးဖို့ စိတ်အလိုလိုက်ဖို့ အချိန်ကို မရှိတာ' ဆိုတဲ့ စကားသံတွေ အောက်မှာ ဖေဖေတို့တတွေ အေးစက်စက် ကော်ဖီခွက်တွေ နင်အောင် သောက်ရင်း လည်စင်း ပေးခဲ့ရဖူးပါတယ်။ ဖေဖေတို့က ကာလသားစိတ် မကုန်သူတွေလား။ ပျော်ဖို့ ပါးဖို့ စိတ်အလိုလိုက်ဖို့ အချိန်ပို ရှိနေသူတွေလား။ ကိုယ့်စကားကြောင့် ဘေးလူတွေ ခွေးဖြစ်သွား၏ မသွား၏။


(လေး)


သမီးရေ ...။


ဖေဖေတို့တတွေဟာ လူ့အဖွဲ့အစည်းကြီးထဲမှာ နေထိုင်ကြရင်း လူတယောက်နဲ့ လူတယောက် မဖြစ်မနေ တွေ့ကြဆုံကြရတယ်။ ပြောကြဆိုကြရတယ်။ ကိုယ့်ဆီကို လူတွေ ရောက်လာကြသလို ကိုယ်ကလည်း လူတွေ ရှိရာကို သွားကြရတယ်။ သည်အခါမှာ ဖေဖေတို့ဟာ ကိုယ့်ကိုယ်ကိုယ် ဘယ်လို နေရာချထားကြမလဲ။ မထင်မှတ်ဘဲ ပြောလိုက်တဲ့ ပြုမူလိုက်တဲ့ ကိုယ့်ရဲ့ စကားတခွန်း လုပ်ရပ်တခုကြောင့် ဘေးလူတွေ ခွေးဖြစ်သွားသင့် မသွားသင့်။ ဖေဖေ့သမီးတယောက် နဖူး လက်တင်ပြီး စဉ်းစားခန်း ဝင်ဖြစ်လိမ့်မယ်လို့ပဲ ဖေဖေကတော့ မျှော်လင့်မိတယ်ကွယ်။


မောင်သာချို


(ချယ်ရီ၊ ဇူလိုင်၊ ၁၉၉၈)


ဆရာမောင်သာချိုရဲ့ 'သမီးဖတ်ဖို့ နှလုံးသားရှုမျှော်ခင်းများ' စိတ်ကူးချိုချိုတိုက်ထုတ် စာအုပ်ကနေ စာရိုက်ကူးယူထားပါတယ်။ ကော်ပီယူလိုသူများ အောက်ဆုံးက ကျနော့်နာမည်လေး ဖြုတ်မပစ်ဖို့ မေတ္တာရပ်ခံပါတယ်။


စလေ ငနော့

Comments

Popular posts from this blog

ငရဲဆိုတာ ဂျိုနဲ့လား 🖋 ဟံသာဝတီ ဦးဝင်းတင်

ဘာလဲဟဲ့... လူ့ငရဲ (မိတ်ဆက်) 🖋 ဟံသာဝတီ ဦးဝင်းတင်

ပုံစံခွက်ထဲက နိုင်ငံရေးမုန်တိုင်း (၁) 🖋 ဟံသာဝတီ ဦးဝင်းတင်