ပုံစံခွက်ထဲက နိုင်ငံရေးမုန်တိုင်း (၃) 🖋 ဟံသာဝတီ ဦးဝင်းတင်

ပုံစံခွက်ထဲက နိုင်ငံရေးမုန်တိုင်း (၃) ဟံသာဝတီ ဦးဝင်းတင် ▪ မမေ့သူမှ မလွတ်သူသို့ ၁၉၉၅ နှစ်လယ်ပိုင်းလောက်မှာ အင်းစိန်ထောင်ထဲက ကျွန်တော်တို့ ဆီကို စားစရာ သုံးစရာပစ္စည်းတွေ တစ်ပုံတစ်ခေါင်းကြီး ရောက်လာတယ်။ တစ်ပုံတစ်ခေါင်းကြီးမှ တကယ့် တစ်ပုံတစ်ခေါင်းကြီးပါပဲ။ ပန်းသီးတွေ၊ လိမ္မော်သီးတွေ၊ ဘီစကွတ်တွေ၊ ကိတ်မုန့်တွေ၊ သကြားလုံးတွေ၊ မလိုင်လုံးတွေ၊ ခေါက်ဆွဲခြောက်တွေ၊ မုန့်ဟင်းခါးခြောက်တွေ၊ ငါးပိကြော်တွေ၊ အသားကြော်တွေ၊ မျက်နှာသုတ် ပဝါတွေ၊ ဆပ်ပြာတွေ အို စုံတကာစေ့နေတာပါပဲ။ အထုပ်အပိုးတွေကလည်း မနည်းမနောပါပဲလား။ ကျွန်တော်တို့အားလုံး ဆွေ့ဆွေ့ ခုန်ဝမ်းသာအားရဖြစ်လိုက်ကြတာ။ စားစရာတွေ၊ သုံးစရာတွေ အများကြီးရလို့ ဝမ်းသာအားရဖြစ်ရတာလည်း မှန်တာပေါ့။ ဒါထက် ပိုဝမ်းသာရတာ၊ အားရကြည်နူးဖြစ်ရတာက ကျွန်တော်တို့လို ထောင်ထဲက လူတွေကို အပြင်မှာ သတိတရ ရှိသူတွေ၊ အမှတ်တရရှိသူတွေ၊ ကရုဏာထားသူတွေ၊ သဒ္ဓါကြည်ဖြူရှိသူတွေ၊ အားပေးအားမြှောက်ပြုသူတွေ ပေါ်ပေါက်လာနေပါပကောလားဆိုတဲ့ အသိနဲ့ ရင်ထဲမှာ ဆို့နင့်ပြည့်လျှမ်းတဲ့ ခံစားချက်တွေ တစ်ထွေးကြီး ပွင့်လာလို့ပါပဲ။ ထောင်ကျအကျဉ်းကျနေသူတစ်ဦးအဖို့ ကြုံတွေ့ ခံစားရတဲ့ နာကျင် ထိခိုက်မှုဆိုတာ မေးမြန်းစမ်...