သစ္စာဖောက် 🖊 ဖိုးကျော့

သစ္စာဖောက် •••••••••••••••••• ဖိုးကျော့ (၁၃၆၃ ခု၊ ဒုတိယဝါဆိုလဆုတ် ၁၁ ရက်၊ 2001 August 15 မာယာမဂ္ဂဇင်းမှာ ထည့်သွင်းဖော်ပြဖူး တဲ့ ၀တၳုကို ထပ်မံဖော်ပြခြင်း ဖြစ်ပါတယ်။) သူသည် တိတ်ဆိတ် ငြိမ်သက်နေခြင်းကိုသာ လိုလား၏။ ဆူညံခြင်းကို လုံး၀မနှစ်သက် တတ်။ သူ့နားကလည်း ပါးလွန်းသည်။ တခါတခါ သစ်တောကို လေပြင်းတိုးသံ၊ သစ်ခြောက်ရွက်များ တသဲ့သဲ့ ကြွေကျသံ၊ တောသစ်သီးလုံးများ တဖြောက်ဖြောက် ကြွေကျသံနှင့် တောတိရစၦာန်များ အော်မြည် ညည်းတွားသံတို့ကိုပင် သူ့နားက မကြားချင်။ ထို့ကြောင့်လည်း သူသည် အသံမျိုးစုံတို့ဖြင့် ဆူညံနေတတ်သော ပတ်၀န်းကျင်နှင့် အပြင်လောကကို ရှောင်နေသည်။ တိတ်ဆိတ်အေးချမ်းသော သူ့မြေအောက်ကမ်ဘာထဲ၌သာ သူ့မိသားစုနှင့်သူ အေးချမ်းဆိတ်ငြိမ်စွာ နေထိုင်လေ့ရှိသည်။ တနေ့သ၌ အစာရှာဖွေစားသောက်ရန် မြေအောက်ကမ်ဘာကျင်းထဲမှ အပြင်လောကသို့ သူ့မိသားစုနှင့်အတူ သူထွက်လာသည်။ လေနှင့်ကြွေပြီး သူ့ကျင်း၀ကို လာပိတ်နေကြသော သစ်ရွက်ခြောက်များကို ဦးစွာ ဖယ်ရှားပစ်ရသည်။ သစ်ရွက်ခြောက်များပေါ်တွင် တင်ကျန်နေ ကြသော နှင်းရည်နှင်းစက်များကို လျက်သောက်ကြလေ၏။ နှင်းရည်သောက်ယင်း သူတို့ မိသားစုသည် ဆင်ခြေလျှောအတိုင်း စမ်းပေါက်တခုနား ဆင်းလာကြသည်။ သူ့နောက...