ပီကာဆို၏ ပဉ္စလက်မီးအိမ်၊ နှနှစ်သိန်းတန်ထမင်းပွဲနှင့် မိုးကောင်း 🖊 ြမြသန်းတင့်

ပီကာဆို၏ ပဉ္စလက်မီးအိမ်၊ ••••••••••••••••••••••••••••••• နှစ်သိန်းတန်ထမင်းပွဲနှင့် မိုးကောင်း ••••••••••••••••••••••••••••••••••• မြသန်းတင့် (၁) ကျောက်ဖြူသား စားပွဲတစ်လုံးပေါ်မှာ အူဟောင်းလောင်း ထွက်ကျနေတဲ့ စက္ကူကတ်ပြား သူတောင်းစားတစ်ယောက် ဘူတာရုံ ပလက်ဖောင်းတစ်ခုပေါ်က ဆေးလိပ်ပြာများ ရုပ်ပုံလွှာတစ်ခုရဲ့ ရုပ်ပုံလွှာ။ နံနက်လင်းတော့ မီးရထားသည် မဲဇာကိုကျော်လာပြီ။ နှင်းမှုန်ထုကြီးအောက်တွင် မဲဇာဘူတာရုံလေးကို ရေးရေးသာ မြင်ရသည်။ ရထားသည် ဥဩသံတတူတူဖြင့် နှင်းထုထဲတွင် ခပ်ဖြည်းဖြည်းခုတ်နေရသည်။ နံနက် ၇ နာရီကျော်သည့်တိုင် နေခြည်ကိုမမြင်ရသေး။ ''ရထားယဉ်သာ၊ နေစကြာလည်း၊ ရောင်ဝါမထွန်း၊ ချမ်းရှာလွန်း၍'' ဆိုသည့် လက်၀ဲသုန္ဒရ၏ မဲဇာတောင်ခြေရတုကို သတိရမိသည်။ နေချမ်းသည်ကိုဆိုလိုသလော၊ လူချမ်းသည်ကို ဆိုလိုသလောဟု တစ်ခါက မြန်မာပညာရှိများ အငြင်းပွားခဲ့သည်ကိုပြေး၍ သတိ်ရသည်။ နေချမ်းမချမ်းကိုမူ ကျွန်တော်မသိ။ လူကမှု ခိုက်ခိုက်တုန်နေပြီ။ ကချင်ပြည်နယ်က ဆောင်းသည် အရိုးကွဲမတတ် စိမ့်အေးနေသည်။ ရထားတစ်စင်းလုံး လူတွေပြည့်နေသည်။ မနေ့ညနေ မန္တလေးက ထွက်လာကတည်းက မြစ်ကြီးနား အဆန်ရထားသည် ၀န်နှင့်အား မမျှအောင်ဖြစ်နေသည်။ က...