ခွေးလိုလူ 🖋 ကျော်ရင်မြင့်
ခွေးလိုလူ ********* ကျော်ရင်မြင့် 7Day Fri, 2018-11-30 20:53 Issue No. No.1996 Saturday, December 1, 2018 စူးစူးဝါးဝါး ထိုးဟောင်တဲ့ ခွေးဟောင်သံကြောင့် ဦးဘစိုးတင် အိပ်မောကျနေရာက လန့်နိုးသွား တယ်။ ခွေးဟောင်သံတွေက သိပ်နီးလွန်းတာပဲ။ ဒီလို ခွေးဟောင်သံမျိုး သူမကြားဖူးဘူး။ ‘‘ဒေါက်ဒေါက် ဒေါက်ဒေါက် ဒေါက်ဒေါက် ဒေါက်ဒေါက်’’ အဆက်မပြတ် ခေါက်နေတဲ့တံခါးခေါက်သံက မာလွန်း၊ မြည်လွန်းတယ်။ တစ်ချိန်တစ်ခါက ထောက်လှမ်းရေးတွေ ညဥ့်သန်းခေါင်မှာ အိမ်တံခါးခေါက်လေ့ရှိတဲ့ အသံမျိုး။ သူအကြိမ်ကြိမ်ကြားဖူးလို့ နားယဉ်နေတဲ့ တံခါး ခေါက်သံမျိုး။ အခု သူအိပ်နေတဲ့ အိမ်တံခါးကို ခေါက်နေပြီ။ ‘‘ဒေါ်ခင်မေသက်၊ ဒေါ်ခင်မေသက်’’ ဒီအသံကို သူသိပါတယ်။ ရပ်ကွက်လူကြီးရဲ့ အသံပဲ။ ရပ်ကွက်လူကြီးတွေနဲ့ သူနဲ့ အစည်းအဝေးမှာ ဆုံနေကျ။ ရင်းနှီးပြီးသား။ သူ ခေါင်းနားပန်းကြီးသွားတယ်။ စစ်ဆေးရေးအဖွဲ့တွေပါလား။ အိပ်ခန်းမီးရောင်ပြာလဲ့လဲ့ အလင်းရောင်နဲ့ သူ့ဘေးမှာ အိပ်နေတဲ့ မေသက်ကိုလှမ်းကြည့်တော့ သူလည်းခေါ်သံတွေကြောင့် နိုးသွားပြီ။ မေသက်က သူ့ကို မျက်စပစ်ပြီး ဘာလဲ၊ ဘယ်လိုလဲလို့ မေးတယ်။ သူက မေသက်ရဲ့ နားအနီးကို တိုးတိုးလေးကပ်ပြောတယ်။ ‘‘အထူးစစ်ဆေးရေး အဖွဲ့တွေ၊ ကိုယ...