တစ်ခါတုန်းက ပတ်ဝန်းကျင် 🖊 အောင်သင်း

တစ်ခါတုန်းက ပတ်ဝန်းကျင် ••••••••••••••••••••••••••• အောင်သင်း အနော်ရထာလမ်းမကြီးအတိုင်း လျှောက်လာစဉ် ၃၅ လမ်းထဲက ရယ်ရယ်မောမော စကားပြောပြီး ထွက်လာကြသည့် အမျိုးသမီးတစ်စုထဲတွင် ခင်မေညွန့်ကို လှမ်းမြင်လိုက်မိသည်။ ဝန်ကြီးဌာနတစ်ခု၏ ဝတ်စုံများ ဝတ်ထားရသည်ကို ထောက်၍ သူလည်း အလုပ်ကိုင်နှင့် ဌာနန္တရနှင့် ဖြစ်နေကြောင်း သိသာပါသည်။ * * * ခင်မေညွန့်ကို ကျွန်တော်စပြီး သတိထားမိလိုက်တော့ သူက ဝိဇ္ဇာသိပ္ပံတက္ကသိုလ်တွင် ဒုတိယနှစ်။ အသားခပ်လတ်လတ်၊ အသားလတ်လတ်ဟု ဆိုရစေကာမူ အညိုဘက်သို့ အနည်းငယ်လုသည်ဟု ဆိုရမည်ထင်သည်။ ကိုယ်လုံးကိုယ်ပေါက် လှသည်။ မျက်နာက ချောလှသည်ဟု မဆိုနိုင်စေကာမူ ကြည်လင်ရွှန်းပသည်။ သွေးသားသန့်စင်လျက် တင်းတင်းပြည့်ပြည့် ရှိလှသော မျက်နှာတွင် ဖြူစင်ညီညာသော သွားကလေးများသည် သူမ၏အပြုံးကို ထပ်ဆင့်တောက်ပစေသည်။ ဒုတိယနှစ်ကျောင်းသူများအလယ်တွင် 'စန်း' ကောင်းလှသည့် မိန်းကလေးတစ်ယောက်ဖြစ်သည်။ ခက်သည်က ဒုတိယနှစ်။ ခက်သည်က ဒုတိယနှစ်ဟု ကျွန်တော်ဆိုလိုက်သည်။ စာကတော့ ခက်သည်မဟုတ်ပါ။ ခက်သည်က ကျောင်းသားများနှင့် ဆရာများ ခက်ကြရခြင်းဖြစ်သည်။ ကျွန်တော့်အတွေ့အကြုံအရ ပြောလိုက်ရခြင်းပါ။ အားလုံးသိကြသည့်အတိုင်း ဝိဇ္ဇာသိပ္...